July 30, 2025
Uncategorized

ဝက်ထိုးသူများ

ကိုပိုက်
ဝက်ထိုးသူများ

လူကောင်တွေက ထွားထွားကြိုင်းကြိုင်းရှိသလောက် သူတို့လက်တွင် ကိုင်ထားကြသည့် လှံတံရှည်များသည် သူတို့အရပ်ထက် ပိုမြင့်နေကြ၏။ လှံရိုးရှည်ရှည် ဖြစ်သည်။ တတောင်ခန့်ရှိသည့် လှံသွားများသည် ချွန်မြိနေကြ၏။

သူတို့သည် အမြဲ အမဲလိုက်နေသော ဝက်မုဆိုးများ ဖြစ်ကြသည်။ စုစုပေါင်း ခြောက်ဦးခန့် ရှိကြ၏။ ဝက်ထိုးသူများဟူ၍လည်း ခေါ်၍ရသည်။ တော်သင့်ရုံ သတ္တိမျိုးဖြင့် သူတို့အဖွဲ့ဝင် မဖြစ်နိုင်။

သူတို့အဖွဲ့ ဦးဆောင်သူမှာ “အောင်စိန်တင်” ဖြစ်သည်။

တောဝက်ကို သေနတ်ဖြင့်မပစ်၊ ထောင်၍မဖမ်း၊ သူတို့ကိုင်နေကျ လက်နက်ဖြစ်သည့် လှံတံရှည်ဖြင့် ထိုးသတ်ဖမ်းခြင်းသာ ဖြစ်၏။ ဤလိုနည်းဖြင့် တောဝက်ဖမ်းခဲ့ကြသည်မှာ အောင်စိန်တင် ၏ သက်တမ်းတဝက်မျှပင် ရှိခဲ့ချေပြီဖြစ်သည်။

သည်တစ်ခေါက် လင်းမြင့်လှိုင်နှင့် ကျွန်တော်သည် မကွေးတိုင်းအတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း အမဲပစ်ရောက်ခဲကြသည်မှ အစပြု၍ အောင်တံခွန်ရွာသူကြီး ဦးဓါတ်ပိုင် ၏ တွေ့ဆုံပေးမှုကြောင့် ဝက် ထိါ်အဖွဲ့ခေါင်းဆောင် အောင်စိန်တင်နှင့် ရင်းနှီးခဲ့ရပြီး သူတို့နှင့်အတူ အမဲပစ်ထွက်ခဲ့ကြခြင်း ဖြစ်၏။

တကယ်တော့ ကျွန်တော်တို့သည် ခေတ်မီလက်နက်ဖြင့် တောဝက်ကို စွန့်စွန့်စားစား ပစ်ခဲ့ရသည် ဖြစ်၍ အောင်စိန်တင်တို့လို ရှေးရိုးလက်နက်ဖြစ် သည့် လှံသွားရှည်ဖြင့် တောဝက်ဖမ်းခြင်းကို စိတ်ဝင်စားမိချေ၏။ သူတို့ မည်သို့ စွန့်စွန့်စားစား တောဝက်ထိုးခဲ့ကြသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုသည်ကြောင့် အောင်စိန်တင်တို့အဖွဲ့နှင့်အတူ အမဲလိုက်ထွက်ခဲ့ခြင်းပင်။

အောင်စိန်တင်တို့သည် တောကျွမ်းကြ၏။ ခြေရာကောက်အတတ်ပညာသည် ကျွန်တော်တို့ထက် များစွာသာလွန်၏။ ကျွန်တော်တို့သည်ကား ခြေရာလတ်လတ်ဆတ်ဆတ်များကိုသာ ကြည့်၍ မှန်းတတ် ကြငြား အောင်စိန်တင်တို့သည် ခြေရာဟောင်းများကိုကြည့်၍ ဤတောကောင် ဘာကောင်၊ သွားလာနေကျ ဟုတ် မဟုတ်၊ မည်သည့်နေရာလောက်တွင် ရှိလောက်သည်ကို ပြောနိုင်ကြသည်။

သို့ပြင် ပို၍ ထူးခြားချီးမွှမ်းဖွယ်ကောင်းသည်မှာ သားကောင်တို့၏ခြေရာကိုကြည့်ပြီး အထီး၊ အမ၊ ဇီးရှိသည့်သားကောင် အစရှိသည်ဖြင့် ခွဲခြားနိုင်ကြသေးတော့၏။ သူတို့နှင့် တွေ့ပြီးလေမှ ကျွန်တော်တို့ တတ်သိနားလည်ထားသော မုဆိုးအတတ်ပညာသည် လွန်စွာမျှ နုနယ်သေးကြောင်း သိရသဖြင့် ရှက်မိပြန်သေးတော့၏။

အောင်စိန်တင်တို့အဖွဲ့သည် ကြမ်းတမ်းခတ်ထန်ကြဟန် ပေါ်နေငြား အသက်အရွယ်အားဖြင့် သုံးဆယ်ပင် မရှိတတ်ကြသေး။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူတို့နှင့်အတူ မကွေး သစ်တောကြိုးဝိုင်းအတွင်း မျက်စိသူငယ် နားသူငယ်ဖြင့် လိုက်ပါခဲ့ကြသည်။

ဤတော ဤတောင်သည် ကျွန်တော်တို့နှင့် လွန်စွာမျှ စိမ်းလှသည်။ ဤအခေါက်သည် ပထမဦးအခေါက် ဖြစ်သည်။

သို့ငြား. . . တောဝက်ထိုး အဖွဲ့ခေါင်းဆောင် အောင်စိန်တင်သည် ခုမှတွေ့ကြငြား စိမ်းစိမ်းမနေ။ ငယ်ပေါင်းကြီးဖော်အလား ဖော်ရွေလှပေ၏။

သို့ဖြစ်ခြင်းကြောင့် ကျွန်တောင်နှင့် လင်းမြင့်လှိုင်သည် အားတက်ခဲ့ကြရသည်။

သူကြီး ဦးဓါတ်ပိုင်တို့၏ ကျေးရွာ အောင်တံခွန် မှ နံနက်စောစော ထွက်ခဲ့ကြသည်။ ယခု နေမွန်းတည့်လုပြီဖြစ်ငြား မည်သည့်သားကောင်မျှ ပစ်ခွင့်မကြုံသေးချေ။

အောင်စိန်တင်တို့အဖွဲ့ကား အခြားသော သားကောင်များထက် တောဝက်ကိုသာလျှင် အစွဲရှိကြ၏။ တောဝက် တစ်ကောင်တစ်မြီး ခြေရာလေးမျှ မတွေ့သေးချေ။

သို့ဖြစ်၍ . . .

“ဆရာလေးတို့ … ကျုပ်တို့ တောင်ကြောပေါ်ကချည်း မသွားတော့ဘူးဗျာ။ လျှိုတွေ မြောင်တွေထဲကနေ ဖြတ်သွားမယ်။ ဒါမှ သားကောင်ခြေရာ တွေ့မပေါ့ဗျ”

ကျွန်တော်တို့ သေနတ်ကိုင်မုဆိုးတို့၏ မူအတိုင်း တောင်ကြောပေါ်မှ သားကောင်ချောင်းမြောင်းသွားနေသည်ကို သူတို့မကြိုက်။

“ကောင်းပြီလေ. . . ခင်ဗျားတို့သွားချင်တဲ့ လမ်းကြောင်းက သွားကြပါဗျာ။ ကျုပ်တို့ကတော့ အကျင့်ဖြစ်နေလို့ပါ”

သို့ဆိုလိုက်တော့ အောင်စိန်တင်သည် သူ၏ နောက်လိုက်များအား အချက်ပြလိုက်သည်နှင့် အားလုံးတောင်ကြောမှ အပြေးကလေးဆင်းကာ လျှိုမြောင်လေးများရှိရာသို့ ဆင်းသွားကြတော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း သူတို့နောက်မှ လိုက်ဆင်းကြသည်။

လျှိုလမ်း မြောင်လမ်းများတွင် သိပ်ကြာကြာ မလျှောက်လိုက်ကြရ။

“ဗျို့ ဆရာ… သည်ဘက်မှာ ဝက်ခြေရာတွေ့ပဟ”

ရှေ့မှ ဦးဆောင်သွားနေသည့် ဝက်ထိုးသမားတစ်ဦးက မြောင်ကြပ် ရေစပ်စပ်ရှိ အိုင်နဘေးမှ ခြေရာတို့ကို ငုံ့ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

အောင်စိန်တင်တစ်ယောက် ထိုအနား လှစ်ခနဲ ရောက်လာကာ ထိုဝက်ခြေရာတို့အား အသေအချာ စူးစမ်းကြည့်နေရင်းမှ –

“အမကောင်နဲ့ ကလေးတွေခြေရာဗျ။ ထားလိုက်ပါဗျာ။ ဆက်ရှာကြသေးတာပေါ့”

အောင်စိန်တင်အား ကြည့်၍ ကျွန်တော်နှင့် လင်းမြင့်လှိုင် အံ့ဩနေကြသည်။ ဘယ့်အတွက် ခြေရာကြည့်ရုံဖြင့် အထီးအမ သိရသနည်း။ သို့ဖြစ်၍ …

“နေပါဦး အောင်စိန်တင်ရဲ့ ခြေရာကြည့်ပြီး အထီးအမ ဘယ်လိုခွဲတုန်းဗျ”

ဟု မေးလိုက်တော့

“လွယ်ပါကော ဆရာလေးရယ်။ လာ… သည်မယ်ကြည့်။ ကျုပ်ပြောပြမယ်”

ဆိုသဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူ့အနား ရောက်သွားကြသည်။ ပြီး သူကြည့်ပြောနေသည့် ဝက်ခြေရာတို့ကို ကြည့်၍ သူ့ပြောစကားကို နားထောင်နေလိုက်ကြသည်။

“သည်ခြေရာတွေကိုကြည့် … ငြိမ်နေတဲ့ ခြေရာခေါ်တယ်။ ရှင်းရှင်းလင်းလင်း ထင်ကျန်နေတာကိုး။ ဒါကြောင့် အမနဲ့ ကလေးတွေရဲ့ ခြေရာလို့ ပြောရတယ်။

အကယ်၍ သည်အုပ်စုမှာ အထီးကောင်ပါရင် ခြေရာ တွေ ရှုတ်ရှက်ခတ်နေမှာဗျ။ ဘာလို့လဲဆိုတော့ အထီးကောင်တွေပါရင် အမကောင်တွေကို အမြဲ မိတ်လိုက်ဖို့ရာ မြူစွယ်နေရတဲ့အတွက် ယောက် ယက်ခတ်နေမှာပေါ့။ ခုတော့ ခြေရာထင်ထင်ရှားရှားတွေသာ ရှိသမို့ သည်အုပ်စုမှာ အထီးကောင်မပါဘူးလို့ မုချအတတ် ပြောနိုင်တယ်ဗျ”

သူ့အပြောကြောင့် ရှင်းသွားရသည်။ တယ်လည်း လေ့လာမှု အား ကောင်းပါပေ့။ ကျွန်တော်တို့အတွက် မှတ်သားစရာပါကလေးရယ်လို့ စိတ်မှာ တေးမှတ်လိုက်မိသည်။

သည့်နောက် ထိုနေရာမှ ဖယ်ခွာခဲ့ကြပြန်သည်။ ရှေ့ကိုက် ငါးရာလောက် ရောက်ခဲ့ကြပြီးသည့်နောက် ဆားကျင်းဟုထင်ရသည့် ဗွက်အိုင်လေးတစ်ခုအနားတွင် လွန်စွာမျှကြီးမားသော ဝက်ခြေရာတစ်စုံကို တွေ့လိုက်ကြသည်။

“ဒါ. . . ဝက်တောင်းကြီးခြေရာပဲ။ သင်းကွဲကောင်ကြီး။ လွန်ခဲ့တဲ့ မိနစ်အစိတ်လောက်ကမှ သည်နေရာက ထွက်သွားတာ။ မှန်း. . . ဘယ်ဘက်သွားပါလိမ့်”

အောင်စိန်တင်က ဗွက်အိုင်တစ်ဝိုက် ခြေရာကောက်နေလေ၏။ အတန်ကြာတွင် –

“ဟာ… ဟုတ်ပြီ။ သည်ကောင် ရှေ့မြောင်ထဲကို သွားတာပဲ။ ကျုပ်တို့ သည်ကောင်ကြီးကို သိတ်လိုက်ရှာစရာ မလိုတော့ဘူးဗျ”

ပြောပြောဆိုဆို အောင်စိန်တင်သည် ဝက်ခြေရာ လားရာအတိုင်း ခြေရာခံလိုက်သွားသဖြင့် ကျွန်တော်တို့နှင့် သူ့လူများ သူ့နောက် လိုက်ခဲ့ကြရပြန်သည်။

မြောင်အတိုင်း လျှောက်ခဲ့ပြီး ကိုက်ငါးဆယ်ခန့်လောက်တွင် အောင်စိန်တင်က သူ့လူများအား ဘယ်သူက ဘယ်လိုသွား၊ ဘယ်သူက ဘယ်ဘက်သွား၊ ဘယ်သူက ဘယ်နေရာကနေ စသဖြင့် စီစဉ် ညွှန်ကြားပြီးနောက် …

“ဆရာလေးတို့နှစ်ယောက်က သည်နားမှာပဲနေပါ။ ကျွန်တော်တို့ဆီက တောခြောက်သံကြားမှ မိုးပေါ်ထောင်ပြီး သေနတ်ဖောက်ပေးပါ”

ကျွန်တော်တို့နှစ်ယောက်ကိုပါ ပြောလာ၏။

အင်း.. သူ့ဟာနဲ့ သူတော့ ဟုတ်လို့ပေါ့။ သားကောင်က ဘယ်ဆီနေမှန်း မသိသေး။

ထိုသည်ကား ကျွန်တော့်အမြင် အတွေးသာဖြစ်၏။ တကယ်တန်းမူ အောင်စိန်တင်သည် ခြေရာနှင့် ပတ်ဝန်းကျင် အနေအထားကြည့်ပြီး ဝက်တောင်းကြီး ဘယ်နေရာတွင် ရှိနေသည်ကို သိနေခြင်းပင်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်သာ ကျန်ခဲ့၏။ သူတို့တွေ အလျှိုလျှို ထွက်သွားကြသည်။ တောင်ကြောပေါ်တက်သူ၊ မြောင်အတွင်း ဝင်လိုက်သွားသူ၊ တောင်ကြောကို ပမ်းသွားသူ၊ သူ့လုပ်ငန်း သူလုပ်ဆောင်ကြရန် ထွက်သွားကြသည်။

မိနှစ် ၂ဝ ခန့်အကြာတွင် တောင်ကြောပေါ်မှစ၍ “ဝူး’” ရယ်လို့ အူသံရှည်ကြီး ကြားလိုက်ရပြီးနောက် တောင်ကြောနဘေး မြောင်ကြားတို့မှ “တဝူးဝူး” “တဝေးဝေး” ရယ်လို့ ဆူညံသော တောခြောက်သံများ ကြားရသဖြင့် ကျွန်တော်သည်လည်း အောင်စိန်တင် မှာကြားခဲ့သည့်အတိုင်း မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်လိုက်သည် –

“ဒိန်း”

“ဒိန်း”

“ဒိန်း”

သုံးချက်တိတိ ပစ်ဖောက်အပြီးတွင် မြောင်အတွင်းမှ သတ္တဝါတစ်ကောင် တရူးထိုးပြေးထွက်လာသံ ကြားရ၏။ ထိုအသံနှင့်အတူ တောင်ကြောပေါ်မှ လူများအော်ဟစ်ခြောက်လှန့် ပြေးလိုက်လာသံများ၊ ပြီးနောက် ကျွန်တော်တို့ရှေ့မှ လူနှစ်ယောက် ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ ရောက်လာကြပြီး မြောင်ဝမှနေ၍ “ဝူး.. ဝူး.. ဝါး.. ဝါး.. ” အော်ဟစ်နေကြ၏ ။

မြောင်အတွင်းမှ ပြေးထွက်လာသော သတ္တဝါကောင်ကို ခြောက်ထုတ်နေခြင်းဖြစ်၏။ သည်တော့ မြောင်တွင်းမှ ကမူးရှူးထိုး ပြေးလာသော သတ္တဝါကောင်သည် မြောင်၏ လက်တက်လေးဖြစ်သည့် မြောင် ကြပ်လေးအတွင်းသို့ ဝင်ပြေးလေတော့၏။

သူ့အတွက် ထွက်ပေါက်ကား ထိုမြောင်ကြပ်ပင် ရှိတော့သည် မဟုတ်ပါလား။ ထိုသည်ကား သူ၏မှားယွင်းမှုကြီး ဖြစ်တော့၏။ တကယ်တော့ လူသားတို့သည် ဤယုန်မြင်၍ ဤချုံထွင်လိုက်ကြခြင်း ဖြစ်သည်။

သူတို့သည် ထိုသတ္တဝါကောင်ကို ထိုမြောင်ကြပ်တွင်း ခြောက်လှန့် ထုတ်နေခြင်း ဖြစ်သည်။

ထိုမြောင်ကြပ်အတွင်း ဝင်ရောက်သွားသော သတ္တဝါကောင်သည် ပြေးလမ်းပိတ်ခဲ့ရချေပြီ။ ပြန်လှည့်၍ လည်းမဖြစ်၊ ရှေ့တိုး၍ လည်းမရ။

ကမ္ဘားရံ၏ အပေါ်တွင် ကြိုရောက်နေသော လူတစ်ယောက်က သူ၏ရှည်လျားသော လှံတံရှည်ဖြင့် ဝက်တောင်းကြီး၏ လက်ပြင်ကို စီးထိုးလိုက်၏။

“ကွီး. . . ကွီး. . . ကွီး”

လက်ပြင်သို့ စူးနစ်ဝင်ရောက်လာသည့် လှံသွားရှည် ဒဏ်ကြောင့် နာကျင်စွာအော်ဟစ်ရင်း ဝက်တောင်းကြီးသည် နောက်လှည့်ပြေးရန် ကြိုးစားနေခိုက် မြောင်ကြပ်နံရံတစ်နေရာတွင် ကြိုနှင့်ရောက်နေသည့် အခြားသူတစ်ဦးထံမှ လှံသွားရှည်တစ်ချောင်းက အရှိန်ပြင်းစွာဖြင့် ဝက်တောင်းကြီး၏ ဝမ်းဗိုက်သို့ ထိုးဖောက်ဝင်ရောက်လာပြန်သည်။

“ကွီး… ကွီး”

လှံရိုးပင် ကျိုးမတတ် ရုန်းကန်နေ၏။

ထိုစဉ် နောက်ထပ် လှံသွားတစ်ခုက သူ၏ လက်ပြင်သို့ စူးနစ်ဝင်ရောက်လာပြန်၏။

နာကျင်လွန်း၍ ရုန်းကန်လေ ပို၍ ပို၍ နာကျင်လေ၊ အင်အားတွေကုန်ခမ်းလေ ဖြစ်လာ၏။

လှုပ်ရှားရုန်းကန်နေတိုင်း ထပ်ခါထပ်ခါ လှံသွားတို့ သူ၏ ခန္ဓာကိုယ်အနှံ့ ကျရောက်လာကြ၏။

ကြာလာတော့ကာ ဝက်တောင်းကြီးသည် ရုန်းကန်လေ စူးနစ်လေဖြစ်သည်ကြောင့် ငြိမ်၍ မှိန်းနေ၏။ ထိုအခါ သူ့နံကြား စူးဝင်နေသည့် လှံသွားတစ်ခုသည် လှည့်ပတ်မွှေနှောက်လာပြန်သည်ကြောင့် နာကျည်းစွာဖြင့် အစွမ်းကုန် ရုန်းထမိပြန်၏။

ထိုအခါ ထပ်မံ၍ လှံသွားများ သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်စူးနစ်လာကြပြန်၏။

ကြာတော့ သည်ဒဏ်ရာဒဏ်ချက်များကြောင့် ဝက်တောင်းကြီး လုံးဝ ငြိမ်သက်သွားတော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူတို့ ဝက်ထိုးပုံကိုကြည့်ပြီး ကြက်သည်းမွေးညင်း ထမိ၏။ သူတို့လိုသတ္တိမျိုး ကျွန်တော်တို့တွင် မရှိသည်မှာ အမှန်ဖြစ်သည်။

ခေတ်မီလက်နက်ဖြင့် ဝက်ကို ပစ်သည့်အခါ တွင်တောင်မှ ကျွန်တော်တို့သည် လိုရမယ်ရ အကာအကွယ်တစ်ခုယူထားပြီးလေမှ ပစ်ခတ်ရဲခြင်းဖြစ်သည်။ သူတို့ကား အကာအကွယ်မဲ့ ရဲရဲဝံ့ဝံ့ ထိုးသတ်တိုက်ခိုက်ရဲကြခြင်း ဖြစ်သည်။

သူတို့သည် ဝက်သေကောင်ကြီးကို ဝါးလုံးသပ်လျှို ထမ်းလာခဲ့ကြရင်း အောင်ပွဲခံတေးသံတို့ သံပြိုင်ဆိုနေကြတော့၏။

ထိုညတွင် ကျွန်တော်တို့သည် ထိုဝက်သေမြောင်နှင့် အလှမ်းတော်တော်ဝေးသည့် တောင်ကြောပြန့်တစ်ခုတွင် ညအိပ်စခန်းချရန် စီစဉ်လိုက်ကြသည်။

နေသားတကျ စခန်းချပြီးသည်နှင့် အောင်စိန်တင်သည် ဝက်တောင်းကြီးကို အသားဖျက်နေတော့၏။

မည်မျှပင် မကြာလိုက်ချေ။ ဝက်ပေါင်နှစ်ချောင်းမှလွဲ၍ ဝက်နှင့်တူသည့် အပိုင်းအစသည် တစ်ခုမှ မရှိ တော့ချေ။ အားလုံး ဖျက်ပြီး အသားများကို အရေးပေါ် လက်ယက်ခြင်းများအတွင်း စနစ်တကျ သိုသိပ်ထည့်ထားပြီးဖြစ်၏။

ပေါင်နှစ်ချောင်းကိုမူ ညဦးပိုင်းတွင် မီးကင်စားရန် ဖြစ်သည်။

ထိုည ဝက်ပေါင်မီးကင်နှင့် သူတို့ယူလာသော ခေါင်ရည်သည် လွန်စွာမျှ လိုက်ဖက်နေတော့၏။

သူတို့တတွေသည် တပျော်တပါး ကခုန်နေကြလေတော့၏။ ခေါင်ရည်ကလည်း မူးမူး၊ ဝက်သားကလည်း အီလည်လည်၊ မီးပုံနဘေး လွတ်လပ်စွာ ကခုန်နေကြခြင်းသည် အာဖရိကတောတွင်းမှ လူရိုင်းတွေအလား ဖြစ်နေသည်။

သို့ပြင် နေ့လည်ခင်းက ဝက်ထိုးသည့် လှံရှည်များ တကားကားဖြင့် အသည်းယားစရာပင် ကောင်းလှ သည်။

“ဝူး… ဝါး”

“ဝူး… ဝါး”

“ဝူး… ဝါး”

“ဝူး… ဝါး”

သူတို့ကိုကြည့်ရသည်မှာ ပျော်စရာလည်းကောင်း၊ ရင်ထိတ်ဖွယ်လည်း ကောင်းလှပေ၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်ကား ထုံစံအတိုင်း ဝက်ကင်စားရင်း ခေါင်ရည်သောက်ရင်း စကားစမြည်ပြောရင်း ကခုန်နေသည်ကိုကြည့်ရင်းမှ ငိုက်မြည်းလာသည်ဖြစ်၍။

စခန်းတဲပေါ်တွင် ခြေဆန့်လက်ဆန့် နေသာသလို တက်နေလိုက်ကြသည်။

ဆူဆူညံညံအသံများကြောင့် အိပ်၍မပျော်။ သို့ဖြစ်၍ ဟိုသည် တွေးနေမိ၏။ ထိုစဉ် မီးပုံနဘေး ကခုန်နေကြသည့် လူတစုထံမှ ထိတ်လန့်တကြားအော်ဟစ်သံများနှင့် ဝရုန်းသုန်းကား ပြေးလွှားနေသံများ ကြားရသဖြင့် ခေါင်းထောင်ကြည့်လိုက်သည်။

“ဟင်”

ဘယ်ကဘယ်လို လမ်းမှားရောက်လာသည်မသိ တောဆင်ရိုင်းကြီးတစ်ကောင်သည် ထိုလူစုအတွင်း ကဆုန်ဆိုင်းပြေးဝင်လာခြင်းကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ကျွန်တော်သည်လည်း နဘေးမှ အိပ်မော ကျနေသည့် လင်းမြင့်လှိုင်ကို ပုတ်နှိုးလိုက်ပြီး လက်ဆွဲတော် ပွိုင့်(၃၇၅) မဂ္ဂနမ်ရိုင်ဖယ်ကို ကောက်ကိုင်၍ မောင်းတင်လိုက်သည်။

လင်းမြင့်လှိုင်သည်လည်း အအိပ်ဆတ်ခြင်း၊ မုဆိုးကောင်းပီသခြင်း ကြင်အင်လက္ခဏာနှင့်အညီ သူ၏ ဝင်ချက်စတာရိုင်ဖယ်သေနတ် မောင်းတင်ပြီး ဖြစ်နေ၏။

“လာဗျာ”

ကမန်းကတန်း တဲပေါ်မှ ဆင်းလိုက်ကြပြီး အကာအကွယ်ကောင်းကောင်း သစ်ပင်ကြီးတစ်ပင် နောက်ကွယ်သို့ ပြေးကပ်လိုက်ပြီး ထိုတောဆင်ရိုင်းကြီးရှိရာသို့ သေနတ်ပြောင်းကို ထိုးချိန်လိုက်ကြသည်။

ပစ်ခွင့်ကား မသာ။ ဘယ့်အတွက်မူ ဝက်ထိုးသမားတစ်သိုက်သည် ခေါင်ရည်မူးမူးဖြင့် ရှောင်တိမ်းပြေးရင်းကြားမှ ထိုတောဆင်ကြီးအား သူတို့၏ လှံရိုးရှည်ဖြင့် လှမ်းထိုးနေကြတော့၏။

ခက်ရချည်ရဲ့။ သူတို့၏ တန်ပြန်တိုက်ခိုက်မှုအားသည် ဆင်ကြီးအား မည်သို့ အနိုင်တိုက်နိုင်ပါလိမ့်မည်နည်း။ သို့ငြား သူတို့ကိုတော့ဖြင့် ချီးကျူးမိပေ၏။

အချို့ ဆင်ကြီး၏ နှာမောင်းရိုက်ချက်ဖြင့် လွင့်စင်သွားသည်ကိုလဲ စိတ်မကောင်းစွာ တွေ့ရ၏။

ကျွန်တော်တို့ကြည့်နေရင်း ချက်ကောင်းစောင့်နေရင်းကြားမှပင် အောင်စိန်တင်တစ်ယောက် ဆင်ရိုင်းကြီးရှေ့ ရောက်လာ၏။ ပြီး သူ၏ လှံရိုးရှည်ကြီးဖြင့် ဆင်ကြီး၏လက်ပြင်သို့ လှမ်းထိုးနေသည်ကို တွေ့ရ၏။

အချို့က ဆင်ကြီး၏နံဘေး၊ အချို့က ဆင်ကြီး၏ လည်မျို၊ အချို့က ဆင်ကြီး၏ ဝမ်းဗိုက်။

မည်သို့ပင်ဆိုစေ တောဆင်ရိုင်းကြီးကား နာကျင်လွန်းသည့်ကြားမှ နှာမောင်းဖြင့် ဝှေ့ရမ်း၊ ခြေဖြင့် ရုန်းကန်လှုပ်ရှားနေတော့၏။

တစ်ချက် သူ၏ နှာမောင်းရိုက်ချက်ကြောင့် အောင်စိန်တင် တစ်ယောက် လွင့်စင်သွားပြီး မြေပြင်သို့ ဘုတ်ကနဲ ကျသွားတော့၏။ တပြိုင်နက်ဆိုသလိုပင် ဆင်ရိုင်းကြီးသည် သူ့ကို ထိုးနှက်နေသည့်ကြားမှ ရုန်းထွက်ကာ လဲကျနေသော အောင်စိန်တင်ထံသို့ ပြေးလွှားရင်း ခြေဖြင့် နင်းဖိမည်အလုပ်၊

ထိုအချိန်သည် ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ကြောင့် ကမန်းကတန်း သေနတ်မောင်းထိန်းခလုတ်ကို ဆွဲညှစ်လိုက် တော့၏။

“ဒိန်း”

“ဒိန်း”

အလားတူ လင်းမြင့်လှိုင်ထံမှ သေနတ်ကျည်လည်း ထွက်လာ၏။

ဆင်ကြီးသည် ပြင်းထန်သောယမ်းအား၏ တွန်းကန်မှုကြောင့် စူးစူးနစ်နစ် အော်ဟစ်နေရင်းကြားမှပင် “ဘုန်း” ကနဲ လဲကျသွားတော့၏။

ဆင်ကြီးလဲကျသွားသည်နှင့် ဝက်ထိုးအဖွဲ့လည်း သူတို့၏ ချွန်မြသော လှံသွားများဖြင့် ဒလစပ် ဝင်ရောက် ထိုးနှက်ကြတော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း ဆင်ကြီးလဲကျနေရာ အနားသို့ ပြေးသွားကာ လှုပ်ရှားရုန်းကန် အော်ဟစ်နေသော ဆင်ကြီး၏ ဦးခေါင်းတည့်တည့်သို့ အနီးကပ် ကျည်တစ်တောင့် ပစ်သွင်းလိုက်တော့သည်။

“ဒိန်း”

ဆင်ကြီး ငြိမ်ကျသွားချေပြီ။ သည်တော့မှ ဝက်ထိုးသမားတို့သည် ဆင်ကြီးအား လှံများနှင့် ထိုးနေခြင်းမှာ ရပ်လိုက်ကြတော့သည်။

ဆင်ကြီး၏ ရန်မူတိုက်ခိုက်မှုကြောင့် အောင်စိန်တင် တစ်ယောက် ပေါင်ကျိုး၍ ဝက်ထိုးသားတစ်ယောက် သေဆုံးခဲ့ရသည်။

တဒင်္ဂအချိန်ကလေးတွင် ပြောင်းလဲမှုအမျိုးမျိုး ဖြစ်ခဲ့ရခြင်းသည် အံ့ဩစရာ မဟုတ်ပါချေ။

တကယ်တော့ ဖြစ်ခြင်း ပျက်ခြင်းသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းပင် ဖြစ်တတ်သည် မဟုတ်ပါကလား။

ထိုသည်ကား သဘာဝတရားပင် ဖြစ်တော့သည်။

ကိုပိုက် (၅-၉-၁၉၉၉)

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *