မင်းရဲကျော်
သစ္စာရှိ မုဆိုး
နှင်းသည် သိပ်သိပ်သည်းသည်းကို အခဲလိုက်၊ အဆုပ်လိုက် ကျနေပုံမှာ စိန်လုံကမ္ဘာ သို့မဟုတ် တုန်ဟုန်း တောင်ထိပ်ကြီးတွေအလားပင်။ ပေခြောက်ထောင်ကျော်သည့် ထိုစိန်လုံကမ္ဘာတောင်ချွန်ကြီးနှင့် ပေမကွာ၊ ဒေါက်မကွာဆိုရမည့် တုန်ဟုန်းတောင်တန်းကြီးတွေ အရှုံးပေးရမလောက်ပင်။
ကျွန်တော်တို့ ငါးယောက် ရောက်ရှိနေသော ပရန်ခ ချောင်းဘေးသည် ပေအားဖြင့် လေးထောင်ခန့်သာ ရှိ၏။ ထိုပေလေးထောင်ကျော်ခန့်ဝယ် ဤမျှသော နှင်းထုကျဆင်းမှုအတွက် အလွန်အမင်း အံ့ဩစရာ ကောင်းပါသည်။
တစ်ခုတော့ရှိသည်။ ပရန်ကမ္ဘာနှင့် ပရန်ဂဂျီတောင် ညီနောင်သည် ကျောက်တောင်နှစ်တောင်။
ကချင်ဘာသာဖြင့် ကမ္ဘာဆိုသည်မှာ ကြီး၏။ ဂဂျီဆိုသည်မှာ ငယ်၏ဟု အဓိပ္ပာယ်သက်ရောက်စေပါသည်။ ထိုပရန်ကမ္ဘာနှင့် ပရန်ဂဂျီ ညီနောင်တောင်နှစ်လုံး၏ အလယ်ဝယ် ပရန်ခချောင်းသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ရေစီးနေ၏။ ထိုပရန်ခ ချောင်းရေမှာ ကျောက်တောင်နှစ်လုံး၏ အေးမြမှုကြောင့်လားမသိ။ ရေသည်လည်း အေးမှအေး။ ရေစီးမပြင်းထန်၍လည်း ညင်သာသော ရေစီးသည် ဆောင်းကာလနှင့် လိုက်ဖက်နေ၏။
“ဆရာကြီး သားကောင်တွေ မထွက်သေးတာ နှင်းကြောင့်ပါ”
“ဟုတ်တယ် ကိုဇော်ဘောက်။ သားကောင်တွေ မပြောနဲ့၊ ကျွန်တော်တို့တောင် မတိုးရဲအောင်ပဲ”
“ဆရာကျော်”
“ဘာလဲ မိုးကျော်”
“အအေးကြိုက်တဲ့ ကိုရွှေတင်မြတ်တော့ အကြိုက်တွေ့နေလေရဲ့။ ဆရာကျော် ကြည့်ပါဦး”
“ဟဲဟဲ . . . ဟဲဟဲ၊ မိုးကျော်ရာ ခြုံစရာဆိုလို့ ဒီအာမီရမ်ပဲ ပါတာဟ။ ဒီအာမီရမ်မှ မကယ်ရင် တင်မြတ်တို့ မိန်းမရဖို့ မလွယ်ဘူးဟ၊ ဟဲဟဲဟဲဟဲ”
“တစ်ယောက်တည်း မသောက်နဲ့။ ကိုဇော်တူးလည်း ပေးလိုက်ပါဦးဟ”
“မိုးကျော်ရေ . . . ကိုဇော်တူးကြီးက တို့ထက်လျင် တယ်ဟ။ သူ့ရေဗူး အလိုလို ခန်းတော့မယ်ဟ။ ဟားဟား ဟား ဟား”
မှန်ပါသည်။ အအေးဒဏ်ခံနိုင်ဖို့အတွက် အာမီရမ် နှင့် ကချင်အရက်မှ မကယ်ရင် မလွယ်တော့ပါ။
ကိုဘောက်နော်နှင့် ကိုဇော်တူးတို့သည် နယ်ခံတွေ။ သူတို့အတွက်လည်း ကချင်အရက် မီးတောက်သည်သာ ဆေးအစစ်။ ရာသီဥတုဒဏ်ကို ကောင်းကောင်းခုခံကာကွယ်ပေးနိုင်သည်ကို ကျွန်တော်မငြင်းပါ။ သူ့အရပ်နှင့် သူ့ဇာတ်။ သူ့ဒေသနှင့် သူ့ဆေးသာလျှင် အန္တရာယ်ကို ကာကွယ်နိုင်ကြ၏။
“ကိုဘောက်ရေ . . . ဒီလောက် နှင်းကျမယ်သာသိ ရင် မထွက်ပါဘူးဗျာ။ ကိုဘောက်တို့ကို အားနာလိုက်တာ”
“ဆရာကြီး ခက်တာပ။ ကျွန်တော်တို့က အားနာ နေတာလေ။ ဒါမျိုးကို မွေးကတည်းက ကြုံခဲ့ရတဲ့အတွက် ကျွန်တော်တို့ အရေးမကြီးပါဘူး။ ခုကြည့် . . . ဆရာကြီးတို့ သုံးယောက်စလုံး နှင်းခိုးရိုက်လို့ ရွှဲနေပြီလေ”
“ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့လည်း ကချင်မြေရဲ့ ဆီးနှင်းဒဏ် ကောင်းကောင်းခံနိုင်ပါပြီ”
“ဟုတ်တယ် . . . ဆရာကျော်ပြောတာ မှန်တယ်။ မခံနိုင်တော့ အာမီရမ်၊ အာမီရမ်မရှိတော့ ကချင်စစ်စစ်၊
ဟဲဟဲ … ဟဲဟဲ”
တင်မြတ်က ဝင်နောက်နေ၏။
ကိုဘောက်နော်နှင့် ကိုဇော်တူးတို့ကား အာမီရမ်အား မကြိုက်ပါ။ အာမီရမ်တွင် ငှက်ဖျားကာကွယ်ဆေးထည့်ထား၍ ခါးသက်သက်ကိုမကြိုက်။ တိုက်၍မသောက်။ တစ်ခါတစ်ရံ မရှိသုံး အားနာ၍ သောက်ကြသော်လည်း မျက်နှာရှုံ့မဲ့တတ်၏။
ကချင်တိုင်းရင်းသားတွေကား အချဉ်သာကြိုက်၏။ အခါးမကြိုက်ကြ။
“ကိုဘောက်နဲ့ ကိုဇော်တူးရေ။ ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်စောင့်ရတော့မှာပဲ ထင်တယ်”
“ဟုတ်တယ် ဆရာကြီး စောင့်ရမှာပဲ။ နှင်းကွဲစပြုပါ ပြီ။ ဒါပေမယ့်မြူတွေက ပိန်းပိန်းပိတ်နေသေးတော့ မထွက်သေးတာပါ။ သေသေချာချာ ထွက်နေကျပါ။ ကျွန်တော်တို့နှစ်ယောက် စောင့်ကြည့်ခဲ့တာ သုံးရက်။ ဒီနေ့ပါဆို လေးရက်ရှိပြီ ဆရာကြီးရဲ့။
ပထမနေ့က နှင်းသိပ်မကျဘူး။ ဒုတိယနေ့၊ တတိယနေ့၊ ဒီနေ့တွေဟာ ထူးထူးခြားခြားပဲ ဆရာကြီး”
“အင်း . . . တောင်ဂွေးပင်ရယ်၊ နောက်ပြီး ဟို ကျောက်တောင်ဘေးက မြေသားဖြစ်တဲ့ ဆားကျင်းကြောင့် ထွက်မှာပါ”
ကိုဇော်တူးမှ သူတို့လေ့လာထားမှု၊ တစ်ဖန် တောင် ဂွေးသီးတွေ ကြွေကျထားမှုထက် ပိုသေချာသည်ကား သားကောင်တွေအကြိုက် ဆားကျင်း။ ထိုဆားကျင်းအား လာရောက် မစားဘဲ မနေကြပါ။ အငန်ဓာတ်ဆားကျင်းမှာ သားကောင်စုံ လာတတ်သည်က အမှန်ပင်။
xxx xxx xxx
ကျွန်တော်တို့ငါးယောက် လုံဂျာရွာမှထွက်တော့ နံနက်ငါးနာရီခွဲတိတိ။ ထွက်စ ဒီလောက်မဆိုးပါ။ ဒီပရန်ကမ္ဘာနှင့် ပရန်ဂဂျီ တောင်နှစ်တောင်အကြားရှိ ပရန်ခချောင်းရောက်ကာမှ ဤကဲ့သို့ ပိန်းပိန်းပိတ်နေသော နှင်းထုနှင့် တိုးရသည်သာ။
ကိုဘောက်နော်နှင့် ကိုဇော်တူးတို့သည် ဒူးလေးတစ်လက်၊ တူမီးတစ်လက်ဖြင့် တောပစ်ထွက်ကြ၏။
သူတို့ ပစ်ခတ်သည်မှာ အများအားဖြင့် ချေ၊ တောဝက်၊ ဒရယ်လောက်သာ။
မျောက်၊ တောကြောင်လည်းပစ်၏။
ယခု ကျွန်တော်တို့နှင့်အတူ ပရန်ခံချောင်းတွင် ဆတ်ပစ်ရန် လိုက်ပါခဲ့သလို ပရန်ခချောင်းဘက်သို့ သူတို့သိပ်မထွက်ကြပါ။
အကြောင်းမှာ သူတို့ ကချင်ဘာသာအရ နတ်ဆိုး ချောင်းဟု ခေါ်ကြသည်။ ဗမာလိုဆိုရပါမူ မကောင်းဆိုးဝါးတွေရှိသောချောင်းဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။
သို့အတွက် တောပစ်မထွက်ကြ။ ကျွန်တော်တို့ ဆတ် ပစ်ချင်သည်ဆိုသောကြောင့်သာ သူတို့နှစ်ယောက် အရဲစွန့်ကာ ဆတ်လာချောင်းကြ၏။ သူတို့ကား မပစ်ရဲကြ။ ပစ်ခတ်ရန် ဝန်လေးနေကြ၏။
အကြောင်းမှာ ရိုးသားလွန်းသော ကချင်တိုင်းရင်း သားများသည် အယူလည်းသီးကြသည်လို့ ဆိုရမည်လား မသိပါ။ ဗမာလိုဆိုပါမူ လှေနံဓားထစ်တွေပင်။
တစ်ခါက သူတို့ရဲ့ဦးလေးလည်းတော်သူ၊ မုဆိုးကြီးဦးဇော်လသည် တပည့်ဖြစ်သူ မာဂမ်နှင့် ဤပရန်ခချောင်းတွင် တောပစ်ထွက်ခဲ့၏။
“မာဂမ် သတိထားနော်။ ဒီတောင်နှစ်တောင်က နတ်ဆိုးတွေ သိပ်ကြမ်းတာပဲလို့ ကြားဖူးတယ်ဟ”
“ဟ . . . တို့က နတ်ဆိုးတွေ မစော်ကားပါဘူး။ သား ကောင်ပစ်ရရင် တော်ပြီလေ”
“အေး သတိတော့ထားရမယ်။ နှင်းတွေကလည်း ခဲနေတာပဲဟ”
“သူ့ရာသီပဲကွာ။ တို့အတွက် မဆန်းပါဘူး”
နှစ်ယောက်သား ကျောက်တောင်ကြီးတွေ ကာရံ ထားသကဲ့သို့ နှစ်ဖက်ကျောက်တောင်ကြီးတွေ ဘေးကပ်ကာ ပရန်ခချောင်းဘေးတွင်ရှိသော ဆားကျင်းဘက်သို့ သွားနေသည့်အခိုက်…
“ဝေါင်း ဝေါင်း… ဝေါင်း ဝေါင်း”
“ဝေါင်း ဝေါင်း… ဝေါင်း ဝေါင်း”
“ဝေါင်း ဝေါင်း… ဝေါင်း ဝေါင်း”
ကျားကြီးတစ်ကောင်၏ ဟိန်းသုံးချက် ပဲ့တင်သံကား အဆက်မပြတ် လျှံထွက်လာ၍ နှစ်ယောက်စလုံး တအံ့တဩဖြစ်သော်လည်း မုဆိုးကြီးဦးဇော်လမှာ အတွေ့အကြုံရှိပြီးသား။
တောင်နှစ်လုံး၏ ပြန်လည်ရိုက်ခတ်လာသော ပဲ့တင်သံကို ခန့်မှန်းတတ်၏။
သို့ကြောင့် ကျားဟိန်းသံကား အန္တရာယ်ဟု သတိပြုမိသည်။ ကျားကြီးသည် တောင်ဂွေးပင်ကြီးဘက်မှ ဖြစ်၍ သူတို့နှစ်ယောက် နေရာပြောင်းလိုက်သည်။
တောင်ဂွေးပင်ကြီးရှိသာ ပရန်ကမ္ဘာတောင်ကြီး ဘက်အခြမ်းမှ ပရန်ဂဂျီတောင်ဘက်သို့ ပရန်ခချောင်းလေးအား ဖြတ်ကူးကာ နေရာယူခိုက်မှာပင် ဆတ်ကြီးတစ်ကောင် နှင်းတောတိုး၍ တောင်ဂွေးပင်ဘက်သွားနေသည်တွင် –
“ဒူဝါ”
“ဘာလဲ . . . မာဂမ်”
“ကျားက တောင်ဂွေးပင်ဘက်မှာ ရှိတယ်။ အဲဒီ ဘက် ဆတ်ကြီးသွားနေတယ်ဟ”
“အေး ဆတ်က ကျားကိုမကြောက်တာလား။ ဒါမှမဟုတ် ဒီဆတ်ကြီး နားပင်းနေလို့ထင်တယ် မာဂမ်ရဲ့”
“အေးလေ ဒူဝါ ပစ်ပါလား”
. “အေး ဟုတ်သားပဲ”
ပြောပြောဆိုဆို မုဆိုးကြီးဦးဇော်လသည် တူမီး သေနတ်အား တောင်ဂွေးပင်အောက်ဘက် သွားနေသော ဆတ်ကြီးထံ လိုက်၏။ သို့သော် နှင်းတွေနှင့် မြူ ပူးပေါင်းကာ ကာကွယ်နေသည့်အတွက် ဆတ်ကြီးပျောက်သွားသည်။
“လာ . . . မာဂမ်။ ဟောဟို ကျောက်တုံးကပ်ကြစို့”
“အေး ကောင်းတယ်”
မုဆိုးနှစ်ယောက် တောင်ဂွေးပင်နှင့် တစ်တန်းလည်း
လောက်တွင်ရှိသော ကျောက်တုံးကြီးသည်ကား ပရန်ဂဂျီတောင်၏ နံရံမဟုတ်ဘဲ ချောင်းဘေးတွင် တည်ရှိသည့်အတွက်ကြောင့် ချောင်းဘက်သို့ တိုးသွားကြကာ ကျောက်တုံးကြီးဘေးမှ နှင်းအကွဲကိုစောင့်ရင်း တောင်ဂွေးသီးစားနေမည့် ဆတ်အား ပစ်ရန် စောင့်နေ၏။
“ဖူး … ဖူး”
“ဖူး”
“ခွပ် . . ခွပ် . . . ခွပ်”
“ဖူး … ဖူး”
ဆတ်ကြီးသည် နှာမှုတ်လိုက် တောင်ဂွေးသီးတွေ ကိုက်ခွဲစားလိုက်နှင့် ကောင်းကောင်းကြားနေရ၏။ ကျားဆိုးကြီးအသံကား လုံးဝမကြားရတော့ပါ။
တောမုဆိုးကြီး မရှိတော့၍လား မသိ။ ဆတ်ကြီးတစ်ကောင်တည်း အေးအေးဆေးဆေး နေပုံရပါသည်။
“ဒူဝါ ဆတ်တစ်ကောင်ထဲ ထင်တယ်”
“အေး မုဆိုးဆိုတဲ့ ကျားကြီးသာမရှိရင်တော့ တို့အတွက် အကောင်းဆုံးပဲဟ”
“ကျားကြီး မရှိတော့ပါဘူး”
“ဒူဝါ … တကယ်လို့ ပစ်ခတ်ပြီးတာနဲ့ ယမ်းထောင်းရ
မယ်ထင်တယ်”
“အေး . . . ဟုတ်တယ်။ ကဲ . . နှင်းက ကွဲစပြုနေပြီ။
“ဟုတ်တယ်။ ခဏပဲ စောင့်ရမှာပါ”
နှစ်ယောက်သား တောင်ဂွေးပင်ကြီးဘက် မျက်နှာ မူစောင့်နေသည့်အခိုက် နှင်းတွေလည်း ရွေ့လျားစပြုလေပြီ။ မြူလည်း နှင်းနှင့်အတူ လိုက်ပါနေသဖြင့် ဆတ်ကြီးအား သဲသဲကွဲကွဲ မမြင်ရသေးသော်လည်း မြင်တော့ မြင်ရပါပြီ။
“မာဂမ် ပတ်ဝန်းကျင်သတိထား”
“ဟင် … ဪ ဘာကောင်မှ မတွေ့ပါဘူး“
“တို့နောက်နဲ့ အထက်အောက်ကြည့်စမ်း။ ငါ ဆတ်ကို သတိထားနေမယ်”
“အေး ဘာကောင်မှ မရှိပါဘူး။ ဒူဝါ”
“အေး ငါပစ်မယ်။ တွေ့ပြီကွ”
“ပစ်လေ”
“ဒိုင်း . . ဒိုင်း . . . ဒိုင်း . . . ဒိုင်း“
“ဖူး . . ဝုန်း … ဝူး … ဝူး”
မုဆိုးကြီးဦးဇော်လ စိတ်ကြိုက်ချိန်တွယ်၍ ပစ်ခတ် လိုက်လေပြီ။ ဆတ်ကြီးအား ကောင်းစွာ ထိသွားလေပြီ။ ဆတ်ကြီးနှင့် သူတို့နေရာမှာ ပေငါးဆယ်ကျော်ကျော်ခန့်သာမို့ ထိထိ ရောက်ရောက် ပစ်ခတ်လိုက်သည်နှင့် ကျောက်နှစ်ခုအကြား ပဲ့တင်သံကြီးကား တော်တော်နှင့် မပြီး။
မြစ်ပြင်လှိုင်းများ ပမာ ကမ်းစပ်နှင့် ထိခတ်ပြီးသော်လည်း နောက်ထပ် ထပ်မံရောက်လာကြသကဲ့သို့ ကြားနေရ၏။
“ဒူဝါ . . . ယမ်းထောင်းလေ”
“အေးပါ .. ခဲသီးတွေ ပြောင်းထည့်နေပါပြီဟ”
“မြန်မြန်ထိုးထောင်းမှ”
“လောလိုက်တာ မာဂမ်ရာ”
မုဆိုးကြီး ဦးဇော်လသည် ဆတ်ကြီး ပစ်ရသည့်အတွက် ဝမ်းသာလုံးဆို့နေ၏။
သို့အတွက် သူ၏ သေနတ် တူမီးပြောင်းထဲသို့ ခဲသီးတွေ ထပ်ထည့်ရာတွင် ခပ်နှေးနှေး ခပ်လေးလေး ထည့်ပြီး ပြောင်းထိုးတံဖြင့် ထောင်းနေသည့်အခိုက်
“ဝေါင်း”
“ဟာ”
“အို . . မာဂမ်”
“ဒိုင်း . . .”
“ဝေါင်း ဝူး ဝူး ဝူး”
သူတို့နှစ်ယောက်နောက်သို့ ရောက်နေသော ကျား ကြီးသည် မဂမ်၏နောက်မှ အထက်စီးယူကာ ခုန်အု လိုက်စဉ် မုဆိုးကြီးဦးဇော်လ၏ တူမီးသေနတ်ကြီးမှ ကျည်ဆံခဲသီးတွေနှင့်အတူ ပြောင်းထိုးသံပါ ရောနှော၍ ကျားကြီးဝမ်းဗိုက်ထဲ စိုက်ဝင်သလို မာဂမ်၏ ညာဘက်လည်ကုပ်အား ကောင်းစွာခဲရင်း သူ၏ ရှေ့လက်တစ်ဘက်သည် နောက်ကျောထဲ စိုက်ဝင်လျက် ကျားကြီးသေသလို မာဂမ်အား မုဆိုးကြီးလုံဖဂျာရွာသို့ နောက်ကျောပိုးကာ သယ်ယူသွားပါသော်လည်း ရွာရောက်သောအခါ ကွယ်လွန်သွားခဲ့ပါသည်။
ထိုနေ့ ထိုရက်မှစ၍ ပရန်ကမ္ဘာတောင်နှင့် ပရန်ဂျီ တောင်နှစ်လုံးအကြားရှိ ပရန်ခချောင်းသည် နတ်ဆိုးတွေရှိသော မကောင်းဆိုးဝါးချောင်းအဖြစ် သတ်မှတ်ခဲ့ကြလေ၏။
xxx xxx xxx
ကိုဘောက်နော်တို့ ပြောချက်အရ ပရန်ခချောင်းတွင် ဆတ်တွေ မကြာခဏလာကြကြောင်း သိရ၍ ကျွန်တော်တို့ ရောက်ခဲ့ပါသည်။ ယခုချိန်အထိ အပြင်မထွက်ရဲဘဲ ကျောက်တောင်၏ အချိုင့်ခွက်ကြီးထဲ အားလုံး ခိုအောင်းနေရစဉ် ကျွန်တော် ပြန်သတိရမိခဲ့ခြင်းသာဖြစ်ပါ၏။
“မိုးကျော်ရေ . . . နှင်းကွဲစကွ”
“နှင်းကွဲစသာဆိုတယ် မင်းလက်ထဲက ရေဘူးက တော့ အိတ်ထဲ ပြန်မရောက်သေးပါလား”
“ခွေးကောင် ဒါပဲ ချောင်းနေတယ်။ ဟဲဟဲ… ဟဲဟဲ”
တင်မြတ် ပြောပြာဆိုဆို ရေဘူးအား သူ၏ ပါးစပ်ဖြင့်တေ့ကာ တစ်ငုံတော့ ငုံလိုက်ပြန်၏။ တစ်ငုံငုံပြီးမှ ရေဘူးအား ခါးတွင် ရှိနေသော ရေဘူးအိမ်ထဲ ပြန်ထည့်လို့အပြီးမှာပင်”
“ဝေါင်း ဝေါင်း . . ဝေါင်း ဝေါင်း”
“ဝေါင်း ဝေါင်း . . ဝေါင်း ဝေါင်း”
“ဝေါင်း ဝေါင်း . . ဝေါင်း ဝေါင်း”
“ဘယ်ဆိုးလို့လဲ။ ဆတ်အသံမကြားရဘဲ တောမုဆိုး က အသံပေးနေပါလား ကိုမိုးကျော်ရေ”
“ဆရာကြီး .. အခြေအနေက တစ်မျိုးကြီးပဲနော”
“မစိုးရိမ်ပါနဲ့ ကိုဇော်တူးရဲ့”
“ဟုတ်ကဲ့ပါ”
“ဆရာကျော် တောင်စောင်းပေါ်ကပဲ။ အောက်ကမဟုတ်ဘူးဗျ”
“အေး တို့အနံ့ရလို့လား၊ ဒါမှမဟုတ် သူက အရင်မြင်လို့ နေမှာပေါ့”
“မပူနဲ့၊ သူက မျက်စိနှစ်လုံး။ ကျွန်တော်တို့က မျက်စိ ဆယ်လုံးလေ။ နောက်ပြီး သူက သားကောင်။ ကျွန်တော်တို့က လူသားလေ။ အစစအရာရာ သာပါတယ်”
“ဟုတ်တယ်နော် ကိုတင်မြတ်”
တင်မြတ်၏ပြောင်စပ်စပ် သုံးသပ်ချက်က မှန်၏။
ရီဝေဝေနှင့်ပြုံးလျှက် နှိုင်းယှဉ်သုံးသပ်သွားသည်က လုံးဝမှန်ကန်နေပါသည်။ သို့အတွက် ကျွန်တော်တို့ တောမုဆိုးလား၊ သို့မဟုတ် ကျားဆိုးကြီးလား ရှာရပေတော့မည်။
“ကဲ တင်မြတ်စကားအတိုင်း အားလုံး စေ့စေ့စပ်စပ် ရှာကြဗျာ”
“စိတ်ချပါဆရာကြီး”
“မိုးကျော် . . မင်းက အနံ့ခံကောင်းပါတယ်။ သူများတွေက မျက်စိနဲ့ ရှာမယ်။ မင်းကတော့ မျက်စိကော အနံ့ခံ သင်တန်းတက်ထားတာမို့ ရှာဟေ့”
“ခွေးကောင် . . တိတ်တိတ်နေ”
“ဟဲ ဟဲ … ဟဲ ဟဲ”
ကျွန်တော်တို့အားလုံး တောမုဆိုးကြီးအား ရှာ၍ မတွေ့သေးပါ။ ဘယ်ကျောက်တောင်၏ လိုဏ်ဂူထဲမှာ ပုန်းအောင်းနေပါသနည်း မသိပါ။ သို့သော် နှင်းကားကွဲစ မြူတွေ လွင့်ပါကြပြီမို့ မြင်ကွင်းကား ကောင်းသည်ထက် ကောင်း၊ ရှင်းသည်ထက် ရှင်းလာ၏။
“ဆရာကျော်”
“မိုးကျော် . . ဘာလဲ”
“ကျွန်တော်ထင်တဲ့အတိုင်းပဲ။ ဟော့ဟို ပရန်ပဂျီ တောင်စောင်းက ကျောက်ဂူလိုလိုဘက်မှာ တွေ့လိုက်တယ်”
“မှတ်ထား . . တင်မြတ်က ဆတ်ရှာ”
“ဟုတ်ကဲ့ . . . ဆတ်သံ မကြားပါလား”
“ရှာလေ .. ဩော် ကိုဘောက်နော် တောင်ဂွေးပင် ဘယ်မှာလဲဗျ”
“ဟောဟို ပရန်ကမ္ဘာအခြေ ရှေ့တည့်တည့်မှာရှိ တယ်။ ဟိုမှာ ဟိုမှာ အပင်ကြီး၊ မြင်ကွင်းတော့ သိပ်မကောင်းသေးဘူး”
ကျွန်တော် တောင်ဂွေးပင်ကြီး အရွက်အခက်တွေ အား နှင်းနှင့်မြူအကြား ဝိုးတိုးဝါးတားတွေ့ရ၍ ဂရုတစ်စိုက်ကြည့်နေခိုက် နှင်းတွေသည် လေဝေ့၍ မြူနှင့်အတူ ပြေးလွှားလွင့်စင်ရာမှ မြင်တစ်ချက်၊ မမြင်တစ်ချက်။ ဂရုတစ်စိုက် ကြည့်သည့်အခိုက်။
“တွေ့ပြီ . . . ဆတ်မကြီးနဲ့ ကလေးငယ်ဗျ”
“ဟုတ်တယ် . . ဆရာကျော်”
“ထပ်ရှာပါဦး”
ကျွန်တော် မြင်ပြီးသား တင်မြတ်မမြင်။ သူ မြင်တာ သားအမိနှစ်ကောင်သာ။ ကျွန်တော် ဆတ်အထီးကြီးကို ကောင်းစွာမြင်ရ၏။ သို့သော် ထိုဆတ်ထီးကြီးကား သစ်ပင်ကြီးနှင့် ခန္ဓာကိုယ်ကွယ်နေ၏။
“တင်မြတ်”
“ဗျာ”
“ပင်စည်ကြီးနောက်မှာ ကြည့်လိုက်စမ်း”
“ဟာ … တွေ့ပြီ။ ပစ်မယ် ဆရာကျော်”
“အေး .. ပစ်လေ”
“မိုးကျော် . . တောမုဆိုးကြီးတွေ့သေးလား”
“မတွေ့ဘူး ပျောက်သွားတယ်။ ဒါပေမဲ့ အရိပ်တစ်ခုက လှုပ်လှုပ်ရှားရှားနဲ့ တွေ့နေရတယ်”
“ကဲ . . . တင်မြတ် တစ်၊ နှစ်၊ သုံး ပစ်”
“ဒိုင်း . . ဒိုင်း . . ဒိုင်း . . ဒိုင်း”
“ဒိုင်း . . . ဒိုင်း . . ဒိုင်း . . . ဒိုင်း”
“ဝေါင်း… ဝေါင်း… ဝေါင်း … ဝေါင်း”
တင်မြတ်ပစ်ခတ်သည်မှာ အမှန်အကန်ဆတ်။ မိုးကျော်အောင်ပစ်ခတ်သည်မှာကား ဘာကောင်၏ ဝိညာဉ်မှန်း မသိ။
ဂလိုင်ကြီးထဲမှ တောမုဆိုးကြီးသည် ကျွန်တော်တို့ အပေါ်မှ ခုန်အုပ်ရန် ဟန်ပြင်သည်တွင် ကျွန်တော်၏ လျှပ်တစ်ပြက် ပစ်ခတ်မှုကြောင့် သူ၏ ဟန်ရေးပျက်ကာ ကျားကျ မကျဘဲ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ကာ အောက်သို့ ကျွမ်းထိုးမှောက်ခုံ လိမ့်ကျသွားသည်မှာ ကြည့်လို့အကောင်းသား။ မှန်အောင် မပစ်ရက်ပါ။
တောမုဆိုးအစစ်မို့ ခွင့်လွှတ်ပါ မိတ်ဆွေကြီး။ တို့ကို ရန်မူတာကို ခွင့်လွှတ်ပါတယ်။ မကောင်းဆိုးဝါး ဆိုတဲ့ နတ်ဆိုးကြီးတို့ရေ။ ဒီနေ့ ဒီအချိန်ကစပြီး မနှောင့်ယှက်ကြပါနဲ့လို့ စေတနာနဲ့ မေတ္တာရပ်ခံလိုက်ပါတယ်။ တို့က မုဆိုးပေမဲ့ သစ္စာမမဲ့ပါဘူး။ သစ္စာရှိမုဆိုးတွေပါလို့ မှာခဲ့ပါတယ်။
“ပြန်တော့မယ်။ ပရန်ခချောင်းရေ”
– ပြီး –
စာရေးသူ – မင်းရဲကျော်