July 30, 2025
Uncategorized

ဝက်ခါးပတ်ကျားရဲ့ နိဂုံး

#ဖျာပုံလှမိုးနွယ်
ဝက်ခါးပတ်ကျားရဲ့ နိဂုံး

ဘုတ်ငှက်တစ်ကောင် မနီးမဝေး ရေအိုင်ကြီးအစပ်မှ တအီအီ အသံပြုသည်။ ညနေစောင်း သုံးနာရီခန့်ဖြစ်၍ သစ်ပင်ရိပ်တို့ဖြင့် တောထဲတွင် အမှောင်ရိပ်က လွှမ်းလာသည်။ ကုန်းတန်းအတွင်းပိုင်း သစ်ပင်မြင့်ကြီးတစ်ပင်ပေါ်မှ မျောက်တစ်အုပ် ရန်ဖြစ်ကိုက်ခဲဆူညံနေကြသည်။ စလူတောင်ကုန်းတန်းအလယ် ခါးဆစ်ရိုးကုန်း၊ ကုန်းဆင်းတွင် ဝက်ဆင်းလမ်းကြောင်း ဖြစ်နေသည်။

“ထောင်ချောက်တွင်းထဲက လက်စသိမ်းခဲ့ပြီဟေ့။ အလျား၆တောင်၊ အနံ ၄ တောင်ကျယ်တယ်ကွ။ စောက်အနက် ၆ တောင်ရှိတယ်။ တစ်ဖက်ကုန်းမြင့် တစ်ဖက်အနိမ့်နဲ့ ဒီလမ်းကြောင်းကို ခါးပတ်ကျားပြောင်းဆင်းခဲ့တာ တစ်လလောက်ရှိပြီကွ။ ထောင်ချောက်ဆင်မှုလည်း ဒီနေရာအကောင်းဆုံးပဲ”

ကိုအောင်သိန်းသည် တွင်းအောက်ခြေမှ တွင်းနှုတ်ခမ်းပေါ်သို့ ထောင်ထားသော ဗြူးတိုင်နှစ်လုံးပေါ်သို့ တက်ရင်းပြောသည်။ တွင်းနှုတ်ခမ်းပေါ်မှ ခင်တုတ်က ဆီးကြိုဆွဲတင်သည်။ သူ့နောက်မှ ဒီလုံးလည်း လိုက်တက်လာသည်။ သူတို့အသီးသီး၏ကိုယ်ပေါ်တွင် ရွှံ့များပေလူးနေကြသည်။

“ကျုပ်တော့ ခုမှပဲ ထောင်ချောက်ကျင်းဆိုတာကို မြင်ဖူးတော့တယ်ဗျာ။ ဘေးနံရံတွေမှာ ဗြူးတိုင်တွေစိုက်ထားပြီး သစ်လုံးပကာခြမ်းတွေနဲ့ မြေပြိုမကျအောင် တုတ်ခတ်ထားပုံလည်း ခိုင်ခံ့သပ်ရပ်ပါပေတယ်ဗျာ။ လေးဖက်လေးတန် မြေမပြိုနိုင်ဘူး။ ဝက်တွေ အောက်ထဲကျပြီး တူးလို့ ကော်လို့မရအောင် နံရံတွေကို ပကာခြမ်းတွေနဲ့ကာပြီး တုတ်ခတ်သလိုလုပ်ထားရတာပေါ့ဗျာ …နော်”

တစ်ကိုယ်လုံး ရွှံ့အလိမ်းလိမ်းဖြစ်နေသော ခေါင်းကြီးက ထောင်ချောက်တွင်းနှုတ်ခမ်းပေါ်မှ ငုံ့ကြည့်ပြီး ပြောနေသည်။ တွင်းထဲမှ တူးထားသော ရွှံ့ မြေများကို ထည့်၍ သယ်ထားသော သံပုံးကိုဆွဲတင်ရသည်။ခပ်လှမ်းလှမ်းမြေချိုင့်တစ်ခုထဲသို့ ခင်တုတ်က ရွက်သယ်၍ ပို့ရသည်။ ပတ်ဝန်းကျင်မှာ မြေကြီး အစအန၊ သစ်ကိုင်းအကျိုးအပဲ့မျှ မကျန်ရအောင် ရှင်းလင်းဖယ်ပစ်ကြသည်။

“တစ်နေကုန်အောင် လုပ်ရတာပဲကွာ။ ကဲ…ကဲ တွင်းကိုဖုံးမယ်ဟေ့”

ကိုအောင်သိန်းက တောင့်တင်းသောဇက်ကြောတို့ကိုနှိပ်နယ်ခါယမ်းပြီး ပြောသည်။ အဆင်သင့်ရှိသော မျောသားချောင်းများကို ထောင်ချောက်တွင်းပေါ်တွင် အလျားလိုက် မစိပ်မကျဲခင်းသည်။ ထို့နောက် ဓနိကိုင်းများနှင့် ပိပိပြားပြား သေသေသပ်သပ် ဖုံးအုပ်သည်။ ထို့အပြင် စုပုံထားသော ရွက်ကြွေခြောက်များကို ဖြန့်ခင်းဖုံးအုပ်လိုက်သော နံဘေးချုံများ ခြံရံသော ဝက်ဆင်းလမ်း ထောင်ချောက်ကျင်းသည် သဘာဝရွက်ကြွေလမ်းကြောင်းသဖွယ် ဖြစ်သွားသည်။

“ဘယ်လိုလဲဟေ့ ကိုဒီလုံးတို့ ခေါင်းကြီးတို့ ပိပိရိရိရှိပါ့မလား။ ဝိုင်းကြည့်ကြစမ်းပါဦး။ အလွန်ပါးနပ်တဲ့ ခါးပတ်ကျားဝက် ထောင်ချောက်ရှိနေတာကို သံသယရှင်းရှင်းနဲ့ မသိအောင် ဖုံးကွယ်နိုင်ရဲ့လား။ ခင်တုတ်လည်း ကြည့်ပါဦးဟဲ့”

“အို … သေသပ်ပါတယ် အစ်ကိုအောင်သိန်းရာ။ ဝက်မပြောနဲ့၊ ကျွန်တော်ဆိုတဲ့ ခေါင်းကြီးတောင် ကိုယ်တိုင်ပါဝင်မလုပ်ခဲ့ရင် ဒီနေရာမှာ ထောင်ချောက်တွင်းရှိပါတယ်လို့ လုံးဝထင်မိမှာမဟုတ်။ အမှတ်တမဲ့ နင်းလျှောက်ရင် ဝက်ကျသလို တွင်းထဲကျမှာ အမှန်ပဲဗျ”

ခေါင်းကြီးက ခြင်နှင့် ပိုးလောင်းများ ကိုက်လွန်း၍ ပွတ်သပ်ရင်း ပြောသည်။ ကိုအောင်သိန်းက တစ်လံခန့်ကွာသော သစ်ပင်ကြီးကို မှီရင်း ရပ်နေသည်။ ဒီလုံးကလည်း ဖုံးကွယ်ထားသော ထောင်ချောက်တွင်းကို အလွန်သဘောကျနေသည်။

“ဟုတ်တယ် အစ်ကိုအောင်သိန်းရဲ့။ ခေါင်းကြီးပြောတဲ့အတိုင်းပါပဲဗျာ။ ကျွန်တော်တို့ ဒီပြင့်တစ်နေရာမှာ ဒီပုံအတိုင်းလုပ်ထားရင် သိမယ်မထင်ဘူး”

“ခင်တုတ်ကတော့ အစ်ကိုကြီးကိုအောင်သိန်း စီမံသမျှ သဘောကျတယ်။ အစ်ကိုကြီးသံချောင်းအတွက် ခင်တုတ်တို့ ခါးပတ်ကျားကို ပိုင်ပိုင်နိုင်နိုင် ကလဲ့စားချေနိုင်မယ်လို့ ယုံကြည်တယ်။ သံနန်းကြိုးကို အစွယ်နဲ့ ဖြတ်နိုင်ပေမဲ့ ဒီထောင်ချောက်ကျင်းထဲကတော့ အတောင်မပါတဲ့ဝက်၊ ပျံမတက်နိုင်ဘူးလို့ရဲရဲပြောဝံ့တယ်”

ခင်တုတ်အပြောကို ကိုအောင်သိန်းသဘောကျစွာ ရယ်သည်။ သူမတစ်ကိုယ်လုံးလည်း တစ်နေကုန် ရွှံ့မြေသယ်ထားရသဖြင့် ရွှံ့ပေလူးနေသည်။ တစ်စတစ်စ နေရောင်ကျလာသဖြင့် အေးစိမ့်စိမ့် ဖြစ်လာသည်။ သစ်ပင်ကြီးများအုပ်မိုး၍ အမှောင်ကျလာပြီ။ ပိုးလောင်းနှင့် ခြင်တို့မှာလည်း ဖွဲ့နှင့် ကြဲပက်သလို ပျံဝဲ ကိုက်ခဲကြသည်။ အမှောင်လွှမ်း၍ လာချေပြီ။

“ကိုင်း ပြန်ကြစို့။ မနက်ဖြန် တစ်ယောက်ယောက် လာကြည့်ပေါ့။ အကြောင်းထူးရင် သစ်ပင်ရင်းကပါးပျဉ်းကို သုံးချက်ထုလိုက်ပါ။ ကြားတဲ့ နေရာကအရောက်လာခဲ့မယ်”

“အစ်ကိုကြီးကိုအောင်သိန်း မရောက်မချင်း ကျွန်တော်တို့ ဘာမျှ မလုပ်ဝံ့ဘူး။ ခါးပတ်ကျားပဲ ကျကျ၊ တခြားဘာကောင်ပဲ ကျကျ၊ ပါးပျဉ်းသုံးချက် ထုသံကြားရင် လာဖြစ်အောင် လာပါဗျာ”

ခင်တုတ်သည် အားကိုးတကြီးနှင့် ကိုအောင်သိန်းကို ပြောသည်။ လှေများဆိုက်ကပ်ထားရာ ချောင်းရိုးတစ်နေရာဆီသို့ လျှောက်သွားရင်း သူတို့မောင်နှမကိုကရုဏာနှင့် လှည့်ကြည့်ရင်း ကိုအောင်သိန်း ပြုံးမိသည်။

“စိတ်ချ… စိတ်ချ ၊ ငါပြောတဲ့စကား ကတိပါပဲဟာ။ လာဖြစ်အောင် လာခဲ့ပါမယ်”

ကိုအောင်သိန်း လှေကလေးရှေ့က လှော်ခတ်သည်။ ဒီလုံးတို့ ညီအစ်ကိုနှင့် နှမကလေး ခင်တုတ်တို့လှေလည်း နောက်မှ သုတ်သုတ်လှော်ခတ်လိုက်ပါခဲ့သည်။

မကြာမီ ချောင်းမကြီးတစ်ခုကိုရောက်ပြီး လမ်းခွဲခဲ့ကြပါသည်။ အိပ်တန်းဝင်ငှက်အော်မြည်သံတို့ ဆူညံနေပါသည်။

ထောင်ချောက်ကျင်းမတူးမီကပင် ဤသစ်ပင်အိုကြီးကို ကိုအောင်သိန်း သတိပြုမိပါသည်။

မည်မျှ နှစ်ပေါင်းကြာခဲ့မည်မသိ၊ ထက်ပိုင်းကျိုးငုတ်တိုမှာ ငါးလံ ခြောက်လံမျှ ရှိသည်။ အရပ်လေးမျက်နှာသို့ထွက်၍ အုပ်ဆိုင်းနေသော အကိုင်းအခက်တို့ပင် တစ်ဖက်နီးပါးကြီးမားသည်။ ဝက်ထောင်ချောက်တွင်းသည် ကုန်းတန်းကြောအမြင့်မှ အဆင်း ထိုကနစိုပင်ကြီးအောက်တွင် တူးထားသည်။ ထိုအပင်မှ အကိုင်းအခက်တို့အုပ်မိုးသော ချုံနွယ်တို့အကြားမှ ဝက်ဆင်းလမ်းကြောင်းဖြစ်နေသည်။

ကနစိုပင်ကြီးတို့နှင့် တစ်လံခန့်အကွာ ထောင်ချောက်တွင်းနေရာ သတ်မှတ်တူးရသဖြင့် မြေအောက်တွင် သစ်မြစ်အကြီးအသေးတို့ကို ခုတ်ပိုင်းဖြတ်တောက်ကြရသည်။ သက်ရင့်မြေကြောမာကို ပေါက်တူးတစ်လှည့်၊ တူးရွင်းတစ်လှည့်၊ ဓားတစ်လှည့်သုံး၍ ယောက်ျားသုံးယောက် နေ့တစ်ဝက်ကျော်ကျော် တူးရသည်။

xxx xxx xxx

ကိုယ်ပေါ်တွင် အညိုအမွေးများ၊ အလယ်တွင် အဖြူရောင်အမွေးကွက်များ ပတ်ထားသည်။ နှစ်တောင်ခန့်မြင့်သည်။ ထိုခါးပတ်များနှင့် တောဝက်ကြီးကို ဒီလုံးတို့မောင်နှမသုံးယောက် မြင်ခဲ့ကြရသည်။ ဖြူဖွေးသော အစွယ်တို့ ပါးစပ်အပြင်သို့ ရှည်လျားစွာထွက်ပြီး ကောက်နေသည်ဟုပင် ဆိုကြသည်။

လက်နှစ်ဖက်နောက်မှ မိထားသော သံနန်းကြိုးကို သူ့အစွယ်နှင့် ခတ်၍ ဖြတ်တောက်နိုင်သလို၊ သူ့ကိုယ်အပေါ် ထိုးနှက်သော လှံသွားတို့ကို ခုန်ထွက်ကျော်လွှားစေခဲ့အောင် အစွမ်းပြရင်း ကိုသံချောင်းကို ဗိုက်ပွင့်သေစေခဲ့သည်။ ဤအကြောင်းကို ဝါရင့်တစ်ပွဲစားမုဆိုး ဦးငှက်ကြီးနှင့် ပြောဆိုကြသည့်အခါ လေဖြတ်ထား၍ ပြတ်တောက် ပြတ်တောက် အသံကြကြီးနှင့် ရယ်၍ပြောခဲ့ပါသည်။

“ငါကြုံဖူးတယ်ကွ။ အဖြူအမွေးဖြစ်စေ၊ အဖြူထဲမှာ အနက်အမွေးဖြစ်စေ တစ်ကိုယ်လုံးစပ်အောင်သပ်နေရင် ခါးပတ်ပေါ့။ သူကလည်း စွမ်းတာပဲကွ။ တချို့အကောင်က မတေအစွယ်ဂင်းပိတ်၊ အင်မတန်စွမ်းတာကွ။ ကျည်ဆန်ဆိုရင် မီးမကူးဘူး။ တုတ်၊ ဓား၊ လှံတို့လောက်တော့ ဘယ်ဖြုံမလဲကွ။ ကာယသိဒ္ဓိဆေးစီရင်ပြီး လူတွေမှာ ဆောင်ကြတယ်။ အသားပေါ်မှာ တိုးနှံကြတယ်ကွ။ အဲဒီလို အမတေဂင်းပိတ် ဝက်စွယ်စွမ်းတာကို ကုလားဖြူ ကောင်တွေသိတယ်။ သေနတ်နဲ့ပစ်စမ်းပြီး စျေးကောင်းပေး ဝယ်ကြတယ်။ မျိုးချစ်စိတ်ရှိတဲ့လူတွေက ဘယ်တော့မျှမရောင်းဘူးကွ”

ထင်းပေါက်ခြမ်းတို့ကို အလေ့အကျင့်ရှိပြီးဖြစ်သော ကိုအောင်သိန်းက ပုဆိန်သွားနှင့်ခွဲချသည်။ တဲရှေ့ကွက်လပ်တွင် အရေအတွက် သောင်းချီသော ထင်းခြမ်းများခွဲပြီး ဖြစ်နေသည်။ မြို့မှဆင်းသော ကုန်သည်တို့ ခုတစ်လော အသွားအလာကျဲနေသည်။ ပိုက်ထောင်၍စုထားသော ပုစွန်ခြောက်နှင့် ထင်းခြမ်းတို့မှာ ကိုအောင်သိန်းနှင့် မတင်အေးတို့အဖို့ ရောင်းရန်အသင့် ဖြစ်နေပါပြီ။

မိမိဝင်ငွေရဖို့ထက် လွန်ခဲ့သောသုံးရက်က ခင်တုတ်တို့မောင်နှမသုံးယောက်နှင့် တပင်တပန်း ကြိုးစားအားထုတ်ခဲ့ရသော ထောင်ချောက်ကျင်းနှင့် စွမ်းလှပြီဆိုသော ဝက်ခါးပတ်ကျားအကြောင်းကို စိတ်ဝင်စားစွာ တွေးနေမိခဲ့ပါသည်။

ဇနီးမတင်အေးက မျောက်သားဟင်းချက်ပြီး၍ တစ်ပါတည်း ထမင်းဝိုင်းပါ ပြင်ပေးသည်။ ပုဆိန်ကိုချထားပြီး ကိုအောင်သိန်း ထမင်းဝိုင်းမှာ ဝင်ထိုင်၍ မတင်အေးဖခင်နှင့်အတူ မိသားစု မြိန်ရှက်စွာ စားကြသည်။ မျောက်သားဟင်းအချက်ကောင်းသော မတင်အေးလက်ရာသည် အရသာရှိပြီး မွှေးကြိုင် နေသည်။

“ဒီမျောက်တွေ မင်းပစ်လာတာလားကွ”

“အဟီး… ကြံကြီးစည်ရာဗျာ။ ဝက်ခါးပတ်ကျားထောင်ချောက်ကျင်းထဲ ကို မျောက်သုံးကောင်ကျနေလို့ မနေ့မနက်က ထောင်ချောက်သွားကြည့် တဲ့ ခေါင်းကြီးက ရိုက်ယူခဲ့တာလေ။ တစ်နေ့လုံး သဲကြီးမဲကြီး လူတွေလုပ်တာကိုကြည့်ထားပြီး လူမရှိတဲ့အခါ သူတို့ဆင်းပြီး စူးစမ်းလေ့လာကြမယ်လေ။ အဲဒီတော့ … ထောင်ချောက်ကျင်းထဲ ကျတာပေါ့ဗျ။ ကျင်းပေါ် ဖုံးထားတာ ခြေရာ လက်ရာတွေကို မပျက်အောင် ခေါင်းကြီး ပြင်ထားခဲ့ရသတဲ့။ မျောက်သေတစ်ကောင် လာပေးရင်း ပြောသွားတယ်ဗျ”

ကိုအောင်သိန်းတွေးရင်းမှ ရယ်သံနှင့် ပြောသည်။ သူ့စကားပင် မဆုံးလိုက်ပါ၊ ခပ်ပြင်းပြင်းထုလိုက်သော အချက်ပေးသံကိုကြားလိုက်ရသည်။

“ဒုန်း… ဒုန်း… ဒုန်း”

ကိုအောင်သိန်း ခေါင်းထောင်သွားသည်။ နှုတ်မှလည်းရေရွတ်မိသည်။

“ဟာ …ခေါင်းကြီးတို့ အချက်ပေးတာဗျ။ မိတင်အေးရေ ကိုသံချောင်းကို သတ်ခဲ့တဲ့ ဝက်ခါးပတ်ကျား မိထားပြီကွ၊ တစ်ပွဲတစ်လမ်းတော့ တွေ့ပြီဟေ့”

“သတိဝီရိယလည်း ထားပါ ကိုအောင်သိန်းရယ်။ ဒီဝက်က လှံတွေ ဓားတွေ မဖြုံဘူးဆိုတော့ အခက်သားပဲ။ သူ့ကို ရှင်တို့ ဘယ်လိုလုပ်နိုင်ကြမှာလဲ”

သုတ်သုတ်ပျာပျာ ထမင်းစားခြင်းကို အပြီးသတ်နေသော ချစ်လင် ကိုအောင်သိန်းကို မတင်အေးက စိုးရိမ်သံနှင့် သတိပေးရင်းပြောသည်။

“စိတ်မပူစမ်းပါနဲ့ မိတင်အေးရယ်။ သံနဲ့လုပ်တဲ့ ဓားလှံ မဖြုံရင် ဝါးကြောနဲ့လုပ်တဲ့လှံနဲ့ ကဆန်းသားအကြောနဲ့ လှံကိုတော့ ခံနိုင်မယ်မထင်ဘူးကွ။ စွမ်းတာကို ဉာဏ်နဲ့ဖျက်နိုင်ရင် သင်း ဘာခံနိုင်မလဲကွ”

xxx xxx xxx

“ဂီး…ကော့ …ကော့….ကော့”

ကြီးမားလှသည့် ဒညင်းဝါငှက်ကြီးက ချောင်းရေပေါ်ကိုင်းကျနေသော လမုပင်ပေါ်မှ အော်လိုက်သည်။ ကိုအောင်သိန်း လှေကို သုတ်သုတ်လှော် ဆင်းခဲ့သည်။

သူ့လှေ မလှမ်းမကမ်းအရောက်တွင် ဒညင်းဝါကြီးသည် ရေထဲမှ ငါးတစ်ကောင်ကို ထိုးသုတ်လျက် သခွပ်ပင်မြင့်ပေါ် ပျံတက်နား၍ စားသည်။ တခြားငှက်ပေါင်းစုံတို့ အော်သံမှာလည်း ဆူညံနေသည်။

ချောင်းမက ဝင်ခဲ့သော ရိုးချောင်းအဖျားတွင် ဒီလုံးတို့၏ လှေနှစ်စင်းကို တွေ့ရသည်။ သူတို့ လှေအနီးတွင် ကိုအောင်သိန်းလှေ ဆိုက်ကပ်ခဲ့ပြီး စလူတောင်ကုန်းတန်းဆီသို့ ဝါးချွန်၊ ကဆန်းသားချွန်ဓားတို့ကို ယူ၍ တက်ခဲ့သည်။ သစ်ရွက်ကြိုကြားမှ နေရောင်ခြည်ကွက်များ ဖြာကျနေသည်။ တောအောက်ခြေမြေပြင်မှ နုံးမြေပေါ်တွင် ကနစို၊ လမုဆူးငြောင့်တို့အများအပြား ရှိနေသည်။

“အစ်ကိုအောင်သိန်းရေ ဒီအကောင်ကြီးကို ကျွန်တော်မြင်လိုက်ရလို့ မှတ်မိတယ်။ အစ်ကို့ထောင်ချောက်ကျင်းထဲကျနေတဲ့အကောင် သေချာ တယ်ဗျ။ ကျွန်တော် အစ်ကိုကြီးအတွက် ကျွန်တော်အရင် လက်စားချေ ထိုးပါရစေ”

ကိုအောင်သိန်းကို ပြေးကြိုရင်း ခင်တုတ်က တက်ကြွစွာ ပြောသည်။ သူမသည် ဆံပင်သျှောင်တစောင်းထုံး၍ လက်ရှည်ရင်ဖုံးအင်္ကျီနှင့် အညိုရောင် ဘောင်းဘီအပွကို ခါးစည်းကြိုးတင်းတင်းနှင့် ဝတ်ထားသည်။ ဘောင်းဘီနှင့် အင်္ကျီလက်တို့ကို ပင့်လိပ်တင်ထားပြီး ပြေပြစ်သောမျက်နှာတွင် သနပ်ခါးရေကျဲကို ပွတ်လိမ်းထား၍ မွှေးရနံ့ကြိုင်သင်းနေသည်။

“အေးပါဟ။ ငါ့ညီမက အငယ်ဆုံးဆိုတော့ ပထမဦးစားပေးရမှာပေါ့။ စိတ်ကြိုက်ထိုးရပါစေမယ်။ ဒီအကောင် သေချာရဲ့လား”

ကိုအောင်သိန်း လက်ထဲမှ ဝါးချွန်နှင့် ကဆန်းသားတို့ကို လှမ်းယူပြီး ခင်တုတ်နောက်မှ သုတ်သုတ်လျှောက်လိုက်ပါရင်း ပြောသည်။

“သေချာပါတယ် အစ်ကိုအောင်သိန်းရာ၊ အဖြူရောင် ခါးပတ်ကျားနဲ့ သံကြိုးကိုဖြတ်သွားတဲ့ ဝက်စွမ်းကောင်းကြီးပေါ့”

“ဟုတ်တယ်အစ်ကိုရေ။ လပေါင်းများစွာ အားခဲခဲ့ရတဲ့ လိုချင်နေတဲ့ ခါးပတ်ကျားအစစ်ပါ”

ဒီလုံးကလည်း ဆီးကြို၍ ဝမ်းသာအားရပြောသည်။

“သေချာတာကတော့ အမှန်ပဲဗျ။ သံသွားတပ်လှံနဲ့ မဖြုံလို့ ဝါးချွန်နဲ့ ထိုးရမယ်လား”

ထောင်ချောက်ကျင်းပေါ်တွင်ရပ်၍ ခေါင်းကြီး မရိုးမရွဖြစ်နေသည်။ ခင်တုတ်လက်ထဲမှ ဝါးချွန်ကို လှမ်းယူသည်။ သူ့လက်မှ ရှောင်လွှဲ၍ ခင်တုတ်က ကိုယ်နှင့်ကွယ်ထားသည်။

“အံမာ အစ်ကိုခေါင်းကြီး ခင်ဗျားလူလည်မလုပ်နဲ့။ အစ်ကိုအောင်သိန်းက ပြောတယ်။ ခင်တုတ်က အငယ်ဆုံးဖြစ်လို့ ပထမထိုးခွင့်ပြုမယ်တဲ့။ အစ်ကိုကြီး သံချောင်းအတွက် ခင်တုတ်က နံပါတ်တစ် ကောင်းကောင်းကြီးကလဲ့စားချေပြမယ်”

ထောင်ချောက်ကျင်းနှင့် တစ်လံမျှအကွာတွင်ရှိသော ကနစိုပင်ကြီးတွင် ခင်တုတ်တို့မောင်နှမယူလာသော ကိုယ်စီလက်နက်များကို ထောင်ထားကြသည်။

“ဪ … နှစ်ကောင်ကျနေတာကို။ ခါးပတ်ကျားအကောင်က အမြင့် နှစ်တောင်နီးပါးရှိမယ်။ ဟုတ်ပါ့ဗျာ၊ ပါးစပ်ထဲက ဘေးထွက်နေတဲ့ အစွယ်နှစ်ချောင်း ရှည်လှပြီပဲ။ ဖွေးဖွေးကို လက်နေတာပဲ။ တုတ်ခတ်ထားတဲ့ ပျဉ်ချပ်တွေ တိုင်တွေလည်း တူးကော်ကိုက်ဖြတ်ထားလို့ ဖရိုဖရဲတွေ ဖြစ်နေတယ်။ ဒါပေမဲ့တစ်လံနဲ့ခြောက်တောင်တွင်းနက်ထဲက ဒင်းတို့ မတက်နိုင်ပါဘူး”

ထောင်ချောက်ကျင်းပေါ်တွင် ဖုံးအုပ်ထားသော ဓနိကိုင်းနှင့် မျောသားတို့ကို ဖယ်ရှင်းထားပြီး ဒေါသတကြီးအော်ဟစ်ရင်း တွင်းနံရံမှ သစ်သားခြမ်းများကို ကိုက်ဖြတ်ဖျက်ဆီးကြသည်။ အစွယ်ကားကား နှုတ်သီးတို့ဖြင့် မြေနံရံကို တူးကော်ကြသည်။ ရပ်ကြည့်နေသော လူများကို မော့ကြည့်သည်။ ညှစ်အော်ကြသည်။

“ဟာ …ဦးငှက်ကြီးပြောတဲ့အတိုင်းဆို ဒီဝက်ကြီးရဲ့ အရောင်က ခါးပတ်လိုဆက်နေလို့ ခါးပတ်ကျားက စွမ်းတာမဟုတ်ဘူးဟေ့။ပါးစပ်ထဲကထွက်နေတဲ့ အမြုတေဂင်းပိတ်အစွယ်တွေက အစွမ်းကောင်းနေတာကွ။ အဲဒီတော့ ဘယ်နေရာကို တိုက်ခိုက်ရမယ်ဆိုတာ ငါသိပြီ။ ဝက်စွမ်းကောင်း ဘယ် လောက်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ”

ခင်တုတ်တို့ မောင်နှမက ကိုအောင်သိန်းအနီးတွင်ရပ်၍ စိတ်ဝင်စားစွာ မော့ကြည့်နေကြသည်။

“ကိုဒီလုံးရေ အရင်းထွာပိုင်ရှိတဲ့ ကနစိုပင်ပေါက် ဖြတ်ထားတာ ယူခဲ့ဗျာ။ ဆယ့်နှစ်တောင်လောက် ရှည်ရမယ်နော်။ ပြီးတော့ လက်ကောက်ဝတ်အရွယ် မျောသားအရှည်မှာ ထိုးကြမယ့် လှံတွေ မှိန်းတွေ ခိုင်အောင် ဆက်ချည်ကြ။ ဒါမှ အပေါ်က ထိုးလို့ရမှာပေါ့။ ကျင်းနှုတ်ခမ်းအစပ်ကနေ မထိုးကြနဲ့။ ကျင်းထဲကိုကျလို့ကတော့ ခါးပတ်ကျားက အရိုးတခြား အသားတခြားဖြစ်အောင် လုပ်လိမ့်မယ်”

ကိုအောင်သိန်းစီစဉ်သမျှ ဒီလုံးတို့ ချက်ချင်း ဆောင်ရွက်သည်။ ထွာစိုင်ခန့် ကနစိုပင်ပေါက် မျောတိုင်ကို ကိုအောင်သိန်းချီမ၍ ထောင်ချောက်ကျင်း နှုတ်ခမ်းဘေးတွင် အသင့်ချထားလိုက်သည်။

“အစ်… အစ်… ဝူး …၊ ဘောက် … ဘောက်…၊ ကျီ… ကျွီ… ကျွီ”

အဖြူရောင်ခါးပတ်မွေးနှင့် ကြီးမားသောဝက်ကြီးသည် တစ်ဖက်နံရံမြေသားကို ကျောနှင့်ကပ်ပြီး ဖျစ်ညှစ်မာန်သွင်း၍ အော်သံပြုသည်။ ပါးစပ်ထဲမှ အမြှုပ်များ တဖွားဖွားကျအောင်ကိုက်ဝါးရင်း အစွယ်သွေးနေသည်။

မျက်နှာကောက်ကောက် နှုတ်ခမ်းလန်လန်ဖြင့် ကိုအောင်သိန်းကို မော့ကြည့်နေသည်။ နားရွက်ကြီးနှစ်ဖက်ထောင်ထားသည်။ နီမြန်းသောမျက်လုံးတို့ကမျက်ပေါက်ကျဉ်းကျဉ်းအတွင်းမှ စူးရှအရောင်လက်စွာ စိုက်ကြည့်သည်။ ကိုအောင်သိန်းကလည်း တည်ကြည်ရဲရင့်စွာ စိုက်ကြည့်နေမိသည်။

လူသားတစ်ဦးကို သေစေခဲ့သော ဖွေးလက်ချွန်ကောက်သော အစွယ်တို့ကို ကိုအောင်သိန်း အသေအချာ မှတ်သားသည်။ ဝက်ကြီး၏ ဝဲဘက်အစွယ် ထက် ညာဘက်အစွယ်က ပို၍ကြီးမားယောင်ရှိသည်။

ထိုအစွယ်ကပင် မုဆိုးကိုသံချောင်း၏ဗိုက်ကို ထိုးခွဲပြီး အူတို့ကို ပြတ်စေခဲ့သည်။ ထိုအစွယ်ကပင် လက်ပြင်မှ မိထားခဲ့သော ထောင်ချောက်ကိုင်း၏ သံကြိုးကို တင်းအောင်ရုန်းပြီး ပက်ခတ် ဖြတ်တောက်နိုင်ခဲ့ပေမည်။ ညာသန်သော ခါးပတ်ကျားဝက်ထီးကြီးအလေ့ကို ကိုအောင်သိန်း အကဲခတ်မိပါသည်

“အစ်ကိုကြီးအောင်သိန်း ကျွန်တော် အရင်ထိုးမှာနော်။ အစ်ကိုကြီးသံချောင်းအတွက် ကျွန်တော်အရင် လက်စားချေမယ်နော်”

ခင်တုတ်က မျောသားထိပ်တွင် ကိုအောင်သိန်း ယူလာခဲ့သော ဝါးချွန်ကို တုပ်ချီထားသည်။ ရှည်လျားသော မျောသားအရင်းမှ ကိုင်ပြီး ခါးပတ် ကျားကို အသင့်ချိန်ရွယ်ရင်း ပြောသည်။

“ဟုတ်ပြီ၊ အားလုံးလည်း အသင့်ပြင်ဆင်တဲ့အတိုင်း မင်းတို့အစ်ကိုကြီးအတွက် ကြီးစဉ်ငယ်လိုက် ကလဲ့စားချေတဲ့အနေနဲ့ ခါးပတ်ကျားကို ထိုးကွာ။ တွင်းနှုတ်ခမ်းသားကိုတော့ သိပ်မကပ်ကြနဲ့”

ကိုအောင်သိန်းစကားဆုံးသည်နှင့် ခင်တုတ်သည် အငြိုးအတေး အကျိတ်အခဲကြီးစွာဖြင့် ဝက်ခါးပတ်ကျားကို ချိန်ရွယ်လိုက်သည်။ မျက်နှာချင်းဆိုင် စူးစူးရဲရဲကြည့်ပြီး ဒေါသကြီးစွာ အသံထွက်မာန်သွင်းရင်း တဘောက်ဘောက်၊ တကျွီကျွီ အစွယ်သွေးနေသော ခါးပတ်ကျား၏ ညာဘက်လက်ပြင်ကို စိုက်ထိုးလိုက်သည်။

“အစ်… အု… အု… ၊ ဂူး… ဂူး… ဂူး…”

“ဟ…ဟ….ဟ အရှိန်မလွန်စေနဲ့လေ”

ခင်တုတ်သည် အငြိုးအတေးနှင့် ထိုးစိုက်လိုက်သော ဝါးချွန်သည် ကြီးမားသော ခါးပတ်ကျားဝက်ကြီး၏ လက်ပြင်ပေါ် ချိန်ကိုက်ထားသည့်အတိုင်း ထိုးစိုက်မိပါသည်။

သို့သော် အကောင်ကြီးသည်နှင့်အမျှ ပါးနပ်လျင်မြန်သောဝက်ကြီးသည် ကိုယ်ကို ဝဲဘက်သို့ တိမ်းရှောင်ရင်း ညာဘက်အစွယ်နှင့် ဝါးချွန်ကို ပက်ခတ်လိုက်သည်။ ဝက်ကြီး၏အရေပြား ရှပ်ထိပြီး ဝါးချွန် သည် မြေသားထဲစိုက်ဝင်သည်။ ဝက်အစွယ်နှင့် ထိ၍ ဓားနှင့်ဖြတ်သလို ဝါးချွန်ပြတ်သွားသည်။

ဝက်ကြီး၏ ပက်ခတ်သောအရှိန်ကြောင့် ဝါးချွန်နှင့် စပ်ထားသော မျောသားမှနံဘေးသို့ ချော်စိုက်သဖြင့် သတိလက်လွတ်ပြုလိုက်သော ခင်တုတ်ခမျာ ထောင်ချောက်ကျင်းနှုတ်ခမ်းပေါ် အားလွန်၍ ဟပ်ထိုးလဲကျသည်။ ခါးပတ်ကျားရှိရာတွင်းထဲသို့ ခေါင်းစိုက်ကျသည်။ သတိရှိနေသော ကိုအောင်သိန်းသည် ခင်တုတ်၏လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲ၍ ထောင်ချောက်ကျင်းနှုတ်ခမ်းကို ခြေနှင့်ထောက်ကန်ရုန်း၍ ဆွဲတင်လှဲချလိုက်သည်။ အလန့်တကြား ဖရိုဖရဲ အော်ဟစ်ရင်း ခင်တုတ်သည် ကိုအောင်သိန်းရင်ခွင်ထဲလုံးထွေးပါလာခဲ့သည်။

“အမယ်လေး ညီမလေးရယ်။ အစ်ကိုတစ်ယောက်အပြင် နှမပါဆုံးရတော့မလို့။ ကိုအောင်သိန်း သတိကောင်းလို့ဗျာ။ တော်ပါသေးရဲ့”

“ကံကြီးပေလို့ခင်တုတ်ရယ်။ အစ်ကိုအောင်သိန်း မကယ်ရင် နင်တော့ ခုလောက်ဆို ခါးပတ်ကျားအစာဖြစ်ပြီး”

“ကျွန်တော့်အသက်ကိုကယ်တာ နှစ်ခါရှိပါပြီ။ မိကျောင်းစာဖြစ်မယ့်ဘေး၊ ခု ဝက်စာဖြစ်မယ့်ဘေးက ကယ်တာလေ”

ဒီးဒုတ်ကျွန်းသူ ခင်တုတ်သည် ကိုအောင်သိန်းကို လက်အုပ်ချီကန်တော့ရင်း ရှိုက်၍ငိုသည်။ ဝမ်းသာကျေးဇူးတင်လွန်း၍ ဘာစကားမျှ မပြောနိုင်ပါ။ ကိုအောင်သိန်းပြုံး၍ နှစ်သိမ့်ပါသည်။

“သတိကို လက်မလွတ်စေနဲ့ကွ။ တောကောင်နဲ့ လူသား တိုက်နေတာ။ ငါတို့ဆင်တဲ့ ထောင်ချောက်ထဲ မိထားတာပဲ။ အားလုံး ကိုယ့်ဘက်ကအပိုင် တွက်လို့မရဘူး။ အမိခံရတဲ့ဘက်မှာလည်း အခွင့်သာလျှင် ပြန်တိုက်နေနိုင်တယ်။ ပြီးတော့ သူ့က ဝက်စွမ်းကောင်းလေ။ ဝက်စွမ်းကောင်း”

“ဒီတစ်ခါ ကျွန်တော့်အလှည့်”

ပြောပြောဆိုဆိုနှင့် ဒီလုံးက မာန်သွင်းတိုက်ခိုက်ရန် စောင့်နေသော ဝက်ခါးပတ်ကျားကြီးကို ချိန်ရွယ်၍ သူ၏ မျောသားနှင့်စပ်ထားသော အမဲလိုက်လှံနှင့် ခါးပတ်ကျားရှေ့တွင် စောင်ပေပေလုပ်နေသော ဝက်မ၏လက်ပြင်ကို အလျင်ထိုးစိုက်လိုက်သည်။

ချက်ကောင်းထိ၍ ဝက်မသည် အိခနဲမြည်၍ လဲသည်။ ခါးပတ်ကျားသည် ဒေါသတကြီး ခုန်ထလှုပ်ရှားသည်။

ခေါင်းကြီး လှံသုံးလို့ မရတော့သည်နှင့် ကဆန်းသားနှင့်စပ်ထားသော မျောသားကို မယူသည်။ ခါးပတ် ကျားကို မိရာချိန်ရွယ်ထိုးသည်။ လျင်မြန်ပါးနပ်သော ခါးပတ်ကျားသည် ထောင်ချောက်ကျင်းထဲတွင် လှည့်ပတ်ရှောင်ပြေးသည်။ သူ၏အစွယ်နှင့် ပက်ခတ်သည်။ သူ့ကို ယင်ကောင်နား မခံ၊ ရှောင်တိမ်း ကာကွယ်သည်။

ထိုအချိန်တွင် ကိုအောင်သိန်း ကြားဖြတ်စီစဉ်သည့်အတိုင်း ခေါင်းကြီးသည် အသင့်ယူခဲ့သော သံနန်းကြိုးကွင်းနှင့် ကျင်းထဲတွင် ဒဏ်ရာနှင့် ရုန်းကန်နေသော ပိဿာသုံးဆယ်ထွက်ခန့်ရှိသော ဝက်မ၏ဦးခေါင်းကို စွပ်မိအောင် ကြိုးစားသည်။ သံသွားမှိန်းရိုးနှင့် စပ်ချည်ထားသော မျောသားရှည် တစ်ချောင်းနှင့် ကိုအောင်သိန်းက ကူညီစွပ်ပေးသည်။ ခေါင်းကြီး၏ ထပ်ဆင့်ထိုးသော မှိန်းချက်ကြောင့် ဝက်မ ငြိမ်သွားသည်။

ဒီလုံး၏ ကဆန်းသားမှိန်းချက်နှင့် ခင်တုတ်၏ လှံသွား ဝိုင်းဝန်းထိုးနှက်ချက်များကို ခါးပတ်ကျားက ဒေါသတကြီး အော်ဟစ်ရှောင်တိမ်းလျက် သူ့ ထံရောက်လာသော လက်နက်တို့ကို ရှောင်သည်။ ပက်ခတ်သည်။

ဝက်မကို ချည်နှောင်လာသောသံနန်းကြိုးကို ကိုက်ဆွဲဖြတ်ပစ်သည်။ သံနန်းကြိုးကို ခေါင်းကြီးက လျှော့ပေးထား၍ ပြတ်အောင် မဖြတ်နိုင်ပါ။ ထိုအချိန်မှာပင် ကိုအောင်သိန်းနှင့် ခေါင်းကြီးတို့သည် မျောသားတွင် သံနန်းကြိုးပတ်ချည်၍ သေနေသော ဝက်မကို ဆွဲတင်ကြသည်။ ခင်တုတ်ပြေးလာ ကူညီသဖြင့် ခဏအကြာတွင်ဝက်မအပေါ်တင်နိုင်ခဲ့သည်။

“ကဲ … မင်းတို့သုံးယောက် အနောက်နဲ့ ဘေးနှစ်ဖက်က ထိုးရင်း ဆွဲရင်း ထိန်းထားကြ၊ ရှေ့က ငါ ထုမယ်ဟေ့”

ကိုအောင်သိန်းက ပြောသာပြောရသည်။ ခါးပတ်ကျား ပက်ခတ်ထားသဖြင့် တောလိုက်မုဆိုးတို့၏ သံနှင့်လုပ်သော လှံသွား၊ မှိန်သွား၊ ထို့အပြင် ဝါးချွန်နှင့် ကဆန်းသားအချွန်တို့ပါ ခါးပတ်ကျားရှိသော ထောင်ချောက်ကျင်း အောက်ခြေတွင် ပြတ်ကျခဲ့ကြပြီး မျောသားရှည်တို့နှင့် ထိုးကြရိုက်ကြ ရသည်။

ထူးခြားသည်မှာ ခါးပတ်ကျားဝဲဘက်လက်ပြင်တွင် ဦးစွာထိုးခဲ့သော ခင်တုတ်၏ ဝါးချွန်ရှပ်ထိသော အရေပြားကွဲရုံ သွေးစို့ဒဏ်ရာတစ်ခုသာရှိနေသည်။ အခြားမည်သည့်ဒဏ်ရာကိုမျှ မတွေ့ရပါ။

ကိုအောင်သိန်းတက်ကြွစွာ လှုပ်ရှားနေ၍ ဒီလုံးတို့မှာ လှုပ်ရှားနေရသည်။ မည်သို့မျှ ထိုးနှက်၍မရသော ကြီးမားအားကောင်းလှသည့် ခါးပတ်ကျားဝက်ကြီးကို ကြည့်ရင်း စိတ်ဓာတ်ကျ လက်လျှော့ချင်ကြသည်။

ကိုအောင်သိန်းကမူ သူတို့ညီအစ်ကိုမောင်နှမသုံးယောက် အသက်ဆုံးရှုံးခဲ့ရသော အစ်ကိုကြီးအတွက် စိတ်ကြိုက်ကလဲ့စားချေ ထိုးနှက်သမျှကို စောင့်ကြည့်သည်။ အရှိန်လွန်၍ ကျင်းထဲမကျအောင် စောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည်။ ဝက်မတစ်ကောင်သာ အသေရသည်။ လက်နက်အားလုံး ပျက်စီး ကုန်ပြီး စိတ်ကြိုက်ကလဲ့စားချေတိုက်ခိုက်ခဲ့သူတို့လည်း ခြေကုန်လက်ပန်း ကျချေပြီ။

ကိုအောင်သိန်းတိုက်ခိုက်ရန် စတင်လိုက်သည်။ အရင်းအထွာစိုင်၊ အဖျားလက်ကောက်ဝတ်ခန့်ရှိသော ဆယ့်နှစ်တောင်ရှိ ကနစိုပင်ပေါက်သား အရင်းပိုင်းကို ကျင်းထဲချ၍ အဖျားပိုင်းမှ ကြံ့ခိုင်ပိုင်နိုင်စွာ ကိုင်မလိုက်သည်။

“အစ်ကိုရေ ထိုးစရာအချွန် လက်နက်တွေလည်း ကုန်ပြီ။ အစ်ကိုက ကျည်ပွေ့နဲ့ ထောင်းသလို အပေါ်က ထိပ်ထုမလို့လား။ ပင်ပန်းခံမနေပါနဲ့ဗျာ။ ဂင်းပိတ်အစွယ်နဲ့ အစွမ်းကောင်းတဲ့ဝက်ကို လက်တွေ့ကြုံလို့ ယုံပါပြီ။ ခြောက်တောင်ကျော်နက်တဲ့ ထောင်ချောက်ကျင်းထဲ ရောက်နေလို့ပေါ့ဗျာ။ မြေညီပေါ်မှာသာဆိုရင် ကျုပ်တို့အားလုံး သေမှာပဲ။ ဒီတော့ ဒီအတိုင်းထားခဲ့ဗျာ။ အစာငတ်ရေငတ်သေမှပဲ ဒီလောက်စွမ်းတဲ့အစွယ်ကို ချွတ်ယူကြတာပေါ့ဗျာ”

“ဟား … ဟား … ဟား အားလျော့နေကြပြီလား။ အားချင်းမယှဉ်ဘူး။ ဉာဏ်ချင်းတော့ ယှဉ်ကျသေးတာပေါ့ကွာ။ မင်းတို့က နောက်နဲ့ဘေးနှစ်ဖက် ထိန်းထား။ ခဏလေးစောင့်ကြည့်၊ လူ့အကြံကို ခံနိုင်သတဲ့လားကွ”

ပြောပြောဆိုဆိုနှင့် ကိုအောင်သိန်းသည် မျောသားကြီးကို မြှောက်ချိန်သည်။ တဘောက်ဘောက် ကိုက်ဝါး၍ အမြှုပ်တဖွေးဖွေးနှင့် ဝက်ကြီးသည် သူ့ကို တိုက်ခိုက်ရန်ချိန်ရွယ်နေသော ကိုအောင်သိန်းကို မျက်ခြည်မပြတ် အရုပ်ဆိုးစွာကြည့်ရင်း ဝက်ကြီးသည် မာန်သွင်းလျက်ရှိသည်။ သွားချင်းပွတ်ကြိတ်သံ တကျွီကျွီမြည်နေသည်။

ကိုအောင်သိန်းသည် ကနစိုပင်ပေါက်အရင်းပိုင်းနှင့် ဝက်ကြီး၏ မျက်နှာတည့်တည့်ချိန်ပြီး အားနှင့် ထောင်းချလိုက်သည်။

“အစ်…အု…ဂီး…ဂီး…ဂီး”

ကိုအောင်သိန်း ထောင်းချလိုက်သော ကနစိုသားသည် ခါးပတ်ကျားဝက်ကြီး၏ ကောက်နေသော နှာခေါင်းရိုးပေါ်သို့ အရှိန်နှင့်ကျလာသည်။ ပါးနပ်လျင်မြန်သော ဝက်ကြီးသည် ဒေါသတကြီး ညှစ်အော်၍ လွတ်ရုံမျှ မျက်နှာကို တိမ်းရှောင်ပြီး သူအလွန်အားကိုးသော ယာဘက်အစွယ်ဖြင့် ပက်ခတ်လိုက်သည်။

မျောသားတိုင်အဖျားမှ ကိုင်ဆုပ်ထားသော ကိုအောင်သိန်းလက်တို့သည် ကျွတ်ဆတ်သော အတွေ့အထိနှင့် သဲ့သဲ့မျှ အရိုးကျိုးသံတစ်ချက်ကို တစ်ပါတည်း ကြားလိုက်သည်။ တစ်ဆက်တည်း အသည်းတုန် အူတုန်ခမန်း ညှပ်အော်လိုက်သော ခါးပတ်ကျားဝက်ကြီးအော်သံသည် ပတ်ဝန်းကျင်ကို ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။

ထိုပဲ့တင်ထပ်ရိုက်ခတ်သံသည် တစ်တောလုံး တိုးဝှေ့ထိခတ်သွားပြီး ပဲ့တင်ပြန်လာဘိသကဲ့သို့သော လေဟုန်ပြင်းပြင်းလည်း အတူပါလာ၍ ပြင်းထန်တိုးဝှေ့တိုက်ခတ်လာသည်။

ကိုအောင်သိန်းတို့ အံ့ဩငေးမောကြည့်မိသည်။ တစ်တောလုံး ပုံမှန်ငြိမ်သက်နေသည်။ တောင်ဘက်ဆီမှ တဟည်းဟည်း တဝေါဝေါ တိုးတိုက်လာသော လေလုံးကြီးသည် သူတို့ရပ်ကြည့်နေသော အပေါ်မှ အခက်အကိုင်းကြီးများ မိုးလျက်ရှိသော ထက်ပိုင်းကျိုး ကနစိုပင်ကြီးကို အရှိန်ပြင်းစွာ ဝင်ဆောင့်တိုးဝှေ့တိုက်ခိုက်သည်။ ထိုအချိန်တွင် ဝက်ခါးပတ်ကျားကြီး၏ အက်ကွဲစူးရှသော အသံကြီးမှာလည်း ဆက်ကာ ဆက်ကာ ထွက်ပေါ်လာသည်။

“ဝေါ…ဝေါ… ဝေါ…”
“ဝီး… ဝီး..”
“ဟီး … အုန်း”

“ဟေ့ ငါ့ဘက်ကို လာခဲ့ကြ။ မြန်မြန်… မြန်မြန် ၊လဲတော့မယ်… လဲတော့မယ်”

မကြုံစဖူး မြင်ကွင်းဖြစ်သည်။ ထောင်ချောက်ကျင်းနံဘေးမှ ကြီးမားသော ကနစိုပင်ကြီးသည် ထူးခြားစွာတိုးဝှေ့လာသော လေလုံးကြီးက ဝင်ဆောင့်တိုက်ခိုက်သည်။

ထိတ်လန့်ဖွယ်မြည်ဟည်းသံများနှင့်အတူ ကနစိုး ပင်ကြီး ထောက်ချောက်ကျင်းဘက်သို့ ယိုင်၏။ လဲကျလာသည်။ ဝက်ခါးပတ်ကျားကြီးကို ထောင်း၍ တုံ့ပြန်ပက်ခတ်လိုက်သော ကနစိုပင်ပေါက်မျောတိုင်ကို ကျင်းထဲက မယူထမ်းပြီး ကိုအောင်သိန်းသည် အနောက်ဘက်ရေအိုင်ရှိရာသို့ ပြေးရင်း အော်ပြောသည်။ အံ့သြတုန်လှုပ်စွာ ရပ်ကြည့်နေမိသော ခင်တုတ်တို့ မောင်နှမသည် လက်ထဲမှ မျောသားချွန်တို့ကို ပစ်ချပြီး ကိုအောင်သိန်းနောက်သို့ပြေးလိုက်ကြသည်။

သူတို့ လွတ်ရုံမျှဖြစ်သည်။ သက်တမ်းမည်မျှကြာပြီ မသိနိုင်သော ကနစိုပင်ကြီးသည် ဝက်ထောင်ချောက်အဖြစ်တူးထားသော ကျင်းဘက်သို့ အရှိန်နှင့် အိပြိုလဲကျသည်။ ပင်ခြေမှ မြေစိုင်မြေခဲတို့ အိ၍ ကျင်းထဲပြိုကျလာစဉ် ခါးပတ်ကျားဝက်ကြီးသည် မြေသားမြေစိုင်ခဲများပေါ်သို့ နင်းတက်ပြီး ညာဘက်ပါးစပ်ထဲမှ သွေးများစီးကျလျက် ဝမ်းခေါင်းခြစ်ထုတ်သော အသံဆိုး အသံနက်ကြီးဖြင့် ရှည်လျားစွာအော်ပြီး နက်ရှိုင်းသော ကုန်းတန်းကြောအတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားပါသည်။

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *