July 31, 2025
Uncategorized

သင်္ဘောဆိပ်ကို လိုက်ပို့ပါလားရှင်

ခင်ခင်ထူး

( ၁ )

ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ရင်များအတွင်းက မြင်းခြံနယ် ဂင့်ဂဲကျေးရွာမှာ အာစရိယပူဇော်ပွဲကို အကြောင်းပြု၍ စာပေဟောပြောပွဲ ထည့်သွင်း ကျင်းပခဲ့ကြသည်။ နှစ်ညကျင်းပခြင်းဖြစ်၍ ပထမညတွင် ဆရာနေနှင့် ကျွန်မ ၊ ဒုတိယညမှာတော့ နိုင်ငံကျော် စာဟောဆရာများဖြစ်ကြသည့် ဆရာမောင်သာချိုနှင့် ဆရာအော်ပီကျယ်။

ကျွန်မတို့ကတော့ မန္တလေးကနေ မြို့သာ-ဆီမီးခုံလမ်းအတိုင်းသွားပြီး ရွာရှည်ကတစ်ဆင့် လှည်းလမ်းအတိုင်း တော်တော်လေးဝင်တော့မှ ဂင့်ဂဲကို ရောက်ရသည်။ လှည်းလမ်းကြောင်းတစ်လျှောက် မောင်းလို့ရသလောက် မောင်းလာကြရင်း ကျွန်မတို့စီးလာသည့်ကားကလေး ဂင့်ဂွဲရွာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ခဲ့ရပါ၏။ ဂင့်ဂဲရွာ အထကကျောင်းဝင်းအတွင်း ကားကလေးထိုးရပ်လိုက်သည်နှင့် ဂင့်ဂဲသင်္ဘောဆိပ်ကလေးကို လွမ်းဦးလွမ်းဖျား လွမ်းလိုက်မိသည်။

ဂင့်ဂဲအထကကျောင်းနေရာက မြစ်ဆိပ်ကမိးဘက်မှာဆိုတော့ သင်္ဘောဆိပ်ကို လှမ်းမြင်နေရပါ၏။ သည်လမ်းကလေးအတိုင်း ဂင့်ဂဲသင်္ဘောဆိပ်ကို ဆင်းခဲ့ရသည့် အခေါက်ပေါင်း မရေတွက်နိုင်ခဲ့။ သင်္ဘောဆိပ်ဆိုလို့ ခမ်းကြီးနားကြီး မဟုတ်ပါ။ ကျွန်မတို့အရွယ်ရောက်သည်အထိ သဲပူပူ နေပူပူအောက်မှာ ထန်းလက်မိုးတဲကလေးတစ်လုံးသည်သာ သင်္ဘောဆိပ်ဆိုသောအမှတ်လက္ခဏာကို ဆောင်သည်။ သင်္ဘောစီးကြသူတွေကတော့ မြစ်ကမ်းပါးသဲသောင်ခုံမှာ ပဒူအုံတုတ်ထိုးသလို ရှိခဲ့ကြသည်။ ကျွန်မတို့ရွာ ဥဒယနှင့် တစ်ရွာကျော်ဆိုပေသိ တစ်နာရီသာသာလှည်းစီးလာရသော ဂင့်ဂဲသင်္ဘောဆိပ်ကလေးမှာ ခုတော့ဂသောင်ပြင်ထီးထီးသာ ရှိတော့သည်။ ထန်းလက်တဲကလေးပင် မရှိတော့။ သင်္ဘောစီးသူတွေလည်းဂဟိုတုန်းကလို များစရာမရှိ။ သင်္ဘောတွေကလည်း အချိန်မှန်ရက်မှန် မလာနိုင်တော့ဘူး ထင်ပါ၏။

တစ်ဆက်တည်းမှာပင် ရွာမှာရှားရှားပါးပါးလို့ဆိုရမည့် ဘကြီချော ရေဒီယိုက မကြာခနကြားရလေ့ရှိသော သီချင်းကလေးတစ်ပုဒ်ကိုလည်း သတိရလိုက်မိပါ၏။ သီချင်းနာမည်ကို ကျွန်မ မှတ်မိပါသည်။ ‘ လိုက်ပို့တော့ လူညိုယဉ် ‘ တဲ့။ ရေဒီယိုသီချင်းတွေထဲက သည်သီချင်းကလေးသည်ပင် ကျွန်မရင်ထဲ စွဲစွဲလန်းလန်းရှိခဲ့ရသာ သီချင်းကလေးဖြစ်ခဲ့သည်။ အထူးသဖြင့် ဂင့်ဂဲသင်္ဘောဆိပ်ကိုဆင်းတိုင်း ရင်ထဲရောက်လာလေ့ရှိသည့် သီချင်းကလေး ဖြစ်၏။ ဆိုသူ တေးသံရှင်ကိုလည်း ကျွန်မ ကောင်းကောင်းမှတ်မိပါ၏။ ဝေဝေ … ။

ထင်ရှားကျော်ကြားသော အဆိုတော်စာရင်းမပေါက်သော်လည်း ဝေဝေ့အသံကို ကျွန်မချစ်သည်။ အသံလေးက သြသြချိုချိုလေးနှင့် စည်စည်မြည်မြည် ရှိလှလို့ဖြစ်သည်။ ဆိုဟန်ဆိုပေါက်အရ မခို့တရို့နှင့် ရိုးရိုးကလေးဆိုတာကပဲ ဝေဝေ့ဟန်ဖြစ်သည်။ သီချင်ဒာချကလေးမှာ ‘ သင်္ဘောဆိပ်ကို လိုက်ပို့ပါလားရှင် ‘ ဆိုတာကို ပီအောင်မဆိုဘဲ မှိန်မှိန်ဝဲဝဲကလေး ဆိုလိုက်ပုံက အင်မတန်ချစ်စရာကောင်းလှပါသည်။ သည်သီချင်းကလေး ရေဒီယိုကလာလို့ နားစွန်နားဖြားကြားပြီဆိုလျှင် လုပ်လက်စအလုပ် နေခဲ့တော့သဘောထားကာ ရေဒီယိုနှင့် အနီးဆုံးနေရာအထိပြေးကပ်ပြီး နားထောင်မိသည်ချည်း။ မရတရ မမီမကမ်း လိုက်ဆိုရတာလည်း အမော။

” ရွာနဲ့သိပ်မဝေးတဲ့ ဆိပ်ကမ်းလေးတွင် … သိပ်မလှမ်းပါပဲ သွားလို့လွယ်တာပင် … သင်္ဘောလေးဆိုက်လာလျှင် ယမင်းအချောတို့လိုက်မှာပင် … တို့အရီးကိုမြှောက်ကာတမင် မြို့ကြီးကို တစ်ခါက်သာနှင့် လိုက်ဖို့သာပြင် … စရိုက်ရိုးရိုး ယဉ်ယဉ်လေး ခင်ခင်မနှေး … မောင်ကြီးကိုပြောမှာ တိုးတိုးလေးပင် … သင်္ဘောဆိပ်ကို လိုက်ပို့ပါလားရှင် “

ငယ်ငယ်ကတော့ နားရည်ဝနေသည့်သီချင်းစာသားတွေကို စာရွက်ပိုင်းကလေးနှင့် တကန်တကကူးပြီး ကျက်လိုက်သေးသည်။ သီချင်းရေးဆရာကို မမှတ်မိတော့သော်လည်း လေးစားမိပါသည်။ အကြောင်းအရာက လေးလေးနက်နက်ကြီး မဟုတ်သော်လည်း သံစဉ်တေးသွားနှင့် သီချင်းအကြောင်းအရာက ရိုးရိုးကလေးမို့ သည်သီချင်းကို ငယ်ငယ်ကတည်းက ကျွန်မ ကောင်းကောင်းရနေခဲ့ပါ၏။

” ရွာနဲ့သိပ်မဝေးတဲ့ ဆိပ်ကမ်းလေးတွင် ” တဲ့။

ဟုတ်ပေသားပဲ။ ကျွန်မတို့ရွာနှင့် သိပ်မဝေးလှသော ဆိပ်ကမ်းကလေးလိုနေမှာပေါ့။ ဂင့်ဂဲဆိပ်လို နေမှာပေါ့။

( ၂ )

သီချင်းကလေးကို နှစ်သက်မိတာကလည်း ကျွန်မတို့ နေထိုင်ကြီးပြင်းခဲ့ရသည့်ဘဝနှင့် တိုက်ဆိုင်ခံစားရလို့ပဲ ဖြစ်ပါလိမ့်မည်။ ကျွန်မတို့ငယ်စဉ်က နေခဲ့ရသည့် ဧရာဝတီမြစ်ဘေး ရွာကလေးဆီက မြို့ကိုကူးချင်လျှင် သင်္ဘောနှင့်သာ ကူးကြရသည်။ ဥဒယရွာကလေးက မြစ်မကြီးကို မေးတင်ထားသည့် ရွာကလေးဆိုတော့ မြစ်ရိုးတစ်လျှောက် သွားလာနေကြသည့် သင်္ဘောကြီး ၊ သင်္ဘောငယ် ၊ လှေကြီးလှေငယ်တွေကို မိုးလင်းသည်နှင့်မြင်ကြရပြီ။ သင်္ဘောကြီးတစ်စင်း ဖြတ်ခုတ်မောင်းသွားလေတိုင်း ကမ်းကိုဂတဝုန်းဝုန်း ဆင့်ကာဆင့်ကာ ရိုက်လိုက်သည့်ရေလှိုင်းဆောင့်အားက မြစ်ကမ်းပါးခြေက တော်ရုံအိမ်ကလေးတွေတောင် ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားလောက်အောင် ပြင်းသည်။

တဝမ်းပူနှင့်စသော ပြည်ကူတို့ကြီးတွေ ရွာခြေကဖြတ်သွားသည့်အခါ သင်္ဘောပေါ်က ‘ ဘယ်သူရေ ဘယ်ဝါရေ သွားပဟ့ လာပဟေ့ ‘ ဆိုသည့်အော်သံတွေတောင် ကြားနေရလောက်အောင် ရွာနှင့်မြစ်က နီးလွန်းလှသည်။ မြစ်ကမ်းဘေးရွာဆိုတော့ တစ်မြို့တစ်ရွာ ကူးချင် လူးချင်ကြပြီဆိုလျှင် သင်္ဘောဆိပ်ကို ဆင်းကြရပြီ။ ကျွန်မတို့ရွာဆိပ်ကမ်းက သင်္ဘောကြီးတွေကပ်ရလောက်အောင် ရေလမ်းမသာလေတော့ သင်္ဘောကပ်လို့ အဆင်ပြေသည့် ဂင့်ဂဲဆိပ်ကမိးကို ရွာတိုင်းက မလာမဖြစ်လာကြရသည်။ ခြေလျင်လျှောက်သူတွေကလျှောက် ၊ ကုန်ပါလျှင်တော့ လှည်းနှင့်ဆင်းကြရတာများပါ၏။ သည်တုန်းကများ ဂင့်ဂဲသင်္ဘောဆိပ်ကမ်းကို ရွာပေါင်းစုံက လှည်းဦးတိုက်ကြရသည်ချည်း။ ဂင့်ဂဲဆိုသာ ငကင်ခဲ ( ငါးကင်ခဲ ) ကလာတဲ့စကားလို့ အဘက ပြောဖူးသည်။

ဂင့်ဂဲရွာဆိပ်က ကျွန်မတို့ရွာနှင့် မြစ်ရိုးအတိုင်း တောင်ဘက်ကို တစ်မိုင်သာသာလောက်သာ ဝေးပေသိ ကုန်းလမ်းအတိုင်းလျှောက်လျှင်တော့ တစ်နာရီပျော့ပျော့လောက် သွားရသည်။ တစ်ဆွဲတစ်ရွက်သမားတွေက မြစ်ဘေးကြက်ဆူတောလမ်းအတိုင်း ကုန်းကြောင်းလျှောက်သွားလိုက်ကြရုံသာ။ဂဝန်စည်စလည်ပါလျှင်တော့ လှည်းသံတဂျောင်းဂျောင်း ၊ ဖုန်က တထောင်းထောင်းထအောင် အသော့နှင်ကြရသည်။ သည်လိုသွားခဲ့ရသည့် ခရီးအရသာကို ကျွန်မ ငယ်ကတည်းက စွဲလန်းမိပါ၏။ သင်္ဘောကလည်း ကမ္မသကာ။ လာချင်လည်း လာလိမ့်မည်။ လာချင်မှလည်း လာလိမ့်မည်။ ဘယ်အချိန်ဆိုက်မှာရယ်လို့ အတိအကျ မပြောနိုင်လေတော့ သူ့ရက်နှင့်သူ စုန်ရက် ဆန်ရက်သတ်မှတ်ပြီး မနက်စောစောကြီးကတည်းက ထမင်းအိုးတောင်း ၊ ဟင်းအိုးတောင်းပြင်ကာ သင်္ဘောဆိပ်ကို ဆင်းကြရပါ၏။

သင်္ဘောဆိပ်ဆိုလို့ တံတားကြီးတွေ ၊ ဆိပ်ခံတွဲကြီးတွေနှင့် သင်္ဘောဆိပ်မျိုး ဘယ်ဟုတ်ပါ့။ မြစ်ကမ်းပါးထိပ်တွင် မျောသားလေးတိုင်စင် ဆယ်ပေပတ်လည်လောက်ကို ထန်းလက်မိုး အကာမပါ အရိပ်ခိုရုံလောက် ထိုးထားသည့် တဲကလေးတစ်လုံးသာ ရှိသည်။ အရွာရွာက လာကြသမျှလှည်းတွေ နွားတွေ လူတွေအားလုံး နေပူပူသောင်ခုံမှာ တော်သလိုအရိပ်ခိုကြရင်း မသေချာသည့် သင်္ဘောကိုစောင့်ကြရပါ၏။ အောက်ကဆန်တက်လာမယ့် သင်္ဘောဆိုလျှင် တောင်ဘက်မြစ်ကြေကို မျှော် ၊ အထက်က စုန်လာမယ့်သင်္ဘောဆိုလျှင် မြောက်ဘက်မြစ်ညာကို မျှော်။ သင်္ဘောမလာလို့ မြစ်ကမ်းနဖူးမှာ နေကုန်ပက်လက် ပူပူလောင်လောင် လေတဟူးဟူး သဲတဖြူးဖြူးကြား စကားတဖောင်ဖောင် ကျည်ကျည်လောင်လောင် ဒုက္ခခံကြရတာများ သင်္ဘောစောင့်စီးကြသူတွေအဖို့ရာ ရိုးလှပေါ့။ ဒုက္ခရောက်ကာမှ ရောက်ကရော။ သည်ဘက်ခေတ်လို ဘယ်ဆီကမှ ကုန်းလမ်းမပါက်သေးချိန်ဆိုတော့ သင်္ဘောဆိပ်ကိုပဲ ပြေးကြရတာများ ရှေးခေတ်ဟောင်းအောက်မေ့ဖွယ်ပင်။

‘ လိုက်ပို့တော့ လူညိုယဉ် ‘ သီချင်းကလေးအထဲက သင်္ဘောဆိပ်ကတော့ကော။ ရွာနှင့် သိပ်မဝေးလှဘူးတဲ့။ သွားရလာရ လွယ်သတဲ့။ ကျေးတောသူကလးက မြို့ကြီးကိုသွားချင်တော့ သင်္ဘောဆိပ်ကို ဆင်းရတဲ့။ ရွာနှင့်သင်္ဘောဆိပ် သိပ်ကြီးမဝေး လှပေသိ ၊ ချစ်သူ လူညိုယဉ်လိုက်ပို့မယ့်လှည်း ဒါမှမဟုတ် လူကိုယ်တိုင် လိုက်ပို့ပါလားတဲ့။ သီချင်းကို ဖွင့်လိုက်သည့်အဖွင့်ကလေးထဲမှာ ‘ မောင်ကြီးကိုပြောမှာ တိုးတိုးကလေးပင် ‘ ဆိုကတည်းက မိတွေဖတွေ ဆွေတွေမျိုးတွေ မရိပ်မိကြသေးတဲ့ ချစ်သူလတ်လတ်လောလောဆိုတာမြင်သာလှသည်။

” မောင်ကြီးရယ် ကျုပ် မြို့ကိုသွားရမှာတော့် … မလွှဲသာလို့ သွားရမှာပါမောင်ကြီးရယ် … ကျုပ်က ရွာက တစ်ဖဝါးမှ မခွာချင်ဘူးရယ် … ဘာပဲဖြစ်ဖြစ် သွားမယ့်မနက်တော့ သင်္ဘောဆိပ်ကို လိုက်ပို့ပါဦးတော် … ပို့မယ် မဟုတ်လား “

ချစ်သူကို ကယုကယင် ပြောသံကလေး နားထဲမှာကြားနေရသည်။ သင်္ဘောဆိပ်ကို လိုက်ပို့ပါလားဆိုတော့ အရင်က ပို့ဖူးလို့ ပူဆာတာလည်းဖြစ်နိုင်သလို တစ်ခါမှမပို့ဖူးလို့ သည်တစ်ခါတော့ ပို့ဖြစ်အောင် လိုက်ပို့ပါဦးဆိုတာလည်း ဖြစ်နိုင်သည်။ များများစားစား ပူဆာစရာမရှိတဲ့အရပ်မှာ ဒါလေးတော့ ပူဆာစမ်းပါရစေဆိုသည့် မိန်းမသားစိတ်ကိုလည်း မြင်လိုက်ရသလိုပင်။

” သင်္ဘောဆိပ်ကို လိုက်ပို့ပါလားရှင် ” တဲ့။

( ၃ )

” ဥသြသံကြား နားဝမှာရွှင် … အဟုတ်သဘော အမှန်ထား တစ်ပါးအလှခင် … ပျိုလေး အပြန်လမ်း မောင်ကြီး ကြိုပါလျှင် … အို မနှေး အမြန်လှမ်းဂလက်ဆောင်တွေပေးမှာပင် … ခရီးတစ်လျောက်တွင် မြင်မြင်သမျှ လွင်လွင်လှတဲ့ လယ်ကွင်းပြင် … စိမ်းလန်းစိုစို တောင်ညိုညို တွေ့မြင်လာသမျှကို … သျှောင်ကြီးဗွေ လူညိုချော သဘောကျအောင်ပင် … ပြန်လည်ကာပင် ပြောပြမယ်ရှင် “

သင်္ဘောဥသြသံကြား နားဝမှာရွှင် ဆိတြာကတော့ သင်္ဘောအလာစောင့်ရသူတို့မှ နားလည်နိုင်မည့် ခံစားမှုမျိုးဖြစ်သည်။ မြစ်ကြေ မြစ်ညာ မျက်စိတွင်းဆုံး လှမ်းမြင်ရသမျှ ရေလယ်ကအမည်းစက်ကလေးကို မျှော်ရတာကိုက ပင်ပန်းလှပြီ။ အမည်းစက်ကလေးဆိုတာ မြစ်ထဲကသင်္ဘောကို အဝေးကမြင်ရသည့် အစက်ကလေးဖြစ်ပါ၏။ သင်္ဘောဆိုတာကလည်း အစုန်ဆိုတော်ပါရဲ့။ အဆန်များဆို ကိုယ့်ရှေ့ရောက်လာဖို့ကိုက မေ့လောက်အောင် စောင့်ပါလေ့။ သင်္ဘောကြီးတစ်စင်းလုံး ရုပ်လုံးပီပါပြီဆိုတာတောင် ကိုယ်မျှော်နေတဲ့သင်္ဘော ဟုတ်ပါဦးမှ။ တစ်ခါတစ်လေများ သင်္ဘောလာပြီလာပြီဆိုလို့ အထုပ်တွေ ကဲ့ကြရွှေ့ကြ ၊ သင်္ဘောဆိုက်လာလျှင် အသင့်တင်နိုင်အောင် ဝန်စည်စလယ်တွေ စုကြပေါင်းကြ။ နီးလာမှ မဟုတ်ပြန်လို့ သက်ပြင်းသက်မ အခါခါချရသည်လည်း ရှိပါ၏။

တစ်ခါတစ်ခါ နေ့မွန်းတည့် ဆိုက်ရမည့်သင်္ဘောက သောင်နဲ့ညိလို့ ၊ ကုန်တင်ကုန်ချများလို့ ၊ စက်ချို့ယွင်းလို့ နောက်ကျပြီဆိုလျှင်တော့ သင်္ဘောဆိပ်ကို သန်းခေါင်သန်းနွဲမှ မှောင်ကြီးမည်းမည်း စမ်းပြီးရောက်လာတတ်တာလည်း ရှိပါသည်။ သည့်ထက်နောက်ကျလျှင် နောက်တစ်ရက်ကူးရတာပင် ရှိပါသေး။ သင်္ဘောပေါ်စားမည့် ထမင်းအိုးဟင်းအိုးကလည်း ဆိပ်ကမ်းမှာတင်ကုန်ပြီ။ ထမင်းကုန်လို့ ဟင်းကုန်လို့ ပြန်ထုပ်ချေဦးမယ်ဆိုတာလည်း မဖြစ်နိုင်လေတော့ ခရီးသွားချင်း မျှတစားကြရသည်။ တောဆိပ်ကမ်းကလေးဆိုတော့ ထမင်းဆိုင်မရှိ။ သရေဆိုင်မရှိ။ ရေအတွက်တော့ ဧရာဝတီမြစ်ကြီးထဲက ကြိုက်သလောက် ခပ်သောက်ကြရုံ။ သင်္ဘောမလာလို့ ခရီးသည်တွေ ဒုက္ခရောက်နေတာကို ရေချိုး ရေခပ်ဆင်းကြသည့် ဂင့်ဂဲရွာသူ ရွာသားတွေ သိသွားပြီဆိုလျှင်တော့ ရွာကျောင်းဆရာတော့်နား ပေါက်ရသည်။ ဆရာတော်ကျောင်းက ရွာ့အနောက်ဖျားမှာဆိုတော့ ကျောင်းတွင်ရှိသည့် လက်ပံခေါင်းခြောက်ဟင်းလေးချက်နှင့် ဆွမ်းကျန်ကွမ်းကျန်တွေ စွန့်ကြဲတတ်ပါ၏။ တောသူတောင်သားတွေခမျာ ခရီးသွားကြရမှာ ကြောက်ရသည့်ကြားထဲ မလွှဲသာတော့လည်း သွားကြရသည်သာ။ သင်္ဘောဒုက္ခများတော့ ဓမ္မကထိက ဦးလှသိန်းတရားထဲကလို ‘ ဒေဝဒတ်မြေမျိုတာ ပူတော့ပူမှာပါကွာ …. တို့လောက်တော့ ဒုက္ခမရောက်လောက်ဘူး ‘ ဆိုတာမျိုးဖြစ်သည်။ သည်တော့ သီချင်းထဲကလို ဥသြသံကြား နားဝမှာရွှင်ဆိုတာ တကယ်ရွှင်ရခြင်းပါ။

” မောင်ကြီးရယ် … သင်္ဘောအပြန်ခရီးမှာ လာကြိုပါဦးနော် …. မြို့လက်ဆောင်ကလေးတွေ ပေးချင်လို့ပါတော့် … မြို့သွားတဲ့ခရီးမှာ မြစ်ကမ်းတစ်လျှောက်မြင်ခဲ့ရတဲ့ မြို့တွေရွာတွေက လယ်ခင်းကိုင်းခင်း တောခင်းတောင်ခင်း မြင်ကွင်းတွေအကြောင်းလည်း ပြောပြချင်ပါရဲ့ “

တောသူကလေးမြို့ကအပြန် ခံစားမှုကလေးကို လှအောင်ဖွဲ့ထားတာဆိုပေသိ ရွာကထွက်ခဲ့ရလို့ ကြာခဲ့ရသည့်ရက်တွေကြား လွမ်းရတဲ့အကြောင်း ၊ သတိရတဲ့အကြောင်း ၊ အောက်မေ့ရတဲ့အကြောင်းတွေ မပါပါ။ မြို့ပြန်လက်ဆောင်တော့ ပါဖြစ်အောင် ပါခဲ့ပါသတဲ့ ၊ မြင်ခဲ့သမျှခရီး ရှုခင်းတွေလည်း ပြောပြချင်သတဲ့။ ဘယ်အချိန် ရွာဆိပ်ကိုပေါက်ချလာမလဲဆိုတာ မသေချာတဲ့သင်္ဘောကို မောင်ကြီးကကော လှည်းတောင့်ပြီး ကြိုနေပါ့မလား။ မိန်းကလေးအဖို့ရာလည်း မောင်ကြီးများ ငါ့ကိုစောင့်နေရှာရော့မလားရယ်လို့ သင်္ဘောပေါ်က သောင်ပြန့်ဆိပ်ကမ်းကို လှမ်းမျှော်ရသည့်အမောကလည်း ကြီးရှာရော့မည်။

သည်သီချင်းကလေးကို ငယ်ငယ်တုန်းကတော့ ဆိုလို့ကောင်းလို့ဆိုခဲ့တာပဲ ရှိသည်။ အခု အွယ်ကလေးရလာတော့ ဘဝဆန်လှသော အဖွဲ့အနွဲ့ကို ဘဝနှင့်ယှဉ်ကာ ခံစားကြည့်ရင်း ဆွတ်ပျံ့လွမ်းမောမိပါ၏။ သည်မြေသည်ရေ သည်တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသောသူတွေ ၊ သည်လူတွေကြားကမှ ကျေးလက်နေ တောသူတောင်သားတွေ။ မိန်းကလေးခမျာ မြို့ကြီးပြကြီးမှာ မြင်တွေ့ခဲ့ရသော တိုက်ကြီးတာကြီးတွေ ၊ ရထားတွေ ၊ ကားတွေ ၊ မြို့ခင်းမြို့ကွက်တွေအကြောင်း ပြောပြချင်သည်ဟုမဆို။ သင်္ဘောပေါ်ကမြင်ရသလောက် မြစ်ကမ်းတစ်လျှောက်က တောရိပ်တောင်ရိပ်တွေ အကြောင်းကိုသာ ပြောချင်သတဲ့။ တောစိမ်းစိမ်း တောင်စိမ်းစိမ်းအကြောင်းတွေပဲ ပြောချင်သတဲ့။ မြို့အကြောင်း ပြောပြလို့လည်း လူညိုယဉ် မောင်ကြီးတစ်ယောက် ခံစားတတ်မည် မထင်။ ရိုးသားဖြူစင်လှသော ကျေးတောသူကလေး၏ သင်္ဘောဆိပ်ကလေးကို ကျွန်မ ခံစားရသည်။

” သျှောင်ကြီးဗွေ လူညိုချော သဘောကျအောင်ပင် …. ပြန်လည်ကာပင် ပြောပြမယ်ရှင် ” တဲ့။

( ၄ )

သီချင်း၏နောက်ဆုံးအပိုဒ်ကို ညည်းမိတော့မှ သျှောင်ကြီးဗွေ လူညိုချော တောသားမောင်ကြီးအကြောင်း သိရတော့သည်။ သည်အပိုဒ်ကို နားထောင်မိတော့မှ ရုပ်လုံးပေါ်ရတော့သည်။

” အို ကိုရင် …. လိုက်ထဲ့ပါလား ခေါ်ပါလျှင် … ငြိုငြိုငြင် …. အရီးကိုကြောက်သတဲ့ မနောက်ပါနဲ့လို့သူဆိုရင် … ဟိုအရင် ညောင်ညိုရိပ်တွင်ဂချစ်စကားသီဖွဲ့လွင် သဲ့သဲ့သာပင် … မပြုံးပဲ မျက်နှာထား ရှက်အားပိုတဲ့လူညိုယဉ် … ခက်လိုက်တာများပင် … သင်္ဘောဆိပ်တော့ လိုက်ပို့ပါဦးရှင် “

မိန်းကလေးက လိုက်ခဲ့ပါလို့ ဘယ်လိုပင်ခေါ်ခေါ် မိန်းကလေး၏ အမေကိုကြောက်သတဲ့။ သီချင်းထဲမှာတော့ အရီးကို ကြောက်တယ်လို့ သုံးထားသည်။ အရီးကိုကြောက်တယ်ဆိုတာ နင့်အမေကို ကေကာက်တ်ာပေါ့။ အဲဒါမျိုးက အခုမှမဟုတ်ပါဘူး။ ချစ်သူတို့သဘာဝ ရွာအဝင်ညောင်ညိုရိပ်မှာ နှစ်ကိုယ်တွေ့ကြတော့လည်း နှုတ်ကခပ်စေးစေး ၊ လူကမတုန်မလှုပ်။ ချစ်သူနှင့် တွေ့ရသကောရယ်လို့ ပြုံးပြုံးရွှင်ရွှင်ရှိဖို့တော့ ဝေးရော။ ကိုယ်တော်က ရှက်နေသေးသတဲ့။ အို ၊ ခက်လိုက်တာရှင်လို့ မိန်းကလေးက အားမလိုအားမရ ညည်းရတဲ့အထိ ရိုးလွန်းအလွန်းတဲ့ မောင်ကြီးကိုလည်း သီချင်းကလေးထဲမှာ မြင်ယောင်နိုင်သည်။ မြို့ကို မလိုက်ချင်လည်းနေပါတော် ၊ သင်္ဘောဆိပ်တော့ လိုက်ပို့ပါဦးရှင်လို့ မိန်းကလေးက တောင်းပန်သလိုလိုနှင့် ငေါ့တော့ အေးပါအေလို့ပဲ ပြောလေမလား ၊ ထုံပေပေကြီးနဲ့ ရှက်တအေးအေးရှိနေလေမလား။ တွေးချင်စရာ ၊ ချစ်ချင်စရာ မောင်ကြီးနှင့် လုံမလေးတို့၏ သင်္ဘောဆိပ်ဆင်းကြသည့် မြင်ကွင်းကလေးက ကျေးတောနေတို့၏ ပုံရိပ်ပင်။

သည်ဘက်ခေတ်မှာတော့ ကုန်းလမ်းခရီး နွင်ကျယ်လာကြပြီ။ ကြည်းတောခေါင်ခေါင်ရွာတွေမှာ ရွာကားတွေထောင်ကြလို့ မြို့ကိုနေ့ချင်းပြန် သွားနိုင်ကြပြီ။ ထမင်းအိုးတောင်း ၊ ဟင်းအိုးတောင်းတွေ မပြင်ကြရတော့။ မလာနိုင်တဲ့သင်္ဘောကိုလည်းဂမသောင့်ရတော့။ ‘ သင်္ဘောဆိပ်တော့ လိုက်ပို့ပါဦးရှင် ‘ ဆိုသည့် လုံမလေး၏ ပူပူဆာဆာအသံလေးလည်းဂကြားစရာမရှိတော့။ လေတသုန်သုန် သဲတမှုန်မှုန် သင်္ဘောဆိပ်ကလေးကိုရော သတိရကြသေးရဲ့လား။ ရွာကအရီးတို့ ၊ ကျွန်မတို့အိမ် အလည်ရောက်လာတိုင်း ကျွန်မမေးကြည့် ဖြစ်ပါသည်။

” အရီးတို့ ဘယ်လိုလာကြတာတုံး “

” ကားနဲ့ပေါ့အေ့ … တို့ရွာက မှန်လုံကားကြီးတွေရှိသယ်လေ … မန်းလေးများ ထိုထိုပေါက်ပါတော် … မနက်စောစော လေးနာရီလောက် ရွာကထွက် မန်းလေးရောက်ရင် စျေးဝယ်ပြီးပြန်တော့ မီးခွက်ထွန်းချိန် ရွာပြန်ရောက်သာပဲ … လွယ်လှချည့် ငါ့တူမရယ် “

” သင်္ဘောမစီးကြတော့ဘူးပေါ့ “

” သင်္ဘောများ ဝေးစွခြောက်ပါးပါအေ “

ကျွန်မရှေ့မှာမြင်နေရသော တစ်ခါက သင်္ဘောဆိပ်ဟောင်းကလေးကတော့ တာဝန်တွေကျေခဲ့တာ အမှန်ပင်။ သဲကုန်းမို့မို့ပေါ်က လေးတိုင်စင်တဲကလေးလည်း မတွေ့တော့။ ဟုတ်ရှာမှာပေါ့လေ။ ဘယ်သူကများ မသေချာတာကို ရွေးချယ်ချင်ကြပါ့မလဲ။ ညနေခင်းမှုန်တရီမှာ လွမ်းစရာ သင်္ဘောဆိပ်ဟောင်းကလေးကိုငေးရင်း ဝေဝေ့သီချင်းကလေးကိုပင် ပြန်လွမ်းမိသွားပါ၏။

” ရွာနဲ့သိပ်မဝေးတဲ့ ဆိပ်ကမ်းလေးတွင် … သိပ်မလှမ်းပါပဲ သွားလို့လွယ်တာပင် … သင်္ဘောလေးဆိုက်လာလျှင် ယမင်းအချောတို့လိုက်မှာပင် … တို့အရီးကိုမြှောက်ကာတမင် မြို့ကြီးကို တစ်ခေါက်သာနှင် လိုက်ဖို့သာပြင် … စရိုက်ရိုးရိုး ယဉ်ယဉ်လေး ခင်ခင်မနှေး … မောင်ကြီးကိုပြောမှာ တိုးတိုးလေးပင် … သင်္ဘောဆိပ်ကို လိုက်ပို့ပါလားရှင် “

သင်္ဘောဆိပ်ကလေးကို ကျွန်မ ငေးနေဆဲမှာပင် ညနေဆည်းဆာရောင်က မှိန်ဖျော့သွားခဲ့သည်။ သဲသောင်ကို တို့ကာဆိတ်ကာ စီးဆင်းနေသော ဧရာဝတီမြစ်သည်ပင် ဝိုးဝါးသွားခဲ့ပြီ။ သင်္ဘောဆိပ်ကိုလည်း ကျွန်မ မမြင်ရတော့ပါ။

မြစ်တွေကလည်းကောင်း ၊ သင်္ဘောတွေကလည်း ကောင်းပြီဆိုလျှင်တော့ သင်္ဘောဆိပ်ကို ဆင်းချင်ပါသေးသည်။
⬛

ခင်ခင်ထူး
ဇွန်လ၊ ၂၀၁၇
စာရိုက်ပြီးပေးပို့သူ – Poe Poe

Leave a Reply

Your email address will not be published. Required fields are marked *