July 31, 2025
Uncategorized

ဝါဆိုလပြည့်ည

ဖျာပုံလှမိုးနွယ်
ဝါဆိုလပြည့်ည

စောစောက မိုးဖွဲဖွဲရွာသည်။

ယခုတဖန် နေကလေး ပွင့်လာသည်။

သစ်ရွက်စိမ်းလေးများပေါ်မှ မိုးရေစက်ကလေးများသည် နေရောင်ဖြင့် တောက်ပနေသည်။ လေပြင်းဝှေ့တိုင်း သစ်ရွက်စိမ်းများသည် မိုးရေစက်ကလေးများအား ခါချကြသည်။

တောတခုလုံး တသောသော တဝေါဝေါ ဖြစ်သွားသည်။

မိုးတဖျောက်ဖျောက်တွင် ငြိမ်ကုပ်နေသော ငှက်များသည် လန့်ဖျတ်သွားရာမှ တကျီကျီ တကျာကျာ အော်မြည် ပျံဝဲကြသည်။

ကျော်လှသည် တောတခုလုံးကို ငေးမောကြည့်နေရာမှ သက်ပြင်းချလိုက်မိသည်။

ယနေ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်။

သို့ကြောင့် သူ့ရင်မှာ လှုပ်ရှားနေသည်။

လွန်ခဲ့သောနှစ် ဝါဆိုလပြည့်နေ့ကို သူ သတိရသည်။ နီအေး မျက်နှာကို မြင်ယောင်မိ၏။ သူ့ရင်မှာ ဆို့နစ်နေသည်။ ဆုံးရှုံးရခြင်းအတွက် ကြေကွဲဝမ်းနည်းစွာ ထိုင်းမှိုင်းညှိုးချုံးသွားသည်။ ရှက်ရွံ့စိတ်ကြောင့်လည်း သူ့မျက်နှာသည် ရှိန်းဖိန်းသွား၏။

ဝါဆိုလပြည့်နေ့တွင် ရွာမှ လူငယ်၊ လူရွယ်၊ မိန်းကလေး၊ ယောက်ျားလေးများသည် ရွာဝန်းကျင်ရှိ တောထဲ၌ အလေ့ကျ ပန်းများကို ကိုယ့်အစုနှင့်ကိုယ် ရှာဖွေခူးကြသည်။ သူတို့သည် လှေချင်း ပြိုင်လှော်ကြသည်။ စကြ၊ နောက်ကြ၊ သီချင်းဆိုကြနှင့် ပျော်ရွှင်ကြသည်။

ရွာထဲမှ အိမ်အတော်များများသည် မုန့်ဖက်ထုပ်၊ မုန့် လုံးရေပေါ်၊ ရွှေထမင်း၊ မုန့်လုံးကြီး စသည်ဖြင့် လုပ်ကြသည်။ ပန်းခူးလူငယ်တို့၏ လှေများသည် တအိမ်ပြီး တအိမ် ဝင်ကြသည်။ စားကြသည်။

အချို့လူငယ်များက သုံးနာရီခန့် လှေနှင့်သွားရသော အခြားကျေးရွာများသို့ ပန်းခူးထွက်ကြသည်။ အခြားရွာများမှလည်း လာကြသည်။

ပန်းခူးကြ မုန့်ဝင်စားကြနှင့် ပျော်ရွှင်စရာပင် ဖြစ်ပါ၏။

မနှစ်က ကျော်လှတို့လှေတွင် မိန်းကလေးသုံးယောက်ပါသည်။ ယောက်ျားလေးက သုံးယောက်ဖြစ်သည်။ ကျော်လှ ပဲ့ကိုင်သူဖြစ်သည်။ သူ၏ ‘ထထော်’ လှေကလေးသည် ရေခွဲကောင်းသဖြင့် အပြိုင်လှော်၍လည်း ကောင်းသည်။

ယောက်ျားလေးများနည်းတူ မိန်းကလေးများလည်း တက်တချောင်းစီဖြင့် လှော်ကြသည်။ သူတို့သည် ဝေလီဝေလင်းအချိန်မှစ၍ မုန့်လုပ်သောအိမ်များကို ဝင်ကာ စားလည်းစား၍ ပန်းခူးယင်း စားရန်အတွက်လည်း တောင်းယူကြသည်။

ဆွေမတော် မျိုးမစပ်ကြသော်လည်း အိမ်နီးချင်း တရွာတည်းသားများဖြစ်၍ မိန်းကလေးရှင်တို့က စိတ်ချလက်ချ သမီးမိန်းမပျိုများကို ထည့်လိုက်ကြသည်။ ကျော်လှ လှေတွင် ရွာ၌ အချောဆုံး အလှဆုံးဟု အများက ချီးမွမ်းကြရသည့် နီအေး ပါသည်။

သူမနှင့် ကျော်လှတို့မှာ တအိမ်သာခြား၍ နေထိုင်သူများ ဖြစ်သည်။

ဆရာတော်ကျောင်းတွင် စာသင်ကြစဉ်ကလည်း အတူတူဖြစ်သည်။ အသက်ချင်းလည်း အတူတူ ဖြစ်ပါသည်။ တဦးနှင့်တဦး ခင်မင်ရင်းနှီးမှုလည်း ရှိပြီးဖြစ်သလို မိဘချင်းလည်း ခင်မင်ကြပါသည်။

ကျော်လှ အပျော်ဆုံး ဖြစ်သည်။

နီအေး မျက်နှာလေးကို တိတ်တခိုးကြည့်ရသည်မှာ သူ့ရင်ထဲတွင် နွေးထွေးလှ၏။

နီအေး၏ မျက်လုံးရွဲကြီးများနှင့် လှစ်ကနဲ ဖြတ်ကနဲ အကြည့်တွင် သူ့ရင်သည် တသိမ့်သိမ့် လှိုက်ဖိုရပါ၏။

အားလုံးပင် ပျော်ရွှင်ကြပါသည်။ သို့သော် ကျော်လှ ပျော်သလို ပျော်ကြမည် မထင်ပါ။ လမပြည့်မီကပင် မိမိ ပန်းခူးထွက်မည့် လှေတွင် နီအေးပါလျှင် မည်မျှကောင်းမည်နည်းဟု စိတ်ကူးယဉ်ခဲ့မိသည်။

အဖိတ်နေ့ညနေတွင်မူ စိန်မှုံ မြရင်တို့နှင့်အတူ နီအေးက မိမိလှေတွင် လိုက်၍ ပန်းခူးပါရစေဟု ဆိုလာသည်။ ကျော်လှ ပျော်ရသည့်အဖြစ်မှာ ပြောမပြနိူင်အောင်ပင်။

အုံပုန်းချစ် ချစ်ရသူမှာ ကျော်လှ ဖြစ်သည်။ အချိန်အတော်ကြာကြာကပင် နီအေးကို ကျော်လှ ချစ်ခဲ့မိသည်။ ကြိတ်၍ ချစ်ပြီး ကြိတ်၍ ဆွေးခဲ့ရပါသည်။ နီအေး အလှကို ရမ္မက်ပျိုး၍ တိတ်တခိုး ငေးမောခဲ့ရပါသည်။ အချိန်ကြာလေ အချစ်ပိုလေ ပိုင်ဆိုင်ချင်လေ ဖြစ်သည်။

အစ မရှိဖူး၍ ခက်သည်။ သူ့ရင်ထဲမှ ခံစားချက်ကို စာနှင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ နီအေးကို ဖွင့်ပြောရန် သူ ရည်ရွယ်ခဲ့ပါသည်။ တအိမ်ကျော်တွင်နေပြီး တရွာတည်းသားတွေဖြစ်၍ အခြေအနေ အချိန်အခါသင့်ပေါင်း များပြီ။

အခွင့်အခါ ရပါလျက် ကျော်လှ ရည်ရွယ်ချက် မအောင်မြင်ခဲ့။ သတ္တိနှင့် ခွန်အားကို မွေးမြူ၍ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ဆေးမကူပဲလျက် နီပြေပြေနှုတ်ခမ်း ဖောင်းအိအိများ၊ စင်းကျနေသောနှာတံ၊ ဝိုင်းစက်ကြည်လင်၍ တောက်ပသောမျက်လုံးနှင့် ကျက်သရေရှိလှသော မျက်နှာကို မမှိတ်မသုံ ငေးမောယင်း သူ ရင်ခုန်ခဲ့ရသည်။ ဤအလှတို့၏ ရသကို သူ ခံစားလိုလှသည်။

ပြောမည်ဟု အားခဲခဲ့သော စကားလုံးများသည် လည်ချောင်းထဲတွင် ဆို့တစ်နေကြသည်။ ရေးထား သောစာရွက်ကို အိတ်ထဲက မထုတ်ဝံ့ဝံ့ ဖြစ်ရသည်။

မို့အိဖွံထွားသော ရင်နှင့် ကျဉ်သောခါး အစရှိသည်တို့နှင့် လိုက်လျောညီထွေ အလှစုံကို မျက်လုံးဝေ့ယင်းမှ သက်ပြင်းချကာ ခွာခဲ့ရသည့် အကြိမ်က များလှပြီ။

ကွယ်ရာတွင် မိမိကိုယ်ကို ကြိမ်ဆဲမိသည်။ ဆိတ်မိ၊ ထိုးမိသည်အထိ ဒဏ်ခတ်မိသည်။

တကယ်တော့ ရင်ထဲက သတ္တိမရှိပဲ သူ့ရုပ်ခန္ဓာသည် မည်သို့ လှုပ်ရှားဆောင်ရွက်ရပါမည်နည်း။

“အပိုင်ပဲ…. ဒီတခါတော့ အပိုင်ပဲ နီအေးရေ့….။ ငါ့ ရင်ထဲက အချစ်ကို ဖွင့်မပြောရမချင်း ရွာကို မပြန်ဘူးမှတ်။ ဒီတခါမှ မပြောဖြစ်ယင်လဲ… နောက်ပြောထွက်ဖို့ ပြောနိုင်ဖို့ အခွင့် ရချင်မှ ရတော့မယ်။ ရင်ထဲမှာ ရှိသလောက်ကို ပြောလိုက်မယ်။ နင့်ကို ပိုင်ဆိုင်ရယင်… ငါ့ဘဝမှာ ပြည့်စုံပါပြီဟာ”
ညကတည်းက တော်တော်နှင့် အိပ်မပျော်နိူင်အောင် အတွေးထဲတွင် ဝဲလည်နေယင်းမှ ကြိမ်းဝါးခဲ့သည်။ ထိုစဉ်ကတည်းက ဘာကြောင့်မှန်းမသိ။ သူ့ရင်မှာ ခုန်နေခဲ့၏။ အိပ်မက်ထဲတွင် သူသည် နီအေးကို ချစ်စကားပြောနိူင်စွမ်း ရှိပြီး နီအေး ကလည်း လက်ခံ တုံ့ပြန်ခဲ့သည်ဟု မြင်မက်ခဲ့၏။

မနက် အိပ်ရာအထတွင် မင်္ဂလာရှိသော အတိတ်နိမိတ်ဟူကာ ကြိတ်၍ ဝမ်းသာရ ပျော်ရသည်မှာ အရသာ ရှိလှပါသည်။ ထို့ထက် နှစ်ကိုယ်တူ ပေါင်းဖက်ကြရပါလျှင် နှိုင်းတုမမြင် ဖြစ်ရပါမည်။

သူတို့လှေသည် ရွှင်လန်းမြူးတူးစွာ ရွာမှ ထွက်ခဲ့ပြီး တောပန်းများကို ခူးကြသည်။ မိချောင်းပန်း၊ စလပ်ပန်း၊ စံဝယ်ပန်း စသည့် ပန်းမျိုးစုံကို တပျော်တပါး ခူးကြသည်။ ရွာနှင့် ခပ်ဝေးဝေး ရိုးခွဲလေးထဲ ဝင်ခဲ့ကြပြီး လူသူအရောက်နည်းသော ရိုးဖျားတွင် လှေချည်းထားခဲ့ပြီး သစ်ပင်၊ ချုံ နွယ်များကို တိုးဝှေ့တက်ခဲ့ကြသည်။

သူသည် နီအေးအရိပ်ကို ကြည့်၍ မနီးမဝေးမှ လိုက်ခဲ့သည်။

တနေရာတွင် နီအေးသည် ကနစိုပင်အိုကြီး တပင်ကို မော့ကြည့် မော့ကြည့် လုပ်နေသည်။ အခြား အဖော်များက မလှမ်းမကမ်း ရောက်နေသည်။

ကျော်လှသည် သူမဆီ ရောက်သွား၏။

“စလပ်ထော်နဲ့ သစ်ခွတွေ ပွင့်နေတယ်။ နင်… တက်နိူင်ယင် ခူးပေးပါလားဟင်”

တောက်ပသော မျက်လုံးလေးများနှင့် မော့ကြည့်၍ တောင်းပန်သလိုပြောသော သူမကို ငေးကြည့်ယင်း ကျော်လှ ခေါင်းညိတ်သည်။ ခါးတောင်းမြှောင်အောင်ကျိုက်၍ တဖက်မက လုံးပတ်ကြီးသော ကနစိုပင် အိုကြီးပေါ်သို့ နွယ်ပင်များကို ဆွဲ၍ တက်သည်။

ပုရွက်ဆိတ်နှင့် ခါချဉ်များက သူ့ကို ကိုက်ကြသည်။ သူ့ကိုယ်ကို ပွတ်သပ်ယင်းပင် သူသည် ဆယ့်နှစ်တောင်ခန့် မြင့်သော ကိုင်းမကြီးပေါ် ရောက်လာသည်။ နီအေးက အောက်မှ လည်ကလေး တမော့မော့နှင့် ကြည့်ယင်း လက်ညှိုးလေးနှင့်ညွှန်ကာ ပြပေးသည်။ သူသည် တွေ့သမျှ သစ်ခွမျိုးစုံကို ခူးသည်။ နီအေးဆီသို့ ပစ်ချပေးသည်။

လှပသော လက်ချောင်း ဖွေးဖွေးတုတ်တုတ်ကလေး များနှင့် နီအေးသည် သစ်ခွပန်းများကို ရင်ခွင်တွင် ပိုက်ပွေ့ထား၏။ သူမ၏ ရင်ခွင်မှ ပန်းကလေးများသည် လှပ၏။ လူမနီး တောထဲတွင် ပုန်းလျှိုးပွင့်နေသော ပန်းများက အရောင်အသွေးမျိုးစုံနှင့် လှကြပါသည်။

သို့သော် ဖြူဝင်းလှပသော နီအေး အလှကိုမူ မမီကြပါ။ သူမရင်ခွင်မှ ပန်းကလေးများနှင့် အလှချင်းယှဉ်လိုက်သလိုပင် ရှိနေရာ နီအေး မျက်နှာလေးသည် ပို၍ အလှသွေးကြွနေပါသည်။ သစ်ခွပန်းတို့ အလှက မှေးမှိန်သွားလေပြီ။

ခါးတောင်းကျိုက်ကိုပင် မဖြုတ်နိုင်သေးပဲ ကျော်လှသည် အားတင်း၍ နီအေး မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်သည်။ နီအေးက တောက်ရွှန်းသော မျက်လုံးကြီးများကို ရင်မဆိုင်ဝံ့သလို လွှဲဖယ်လိုက်သည်။

မနီးမဝေးဆီမှ ချုံတိုးသံ၊ ရယ်မောသံ၊ ပန်းလုသံများကို ကြားနေရသည်။ ငှက်ကလေးများက သူတို့ဝန်းကျင်တွင် အော်မြည်ပျံသန်းနေ၏။ မိုးဖွဲနုကလေးများ ကျလာသည်။

“နီအေး”

“ဟင်”

ကျော်လှ ခြောက်ကပ်ကပ် ခေါ်လိုက်သည်။ နီအေးက ဖြတ်ကနဲ မော့ကြည့်ယင်း အသံပြုသည်။ ရှေ့ကို လှမ်းထွက်ရန်လည်း ဟန်ပြလိုက်၏။

ကျော်လှက သူမရှေ့မှ ကာဆီးရပ်လိုက်သည်။ သူ့အပြုအမူကြောင့် ကိုယ်ကလေး တွန့်ကာ နီအေးက မော့ကြည့်သည်။

“နေပါအုံးဟာ… နင့်ကိုငါ စကားနည်းနည်း ပြောပါရစေ။ ငါလေ… မနှစ်ကတည်းက နင့်ကို ချစ်နေမိတယ်။ ဖွင့်ပြောဖို့ အကြိမ်ကြိမ်ပါပဲဟာ။ ကြိုးစားပေမယ် မပြောဖြစ်ခဲ့ဘူး။ စာလဲ မပေးခဲ့ဘူး။ ငါ သတ္တိမရှိလို့လေ။ နင့် အနားရောက်ယင်… ဘာမှ မလုပ်ဝံ့၊ မပြောဝံ့ပဲ လှည့်ပြန်ခဲ့ရတာချည်းပဲ။

ခုတော့ ငါ မအောင့်နိုင်လွန်းလို့ ပြောဖြစ်သွားပြီ။ နင့်ကို ငါ ချစ်ခဲ့တာ ကြာပြီဟ။ ငါ့စိတ်ထဲမှာ နင့်ကိုပဲ အမြဲတွေးနေမိတယ် … သိသား။ အဲ့ဒါ နင့်သဘောထားကို သိချင်လို့ပါ”

ပြောထွက်မိပြန်တော့လည်း ကျော်လှ ပါးစပ်ထဲမှ စက်သေနတ်ပစ်သလိုပင် ဆက်တိုက် ထွက်သွား၏။ သူ့ရင်ထဲတွင် ပေါ့သွား၏။ တဖန် ပြန်ပေးမည့်အဖြေကို မရဲတရဲစောင့်ယင်း ရင်ခုန်နေရပြန်သည်။

မျှော်လင့်မထားသော စကားကြောင့် နီအေး မျက်နှာလေးသည် နီမြန်းသွား၏။ မျက်တောင်မခတ်ပဲ တအံ့တဩ ငေးမောကြည့်ယင်း ပါးစပ်ကလေး ပွင့်ဟနေသည်။ ဖြူဖွေးညီညာသော သွားကလေးများကိုပင် မြင်လိုက်ရသည်။

“ပြောပါဦး နီအေးရာ…။ နင့်သဘောထားကို ပြောပါဦး”

အားမလို အားမရနှင့် မေးရင်း ကျော်လှသည် နီအေး လက်မောင်းလေးကို ဆုပ်ထားလိုက်မိသည်။ နီအေးက အထိတ်တလန့် သူ့လက်ကို ဖယ်ချလိုက်သည်။

“မကြောက်ပါနဲ့ဟာ…. ငါ နင့်ကို ဘာမှမလုပ်ပါဘူး။ ချစ်မိတဲ့အကြောင်းပဲ ပြောတာပါ”

“နီအေးရေ…. ဟေး…. နီအေး…. အံ့မယ်”

ကျော်လှ ရင်မှာ ဖိုလှိုက်သွားသည်။ အသက်ရှူရပ်သွားသည်ဟု ထင်မိ၏။ သူ့မျက်လုံးကို ချက်ချင်း လွှဲပစ်လိုက်မိသည်။

စိန်မှုံ နှင့် မြရင်သည် ချုံကွယ်မှ ဘွားကနဲ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး၏ အခြေအနေကို သူတို့ မြင်တွေ့သွားကြပြီ။

နီအေးသည် စိန်မှုံတို့ဆီသို့ ခေါင်းလေးငုံ့ကာ ပြေးသွားသည်။

ကျော်လှသည် သူတို့ဆီသို့ မရဲတရဲ ကြည့်လိုက်သည်။ စိန်မှုံသည် ခပ်ထေ့ထေ့ကြည့်ကာ ပြုံးနေ၏။ မြရင်က နှုတ်ခမ်းစေ့၍ ခစ်ကနဲ ကြိတ်ရယ်သည်။

နီအေးသည် ခေါင်းလေးငုံ့ယင်းနှင့် စိန်မှုံ နှင့် မြရင် ကို လက်သီးဆုပ်ကလေးနှင့် လိုက်ထုနေသည်။

ဤမြင်ကွင်းကြောင့် ကျော်လှ မျက်နှာသည် ပူထူရှိန်းဖိန်းနေသည်။ သူသည် ဆတ်ကနဲလှည့်၍ လှေဆီဆင်းခဲ့သည်။
သူနှင့် နီအေး အဖြစ်ကို အဖွဲ့သားအားလုံး သိသွားကြသည်။ ကြိတ်၍ရယ်ကြ၊ ပြုံးကြသည်။

နီအေးနှင့် ကျော်လှမှာ မျက်နှာမထားတတ်၊ မနေတတ်၊ ရင်မောကြရပါသည်။

ကြိုက်မရှက်ဟူသော ထုံးကို နှလုံးမူ၍ ဖြေသိမ့်ယင်း ကျော်လှသည် ရင်ဖိုဖိုနှင့် ပြုံးခဲ့မိပါ၏။

X X X X X X X X X

အတွေ့အကြုံမရှိရှာ၍ ရှက်ပေမည်။ ကျော်လှ စာနာမိပါ၏။

ရှက်လွန်းတော့လည်း စကားဆိုရန် ခက်ရှာပေမည်။ကျော်လှ ဖြေသိမ့်မိပါ၏။

တရွာတည်းနေ တရေတည်းသောက် အသက်ရွယ်တူ ကစားဖက်သူငယ်ချင်းတွေ ဖြစ်ခဲ့သော်လည်း အရွယ်နှင့် အသိက နှလုံးသား၏ ဆန္ဒကို ဖြစ်စေသည်။ ဆန္ဒ၏လှုံ့ဆော်မှုဖြင့် ချစ်ရေးဆိုခဲ့မိပါသည်။ သူ့လိုယောက်ျားတယောက်အနေနှင့်ပင် နှစ်ချီ၍ အကြိမ်ကြိမ်ကြိုးစားပါမှ ရင်ထဲမှစကားကို ပြောထွက်ခဲ့သည်။

ဣန္ဒြေနှင့် အရှက်ကို သိုသိပ်လုံခြုံစွာ ထိန်းသိမ်းထားရမည့် မိန်းမသားအနေနှင့်မူ ရင်ထဲကဆန္ဒကို ပို၍ ထုတ်ဖော်ပြောရခက်ပါမည်။ အထူးသဖြင့် သူ့လိုပင် ချစ်နေမိပြီဆိုလျှင် ပို၍ အပြောရခက်ရှာပေလိမ့်မည်။ အချိန်ပေး၍ စောင့်ရဦးမည်ဟု ကျော်လှသည် ကိုယ့်အယူအဆနှင့်ကိုယ် တွက်ဆနေမိသည်။

ခူးလာသောပန်းများကို ရွာဦးကျောင်းတွင် ကပ်ကြရာ၌ နီအေး ပါမလာတော့။ ရွာထဲ အသွားအလာလည်း မမြင်ရ။ အရိပ်အခြည် စောင့်ကြည့်နေသော ကျော်လှမှာ ရင်မအေး ဖြစ်လာရသည်။ တခုခုဖြစ်လေသလားဟု သူ စိုးရိမ်မိသည်။

သို့သော် ဆန္ဒအဘိုင်း စောင့်မကြည့်နိုင်။ ဖခင်နှင့်အတူ သမ္ဗာန်တစင်းနှင့် တောထွက်ခဲ့ရသည်။ တောဝင်တခေါက်မှာ ခုနစ်ရက် ရှစ်ရက်ကြာသည်။ စိတ်မပါလက်မပါနှင့် သူ လိုက်ခဲ့ရသည်။

တောကအပြန်တွင်မူ နီအေးနှင့် ပတ်သက်သော သတင်းကို တဆင့်စကား ကြားရသည်။

အနောက်ပိုင်းမှ ရွှေတင်နှင့် လူကြီးချင်း နားဖေါက်ထားခဲ့ပြီးဖြစ်၍ လာမည့်သီတင်းကျွတ်တွင် တောင်းယူမည်ဖြစ်သည်။

ကျော်လှသည် ကြားရသောသတင်းကြောင့် ရင်ဆို့မိသည်။ ရှက်မိသည်။

စိန်မှုံ၊ မြရင်နှင့် အခြားသူငယ်ချင်းတို့၏ မျက်နှာကို မကြည့်ဝံ့သလို မျက်နှာပူသည်။ ဤရွာတွင် သူ မနေချင်တော့။ နီအေးကို တွေ့ရမည်ကိုပင် ရှက်မိသည်။ အားလုံးကို ရှက်မိပါသည်။

သူ့ဆန္ဒအတိုင်းပင် ဖြစ်လာသည်။ တောထဲတွင် ရက်ရှည်ဆွဲ၍ သစ်ခုတ်ရန် စီစဉ်သည်။ တောထဲတွင် ပင်တိုင်ကိုနေ၍ သစ်ခုတ်ရောင်းချခဲ့ကြသည်။

သူသည် ရွာကို တခေါက်သာ ပြန်ခဲ့သည်။ ပင်တိုင်အခြေပြုတ်၍ ရွာပြန်ရန် ဖခင်က စီစဉ်သည်ကိုပင် သူက စီးပွားရေးအကြောင်းပြလျက် တွက်ပြကာ
တောထဲမှာပင် နေထိုင်လုပ်ကိုင်ရန် ဆွယ်ခဲ့သည်။

အလုပ်လုပ်ရမည်ဆိုလျှင် သဘောတွေ့နေတတ်သော ဖခင်သည် သူ့အဆိုအတိုင်းပင် တောထဲ၌ ပင်တိုင်နေ၍ သစ်ခုတ် သစ်ခွဲ စသည်ဖြင့် ဆက်လက်လုပ်ကိုင်နေသည်။

သီတင်းကျွတ်တွင် နီအေးနှင့် ရွှေတင် မင်္ဂလာဆောင်ကြကြောင်း ရွာမှလာသူတို့ထံမှ ကြားရသည်။ ထို့ပြင် ရွှေတင်သည် မိဘများနှင့် စီးပွားခွဲကာ ရေလုပ်ငန်း လုပ်ကိုင်ကြောင်းပါ သိရသည်။

သူ ဘာမျှ မကြားချင်ပါ။ မသိချင်ပါ။ ကြိတ်၍ ဆွေးမြေ့ရခြင်း ရှက်ရခြင်း ဝေဒနာသည် ပို၍ပို၍ ပြင်းထန်တတ်ပါသည်။

နီအေးသည် သူ့လင်နှင့် လက်ချင်းယှက်တွဲယင်း သူမကို သူ ချစ်ရေးဆိုခဲ့ပုံအား သရော်သံနှော၍ ပြောချင်ပြောနေမည်။ နှစ်ဦးသား သူ့ကို ပြက်ရယ်ကာ အောင်မြင်စွာ ဟားတိုက်နေကြမည်သာ ဖြစ်သည်။

အရှက်ကြီးသော ကျော်လှသည် ကြိတ်၍ တက်ခေါက်မိ၏။ ရှက်ဒေါသနှင့် ဝန်တိုစိတ်တို့လည်း ထပ်ဆင့်လာမိ၏။ သင်းတို့နှစ်ဦးကို စိစိညက်ညက်ချေပစ်ချင်စိတ်များပင် ပေါက်မိ၏။

“ဒီ ဝါဆိုလပြည့်တော့ မင်း မပြန်ချင်လဲ နေပေါ့။ အဖေတော့ ဥပုသ်သီတင်းလေးစောင့်ယင်း ရွာပြန်အုံးမယ်ကွာ”

ဖခင်က ဤသို့ပြောသည်။ ကျော်လှ ခေါင်းညိတ်၏။ သူကမူ မပြန်လိုပါ။ ဖခင်က သူ့ကိုပါ ပြန်စေချင်သည်။ အလုပ်လုပ်ချိန် လုပ်၍ အခါရက်မြတ်တွင် အနားယူ၍ ကောင်းမှုကိုဖြစ်စေ လူငယ်ဓလေ့အတိုင်း ပျော်ပါးချင်က ပျော်ပါးစေလိုပါသည်။ နှစ်စဉ် ကျောလှသည် လှေတစင်းနှင့် သူငယ်ချင်းများတင်ကာ ပန်းခူးထွက်နေကျဖြစ်ပါသည်။

“မပျော်ချင်ပါဘူး အဖေရာ။ ကိုယ့်အလုပ်နဲ့ကိုယ် အေးအေးပဲ နေတော့မယ်။ အဖေ ပြန်ချင်ပြန်ပါ။ အဖေါ်တဲလဲ ရှိသားပဲ။ ကျွန်တော် နေခဲ့ပါ့မယ်”

ပြောမရ၍ သူ့ဖခင်က ဆက်မပြောတော့။

လပြည့်ပင် မရောက်ပါ။ ဖခင်ကြီး အပြင်းဖျားသဖြင့် ကျော်လှ ရွာပြန်ပို့ရသည်။ သမ္ဗာန်နှင့် သစ်များကို မလှမ်းမကမ်း၌ အတူလုပ်ဖတ်ဖြစ်သော တဲတွင် အပ်ခဲ့ရသည်။ ရွာအရောက်ပို့ပြီးမှ သူ ပြန်ခဲ့သည်။

အသွားမှာ ညဘက်ဖြစ်၍ အပြန်မှာ မနက်ပိုင်း ဖြစ်သည်။ မတွေ့လိုမှ ဆုံခဲ့ရသည်။ ရွာနှင့် အတော်လှမ်းလှမ်း ချောင်းကမ်းနံဘေး ပိုက်တဲအသစ်၌ ရွှေတင်နှင့် နီအေးကို တွေ့ရသည်။

တွေ့တွေ့ချင်း သူတို့နှစ်ဦးက နှုတ်ဆက်မလို ဟန်ပြင်ကြသေးသည်။ ကျော်လှက မမြင်ဟန်ပြုကာ လှေကို ဆက်ခတ်ခဲ့သည်။ သူတို့သည် တဦးနှင့်တဦး အဓိပ္ပာယ်ပါပါ ပြုံးယင်း ကျန်ရစ်ကြပေမည်။ ကျော်လှ အရှက်က ငယ်ထိပ်တက်သွားပြန်သည်။ တဲရောက်သည်အထိ၊ သူ့မှာ တကိုယ်လုံး ရှိန်းဖိန်းနေသေး၏။

X X X X X X X X X

ယနေ့ ဝါဆိုလပြည့်နေ့ ဖြစ်သည်။

လွန်ခဲ့သောနှစ်က ဤနေ့တွင် နီအေးကို ရင်ထဲမှ စကားများ ပြောခဲ့မိသည်။ တဘက်သတ် စွဲလမ်း၍ အချစ်ကြီးမိသလောက် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ မိသည်။

သို့သော်… အရှက်ကြီး ရှက်ကာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

“အဖြေကတော့ ရှာရမှာ ပေါ့လေ။ အင်း… အဖြေ… အဖြေ”

တဲကလေးမှာ တိတ်ဆိတ်နေသည်။ သက်ရှိဟူ၍ သူတယောက်သာ ရှိသည်။ သူ လှုပ်ရှားလျှင် လှုပ်ရှား၍ သူငြိမ်သက်လျှင် တဲကလေးလည်း ငြိမ်သက်နေ၏။

ပတ်ဝန်းကျင်မှ သစ်ပင်ချုံနွယ်များသည် လေတိုက်စဉ်ခဏသာ မအီမသာဟန်နှင့် လှုပ်ရှားသွားပြီးနောက် ရင့်ကျက်သော ဣန္ဒြေကြီးများနှင့် သူ့ကို စူးစူးစိုက်စိုက် အကဲခတ်သလို ငြိမ်သက်သွားကြ ပြန်သည်။

“ကိုယ့်မှ မချစ်တာ။ သူ့ကို စွဲလမ်းနေလို့ အပိုပေါ့။ ပြီးတော့ သူ့မှာ သူချစ်တဲ့ လင်နဲ့။ ငါ ဘာမှ စိတ်ဆင်းရဲနေစရာ မလိုဘူး။ ဖြေနိုင်ပါတယ်။ ခက်တာက ရှက်တာ၊ သိပ်ရှက်ဖို့ ကောင်းတယ်။ တသက်သုံး မအူမလည်နဲ့ သွားစကားပြောမိတာ ပြောလို့ဆုံးကြမှာ မဟုတ်ဘူး။ အဲဒါကို ဖြေဖျောက်လို့ မလွယ်ဘူး။ ရွာထဲကလူတွေကလဲ သိနေကြဘာပဲ”

ကျော်လှသည် တီးတိုးရေရွတ်ယင်း သက်ပြင်းချလိုက်ပြန်သည်။ သူ့ခေါင်းထဲသို့ အတွေးတခု ဝင်လာသည်။ မျက်မှောင်ကြုတ်၍ ဝင်လာသောအတွေးကို ပြန်လည်သုံးသပ်သည်။

ရုတ်တရက် မိုးက ဝေါကနဲ ရွာချလိုက်သည်။ လေပြင်းပါ ပါလာ၍ သစ်ပင်ကြီးများ ယိမ်းထိုးနေကြသည်။ အနောက်လေနှင့် မိုးစက်များက ကျော်လှကိုယ်ပေါ် ကျလာသည်။ သူသည် နေရာမှထ၍ အိပ်ရာထက်တွင် လှဲချလိုက်သည်။

တရက်၊ နှစ်ရက်၊ သုံးရက်။

အတွေးနောက်တွင် နစ်မျောနေခဲ့မိသည်။ နောက်ဆုံး အတွေးမှတဆင့် ဆုံးဖြတ်ချက်ကို အခိုင်အမာ ချလိုက်၏။ သူ့မျက်နှာသည် တင်းမာသွားသည်။

X X X X X X X X X

မိုးကလေး တဖြောက်ဖြောက် ရွာနေသည်။

ကျော်လှသည် လှေကလေးကို ရေအစုန်မျှော၍ လှော်ခဲ့သည်။ ညဉ့်ဘက်ထွက်၍ အစာရှာနေကြသော ငှက်များ လန့်ပျံကြသည်။

မနီးမဝေး ချုံနံဘေးမှ၊ မိကျောင်းတကောင်၏ အစာဟပ်ဖမ်းသံ “ဖြောင်” ကနဲ အသံထွက်လာသည်။ သူသည် ခါတိုင်းအချိန်များသာဆိုလျှင် နောက်ကြောင်းကို ဖြစ်စေ၊ အဝေးနိုင်ဆုံး ဝေးကွာသည့် နေရာမှဖြစ်စေ၊ ရှောင်ကွင်းသွားမည်သာဖြစ်သည်။

ယခုမူ ပခုံးတချက်ကိုသာ တွန့်ရုံ တွန့်လိုက်ပြီး အရေးမစိုက်ဟန်နှင့် သူ့လှေဦးတည်ရာအတိုင်း လှော်သွားသည်။ မိကျောင်းတို့က လှမ်းကြည့်ကျန်ရစ်ကြပေမည်။

ရွှေတင်နှင့် နီအေး မျက်နှာကို မြင်ယောင်နေသည်။ သူတို့သည် ချစ်ခင်ယုယစွာ ရှိနေကြပါမည်။ ကျော်လှက နာကျည်းဟန်နှင့် ပြုံးလိုက်သည်။ ခပ်လှမ်းလှမ်း ကမ်းနံဘေးမှ ကန့်ပလာပင်ကြီးကို မျှော်ကြည့်လိုက်သည်။

သူသည် လှေကို ပို၍ ငြိမ်သက်တိတ်ဆိတ်စွာ လှော်သွားသည်။ ကန့်ပလာပင်ကြီးအနီးအရောက် တွင်ကား သူ့မျက်လုံးကို အစွမ်းကုန်အားစိုက်၍ အမှောင်ထဲတွင် ကြည့်သည်။ အကဲခတ်သည်။ ပိုက်တဲအသစ်ကလေးသည် ငြိမ်သက်နေပါသည်။

ကျော်လှသည် ရေတဝက် ကုန်းတဝက် ဆောက်လုပ်ထားသော ပိုက်တဲရေဆင်းတံတားတွင် သူ့လှေကို အရှိန်သတ်လိုက်သည်။ ထို့နောက် သူ့ခြေထောက်အနီးတွင် ရှိနေသော ဆောင်ဓားရှည်ကို ဆွဲယူ၍ လှေဦးဆီလာသည်။ လှေကြိုးကို မှတ်မှတ်ရရနှင့် အလွယ်တကူ ဖြေနိုင်ရန် တံတားတိုင်တခုတွင် ချည်ခဲ့သည်။

တံတားရင်းတွင် မကြာမီက ဖော်၍ သိမ်းထားသော ပိုက်နှင့် ပိုက်ကိရိယာများကို တွေ့ရသည်။ ရွှေတင်တို့ အိပ်ကြသည်မှာ မကြာသေးကြောင်း သူ နားလည်လိုက်သည်။

သူသည် ခြေသံမမြည်စေရန် ဂရုစိုက်ယင်းက တဲကလေးအတွင်းသို့ လှမ်းကြည့် အကဲခတ်လိုက်သည်။ ယောက်ျားတယောက်၏ ခပ်မျှဉ်းမျှဉ်း အသက်ရှူသံကို ကြားရသည်။

သူသည် တံစက်မြိတ်အောက်သို့ ငုံ့ဝင်လိုက်သည်။ သူ့ခြေထောက်က တစုံတခုကို တိုက်မိသွားသည်။ တောင်းတခု၏ ရွေ့လျားသွားသံပင် ဖြစ်သော်လည်း မိုးချုန်းသံအလား သူ့မှာ တုန်လှုပ်သွားသည်။

သူ့လက်တွင်းမှ ဓါးကို ကျစ်ကျစ်ဆုပ်ယင်း ရွှေတင်တို့ အိပ်နေမည်ထင်သော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

မည်သည့်လှုပ်ရှားမူမှ မရှိ။ ခပ်မျှဉ်းမျှဉ်း အသက်ရှူနေဆဲ ဖြစ်သည်။ သူ့ရှေ့တွင် ရှိနေသော ပုစွန်တောင်းနှစ်တောင်းကို သူ မြင်လိုက်သည်။ တတောင်းကို ခွကျော်လိုက်သည်။

ပုစွန်တဝက်ခန့်ရှိသော နောက်တောင်းကို ခွကျော်ရန် ဟန်ပြင်လိုက်သော်လည်း သူ့ခြေမှာ လှုပ်ရှားမရ ဖြစ်သွားသည်။ စောစောက ပုစွန်တောင်းသည် တိုင်တတိုင်၏ဘေးတွင် ကပ်ထားသည်ဟု ထင်သည်။ တောင်းကိုကျော်ရန် ဟန်ပြင်လိုက်စဉ်တွင် တိုင်သည် ရုတ်တရက် လှုပ်ရှားလာသည်။

သူက အသက်ကို အောင့်ထားပြီး နောက်သို့ ယို့လိုက်သည်။ စောစောက တိုင်တတိုင် ထင်နေသော်လည်း တိုင်မဟုတ်ပါ။ ထုတ်တန်းကို အမြီးနှင့် ပတ်ထားပြီး တောင်းနှုတ်ခမ်းပေါ်တွင် ခေါင်းတင် ထားသော မြွေကြီးတကောင် ဖြစ်နေပါသည်။

တောင်းနှုတ်ခမ်းပေါ်တွင် တင်ထားသော ခေါင်းသည် ရုတ်တရက် မြင့်တက်၍ သူ့မျက်နှာရှေ့သို့ ဝေ့ဝဲလာသည်။ ကျော်လှသည် အသံကုန် မဟစ်အော်မိအောင် မနည်းကြိုးစား၍ စိတ်ထိန်းထားလိုက်ရသည်။ သူ၏ လက်မောင်းသာသာမျှ ရှိမည်ဖြစ်သော မြွေကြီးသည် သားကောင်ကို အမိအရ လိမ်ပတ်ဖမ်းရန် သူ့မျက်နှာဆီ တိုးကပ်လာသည်။ မျက်လုံးတို့သည် တောက်ပြောင်နေ၏။

ကျော်လှက ဘေးကို ခုန်ထွက်ယင်း လက်ထဲမှ ဓါးနှင့် တအား ပိုင်းချပစ်လိုက်သည်။

” ဝုန်း… ဝုန်း… ဝုန်း”

ဝါးကြမ်းခင်းများမှာ တဝုန်းဝုန်း မြည်သွားသည်။
လည်ပင်းဆီသို့ လိမ်ပတ်ရန် အားယူလိုက်စဉ် ခုန်ထွက်၍ ပိုင်းချလိုက်သည်နှင့် တဆက်တည်းပင် ကျော်လှ ကိုယ်ပေါ်သို့ မြွေကြီး၏ တကိုယ်လုံးသည် ပြုတ်ကျလာသည်။ သူသည် အားနှင့် ခုန်လိုက်သော်လည်း နိမ့်သောအမိုးနှင့် တိုက်လျက် နေရာမှ ရွေ့ရုံမျှ ပြန်ကျစဉ်၊ ခုတ်ပိုင်းလိုက်သည့် အရှိန်နောက် ပါသွားယင်း မြွေကြီးကိုယ်လုံးက သူ့ပေါ် ဖြုန်းကနဲ ကျလာပြီး လိမ်ပတ်လိုက်သည်။ သူ၏ ဓားကိုင်လက်နှင့် ကိုယ်အထက်ပိုင်းကို တင်းကျပ်စွာ အထပ်ထပ်ပတ်မိနေသည်။

သူသည် အသက်ရှူကျပ်လာသည်။ လှုပ်ရှားရုန်းကန်နိုင်သည်မှာ ခြေနှစ်ဘက်သာ ဖြစ်သည်။ အားရှိသမျှ ရုန်းကန်နေရသဖြင့် တဲကလေးမှာ တသိမ့်သိမ့်ခါ၍ ကြမ်းခင်းများ တဝုန်းဝုန်းမြည်နေသည်။

ထိုအချိန်တွင် ရုတ်တရက် အားကောင်းသော လက်နှိပ်ဓာတ်မီးအလင်းရောင်သည် သူ့ကိုယ်ပေါ် ကျ လာသည်။

ကျော်လှ မျက်လုံးများ ကျိန်းစပ်သွား၏။

“ဟာ… ကျော်လှ… ကျော်လှပါလား”

“ဟော တော်”

အသံများကို သူ မှတ်မိပါသည်။

“နီ … မီးခွက်ထွန်းစမ်း… မြန်မြန်”

ချက်ချင်းပင် အားကောင်းသော ရေနံဆီမီးခွက်ကြီးကို ထွန်းပြီးဖြစ်သည်။

ရွှေတင်သည် ကျော်လှကိုယ်ပေါ်မှ မြွေကြီးကို တိုင် တတိုင်တွင် ဆွဲပတ်ယင်း မြွေ၏ ကိုယ်လုံးအပတ်များ လျော့သွားအောင် ခက်ခဲပင်ပန်းစွာ ကြိုးစားနေသည်။ အံ့ဩထိတ်လန့်ဟန်နှင့် ကြည့်နေသော နီအေးပါ တွန့်လိမ်၍ အပြီးသတ် ခွန်အားရှိသမျှနှင့် မိရာကို သဲသဲမဲမဲ လိမ်ပတ်နေသော မြွေကြီးကို ရွှေတင့်ဘက်မှ ကူဆွဲနေသည်။

ကျော်လှသည် အားပျော့လာသော မြွေကြီးကိုယ်လုံးကို ဖြေ၍ ရုန်းထွက်လိုက်သည်။

သူ့မှာ မောနေ၍ ရုတ်တရက် စကားမပြောနိုင်သေး။ သူ့လက်ထဲမှ ဆောင်ဓားကို မီးခွက်ကြီးနံဘေးသို့ ပစ်ချယင်း အသက်ကို အားပါးတရ ရှူနေသည်။

မြွေကိုယ်လုံးကြီးသည် တွန့်လိမ်၍ တဲတိုင်ကို ပတ်နေဆဲဖြစ်သည်။ မြွေခေါင်းကြီးမှာ ခေါင်းရင်းထရံနံဘေးတွင် ကျနေ၏။

“သူငယ်ချင်း… ဘယ်တုန်းကရောက်ပြီး ဘယ်လိုဖြစ်ရတာလဲ”

ရွှေတင်က မောဟိုက်စွာ အသက်ရှူယင်း မေးသည်။

နီအေးသည် သူ့အနီးတွင် ရပ်နေ၏။

သူ့တို့ ကိုယ်ပေါ်တွင် သွေးများ ပေလူးနေသည်။

ကျော်လှသည် လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ သူ ဘာပြောရမည်နည်း။ သူ့ဆုံးဖြတ်ချက်၊ သူ့ရည်ရွယ်ချက်များကို သူ ပြန်တွေးလိုက်မိသည်။ ဝန်တိုမစ္ဆေရစိတ်ကို အရှက်ကြီး ရှက်မိသည်။

ရွှေတင်နှင့် နီအေးတို့၏ အကြည့်ကို ရင်မဆိုင်ဝံ့သလို ခေါင်းငုံ့လိုက်သည်။

“ကျွန်မတို့ ပုစွန်တွေ ပျောက်တာ နှစ်ရက်ရှိပြီ။ လက်စသတ်တော့ ဒီမြွေကြီး လာခိုးစားနေတာကိုး။ တော်ပါသေးရဲ့၊ အစ်ကို ကျော်လှကြောင့် သေသွားပြီ။ နို့မို့ယင် တနေ့ လူကိုပါ ရန်ရှာမှာ။ အစ်ကို ကျော်လှကို ကျေးဇူးတင်လိုက်တာရှင်….”

ကျော်လှက သက်ပြင်းချယင်း ဖြတ်ကနဲ ကြည့်လိုက်သည်။

“ကျေးဇူးတင်မနေပါနဲ့ဟာ။ ငါ့ကို အပြစ်သာ ပေးကြပါ။ သက်ဆိုင်ရာကို သေကြောင်းကြံစည်မှုနဲ့တိုင်ပြီး အပြစ်ပေးချင်ပေး၊ ဒါမှ မဟုတ်ယင်လဲ အဲဒီဓားနဲ့ ငါ့ကို ခုတ်သတ်ကြပါ။

စောစောက ဟောဒီ စပါးကြီးမြွေကြီး ငါ့ကို သတ်နိူင်ခဲ့ယင် သိပ်ကောင်းမယ်။ ခုတော့… ငါ့အဖို့ တရှက်က နှစ်ရှက် ဖြစ်ရတယ်။

ငါ… ငါလေ နင်တို့ နှစ်ယောက်ကို နုပ်နုပ်စဉ်း သတ်ဖို့လာတာဟ၊ သိလား…..”

ကျော်လှက ဝမ်းနည်းဆို့နင့်စွာ ပြောသည်။ ရွှေတင်နှင့် နီအေးတို့ အထိတ်တလန့်နှင့် အံ့ဩတုန်လှုပ်စွာ သူ့ ကို မော်ကြည့်မိသည်။ သူသည် ရှက်ခြင်း ဝမ်းနည်းခြင်း၊ နောင်တရခြင်းတို့ဖြင့် အံကြိတ်ယင်း မျက်လွှာချထား၏။

“သူငယ်ချင်း၊ ဘာတွေပြောနေတာလဲကွာ။ ငါတော့…. မင်းပြောတာ သဘောမပေါက်ဘူး။ မင်းနဲ့ငါ ရန်ကြွေးလဲ မရှိခဲ့ဖူးဘူး။ နီ အနေနဲ့လဲ ရန်ငြိုးရှိမယ် မထင်ပါဘူး”

“အေး… ဒါပေမယ့် ငါက အချစ်ငြိုးဖွဲ့ခဲ့မိတယ်။ ငါ မှားပါတယ်ကွာ။ နီအေးအပေါ် ငါ တဘက်သတ်ချစ်ပြီး မတော်တာ ကြံခဲ့မိပါတယ်”

ရွှေတင်နှင့် နီအေးက တအံ့တဩ ငေးမောနားထောင်သည်။

“ဖြစ်ရလေကွာ….”

“ကျွန်မ အစ်ကို ကျော်လှအပေါ် အစ်ကိုလို သဘောထားခဲ့ပါတယ်။ ဖြစ်ခဲ့တာတွေ အမှတ်လဲ မရတော့ပါဘူး။ ဘယ်သူကမှလဲ ဒီကိစ္စကို သတိမရကြတော့ ပါဘူးရှင်….”

“ဒါပေမယ့် တဘက်သတ် ချစ်၊ တဘက်သတ် တွေး၊ တဘက်သတ် ဆုံးဖြတ်ပြီး ငါ ကြံစည်မိခဲ့တယ်။ ဒီတော့ အရေးယူကြပါ။ ငါ့ကို ဝန်တိုမစ္ဆေရစိတ်အတွက် အပြစ်ပေးကြပါ”

ကျော်လှ အသံက ဆို့နစ်အက်ကွဲနေသည်။

“အို… မဟုတ်တာကွာ။ တို့ဟာ တရွာတည်းနေ ညီအစ်ကို မောင်နှမတွေပါ။ မင်း တဘက်သတ်တွေးပြီး အရှက်လွန်တာပါ။ တကယ်တော့ လွတ်လပ်တဲ့ ယဘဝမှာ ချစ်စကား ကြိုက်စကား ဘယ်သူမဆို ပြောပိုင်ခွင့်ရှိပါတယ်။ ပြီးတော့… ရည်းစားတထောင် လင်ကောင်တယောက်လို့တောင် ဆိုသေးတာပဲ။

စကားပြောယင်း လက်ကိုင်မိတာများ အဆန်းလုပ်လို့ သူငယ်ချင်းရာ။ ဒီကိစ္စကို တို့ကလဲ အရေးမထားဘူး။ ဘယ်သူမှလဲ သတိရတာ မဟုတ်ဘူး။ ခုဖြစ်တဲ့ကိစ္စလဲ ခွင့်လွှတ်တယ်။ ဘယ်သူမှလဲ မသိစေရဘူး။ သူငယ်ချင်း စိတ်ချမ်းသာပါ။ တို့ကိုလဲ ညီအစ်ကို မောင်နှမရင်းလို သဘောထားပါ”

“အေး… ငါ ကတိပြုပါတယ်။ ဒါပေမယ့် တသက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်တော့ပါဘူးကွာ”

ကျော်လှသည် လှေလှော်ထွက်ခဲ့သည်။

ရွှေတင်နှင့် နီအေးက သူ့ကို ငေးကြည့်ယင်း ကျန်ရစ်ကြသည်။

ဝါဆိုလပြည့်ည၏ အဖြစ်ကို သူတို့တသက် မေ့နိုင်ကြမည် မဟုတ်ပါ။

စစ်ပြန်မဂ္ဂဇင်း
အမှတ် ၅၈
ဇူလိုင်လ ၊ ၁၉၈၃

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Leave a Reply

Your email address will not be published. Required fields are marked *