မင်းဟိန်းထိဝ်
ဝက်ထောင်ကျုံး
တန်ဆောင်မုန်းလတွင် ဖြစ်သည်။
မောင်အေးချမ်းသည် အဖေ အမွေဆက်ထားခဲ့သော တောင်ယာကို ဦးစီးလုပ်ကိုင်နေရ၏။ တောင်ယာသည် တောရိုင်းမြေဖြစ်၍ အသီးအနှံထွန်းသောကြောင့် အထိုက်အလျောက် အကျိုးဖြစ်ထွန်းသည်။ မြိုးမြိုးမြက်မြက် ရလိုက်သည်ဟု ဆိုနိုင်သည်။
ပြောင်း နှစ်ဧကတွင် ငွေတစ်အောင်ခန့် စုမိပြီး စပါးတစ်ကွက်တွင်လည်း တင်းရှစ်ဆယ်ခန့် ရသည်။ ဤ မျှရလျှင် တောင်ယာလုပ်သားတစ်ယောက်အဖို့ အကျိုးရှိသည်ဟု ဆိုနိုင်သည်။
တောင်ယာဟူသည်မှာ ရှဉ့်၊ မျောက်၊ တောဝက် စသော အကောင်ပလောင်များနှင့် အလုအယက် လုပ်ကိုင်ရသောကြောင့် မိမိ၏ အသီးအနှံကို အပြည့်အဝ ရလိမ့်မည်ဟု တွက်၍မရပေ။
ယခု အဖေ အမွေဆက်ထားခဲ့သည့် တောင်ယာက တောရိုင်းဖြစ်ပြီး မြေခံလည်း ကောင်းသောကြောင့် အသီးအနှံထွက်သလို အကောင်ပလောင်များကိုလည်း အတတ်နိုင်ဆုံး ဟန့်တားနိုင်ခဲ့သဖြင့် သိပ်ပြီး အ ဖိတ်အစဉ် မရှိပေ။ ထို့ကြောင့် ယခုကဲ့သို့ တစ်တုတ်တစ်ခဲ ရလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ယခု နှင်းလိုက်သောအခါ ကြားညှပ်သီးနှံဖြစ်သော သခွား၊ ကျောက်ဖရုံ၊ ရွှေဖရုံနှင့် နှမ်းပင်များလည်း ရှိသေးသည်။ သည် ကြားညှပ်သီးနှံပင်များကိုလည်း အထိုက်အလျောက် အကျိုးပြုကြည့်ဦးမည် ဖြစ်သည်။
ထို့ကြောင့် မောင်အေးချမ်းအဖို့ ထီကလေးတစ်စောင်သကဲ့သို့ပင် အကျိုးဖြစ်လေသည်။
ကွမ်းချောင်းဝသို့ ရောက်လျှင် နှပ်ထားသော ထမင်းအိုးကို ဖွင့်လိုက်သကဲ့သို့ မွှေးခနဲ တစ်ချက် ရှူရှိုက် လိုက်ရသည်။ နောက်ထပ် မောင်အေးချမ်း ဆက်၍ အနံ့ရှူကြည့်ပြန်သည်။ ကောက်သစ်ထမင်းကဲ့သို့ အနံ့များကို ဆက်၍ ရနေသည်။ ထို့ကြောင့် သရဲများကပင် တမင်တကာ အနံ့ပေးနေကြလေသလားဟု တွေးမိ၏။
ထိုသို့ တွေးနေရင်းကပင် ချင်းတိုင်းရင်းသားကြီး ဦးအောင် လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရ သည်။ ဦးအောင်လည်း မောင်အေးချမ်းတို့၏ တောင်ယာစုထဲတွင် ပါသည်။ ထို့ကြောင့် မောင်အေးချမ်းနှင့်လည်း အထိုက်အလျောက် ရင်းနှီးကြသည်။ ဦးအောင်သည် ရွာသို့ဆင်းသည်ဟုထင်၏။ နောက်ကျောတွင်လည်း တောင်းကြီးပိုးလို့။
“မောင်အေးချမ်း … ဘာတွေကို အနံ့ခံနေတုံး”
ဟု ဦးအောင်က မေးသည်။
“ထမင်းနံ့မွှေးလို့ ဦးအောင်၊ ဒါကြောင့် သရဲများ ခြောက်သလားဆိုပြီး ဆက်ရှူကြည့်နေတာပါ”
“ဟယ် .. နင်ကလည်း မဟုတ်တာ။ ဘယ်ကရှိမှာလဲ သရဲ။ ဟိုဘက် လယ်ချောင်က ငပက်ရယ် တောဝက် ကျုံးထောင်ဖို့ဆိုပြီး အုံးနီမ၊ နန်းလုံးကြိုင်နဲ့ ကောက်ညှင်းစပါးတွေ စိုက်ထားတဲ့ဆီက လေသင့်လို့ မွှေးတာပ”
“ဟာ … ဒီလိုဆိုရင် လေသင့်ရုံနဲ့ အဲလောက်ထိပဲ မွှေးရသလား ဦးအောင်ရဲ့”
“မွှေးတာပဝေး၊ တမင်တကာ အနံ့ရရင် တောဝက်တွေလာအောင်ဆိုပြီး မွှေးကြိုင်တဲ့ စပါးတွေကိုချည်း လယ်သုံးကွက် စိုက်ထားတာကိုး။ ဒီတော့ တောဝက်တွေက အနံ့ရရင် ဘယ်နေနိုင်တော့မလဲ။ လာကိုလာကြတော့မှပ။ ငပက်ဆိုတဲ့ အကောင်ကလည်း ဒီလုပ်ငန်းနဲ့ပဲ ကြီးပွားနေတာ။ သူ ကျုံးထောင်တာ တစ်နှစ်ကို တောဝက် အကောင်တစ်ရာကျော်ရတယ်။ နင်မယုံရင် ငပက်ရယ် လုပ်ထားတဲ့ တောဝက်ကျုံးကို သွားကြည့်လိုက်”
ဦးအောင်သည် ထိုမျှပြောပြထားခဲ့ပြီး ရှေ့ခရီးကို ဆက်သွားလေသည်။
မောင်အေးချမ်း ကိုပက်၏ ဝက်ကျုံးကို ကြည့်ရှု လေ့လာလိုသဖြင့် တောင်ယာကို ဆက်မသွားသေးဘဲ ကိုပက်၏ ဝက်ကျုံးရှိရာဘက်သို့ လျှောက်လာခဲ့သည်။ ကိုပက်၏ ဝက်ကျုံးက သိပ်ပြီး အဝေးကြီးတော့ မဟုတ်ပေ။ တစ်ကုန်းကျော်လိုက်သည်နှင့် ရောက်သည်။
“ဒီမြေစာတွေကို အကုန်ကျုံးတင်ပစ်ရမယ်ဝေး”
“ဟာ … ဒါဆိုရင် နည်းနည်းနောနော မဟုတ်ပါလား။ အနည်းဆုံး သုံးရက်လောက်တော့ ကြာလိမ့်မယ်ထင် တယ်”
“ကြာရင်လည်း ကြာပ။ ကျင်းထဲက ဒီမြေစာတွေကို အကုန်တင်ပြီးမှ အဆင်ပြေမှာပ”
အသံတွေကို ကြားနေရသည်။ ကိုပက်နှင့် အခြားတစ်ယောက်၏ အသံ။ ကျုံးဆောက်နေကြဟန် ရှိသည်။
မောင်အေးချမ်းလည်း သူတို့ ကျုံးတည်ဆောက်နေကြဆဲတွင် ကြည့်ရှုရမှ မသိသည်များကို မေးမြန်းစပ်စုခွင့် ရပေမည်။
“ဟ … တောင်သူလေး မောင်အေးချမ်းပါလားဝေး။ ဘယ်က မျက်စိလည်ပြီး ငါ့လယ်နားကို ရောက်လာ တာတုံး”
ဟု ကိုပက်က ဆီးမေးသည်။
ကိုပက်နှင့် နောက်တစ်ယောက်က အနံဆယ်တောင်ကျော်၊ အလျား ဆယ်လံနီးပါးခန့်နှင့် အနက် ဆယ် တောင်ကျော်ခန့်ရှိသော ကျင်းကြီးထဲတွင် မိုးရာသီက ကမ်းပါးပြိုကျနေသော မြေစာများကို သယ်ထုတ်ရန်အတွက် လှေကားထောင်နေကြသည်ကို တွေ့ရသည်။
“ကိုပက် ဝက်ကျုံးထောင်နေတယ်ဆိုလို့ လေ့လာဖို့လျှောက်လာခဲ့တာ”
“ဩော်ဩော် … ဒီလိုလား၊ လေ့လာပါ။ ဒါ ဝတ်ကျုံးထောင်ဖို့ လုပ်နေတာပဲ”
မောင်အေးချမ်းက ဆင်ကျုံးထောင်သည်ကိုမူ အကြိမ်ကြိမ်အခါခါ မြင်ဖူး၍ မှတ်မိနေသည်။ ဆင်ကျုံး မှာ သစ်သားချောင်းများဖြင့်သာ ကာရံပြီး ထောင်သည်ကို တွေ့ရသည်။
ယခု ကိုပက်၏ ဝက်ကျုံးမှာမူ မြေကျင်းကြီးတူးထားသည်ကိုသာ တွေ့ရ၏။ ထို့ကြောင့် ဆင်ကျုံးနှင့် ဆက်စပ်၍ မရအောင် ကွာခြားနေသောကြောင့် နားမလည်နိုင် ဖြစ်နေမိသည်။
“ကိုပက်ရဲ့ ဝက်ကျုံးက ဆင်ကျုံးနဲ့ မတူဘူးနော်”
“ဘယ်တူပါ့မလဲ၊ ဆင်ကျုံးက သစ်သားချောင်းတွေကို ကာရံပြီး တံတားကြီးလည်း လုပ်ရသေးတယ်။ ဝက်ကျုံးက ကျင်းတူးပြီးသာ လုပ်ရတာ”
သို့သော်လည်း မောင်အေးချမ်း နားမလည်နိုင်သေးပေ။
“ကိုပက်က ဝက်ကျုံးနဲ့ ပတ်သက်လို့ ဒိထက်ပိုပြီး ရှင်းပြရင် ကောင်းမယ်ဗျ။ ကျွန်တော်က တောဝက်ကျုံးထောင်တာကို တစ်ခါမှ မမြင်ဘူးတော့ အခု ကိုပက်ရှင်းပြတာကို တစ်လုံးတောင်မှ နားမလည်သေးဘူး”
ကိုပက်သည် တစ်ချက်ပြုံးပြီး ခေါင်းကိုကုတ်၏။
ထို့နောက်-
“ခက်တာပဲ၊ ငါ မအားရတဲ့အထဲ သူကတစ်မှောင့်။ ဝေး … ဟိုသူ၊ နင် ခဏနားလိုက်ဦးဝေး။ ငါ မောင်အေးချမ်းကို ဝက်ထောင်ကျုံးနဲ့ပတ်သက်လို့ ရှင်းပြလိုက်ဦးမယ်”
ဟု ဆိုကာ ကိုပက် ဝက်ကျုံး (မြေတွင်းကြီး) ထဲမှ တက်လာ၏။ ကိုယ်မှ မြေမှုန့်များကို လက်နှင့်ပွတ် ချလိုက်ပြီး မောင်အေးချမ်း၏ အနားတွင် လာရပ်သည်။
“တောဝက်ကျုံးထောင်တယ်ဆိုတာ အခုလို လယ်မြောင်ဖျားတစ်နေရာမှာ ကျင်းနက်ကြီးတူးပြီး ထောင်ရတယ်။ ကျင်းတူးပြီးရင် အပေါ်က ဝါး ကပ်အုပ်ရဦးမယ်။ ပြီးတော့ ဝါးကပ်အပေါ်က တောဝက်တွေ ကျင်းမှန်းမသိအောင် သစ်ရွက်တွေနဲ့ ထပ်ပြီး အုပ်ရသေးတယ်”
“ဒီတော့ ပြီးရောလား”
“အေးပ၊ ကျုံးလုပ်တာကတော့ ပြီးပြီပ။ ဒါပေမယ့် တောဝက်တွေ ဘေးချော်ထွက်မပြေးနိုင်အောင် ကျုံး ရဲ့ ဟိုဘက်ဒီဘက်တွေကို (လက်လံ) ထိုးကာရဦးမယ်။ ဒါဆိုရင်တော့ ပြီးပါပြီ။ တောဝက်တွေ အနီးအနားကို ရောက်လာတာနဲ့ ကျုံးထဲကို မောင်း ချရုံပ”
“တောဝက်တွေက ဘယ်က လာမှာလဲ။ တောထဲဘက်က လာမှာလား၊ လယ်နားဘက်က လာမှာလား”
ကိုပက်သည် ရှင်းပြရင်း စိတ်ပျက်သည့်အမူအရာဖြင့် ခေါင်းကို တဗြင်းဗြင်းကုတ်လိုက်ပြီး-
“တော်တော်နားဝေးတဲ့လူပဲ။ တောဝက်ကျုံးအကြောင်းကို တစ်စက်မှ နားမလည်ဘဲကိုး။ တောထဲက လာလို့တော့ ကျုံးမှာ ကျမလားဝေး။ တောဝက်ဆိုတာ နှုတ်သီးကို မြေကြီးနားတေ့ပြီး သွားတာဖြစ်လို့ အကြီးအကျယ် အနံ့ခံကောင်းတယ်။ ဒီတော့ အခုလို မြေကျင်းကြီးပေါ် ကပ်အုပ်ထားတာကို အနံ့ရရင် နောက်ဆုတ်ပြေးဟော့မှပ။ ဒါကြောင့် ချောင်းဖျား ဘက်က မလာနိုင်အောင် ကပ်နဲ့တောင်မှ ကာရဦးမယ်”
“တောဘက်က မလာရဘူး။ လယ်ဘက်ကသာ လာရမယ်ဆိုတော့ လယ်ထဲက စပါးစားပြီး လာကြတဲ့တောဝက်တွေက ကျုံးထဲကို ကျရော့လား”
ကိုပက်သည် အသံထွက်အောင် တစ်ချက်ရယ်လိုက်သည်။ မောင်အေးချမ်းက ကြောင်နေမိ၏။
“တောဝက်က အနံ့ခံကောင်းပါတယ်ဆိုမှတော့ သူ့အလိုလို ကျမလားဝေး။ ညဘက် တောဝက်တွေ လယ်ထဲကိုဆင်းစားနေတုန်း လူတွေက တအားအော်ဟစ်ပြီး မောင်းချမှ ကျတာပါ”
မောင်အေးချမ်း ခေါင်း တစ်ချက် နှစ်ချက် ညိတ်လိုက်၏။
“နင် ခေါင်းညိတ်လည်း နားမလည်သေးပါဘူး။ ဒီတော့ လာ … နင် အသေအချာ နားလည်အောင် ငါလိုက်ပြပြမယ်”
ဟု ဆိုကာ ကိုပက်သည် မောင်အေးချမ်း၏လက်ကိုဆွဲပြီး မြောင်ဝဘက်ကို ခေါ်လာခဲ့သည်။ ကျုံးမှ ဆယ်လံကျော်ကျော်ခန့် လျှောက်လာကြမှ လယ်နားစသို့ ရောက်သည်။
“ဟိုမှာ လယ်မြောင်ရဲ့ လက်ဝဲ၊ လက်ယာက တောင်ကမ်းပါးယံတွေမှာ ခါးလောက် ဝါးကပ်ကာထားတယ်။ ဒီလို လယ်အောက်ဘက်ကစလို့ ကျုံး နှုတ်ခမ်းဝရောက်အောင် ကာရံထားရမှာ။ ဒါမှ လယ်မြီးဘက်က တောဝက်အုပ်ကို မီးရှူးပြပြီး မောင်းတင်လိုက်တဲ့အခါ တစ်ကောင်မှ ဘေးကို ချော်မထွက်နိုင်ဘဲ ကျုံးထဲ အကုန်ကျမှာ”
“ဒီလိုလား။ ဒါဆို ကိုပက်မှာ လယ်ကလည်း သုံးကွက်တည်းပါလား”
“အဲဒါလည်း အကြောင်းရှိတယ်။ ပထမတစ်ချက်က မြေကျယ်ကျယ် မရလို့ လယ်သုံးကွက်တည်းပဲလုပ်ရသလို တောဝက်ကျုံးထောင်တဲ့အခါ အခုလို မြောင်ကျပ်ထဲက လယ်ကျဉ်းကျဉ်းလေးကိုရမှ ပိုကောင်းတယ်။ ဒါမှ တောဝက်တွေကို ကျုံးထဲရောက် အောင် အမောင်းရလွယ်တယ်။ လယ်ကျယ်ရင်တော့ သိတဲ့အတိုင်းပဲလေ။ နယ်ကျယ်တော့ ကိုယ်လိုရာဘက်ကို မောင်းရတာ မလွယ်ဘူးပ”
ဤသည်မှာလည်း ကျုံးထောင်ပြီး တောဝက်မုဆိုးလုပ်လိုသူများအဖို့ မှတ်သားစရာတစ်မျိုးပင် ဖြစ်၏။
“ဒီတော့ လယ်သုံးကွက်မှာ စပါးသုံးမျိုးစိုက်ထားတာ တွေ့တယ်။ အဲဒါလည်း အကြောင်းရှိသလား”
“ရှိတယ်၊ တစ်ကွက်က အုံးနီမ၊ တစ်ကွက်က နန်းလုံးကြိုင်၊ နောက်တစ်ကွက်က ကောက်ညှင်း။ ဒီစပါး သုံးမျိုးမှာ အုံးနီမနဲ့ နန်းလုံးက မွှေးတယ်။ အတော်အဝေးကပင် အနံ့ရနိုင်တယ်။ ကောက်ညှင်းစပါးက အဆီအများအပြားရှိတဲ့အတွက် သာမန်စပါးတွေထက် စားသောက်လို့ကောင်းတာပ။ ဒါကြောင့် ဒီစပါးသုံးမျိုးကို စိုက်ထားလိုက်ရင် အနံ့ရှာတတ်တဲ့ တောဝက်တွေဆို အလိုလို ဖိတ်ခေါ်ပြီးသား ဖြစ်မနေဘူးလား”
မောင်အေးချမ်းသည် ကိုပက်၏ လုပ်ပုံလုပ်နည်းများကို ကြည့်ပြီး သဘောကျ၍ ပြုံးမိ၏။ ထောင့်လည်း စေ့ပါပေ၏။
“ကျွန်တော်မသိတာကို အခုလို ပြည့်ပြည့်စုံစုံ ရှင်းပြတာ ကျေးဇူးတင်ပါတယ် ကိုပက်။ ဒီတော့ နောက် တစ်ခု၊ နှစ်ခုလောက် ဆက်ပြီး မေးဦးမယ်။ ကိုပက် အခုလုပ်နေတဲ့ ဝက်ကျုံးကြီး ပြီးသွားရင် နောက်ဘယ်တော့လောက် တောဝက်တွေကို ထောင်ဖမ်းမလဲ။ တစ်နှစ်ကို ဘယ်နှကြိမ်လောက် ထောင်ဖမ်းလို့ရနိုင်သလဲ။ ဒါလေးလည်း ရှင်းပြပါဦး”
“စပါးမပွဲမချင်း ထောင်ဖမ်းလို့ ရတယ်။ တောဝက်တွေက စပါးစားဖို့ လာကြတာဆိုတော့ စပါးပွဲသွားရင် မလာတော့ဘူးပ။ အခု စပါးနှံတွေ နှံဖျားငိုက်စပြုနေပြီ။ အမွှေးအကြိုင်နံ့တွေလည်း ထွက်နေပြီဆိုတော့ နောက် လေး ငါးရက်လောက်ဆိုရင် တော ဝက်တွေလည်း ရောက်လာကြမှာဖြစ်လို့ ငါတို့ တောဝက်တွေကို ဘယ်လိုထောင်ပြီး ဖမ်းကြတယ်ဆိုတာ သိချင်ရင် နင်လာခဲ့”
xxx xxx xxx
နောက်ငါးရက်ကြာသော နေဝင်စအချိန်တွင် ဖြစ်၏။
မောင်အေးချမ်းလည်း ကိုပက် ဆိုထားသည့်အတိုင်း ရောက်လာခဲ့သည်။ ကိုပက်နှင့် ငမှိုင်ဟုထင်သော (ထိုလူ၏နာမည်ကို မောင်အေးချမ်း မသိသေးသော) လူတစ်ယောက်တို့ ဝါးမီးရှူးကြီးများ၏ ထိတ်ဖျားများတွင် ကောက်ရိုးတစ်ထွေးကျ ညှပ်နေကြသည်ကို တွေ့ရသည်။
ကိုပက်က မောင်အေးချမ်း လာနေသည်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး
“လာလာ … ဒီညနေ လုပ်ငန်းစရလောက်ပြီဝေး”
ဟု မတိုးမကျယ် ပြောသည်။
ကိုပက်၏ လယ်သုံးကွက်က စပါးများလည်း မုန့်ဆန်းရှာ (မောင်းညို) ရှိနေကြပြီ။
“ဒီည လုပ်ငန်းစရလောက်ပြီဆိုတော့ တောဝက်တွေက လာမှာလား ကိုပက်။ ကိုယ့်ဘာသာ တောထဲက ဝက်တွေကို သွားရှာမောင်းပြီး ကျုံးသွင်းရမှာလား”
“တောဝက်ကို ဆင်များမှတ်နေသလား။ သူတို့ဘာသာ လယ်ထဲလာစားကြမှ အတင်းမောင်းပြီး ကျုံးသွင်းရမှာပ”
ဟု ပြောပြီး ကိုပက်က အသင့်ပြင်ဆင်ပြီးသွားသော မီးရှူးများကို သစ်ပင်မှာ ထောင်လိုက်သည်။
“ဒီတော့ ကိုပက်၊ ဒီည တောဝက်တွေ လယ်ထဲကိုဆင်းလောက်တဲ့ အခြေအနေရှိပါသလား”
“အင်း . ဒီတောင်ကြောဟိုဘက်က ဖုန်းဆိုးတောမှာတော့ တောဝက်တစ်အုပ် ရောက်နေတာ ငါးရံ့ သွားပေါက် (မျှား) ရင်းနဲ့ ငါကိုယ်တိုင် ကြားခဲ့တယ်။ ဒါကြောင့် ဒီက စပါးနံ့ကို ရရင်တော့ ဒီကောင်တွေ လာမစားဘဲ နေနိုင်ကြမှာ မဟုတ်ဘူးလို့ ယူဆရတာပ”
ကိုပက်၏ အုံးနီမ၊ နန်းလုံးကြိုင်နှင့် ကောက်ညှင်းစပါးများကလည်း အတော်အဝေးသို့ထိ အမွှေးအကြိုင်နံ့ပေးသဖြင့် စပါးနံ့ကိုသာ ရလျှင် တောဝက်များလည်း လာမစားဘဲ နေနိုင်ကြမည် မဟုတ်ပေ။
“တောဝက်အုပ်က တော်တော်များသလား ကိုပက်”
“အင်း … အကောင် လေး ငါးဆယ်လောက်တော့ ရှိလိမ့်မယ်ထင်တာပဲ”
“ဒီတော့ ဒီည ကိုပက်တို့ ကျုံးမုဆိုးအဖွဲ့ ကံကောင်းမယ့်ည ဖြစ်လိမ့်မယ်လို့ ဆိုရတော့မှာပေါ့”
“ကဲ … စကားများမနေနဲ့။ ယိုချင် ယို၊ ပေါက်ချင် ပေါက်၊ ဆေးလိပ်သောက်ချင်လည်း သောက်ထား။ လင့် ပေါ်တက်တော့မယ်။ လင့်ပေါ်ရောက်မှ ကိစ္စများနေလို့ မရဘူး။ တောဝက်တွေ အနံ့ရသွားရင် မလာဘဲနေလိမ့်မယ်”
သုံးယောက်စလုံးပင် လုပ်စရာရှိသည့် ကိစ္စများကို လုပ်ကြ၏။
မိုးလည်းချုပ်လေပြီ။ ထို့နောက် လင့်အိမ်ပေါ်ကို တက်လိုက်ကြသည်။ လင့်ပေါ်ကကြည့်လျှင် အတော်အဝေးသို့တိုင်အောင်ပင် မြင်နေရသည်။
ဆန်း ရှစ်ရက်လသည်လည်း အနောက်ဘက်သစ်အုပ်သို့ ရွှေ့လျားနေလေပြီ။ ရှစ်ရက်လ ဝင်လျှင် သန်းခေါင်တိုင်ပေလိမ့်မည်။
“ဝေါက် … ဝေါက် … ဝေါက်”
“ကိုပက် ဟိုဘက်က ချေဟောက်သံကြားတယ်ဗျ။ တောဝက်တွေများ လာနေကြပြီလား”
“တိတ်တိတ်နေစမ်း။ အဲဒီဘက်က ဖုန်းဆိုးတောမှာ တောဝက်တွေရှိနေပါတယ်ဆိုမှ”
ကိုပက် အော်လိုက်၍ မောင်အေးချမ်း ငြိမ်သွား၏။
မောင်အေးချမ်းက မုဆိုးလုပ်ငန်းနှင့် သိပ်ပြီး မစိမ်းသော်လည်း ကျုံးမုဆိုးလုပ်ငန်းကိုမူ လုံးဝ နားမလည်ပေ။ ထို့ကြောင့် ကိုပက်၏ အခြေအနေကိုသာ ကြည့်နေ၏။
နောက်လူတစ်ယောက်ကမူ ဘာစကားမှပင် မပြောဘဲ ကွမ်းသာ ဝါးနေသည်။
ရိုးမဒေသဖြစ်၍ မိုးချုပ်သည်နှင့် နှင်းတဖြောက်ဖြောက် ကျလာ၏။ ဆောင်းပင် ကောင်းကောင်း မဝင်သေးသော်လည်း ဆောင်းအကြိုနှင်းသည်ပင် မြေပြန့်က ဆောင်းနှင်းကဲ့သို့ ကြီးသည်။
ယခုအချိန်ကပင် တဖြောက်ဖြောက်နှင့် မိုးနှင်းပေါက်တမျှ ကျနေလေပြီ။
ညကိုးနာရီခန့်အချိန်မှာပင် “ဒုန်း … ဂလုတ် … ဂလုတ်” စသော အသံများကို ကြားလာရသည်။
ကိုပက်က အသံကြားရာဆီသို့ စူးစိုက်ကြည့်ပြီး နားစိုက်၍ ထောင်နေ၏။ ကိုပက်က တောဝက်အုပ်ရှိသည်ဟု ပြောသည့် တောင်ကြော၏ သည်ဘက်တောစဆီက ဖြစ်သည်။
ထို့ကြောင့် ကိုပက်ပြောသည့် တောဝက်အုပ်သည်ပင် စပါးစားရန် လာနေကြလေပြီလားဟု ယူဆရ၏။
အနံ့မွှေးသော စပါးများကိုချည်း စိုက်ထားသဖြင့် ထိုစပါးနံ့များကပင် တောဝက်များအား ဖိတ်ခေါ်နေသကဲ့သို့ရှိ ၍ တောဝက်များ လာနေကြခြင်း ဖြစ်နိုင်ဖွယ် ရှိသည်။
ကိုပက်က …
“တောဝက်အုပ် လာနေတာတော့ သေချာနေပြီဝေး။ လဝင်တာနဲ့ လယ်ထဲဆင်းစားလောက်တယ်။ ငမှိုင် … လေ ဘယ်ကလာနေသလဲ … ကြည့်စမ်း”
ဟု သူ့လူကို တိုးတိုးပြောသည်။
“ခုနေချိန်တော့ ပြောလောက်အောင် လေတိုက်ခတ်တာကို မတွေ့ ရဘူးဦးလေး။ သစ်ရွက်တွေတောင် လှုပ်ခတ်တာ မတွေ့ရဘူး။ မိုးသောက်အရုဏ်လောက်မှ ဆင်ခေါင်းလေ (အရှေ့လေ) တိုက်လောက်ပါတယ်”
“လေမရှိလေ ကောင်းလေဘဲဝေး။ တောဝက်တွေ ဆင်းလာကြပြီးမှ တို့အနံ့ကို ရသွားရင် မကောင်းဘူး”
ဟု ဆိုကာ ကိုပက်က စကားကို အဆုံးသတ်လိုက်သည်။
ထို့နောက် တောဝက်သံကြားသည့်ဘက်ကိုသာ အာရုံစိုက်၍ နားထောင်နေလေသည်။
သိပ်ပြီးမကြာဘဲ အသံများကို ထပ်မံ၍ ကြားလာရပြန်သည်။
လ သည်လည်း တောင်ကွယ်သွားလေပြီ။
ထို့ကြောင့် သည်အကြိမ်တွင် တောဝက်များ လယ်ထဲသို့ ဆင်းလောက်ပြီဟု သိနေကြသဖြင့် မောင်အေးချမ်း အပါအဝင် လူအားလုံးပင် အသံကြားသည့်ဘက်ကို နားစိုက်ပြီးထောင်နေကြသည်။
မှန်သည်။ တောဝက်အုပ်သည် ချုံတိုးပြီး အကြီး၊ အငယ်များကို မာန်မဲရင်းက လယ်ထဲသို့ ဦးတည်ပြီးဆင်းလာနေကြပုံကို ကြားနေရ၏။ လယ်စနားသို့ရောက်လျှင် အနည်းငယ်မှ အသံဆိတ်နေပြီး ခဏအကြာမှာပင် လယ်ထဲသို့ ခုန်ဆင်းနေကြသံများကို ကြားလာရသည်။
ထို့နောက် စပါးစားသံများကို ထပ်မံ၍ ကြားလာရသဖြင့် ကိုပက် က…
“ဝေး … တို့အုပ်စု လင့်ပေါ်က ဆင်းမှဖြစ်တော့မယ်။ လုပ်ငန်းစလို့ ရလောက်ပြီ”
ဟု တိုးတိုးပြောပြီး သူ ရှေ့က ဆင်းသည်။ သုံးယောက်လုံး အောက်ကိုရောက်လျှင် ကိုပက်က အသင့်ပြု လုပ်ထားသော မီးရှူးများထဲမှ မောင်အေးချမ်းကိုလည်း တစ်ခုပေးပြီး သူတို့နှစ်ယောက်လည်း တစ်ယောက်တစ်ခု ကိုင်ကြသည်။
ထို့နောက် တောစနားအတိုင်း လယ်၏ အောက်မြီးဘက်ဆီသို့ ခြေကို ခပ်ဖော့ဖော့နင်းပြီး လျှောက်ကြသည်။
တောဝက်များ စပါးစားနေကြသံကိုလည်း ဆူဆူညံညံနှင့် ကြားနေရသည်။ ကောင်ရေ တော်တော်များလိမ့်မည်ဟု ယူဆရသည်။ လယ်အောက်မြီးသို့ ရောက်လျှင် ရင်ဘတ်လောက်မြင့်သော ကန်သင်းကြီးကို အကာအကွယ်ယူပြီး ကိုပက်က-
“မောင်အေးချမ်း … ရော့ ဒီမီးရှူးကို ယူထား။ ငမှိုင်လည်း မီးရှူးကိုယူပြီး ဟိုဘက်ထောင့်စွန်ကိုသွား။ ငါ မီးခြစ်ခြစ်တာကိုမြင်ရင် နင်တို့လည်း မီးခြစ်ခြစ်ပြီး မီးရှူးဖျားက ကောက်ရိုးကိုစရှို့။ ကောင်းကောင်းစွဲလို့ မီးရှူးကိုထောင်ပြီး ငါ ဝက်အုပ်ဆီ အပြေးလိုက်ရင် နင်တို့နှစ်ယောက်လည်း သံကုန်ဟစ်အော်ပြီး အပြေးလိုက်ကြ။
ဒါမှ အခု စပါးစားနေကြတဲ့ တောဝက်တွေအကုန် ကျုံးထဲအကုန်ကျမှာ။ ကဲ … လုပ်ငန်းစမယ်”
ကိုပက်သည် ထိုသို့ တိုးတိုးပြောထားခဲ့ပြီး ဟိုဘက်ကန်သင်းထောင့်သို့ ကုန်းကွကုန်းကွနှင့် ပြေးသွားလေသည်။ ကိုပက် မီးရှူးညှိသည်ကို မြင်သည်နှင့် မောင်အေးချမ်းနှင့် ငမှိုင်လည်း မီးရှူးကို ဓာတ်မီး ခြစ်ဖြင့် ညှိလိုက်ကြသည်။
မီးရှူးစွဲ၍ ကိုပက် မီးရှူးကိုထောင်ပြီး ကန်သင်းမြင့်ကြီးကို ပြေးတက်ကာ ဝက်အုပ်နောက် အော်ဟစ် အပြေးလိုက်သည်ကို မြင်သည်နှင့် ငမှိုင်နှင့် မောင် အေးချမ်းလည်း ကိုပက် နည်းတူပင် အော်ဟစ်၍ ပြေးလိုက်ကြလေသည်။
တောသတ္တဝါဟူသည်မှာ မီးရောင်ကို အလွန်အမင်း ကြောက်ကြသည်။
ထို့ကြောင့် ယခု မုဆိုးသုံးယောက် အနီးကပ် မီးရှူးကြီးများကို ကိုယ်စီထောင်ပြီး သံကုန်ဟစ်၍ ပြေးလိုက်ကြရာ လယ်ကွက်ထဲ၌ မည်းမည်းလှုပ်နေကြသော တောဝက်အုပ်သည် နောက်သို့ပင် လှည့်ကြည့်နိုင်ခဲ့ဟန် မတူဘဲ လယ်ခေါင်းဘက်သို့ အော်ဟစ်ထွက်ပြေးကြရာ တစ်ကောင်မကျန် မြေတွင်းကျုံးကြီးထဲ ကျသွားကြလေသည်။
မီးရှူးကိုယ်စီဖြင့် ပြေးလိုက်သွားပြီး ကြည့်ကြရာ ထိုမျှကျယ်သော မြေကျင်းထဲမှာပင် တောဝက်များသည် မဆံ့သလောက်ပင် ရှိနေလေသည်။
လယ်ထဲသို့ လွှတ်ပေးရန် စုဆောင်းပြီး သံပုံးထဲထည့်ထားသော ငါးရံ့သားပေါက်ကလေးများကဲ့သို့ပင် ရှိနေကြလေသည်။ ကောင်ရေအားဖြင့်လည်း နည်းမည်မဟုတ်ပေ။
ကိုပက်က …
“အကောင်ခုနစ်ဆယ်ကျော်လောက် ရှိမယ်ထင်တယ်” ဟု ဆိုသည်။
ကိုပက်၏စကား လွန်အံ့မထင်ပေ။ ရခိုင်ရိုးမကြီးမှ စပါးစားရန် ဆင်းလာသော တောဝက်အုပ်ဖြစ်၍ တချို့ တောဝက်အုပ်များမှာ သည့်ထက်ပင် များစွာ ပိုတတ်သည်ကို ကြားဖူးကြုံဖူးသည်။
ကိုပက်က သူ၏ လက်နှိပ်ဓာတ်မီးကြီးဖြင့် ထိုးကာ ရေကြည့်သော်လည်း ဆိုခဲ့သည့်အတိုင်း သံပုံးထဲထည့်ထားသည့် ငါးရံ့သားပေါက်များကဲ့သို့ ရှိနေသဖြင့် ရေတွက်၍ပင် မရနိုင်ပေ။
ကိုပက်က-
“ဝေး … ငမှိုင်၊ နင် အောင်ကျန်တို့တဲဆီသွားပြီး အကူခေါ်လိုက်ပါ။ တစ်ကောင်နဲ့တစ်ကောင် တက်နင်းကိုက်ခဲကြလို့ သေကျေတဲ့ဝက်တွေကို မိုးလင်းအောင်ထားရင် နံကုန်လိမ့်မယ်။ မီးမြှိုက်ပြီး ခုတ်ထားဖို့ ဓားတွေကိုလည်း ယူလာခဲ့ကြ။
ချက်ပြုတ်စားသောက်ဖို့ အိုးခွက်နဲ့ ခေါင်ကြီးကြီးတစ်လုံးလည်း ယူလာခဲ့ကြ။ မိုးလင်းမှ ငါ ကြည့်ရှင်းမယ်”
ကိုမှိုင်လည်း ကိုပက်၏စကားအဆုံးတွင် ဒုန်းစိုင်းပြီး ပြေးသွားလေသည်။
ကျင်းထဲက တောဝက်များ တစ်ကောင်နှင့်တစ်ကောင် တက်နင်း ကိုက်ခဲ အော်ဟစ်နေကြသံများမှာလည်း ဆူညံနေသည်။
တောဝက်တောင်းကြီးများ၏ အသံမှာ ကြောက်စရာကောင်းလှသလို ဝက်ပေါက်ကလေးများ၏ ` အော်ညည်းကြသည့် အသံများမှာလည်း သနားစဖွယ်ပင် ကောင်းနေလေသည်။
“ငါ့မှာကဝေး မောင်အေးချမ်း၊ ဒီပုံကိုမြင်လို့ ဒီချုံကိုထွင်ထားတာ။ အခြားလုပ်ငန်းလည်း ဘာမှမလုပ် ဘူး။ အခုမှ စပါးတွေကလည်း နှံဖျားဝင်းစရှိသေးဆိုတော့ ကံကောင်းရင် နောက်လည်း ဒါမျိုး နှစ်ကြိမ်၊ သုံးကြိမ်တောင် ရနိုင်သေးတယ်။ ဒီနေရာကလည်း အင်မတန် ဇဉ်းကျတာကိုး။
ရခိုင်ရိုးမထဲက ဆောင်းရာသီမှာ စပါးစားဖို့ဆင်းလာကြတဲ့ တောဝက်တွေက အများအားဖြင့် ဒီအနားကပဲ သွားကြတာဆိုတော့ ငါ့စပါးနံ့ကိုရရင် အားလုံး ငါ့ဝက်တွေချည်း ဖြစ်ကုန်ကြတော့တာပ။ ဒါကိုမြင်လို့ တချို့က ဒီလယ်လေးနဲ့ ဒီဝက်ကျုံးကို တစ်ထောင်ပေးပြီး ဝယ်ကြတယ်။ ငါက မရောင်းပါဘူး”
“တစ်ထောင်သာရရင်တော့ ရောင်းလိုက်ပေါ့ ကိုပက်ရာ။ တစ်ထောင်ငွေက နည်းသလေား။ အခုလို တောထဲမှာ အပင်ပန်းခံနေမယ့်အစား မြို့ပေါ်ပြောင်းပြီး ရင်နှီးလုပ်ကိုင်စားရင်တောင် ရတာပဲ”
ကိုပက်က ခေါင်းခါလိုက်ပြီး-
“အဲဒါ နင်မှားတယ်။ ငါ့လို စာမတတ် ပေမတတ်တဲ့ အကောင်တစ်ကောင်၊ မြို့ပေါ်မှာ ဘာလုပ်လို့ ဘာကိုင်တတ်မှာလဲ။ လူလိမ်စားလို့ ကုန်မှာပ။ အခုလည်း ဒီဝက်ကျုံးလေးနဲ့ စားသောက်လောက်ရုံ ရှိနေတာပဲ။ သားသမီးတွေကို မြို့မှာ ကျောင်းထားပေးနိုင်တယ်လေ။ ဒါ့အပြင် တစ်နွေ တစ်မိုးထိုင်ပြီး ခေါင်သောက်နေလို့လည်း ရသေးတယ်။ ဘာမှလဲ လုပ် ကိုင်စရာ မလိုတော့ဘူး။ ကဲ … ဘယ်လောက်အထိ ဟန်ကျလိုက်သလဲလို့”
ကိုပက်မှာ တစ်နှစ်ကို ဒီကျုံးက ပျမ်းမျှ တောဝက် ဘယ်နှကောင်လောက် ရသလဲ”
“အင်း …ပြောမယ်ဆိုရင်တော့ အနည်းဆုံး အကောင်တစ်ရာ့လေးငါးရှစ်ဆယ်လောက်တော့ ရမယ်ထင် တယ်။ တိတိကျကျတော့ မှတ်မထားမိဘူး။
အဲဒါ သောင်းပြောင်း တစ်ကောင်ကို တစ်ရာ့သုံးဆယ်လောက်နဲ့ပဲ တွက်ကြည့်။ ငါ့ဝင်ငွေက နည်းသလား”
“ဟာ … ဒါဆို ကိုပက်၊ ဒီဝက်ကျုံးနဲ့ဆို တော်တော် အလုပ်ဖြစ်နေတာပဲ”
“ဖြစ်တာပ။ အစကဆို ငါ့မှာ ဘာရှိလို့လဲ။ တောင်ယာလေးခုတ်လိုက်၊ အမဲလိုက်လိုက်နဲ့ ငတ်တစ် လှည့် ပြတ်တစ်လှည့်ပဲ။ ဒါကြောင့် ရခိုင်ရိုးမထဲက တောင်ကြော (ဇဉ်း) ကျတဲ့ ဒီနေရာလေးကို တွေ့တာနဲ့ ဒီမြောင်ကို လယ်တစ်ကွက်စာရအောင် နှစ်နှစ်၊ သုံးနှစ် ပေါက်တူးနဲ့ပေါက်မှ လယ်သုံးကွက်ရတာ
ပြီးတော့ ဒီကျုံးကိုလည်း နှစ်နဲ့ချီပြီး တူးနေရတယ်။ ဒါလေးကိုပဲ ဒီလောက်လုပ်နေရသလားလို့ မေးစရာရှိတယ်။ လုပ်ရတာပ။ ထမင်းစားစရာမှ မရှိတာကိုး။ ဒီတော့ စားစရာလေးရှိလိုက်၊ လုပ်လိုက်၊ စားစရာကုန်ရင် ရပ်ထားလိုက်၊ နောက်စားစရာလေးရှိလာတဲ့အခါ လာလုပ်လိုက်နဲ့ သုံးလေးနှစ်ကြာမှ ဒီအခြေအနေကို ရောက်လာတာ။ အဲဒါကို တစ်ထောင်နဲ့ ရောင်းနိုင်မလား ဝေး။ သေအောင်တောင် မရောင်းဘူး။ လိုချင်ရင် ငပက်ကိုသတ်ယူမှ ရမယ်လို့တောင် ပြောလိုက်ချင်တယ်”
ကိုပက်ပြောသည်ကို လက်ခံရမည်သာ ဖြစ်သည်။ ဤနေရာသည် လယ်တည်လောက်သော အနေအ ထားမျိုး မဟုတ်ပေ။ တောနက်ထဲ တစ်နေရာတွင် ဖြစ်သလို တောင်တန်းငယ်နှစ်ခုအကြားတွင်လည်း ဖြစ်သည်။ ကမ်းစောက်လည်း နက်သည်။ ထို့ကြောင့် အစဉ်လိုက် လယ်သုံးကွက်စာမျှ ရသည်အထိ နွမ်းပါးသူ တစ်ယောက်အဖို့ နှစ်ကြာကြာ အချိန်ပေးပြီး လုပ်ရပေလိမ့်မည်။
ကျုံးကလည်း ရေကန်တစ်ခုစာမျှ ရှိသည်။ တောဝက်များ သွားလာသော လမ်းကြောင်းလည်းကျသည်။ မုဆိုးတို့၏ မျက်စိဖြင့်ကြည့်လျှင် အဖိုးထိုက်သည်သာ ဖြစ်သည်။
ကိုပက်နှင့် မောင်အေးချမ်း စကားပြောနေကြချိန်မှာပင် ကိုမှိုင်သည် လူခြောက်ယောက်နှင့်အတူ ရောက်လာ၏။ သူတို့ရောက်လာကြပြီးနောက် တစ်ကောင်နှင့်တစ်ကောင် တက်နင်းကိုက်ခဲ၍ သေနေ ကြသော ဝက်များကို သံချိတ်ကြိုးဖြင့် ချိတ်ပြီး ဆွဲတင်ကာ မီးမြှိုက်၊ ခုတ်စဉ်းပြီး အသားများကို တန်းလုပ်၍ ဆွဲထားကြသည်။ ကလီစာနှင့် ခေါင်းသားများကို အိုးကြီးတစ်လုံးဖြင့် ချက်ပြုတ်ကြသည်။
ထို့နောက် ထမင်းတစ်အိုးချက်၊ ခေါင်တစ်အိုးဖောက် ကာ စိတ်ကြိုက်စားသောက်ကြ၏။
ဝက်များကလည်း ကောင်ရေများသောကြောင့် တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲတက်နင်းကြ၍ တစ်ကောင်ပြီး တစ်ကောင် သေနေသောကြောင့် မကြာခဏ သံချိတ်ကြီးဖြင့် ချိတ်ဆွဲပြီး မီးမြှိုက်ခုတ်စဉ်းနေကြရသည်။ ခေါင်နှင့် ဝက်သားကိုလည်း အကြိုက်စားသောက်ကြသည်။
ကိုပက်က လာကူကြသော လူများအားလုံး မောင်အေးချမ်းမှစ၍ ငါးဆုပ်ခန့် ဝက်တစ်ကောင်စီ ယူကြပါဟု ဆိုသည်။
ထို့နောက် အရုဏ်တက်သည်နှင့် ကိုမှိုင်အား မြို့ရွာများ၌ တောဝက်အကောင်လိုက် ဝယ်လိုသူ၊ အပေါ်ပြီးသား ဝက်သားများကို ဆယ်ရာခိုင်နှုန်းဖြင့် ရောင်းချလိုသူတို့အား လိုက်ပြောရန်အတွက် လွှတ်လိုက်သည်။
မောင်အေးချမ်းကမူ အိမ်မှာလည်း တောဝက်သားကို မစားကြသဖြင့် ကိုပက်ပေးသော တောဝက်ကို လည်း မယူခဲ့ဘဲ အမှတ်တရသိမ်းထားရန်အတွက် တောဝက်စွယ်နှစ်ချောင်းကိုသာ တောင်းပြီး ပြန်လာခဲ့လေသည်။
သိဒ္ဓိမိုးမဂ္ဂဇင်း
အမှတ် ၄၆
၂၀၀၉ ခုနှစ် ၊ ဇူလိုင်လ
– ပြီး –
စာရေးသူ – မင်းဟိန်းထိဝ်