ဝက်တစ် သမင်နှစ် ဂျီ ကြောင် ယုန်အဆစ်
ပူစပ်စပ်နေရောင်၏ အတွေ့ အထိနှင့် တဟုန်းဟုန်း ဆောင့်တိုက်လိုက်သော လေရူးဒဏ်ကြောင့် အိပ်ပျော်နေရာက လန့်နိုးခဲ့ရသည်။ သို့သော် တစ်ညလုံး တောလည်ပြီး မိုးလင်းခါနီးမှ ရွာပြန်ရောက်ကြသဖြင့် အိပ်ရေးပျက်ပြီး မျက်လုံးများက ဖန်တွတွ ဖွင့်မရ။
ဘေးနားမှ အဖွဲ့များလည်း တုံးလုံးပက်လက် မထကြသေး။ တချို့က တခေါခေါဟောက်လျက် အိပ်မောကြနေကြဆဲ။ တချို့ကလည်း ကျွန်တော့်လိုပင် လူးရင်းလွန့်ရင်း နိုးနေကြဟန်တူသည်။
“(၁ဝ)နာရီတောင် ထိုးပြီ။ ဒီအကောင်တွေ အခုထိ မထကြသေးဘူး … လွန်တယ်ကွာ”
“ဟာ. . . ကိုတင်မောင်ကြီးရာ အိပ်ကြပါစေ။ သူတို့က တစ်ညလုံး မိုးအလင်း လည်ထားကြတာဗျ”
“ကာစင်ရာ … ငါတို့ မင်းတို့လည်း ညကလည်တာဘဲ မဟုတ်လား”
“ခင်ဗျားတို့ ကျုပ်တို့ လည်တာက ကားကလေးနဲ့ ဗိုလ်လည် လည်ကြတာပဲ။ သူတို့က လှည်းနဲ့ တစ်ညလုံး ဒုက္ခခံပြီး လည်ရတာဗျ။ အိပ်ကြပါစေ”
“ဪ… မင်းက တော်တော်စေတနာကောင်းနေတာ ပေါ့ ဟုတ်လား. . .။ မင်းစေတနာအကြောင်း ငါမသိဘူး မှတ်သလား။ မင်းက ကျော်မိုးတို့ ကိုကိုတို့ နိုးရင် မင်းဆီက ခွက်လုသောက်မှာစိုးလို့ ဇွတ်အိပ်ပါစေလို့ ပြောတာမို့လား။ ငါကတော့ မထ ထအောင်ကို နှိုးမှာ ။ ဒီ့ပြင်လူတွေ မထတောင် ကျော်မိုးနဲ့ ကိုကိုတော့ ထအောင် နှိုးရမယ်”
ဟု ပြောရင်း. . .
“ဟေ့ ကျော်မိုးနဲ့ ကိုကို … ထကြတော့ကွာ။ ဘယ်အချိန်ရှိပြီလဲ။ မင်းတို့အတွက် အဖျော်ယမကာရောအမြည်းအစုံပါ ငါလုပ်ထားပြီးပြီကွ။ နောက်ကြရင် ကာစင် လက်ချက်နဲ့ ကုန်သွားလိမ့်မယ်နော်”
ဦးတင်မောင်ကြီး၏ အထပ်ထပ်အော်နေသော အသံဩကြီးကြောင့် အဖွဲ့သားအားလုံး နိုးလာကြပြီး မထချင် ထချင်ဖြင့် ထလာခဲ့ကြရပါတော့သည်။
အချိန်မှာ နံနက်(၁ဝ)နာရီပင် ကျော်နေပြီ ဖြစ်သဖြင့် တောမောင်းရန်အတွက် နောက်ခြောက်ရွာသား အချို့ပင် ရောက်ရှိနေကြပေပြီဖြစ်ရာ ဦးတင်မောင်ကြီးနှင့် မာမူကာစင်တို့က ဧည့်ခံစကား ပြောနေကြလေသည်။
အိမ်ရှင် ဦးသန်းမောင်က ကျွန်တော်တို့အဖွဲ့စားရန်အတွက် ထမင်းဟင်းများကို အရံသင့် ပြင်ဆင်နေပါသည်။
ကျွန်တော်တို့ မုဆိုးအဖွဲ့ မနက်စာစားပြီးတော့ (၁၁)နာရီပင် ထိုးပေပြီ။ နောက်လိုက်ခြောက်သားများလည်း အစုံအလင်ရောက်ရှိလာကြပြီဖြစ်သည်။
ရှေ့စီးသေနတ်ကိုင်မုဆိုးအဖွဲ့တွင် ကျွန်တော်က (. ၃ဝ- ဝ၆) ရိုင်ဖယ်၊ ကျော်မိုးက (. ၃ဝ- ဝ၆)၊ ကိုကိုက (၁၂)ဘိုးနှစ်လုံးပြူး၊ လင်းရွှေက (၁၂)ဘိုး နှစ်လုံးပြူး၊ မောင်ကျွဲက (၁၂)ဘိုး နှစ်လုံးပြူးနှင့် လှရွှေမှာ (.၂၂) ပွိုင်တူးတူးတို့အပြင် ရွာခံမုဆိုးများဖြစ်ကြသော ကြီးလှနှင့် ခင်မောင်အေးညီအကိုတို့က မာမူကာစင်နှင့် ဦးတင်မောင်ကြီးတို့၏ နှစ်လုံးပြူးတစ်လက်စီ ကိုင်ကြမည်ဖြစ်သည်။
မာမူကာစင်နှင့် ဦးတင်မောင်ကြီးတို့မှာ ဝါသနာကြီး လွန်းသဖြင့်သာ တောလိုက်ခြင်း၊ မုဆိုးအလုပ်ကို လုပ်ကြသော်လည်း တကယ်တမ်းတွင် အသက်အရွယ်ကလည်း ထောက်လာပြီဖြစ်သဖြင့် အများနည်းတူ အပင်ပန်းမခံနိုင်တော့။ ကိုယ်ကာယများမှာလည်း မွေးခါနီးဗိုက်ကြီးသယ်ပမာ။ ကိုယ့်ဗိုက်ကိုပင် မနိုင်ကြသူများ ဖြစ်သဖြင့် သူတို့ကိုယ်စား ရွာမှ မုဆိုးကြီးလှနှင့် မောင်အေးညီအစ်ကိုများကို သေနတ်အပ်လိုက်ကြခြင်း ဖြစ်လေသည်။
အစီအစဉ်မှာ ပထမဦးဆုံး တောမောင်းမည့်နေရာနှင့် အနီးဆုံးနေရာသို့ အမြန်ရောက်နိုင်ရန် ကားနှင့်လိုက်ပို့ပေးမည်ဖြစ်ရာ ရွာခံမုဆိုးခေါင်းဆောင် ကြီးလှ၊ ကျော်တင့်၊ ခင်မောင်အေးတို့နှင့် အရင်တိုင်ပင်ရလေသည်။
“ကိုင်း ဘယ်တောကို အရင်မောင်းကြမလဲ ကြီးလှ။
ဒို့က မင်းတို့အဖွဲ့ကို အချိန်မကုန်အောင် ခြောက်မဲ့တောနဲ့ အနီးဆုံးနေရာထိ ကားနဲ့လိုက်ပို့မယ်။ အပြန် လည်း အကောင်ရရင်တော့ လူလွှတ်လိုက်၊ လာကြိုပေးမယ်။ ဘာကောင်မှ မရလို့ကတော့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ထမ်းပိုးကိုယ်ထမ်းပြီး ပြန်ခဲ့ကြပေတော့”
“အထင်သေးတတ်ရန်ကော မာမူရာ။ ဒီလူ ဒီသေနတ် တွေနဲ့မှ အကောင်မရရင် ဘာမို့တုန်း။ အကောင်မရရင် ညနေစားထမင်း မစားဘူးဗျာ”
“ဟ. . . ကြီးလှ ဒီလူတွေကို အထင်ကြီးပြီး အာမခံမရဲနဲ့။ အချောင် ထမင်းငတ်နေမယ်နော်။ ဒီအထဲမှာ ယုန်၊ ကြောင်၊ ကြက်လောက်ပစ်တတ်တဲ့ မုဆိုးတွေ များတယ်ကွ”
“ကာစင်ပြောတာ ဟုတ်တယ်ကွ ကြီးလှရ။ ကျော်မိုးတို့ ကိုကိုတို့ မောင်ကျွဲတို့ ဒီ’ယမနေ’ တောလာပစ်တာ ဘယ်နှစ်ခေါက်ရှိပြီလဲ။ ယုန်၊ ကြောင်၊ ခွေးကလွဲပြီး ဂျီ၊ သမင် ဘယ်နှစ်ကောင်ရတာများ မင်းတို့တွေ့ဘူးလို့လဲ။ မင်းတို့ညီအစ်ကို ပစ်ပေးရတာကြီး ဘဲမို့လား။
မင်းတို့ပစ်ပေးလိုက်တဲ့ အကောင်တွေကို မန္တလေးကျ ပြန်ကြွားကြသေးတယ်။ သူတို့ကိုယ်တိုင် ပစ်ရသလိုလို။ အထူးသဖြင့် ဟို ကျော်မိုးဆိုတဲ့ အကောင်ပေါ့။ ရိုင်ဖယ်သေနတ်ကြီး တကားကားနဲ့ သူ့ကိုယ်သူ ကမ္ဘာကျော်မုဆိုးကြီး ‘အလန်ကွာတားမိန်’ များ အောက် မေ့နေသလားဘဲ။ ပစ်တော့ ယုန်၊ ကြောင်၊ သမင်တစ်ကောင်မှ မရသေးဘူး”
မာမူကာစင်နှင့် ဦးတင်မောင်ကြီးက ကျော်မိုးတို့ ကိုကိုတို့၊ မောင်ကျွဲတို့ကို ဆွလိုက် စလိုက်ပါသည်။ အထူးသဖြင့် မခံချင်တတ်သော ကျော်မိုးကို ရည်ရွယ်၍ ကလိလိုက်ခြင်းသာ ဖြစ်ပါသည်။
“ဘာပြောတယ် … ဘာပြောတယ်။ ဒါ သက်သက်ကျုပ်တို့ကို သိက္ခာချတာ။ ကျုပ် ‘တကောင်း’ တောက ပစ်ခဲ့တဲ့၊ စိုင်သား၊ ဆတ်သားတွေ မာမူတို့ အပါကြီးတို့ (ကျော်မိုးက၊ ဦးတင်မောင်ကြီးကို ‘အပါကြီး’ ဟု ခေါ်နေကြဖြစ်သည်) အဝအပြဲ မစားကြဘူးလား … ဟင်”
“စားတော့ စားရဘူးပါတယ်ကွာ။ ဒါပေမယ့် အဲဒါတွေက ငါတို့မြင်ရတာလဲ မဟုတ်။ “ဆတ်မြည်းရှည်” (ကျွဲ၊ နွား) တွေ ပစ်လာပြီး စိုင်သား၊ ဆတ်သားလို့ ကြွားပြောတာရော မဖြစ်နိုင်ဘူးလား။ သမင်တောင် ရအောင် မပစ်နိုင်တဲ့သူက စိုင်၊ ပြောင်တို့၊ ဆတ်တို့ ရတယ်ဆိုတာ ယုံရမှာလား”
“မယုံရင် ကျွန်တော့်ဆရာ ကိုမင်း မေးကြည့်ပေါ့ဗျာ။ တကောင်းတောမှာ ဘယ်လိုပစ်ခဲ့တယ်ဆိုတာ မေးကြည့်လိုက်ပေါ့”
“ဟ ကျော်မိုးရ … ငါမယုံ ငါ့မယားမေးကြည့် ဆိုသလို နေမှာပေါ့။ မင်းဆရာ ကိုဘမင်းက သူပါ သိက္ခာကျမှာစိုးတော့ ဘယ်အမှန်ပြောမှာလည်းကွ။ မဟုတ်ဘူးလား ဘမင်းရာ”
ဦးတင်မောင်ကြီးက ကျွန်တော့်ကို မျက်စေ့မှိတ်ပြရင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်ကတော့ ဘာမှ ပြန်မပြော၊ ခပ်ပြုံးပြုံးလုပ်ကာ ရေငုံ နေလိုက်သည်။
“ဆိတ်ဆိတ်နေ ဝန်ခံခြင်းတဲ့ကွ ကျော်မိုးရ။ မင်းဆရာက အခု ဘာမှ ပြန်မပြောတာထောက်ရင် ငါတို့ပြောတာ မှန်တယ် မမှန်ဘူးဆိုတာ ရှင်းပါတယ်ကွာ”
“အင်းပါဗျာ … ပြောကြအုံးပေါ့။ ဒီနေ့ လက်တွေ့ပစ်ပြလိုက်အုံးမယ်”
“အေး. . . ဒီနေ့ မင်းပစ်လို့ ရတဲ့အကောင်ဆိုရင် ငါ ‘ဟာလာ’မလုပ်ပဲ စားပစ်မယ်ကွာ။ ဘယ်လိုလဲ”
မာမူကာစင်က ဝင်ဆွလိုက်ပြန်ပါသည်။
“တကယ်လား မာမူ … တကယ်စားမှာလား”
“တကယ်ပေါ့ကွ … ငါ လူကြီးဘဲ၊ ဘယ်ညာမှာလဲ။ တစ်ခုတော့ ရှိတယ်နော်။ သမင်ရမှပြောတာ။ ကြောင်၊ ယုန်၊ ခွေးတွေတော့ မပါဘူး။ မင်းက ကြောင်၊ ယုန်၊ ခွေးလောက်နိုင်တာဆိုတော့ ကြိုပြောထားရသေးတယ်”
“ဒါဖြင့် ဝက်ရရင်ကော”
မာမူကာစင်မှာ မူစလင် ဖြစ်သောကြောင့် ကျော်မိုးက ‘ဝက်’ ရရင်ကောဟု သက်သက်မဲ့ ရိလိုက်ခြင်းဖြစ်သည်။
“ဝက်… ဟုတ်လား၊ သမင်တောင် ရအောင် မပစ်နိုင်တဲ့သူက ‘တောဝက်’တဲ့။ ရယ်စရာ ကောင်းသေးတော့ ကျော်မိုးရာ။ မင်းပစ်လို့သာ ဝက်ရရင် အကောင်လိုက် အစိမ်းကိုစားပစ်မယ်ကွာ။ ကျေနပ်ပလား။
တကယ်လို့ မင်းပစ်လို့ သမင်တောင်မရရင်ကောကွာ … ဘယ်လိုလဲ?”
“ကျွန်တော် ပစ်ရလို့မှ အကောင်မရခဲ့ရင် ကြိုက်သလိုပြော၊ကြိုက်တာလုပ်”
“ဒါဖြင့် ဒီလိုလုပ်လေ မင်းပစ်လို့ရမှ အကောင်မရရင် ဒို့ အခုလာတဲ့ မုဆိုးတစ်ဖွဲ့လုံးကို မန္တလေးပြန်ရောက်တာနဲ့ ‘တင်လှ’ ရဲ့ ‘မော်ရိုကို’ စားသောက်ဆိုင်မှာ တစ်ဝိုင်းကြွေး … မကောင်းဘူးလား”
.”ကောင်းတယ် … ကောင်းတယ်၊ အဲဒါ ကောင်းတယ်”
မုဆိုးအဖွဲ့သားအားလုံးက ညှိမထားဘဲ တညီတညာ တသံတည်း ထွက်လာကြပါတော့သည်။
xxx xxx xxx
ချိန်ခါသမယက နွေမူးမူး၊ တန်ခူးလထဲမှာ ဖြစ်သည်။ မန္တလေးမှ ကျွန်တော်အပါအဝင် မုဆိုးတစ်စုဖြစ်ကြသော ကျော်မိုး၊ ကိုကို၊ လင်းရွှေ၊ လှရွှေ၊ မောင်ကျွဲ၊ တင်လှ၊ မာမူကာစင်၊ ဦးတင်မောင်ကြီးတို့တတွေမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာမှ ဥက္ကဌဟောင်း ဦးသန်းမောင် အိမ်သို့ အမဲပစ်ရန် ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
‘ယမနေ’ ရွာကလေးမှာ ရွှေဘို၊ မြစ်ကြီးနား စီမံကိန်းလမ်းမကြီးပေါ်တွင် တည်ရှိသော ရွာကလေးဖြစ်ပြီး အစိုးရပိုင် ‘မြေမွန်’ စိုက်ခင်းနှင့်လည်း တစ်မိုင်မျှသာ ဝေးကွာသည်။ မြေမွန်စိုင်ခင်းတွင် စီမံကိန်းသီးနှံ၊ ပြောင်း၊ မြေပဲ၊ ပဲစေးငုံ၊ ကြံ အကြီးအကျယ် စိုက်ပျိုးရာ ဂျီ၊ သမင်၊ တောဝက် အစရှိသော တောကောင်များမှာ ပေါချင်တိုင်းပေါလျက် ရှိပေသည်။
ဒါကြောင့်လည်း မန္တလေးမှ ကျွန်တော်တို့ မုဆိုးဝါသနာအိုးများအဖွဲ့ (Hilux) ဟိုင်းလတ် ကားတစ်စီးနှင့် အထူးအစီအစဉ်တစ်ရပ်လုပ်ခါ တောမောင်း၊ တော ခြောက်ပစ်ရန် ရောက်နေခဲ့ကြခြင်း ဖြစ်သည်။
ပထမအဦးဆုံး မောင်းမည့် ခြောက်မည့်တောက
ယမနေရွာနှင့် (၃)မိုင်မျှဝေးသော ပေကြီးရွာမှ အရှေ့ဘက်မှာဖြစ်သဖြင့် ကားနှင့် ပေကြီးရွာအထိ လိုက်ပို့ ပေးခဲ့သည်။ လူမှာ ရှေ့စီးအဖွဲ့ရော၊ နောက်ခြောက်အဖွဲ့ပါ အားလုံး (၂၅)ယောက်မျှ ဖြစ်သဖြင့် ဟိုင်းလတ်ကားနှင့် နှစ်ခေါက်ပြန် ပို့ရလေသည်။
ရှေ့စီးသေနတ်သမားအဖွဲ့မှာ နေရာအရင်ယူရမည် ဖြစ်သဖြင့် ပထမကားနှင့် လိုက်ရပြီး ခြောက်သားများမှာ နောက်အခေါက်မှ လိုက်ရလေသည်။
စခြောက်မည့်တောနှင့် နေရာဦးတည်ချက်ကို ညှိထားပြီးဖြစ်သဖြင့် ကျွန်တော်တို့ ရှေ့စီးသေနတ်သမားများအဖွဲ့မှာ နေရာယူကြရန် လူသွားလမ်းကလေးအတိုင်း အသံမကြားရအောင် ဖြည်းဖြည်းသွားနေကြရလေသည်။
ကျွန်တော်တို့အဖွဲ့တွင် လှရွှေတစ်ယောက်မှာ လူသစ်ဖြစ်ရာ တောအတွေ့အကြုံ ဘာမှ မရှိသေး မသိသေးသူ ဖြစ်သည်။ ဒါ့ကြောင့် သူ့ကို လမ်းသွားရင်း တောမောင်းပစ်သောအခါ သေနတ်သမား မုဆိုးများ၏ စောင့်စည်းထိန်းသိမ်းရသော စည်းကမ်းများကို ပြောပြနေရသည်။
“အရေးအကြီးဆုံးကတော့ သေနတ်ပစ် မလောဖို့ဘဲ။ သေနတ်ပစ် လောကြီးပြီး မဆင်မချင် ပစ်ရင် မလိုလားအပ်တာတွေ ဖြစ်လာတတ်တယ်။ အကောင်လည်း ရခဲတယ်။ ကိုယ်ပစ်မယ့် သားကောင်ဟာ အထင်မဟုတ် အမြင်ဖြစ်ရမယ်။ နောက်ခြောက်သားတွေနဲ့ လွှတ်ကဲ့လား၊ တန်းနေသလား၊ နီးသလား၊ ဝေးသလားဆိုတာလည်း ဂရုထားရမယ်။
ပေါ်လာတဲ့ သားကောင်ဟာ ကိုယ်စောင့်နေတဲ့နေရာရဲ့ လက်ဝဲဘက်မှာသာ ပစ်ရတယ်။ ကိုယ့်ရဲ့ လကျာ်ဘက်မှာ ပေါ်လာတဲ့ ဖြတ်ပြေးတဲ့ အကောင်ကို ဘယ်တော့မှ မပစ်ရဘူး။ တစ်ခုတော့ရှိတယ်။ လက်ျာဘက် အစွန်ဆုံးစောင့်တဲ့ သေနတ်သမား
ကတော့ လက်ဝဲရော၊ လက်ျာရော (၂)ဘက်စလုံး ပစ်နိုင်တယ်။
နောက်ပြီး သားကောင်ပြေးတဲ့နောက် စွတ်ပြီး မလိုက်ရဘူး။ ကိုယ့်လက်ဝဲဘက်က လှေသမား ဘယ်နေရာမှာရှိနေတယ်ဆိုတာကို ကြိုတင်လေ့လာသိထားရမယ်။
ကဲ ပြောဖို့အချိန်လည်း မရတော့ ဒီလောက်သိထား လိုက်နာနိုင်ရင် တောမောင်းပစ်လို့ရပါပြီ”
လှေခင်းစောင့်ရမည့်နေရာရောက်လာကြပြီမို့ ကိုလှရွှေကို စကားဖြတ်လိုက်ရသည်။ လှရွှေကို လက်ဝဲဘက်လက်စွန်နေရာတွင် လှေခင်းချပေးလိုက်ရသည်။ ဒါမှ သူ့ရဲ့ပစ်ကွင်းကို အန္တရာယ်မရှိ လွတ်လွတ်လပ်လပ် ပစ်နိုင်ရန်ဖြစ်သည်။
ပစ်ကွင်းပစ်ကွက် နေရာယူပုံ၊ ငြိမ်ငြိမ်သက်သက်စောင့်ရပုံတွေကို မှာပြီး အဖေါ်အဖြစ် နောက်လိုက် ‘ဝင်းဦး’နှင့်အတူ ထားပေးခဲ့ရသည်။
လှရွှေ၏ လက်ျာဘက်တွင် (.၃ဝ-ဝ၆) ရိုင်ဖယ်သမား ကျော်မိုးကို ထားခဲ့ပြီး ကျော်မိုး၏ လက်ျာဘက်တွင် နှစ်လုံးပြူးသမား ခင်မောင်အေး ရှိလေသည်။ ခင်မောင်၏ လက်ျာဘက်တွင်မူ တန်းလျက် အစဉ်လိုက် ကျွန်တော်၊ မောင်ကျွဲ၊ ကိုကို၊ လင်းရွှေနှင့် ကြီးလှတို့ ဖြစ်သည်။ ကြီးလှမှာ နောက်ဆုံး လှေခင်း လက်စွယ်သမား ဖြစ်လေသည်။
ကျွန်တော်တို့ နေရာယူကြပြီး (၁ဝ)မိနစ်ခန့်အကြာတွင် နောက်ခြောက်သမားများ၏ တောစခြောက်သံက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး စတင်ကြားရသည်။
“ဟိုးဟ … ဟိုးဟ”
“ဟေး … ဟေး”
“ဒေါက် … ဒေါက် … ဒေါက် … ဒေါက်”
“လိုက်ဟ … လိုက်ဟ … မလွတ်စေနဲ့နော်”
တစ်တောလုံး အော်သံ ဟစ်သံ၊ ဝါးခေါက်သံမျိုးစုံက ဟိန်းသွားပါတော့သည်။ နောက် ခြောက်သားတို့၏ အသံကို ကြားလိုက်ရသည်နှင့် ရှေ့စီးသေနတ်သမားများကလည်း သေနတ်တို့ အရံသင့် မောင်းတင်လျက် ထွက်ပေါ်လာမည့် သားကောင်များကို မလွတ်တမ်းပစ်နိုင်ရန် သတိအနေအထားနှင့် မျှော်ကြည့်ကြရ ပါသည်။
တောမှာ မြိုင်ကြီး၊ ဂနိုင်ကြီးများ မဟုတ်။ ဗြုတ်တော၊ ခြုံတောကလေးများနှင့် ဝါးတောများသာ ဖြစ်သောကြောင့် မြင်ကွင်းသိပ်မရှုပ်လှ။တချို့နေရာများတွင် ခပ်လှမ်းလှမ်း ကိုက်(၁၀၀)လောက်ထိပင် လှမ်းမြင်နိုင်ကြသည်။
“ဂျိုကား ပေါက်ကြီး တစ်ကောင်နဲ့ အမ (၂)ကောင် ပြေးပြီဟေ့”
“ဟေး … ဟေး … ဟေး လိုက်ဟ … လိုက်ဟ”
“ရှေ့စီး လှေခင်းသမားတွေ လာလေရဲ့ဟေ့ … မလွတ်စေနဲ့”
ရဲမြင့်နှင့် မောင်မြိုင်တို့ အသံက အများထဲမှ စူးစူးဝါးဝါး ပေါ်ထွက်လာတော့သည်။
ကျွန်တော်၏ရှေ့ ကိုက် (၅၀)လောက်မှ ချုံပုတ်တော ကလေးမှာ သိမ့်ကနဲ လှုပ်ရှားသွားပြီး သမင်ပေါက်ဂျိုကားကြီးတစ်ကောင်နှင့် သမင်မနှစ်ကောင်မှာ လွှားကနဲ လွှားကနဲ လက်ဝဲဘက် ခင်တန်းအတိုင်း ပြေးသွားသည်ကို မြင်လိုက်ရသည်။
ကျွန်တော်လည်း သမင်ပေါက်ကြီးကို ပစ်ခတ်ရန် ရိုင်ဖယ်နှင့် ထိုးချိန်လိုက်ပါသည်။ သို့သော် ခလုပ်ကိုတော့ မဖြုတ်လိုက်ပါ။ အကြောင်းမှာ တောမောင်းနောက်ခြောက်သားများနှင့် တန်းနေသောကြောင့်ပင် ဖြစ်သည်။
မကြာပါ. . . ကျွန်တော်၏ လက်ဝဲဘက်မှ နှစ်လုံးပြူး သေနတ်နှစ်ချက် “ထောင်း … ထောင်း” ဟု ကြားလိုက်ရပါသည်။
မရှေးမနှောင်းမှာပင် ‘ဖန်း … ဖန်း … ဖန်း’ ဟူသော (.၂၂) ပွိုင့်တူးတူး သေနတ်သံသုံးချက်ကလည်း ဆက်တိုက် ပေါ်ထွက်လာပြန်သည်။
နောက်ခြောက်သမားများ အဖွဲ့ကလည်း နီးသထက်နီးလာပြီး တစ်ချို့လူများကိုပင် မြင်နေရပေပြီ။
“ဒိုင်း. . . ရွှီး”
ကျော်မိုး၏ ရိုင်ဖယ်သေနတ်သံက ပေါ်လာပြီး ကျည်လေတိုးသံကိုပါ ကြားလိုက်ကြသည်။ ဘာကောင်ပစ်သည်တော့မသိ။
နောက်မောင်းသမားများနှင့် ရှေ့စီးသမားများ သစ်ပင်ရိပ်တစ်ခုတွင် ဆုံမိကြသောအခါ စကားစုံ ကြားရပါတော့သည်။
“ခင်မောင်အေး ဘက်က ထွက်တဲ့အကောင်ကတော့ အပိုင်ပဲကွ”
“ဟို(. ၂၂)ဆရာကတော့ ဝါးတစ်ရိုက်လောက် တေ့ပစ်တာတောင် မမှန်ဘူးတဲ့”
“မမှန်တာလည်း မပြောနဲ့ကွ။ သူက သမင်တောင်မမြင်ဘူး ဘူးတဲ့။ သမင်ဂျိုကားကြီးနဲ့ သမင်မ သူ့ဆီပြေးလာတော့ ခတ်တော့မှာပဲဆိုပြီး ထွက်ပြေးလို့ နောက်လိုက် ‘ဝင်းဦး’ က ဆွဲထားပြီး ဇွတ်ပစ်ခိုင်းမှ ကြောက်ကြောက်လန့်လန့်နဲ့ (၃)ချက်ဆက်ပစ်လိုက် တာတဲ့။ ဘယ်မှန်မှာလဲကွာ…”
“ကိုကျော်မိုးကရော ခြောက်သားတွေနီးမှ ဘာပစ်တာလဲတဲ့”
“ထုံးစံအတိုင်းပေါ့ကွာ၊ သူက ကြောင်သားကြီးပစ်လိုက်တာလဲတဲ့. . . စောစောကပြေးလာတဲ့ သမင်တွေတုန်းကတော့ နောက်ဖေးပါနေလို့ မပစ်လိုက်နိုင်ဘူးတဲ့ကွ”
“ကောင်းပါ့ကွာ… ပစ်လိုက်တဲ့ကြောင်ရော ရသလား”
“ရတယ်ကွ။ သူက ယုန်တို့၊ ကြောင်တို့တော့ နိုင် တယ်ကွ”
ခင်မောင်အေးပစ်သော သမင်မနှင့် ကျော်မိုးပစ်သော ကြောင်သားကို သယ်လာကြသော လူများရောက်လာသဖြင့် နောက်တစ်စီးခြောက်ရန် စီစဉ်တိုင်ပင်လိုက်ကြပြန်သည်။
ဒုတိယ စည်းချသောအခါတွင်ကား ကျွန်တော်က လက်ဝဲဘက် လက်စွယ် အစွန်ဆုံးတွင် နေရာယူလိုက်ပြီး ကျွန်တော့်ညာဘက်တွင် မောင်ကျွဲ၊ လင်းရွှေ၊ လှရွှေ၊ ကိုကို၊ ကြီးလှ၊ ခင်မောင်အေးနှင့် ကျော်မိုးတို့ အသီးသီး နေရာယူထားကြသည်။
နေမှာ တန်ခူးလ မွန်းတည့်နေဖြစ်သဖြင့် လူတစ်ကိုယ်လုံး စပ်ဖြင်းဖြင်း ဖြစ်နေသည်။ အရိပ်မရှိသော ချုံပုတ်ကလေးများသာ ဖြစ်သဖြင့်လည်း တစ်ကိုယ်လုံးမှာ အခြောက်လှမ်းထားသလိုပင်။
သို့သော် ချွေးကတော့ တစ်ကိုယ်လုံး ရွှဲနစ်နေသည်။ ဦးထုပ်အရိပ်က မျက်နှာကို နေရောင်ဒဏ်မှ ထိုက် သင့်သလောက် အကာအကွယ်ပေးပေမယ့် နဖူးကချွေးများက တပေါက်ပေါက်ကျနေသဖြင့် မကြာခဏ စစ်အင်္ကျီလက်ဖြင့် သုတ်နေရသည်။
နေပူလွန်းအားကြီးသဖြင့်လည်း အာခေါင်ခြောက်၍ ရေက ငတ်လာသည်။ ပါလာသော ရေဘူးမှ တဝကြီးသောက်လိုက်မှ နေသာထိုင်သာ ဖြစ်သွားသည်။
နောက်ခြောက်သမားများ၏ အသံက လုံးဝ မကြားရသေး။ ဒီတစ်ခါ ဝက်နေသော ဖုံးဆိုးတောပါ ငုံပြီး ခြောက်ကြမည်ဖြစ်သဖြင့် အားလုံး မုဆိုးများက အားတက်သရော နေပူကျဲကျဲတွင် စိတ်ရှည်ရှည်နှင့် စောင့်နေကြခြင်းဖြစ်သည်။
တောဝက်ဆိုသည်ကလည်း ဂျီ၊ သမင်လို သာမည အကောင်မဟုတ်။ အပစ်မပိုင်က လူကို အန္တရာယ်ပြုနိုင်သည့် သတ္တဝါဖြစ်ရာ အားလုံးသော မုဆိုးများမှာ သေနတ်တွင် ယမ်းတောင့် အကောင်းဆုံး စိတ်အချရဆုံးများကို ရွေးပြီးတဲ့ခါ အပိုင်ပစ်ရန် စိတ်စော နေသည်။
“ရွှီ … ရွှီ”
လက်ခေါက်မှုတ်အချက်ပေးသံက စတင်ကြားလိုက်ရသည်။ နောက်. . . “ဟေး… ဟေး… ဟိုး… ဟိုး” အသံများက နောက်ဆက်တွဲ ပေါ်လာကြသည်။
ငါးမိနစ်လောက်ကြာသည်နှင့် လက်ျာဘက်အစွန်ဆုံး ကျော်မိုးဆီမှ စတင်၍ သေနတ်သံက ကြားလိုက်ရသည်။
“ဒိုင်း … ဒိုင်း … ဒိုင်း”
အော်တိုမစ်တစ် သေနတ်သံပမာ ဆက်တိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ လက်ျာဘက် အတော်လှမ်းလှမ်းမှ လွှားခနဲ … လွှားခနဲ ပြေးသွားကြသော သမင် (၂)ကောင်ကိုလည်း လှမ်းမြင်လိုက်ကြရသည်။
“လက်စွန်က ပစ်ပြီကွ။ ညီညီညာညာ အော်ကြဟေ့”
အလယ်က မောင်ဝင်းတို့ ကူးမောင်တို့ ဘာချောင်ခိုနေတာတုံး။ အော်ကြလေကွာ … ဒီမှာ ဝက်ခြေရာ ရော၊ သမင်ခြေရာပါ အသစ်တွေ ပွစိခတ်နေတာဘဲ”
နောက်ခြောက်ခေါင်းဆောင် ကျော်တင်က လှမ်းအော်သတိပေးလိုက်မှ အသံတွေမှာ “ဟေး… ဟား… ဟေး … ဟား” ဟု မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထွက်လာပါတော့သည်။
“ဂရူး … ဂူး … ဂူး”
“ဝက်ဟေ့… ဝက်ဟ … ဝက် … နည်းတဲ့အကောင်ကြီး မဟုတ်ဘူးကွ။ ဒီအိပ်ကျင်းထဲက ခုမှ ထပြေးသွားတာ”
ဝက်ဟူသော အသံကြားသည်နှင့် နောက်ခြောက်သမားများ၏ အသံက အားတက်သရော ပိုကျယ်ထွက်လာသလို ရှေ့စီးသေနတ်သမားများမှာလည်း မလွတ်တမ်းပစ်နိုင်ရန် အထူးဂရုစိုက် မျက်စေ့လျှင်လျက် ရှိနေကြတော့သည်။
“ထောင်း … ထောင်း”
“ဟေး … ဟေး … ဟေး … ပစ်ပြီကွ”
“ထောင်း … ထောင်း”
ဟော … ဆော်ပြန်ပြီ။
ခင်မောင်အေးနှင့် ကြီးလှတို့ဆီက နှစ်လုံးပြူးသေနတ်သံများမှာ ဆက်တိုက် ထွက်ပေါ်လာလေသည်။ ဝက်ကြီးမှာ အချိန်(၅ဝ)လောက်ရှိရာ ပထမဦးဆုံး ခင်မောင်အေးက (၂)ချက် ဆီးပစ်လိုက်သော်လည်း မလဲ။ ကြီးလှဆီ ဆက်ပြေးသွားသဖြင့် ကြီးလှက (၂)ချက် ဆီးပစ်လိုက်မှ လဲကျသွားသည်။
“အော်ကြဟေ့. . . အော်ကြ၊ နောက်မလှန်အောင် ညီညီညာညာ မောင်းထားကြ။ ဒါမှ ကျန်တဲ့အကောင်တွေ ဆက်ထွက်အောင်”
အသံများက ကျယ်သထက် ကျယ်၍ နီးသထက်နီးလာရာ ကျွန်တော်တို့မှာလည်း ပစ်ကွင်းထဲ ပေါ်လာမည့် သားကောင်များကို မျှော်လင့်တကြီး စောင့်ပြီး မျက်စေ့ကို လျှင်နိုင်သမျှ လျှင်နေရပါတော့သည်။
“ဖောင်း”
မအောင်မမြင် သေနတ်သံ ပေါ်ထွက်လာသော ကိုကို ဘက် ကြည့်လိုက်ရာ ဂျီတစ်ကောင်မှာ လင်းရွှေတို့ မောင်ကျွဲတို့ ရှေ့ဆီမှ ဖြတ်၍ ကျွန်တော့်ဘက်သို့ ဦးတည်ပြေးလာသည်ကို တွေ့လိုက်ရသည်။
ကျွန်တော့်ဆီ မရောက်သေးခင်မှာပင် လှရွှေ၊ လင်းရွှေနှင့် မောင်ကျွဲတို့က တပြိုင်တည်းလိုလိုပင် ပစ်လိုက်ကြပါသည်။
“ဖန်း … ဖန်း”
“ထောင်း … ထောင်း”
ပြေးလာသော ဂျီညိုကြီးမှာ ခွေကနဲ လဲကျသွားတာမြင်လိုက်ရသည်။ ကျွန်တော့်အတွက်တော့ ပစ်ဖို့ရန် မျှော်လင့်ချက်က မရှိတော့ဟု စိတ်အားလျော့လိုက်မှပင် မထင်မှတ်သော အဖြစ်အပျက်က ပေါ်လာပါသည်။
လင်းရွှေနှင့် မောင်ကျွဲတို့၏ ဂျီပစ်လိုက်သော သေနတ်သံကြောင့် သူတို့ဘက်ဦးတည် ပြေးလာသော မဲအိုးတန်း သမင်ပေါက်ကြီးမှာ သူတို့ဆီကို မထွက်တော့ဘဲ ကြောက်လန့် ခုန်သွားပြီး ကျွန်တော့်လက်ဝဲဘက်ရှိ အင်ပင်ပေါက်တောဆီသို့ တချိုးတည်း ပြေးပါတော့သည်။
အတွေ့အကြုံရှိပြီးဖြစ်သော ကျွန်တော့်အဖို့ လျှပ်တပျက် မြင်လိုက်ရသော်လည်း အံ့အားသင့်နေခြင်း မရှိပဲ ချက်ခြင်းပင် ပစ်ခတ်ရန် အဆင်သင့်ဖြစ်သွား ပါတော့သည်။
သမင်ပေါက်များ၏ အကျင့်မှာ ပြေးရာတွင် ခုန်ပျံကျော်လွှား၍သာ ပြေးမြဲဖြစ်ရာ ကျွန်တော်အဖို့ မြင်ကွင်းနှင့် ပစ်ကွင်း ပိုကောင်းမွန်စေပါတော့ သည်။
လူတစ်ရပ်ခန့် လေထဲတွင် ခုန်ပျံပြေးလွှားလိုက်စဉ် ကျွန်တော်က ‘လိုက်ချိန် . . . ကြိုပစ်’ နည်းအတိုင်း ပစ်လိုက်ရာ ‘ဒိုင်း’ ဟူသော ကျည်ဆံပေါက်ကွဲသံနှင့် အတူ မဲအိုးတန်း သမင်ပေါက်ကြီးမှာ လေထဲမှာ ဂျွမ်းပစ်ကျသွားပါတော့သည်။
(၁၈ဝ)ဂရိမ်၊ (.၃ဝ- ၆ဝ) ကျည်ဖူးက လက်ပြင်နောက်မှ ဝင်၍ လည်တိုင်ရင်းဆီသို့ တာဝန်ကျေစွာ ဖောက်ထွင်းသွားရာ မလှုပ်တန်း ဇီဝိန်ချုပ်သွားစေတော့သည်။
တောမောင်းရာက အပြန် ရွာရောက်၍ ကားပေါ်က ဆင်းလိုက်သည်နှင့် ကျော်မိုးအသံက အော်ကြီး ဟစ်ကျယ် ပေါ်ပေါက်လာပါတော့သည်။
“ဟေ့. . . ဝက်တစ်၊ သမင်နှစ်၊ ဂျီ၊ ကြောင် ယုန် အဆစ်ကွ”
ကျော်မိုးအသံကြောင့် တစ်ရွာလုံး အုံလာကြပါတော့ သည်။
မေးကြ၊ မြန်းကြ၊ အော်ကြ၊ ဟစ်ကြနှင့် လူကြီးသံ၊ ကလေးသံ ကြွက်ကြွက်ကို ညံသွားပါတော့သည်။
အထူးသဖြင့် မုဆိုးလက်သစ် လှရွှေ၏ တရုတ်သံ ခပ်ဝဲဝဲဖြင့် သမင်ဂျိုကားကြီး သူ့ဆီပြေးလာပုံ၊ သူ့ကိုခတ်မှာစိုး၍ ပြေးမည်လုပ်ပုံ၊ ဝင်းဦးဆွဲထားပြီး ပစ်ခိုင်းမှ ကြောက်ကြောက်နှင့် စွတ်ပစ်လိုက်ရပုံတွေ ပြန်ပြောင်းပြောပြနေသည်ကို နားထောင်ရသည် ကပင် ပို၍ တဝါးဝါး ပွဲကြစေပါတော့သည်။
“ကဲ . . . မာမူကာစင်အတွက်တော့ ဝက်အကောင်လိုက် ပါလာပြီ။ အစိမ်းစားဖို့သာ ပြင်ပေတော့”
ကိုကိုက စကားစပေးလိုက်ခြင်း ဖြစ်သည်။
“ရတယ်… ရတယ်။ ကျော်မိုး ပစ်ခဲ့တာဆိုရင်တော့ ကတိအတိုင်း စားရမှာပေါ့။ ကိုင်း ဘယ်သူတွေ ဘယ်လိုပစ်လို့ ဘာကောင်တွေ ရတယ်ဆိုတာလေး အရင်ပြောကြစပ်ပါအုံး။ အရသာခံ နားထောင်ရအောင်”
မာမူကာစင်က တောမောင်းပစ်ရာတွင် သူမပါသဖြင့် သိချင် ကြားချင်ဇောနဲ့ မေးလိုက်ပါသည်။
“ပထမ တစ်တောမှာ ခင်မောင်အေးက သမင်မ တစ်ကောင်ရပြီး ကျော်မိုးက ကြောင်ဘားကြီး တစ်ကောင်ရတယ်။ ကိုလှရွှေကတော့ သူပြန်ပြောတဲ့အတိုင်း သမင်ပေါက်ကြီးတစ်ကောင်နဲ့ အမတစ် ကောင်ကို (၃)ချက်ဆက်တိုက် ပစ်လိုက်ရတယ်။ ဒါပေမယ့် မထိလိုက်ဘူး။
ဒုတိယ တောခြောက်တော့ စမောင်းမောင်းခြင်း လက်ျာဘက် လက်စွယ်စောင့်တဲ့ ကျော်မိုးက သမင်ပေါက်တစ်ကောင်နဲ့ အမတစ်ကောင်ကို (၃)ချက်ဆင့် ပစ်လိုက်ပေမယ့် မရလိုက်ဘူး”
“ဒါဖြင့် ဒီ သမင်၊ ဝက်နဲ့ ဂျီတွေကရော ဘယ်သူတွေပစ်လို့ ရခဲ့တာလဲ”
ဦးတင်မောင်ကြီးက ကြားဖြတ်မေးလိုက်ပြန်သည်။
“ဝက်ကတော့ ခင်မောင်အေးနဲ့ ကြီးလှတို့ လက်ချက်ပေါ့။ ဒီသမင်ဂျိုကားကြီးကတော့ ဆရာ မင်းလေ၊ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လိုက်တာဗျ။ ဟောဒီ ဂျီကတော့ မောင်ကျွဲ၊ ကိုလင်းရွှေနဲ့ ကိုလှရွှေတို့ ညွန့်ပေါင်းအဖွဲ့ပေါ့။ ဘယ်သူပစ်လို့ မှန်တယ်တော့ မပြောတတ်ဘူး။ မတရားသဖြင့် (၃)ယောက် ဝိုင်းပစ်ကြတာလေ”
“ကိုကို ကတော့ ဘာမှ မပစ်ရဘူးလား။ ဟ သူများတွေ ဒီလောက်ပစ်နေရတာ”
“ပစ်ရပါတယ်ဗျာ။ ဟောဟို ယုန်က ကျုပ်လက်ချက်ပေါ့… ဟဲ … ဟဲ … ဟဲ။ ဒါတောင် ကံကောင်းလို့ဗျို့။ ယမ်းတောင့်က မအောင်မမြင်မို့ မသေဘဲ ထပြေးတာ။ မနဲ ခြေထောက်နဲ့ လိုက်ကန်ယူရတယ်”
“ဟင်. . . ဒါဖြင့် ကျော်မိုးပစ်တဲ့ အကောင်က ဘယ်မှာလဲ။ ငါက ဒီတစ်ခါတော့ တကယ် အစိမ်း စားရပြီလို့ ထင်နေတာ။ အခုတော့ ကိုတင်မောင်ကြီး ပြောတဲ့အတိုင်း “ကြောင်”လောက် ပစ်တတ်တာပါ ဆိုတာ လက်တွေ့သိလိုက်ရပြီပေါ့ကွာ။
ငါက ရောက်ရောက်ခြင်း ‘ဝက်တစ်၊ သမင်နှစ်၊ ဂျီ၊ ကြောင် ယုန်အဆစ်လို့ ကျော်မိုး အော်လာတော့ သူပစ်လို့ရလာပြီလားလို့ သေချာပေါက်တွက်နေတာ။ အခု တော့ဘယ်မှာလဲ၊ သူပစ်လို့ရလာတဲ့ ဝက်တို့၊ သမင်တို့က။ ရလာတော့ ကြောင်သားတဲ့။ ဟား … ဟား … ဟား … ဟား။
ဒါတောင် ရမ်းတုတ်၊ မှန်းတုတ် ပစ်တာ သေနေ့စေ့တဲ့အကောင်ဆိုတော့ ကျည်ဆံကို ဝင်တိုးမိတာ နေမှာပါ။
ကဲ. . . . ကဲ ဘယ်နှယ့်လဲ မောင်ကျော်မိုး။ မင်းကတိအတိုင်း မန္တလေးပြန်ရောက်ရင်တော့ တင်လှရဲ့ မော်ရိုကို စားသောက်ဆိုင်ပဲနော်။
အဖွဲ့သားတွေ သဘောတူကြတယ်မို့လား”
“တူတယ်… တူတယ်… တူပါတယ်”
မုဆိုးအဖွဲ့သားအားလုံးက တပြိုင်တည်း ထောက်ခံလိုက်ကြသည်။
ကျော်မိုးတစ်ယောက်သာ ဘီယာသံဘူးကို ဖေါက်မော့ရင်း ပြောသမျှစကားတွေကို မကြားသလို၊ မသိသလို၊ သူ့ပြောနေတာ မဟုတ်သလို ပုံစံနှင့် ပြုံးဖြီးဖြီးကြီး လုပ်နေပါတော့သတည်း။
– ပြီး –
စာရေးသူ – မန္တလာသား
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized