မောင်မြင့်မား(ဘိုကလေး)
ဝံနှင့် အား
တောင်ကုန်းကလေးတွေ၊ ဆင်ခြေလျောကလေးတွေ၊ လျှိုမြောင်ကလေးတွေ ဖြတ်ရသည်။
ရုံးပင်၊ သစ်အယ်ပင်၊ ထန်းပင်၊ တောင်သရက်ပင်၊ တညင်ပင်၊ ကြခတ်ဝါးပင်တို့က အပေါ်တွင် အကိုင်းချဝင်အောင် ရှုပ်နေသလို အောက်ခြေတွင်လည်း သစ်ရွက်ခြောက်များက မြေသားရှာမတွေ့ လောက်အောင် ပြည့်နှက်နေသည်။ တောက နက်လာ သလို အအေးဓာတ်က တစ်စတစ်စ အေးစိမ့်လာသည်။
မုဆိုးသုံးယောက် သစ်ရွက်ခြောက်များကိုနင်းကာ ခြေသံလုံလုံဖြင့် ချီတက်လာကြသော်လည်း ချိုးချိုးချွတ်ချွတ်၊ တစ်ဖျောက်ဖျောက် အသံက ထွက်နေဆဲ။
နေရာကား ပန်းတောင်း-တောင်ကုတ် ကားလမ်းတစ်နေရာ ညောင်ကျိုးစခန်း၏တောင်ဘက် နှစ်မိုင်ကွာလောက်ရှိ ရိုးမတောအတွင်းတွင် ဖြစ်သည်။ မုဆိုးသုံးယောက်သည် သစ်ရွက်ခြောက်များကိုနင်းကာ ဆင်ခြေလျောအတိုင်း လျှောက်လာကြပြီး ဝါးရုံရိပ်တစ်နေရာတွင် နားလိုက်ကြသည်။
“အို… အို… အို”
ကျော်စိုးက ပွိုင့်တူးတူး သေနတ်ကို ဝါးရုံပင်အောက်တွင် ထောင်လိုက်ကာ-
“စောဂျိမ်း ငှက်တော့ ငှက်ပဲ … ဘာငှက်အော်သံလဲ”
“ဖိုးခေါင်ငှက် အသံပါကွ”
တင်ဝင်းက ရေဘူးကို မော့သောက်လိုက်ကာ-
“စောဂျိမ်း ကျွန်တော်တို့ထွက်လာတာ နှစ်နာရီကျော်လောက်ရှိပြီ ထင်တယ်နော်။ အခုထက်ထိ တစ်ကောင်တစ်မြီးတောင် မတွေ့သေးဘူး”
“အေး… နေမစောင်းခင်တော့ တွေ့နိုင်လောက်ပါတယ်ကွာ။ တောင်ကလည်း မြင့်တော့ စမ်းချောင်းတို့၊ စိမ့်တို့ကလည်း ဝေးနေတာကွ။ နို့မို့ရင် စမ်းချောင်းတို့ စိမ့်တို့မှာ ချောင်းရင် ရနိုင်တယ်ကွ”
“ကျွန်တော်ကတော့ ဘာကောင်မှပစ်လို့ အခြေအနေမကောင်းရင် ရှဉ့်ပဲပစ်ပြီး ချေးခါးဟင်း ချက်စားချင်တယ်”
“သည်းခံကြပါစို့ကွာ၊ အချိန်ကျန်ပါသေးတယ်။ မုဆိုးဆိုတာ ဇွဲရှိရတယ်ကွ။ ဇွဲရှိရင် နောက်ဆုံးအချိန်ကလေးမှာတောင် သားကောင်ရနိုင်ပါသေးတယ်။ ကဲ ဆက်ကြရအောင်ကွာ”
သစ်ရွက်ခြောက်များကိုနင်းကာ ဆက်လျှောက်ကြပြန်သည်။ ဆင်ခြေလျောကိုလွန်ပြီး ချိုင့်ဝှမ်းကလေးတစ်ခုအရောက်တွင် ကောင်းကင်တစ်ပြင်လုံး မိုးက အုံ့လာသည်။ အုံ့လာပြီး သိပ်မကြာလိုက်၊ တောတောင်တစ်ခွင်လုံး မည်းမှောင်လာကာ မိုးက ဝေါခနဲ ရွာချလိုက်တော့သည်။
မုဆိုးသုံးယောက် ကုန်းစွန်းကလေးတစ်ခုအောက်ဘက် လွတ်သောနေရာတွင် မိုးခိုလိုက်ရသည်။ စောဂျိမ်းက ညောင်ကျိုးစခန်းက ဝယ်လာခဲ့သော ချက်အရက်ပုလင်းလေးကို ဖွင့်လိုက်ကာ တစ်ငုံမော့လိုက် သည်။ ပြီးနောက်-
“ရော့… နည်းနည်းစီ မော့ကြကွာ၊ အချမ်းပြေပေါ့”
ကျော်စိုးက-
“ဟာ… စောဂျိမ်း ဘာမှ မရောထားဘူးထင်တယ်။ ရင်ထဲကို ပူဆင်းသွားတာပဲ”
“အေး… ဟုတ်တယ်လေ။ ဝယ်ပြီး ကောက်ထည့်လာတာ။ မိုးရွာ နေတာပဲကွာ။ လက်ဝါးနဲ့ မိုးရေခံပြီး မော့ထည့်လိုက်ပေါ့”
စောဂျိမ်းတို့သုံးယောက် ပုလင်းကို တစ်ယောက်တစ်လှည့်စီ မော့နေကြချိန်တွင် စောဂျိမ်းတို့ မိုးခိုနေသော ကုန်းစွန်းကလေးအပေါ်မှ “ဗျော” ခနဲ အသံကြီး ကြားလိုက်ရကာ-
“ဗုန်း… ဝရော… ဝရော”
“ဟာ”
“ဘာအကောင်ကြီးလဲဟ”
မိုးခိုနေသော ကုန်းစွန်းကလေးအပေါ်မှ မည်းမည်းအကောင်ကြီး တစ်ကောင် ကုန်းစွန်းကလေး ရှေ့နားရှိ ကြိမ်ပင်အုပ်စုကလေးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ကျလာကာ တစ်ဖက်ချောက်ထဲသို့ ပြုတ်ကျသွားတော့ သည်
“စောဂျိမ်း ဘာကောင်ကြီးလဲ”
“ငါလည်း သေသေချာချာ မတွေ့ လိုက်ဘူးကွ၊ ဘာကောင်မှန်းကို မသိဘူး”
“မည်းမည်းကြီးပဲ မြင်လိုက်ရတယ်”
သုံးယောက်သား ငြိမ်၍ မိုးခိုနေကြသည်။ မိုးက သည်းသည်းမည်းမည်း ရွာနေဆဲ။ အောက်ဘက်အနိမ့်ပိုင်းသို့ ရေများ ဒလဟော စီးနေသံကို အတိုင်းသား ကြားနေရသည်။ ကျော်စိုးက စီးကရက်တစ်လိပ်ကိုထုတ်၍ ဖွာလိုက်ကာ-
“စောဂျိမ်း မိုးက တော်တော်နဲ့ စဲမည့်ပုံမပေါ်ဘူးဗျ။ ဒီအတိုင်းဆို အပြန် မိုးချုပ်နေလိမ့်မယ်”
“အေးကွ၊ မိုးနည်းနည်းစဲရင် ထွက်ကြတာပေါ့ကွာ။ ဒီအတိုင်းသွားရင် တောင်ကျရေနဲ့ ချော်လဲနေလိမ့်မယ်”
နာရီဝက်လောက်အကြာတွင် မိုးစဲသွားသည်။ မုဆိုးသုံးယောက် ကုန်းစွန်းကလေးအောက်မှ ထွက်လာကြသည်။ သေနတ်၊ ရိက္ခာ၊ တောလိုက်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများကြောင့် ချော်မလဲစေရန် ဂရုစိုက်၍ လျှောက်နေကြရသည်။
ချိုင့်ကလေးများက တောင်ကျရေကြောင့် စမ်းချောင်းကလေးလို ဖြစ်သွားသည်။ ၁၅ မိနစ်လောက် တောင်ကြောအတိုင်း တက်လာကြပြီး တစ်နေရာအရောက်တွင် တောင်ကျရေကြောင့် ရေစီးနေသော ချောင်းကလေး၏ မြေပျော့ပျော့နေရာတွင် ခြေရာသုံးလေးခု တွေ့လိုက်ရသည်။ တင်ဝင်းက ခြေရာကို သေချာငုံ့ကြည့်ကာ-
“စောဂျိမ်း အချိန်လေးငါးဆယ် အနည်းဆုံးလောက်ရှိမယ့် အကောင်တစ်ကောင် ဖြစ်ရမယ်”
“အေး ဟုတ်တယ်။ ဒါဆိုရင် ဘာကောင် ဖြစ်နိုင်လဲ”
“ဒါတော့ ကျွန်တော် မမှန်းဆတတ်ဘူး စောဂျိမ်း”
“ဝက်ဝံခြေရာ ဖြစ်နိုင်တယ်”
“သေချာလှချည်လား”
“ခြေရာအနေအထားအရ ဖြစ်နိုင်တဲ့အပြင် စောစောက တို့ မိုးခိုနေတုန်း ကုန်းစွန်းကလေးအပေါ်က မည်းမည်းအကောင်ကြီး တစ်ကောင် ပြုတ်ကျလာတယ် မဟုတ်လား။ အဲ့ဒီအကောင်ဟာ တို့ အခု တွေ့ရတဲ့ ခြေရာပိုင်ရှင်ပဲ”
“စောဂျိမ်း တော်တယ်ဗျာ”
“ကဲ… ကဲ တော်မနေနဲ့ဦး။ ဒီကောင်ကြီးက ဒီနားတစ်ဝိုက်မှာ ရှိနိုင်တယ်။ အန္တရာယ်များတယ်နော်။ ဒီလိုကောင်မျိုးက အားလည်းသန်တယ်။ လူတွေ့ ရင် တစ်စစီ ကုတ်ဖဲ့ပစ်လိုက်မှာ။ သတိနဲ့ သေနတ်တွေ ကို အဆင်သင့်လုပ်ထားနော်”
ထိုအချိန်တွင် တောင်ကျချောင်းကလေးဆီမှ-
“ဖလူး… ဖလူး… ဖလပ်… ဖလပ်”
“ဟ… ဘာတွေလဲ”
တောင်ကျရေကြောင့် ရေဆန်ကို ဆန်တက်ကာ ခုန်ပျံနေသော ငါးများဖြစ်သည်။ ကျော်စိုးက
“တောက်… ပိုက်ရှိရင် အတော်ပဲကွာ။ အဲဒီငါးတွေက မီးကင်စားရင် မွှေးပြီး ချိုနေတာကွ”
“ဘာငါးတွေလဲ”
“ငါးပျံလို့ခေါ်တာပဲ။ ဒီဒေသအခေါ်တော့ မသိဘူးပဲ။ ပဲခူးရိုးမထဲမှာ အမဲလိုက်တုန်းက အမဲမရလို့ အဲဒီငါးတွေ မီးကင်စားဖူးတယ်”
မြေပျော့အပေါ်တွင် မြင်နေရသော ခြေရာအတိုင်း စောဂျိမ်းတို့သုံးယောက် တောင်ကျချောင်းကလေးကို ဆန်တက်လာကြသည်။ ၁၅ မိနစ်လောက် ဆန်တက်လာပြီးနောက် ကြခတ်ဝါးရုံအောက်တွင် နားလိုက်ကြကာ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်ကြသည်။ အခြေအနေက အေးဆေးငြိမ်သက်လျက်။ စောဂျိမ်းက သတ္တဝါကောင်၏ ခြေရာကို ကြည့်ရင်း
“ဒီနေရာက ကုန်းကမူတွေများတော့ ခြေရာမတွေ့ တော့ဘူးကွ။ ဒီနားတစ်ဝိုက်မှာပဲ ရှိနိုင်တယ်”
ကျော်စိုးက
“လူခွဲပြီး အခြေအနေကြည့်ရင် ကောင်းမလား”
“ဟာ… မလုပ်နဲ့ ဒီကောင်ကြီးဆိုရင် မင်းငှားလာတဲ့ .၃၇၅ရိုင်ဖယ်နဲ့မှ ရမှာ။ မင်းနဲ့တွေ့ရင် အကြောင်းမဟုတ်ဘူး။ တို့နဲ့တွေ့ရင် တို့ဆီက နှစ်လုံးပြူးတို့၊ ပွိုင့်တူးတူးတို့နဲ့ဆိုရင် တို့ ပြေးရမှာ။ အတူတူပဲ ရှာကြတာပေါ့ကွာ”
ကျော်စိုးက .၃၇၅ ရိုင်ဖယ်၏ မောင်းထိန်းခလုတ်ကို ဖွင့်ကာ သုံးယောက်သား တောင်ကြောအတိုင်း ချီတက်လာကြသည်။ သစ်ပင်များက တဖြည်းဖြည်း စိပ်လာကာ ရုံးပင်၊ သစ်အယ်ပင်၊ ညန်ပင်တို့က နေပြောက်မထိုးအောင် ပေါက်နေကြသည်။ တောကမှောင်၍ သစ်ပင်များ ရှုပ်နေသောကြောင့် သုံးယောက်သား သတိအနေအထားဖြင့် လျှောက်လာကြရင်း တစ်နေရာအရောက်တွင်-
“ဂျွတ် … ဂျွတ်”
“ဂွပ်… ဂွပ်… ဂွပ်”
အသံက ပျောက်သွားလိုက် ကျယ်လာလိုက် သုံးယောက်သား သစ်အယ်ပင် တစ်ပင်အောက်တွင် ငြိမ်၍ အသံကို နားထောင်နေကြသည်။
ရှေ့ခပ်လှမ်းလှမ်းရှိ ရုံးပင်ကြီးတစ်ပင်အောက်တွင် ရုံးသီးများက အဖွေးသား၊ စောဂျိမ်းက-
“ဝံဆိုတဲ့အကောင်မျိုးက ရုံးသီးကြိုက်တယ်ကွ။ ဒီနားတစ်ဝိုက်က ရုံးပင်တွေများတော့ ရှိနိုင်တယ်”
တင်ဝင်းက လေသံတိုးတိုးဖြင့်..
“စောစောက ကြားတဲ့အသံက ဒီနားတစ်ဝိုက်ကပဲ”
“ဂွပ်… ဂွပ်… ဂွပ်”
“ဟော… စောဂျိမ်း အသံက အပေါ်ကလာတဲ့ အသံဗျ”
“အေး… ဟုတ်တယ်၊ အပင်ပေါ်မှာ ရှိနိုင်တယ်။ ဒီကောင်တွေက အပင်ပေါ်တက်ပြီး အကိုင်းချိုး အသီးစားချင် စားကြတာ။ အပေါ်ကို သေသေချာချာ ကြည့်ကြဦးကွ”
စောဂျိမ်းတို့ သုံးယောက်သား ပတ်ဝန်းကျင်ကိုလည်း လေ့လာ၊ အပေါ်ကိုလည်း ကြည့်၍ သစ်ပင်များအောက်မှ တဖြည်းဖြည်း လျှောက်လာကြသည်။ တစ်နေရာအရောက်တွင် စောဂျိမ်းက အပေါ်ကို မော့ကြည့်ကာ အချက်ပြလိုက်သည်။
“ဂွပ်… ဂွပ်… ဂွပ်”
ရုံးပင်ကြီးတစ်ပင်၏ ပေ ၅၀ အမြင့်လောက်ရှိ ကိုင်းတစ်ကိုင်းပေါ်တွင်ရပ်ကာ အကိုင်းများကို ဆွဲချိုး၍ ရုံးသီးများကို ကိုက်ဝါးနေသော မည်းမည်းသတ္တဝါကြီးတစ်ကောင်။
“ဝံကြီးကွ၊ ကြားမှာ အကိုင်းတွေ ရှုပ်နေတော့ ပစ်ကွင်း သိပ်မကောင်းဘူး။ ကျော်စိုး မင်းတာဝန်ပဲ။ နေရာရွှေ့လိုက်ဦး”
ကျော်စိုးက အပင်အောက်တွင် တရွေ့ရွေ့သွားရင်း ပစ်ကွင်းကောင်းကို ရွှေ့နေလိုက်သည်။ ကျော်စိုးနောက်က စောဂျိမ်းက ကပ်၍ လိုက်လာသည်။
တစ်နေရာအရောက်တွင် ကျော်စိုးက .၃၇၅ ရိုင်ဖယ်ကြီးကို ထိုးချိန်လိုက်သည်။ ဝံကြီးက သစ်ပင်အောက်က အခြေအနေကို မသိ။ ရုံးသီးများကို အေးအေးဆေးဆေး စားနေဆဲ။ ကျော်စိုးက ခေတ္တ အသက်အောင့်လိုက်ကာ ခလုတ်ကိုညှစ်၍ ဆွဲမည်အလုပ်တွင် …
“ဂျွတ်… ဝရော… ဝရော…”
“ဗုန်း”
ဝံကြီးတက်နင်းထားသော သစ်ကိုင်းက သူ၏ခန္ဓာကိုယ်၏ အလေးချိန်ကြောင့် မခံနိုင်ဘဲ ကျိုးကျသွားကာ သစ်ပင်အောက်တွင် “ဗုန်း”ကနဲ မြည်သွားခြင်းဖြစ်သည်။ ကျသွားသော သစ်ကိုင်းသစ်ခက်များနှင့် ရိုက်ကာ ကျသွားခြင်းဖြစ်၍ ရုံးပင်ကြီး၏ ပင်စည်အကွယ် ခပ်လှမ်းလှမ်းနေရာကိုဖြစ်သည်။ စောဂျိမ်းမှာ ကျော်စိုးရပ်နေသောနေရာနှင့် တည့်တည့်။
ဝံကြီးက “ဗုန်း”ကနဲမြည်အောင် ကျသွားပြီး လူးလဲကာ ပြန်ထလာချိန်တွင် မြင်လိုက်ရတာက တင်ဝင်း။
မြေပြင်ကိုကျ၍ နာသွားကာ ဒေါသထွက်နေစဉ် မြင်လိုက်ရသူက တင်ဝင်းဖြစ်နေသောကြောင့် ဝံကြီးက “ဂရား”ဟု အော်ကာ တင်ဝင်းရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။
ပထမတော့ တင်ဝင်း ကြောင်သွားသည်။ နောက် ချက်ချင်း သတိဝင်လာကာ ပွိုင့်တူးတူးကို ထိုးချိန်လိုက်၍ ခလုတ်ကို ဆွဲလိုက်သည်။ တောဟိန်းသံနှင့်အတူ “ဘောင်း”ကနဲ မြည်ကာ ကျည်က ထွက်သွားသည်။ ပွိုင့်တူးတူးနှင့် ဝံကို ကာကွယ်လို့မရမှန်း သိသော်လည်း အဟန့်သဘောနှင့် ပစ်လိုက်ခြင်းဖြစ်သည်။
ပစ်မှတ်လွဲ၍လား၊ ဝံက ကျည်ကို မမှု၍ပဲလား မသိ၊ ဝံက တစ်ဟုန်ထိုး ပြေးဝင်လာဆဲ။
တင်ဝင်းက ရုံးပင်များအကြားသို့ ပြေးဝင်ရန် အလုပ်တွင်-
“ဒိန်း”
ဝံကြီး တုံ့ကနဲဖြစ်သွားသည်။ သို့သော် လက်နှစ်ချောင်းက မြေပြင်က အကြွတွင်
“ဒိန်း”
ဝံကြီး တစ်ဖက်ကို ခေါင်းလည်ကာ လဲကျသွားတော့သည်။ စောဂျိမ်းနှင့် ကျော်စိုး ဝံကြီးအနားသို့ ရောက်လာကာ ကျော်စိုးက ပွဲသိမ်းပစ်ရန် .၃၇၅ ကို ထိုးချိန်လိုက်သည်တွင် စောဂျိမ်းက-
“ကျော်စိုး မလိုတော့ပါဘူးကွာ၊ လက်ပြင်မှာ တစ်ချက်ထိသွားတာပဲ။ ခေါင်းတစ်ချက်တည်းနဲ့တင် လုံလောက်နေပါပြီ။ ဝံကြီးလည်း အကြောဆွဲနေပါပြီ”
တင်ဝင်းက အနားကို ရောက်လာကာ
“ကျော်စိုး ဒီတစ်ခါတော့ မင်းကို ငါ ချီးကျူးတယ်ဟေ့။ ငါတော့ တစ်ချက်ပစ်ပြီးတာနဲ့ မျက်လုံးကို ပြာသွားတာပဲ။ မင်းက လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ပစ်ရတာဆိုတော့ မတော် လွဲသွားရင် ငါ ခွေးပြေး ပြေးရမှာကွ။ မင်းက ပထမ တစ်ချက်တည်းနဲ့တင် ခေါင်းကိုထိအောင် ပစ်နိုင်လို့ ငါ ချီးကျူးတာ”
သုံးယောက်သား ရုံးပင်အရိပ်တွင် ထိုင်လိုက်ကြသည်။ ထို့နောက် မောမောနှင့် စောဂျိမ်း ညောင်ကျိုးစခန်းက ဝယ်လာခဲ့သော ပုလင်းလက်ကျန်ကလေးကို တစ်ယောက်တစ်လှည့်စီ မော့လိုက်ကြသည်။
အမြည်းအဖြစ် တင်ဝင်းက သူ့အိတ်ထဲက ဆတ်သားခြောက်ဖုတ်များကို ထုတ်လိုက်သည်။ စောဂျိမ်းက ဆတ်သားခြောက် တစ်ဖတ်ဝါးကာ-
“ဒီတစ်ခေါက်လာတာ ဝံရမယ်လို့ မထင်ဘူး။ ဒါကြောင့် ပန်းတောင်းသမအသင်းက ကိုအောင်ဖြိုးမှာတာတောင် အာမ မခံလိုက်ဘူး။ အခုတော့ သူ ကုသိုလ်ကံကောင်းသွားပြီပေါ့ကွာ။ ဝံသည်းခြေတော့ ရပြီပေါ့”
“ကိုအောင်ဖြိုးက ဝံသည်းခြေ ဘာလုပ်ဖို့လဲ”
“ဝံသည်းခြေက ဘာကောင်းသလဲတော့ မသိဘူး။ ဒါပေမယ့် ငါတို့ ညောင်ကျိုးကိုသွားမယ်ဆိုတာ ကြားတော့ ကားဂိတ်ကိုရောက်လာပြီး ငါ့ကို လက်ကုတ်ပြီး တိုးတိုးပြောတယ်။ သူက မိန်းမသုံးယောက်နဲ့ ဆိုတော့ အလုပ်တွေများလို့ ဝံသည်းခြေရအောင် ရှာခဲ့ပါတဲ့။ ဈေးကောင်းပေးပါ့မယ်တဲ့”
ကျော်စိုးက ဆတ်သားခြောက်ကို ဝါးရင်း ပြုံးသည်။ ပြီးမှ-
“စောဂျိမ်း ခင်ဗျား မိန်းမ မယူဘဲ တောထဲမှာ မုဆိုးပဲလုပ်နေ။ ကြာရင် မုဆိုးဖိုကြီးရာထူးတောင် ခင်ဗျားရဦးမယ်။ ဝံနှင့်အား ဆိုတာ ခင်ဗျားကြားဖူးလား”
“ဟေ… အေး မကြားဖူးဘူး”
“မကြားဘူးရင် ညောင်ကျိုးစခန်းရောက်မှ အေးအေးဆေးဆေး ပြောပြမယ်။ ညောင်ကျိုးကို မိုးမချုပ်ခင်ရောက်မှ ဖြစ်မယ်မဟုတ်လား။ အဲဒီတော့ ကျုပ်တို့ ဒီကောင်ကြီးကိုထမ်းဖို့က ရှိသေးတယ်။ စောဂျိမ်းက ဗလကောင်းတော့ ရှေ့ကထမ်း။ ကျွန်တော်နဲ့ တင်ဝင်းက နောက်ကထမ်းမယ်”
“အေးပါကွာ၊ အေးပါ”
ဪ… အလွန်ရိုးသားသော မုဆိုးကြီးပေတကား။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
Uncategorized