July 31, 2025
Uncategorized

ဝါဦးဥပုသ်

နေမိုးကျော်
ဝါဦးဥပုသ်

ဦးဖိုးမှင်အတွက် ဥပုသ်စောင့်ရန် အကြောင်းပေါ်လာသည်။

မိုးက တဖွဲဖွဲရွာနေသည်။ မိုးဖွဲတို့ကြားမှ နေရောင်ခြည်မှာ မဝံ့မရဲ စိမ့်ဖြာကျနေသည်။

“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟု ဆိုရိုးစကားရှိသော်လည်း ယခုလ ရွာသည့်မိုးမှာ ရေတင်မိုးမဟုတ်။

ဦးဖိုးမှင်အတွက်တော့ ခုကဲ့သို့ ရွာသည့်မိုးသည်ပင် ခပ်ကောင်းကောင်း ဖြစ်နေသည်။ သူ၏ လယ်မှာ မြေနိမ့်ပိုင်းတွင် ရှိနေသော ချိုင့်လယ်ဖြစ်သည်။

နယုန်လတွင်းက သဲသဲမဲမဲ ရွာသွန်းခဲ့သော မိုးနှင့်ပင် လယ်ကွက်တွင်း တင်ကျန်ရစ်သော ရေတို့မှာ လုံလောက်နေပေသည်။

အကယ်၍ ခုလိုဝါဆိုလတွင် မိုးသာ သဲသဲမဲမဲ ရွာချမည်ဆိုပါက လယ်ကဇင်း(ကန်သင်း) မြုပ်မျှ ရေများပြည့်လျှံသွားပေမည်။

သည်မိုးလောက်သာ ရွာနေပါက ထွန်ကောင်း၊ တိုက်ကောင်း။ နယုန်လက ထွန်ယက်ခွဲစိတ်ထားခဲ့သော လယ်ကွက်များမှာ ဝါဆိုတွင် ခွဲပြီးဖြစ်နေသည်။

နယုန်လတွင်းက ရေများ၍ မကြဲနိုင်ခဲ့သော မျိုးစပါးတို့မှာလည်း သည်မိုးနှင့်ဆိုလျှင် အလောတော်ဖြစ်နေသည်။

ထို့ကြောင့် ကုန်ခဲ့သော (၅)ရက်ခန့်က ကြဲရန် ရေစိမ်ထားခဲ့သော မျိုးစပါးတို့ကို ယနေ့ ညနေဘက်တွင် သတ်မှတ်ထားသော လယ်ကွက်၌ ကြဲနေခြင်းဖြစ်သည်။

ဦးဖိုးမှင် လယ်ကဇင်းပေါ်တွင် တင်ထားသော တစ်ခွဲ(ရှစ်ပြည်)ဝင် တောင်းထဲမှ အစို့အညှောင့်များ ထွက်နေသော မျိုးစပါးများကို လက်နှင့်ယူရင်း လယ်ကွက်တွင်းသို့ ပက်ကြဲနေသည်။

အသက် ဆယ့်လေးငါးနှစ်သားမှစ၍ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သောကြောင့် မျိုးစပါးကြဲရာတွင် အထူအပါးကို ဂရုစိုက်ရန် မလိုတော့။ သူ၏လက်မှာ မှန်းခြေကိုက် ဖြစ်နေသည်။

ဦးဖိုးမှင်က လယ်တစ်ကွက်ကို ကြဲပြီး၍ နောက်တစ်ကွက် ကြဲရန် ကဇင်းပေါ်တွင် တင်ထားသော မျိုးစပါးတောင်းကို လှည့်ယူလိုက်သည်။

“ဆရာတော်ဘုရား … ရောက်နေတာ ကြာပါပြီလား”

ရွာဦးကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဦးလာဘကို ဖူးတွေ့လိုက်ရသောကြောင့် စပါးတောင်းကို ကိုင်စပြုနေသော လက်ကို ရုပ်လိုက်သည်။ ပြီးတော့ လယ်ကဇင်းပေါ်တွင် ပုဆစ်တုပ်ထိုင်ပြီး ဦးချကန်တော့လိုက်သည်။

“အင်း … ဘုန်းကြီးလည်း တကာကြီး မျိုးစပါးကြဲနေတာကို ကျောင်းပေါ်က လှမ်းမြင်လို့ အညောင်းပြေ အညာပြေ လျှောက်လာခဲ့တယ်”

ဦးဖိုးမှင်က ဘုန်းတော်ကြီးကျောင်းဘက်သို့ ကြည့်လိုက်သည်။ ဆရာတော်ဦးလာဘ သီတင်းသုံးသော သပြေငူကျောင်းမှာ သူ၏လယ်နှင့် တစ်ခေါ်လောက်သာ ဝေးသည်။

ထို့ပြင် ကျောင်းမှာ လယ်စပ်ကုန်းမြင့်ကလေးပေါ်တွင် တည်ရှိနေသောကြောင့် လယ်ထဲတွင် လုပ်ကိုင်သမျှကို ကျောင်းပေါ်မှ အထင်းသားမြင်နိုင်သည်။

“တကာကြီး … အသက်ဘယ်လောက်ရှိပြီလဲ”

“တင်ပါ့ဘုရား၊ လာမယ့် သီတင်းကျွတ်လဆိုရင် ငါးဆယ့်နှစ်နှစ်တင်းတင်း ပြည့်ပါပြီ”

“အင်း … အသက်အရွယ်လည်း ကြီးလာပြီ တကာကြီး။ တစ်နေ့ ပြီးတစ်နေ့ ဇရာပိုင်းကို ချဉ်းလာပြီ”

“တင်ပါ့ဘုရား”

“ဒီတော့ စားရေးသောက်ရေးကိုချည်း လုံးပန်းမနေနဲ့။ နောင်ဘဝအတွက်လည်း ယူသွားဦး တကာကြီး။ ခုကာလက ဆုတ်ကပ် ဖြစ်နေတယ်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေခြင်းတရားဆိုတာ အချိန်မရွေး ကြုံလာနိုင်တယ်။ ဒီတော့ မသေမီမှာ ကုသိုလ်ဒါနများ တတ်နိုင်သလောက် ပြုသွားဖို့ မေ့လျော့မနေနဲ့ တကာကြီးရဲ့”

ဘုန်းတော်ကြီးက လယ်ကဇင်းပေါ်မှရပ်ရင်း မိန့်ကြားနေသည်။

“တင်ပါ့ဘုရား၊ လယ်ယာကိုင်းကျွန်း လုပ်နိုင်လောက်အောင် သားသမီးတွေ မရှိတော့လည်း တပည့်တော်ပဲ လုပ်ရတော့တာပဲ ဘုရား”

ဦးဖိုးမှင်က လယ်ကဇင်းပေါ်တွင် ကျုံ့ကျုံ့ထိုင်ရင်းမှ မျက်လွှာကိုချကာ လျှောက်ထားလိုက်သည်။

“အေးလေ … ဒါတော့ မှန်တာပေါ့။ ဘုန်းကြီးပြောတာက လုပ်ငန်းခွင်မှာချည်း အချိန်မဖြုန်းဘဲနဲ့ ကုသိုလ်ရေး၊ ဒါနရေးလည်း မသေမီပြုသွားဖို့ ပြောတာပဲ။ ကုသိုလ်ဒါနမပါတော့ သေခါမှသိတယ်တဲ့ တကာကြီးရဲ့။ ဒီတော့ တကာကြီးတို့ ဘုန်းကြီးတို့မှာ အသေဖြောင့်ပြီး ဘဝကူးကလေးများကောင်းဖို့ လိုတယ်မဟုတ်လား”

“တပည့်တော်လည်း စဉ်းစားမိပါတယ်ဘုရား။ ဒါကြောင့် ခုဝါဦးမှာ ဥပုသ်သီတင်းကလေးများ ဆောက်တည်မလို့ စိတ်ကူးထားပါတယ်”

ဦးဖိုးမှင် သူပြောသကဲ့သို့ ဝါဦးတွင် ဥပုသ်ဆောက်တည်ရန် ကြိုတင်စဉ်းစားထားခြင်း မရှိပါ။ သို့သော်လည်း ငယ်စဉ်ကပင် ကြောက်ချစ်ရိုသေရ၍ ဆရာရင်းဖြစ်နေသောကြောင့် သူ့နှုတ်ဖျားမှ ထွက်လာသော စကားလုံးများမှာ ဘုန်းတော်ကြီးအလိုကျ ဖြစ်နေသည်။

“စိတ်ကူးရုံ ကူးမနေနဲ့ တကာကြီး။ ဥပုသ် စောင့်ဖြစ်အောင် စောင့်လိုက်ပါ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဝါဦးဥပုသ်ကို အထွတ်အမြတ်ထားကြတယ်။ ဝါဦးဥပုသ်ဆိုတာကလည်း ဝါဆိုသင်္ကန်းကိုပါ တစ်ပါ တည်း ကပ်လှူတာဖြစ်လို့ ဒါနရော သီလပါ တစ်ခါတည်း ပြည့်စုံထားတယ်။ အကျိုးလည်း ထူးတယ်”

“တင်ပါ့ဘုရား၊ တပည့်တော် ဒီဝါဦးမှာ ဥပုသ်စောင့်ပါ့မယ်”

ဦးဖိုးမှင်က နောက်ဆုံးတွင် ဘုန်းတော်ကြီးကို ကတိပေးလိုက်သည်။

“အင်း သာဓုဗျာ … သာဓု … သာဓု။ တကာကြီးလည်း ဘုန်းကြီးနဲ့ စကားပြောရတာ အလုပ်လစ်ဟင်းနေပြီ။ ဆက်လုပ်လိုက်ဦး၊ ဘုန်းကြီးလည်း ဟိုဘက်နား လျှောက်လိုက်ဦးမယ်”

ဘုန်းကြီးတော်က စကားဆုံးသော် အခြားလယ်ကွက်များဆီသို့ ဆက်လက်ကြွသွားသည်။

ဦးဖိုးမှင်က ဘုန်းတော်ကြီးကြွသွားရာသို့ ကြည့်ရင်းမှ သက်မကြီး ချလိုက်သည်။

တကယ်တော့ ဦးဖိုးမှင် ကျောင်းကန်ဘုရားနှင့် ဝေးကွာခဲ့သည်မှာ အတော်ကို ကြာခဲ့ပြီ။ စိတ်ကပါသော်လည်း ကုသိုလ်ရေး၊ ဒါနရေးကို ကိုယ်ထိလက်ရောက် မပြုလုပ်နိုင်ခဲ့။

မနှစ်တုန်းက ဝါတွင်းမှာလည်း တစ်ကြိမ်တစ်ခါမှ ဥပုသ်မဆောက်တည်နိုင်ခဲ့။ လယ်လုပ်ငန်းနှင့်ပင် အချိန်ကုန်ခဲ့ရသည်။

လယ်လုပ်ငန်းဆိုသည်ကလည်း နာမည်နှင့်အလိုက် နေ့စဉ်နေ့တိုင်း လယ်ကွင်းထဲသို့ဆင်းကာ လည်နေရသည်။ ကျိုးပေါက်နေသော ကဇင်းတို့ကိုလည်း ဖို့တန်ဖို့၊ ဆည်တန်ဆည်၊ ရေများနေသော လယ်ကွက်သို့ ရောက်ပြန်လျှင်လည်း ရေမြောင်းဖောက်တန်ဖောက် လုပ်နေရသည်။

ပြီးတော့ အိမ်ထောင်စုတွင်လည်း လယ်လုပ်ငန်းကို ထိရောက်စွာ အကူအညီပေးနိုင်သော သားယောကျ်ားကားမရှိ။ ရှိသော သားယောက်ျား တစ်ယောက်မှာ အသက်ဆယ့်နှစ်နှစ်လောက်သာ ရှိသေးသည်မို့ ကျွဲကျောင်းသည်မှအပ အခြားအကူအညီမရ။

အိမ်တွင်ရှိနေသော သမီးပျိုမှာလည်း ပန်းနာသည် မိခင်ကို ပြုစုခြင်းနှင့် ချက်ရေးပြုတ်ရေးများတွင်သာ အချိန်ကုန်ဆုံးနေသည်။ သည်တော့လည်း ဦးဖိုးမှင်မှာ လယ်လုပ်ငန်းနှင့် မအားလပ်သောကြောင့် ကျောင်းကန်ဘုရားဘက်သို့ မလှည့်နိုင်ခဲ့။

ဒီနေတော့ ဆရာတော်ဘုရားကိုယ်တိုင် ကြွရောက်လာပြီး ကုသိုလ်ဒါနပြုလုပ်ရန် တိုက်တွန်းသွားသည်မို့ ဝါဦးဥပုသ်ကိုတော့ ဆောက်ရပေမည်။ ဒါမှလည်း ဆရာတော်ဘုရား မိန့်ကြားသွားသကဲ့သို့ အသေဖြောင့်ပေမည်။ နောက်တမလွန်အတွက် ဘဝကူးကောင်းပေမည်။

XXX XXX XXX

“ကဲ … ကန်တော့ကြရအောင်ဟေ့၊ ခုလောက်ဆိုရင်တော့ ဥပုသ်သည်တွေ စုံလောက်ပြီထင်ပါရဲ့”

ကျောင်းတကာကြီး ဦးပု၏ ဆော်သြချက်ကြောင့် ဟိုတစ်စု သည်တစ်စု စကားဝိုင်းဖွဲ့နေကြသော ယောကျာ်း မိန်းမတို့မှာ ပြောလက်စ စကားတို့ကို ဖြတ်၍ အသီးသီး နေရာယူလိုက်ကြသည်။ သည်တော့မှ လယ်အကြောင်း၊ ချောင်းအကြောင်း ပြောဆိုနေကြသော ဦးဖိုးမှင်တို့မှာလည်း တရားဟောပလ္လင်တွင် ထိုင်နေသော ဘုန်းတော်ကြီးဘက်သို့ လှည့်ကာ လက်အုပ်ချီလိုက်ကြသည်။

စောစောက ဟိုစကား သည်စကားတို့ဖြင့် ညံနေခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ ခုတော့ ကန်တော့သံတို့က ဖုံးလွှမ်းလာသည်။

ကန်တော့ခန်းပြီးဆုံးသောအခါ ဘုန်းတော်ကြီး၏ တရားဟောသံက ပေါ်ထွက်လာသည်။ ဘုန်းတော်ကြီးအသံမှာ အနိမ့်အမြင့် ညီညွတ်စွာဖြင့် ဌာန်၊ ကရိုဏ်း ကျလှသည်။

အခြားဥပုသ်သည်များ မည်သို့နေမည် မသိသော်လည်း ဦးဖိုးမှင်၏ စိတ်မှာ ပျံ့လွင့်နေသည်။ ဘုန်းတော်ကြီး၏ တရားဟောသံသည် တစ်ခါတစ်ခါ သူ့နားထဲမှာ လျှံသွားသည်။

ဦးဖိုးမှင်က ဘုန်းတော်ကြီးကို လက်အုပ်ချီနေရာမှ နောက်ဘက်သို့ သမင်လည်ပြန် ကြည့်လိုက်သည်။ တိုင်ကိုမှီ၍ ထိုင်နေသော ကျောင်းသားကလေးသုံးဦးကို တွေ့ရသည်။

သူတို့ ဘုန်းကြီးကျောင်းသားဘဝကဆိုလျှင် ယခုလို ဥပုသ်နေ့ကို ထာဝစဉ်တောင့်တခဲ့သည်။ ဥပုသ်နေ့သို့ရောက်သောအခါ ဥပုသ်သည်များ လှူဒါန်းသော စားသောက်ဖွယ်ရာနှင့် ပစ္စည်းတို့ကို သူ့ထက်ငါ အလုအယက် နေရာချကြသည်။ စားကောင်းသောက်ဖွယ် တို့ကို မြင်ရသောအခါ မျက်စောင်းတခဲခဲ လျှာရည်တများများ ကျရသည်။

သီလပေးပြီးနောက် ဘုန်းတော်ကြီး ဆွမ်းဘုဉ်းပေးခြင်းနှင့် အချိုပွဲသုံးဆောင်ပြီးသောအခါ မုန့်ပဲလျှာရည်စာနှင့် ဟင်းကောင်းကျွေးကောင်းများကို မိမိတို့အတွက် သိမ်းဆည်းကြသည်။ ဥပုသ်သည်များကို ကျွေးသော မုန့်ပဲတို့မှာ ရွေးကျန်များသာ ဖြစ်သည်။

မုန့်ပဲလျှာရည်စာတို့ကို စားသောက်ရာတွင်လည်း ကျောင်းသားဖော်များနှင့် လုယက်စားသောက်ရသည်။ တစ်ခါတစ်ခါ ကိုရင်များ၊ ဦးပဉ္စင်းများ သိ၍ အရိုက်ပင် ခံရသေးသည်။

မည်သို့ပင် ရိုက်ထောင်းစေကာမူ မိမိတို့၏ ဆရာသမားကို ကြောက်ချစ်ရိုသေကြသည်။ တစ်ခါတစ်ခါ လမ်းတွင်ဆုံမိပါက မြေပေါ်တွင် ကျုံ့ကျုံ့ထိုင်ကာ ကန်တော့ရသည်။

ဘုန်းတော်ကြီးကျောင်းမှ ထွက်ပြီးသောအခါလည်း လူပျိုကြီးဖားဖားဖြစ်သည့်တိုင်အောင် ဘုန်းတော်ကြီးကျောင်းနှင့် မကင်းကြ။ အလုပ်အားလပ်နေသော နေ့ရက်တို့တွင် ကျောင်းသို့သွားကာ ဝတ်ကြီးဝတ်ငယ် ပြုကြရသည်။

ယခုခေတ်သည်ကား သူတို့ခေတ်မျိုး မဟုတ်တော့။ ဘုန်းတော်ကြီးကျောင်းတွင် ကပ္ပိယဟူ၍ ပြောပလောက်အောင် မရှိ။ ကျောင်းသားဟူ၍ နှစ်ယောက် သုံးယောက်လောက်သာ ရှိတော့သည်။

ဘုန်းတော်ကြီးကျောင်းကိုများ သွားကောင်းလာကောင်းသောအရပ်ဟူ၍မှ သိကြပါလေစ။ ကုသိုလ်ကောင်းမှုတို့ကိုကော ပြုလုပ်ကောင်းသည်ဟူ၍ သိကြပါလေစ။

“အင်း ဆုတ်ကပ် … ဆုတ်ကပ်”

ဦးဖိုးမှင်က အတွေးဆုံးသော် ဆွဲဆွဲငင်ငင် ရေရွတ်လိုက်သည်။

“ကိုဖိုးမှင် ဘာတွေပြောနေတာလဲဗျ”

သူနှင့် ဘေးချင်းယှဉ်ကာ တရားနာနေသော ကိုအောင်စိန်က တတောင်နှင့်တွတ်၍ တိုးတိုးကလေး သတိပေးလိုက်သည်။

“ဟေ”

သည်တော့မှ ဦးဖိုးမှင်မှာ သတိရလာကာ ဘုန်းတော်ကြီး ဟောနေသော တရားကို အာရုံစိုက် နာယူလိုက်သည်။

XXX XXX XXX

ဥပုသ်သည်များ နံနက်စာကို သုံးဆောင်ပြီးကြပေပြီ။

အခြား ဥပုသ်သည်များ မည်သို့ မည်သို့ နေမည်မသိသော်လည်း ဦးဖိုးမှင် အတွက်တော့ ထမင်းစားရသည်မှာ မမြိန်လှ။ ထိုသို့ ထမင်းစာမမြိန်သည်မှာ ဟင်းမကောင်းသောကြောင့် မဟုတ်။ ဥပုသ်သည်တို့၏ ဆွမ်းဟင်းများကို စုပေါင်းထားသောကြောင့် ဟင်းမျိုးစုံလှသည်။ ဟင်းမျိုးစုံသလို ကောင်းမွန်လှသည်။

သို့သော် ဦးဖိုးမှင်အဖို့တော့ မမြိန်ပါ။ ဥပုသ်သည် ဖြစ်နေသည့်အလျှောက် စားရာ၊ သောက်ရာ၊ သွားရာ၊ လာရာမှစ၍ အိန္ဒြေ ဆောင်ရသည်။ ချုပ်ချယ်ရသည်။ လွတ်လွတ်လပ်လပ် မရှိလှ။ ထို့ကြောင့် ယနေ့နံနက် ဥပုသ်စောင့်ရင်း ထမင်းစားရသည်မှာ ဦးဖိုးမှင်အတွက် မမြိန်ပါ။

အိမ်မှာဆိုလျှင် ဟင်းမရှိသော်လည်း ငါးပိရည်နှင့် တို့စရာကို ပလုတ်ပလောင်း လွေးရသည်မှာ မြိန်လှသည်။ ယခုတော့ ကုသိုလ်ဒါနကို ပွားများအားထုတ်ရန် လာခဲ့သူဖြစ်၍ ပလုတ်ပလောင်းစား၍ မဖြစ်။

မည်သို့ပင်ဖြစ်စေ၊ ဦးဖိုးမှင်အတွက် ယခုလို ဝါဦးဥပုသ် ဆောက်တည်ရခြင်းနှင့် ဆရာတော်အပေါ် ကတိမချိုးဖောက်ခြင်းကပင် ကျေနပ်စရာ ဖြစ်နေသည်။

ဒါကြောင့်လည်း တရားအားထုတ်ရန် တိတ်ဆိတ်သောနေရာကို ရွေးချယ်လိုက်သည်။ နောက်တော့ ဘုန်းတော်ကြီးကျောင်းနှင့် မနီးမဝေးတွင် ရှိနေသော ဇရပ်သို့ လာခဲ့သည်။

ဦးဖိုးမှင် ဇရပ်သို့ ရောက်သောအချိန်တွင် ကျောင်းတကာများ ဖြစ်ကြသော ဦးပုနှင့် ဦးစံခိုင်ကို တွေ့ရသည်။ သူတို့နှစ်ဦးလုံးပင် မျက်လွှာကိုချ၍ တရားအားထုတ်နေသည်။

ဦးဖိုးမှင် ဇရပ်ပေါ်တက်ပြီး နောက်ဖက်တံခါးပေါက်တွင် ထိုင်လိုက်သည်။ ပြီးတော့ မနက်က ဘုန်းတော်ကြီးဟောခဲ့သော တရားတို့ကို အာရုံသွင်းလိုက်သည်။

ရှစ်ပါးသီလကို ဦးဖိုးမှင်တို့ ဘုန်းကြီးကျောင်းသားဘဝကပင် ပါဠိရော အနက်ပါ နှုတ်တိုက်ရနေသည်။ ယခုတိုင်အောင် မမေ့သေး။ သူ့အနေနှင့် သည်တစ်ရက်လောက်ကိုတော့ ရှစ်ပါးသီလကို မကျိုးပေါက်ရအောင် ထိန်းသိမ်းနိုင်သည်။

ဤတစ်ရက်အတွက် ဤမြေပေါ်တွင် သူ့အသက်ကို သတ်ရန်လည်း မလို။ သူတစ်ပါးပစ္စည်းကို ခိုးယူရန်ဆိုသည်ကိုတော့ ငယ်စဉ်ကပင် ရှောင်ကြဉ်ခဲ့သည်။ မေထုံမှီဝဲခြင်းဆိုသည်မှာလည်း ဥပုသ်သည်တစ်ဦးအတွက် ယောင်မှား၍မှ မစဉ်းစားအပ်။

မုသားပြောခြင်း၊ သေရည်သေရက် ဘိန်းဘင်းကဇော် သောက်စားခြင်း၊ နေ့လွဲ ညစာ စားခြင်းတို့ကိုလည်း ရှောင်ကြဉ်နိုင်သည်။ ကခြင်း၊ သီခြင်း၊ တီးမှုတ်

ဖျော်ဖြေခြင်းအား ကြည့်ရှုခြင်း၊ နံ့သာလိမ်းခြင်း၊ ပန်းပန်ခြင်း၊ အပြေအပြစ် ဝတ်စားဆင်ယင်ခြင်းတို့ကို သူသည် ငယ်စဉ်ကပင် ဝါသနာမထုံခဲ့။

သို့သော် တစ်ခုတော့ရှိသည်။ ဥပုသ်စောင့်လာရန်အတွက် နံနက်က ရေချိုးခဲ့သည်။ ပြီးတော့ မနှစ်က သူ့သမီးရက်လုပ်ပေးထားသော ဝါချည်ပုဆိုးကွက်ကျဲနှင့် ပိတ်အင်္ကျီအသစ်စက်စက်ကို ဝတ်ဆင်ခဲ့သည်။

ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း မဟုတ်သော်လည်း လူမြင် သူမြင်ကောင်းရုံလောက် ဝတ်ဆင်ခဲ့ရသည်။ ဤလိုနေရာမျိုးကို အစုတ်အပြဲနှင့်လာ၍လည်း မသင့်တော်။ ထို့ကြောင့် ဝတ်ခဲ့ရသည်။

ဦးဖိုးမှင်က သူ၏ပုဆိုးနှင့် အင်္ကျီတို့ကို ငုံ့ကြည့်ပြီးနောက် ဦးပုနှင့် ဦးစံခိုင်ကို လှမ်းကြည့်လိုက်သည်။ ဤကျောင်းတကာကြီးများသည် အဝတ်အစားသစ် မဟုတ်သည့်တိုင်အောင် သပ်သပ်ရပ်ရပ် ဝတ်ဆင်လာသည်။ ဤသို့ဝတ်ဆင်လာခြင်းကြောင့် ရှစ်ပါးသီလ၏ တစ်စိတ်တစ်ပိုင်း ကျိုးပေါက်လိမ့်မည်မဟုတ်။

ပြီးတော့ ယခု သူထိုင်နေသော ဇရပ်မှာလည်း သူသူငါငါ ထိုင်သောနေရာထက် ပိုမမြင့်။ ထို့ကြောင့် သူသည် ယခု ဆောက်တည်နေသော သီလကို လုံလုံခြုံခြုံ စောင့်ထိန်းနေသည် မဟုတ်ပါလား။

ထိုအသိ ဝင်လာသည်နှင့်တစ်ပြိုင်နက် ပီတိဖြစ်လာရသည်။ သူ၏ ကုသိုလ်ကောင်းမှုအတွက် ကြည်နူးမှုတို့သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရတော့သည်။

ဦးဖိုးမှင်သည် စိပ်ပုတီးကို တစ်လုံးချင်းစိပ်နေရင်းမှ ဘုန်းတော်ကြီးဟောနေသော တရားတို့ကို စဉ်းစားလိုက်သည်။

ဘုန်းတော်ကြီး တရားဟောနေသောအချိန်တွင် သူတို့ငယ်စဉ်က ဘုန်းကြီးကျောင်းသားဘဝကို ပြန်လည်အမှတ်ရနေသောကြောင့် တရားအပြည့်အစုံ မမှတ်မိလိုက်။ ကိုအောင်စိန် သတိပေးသောအခါမှ ဘုန်းတော်ကြီးဟောနေသော တရားအချို့အဝက်ကို မှတ်သားနာယူလိုက်သည်။ ဘုန်းတော်ကြီးဟောနေသောတရားမှာ ဝိပဿနာတရား ဟူ၍တော့ သိနေသည်။

တရားတော်တွင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတည်းဟူသော မီးသုံးပါး မဝင်နိုင်အောင် ထိုင်လျှင် ထိုင်သည်ဟုသိ။ ထလျှင် ထသည်ဟုသိ။

စားသိ၊ သွားသိ၊ သိနေအောင် သတိကို ရှေ့ဆောင် ရမည်။ ဤသို့ သတိကို ရှေ့ဆောင်မှသာ မသိမှုတည်းဟူသော အဝိဇ္ဇာတို့နှင့် ကင်းရှင်းနိုင်မည်ဆိုသော အချက်ကိုတော့ ဦးဖိုးမှင် စိတ်ထဲတွင် စွဲနေသည်။

ဦးဖိုးမှင်အတွက် ဘုန်းတော်ကြီး ဟောပြောချက်ကို အခုပင် ကျင့်သုံးရပေတော့မည်။ ထို့ကြောင့် မျက်လွှာကိုချကာ မျက်နှာကို ငုံ့ထားလိုက်သည်။

လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ မပွားရလေအောင် “ထိုင်တယ် … ထိုင်တယ်” ဟူ၍ အထပ်ထပ်အခါခါ စိတ်ထဲတွင် ရေရွတ်နေသည်။ ပြီးတော့ လက်ထဲမှ စိပ်ပုတီးကိုလည်း တစ်လုံးချင်း စိပ်နေသည်။

သူ့အတွက် ထိုသို့ ကျင့်နေရသည်မှာ မလွယ်ကူလှပါ။ နေ့စဉ်နေ့တိုင်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေခဲ့သော ဦးဖိုးမှင်သည် ခဏကြာသော် ညောင်းညာလာသည်။ ဇက်ကြောတက်လာသည်။

ထို့ကြောင့် တရားထိုင်ခြင်းကို ခေတ္တရပ်လိုက်ကာ ဇရပ်နောက်တံခါးပေါက်မှ ပြင်ဘက်သို့ မျှော်ကြည့်လိုက်သည်။

စောစောက သတိမထားမိခဲ့သော သူ့လယ်ကွင်းမှာ သူ့မျက်စေ့အောက်တွင် ရောက်နေပါကလား။

တရားတွင် အာရုံဝင်စားခဲ့သော ဦးဖိုးမှင်စိတ်မှာ အခုတော့ လယ်ကွင်းဆီ ရောက်လာသည်။ သူသည် လယ်ကွင်းအနှံ့ မျက်လုံး ကစားလိုက်သည်။

“ဟ … ဒုက္ခပါပဲ”

အထက်ပါစကားလုံး ထွက်မသွားရအောင် အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။ အကယ်၍သာ ဤဇရပ်တွင် သူတစ်ဦးတည်း ရှိနေပါက သူ့နှုတ်ဖျားမှ အမှန်ပင် ထွက်သွားပေမည်။ ယခု သူမြင်နေရသည်မှာ ကျွဲစားကျက်နှင့် စပ်နေသော စပါးပျိုးခင်းဆီသို့ ကျွဲနှစ် ကောင် ခေါင်းလှည့်နေသော ရှုခင်းပင် မဟုတ်ပါလား။

ဦးဖိုးမှင်က စိုးရိမ်ကြီးစွာဖြင့် ကျွဲကျောင်းသားကို ရှာဖွေကြည့်လိုက်သည်။ ကျွဲစားကျက်တွင်းရှိ ညောင်ညိုပင်အောက်တွင် ကလေးငယ်တစ်ယောက်ကို မြင်နေရသည်။ မျက်စေ့များ မှုန်ဝေစပြုနေသော် လည်း ကျွဲမှာ သူ၏ကျွဲဖြစ်ပြီး ကလေးငယ်မှာလည်း သူ၏သားငယ် အောင်ထူးဖြစ်ကြောင်း အတပ်သိသည်။

သည်တော့မှ သက်မကြီးကို ချနိုင်တော့သည်။ တကယ်တော့ သူ ဥပုသ်စောင့်မလာမီအချိန်က သားငယ်အား ကျွဲများကို သတိဝီရိယရှိစွာနှင့် ထိန်းကျောင်းရန် မှာခဲ့သည် မဟုတ်ပါလား။

ဦးဖိုးမှင်က ကျွဲများဆီမှ မျက်နှာကိုလွှဲလိုက်ကာ လယ်ကွင်းကို ကျောပေးထိုင်လိုက်သည်။ ပြီးတော့ သူ၏အဖြစ်ကို ဦးပုနှင့် ဦးစံခိုင်များ သိသွားလေသလားဟူသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ဦးပုနှင့် ဦးစံခိုင်မှာ မည်သည်ကိုမျှ သတိထားအရေးစိုက်ဟန်မရှိ။ မျက်လွှာချ၍ တရားအားထုတ်နေသည်။

သူတော်ကောင်းတို့အကျင့်မှာ ဤသို့ပါကလားဟူသော အသိသည် ဦးဖိုးမှင်၏ခေါင်းထဲသို့ ဝင်လာသည်။ ဤပုဂ္ဂိုလ်များကို သူ့အနေနှင့် နမူနာယူရပေမည်။

ထို့ကြောင့် မျက်လွှာကိုချကာ စောစောက တရားစဉ်ကို အာရုံ သွင်းလိုက်သည်။

“ထိုင်တယ် … ထိုင်တယ် … ထိုင်တယ်”

ဟု အထပ်ထပ်အခါခါ စိတ်ကူးထဲမှ ရေရွတ်လိုက်သည်။ သို့သော် သူ၏စိတ်မှာ တည်တည်ငြိမ်ငြိမ် မဖြစ်သေး။ တစ်ခါတစ်ခါ လယ်ကွင်းနှင့် ကျွဲများဆီသို့ ရောက်သွားသည်။

ပျံ့လွင့်နေသောစိတ်ကို တည်ငြိမ်အောင် ကြိုးစားရ ခြင်းမှာလည်း သစ်ပင်ထက်မှ မျောက်တစ်ကောင်ကို ဖမ်းဆီးရခြင်းနှင့် မခြားပါကလား။

ဦးဖိုးမှင်က မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။ လောဘ၊ ဒေါသ၊ မောဟမီးများ မဝင်နိုင်အောင် အတတ်နိုင်ဆုံး သတိနှင့်ယှဉ်သော အသိကို ထိန်းသိမ်းနေသည်။

လက်ထဲရှိ စိပ်ပုတီးမှ ပုတီးတစ်လုံးချပြီးတိုင်း “ချတယ် … ချတယ်”ဟူ၍ စိတ်ထဲမှ ရေရွတ်နေသည်။

“ဟေ့ ကျွဲ … ပြန်ဆုတ်၊ ဆုတ်လို့ပြောနေတာ မရဘူးလား”

ပုတီးစိပ်၍ တစ်ပတ်မျှမပြည့်သေးမီမှာပင် ကျွဲကို အော်ငေါက်သံက နားထဲသို့ ဝင်လာသည်။

“ဒီကျွဲ မောင်းနေတာမရဘူလား၊ ကဲ သေပေတော့”

ခုအသံက ပထမအသံထက် ကျယ်လောင်မာကျောနေသည်။ ထို့ကြောင့် ဦးဖိုးမှင်က ပုတီးစိပ်ခြင်းကိုရပ်ကာ လယ်ကွင်းဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။

“ဟ နင့်အမေကလွှား၊ ပျိုးခင်းတော့ ကုန်တော့မှာပဲ”

ပြောပြောဆိုဆို ဇရပ်ပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်ပြီး ဖိုသီဖတ်သီနှင့် လယ်ကွင်းဆီသို့ ပြေးလွှားနေသည်။

“ဟဲ့ ဖိုးမှင် … ဖိုးမှင်၊ ဘယ်လိုဖြစ်သွားတာလဲ”

ဦးပုနှင့် ဦးစံခိုင်တို့အသံက ပြိုင်တူထွက်ပေါ်လာသည်။

သို့သော် ထိုအသံများက ဦးဖိုးမှင်၏ အနောက်ဘက်တွင် ကျန်ခဲ့ပြီ မဟုတ်ပါလား။ ။

ဝန်ခံချက်။ ဤဝတ္ထုတွင် ဖော်ပြထားသော တရားကျင့်စဉ်မှာ “မင်းကွန်းဝိပဿနာ အလုပ်မှတ်တမ်း” မှ ဖြစ်ပါသည်။

(သွေးသောက်မဂ္ဂဇင်း၊ ၁၉၇ဝ၊ သြဂုတ်လ)

Leave a Reply

Your email address will not be published. Required fields are marked *