မင်းအဂ္ဂ(ဆင်တဲဝ)
(၁)
မြူနှင်းများက တဖွဲဖွဲကျနေသည်။ နှင်းမှုန်များကိုသယ်ဆောင်လာသော တောင်ကြားလေသည် အေးစိမ့်စိမ့်နိုင်လွန်းလှ၏။
တောင်မြောက်သွယ်တန်းနေသော အလယ်ရိုးမ တောင်တန်းကြီးက မြူနှင်းမှုန်များ လွှမ်းခြုံထားဆဲ။
မော်လူးဘက်အရပ်က ဖားပန့်တောင်ဟု ခေါ်သကဲ့သို့ ကသာဘက်အရပ်က ဖက်ဆွတ်တောင်ဟု ခေါ်ကြသည်။
ကပ်ကာတောင်သည် တောင်စွယ်တစ်ခုအဖြစ် တောင်တန်းကြီးမှ ခွဲဆင်းသွားသည်။ ကပ်ဘေးအပေါင်းမှ အကာအကွယ်ပေးသည့် တောင်မို့ အဘ ဘိုးမင်းခေါင်က ကပ်ကာတောင်ဟု ပညတ်ခဲ့ခြင်း ဖြစ်သည်။
တောင်နှစ်လုံးအလယ်ရှိ လျှိုမြောင်ထဲတွင် ပတစ်ချောင်းက ချောင်းဖျားခံပြီး ကသာမြို့အနီးမှာ ဧရာဝတီသို့ စီးဝင်သည်။
တသွင်သွင်စီးဆင်းနေသော ချောင်းရေပေါ် တွင် နှင်းငွေ့တွေက အခိုးဟပ်နေ၏။
မိုးထိုးနေသော သစ်ပင်မြင့်မြင့်၊ အရွက်ဖားဖားကြီးများကလည်း နှင်းဒဏ်ကို အားတင်းထားဟန်ရှိ၏။ ကျေးငှက်မြည်သံတို့က သံစဉ်မဲ့နေ၏။
လျှိုအတွင်း မြေပြန့်နေရာတွင် တောင်ကမ်းပါးယံကို ကျောပေးထားသော ခြေတံရှည်တဲအိမ်လေးသည်လည်း နှင်းအေးဒဏ်ကြောင့် တဆတ်ဆတ်ချမ်းတုန်နေလောက်ပြီ။
အိမ်ရှေ့မလှမ်းမကမ်း စိုက်ခင်းထဲရှိ ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ မုန်ညင်း၊ ချဉ်ပေါင် စားပင်မျိုးစုံက နှင်းသီးများကို မနိုင်ဝန် ထမ်းထားကြရ၏။ စိုက်ခင်းပတ်ပတ်လည်ကို နှင်းဆီပင်များဖြင့် အနားသတ် ထား၏။
အိမ်အောက်တွင် ကြက်မိခင်က တကွတ်ကွတ်မြည်သံပေးရင်း ကြက်သားပေါက်များကို အစာယက် ကျွေးနေ၏။
တောလိုက်ခွေးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ဆော့ကစားရင်း လေ့ကျင့်ခန်း ဆင်းနေကြသည်။
ညောင်ကြတ်ပင်၏ အကိုင်းအခက်၊ ပင်စည်များ ပေါ်တွင် ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်က တက်ချည် ဆင်းချည်၊ ခုန်ချည် ပျံချည်ဖြင့် နွယ်များ၊ သစ်ကိုင်းများကို ဟီးလေးခိုလျက်လွှဲကူးနေသည်မှာ မျောက်ဝင်စားများလားဟု ထင်မှတ်မှားရသည်။ တစ်ခါတစ်ခါ သူတို့ချင်းသာ နားလည်နိုင်သည့် အသံမျိုးစုံဖြင့် အော်ဟစ်နေသေး၏။
အဖေက ယမ်းထောင်းပြီးသား တူမီးသေနတ်ကို အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် အလိုက်သင့်ချထားသည်။ ဒူးလေး၏ လေးကြိုးကို ပြန်လည်တင်းနှောင်သည်။ မြားတံများကို တစ်ချောင်းပြီးတစ်ချောင်း သနေလျက် သားနှစ်ယောက်ကို လှမ်းမျှော်ကြည့်ရင်း ပီတိအပြုံးများ ဖြာနေ၏။
အမေက ထင်းတုံးကို ဝါးယပ်တောင်ဖြင့် ဘယ်၊ ညာ ခါယမ်းနေသည်။ မီးတောက်လေးက တလူလူ။ မီးဖိုပေါ် ချိတ်ဆွဲထားသော ဝါးကျည်တောက်က အငွေ့တထောင်းထောင်း။ ဟင်းအငွေ့က ချင်းနံ့တသင်းသင်း။ ငါးတံစို့က မီးဖိုဘေးမှာထောင်လျက်။ ကျပ်စင်ပေါ်မှ ကျပ်တင်သားများကို ဟိုဘက်သည်ဘက် ပြန်လှည့်လိုက်သည်။
“မနှင်းဆီရေ … ထမင်းစားဖို့ ပြင်လိုက်တော့။ သားတို့ရေ … ထမင်းစားကြမယ်ဟေ့”
မနှင်းဆီက မီးဖိုဘေးကြမ်းခင်းပေါ်တွင် ထမင်းပန်းကန်များကို ချသည်။ ပန်းကန်ပေမဲ့ ဝါးဆစ်ပိတ်ကို ထက်ခြမ်းခွဲထားသော ဝါးခြမ်းရှည်တစ်ခုပင်။
ဝိုင်းအလယ်ရှိ ဟင်းချိုထဲတွင် တောကောင်အရိုး အရင်းတွေက မြုပ်ချည်ပေါ်ချည်နှင့်။ သားကောင်ကျပ်တိုက်ကြော်က ကြက်သွန်ဖြူနိုင်းချင်း။ တံစို့ ထိုးငါးကင်က အင်ဖက်ပေါ်မှာ။ ဆီတိုဟူးနှင့် ကြက်သွန်ချဉ်တို့က ဝါးဆစ်ဘူးကိုယ်စီဖြင့်။ ဝါးဆစ် ခွက်ထဲရှိ ငရုတ်သီးဆားထောင်းနှင့် ရှမ်းပဲပုပ်မီးကင်က သူတို့အတွက် မရှိမဖြစ်ဟင်းလျာ။
မိသားစု ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီ။
သားငယ်က ယုန်သားကင်တစ်ဖတ်ကို အဖေ့ထမင်းပုံပေါ် တင်လိုက်သည်။ သားကြီးက အမေ့ပန်းကန်ထဲ ငါးကင်ကို ဖဲ့ထည့်ပေးသည်။ အပြုံးများကို ဟင်းရည်ပူပူနှင့် မျှောချနေလျက် ငရုတ်သီးဆား ထောင်းဖြင့် အအေးဒဏ်ကို တရှူးရှူး တရှဲရှဲ တွန်းလှန်နေကြ၏။
“ဗလရေ … နေထွက်လာရင် အဖေတို့ တောတိုးကြမယ်။ မနေ့က အဖေတို့ ထောင်ခဲ့တဲ့သုတ်ကိုင်းတွေ ပြန်စစ်ကြရအောင်။ ထမင်းစားပြီးရင် မြားတွေကိုကျည်တောက်ထဲ သေသေချာချာထည့်”
အဖေက ထမင်းကို ပလုတ်ပလောင်းစားရင်း ပြောလိုက်သည်။ သားကြီး ဗလက မျက်မှောင်တစ်ချက် တွန့်လိုက်၏။
“အဖေ … ဟိုနေ့က တွေ့လိုက်တဲ့ တောကြောင်ကြီးက တော်တော်လျင်တယ်နော်။ သားတော့ ဆော်ချင် တာ လက်ကိုယားနေတာပဲ”
ကိုဇော်ခင်၏ အပြုံးထဲတွင် အားမာန်ပါနေ၏။
“ငါ့သားရယ် … လူနဲ့ တိရစ္ဆာန် ဉာဏ်ချင်းကွာတယ်ကွ။ တစ်နေ့တော့ သားလက်ချက်မိမှာပေါ့”
“အဖေကလဲ … သားလက်ချက်နဲ့ ငါးတွေအများကြီး မိပါတယ်နော်။ မနေ့က ကျောက်ဆောင်ကြားက နည်းတဲ့ငါးရံ့ကြီး မဟုတ်ဘူး။ ဆုပ်ထားရင်းနဲ့ ချော်ထွက်သွားတာ။ သင်းတော့ ဒီနေ့ တွေ့ပြီသာမှတ်”
သားငယ်ဖြစ်သူ သူရကလည်း အားကျမခံ။ အမေကလည်း ထောက်ခံချက်တွေဖြင့် …
“ဟုတ်ပါ့၊ သားငယ်ကလဲ ငါးဖမ်းတင် တော်တာမဟုတ်ပါဘူး။ ငှက်ပစ်လဲ တော်ပြီးသားပါနော်။ လေးခွတစ်လက်နဲ့ ဖအေတူသားလေး”
“ကဲကဲ … ဒါဆိုရင် အမေတူသားက ဘယ်သူလဲ”
“အဖေကြီးပေါ့ဗျ၊ ဝါး ဟားဟားဟား”
ထမင်းဝိုင်းလေးပေါ်တွင် အပျော်လေးတွေ ပျံဝဲနေဆဲ။
“ကိုဇော်ခင် … တော် မော်လူးဘက် တက်ရင် ငှက်ဖျားပျောက်ဆေး ဝယ်ခဲ့ဖို့ မမေ့နဲ့အုံးနော်”
ပါးစပ်ပလုတ်ပလောင်းဖြစ်နေသော ကိုဇော်ခင်က ခေါင်းညိတ် အတည်ပြုလိုက်၏။
“မနှင်းဆီ … မင်း နေမကောင်းဖြစ်ရင် အလုပ်ကို မှိတ်ကြိတ်ပြီး လုပ်မနေနဲ့။ အိပ်ရာထဲမှာ နွေးနွေးထွေး ထွေးနေ။ သား သူရကလဲ အမေကြီးကို ဂရုစိုက်”
ခေါင်းတွေကိုယ်စီ ညိတ်နေကြသည်။
ထိုအချိန်တွင် ဝိုင်းလုံနှင့် ရန်လုံတို့၏ ထိုးဟောင်သံက စူးရှစွာ ထွက်ပေါ်လာသည်။
“ဝုတ် … ဝုတ် … ဝုတ် … ဝုတ် … ဝုတ်”
ထမင်းဝိုင်းလေးသည် ရုတ်ခြည်း အသက်မဲ့သွားသည်။
ကိုဇော်ခင်သည် နံရံတွင် ချိတ်ထားသော တူမီးသေနတ်ဆီ လက်လှမ်းလိုက်၏။ သားငယ်သည် လောက်စာအိမ်တွင် လောက်စာလုံးကိုထည့်လိုက်၏။ သားကြီး၏ လက်ထဲတွင် လေးနှင့်မြားက အဆင်သင့် ရောက်ပြီ။ မနှင်းဆီ လက်ထဲတွင် သားခုတ်ဓားမက လက်ခနဲ။
အားလုံး အိမ်အောက်သို့ ခုန်ဆင်းခဲ့ကြသည်။ ခွေးနှစ်ကောင်က ဟောင်နေဆဲ။
“တဲရှင်တို့ … ဗျို့ တဲရှင်တို့၊ တစ်ဆိတ်လောက် ခွေး ကြည့်ပါအုံး”
လူနှစ်ယောက်၏ ရုပ်ပုံလွှာက နှင်းမှုန်မှုန်ကြားမှ တဖြည်းဖြည်း တိုးထွက်လာသည်။ ဘောင်းဘီရှည်၊ ဂျာကင်ဝတ်၊ လျှာထိုးဦးထုပ်ဆောင်း၊ ဘေးအိတ်လွယ်၊ တုတ်ကောက်ကိုယ်စီ ကိုင်ထားကြလျက်။
“ဗလရေ … ခွေးတွေ ထိန်းထားလိုက်။ ဧည့်သည်တွေထင်တယ်၊ လာပါ … လာပါ”
ကိုဇော်ခင်က တူမီးသေနတ်အား ပခုံးတွင် လွယ်လိုက်၏။ ဇနီး၊ သားနှင့် ခွေးနှစ်ကောင်က သူ၏နောက်မှာ အဆင်သင့်။
“ကျွန်တော်က ကသာကပါ။ ကပ်ကာရွာဟောင်း (ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကြောင့် ပျက်စီး) ဘက်လှည့်လာရင်း တဲကို လှမ်းမြင်လိုက်လို့ ဝင်လာတာပါ။ အမောဖြေရင်း ဆိုပါတော့”
ဧည့်သည်က ရှေ့စိုက်ဆောင်းထားသော ဦးထုပ်ကို ချွတ်ရင်း မိတ်ဆက်စကား ဆိုသည်။ သူ့အသံနှင့် သူ့ရုပ်သွင်က ကိုဇော်ခင်ကို အံ့အားသင့်စေ၏။
ကိုဇော်ခင်က သူစိမ်း၏ မျက်နှာကို စေ့စေ့ကြည့်နေဆဲ …
“ဟာ … အစ်ကိုဇော်လွင်”
ဧည့်သည်သည် မှင်တက်မိနေ၏။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ထူလပျစ်နှင့် ကိုဇော်ခင်အား မမှိတ် မသုန်ကြည့်ရင်း နဖူးကြောတွေ ရှုံ့ထားသည်။ ခဏအကြာမှာ ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်နိုင်သည့် ပမာ သူ့မျက်နှာက ဝင်းလက်ဖြာသွားသည်။
“ဟာ … ညီလေးဇော်ခင်၊ မင်းကွာ … မင်း … မင်း”
သူ့အသံက ဝမ်းသာဝမ်းနည်းသံတို့ ပြည့်လျှမ်းနေ၏။ သူ့ ညီကို အားပါးတရ ပြေးဖက်လိုက်သည်။ ညီ၏ လက်ချောင်းများသည်လည်း အစ်ကို၏ ကျောပြင်ကျယ်ကျယ်ပေါ်သို့။
အစ်ကို့မျက်နှာပေါ်တွင်လည်း မျက်ရည်စီးကြောင်း တစ်ခု ဖြတ်ဆင်းနေသည်။ ညီ၏ မျက်ရည်စမ်းချောင်းကမူ စိမ့်ရေ ခန်းနေသည်ထင့်။ အံသွားအချင်း ချင်း ဖိကြိတ်ရာမှ ဖြစ်ပေါ်လာသော ရစ်ချက်စတာစကေးမြင့် ငလျင်တုန်ခါမှုက ပါးချိတ်အသားလွှာများကို လှိုင်းလုံးများနှယ် တွန့်ခေါက်သွားစေသည်။
အစ်ကို့မျက်ဝန်းတွင် မျက်ရည်ပူများ အငွေ့ပြန်နေလျက်။
“အမေတို့ အဖေတို့ကော နေကောင်းကြရဲ့လားအစ်ကို”
ကိုဇော်လွင်က ဖက်ထားသော လက်ချောင်းများကို ဖြေလျှော့လိုက်သည်။
“အဖေတို့ အမေတို့ မရှိကြတော့ဘူး ညီလေးရဲ့”
ကိုဇော်ခင်က ကသာမြို့ရှိရာဆီသို့ မျှော်ရည်ငေးကြည့်နေ၏။
တဲအိမ်ရှေ့ ကြို့ပင်ခြေရင်း ရှိဝါးကွပ်ပျစ်ပေါ်မှ စကားဝိုင်းသည် တုံ့ဆိုင်းတုံ့ဆိုင်း အသံထွက်နေလျက်။ ဝါးဆစ်ခွက်ထဲရှိ ရေနွေးကြမ်းက အေးစက်နေပြီ။ ဆတ်သားခြောက်ဖုတ်က အရာမယွင်းသေး။
ကိုဇော်လွင်က ရွှေရောင်ငါးသုံးလုံးဘူးထဲမှ စီးကရက်တစ်လိပ်ကို ခေါက်ထုတ်လိုက်သည်။ ဇစ်ပိုမီးခြစ်အဖုံးက ချွမ်ခနဲမြည်သွား၏။
“ငါ့ညီရယ် … အဖေတို့ အမေတို့လဲ မရှိတော့ဘူး။ မင်း မြို့ကို ပြန်လိုက်ခဲ့ပါကွာ။ တိုင်ပင်ဖော် တိုင်ပင် ဖက် ရတာပေါ့။ အစ်ကို့မှာ ပွဲရုံလုပ်ငန်းအပြင် တခြားစီးပွားရေး လုပ်ငန်းတွေ အများကြီးလုပ်ထား တယ်။ ဈေးကွက်စီးပွားရေးခေတ်ဆိုတော့ လုပ်လို့ရတာမှန်သမျှ အကုန်လုပ်ရတာပေါ့ကွာ။ ငါ့ညီနဲ့ အဆင်ပြေမဲ့အလုပ်ကို ဦးစီးလုပ်ပေါ့”
ဟိုအဝေးက ကျားတစ်ကောင် ဟိန်းသံက တောင်ကမ်းပါးယံမှ ပီပီပြင်ပြင် ပဲ့တင်ပြန်လာ၏။ နေပွင့် လာပြီမို့ ကျေးငှက်လေးတွေ သံသာကျူးလာသည်။ ချောင်းရေတသွင်သွင် စီးသံကိုပင် ပီပီသသ ကြားနေရပြီ။ ရေကြည်ပြာမှာ ငါးလေးတွေ ကူးခပ်နေလောက်ပြီ။
ကိုဇော်လွင်က ညီဖြစ်သူကို စောင်းငဲ့ကြည့်သည်။ ကိုဇော်ခင်က အတွေးထဲတွင် နစ်နေဆဲ။
“နောက်ပြီးတော့ မင့်ကလေးတွေရဲ့ရှေ့ရေးကိုလဲ ထည့်တွက်ရမယ် ငါ့ညီ။ ကိုယ်မွေးထားတာက ယောက်ျားလေးတွေဆိုတော့ ဘာပဲဖြစ်ဖြစ် ပညာတတ်ဖို့တော့ လိုတာပေါ့ကွာ။ သူတို့အတွက် ငါ့တာဝန် ထားလိုက်ပါ။ မိသားစုကို မြို့ပေါ် ခေါ်နိုင်အောင်သာ ကြိုးစား”
အစ်ကို၏ မျက်လုံးများက ကျွန်းပင်မြင့်မြင့်ကြီးများပေါ်တွင် ရစ်ဝဲနေသည်။ ညီ၏ မျက်တောင်ဖျားပေါ်တွင် နှင်းပွင့်ကျန်တို့ တင်နေဆဲ။
“မြို့ပြဟာ ကျွန်တော်တို့ မိသားစုတွေနဲ့ မအပ်စပ်တဲ့နေရာပါ အစ်ကို။ ကျွန်တော် စဉ်းစားပါအုံးမယ်”
ကိုဇော်လွင်တို့ ပြန်သွားကြသည်။ သားကောင်ကျပ်တင်များကို အိမ်အပြန်လက်ဆောင်အဖြစ် ပါးလိုက်သည်။
ညီ၏ စဉ်းစားခန်းကို လက်ဆောင်များနှင့်အတူ တစ်ပါတည်း ထည့်ပေးလိုက်သည်ကိုတော့ အစ်ကိုဖြစ်သူက သိဟန်မတူ။
ကိုဇော်ခင်က နှင်းဆွတ်လေကို အားပါးတရ ရှူသွင်းလိုက်တော့သည်။ နိစ္စဒူဝ အသက်မွေးဝမ်းကျောင်းမှုသည် ပုံမှန်လည်ပတ်နေပါဦးမည်။ မိသားစုသံစဉ်တေးများသည်လည်း စဉ်ဆက်မပြတ် သီနေပါဦးမည်။
ဖားပန့်တောင်တန်းကြီးသည် လွင့်ပြယ်စ မြူနှင်းမှုန်အောက်တွင် တဖြည်းဖြည်း ကိုယ်ထင်ပြလာသည်။ ကိုဇော်ခင်၏ မျက်ဝန်း ကြေးမုံပြင်တွင် အတိတ်ပုံရိပ်များက တစ်လွှာပြီး တစ်လွှာ။
(၂)
ကသာဈေးကြီးနားက သမာဓိပွဲရုံကို ပွဲစားကြီးဦးသိန်းမောင်၏ ပွဲရုံမှန်း ကုန်သည်တိုင်းက သိသည်။ ပွဲရုံအမည်နှင့် လိုက်ဖက်အောင်ပင် မျှမျှတတရှိမှန်း လက်ခံကြသည်။
ဦးသိန်းမောင်က ဗန်းမော် − ရွှေဘို (ကျောက်မြောင်း) ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ နာမည်တစ်လုံးနှင့် နေလာသူ။ မြို့လယ်ကောင်က နှစ်ထပ်တိုက်အိမ်ကြီးက ဟီးနေ၏။ သူက ကသာ၏ မြို့မျက်နှာဖုံးဖြစ်သလို ရှေးခေတ် ဘီအေဘွဲ့ရပီပီ စီးပွားရေးကို လာဘ်မြင်တတ်သည်။ အတွေးအခေါ်ကောင်းသည်။ ပေါင်းသင်းဆက်ဆံရေး ညက်သည်။ သည်တော့ သူ့ပွဲရုံက ထိပ်ဆုံးစာရင်း အမြဲတမ်းဝင်သည်။
သားနှစ်ယောက်ကိုလည်း သူ့လိုပင် ခေတ်ပညာတတ် ဖြစ်စေချင်သည်။ စီးပွားရေးဦးနှောက် ရှိစေချင်သည်။
သားကြီးဇော်လွင်က အဖေ့ခြေရာနင်းနိုင်အောင်ကြိုးစားသည်။
သားငယ်ဇော်ခင်က စုန်းပြူး ဖြစ်နေ၏။ သူ့ဗီဇက မုဆိုးအလုပ်ကိုပင် ဝါသနာပါနေ၏။ အားအားရှိ လေးခွတစ်လက်ဖြင့် ငှက်ပစ်ထွက်နေတတ်သည်။
ဇော်လွင်က မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် နောက်ဆုံးနှစ် တက်နေချိန်၌ ဇော်ခင်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆယ်တန်းကို(ခ)အဆင့်ဖြင့်ပင် မအောင်နိုင်ခဲ့။
“ငါ့သားလို့ ပြောရမှာတောင် ငါရှက်လာပြီကွာ။ မင်းအစ်ကိုက ဘွဲ့ရပညာတတ်ကြီးဖြစ်တော့မယ်။ မင်းက ခုထိ ဆယ်တန်းမအောင်နိုင်ဘူး။ စာကြိုးစားဖို့ကျတော့ အားမထုတ်ဘူး။ အေး မုဆိုးအလုပ်က ကြီးပွားမယ်လို့များ မင်း ထင်နေသလား”
ဦးသိန်းမောင်က ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ မေးကြောကြီးများက တင်းလိုက်လျော့လိုက်ဖြင့်။ ဆုပ်ထားသော လက်သီးတွေက တင်းမြဲ တင်းနေလျက်။
ဇော်ခင်က စားပွဲမျက်နှာပြင်ပေါ် ခပ်ဖွဖွခေါက်နေ သော သူ့လက်ညှိုးကိုသာ စိုက်ကြည့်နေ၏။
“အေး… ဒီနှစ်မှ ဆယ်တန်း မအောင်ရင် မင်းနဲ့ ငါနဲ့ အတွေ့ပဲ”
ဇော်ခင်က သူ့အဖေကို မျှော်လင့်ချက်မဲ့မျက်ဝန်းဖြင့် မော့ကြည့်လိုက်သည်။
“ကျွန်တော် ကျောင်းမနေချင်တော့ဘူး ဖေဖေ”
ဦးသိန်းမောင်၏ စူးရှအကြည့်ကို ရှောင်တိမ်းချိန် မရတော့။
“ဟားဟားဟား … ကောင်းစေချင်လို့ နတ်ပြည်တင်ပေးနေတာ၊ မြင့်တယ်ဆိုပြီး ခုန်ချတဲ့အကောင်။ အေး … ချေးတွင်းထဲမှာပဲ ပျော်နေ။ ငါ့စကားကို နားမထောင်ရင် ငါ့အိမ်မှာလဲ မနေနဲ့တော့။ ထွက်သွားကွာ … ထွက်သွား။ ကြာရင် မင်းကို ငါ သတ်မိလိမ့်မယ်”
မီးဖိုခန်းထဲမှ ပြေးထွက်လာသော ဒေါ်ခင်ထွေးတစ်ယောက် ဗျာများသွားရသည်။ ခင်ပွန်းနှင့် သားကြား ရင်ကြားစေ့ရေးသည်လည်း မအောင်မြင်ခဲ့။
ဇော်ခင်တစ်ယောက် အိမ်မှ ထွက်သွားသည်။ လူတစ်ကိုယ် အိတ်တစ်လုံးဖြင့် ကသာ နဘား လော်ကယ်ရထားဖြင့် လိုက်ပါခဲ့သည်။
ရေနွေးငွေ့စက်ခေါင်းကြီးသည် မီးခိုးများတလူလူ လိမ့်ထွက်နေလျက် ဖက်ဆွတ်တောင်တန်းကြီးကို ကုန်းရုန်းတက်နေသည်။
တွဲပြတင်းပေါက်မှ ခေါင်းထွက်နေသော ဇော်ခင်က မျက်နှာတွင် လာကပ်နေသော ကျောက်မီးသွေးမှုန် တို့ကို ပွတ်သပ်ဖယ်လိုက်သည်။ မျက်ရည်ကြည်တို့ စိမ့်ထွက်လာသည်။
ရေနွေးငွေ့စက်ခေါင်းကြီးသည် သူ့ဘဝ အစခရီးအတွက် သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူလိုက်၏။ အကွေ့အကောက်များတွင် ဆွဲဆွဲငင်ငင် အော်မြည်လိုက်သော ဥဩသံသည် လွမ်းမောစရာပင် ကောင်းလှပါဘိ။ သူအမေ့ကိုပင် သတိရလိုက်သည်။
ကျွန်းတောကြားမှာ ပျံသန်းသွားသော မြသားရောင်ခြယ် အမြီးရှည်ရှည် ဒေါင်းတစ်ကောင်ကို လှမ်းမြင်လိုက်၏။
ဖက်ဆွတ်ပင်ခြေရင်းမှာ ယုန်လေးတွေက ကြောက်လန့်တကြားပြေးလွှားနေလျက်။
ဖက်ဆွတ်တောင်ထိပ် အမြင့်ဆုံးနေရာ ဆမ်းမစ် (Summit) သို့ပင် ရောက်ပြီ။ လမ်း၏ ညာဘက်ဘေးတွင် ပင်လယ်ရေမျက်နှာပြင်ပြ အမှတ်အသားဆိုင်းဘုတ် ထောင်ထားသည်။
ရထားကြီးက ခေတ္တ အမောဖြေနေ၏။ အဆင်းခရီးအတွက် တောင့်ခံနိုင်ဖို့ အားမွေးနေဟန်ရှိ၏။ စက်ခေါင်းကြီးက တရှူးရှူး တရှဲရှဲ နှာမှုတ်ကာ ခြေကန်ဆင်းနေသည်။ နဘားဘူတာသို့ မရောက်မီ သဲလမ်း(Sand Trap) လမ်းလွှဲတွင် ရထားရပ်သွား၏။ လမ်းခွဲကိုင်လုပ်သားက လမ်းမှန်ကို ပြန် ဆက်ပေးသည်။
ရထားကြီးက ဘီးဆက်လိမ့်ပြီ။ မကြာမီ ဘူတာတွင်းသို့ ရှောရှောရှူရှူဝင်တော့မည်။
အကယ်၍သာ ရထားကြီးက အဆင်းလမ်းပိုင်းမှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်လာပါက သဲလမ်းလမ်းလွှဲတွင် ဝင်ရောက်ရပ်တန့်သွားမည်။ ဘူတာ ထဲတွင် မတော်တဆမှု ဖြစ်စရာအကြောင်း မရှိတော့။
လူ့ဘဝခရီးလမ်းသည်လည်း ထိပ်ဆုံးအမှတ် ဆမ်းမစ်(Summit)ဆိုသည် ရှိမည်။ အဆင်းခရီးမှာ လမ်းမချော်ဖို့ လိုမည်။ အရှိန်မလွန်ဖို့ လိုမည်။ အရှိန် ထိန်းနိုင်ဖို့ လိုမည်။
ဇော်ခင်သည် ရေနွေးငွေ့စက်ခေါင်းအိုကြီးက ပေးသော ဘဝသင်ခန်းစာကို ရလိုက်သည်။
နဘားဘူတာရှိ ကျောင်းနေဖက်ထံ သောင်တင်သွား၏။ သူငယ်ချင်း ဝင်းတင့်က မီးရထားတွဲပြင် ဝန်ထမ်း။ ဘူတာအပေါ်ဘက် တောင်ကုန်းပေါ်ရှိ လိုင်းခန်းတွင် နေသည်။ သူက လူပျိုလူလွတ်မို့ လိုင်းခန်းတွင် သူနှင့်အတူ နေလိုက်၏။
မီးရထားတွင် နေ့စားဝန်ထမ်းအဖြစ် အလုပ်သွင်းပေးမည့် အစီအစဉ်ကို ခေါင်းခါလိုက်သည်။ ဝါသနာပါရာလမ်းကို လျှောက်လှမ်းဖို့ ဇော်ခင် သန္နိဋ္ဌာန်ချလိုက်သည်။ တောလိုက်မုဆိုးဘဝကို သူ စတင်ဖန်တီးလိုက်ပြီ။
ဖက်ဆွတ်တောင်တန်းသည် သူကျင်လည်ရာ နေရာ။ ကျေးငှက်မျိုးစုံကို ပစ်ခတ်ဖမ်းဆီးခြင်းဖြင့် လုပ်ငန်းသစ်ကို အစပြုသည်။ နောက်တော့ သမင်၊ ဒရယ်၊ ချေ၊ ယုန်၊ ကြောင်တို့ကို မုဆိုးလိုက်သည်။
မုဆိုးစိုင်သင် ဆိုသည့်အတိုင်း တောကောင်က သင်ပေးသော သင်ခန်းစာဖြင့် သူ့ ကျွမ်းကျင်မှုသည်လည်း တဖြည်းဖြည်း အဆင့်မြင့်လာ၏။
တောလိုက်၍ရသော သားကောင်များကို နဘားဘူတာအောက်ဘက်ရှိ ဈေးလေးထဲသို့ ပို့သည်။ သူ့မှာ ပင်တိုင်ဈေးသည် မနှင်းဆီ ရှိသည်။ ဇာတိက နဘားအထက်ဘက် မော်လူးက။ တစ်ကောင်ကြွက်ပေမဲ့ လောကဓံရေစီးကြောင်းမှာ ခပ်ရဲရဲဆန်တက်နေသူ။
“မနှင်းဆီရေ … သဇင်ပန်းလေး လှလို့ မနှင်းဆီအတွက် ချူလာတာ”
ဇော်ခင် ရင်ဘတ်ရှေ့တွင် ငွားငွားစွင့်စွင့်ပွင့်နေသော သဇင်ခိုင်လေးပေါ်တွင် နှင်းဆီ၏ မျက်ဝန်းလိပ်ပြာလေးက တရစ်ဝဲဝဲလည်။
“လှလိုက်တာ၊ တော်တော်အဖိုးတန်တဲ့ ပန်းမျိုးပဲ
ကိုဇော်ခင်ရဲ့”
ဇော်ခင်က ညာလက်ကို ရှေ့သို့ ကမ်းသည်။
“ကျွန်တော် မနှင်းဆီ ပန်စေချင်လွန်းလို့ ချူလာတာပါ။ ရော့ … ပန်လိုက်ပါ”
နှင်းဆီ၏ ခေါင်းပေါ်တွင် သဇင်ပွင့်က ယဉ်ကြော့ကြော့။
“ကိုဇော်ခင်ရယ် … အမြင့်ကို တက်ချူရတာ ပြုတ်ကျသွားမှဖြင့် တော်”
သံယောဇဉ်မျက်ဆန်နက်လေးက ထောင့်ကပ်သွားသည်။
သည်လိုနှင့် ဇော်ခင်သည် နှင်းဆီအတွက် နှစ်ဆယ်ရာစု ပန်းဆက်သမားတစ်ယောက်ဖြစ်သွားသည်။ ပန်းပေးသူတိုင်းအတွက် မေတ္တာဆုလာဘ်ပြန်လည်ချီးမြှင့်ခံရခြင်းမှာ ဓမ္မတာပင်။
နဘားကျေးရွာကောင်စီရုံးမှာ နှစ်ဦးသဘောတူ လက်ထပ်ခြင်းဖြင့် အကြင်လင်မယားအရာမြောက်သွားပြီ။
ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သည်။ မော်လူးမှတစ်ဆင့် ဖားပန့်တောင်တန်းကို ဖြတ်ကျော်သည်။ ပတစ်ချောင်း စတင်စီးဆင်းရာ နေရာလေးသို့ ရောက်သည်။ လျှို မြောင်လွင်ပြင်သည် အိမ်ထောင်ဦး
ဇနီးမောင်နှံအတွက် ဘူမိနက်သန် နေရာမှန်လေးပင်။
သစ်၊ ဝါး၊ ဖက်တို့ဖြင့် ပြည့်စုံအပ်သောတဲအိမ်တစ်လုံးကို ဖန်ဆင်းသည်။ ဟင်းသီးဟင်းရွက်အတွက် စိုက်ခင်းလေးတစ်ခု ပျိုးထောင်လိုက်သည်။
ပတစ်ချောင်းလေးက စိုက်ပျိုးရေးအတွက် အားကိုးရသလို မီးဖိုချောင်အတွက်လည်း ဝမ်းစာဖြည့်ပေးသည်။ အကြေးခွံ နီဝါရောင် ငါးတောက်က အာဟာရဓာတ်ပေးသလို ကျောက်ဆောင်ကြားက ငါးရံ့ထွားထွားကြီးတွေကလည်း အခြောက်အခြမ်းအဖြစ် ရိက္ခာဖြည့်ပေး၏။
သူ့အဓိက ရည်မှန်းချက်က တောကောင်ရရှိရေးဖြစ်သည်။ သူက အန္တရာယ်ကို အမြဲတမ်း စိန်ခေါ်နေရသူ။ တောကောင်ကို တိုက်ခိုက်ရာတွင် သူ့သွေးက မအေးလှ။ အိမ်နံရံတွင် အစီအရီချိတ်ဆွဲထားသော တောကောင်တို့၏ ဦးခေါင်းခွံအမျိုးမျိုး၊ သားရေချပ် အမျိုးမျိုးသည် သူ၏ အောင်နိုင်ပွဲ အထိမ်းအမှတ်သင်္ကေတများ ဖြစ်သည်။ သမင်၊ ဒရယ်မှသည် ကျား၊ ကျားသစ်အထိ ပါဝင်၏။ ကျပ်တင်ကျပ်တိုက်သားမျိုးစုံကလည်း ဝါးတောင်းတွေနှင့် အပြည့်။
တစ်ကိုယ်တော် တစ်တောင်ကျော် ဖြတ်သန်းရသောမော်လူးဈေးသည် သူ့ထွက်ကုန်များ ဖြန့်ဖြူးရာ နေရာ။ သူ့မိသားစုအတွက် သွင်းကုန်ဖြည့်တင်းရာနေရာ။
သူစိတ်နာခဲ့ရာ ကသာအရပ်ကိုတော့ ခြေဦးပင် မလှည့်တော့။
ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်အတွင်း တောတွင်းမှာမွေး၊ တောတွင်းမှာကြီးသော လူသားနှစ်ယောက် တိုးပွားလာခဲ့သည်။ လူအများနှင့် ဝေးကွာရာအရပ်မို့ မနာလိုဝန်တိုမှု မရှိ။ လောဘမရှိ။ ကောက်ကျစ် လိမ်ညာမှု မရှိ။ မတရားရယူလိုမှု မရှိ။ ချစ်ခြင်းမေတ္တာသာ ရှိ၏။
ညနေခင်းဆည်းဆာသည် တောင်တန်းပေါ်တွင် တစ်နေ့တာအတွက် နှုတ်ဆက်ရောင်ခြည်သန်း နေပြီ။
သရက်ပင်၏ ငိုက်ကျနေသော သစ်ကိုင်းတွင် ဂျီ(ချေ) တစ်ကောင် ဇောက်ထိုးတွဲလောင်းကျနေလျက်။ ဓားဦးချွန်ချွန်က ညိုဝါရောင်အရေပြားကို လွှာပြီးရင်း လွှာရင်း။ ကိုဇော်ခင်က မြန်မာပြည်သိန်းတန် သီဆိုသော စုံတောမြိုင်သီချင်းကို တိုးတိုးလေးညည်းနေလျက်။
အိမ်ရှေ့ကြို့ပင်၏ အခြေရှိ ကွပ်ပျစ်ပေါ်တွင် မနှင်းဆီတို့ သားအမိတွေ ထိုင်နေကြ၏။ သူရက မနှင်းဆီပေါင်ပေါ်တွင် ပက်လက်လှန် ခေါင်းအုံးရင်း အမေကို မော့ကြည့်နေခိုက် အမေ၏ လက်ချောင်းသွယ် သွယ်လေးများက သူ၏ ဆံနွယ်နုခွေတွေကြား တိုးဝင်ပွတ်သပ်နေဆဲ။
ဗလက ဝါးချောင်းလေးများကို မြားအဖြစ် သနေလျက်။
“သားတို့ကို အမေပြောပြမယ်။ စကားပြောရင် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ပြောရတယ်ကွဲ့။ မဟုတ်တာ မမှန်တာကို ဘယ်တော့မှ မပြောကြနဲ့။ နောက်ပြီး သူများပိုင်တဲ့ ပစ္စည်းကို အဲဒီပိုင်ရှင်က မပေးဘဲနဲ့ ဘယ်တော့မှ မယူနဲ့။ အဲဒီလိုလုပ်ရင် သားတို့ကို စောင့်ရှောက်နေတဲ့ ကိုယ်စောင့်နတ်က မကြိုက်ဘူးကွဲ့။ မြဲမြဲမှတ်ထား … ကြားလား”
သားငယ်က အမေ့ရင်ခွင်ကို ခွာ၍ ထထိုင်သည်။ သားကြီးက အမေကို စောင်းငဲ့ကြည့်လျက်
“ကိုယ်စောင့်နတ် မကြိုက်ရင် ဘာဖြစ်တတ်သလဲအမေ”
မနှင်းဆီ၏အပြုံးလေးက နှုတ်ခမ်းပေါ်တွင် တွန့်သွားလေသည်။
“ကိုယ်စောင့်နတ်က မကြိုက်တော့ဘူးဆိုမှတော့ သားတို့ကို မစောင့်ရှောက်တော့ဘူးပေါ့။ ဒီတော့ သားတို့အလုပ်တွေ ဘယ်လိုပဲလုပ်လုပ် မအောင်မြင်တော့ဘူးပေါ့ … ဟုတ်ပြီလား”
အမေ၏ အပြုံးငွေ့များသည် သားများထံသို့ စီးကူးသွားသည်။ မနှင်းဆီ၏ ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွား၏။
“ကိုဇော်ခင် … ဒီတစ်ခေါက် မော်လူးဘက်တက်ရင် မူလတန်း ဖတ်စာအုပ်လေးတွေ ဝယ်ခဲ့ပါနော်။ ကျွန်မက ရှစ်တန်းအထိပဲ သင်ခဲ့ရပေမဲ့ ကလေးတွေကိုတော့ သင်ပေးနိုင်မယ်လို့ ထင်တာပါပဲ။ ယောက်ျား လေးတွေဆိုတော့ နည်းနည်းပါးပါး ဖတ်တတ်၊ တွက်တတ်ဖို့တော့ လိုမှာ”
ကိုဇော်ခင်က သူ့အဖေ မျက်နှာကို ဖျတ်ခနဲ ပြေးမြင်မိလိုက်သည်။ သားတို့အတွက် သူက တစ်ပတ်မှာ တစ်ခါလောက် အချိန်ပိုင်းကျောင်းဆရာ လုပ်ပေးဦးမည်။ သူတတ်သည့် မုဆိုးလိုက်ပညာ ပို့ချ မှုမှာတော့အချိန်ပြည့် နည်းပြ။
လူများနှင့် ဝေးသောအရပ်တွင် ချမ်းမြေ့မှုအတိ ပြီးသော လူ့ ဗိမာန်ဘုံလေးတစ်ခု ရှိခဲ့ဖူးပါသည်။
(၃)
ကြိုးတပ်ထားသော ဝါးခြင်းတောင်းနှစ်လုံးတွင် အသားစို၊ အသားခြောက်တွေက အပြည့်။ အမျိုးအမည်တစ်ခုချင်းကို အင်ဖက်များဖြင့် ထုပ်ပိုးထား၏။ တောင်းနှစ်လုံးပေါ်တွင် ပင်ဝယ်ဝါးထမ်းပိုး ကို ကန့်လန့်တင်ထားလိုက်သည်။ ကိုဇော်ခင်က ထမ်းပိုးကို ငုံ့ကြည့်ရင်း သူတို့အရပ်ဘက်မှ “မော်လူး ဆေးဆိုး၊ ပင်ဝယ် ထမ်းပိုး၊ နဘား သူခိုး”ဘူတာစဉ်အဆိုလေးကို သွားသတိရမိသည်။
ရေဖြည့်ပြီး စစ်ရေဘူးဟောင်းလေးကို ခါးမှာချိတ်ပြီးပြီ။ ဓားမြှောင်ထည့်ထားသော ဓားအိမ်ကိုလည်း ခါးမှာ ချိတ်ပြီးပြီ။ ဝါးခမောက်ကို ဆောင်းလိုက်ပြီး ထမ်းပိုးတစ်ဖက်တစ်ချက်တွင် တောင်းဆိုင်းကြိုးများကို ချိတ်လိုက်သည်။
“အင်း … ဟင်း … ဟင်း”
မနှင်းဆီ၏ ညည်းသံ ပျံ့လွင့်လာသည်။ အိပ်ရာထဲ မှာ ခွေနေလျက် ကိုယ်ပေါ် လွှမ်းခြုံထားသော စောင်များသည်ပင် တဆတ်ဆတ် တုန်ခါနေသည်။
မိုးလင်းခါနီးမှ အဖျားတက်လာသည်။ ကယောင် ချောက်ချားစကားများပင် အမျှင်မပြတ်တော့။
အခုတလော မနှင်းဆီသည် မကြာခဏ ဖျားလေ့ရှိပြီး ဝေဒနာကို အံကြိတ်ခံစားနေကျ ဖြစ်သည်။
မနှင်းဆီ၏ နဖူးပူပူပေါ် သို့ လက်ဖွဖွတင်ပြီး –
“ညီမရေ … အားတင်းထားကွာ၊ အစ်ကို မြန်မြန်ပြန်လာခဲ့မယ်နော်၊ ဆေးလဲ ဝယ်ခဲ့မယ်”
ဟု ပြောလိုက်သည်။
သူ့လက်ဖမိုးကို မနှင်းဆီက အားစိုက်ဖျစ်ညှစ်လိုက်သည်။ မျက်ဝန်းဝမှာလဲ မျက်ရည်ပူများဖြင့် –
“သွားစရာရှိတာ သွားပါ ကိုဇော်ခင်၊ သားတွေရှိနေတာပဲဟာ”
ဟု ပြန်ပြောသည်။
ကိုဇော်ခင် တောင်ကျော်ခရီးကို အသော့နှင်လိုက်သည်။ အတက်အဆင်း အကွေ့အကောက် ခြေလမ်းကြောင်း ဦးဆောင်ရာနောက်သို့ တကောက်ကောက်လိုက်ခဲ့သည်။
တောင်ထိပ်ရှိ တည်ပင်ကြီးအောက်မှာ ခရီးတစ်ထောက် နား၏။ ပခုံးပေါ် ခွတင်ထားသော တဘက်ငယ်ဖြင့် စီးကျနေသော ချွေးများကို သုတ်သည်။
ရေတစ်ကျိုက်သောက်အပြီး ရှေ့ခရီးကို ဆက်လျက်။
မြေပြန့်ပြန့်ရှိ မော်လူးမြို့ကို အင်ပင်များကြားတွင် လှမ်းမြင်ရပြီမို့ ခြေလှမ်းများ ပိုသွက်လာပြီ။
ဈေးထဲရှိ ရောင်းနေကျဆိုင်တွင် ပစ္စည်းသွင်းသည်။ ဆေးဝါးနှင့် လိုအပ်သော ရိက္ခာများကို ဝယ်သည်။ ခါတိုင်း အမောပြေ စားနေကျ ရေစိမ်ခေါက်ဆွဲကို မစားဖြစ်တော့။ ပါဆယ်ထုပ်သာ ယူခဲ့၏။
အိမ်အပြန်ခရီးသည် ရေးကြီးသုတ်ပျာနိုင်လှသည်။ ခေါင်းပေါ်ရောက် နေမင်းက အင်အားပြင်းပြင်း ပူလွန်းလှ၏။ ကညင်ပင် ခွကြားမှ ဗေဒါရောင် သစ်ခွပန်းက တွဲလဲပွင့်နေသည်။
ကိုဇော်ခင်က မနှင်းဆီ၏ ကေသာဖျော့ဖျော့အား လွမ်းမိသည်။
ပျဉ်းမပင်ပေါ်မှ မျောက်ညိုမက စွေ့ခနဲ ကိုင်းလွှဲကူးသွားသည်။ တုန်ခါသွားသော ကိုင်းဖျားပေါ် တွင် မျောက်ကလေးနှစ်ကောင်က ကွိကွိကွကွ အော်မြည်ရင်း ကျန်ရစ်ခဲ့၏။
သူက ကရုဏာသက်သော မျက်လုံးအစုံဖြင့် မော့ကြည့်သည်။ ခြေမထိပ်မှ သွေးများ ဖြာခနဲ ထွက်သွားသည်။ ခလုတ်တိုက်လိုက်မိပေမဲ့ ဒဏ်ရာကို လျစ်လျူရှုထားလိုက်၏။ ခြေလှမ်းတွေက ရှေ့ဆက်မြဲ။
“မနှင်းဆီရေ … ငါပြန်လာပြီဟေ့”
ကိုဇော်ခင်သည် အထုပ်ထဲမှ ဆေးကိုထုတ်သည်။ တဲအိမ်ပေါ်သို့ အပြေးတစ်ပိုင်းတက်လိုက်သည်။
“အမေ အိပ်ပျော်နေတယ် အဖေ”
ခြေသံဖွဖွနင်းရင်း ဇနီးထံသို့ ချဉ်းသည်။ နဖူးပြင်ကို ညင်သာဖွဖွ စမ်းသည်။ အေးစက်စက် အထိအတွေ့က သူ့နှလုံးသည်းပွတ်ကို ဆွဲညှစ်လိုက်သလို ဖြစ်သွားပြီ။ သူ မျက်ခွံအား ဆွဲဖွင့်ကြည့်သည်။ နှာသီးဝကို လက်ဖြင့်ထိသည်။ နှလုံးသားတည့်တည့်တွင် နားကိုကပ်သည်။
ကွဲအက်အက် သူ့အသံက ကျယ်လောင်စွာ မြည်ဟည်းလာသည်။ သူ့မျက်ခမ်းမှာ မျက်ရည်စတွေနှင့်။
“မနှင်းဆီရဲ့ … တို့သားအဖကို ထားခဲ့ပြီလားကွ။ ငါပြန်အလာကို စောင့်ပါအုံးလားကွာ။ သားတို့ရေ … မင်းတို့အမေ သေပြီကွ … သေပြီ”
ကိုဇော်ခင်က မနှင်းဆီကို အားပါးတရ ဖက်ထားပြီး တအီးအီးနှင့် အံကြိတ်ငိုနေလျက်။ သားနှစ်ယောက်က အမေ့မျက်နှာကို မျက်လုံးလေးတွေ ကလယ်ကလယ်ဖြင့် ကြည့်ပြီး ရှိုက်ကာရှိုက်ကာ ငိုနေဆဲ။
ချောင်းနှင့် မလှမ်းမကမ်း တောင်ခြေရှိ ပျဉ်းမပင်ခြေရင်းက ကုန်းမို့မို့လေးပေါ်မှာ မနှင်းဆီ တစ်ယောက် ထာဝရအိပ်စက် အနားယူသွားပါပြီ။ ကျောက်တုံးများဖြင့် တန်ဆာဆင်ထားသော ကျောက်တုံးဖြူဖြူပုံလေးက တိတ်ဆိတ်ငြိမ်သက်လျက်။
နှင်းဆီပင်လေးများက ကျောက်ပုံပတ်ပတ်လည်မှာ စီစီရီရီ။ လူ့ဗိမာန်ဘုံလေးတစ်ခု တစ်ပိုင်းတစ်စ ပဲ့ထွက်သွားခဲ့ပြီ။
(၄)
ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာသော လေပြည်က ကမ်းနားလမ်းတစ်လျှောက်ရှိ ကုက္ကိုပင်တန်းကို တဟူးဟူး တိုးဝှေ့နေသည်။ ရောင်ခြည်ဦး၏ အလင်းတန်းက လမ်းမပေါ်သို့ ထိုးကျနေဆဲ။
သားအဖသုံးယောက်က ခြေလှမ်းညီညီ လှမ်းလျက်။
“ဒီလမ်းပေါ်မှာ အဖေတို့ ငယ်ငယ်တုန်းက မင်းတို့ဦးကြီး ဦးဇော်လွင် အဖေ့ကို စက်ဘီးစီး သင်ပေးခဲ့တာပေါ့။ အဲဒီသင်္ဘောဆိပ်နားမှာ အဖေတို့ ရေဆင်းကူးကြတာ သားတို့အဘိုး သိသွားတော့ အဖေတို့ ညီအစ်ကိုတွေ အရိုက်ခံရတာပေါ့ကွာ”
ကိုဇော်ခင်က မြစ်ပြင်ကို ငေးကြည့်နေသည်။ သင်္ဘောတချို့ ကျောက်ချရပ်နားထား၏။
“အဘိုးက ဘာဖြစ်လို့ ရိုက်တာလဲအဖေ”
“ရေနစ်သေ မှာစိုးလို့ပေါ့ကွာ။ သားသမီးအပေါ် ထားတဲ့ မိဘတွေရဲ့မေတ္တာပေါ့ကွာ”
ညာဘက်ဘေးတွင် မြစေတီဘုရားက ဆည်းလည်းသံတချွင်ချွင်ဖြင့် နေ့သစ်ဦးအတွက် မေတ္တာဝေနေလျက်။
“ဒီဘုရားမှာ အဘိုးတို့နဲ့ အတူတူ လပြည့် လကွယ်နေ့တိုင်း လာနေကျပေါ့ကွယ်”
ကိုဇော်ခင်၏ မျက်ဝန်းတွင် အတိတ်ပုံရိပ်တို့က ခပ်ရေးရေး ထင်ဟပ်နေလျက်။
အိမ်အပြန်လမ်းသည် တိတ်တိတ်ဆိတ်ဆိတ်။
(၆)
“ညီလေးရေ … တို့ တောင်ပေါ် ခဏသွားရအောင်။ အစ်ကို့လုပ်ငန်းတွေ လေ့လာလို့ ရအောင်လို့”
သားနှစ်ယောက်ကို အိမ်မှာပင် ထားခဲ့သည်။ မကြာခင်သူတို့ကို စာသင်ပေးမည့် ဆရာ ရောက်လာတော့မည်။
ဂျစ်ကားလေးသည် ကပ်ကာတောင်ဆီသို့ ဦးတည်နေလျက်။ သူတို့အဖေ ဂုဏ်ယူဝင့်ကြွားစွာ စီးခဲ့ဖူးသော စီးတော်ယာဉ်။ ကားကို တောင်ခြေရှိ တဲအိမ်တစ်လုံးတွင် အပ်ထားခဲ့သည်။ ခြေကျင်ခရီး ဆက်ခဲ့ကြ၏။
ကိုဇော်လွင်က ဘေးလွယ်အိတ်တစ်လုံး၊ တောင်ဝှေးတစ်ချောင်းဖြင့်။ ကိုဇော်ခင်က ဒူးလေးတစ်လက် မြားတစ်ထုပ်ဖြင့်။
တောင်စောင်းတောင်စွယ်တို့ကို ဖြတ်သန်းလျက် လျှိုတစ်ခုအတွင်းသို့ ဆင်းကြ၏။ ကူဘိုတာအင်ဂျင်စက်မောင်းသံ၊ လွှစက်တိုက်ဖြတ်သံတို့က ညံသည်ထက် ညံလာလျက်။ သစ်လုံးဆွဲ ကျွဲတွေကလည်း တစ်ကောင်ပြီးတစ်ကောင်။ သစ်မာမျိုးစုံ ခွဲသားများက အထပ်လိုက်။
“ဘယ်သူတွေ လာသေးလဲ မျိုးဝင်း။ အဆင်ပြေအောင် လုပ်ပေးလိုက်။ ဂဂျိုးဂဂျောင်ကောင်ဆို ငါ့ကို ပြော။ စာရင်းတွေကို သေချာလုပ် … ကြားလား”
ကိုဇော်လွင်က စာရင်းစာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသည်။ အလုပ်လုပ်နေရင်းက သူ့အိမ်ဟောင်း လေးကို မှန်းဆလွမ်းတမိနေ၏။
အပြန်ခရီးတွင် ပတစ်ချောင်းရိုးတစ်လျှောက် စုန်ဆင်းခဲ့ကြ၏။ မြင်ကွင်းတစ်ခုက ကိုဇော်ခင်ကို အံ့သြငေးမောစေတော့သည်။ ချောင်းကို ဦးတိုက်ထားသော မျောစင်များ၊ တောင်ကမ်းပါးကို ဖြိုချထားသော မြေစာပုံများ၊ ရွှေကျင်နေကြသော လူအရွယ်စုံများ။
“ကိုတင်လှ … ဘာအခက်အခဲ ရှိသလဲ။ လာနှောင့်ယှက်တဲ့သူတွေ ရှိသလား။ ဒီလ ရွှေအထွက်နှုန်း တိုး တယ်မဟုတ်လား”
ကိုဇော်လွင်က ထုံးစံအတိုင်း စာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသည်။ ကိုဇော်ခင်က နောက်ကျိကျိ ချောင်းရေစီးကြောင်း၏ အော်ညည်းသံကို နားစွင့်နေလျက်။
အပြန်ခရီးတွင် ကိုဇော်လွင် ကားမောင်းရင်း ပြောနေသော စကားလုံးများက ကိုဇော်ခင်၏ နားဝသို့ ဝင်တစ်ချက် မဝင်တစ်ချက်။
“ငါ့ညီရ … ဈေးကွက်စီးပွားရေးဆိုတော့ လုပ်လို့ရတာ အကုန်လုပ်ရတာပဲ။ ဥပဒေဘောင်ဝင်တာ၊ မဝင် တာ အသာထား။ ပေးသင့်တာပေး၊ ကျွေးသင့်တာကျွေးပြီး ရှာလို့ရတဲ့အချိန် ရှာရမှာပဲ။ အဖေတို့ခေတ် ကလို သမားရိုးကျကြီး လုပ်နေလို့ကတော့ ဘယ်တော့မှ ကြီးပွားမှာမဟုတ်ဘူး ငါ့ညီရဲ့”
ကိုဇော်ခင်၏ အာရုံထဲတွင် ကတုံးဖြစ်တော့မည့် ကပ်ကာတောင်၊ မြေပြင်ပေါ် ထင်ကျန်ရစ်နေသည့် စွတ်ကြောင်းရာများ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသည့် နိုင်ငံပိုင် သစ်လုံးရတနာများ၊ ဖြိုချခံလိုက်ရ သည့် ကပ်ကာတောင်၏ အလှတရား၊ နီကြင်ကြင်ရေတွေကြောင့် အကျည်းတန်သွားသော ပတစ်ချောင်း၊ လုယူခံလိုက်ရသည့် ဘိုးဘွားပိုင်မြေ အောက်ရတနာ။
ထို့နောက် … ထို့နောက်။
“ဟော … ညီအစ်ကိုတွေ ပြန်ရောက်လာတာနဲ့ အတော်ပဲ။ မင်းတို့ကြိုက်တတ်တဲ့ ငါးရံခေါင်းနဲ့ ဒန့်သလွန်သီးဟင်း ကြီးကြီးမြ ချက်ထားတယ်။ လာ … လာ … တစ်ခါတည်း ဝင်စားလိုက်တော့”
ထမင်းစားခန်း စားပွဲရှည် ပေါ်တွင် ဟင်းမျိုးစုံက တစ်ခွက်ပြီး တစ်ခွက်။ စားပွဲအလယ်ရှိ ငါးရံ့ခေါင်းဟင်းက လက်ယပ်ခေါ်နေသလိုပင်။
ကုလားထိုင်အသီးသီးတွင် တစ်ယောက်ပြီးတစ်ယောက် နေရာယူလျက်။
“ဟာ … ငါးရံ့ခေါင်းနဲ့ ဒန့်သလွန်ဟင်းက ရှယ်ပါလား ကြီးကြီးမြရေ။ လက်ဆေးပြီး အားရပါးရ တွယ်လိုက်မှ”
ကိုဇော်လွင်က လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပြီး စားပွဲထိပ်တွင် ဝင်ထိုင်သည်။ ကိုဇော်ခင်တို့ သားအဖက တစ်ဖက်ခြမ်းမှာ ပန်းကန်ကိုယ်စီဖြင့် ထိုင်နေကြသည်။
ကိုဇော်လွင်၏ ဇနီးနှင့် သားတို့က တစ်ဖက်ခြမ်းတွင်ထိုင်နေကျ။
ကိုဇော်လွင်၏သား တင်မောင်ဇော်က လက်ဆေးပြီး ပြန်လှည့်ထွက်သွားသည်။
“သား ပြန်လာမှ ထမင်းစားမယ် မေမေ။ သား သူငယ်ချင်းနဲ့ ချိန်းထားတာ အခုမှ သတိရလို့”
ကိုဇော်လွင်က သား၏ ကျောပြင်ကို စောင်းငဲ့ကြည့်လျက်။
“ခင်မမ … မင့်သားကို သေချာကြည့်ထိန်းအုံးနော်။ ကျောင်းပိတ်လို့ ပြန်လာတယ်၊ အိမ်မှာကပ်တယ်ကို မရှိဘူး။ ငွေသုံးတာကလဲ ကြမ်းလိုက်တာ ပြောမနေပါနဲ့တော့”
ဟု ပြောသည်။
သားချစ်အမေ မခင်မမက မျက်စောင်းဖြင့်ပင် တုံ့ပြန်၏။
“ငါ့ညီကော ပွဲရုံလုပ်ငန်းက အဆင်ပြေရဲ့လား။ အခက်အခဲရှိရင် ပြောကွာ။ ဘယ်သူ့ကိုမှ အားမနာ လိုက်လေနဲ့။ မင့်သားတွေကိုလဲ စာသင်ရင်းနဲ့ အလုပ်သဘော သင်ပေးထားပေါ့။ စီးပွားရေးဦးနှောက် ရှိဖို့က အရေးကြီးတယ်ကွ”
ကိုဇော်ခင်က သူ့အစ်ကို၏ စီးပွားရေးသီအိုရီတွေကို နားလည်သဘောပေါက်လာပြီ။
ပွဲရုံလုပ်ငန်း၏ မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော စီးပွားရေးလုပ်ငန်းများကို ခရေစေ့တွင်းကျ သိခွင့်ရပြီ။ သစ်မှောင်ခို၊ ရွှေမှောင်ခို၊ ကေတီဗီ၊ မာဆတ် စုံမှ စုံ။ မူးယစ်ဆေးဝါးကုန်သည်ဟုပင် သံသယဖြစ်မိသည်။
နယ်ပယ်သစ်တွင် ကိုဇော်ခင် သူ့သားများကို လက်တွေ့သင်ပေးနေသည်က ကိုယ်ကျင့်တရား သီအိုရီ။
ပွဲရုံမှာ ထိုင်ခါရှိသေး ..
“ဦးလေးခင်၊ ဦးလေးခင်တို့ သားအဖတွေကို ဆရာက ဧည့်ခန်းထဲ ခဏလာပါတဲ့”
ဒေါသူပုန်ထနေသော ကိုဇော်လွင်ကို တွေ့လိုက်ရသဖြင့် သားအဖတွေ ယောင်ပေပေ ရပ်နေ၏။
“ဇော်ခင်ရေ … ကောင်းကြသေးရဲ့လားကွာ။ လက်ဆေးကန်မှာ ချွတ်ထားခဲ့တဲ့ ငါ့ နဝရတ်ကိုးပါးလက်စွပ် အခု ပျောက်သွားပြီ။ အိမ်ကိုလဲ ဘယ်သူမှမလာဘူးကွာ။ ကြီးကြီးမြ ဆိုတာက ငါတို့ငယ်ငယ် အဖေတို့လက်ထက်ကတည်းက နေလာခဲ့တာ။ အပ်တိုတစ်ချောင်းတောင် ပျောက်ခဲ့ဖူးလို့လား။ အခု ရှာမတွေ့တော့ဘူး။ ဘယ်လိုလုပ်မလဲ”
ကိုဇော်ခင်သည် မျက်မှောင် ကုတ်ထား၏။
“အစ်ကို ဆိုလိုတာက…”
“အေး … တခြားသူတော့ မဖြစ်နိုင်ဘူးလေ။ မင့်သားတွေများ ယူသိမ်းထားသလားလို့။ အဲဒါ မေးပေးစမ်းပါအုံးကွာ”
နှလုံးသားရပ်ဝန်းဒေသမှာ အခြေပြုလာသည့် ဒေါသမုန်တိုင်းက ပေါက်ကွဲထွက်လာပြီ။
“ဘာဗျ … ခင်ဗျား ကျုပ်တို့ကို သူခိုးလို့ စွပ်စွဲလိုက်တာပဲ။ ကျုပ်တို့က လူသာ ဆင်းရဲချင် ဆင်းရဲ မယ်။ ကိုယ်ကျင့်တရား မဆင်းရဲဘူးဗျ။ ကလိမ်ကကျစ်ပညာ မတတ်ပေမဲ့ ရိုးသားမှုပညာတော့ တတ် တယ်ဗျ။ ကျုပ်တို့ သူခိုးမဟုတ်ဘူး”
အဖေ၏ မေးကြောကြီးများ ထောင်တက်လာ၏။ သားကြီး၏ လက်သီးဆုပ်သည် တင်းသွား၏။ သားငယ်၏နှုတ်သည် ပွင့်ဟသွားသည်။
“အဖေ … သူခိုးဆိုတာ ဘာလဲဟင်”
(၆)
လူသုံးယောက်နှင့် ခွေးနှစ်ကောင်သည် မြို့ဌာနေ ဒုက္ခဘုံမှ အောင်မြင်စွာ ဆုတ်ခွာသွားကြပြီ။
ကိုဇော်လွင်သည် ဆေးစွဲနေသော သူ့သားကိုယ်တိုင် နဝရတ်ကိုးပါးလက်စွပ်ကို အလစ်သုတ်သွားသည့် သတင်းအစအန မရမချင်း သူ့ညီသားအဖကို သူခိုးတွေဟု ထင်မြင်နေပါလိမ့်ဦးမည်။
လျှိုအတွင်းက လူ့ဗိမာန်ဘုံလေးသည် သူတို့သားအဖကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေလျက်။
မနှင်းဆီ၏ မေတ္တာငွေ့က တမြည့်မြည့် နွေးထွေးနေဆဲ။ ပင်မြင့်စံ သစ်ခွပန်းတွေက တန်ဖိုးရှိရှိ ပွင့်နေပါဦးမည်။
ကပ်ကာတောင်သည် သူတို့ကို ကပ်အပေါင်းမှ ကာကွယ်ပေးနေပါဦးမည်။
ပတစ်ချောင်းလေးသည် မြစ်မင်းဧရာအတွင်းသို့ စဉ်ဆက်မပြတ် တငြိမ့်ငြိမ့် စီးဆင်းနေပါလိမ့်ဦးမည်။
လူ့ဗိမာန်ဘုံ အစစ်တစ်ခုသည်လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆက်ရှိနေပါဦးတော့မည်။ ။
မြဝတီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – မင်းအဂ္ဂ(ဆင်တဲဝ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized