မင်းရိုးယဉ်
ဝမ်းစာ
ဝါခေါင်လကွယ်နေ့၊ စနေမိုးက နံနက်မှ ညအထိ သည်းထန်စွာ ရွာနေသည်။ တကယ့် တာကျိုးရေလျှံသည့် ငါးဆင်းမိုး။
ကောင်းကင်တွင် မည်းမှောင်နေသည်။
သည်လို မိုးကောင်းသည့် ဝါခေါင်လမိုက်ညများတွင် သောင်ကြီးရွာ အနောက်ဘက်ရှိ လယ်ကန်သင်းအနီး စံနေရိုးနှင့် ငါးပတ်အိုင်ရိုးတို့တွင် ငါးရစ်များ တက်တော့မည်။
ရိုးနှစ်ခုလုံးက မနီးမဝေး၊ ရွာနှင့်လည်း သိပ်မဝေး။
မိုးတဖွဲဖွဲ ရွာနေသည်။
ညကိုးနာရီခန့်တွင် ဦးသာဆင်နှင့် သား တက်ခေတ်တို့က ငါးရစ်ငါးခုတ်ရန်အတွက် မီးအုတ်ဆောင်းဓားရှည်နှင့် ပလိုင်းတို့ကို လွယ်၍ ထွက်ခွာသွားကြသည်။
သူတို့ သားအဖကဲ့သို့ပင် ဦးပန်းအောင်နှင့် ကျင်ဦးတို့သားအဖလည်း ထွက်ခဲ့ကြသည်။
စနေမိုးက အငြိုးတကြီး ရွာနေဆဲ။
ရပ်ရှစ်ခွင်လုံး မိုးကန့်လန့်ကာဖြင့် အုပ်ဆိုင်းထားသည်။ ဝါးဦးထုပ်ကိုယ်စီဆောင်း၍ ဝါတာပရုကိုယ်စီ သိုင်းခြုံထားသည့်ကြားမှ အေးစိမ့်လာသည်။
“ဝေါ … ဝေါ … ဝေါ”
မိုးအားကောင်းသဖြင့် ရိုးထဲမှ ရေများ ကက်တန်းအင်းထဲသို့ တရဟော စီးဝင်နေကြသည်။
ငါးရစ်များက ရေကို ဆန်တက်သည်။ ငါးရစ်များက ရေကို ဆန်တက်လာကာ ကမ်းစပ်ရှိမြက်များ၊ ဗေဒါဘုတ်များကြားတွင် မိတ်လိုက်၊ ဥချကြတော့မည်။ အင်းစပ်တွင် မြက်ပင်ရှည်များက လူကြီးဒူးဆစ်ခန့်အထိ ရှည်လျားလှသည်။
“သားကမ်းစပ်ကို မီးပြစမ်း”
“ဒုတ်… ဒုတ်…. ဗွမ်း”
အဖေ့တီးတိုးသံကြောင့် တက်ခေတ်က ဖားမီးအုတ်ကို ကမ်းစပ်သို့ ဝှေ့ယမ်းပြလိုက်သည်။
ငါးရံ့ကြီးနှစ်ကောင် ခေါင်းဖော်၍ ကမ်းစပ်သို့ ကပ်လာသည်။
အဖေ့လက်ထဲမှ ဓားရှည်က မီးရောင်နှင့် ဝင်းခနဲ လက်သွားသည်။ ဗွမ်းခနဲ အသံနှင့်အတူ နီရဲသောသွေးတို့က ရေစီးကြောင်းထဲ မျောပါသွားသည်။
အဖေ့လက်ထဲမှ ငါးရံ့နှစ်ကောင်က တက်ခေတ်၏ ပလိုင်းထဲသို့ ရောက်လာသည်။ ငါးဆယ်သားခန့်ရှိ ငါးရံ့ကြီးနှစ်ကောင် ကျိချွဲ၍ ဝမ်းဗိုက်သားက ဖွေးဖွေးဖြူနေပြီး ကျောဘက်က အကြေးခွံများက မည်းနက်နေသည်။
“ဗျော… ဝရော… ဝရော”
အဖေက ဖားမီးအုပ် အလင်းရောင်ဖြင့် မြက်ရှည်များကို ခြေထောက်ဖြင့် ဖြဲ၍ ကြည့်နေသည်။
“ဒုတ် … ဒုတ်”
နောက်ထပ် မြက်တောတိုး ငါးခူကြီးနှစ်ကောင်။
မိုးက ရုတ်ခြည်း တိတ်သွားပြန်သည်။
မိုးရွာမှ ငါးရစ်က ရေစီးကြောင်းကို ဆန်၍တက်လာတတ်သည်။ မိုးမရွာလျှင် ငြိမ်၍နေတတ်သည်။
သဘာဝကို ငါးသတ္တဝါတို့က လူထက်ပို၍ သိသည်ကအမှန်။
မိုးကကွမ်းတစ်ယာညက်ခန့် တိတ်သွားပြန်သည်။ ငါးရစ်များ တက်မလာသေး။
“သားရေ… ငါးပတ်အိုင်ရိုးဘက် သွားမယ်… လာကွာ”
အဖေ့နောက်မှ တက်ခေတ် လိုက်သွားသည်။ သားအဖနှစ်ယောက် ငါးပတ်အိုင်ရိုးဘက် ခပ်သုတ်သုတ် လျှောက်ရသည်။ သိပ်တော့မဝေး။
သို့သော်… မြက်ပင်ရှည်ကြီးများကြောင့် ခရီးက မတွင်။
ငါးပတ်အိုင်ရိုးတွင် တက်သော ငါးရစ်များက ငါးပတ်အိုင် ဆိုသည့်အတိုင်း အများအားဖြင့် ငါးပတ်ပဲ တက်တတ်သည်။ မနှစ်က သည်ငါးပတ်အိုင်ရိုးမှ ငါးရစ် (ငါးပတ်)များ အချိန်နှစ်ဆယ်ခန့် ရဖူးသည်။
ငါးပတ်ခေါင်းများ ငါးပတ်အူများဖြင့် ဗိုက်ခွေးနမ်းမတတ် တက်ခေတ်တို့သားအမိတွေ စားခဲ့ရသည်။
ဟော… ရိုးစပ်မြက်များကြားတွင် ငါးပတ်ကြီး ငါးကောင်။
“ဒုတ်… ဒုတ်… ဒုတ်”
“ဖြန်း … ဖြန်း”
“ဗွမ်း … ဗွမ်း”
လက်မြန်လိုက်သည့် အဖေ။ ဆိုင်းဝိုင်းထဲမှ တီးဝိုင်းဆရာထက်တောင် မြန်သေး။
တစ်ကောင်လျှင် ခုနစ်ဆယ်သားမှ တစ်ပိဿာခန့်ရှိ ငါးပတ်ကြီး ငါးကောင်။
ငါးအတော်ရနေပြီဖြစ်၍ ပလိုင်းက လေးလာသည်။
အဖေက တက်ခေတ်ကို လွယ်ထားသည့် ပလိုင်းပခုံးမှ ဖြုတ်၍ ထိုင်ကာ နားခိုင်းသည်။
အဖေက မနီးမဝေးရှိ မြက်ရှည်ပင်ရိုးတောကို ခြေဖြင့်နင်း၍ ယမ်းမွှေနေသည်။ ငါးရစ်ငါးများ မတွေ့ရ။ မိုးတိတ်သွားလျှင် မိုးအရွာကိုစောင့်၍ ငါးရစ်ခုတ်ကြပြန်သည်။
မိုးစဲသွားလျှင် နားကြပြန်သည်။
အချိန်က မနည်းတော့။
သားအဖနှစ်ယောက် အိမ်ပြန်ရန် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကြယ်တစ်လုံးပင် မတွေ့ရ။ မိုးက မည်းမှောင်နေသည်။ ရွာတော့ မရွာသေး။
ကြည့်စရာ ကြယ်တာရာ၊ နက္ခတ်ဟူ၍ လုံးဝမရှိ။
“ကဲပြန်ကြစို့လား သားရေ “
“ဟုတ်ကဲ့… အဖေ”
အဖေက တက်ခေတ်ချထားသည့် ငါးများနှင့် ပြည့်နှင့်နေ ပလိုင်းကို ကောက်လွယ်ပြီး ဓားရှည်ကိုင်ကာ ဖားမီးအုပ်နှင့် တက်ခေတ်ကို ရှေ့မှသွားစေသည်။
အိပ်ချင်နေသော တက်ခေတ်က အိပ်ချင်ဇောနှင့် ခြေလှမ်းသွက်သွက် လှမ်းသည်။
ငါးပတ်အိုင်ရိုးများတွင် ဦးပန်းမောင်တို့ သားအဖနှင့် သွားဆုံကြသည်။
“ဟေ့… ပန်းမောင်၊ ငါး တော်တော်ရသလားကွ”
“အင်း … လေးပိဿာလောက်တော့ ရပြီးပြီ”
“တို့ပြန်တော့မယ်… မင်းတို့ရော မပြန်သေးဘူးလား”
“မိုးအရွာလေး ထပ်စောင့်လိုက်ဦးမယ်ကွ”
ဦးပန်းမောင်တို့သားအဖ ငါးရစ်စောင့်ရင်း ကျန်ခဲ့သည်။
ငါးများများရရေးအတွက် လောဘဇောတက်နေကြသည်။ မိုးရွာလိုက်လျှင် တက်လာမည့်ငါးများကို စားဖွယ်ဟင်းလျာအဖြစ် လည်းကောင်း၊ ငွေတုံး ငွေခဲများအဖြစ်လည်းကောင်း မြင်ယောင်နေမည်က မုချ။
x x x x
မိုးကျစအချိန်က ရွာထဲမှ ဦးတိုးမောင်တို့လင်မယား နှစ်ယောက် မီးအုပ်ဖြင့် ဖားရိုက်ထွက်ခဲ့ကြသည်။ ဦးတိုးမောင် မြွေကိုက်ခံရ၍ သေဆုံးသွားသည်။
အဖေကလည်း သူတို့မိသားစုကို ငါးရစ်ခုတ်၍ ကျွေးမွေးခဲ့သည့် နှစ်ပေါင်းမနည်းတော့။ အဖေက ငါးရစ်လိုက် အလွန်ဝါသနာပါသည်။
အကယ်၍ အဖေသည် အန္တရာယ်နှင့် တွေ့ခဲ့ရပါလျှင် တက်ခေတ် မတွေးဝံ့တော့။
အိမ်ပြန်ရောက်တော့ လင်းကြက်များပင် တွန်နေပြီ။
x x x x
နံနက်မိုးလင်းသည့်အခါ သောင်ကြီးတစ်ရွာလုံး သတင်းဆိုး ပျံ့နှံ့သွားသည်။
ညက ကိုပန်းမောင်တစ်ယောက် ငါးရစ်လိုက်ရင်း မြွေကိုက်ခံရပြီး သေဆုံးသွားကြောင်း ကြားလိုက်ရသည်။
တက်ခေတ် ဦးပန်းမောင်းတို့သားအဖ၏ မျက်နှာကို ပြန်လည်မြင်ယောင်ပြီး ကြက်သီးတဖြန်းဖြန်း ထသွားသည်။
ဦးပန်းမောင်တွင် ဇနီးဒေါ်ကျင်မေနှင့် သားတစ်ယောက် လူမမယ်သမီးလေးနှစ်ယောက် မျက်နှာငယ်ငယ်နှင့် ကျန်ရစ်ခဲ့သည်။
ဦးပန်းမောင်နှင့် တက်ခေတ်တို့ လယ်မှာ ကန်သင်းတစ်ခုသာ ခြားသည်။ အိမ်ကလည်း ရွယ်လယ်၌ တစ်လမ်းတည်း။ ယခု ဦးပန်းမောင် မရှိတော့။
အကယ်၍များ …
အဖေသာ ဦးပန်းမောင်လို အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသော် …
အတွေးပေါင်းစုံနှင့် တက်ခေတ် အဖေ့မျက်နှာကို ငေးကြည့်နေမိသည်။
“အဖေ”
“ဘာလဲကွ”
“ဦးပန်းမောင်ကို ကိုက်တဲ့မြွေက ငါးရစ်တွေဆီ ဘာလာလုပ်တာလဲ”
“မြွေကလည်း ငါးရှာစားတာပေါ့ကွ”
“ကျွန်တော်တို့ရော၊ မြွေရော ဒါဆိုရင် ငါးစားရဖို့အတွက် အစာလုကြတာပေါ့နော်”
“ဟုတ်တာပေါ့ကွ”
“ဒါဆို နောက်ကို ကျွန်တော်တို့ ငါးမစားရရင် နေပါစေ။ အန္တရာယ်များတဲ့ ဒီငါးရစ်လိုက်တဲ့အလုပ် မလုပ်ပါရစေနဲ့ အဖေရယ်”
အဖေက သူ့သား၏စကားကို နားထောင်ပြီး မျက်နှာတစ်ချက် ပျက်သွားသည်။ အတန်ကြာ ငိုင်သွားပြီးမှ-
“အေးပါကွာ… နောက် အဖေ ဘယ်တော့မှ ငါးရစ်မလိုက်တော့ပါဘူး။ ကဲ… ထမင်းစားကြမယ်။ မေမေ ခူးပြီးနေပြီကွ”
ထမင်းဝိုင်းတွင် မိသားစုက စုံစုံညီညီ။
အမေက အဖေ့ပန်းကန်ထဲ ငါးရံ့အူဟင်းများ ခပ်၍ ဦးချလိုက်သည်။
“ကဲ… စားကြသားတို့ သမီးတို့”
မျက်နှာမကောင်းသော တက်ခေတ်ကို အဖေက လှမ်းကြည့်ရင်း ပြောလိုက်သည်။ တက်ခေတ်က ငါးအူတစ်ဖက် ဆယ်ယူ၍ မစားသေးဘဲ ထမင်းနှင့် နယ်ဖတ်နေသည်။ ဟင်းပန်းကန်ထဲတွင် ငါးရံ့ခေါင်းနှစ်လုံး။ အမေ့လက်ရာ ဟင်းချက်ကလည်း ကောင်းမည် မုချ။
သို့သော်. . .
တက်ခေတ် စားချင်စိတ် မရှိတော့။
သူ့မျက်စိထဲတွင် သူစားမည့်အစာကို လာလုသော ဦးပန်းမောင်ကို မြွေပွေးက စားမာန်ခုတ်၍ ခဲလိုက်ပုံကို မြင်ယောင်လာသည်။
ဦးပန်းမောင်အပေါ် အကြင်နာပိုလာသည်။ သို့သော် ဦးပန်းမောင်ကား ပြန်မလာနိုင်တော့ပြီ။
x x x x
ဦးတက်ခေတ် အခု အသက်ငါးဆယ်ကျော်ခဲ့ပြီ။ အဖေသည် ယခု အသက် (၈၀) ကျော်သွားပြီ။
ဦးပန်းမောင် သေဆုံးသည့်အချိန်မှစ၍ ငါးရစ်မလိုက်တော့။ သား ဦးတက်ခေတ်က အဖေကို ပြန်၍လုပ်ကျွေးနေပြီဖြစ်၍ အဖေ့ဘဝက အေးချမ်းနေသည်။
ဦးတက်ခေတ်က သူဖြတ်သန်းခဲ့ရသော ဘဝကြမ်းကို ပြန်၍ မြင်ယောင်လာသည်။
လူနှင့်မြွေ၊ မြွေနှင့်လူ၊ အစာလုရာမှ လူက ဦးလျှင် မြွေ သေသည်။
မြွေကဦးလျှင် လူ အသက်စွန့်ရသည်။
သူ ဖြတ်သန်းခဲ့ရသော ဘဝခရီးတစ်လျှောက်တွင်လည်း ဝမ်းရေးအတွက် ဘဝပေါင်းစုံကို ဖြတ်သန်းကျော်လွှားခဲ့ရသည်။
ဘဝနှင့်ရင်း၍ ငယ်စဉ်က ငါးရစ်ခုတ်ပွဲကို မြင်ယောင်မိသည်။
သို့သော်…..
လူသည် တိရစ္ဆာန်နှင့် ကွာခြားသည်က အမှန်။ အတ္တနှင့် ပရကို မျှတအောင်ပြု။ ပရအတွက် ဆောင်ရွက်ရင်း အတ္တအကျိုးစီးပွားလည်း ရယူခံစားနေရသည်။
လူနှင့်လူချင်း ချစ်ခင်ပေါင်းဖော်၍ လူ့အသိုင်းအဝိုင်းကို အောင်မြင်စွာ တည်ဆောက်နေကြသည်။
သို့သော်…
လူစာရင်းဝင် လူအချို့သည်ကား အစာလုပွဲကို ဆင်နွှဲကြဆဲပါကလား။
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ ဇူလိုင်လ ၂ဝဝ၂
– ပြီး –
စာရေးသူ – မင်းရိုးယဉ်
Uncategorized