ခင်မောင်အေး(မန္တလေး)
သစ်နာတစ်ကောင်နှင့် ဘဘိုးရ
ဘဘိုးရတို့ နေထိုင်သော လေသာတောင်အခြေ ဒဟတ်တောရွာနှင့် အနီးဝန်းကျင်တစ်ခွင်မှာ တောကောင်များ အတော်များများ ခိုအောင်းကျက်စားကြသည်။ အမျိုးအစားလည်း စုံလင်သည်။
လေသာတောင်သည် တောင်မည်ကာမတ္တ မဟုတ်ချေ။ ရှေးပဝေသဏီ အချိန်အခါက အင်ကြင်းတော ဖြစ်ခဲ့ဖူးဟန်တူသည်။
ယခု ပစ္စက္ခကာလတွင်မူ အင်ကြင်းပင်တွေ ကျောက်များဖြစ်ကုန်ကာ ချောက်ကြိုချောက်ကြားများ၊ ကျောက်လိုဏ်ခေါင်းများနှင့် မတ်စောက်သော တောင်အဆင့်ဆင့်တို့ဖြင့် အသွားခက်ခက် အလာခက် ခက်ဖြစ်လျက် တော်ရုံ သစ်ခုတ် ဝါးခုတ်သမားများရှောင်ကွင်းသွားသည့် တောင်ကတုံးတစ်ခု ဖြစ်နေချေ ပြီ။
သစ်ကြီးဝါးကြီးများပေါက် ရောက်ခြင်းမရှိဘဲ နဘူးချုံ၊ စိန်နားပန်ချုံအချို့သာ ထူထပ်ပိတ်ဆီးလျက် ရှိနေလေသည်။
သည်လျှို၊ သည်ချောင်၊ သည်ချပ်ကြားအတွင်းတွင်ကား ကျားသစ်တို့၏ကမ္ဘာ၊ ကျားရဲတို့ ကျက်စားရာနေရာတစ်ခုသာ ဖြစ်နေပေသည်။
ကျွန်တော်တို့မြေ ကျွန်တော်တို့ရေတွင် ကျားသစ်ဟူသည့် တောကောင်သည် ကြီးလေးကြီးစာရင်းတွင် မပါဝင်ပေ။ အန္တရာယ်ကြီးသည့် သတ္တဝါ မဟုတ်သောကြောင့် လူမလေး ခွေးမခန့်သည့် တောကောင်တစ်ကောင်အဖြစ်သာ သဘောထားကြ၏။
သေနတ်ကိုင်သော မုဆိုးအများစု က ကျားသစ်အား ယမ်းအားဂရိမ်လေးဆယ်မျှသာရှိသည့် ဒသမ ၂၂ ဘို့ ငှက်ပစ်သေနတ်ဖြင့် အပျော်တမ်း ပစ်ခတ်ရရှိနိုင်သော တောကောင်တစ်ကောင်အဖြစ်သာ သတ် မှတ်ထားကြသည်။
ဒဟတ်တောကျေးရွာသည် မန္တလေးခရိုင်၊ မတ္တရာမြို့နယ်၏ တောင်ဘက်တွင် တည်ရှိသည်။ ရှားပင်ရွာ၊ ညောင်ပင်သာ၊ တောင်သုံးလုံး၊ မီးသွေးဖုတ် စသည့်ရွာများအပြင် ယမ်းဘိုကုန်း၊ နှဲခင်ပဲ့ စသည့် ရွာများရှိနေသည်။
လေသာတောင်၏ ဝန်းကျင်တွင် ယမနေ၊ ဖက်သန်း၊ လက်ပံ စသည့် တောသစ်ပင်များ ပေါက်ရောက်ကာ ကျောက်စရစ်ကုန်းနှင့် အင်ကြင်းကျောက်ပဲ့တွေသာ ပေါများသည်။ တောင်ခြေတစ်ဝိုက်တွင် မြေပြန့်ဖြစ်သဖြင့် စိုက်ပျိုးလုပ်ကိုင်၍ရသည့် မြေအချို့ ရှိသည်။
လယ်ယာစိုက်ပျိုးခြင်း ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများ စိုက်ပျိုးလုပ်ကိုင်ကြသည်။
အချို့ငွေကြေးတတ်နိုင်သူများက နွားကျောင်းသားများ ငှားရမ်းကာ နွားကောင်ရေများများ မွေးမြူကြ၏။ တစ်အိမ်ထောင်၊ နှစ်အိမ်ထောင်လောက်သာ ဆိတ်နို့လိုချင်သဖြင့် ဆိတ်များမွေးထားသည်။
ရွာရှိ အားကောင်းမောင်းသန် ကာလသားအများစုက အမဲလိုက် တောလည်လေ့ရှိကြ၏။ ရွာဝန်းကျင်တွင် လေသာတောင်ပေါ်ရှိ ရေဝေကုန်းတန်းများဆီမှ မိုးအခါ စီးဆင်းလာသည့် ချောင်းရိုးမြောင်းရိုးများ ကြောင့် ဓနုန်းတောထူထပ်သဖြင့် တောင်ပေါ်တွင် နေထိုင်သည့် တောဝက်များ လာရောက်ခိုအောင်းပြီး စပါးမှည့်ချိန်၊ ပဲ၊ ပြောင်း၊ နှမ်းတို့ ရင့်မှည့်ချိန်များတွင် လယ်ကွင်းယာခင်းများအတွင်း ဇွတ်အတင်း ဝင်ရောက်ခိုးစားတတ်ကြသည်။
သို့ကြောင့်လည်း ရွာသားအချို့က သီးနှံများကို ကာကွယ်ရင်း ဟင်းလျာအတွက်ပါ တောဝက်နှိမ်နင်းသည့် လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်လာကြလေသည်။
ယခုအချိန်အခါတွင် သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားသည်ဖြစ်ရကား တောဟူသမျှ သေနတ်သံတိတ်ပြီး သေနတ်အေးနေသောကာလ ဖြစ်ပါသည်။ ထို့ကြောင့်လည်း တောဝက်လိုသတ္တဝါတွေက အတင့်ရဲကာ လူကိုပင် ကြောက်ရကောင်းမှန်း မသိကြတော့။
ဒဟတ်တောရွာ ကာလသားခေါင်း ကိုလှဒင်သည် လှံထိုးရာတွင် သူမတူအောင်ကျွမ်းသည်။ သတ္တိလည်း ကောင်းပြီး အမဲလိုက်ခွေး ငါးကောင်ကိုလည်း ပိုင်ဆိုင်သည်။ ယင်း ခွေးငါးကောင်ကို လှဒင်၏ယောက်ဖဖြစ်သည့် တပ်ကြပ်ကြီးစိန်လင်းက ပို့ပေးခြင်းဖြစ်သည်။ အမဲလိုက်ခွေး နာမည်ကြီးတွေကို စစ်ကိုင်းတိုင်း၊ တဘက်ကြီးရွာမှာ အထူးမွေးမြူသည်။
လှဒင်၏ ယောက်ဖက စစ်ကိုင်းရှိ နယ်မြေခံတပ်ရင်းတစ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည်ဖြစ်၍ တိုက်တိုက်ဆိုင်ဆိုင်ပင် အမဲလိုက်ခွေးကလေး ငါးကောင်ကို တပ်ရင်းမှ ခွင့်အပြန် ယူဆောင်ခဲ့ခြင်းဖြစ်၏။
လှံမုဆိုးလှဒင်၏ ခွေးတွေ ဘယ်မျှကောင်းသလဲ မမေးနှင့်။ တောတွင်းဝင်ပြီး ဝက်ခြေရာအသစ် တစ်ခုကို တွေ့ပြီဆိုလျှင် ထိုခြေရာကို အနံ့ခံခိုင်းလိုက်ရုံမျှသာပါ။ ခွေးတွေက တရှူးရှူး တရှုပ်ရှုပ် အနံ့ခံလျက် ခြေရာနောက် တောက်လျှောက်လိုက်တော့သည်။
မကြာမီ ခွေးတွေ တဝေါင်းဝေါင်း ဟောင်လေပြီ။ မုချ ဝက်ကို ခွေးတွေ တွေ့ကြပါပြီ။ ဝက်အုပ်က ရံဖန်ရံခါ ခွေးများကို ပြန်ခုခံနေတတ်သည်။ ဝက်အုပ်တွင်းမှာ ဝက်တောင်းကြီး ပါလာပါက သင်းက ခွေးတွေကို လိုက်လံတိုက်ခိုက်ခုခံ နေတတ်ပေသေး၏။
ခွေးများက ဝက်အုပ်ကို ဝိုင်းရံထားပြီး ပတ်ပတ် လည်မှ ဝိုင်း၍ ဟောင်ကြသည်။ အလစ်တွင် ဝက်တစ်ကောင်ကောင်အား ဟပ်ဆွဲခဲပစ်တတ်သည်။ ထိုအချိန်မှာ အခွင့်ကောင်းဖြစ်သည်။
လှံသမားက တစ်ချက်တည်းနှင့် ချက်ကောင်းစောင့် ထိုးလိုက်လျှင် ပွဲသိမ်းပါပြီ။ တစ်ခါတစ်ရံ လှံသမား နှစ်ယောက် တစ်ပြိုင်နက်တည်း ထိုးနိုင်လိုက်မည်ဆိုပါက ဝက်နှစ်ကောင်တော့ ဟင်းစားရသွားပြီ။
ကျန်ဝက်များက အခြေမလှတော့သည်ကို မြင်တွေ့သွားပြီး တကွဲတပြား ဦးတည်ရာသို့ပြေးကြသည်။
လှံမုဆိုးလုပ်သူသည် သတ္တိရှိဖို့ လိုသည်။ လျင်မြန်ဖျတ်လတ်ဖို့ လိုသည်။ မျက်စိရှင်ရန်လည်း အရေး ကြီးသည်။
ရံဖန်ရံခါ ချက်ကောင်းမထိသော ဝက်က ဝက်နာဖြစ်သွားပြီး ပိုဆိုးသွားတော့သည်။
ဝက်နာသည် ကမူးရှူးထိုး ပြေးထွက်သွားကာ ချုံထူထူတစ်ခုမှာ ဝင်ခိုနေတတ်သည်။ မုဆိုး လိုက်လာ သည်နှင့် တွေ့ရာမြင်ရာ အတင်း လိုက်ပက်တော့သည်။ သတိထားကာမှ တော်ရုံကျသည်။
မည်းမည်းမြင်သမျှ လိုက်လံတိုက်ခိုက်သော ဝက်နာကို လူတွေက ရှောင်ကြပေတော့။ နီးရာသစ်ပင်ပေါ် တက်ပြေး၊ ဝက်ကို တခြားဘက်သို့မျှားခေါ်၊ တစ် ယောက်က အယောင်ပြ၊ တစ်ယောက်က ပြေး၊ သို့မှသာ အသက်ဘေးက လွတ်သည်။ ဝက်နာပက်၍ သေရသော မုဆိုးတွေ ဒုနဲ့ဒေး။
တောဝက်သား လတ်လတ်ဆတ်ဆတ် စားရဖို့ စင်စစ်မလွယ်ကူလှပါ။
ဥတုရာသီ သာယာကြည်လင် သော နေ့တစ်နေ့ဖြစ်၏။ လှံမုဆိုးလှဒင် မန္တလေးသို့ တက်သွားနေချိန် ဖြစ်သည်။
ဘဘိုးရက တောမုဆိုးပီပီ လသာတုန်း ဗိုင်းငင်ရအောင်ဆိုကာ တက်ကြွဖျတ်လတ်သော ရွာသား လေးငါးယောက်အား ခေါင်းဆောင်လျက် လေသာတောင်မြောက်ဘက် ရှားပင်ရွာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြ၏။
ဘဘိုးရတွင် စလူဖူး ဓားတစ်ချောင်းပါသည်။ ရွာသားများက လှံတစ်ချောင်းစီ ကိုင်ဆောင်လာကြ
သည်။ နွေနေ့လယ်ခင်းမို့ အပူတံလျှပ်များ တရှိန်ရှိန် လွင့်ပျံလျက် ရှိ၏။
ရော်ရွက်တွေ ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေကျနေသည်။ အမဲလိုက်ခွေးအချို့ မောပြီး လျှာထွက်ကာ တဟဲဟဲဖြစ်နေသည်။ သို့တစေ အမဲလိုက်ခွေးများဖြစ်၍ တရှူးရှူး အနံ့ခံကာ ရှေ့သို့ ဆက်သွားကြ၏။
ခဏ အကြာတွင် ခွေးတွေဟောင်သံ ကြားရ၏။ ကမ်းပါးတစ်ခုကို မော့ကြည့်လျက် ဟောင်နေကြခြင်းဖြစ်သည်။ ဘဘိုးရတို့ ချက်ချင်း ရောက်ရှိသွား၍ စူးစမ်းသောအခါ ချပ်ကြားအတွင်း ကလိုင်တစ်ခုရှိနေပြီး ခွေးတွေက ထိုချပ်ကြားကို မော့ကြည့်ပြီး ဟောင်နေကြခြင်းပင်။
အင်ကြင်းကျောက်ချပ်ကြားဖြစ်သောကြောင့် ခြေရာအစအန မတွေ့ ရချေ။ သို့သော် အနီးတစ်ဝိုက်တွင် ကြောင်သေးနံ့များ တထောင်းထောင်းထအောင် နံနေသည်။
“ကြောင်က ဒီချပ်ကြားထဲမှာ ခိုနေပုံရတယ်။ ဘယ်ညာနှစ်ဖက်ခွဲပြီး လှံနဲ့စောင့်ကြ။ ခွေးကို ဂယ် ပေါက်ဝကို ပို့လိုက်”
ဘဘိုးရက ရွာသားများအား တာဝန်ခွဲဝေပေးသည်။ ခွေးသုံးကောင်က ဂယ်ပေါက်ဝသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကောင်က လှစ်ခနဲ ချပ်ကြားအတွင်း တိုးဝင်သွားသည်။ နှစ်ကောင်က အဝတွင် ပြူတစ်ပြူတစ် လုပ်နေသည်။
ခဏအကြာ ခွီးခနဲ ခွီးခနဲ ကြောင်မာန်ဖီသံတွေကြားရပြီး ခွေးက ကြောင်ပါးကြီးတစ်ကောင်ကို လည်ကုပ်မှ ကိုက်ချီလာ၏။
ကြောင်ပါးကြီးသည် အတော်ကြီးသည်။ ခွေးကို တခွီးခွီး ပြန်လည်ခုခံ ကုတ်ခြစ်နေသည်။
ခွေးက ကြောင်ကို လုံးဝမလွှတ်ဘဲ အနာခံလျက် လည် ကုပ်ကို ကိုက်ထားသည်။ ကြောင်လက်သည်းဒဏ် မခံမရပ်နိုင်တော့မှ လွှတ်ချလိုက်ရလေသည်။
ကြောင်က ခွေးလက်မှလွတ်လျှင် လွတ်ချင်း ရုန်းကန်ထွက်ပြေးဖို့ ကြိုးစားသည်။
သို့ပေမယ့် ဂယ်ပေါက်ဝမှာ အသင့်စောင့်နေကြ သော ခွေးနှစ်ကောင်၏ ပါးစပ်တွင်းသို့ ကားခနဲ ရောက်သွားရလေသည်။
“ဟင်းစားတော့ရပြီဟေ့။ မဆိုးပါဘူး၊ တို့တစ်တွေ ရှေ့တစ်ကြောလောက် ထပ်လျှောက်လိုက်ရအောင်”
ဘဘိုးရက ပြောလည်း ပြော၊ သွားလည်း သွားသည်။ ချောင်းရိုးအတိုင်း ဆင်းလာသော ဘဘိုးရ သည် ခြေလှမ်းလှမ်းနေရင်းက ရုတ်တရက်ရ ပ်တန့်လိုက်၏။ နောက်မှ ထက်ကြပ်မကွာပါလာသော ရွာသားများကိုလည်း လက်ပြလျက် ရပ်ခိုင်းလိုက်သည်။
ချောင်းရိုး တစ်ဆစ်ချိုးအကွေ့မှာ တစ်စုံတစ်ခုကို သူမြင်လိုက်ရသောကြောင့်ပင်။ ဘဘိုးရမြင်လိုက်ရသည်က ဖြူ တစ်ကောင်ဖြစ်၏။
ဖြူကောင်သည် ဖြူဆူးများ တဖြိုးဖြိုး တဖြုန်းဖြုန်း အသံမြည်အောင် ပြေးသွားနေသည်။ သူ့အနောက်မှ လိုက်လာသည် က ကျားသစ်တစ်ကောင်ဖြစ်သည်။
ကျားသစ်သည် ဖြူကဲ့သို့သော သားကောင်ကို တရကြမ်း ဝင်ရောက်ကိုက်ခဲခြင်း မပြုဝံ့ချေ။ ဖြူဆူးချွန်တွေက အလွန်အန္တရာယ်ကြီး၏။ ဖြူဆို သောသတ္တဝါက လွတ်လမ်းမမြင်လျှင် ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို လုံးပစ်တတ်သည်။ ဆူးချွန်တွေ ပြည့်နေသည့် ဖြူကို ကျားလို တောဘုရင်ပင် မကိုက်ဝံ့ပေ။ ဖြူဆူးများ စူးမိပါက အသက်ပင် သေနိုင်ပါသည်။
ယခု ဖြူနောက်မှာ ထက်ကြပ် ပါလာသော ကျားသစ်က ဖြူကို ချက်ချင်းမကိုက်ဝံ့သေးဘဲ လိုက်ရုံသာ လိုက်လာနေခြင်း ဖြစ်ပါသည်။ ဖြူနောက်မှလိုက်လာသည့် တောကောင်သည် ချောင်းရိုးကွေ့မှာ ဘဘိုးရကို သူလည်း မြင်လိုက်သည်။ ဖြူနောက်သို့လိုက်နေရာမှ ရုတ်တရက်ရပ်ပစ်လိုက်ပြီး ပစ်မှတ်
အသစ်ဆီသို့ ဦးတည်လိုက်သည်။
ဘဘိုးရကလည်း တောမုဆိုးပီပီ လျှင်ပါသည်။ သူ့နောက်မှ လှံကိုင်ရွာသားတို့အား ချက်ချင်း အချက်ပြလျက် စလူဖူးဓားကို ရှေ့သို့ ဆန့်ထုတ် ပြီး အသင့်ပြင်ထားသည်။
ဘဘိုးရ၏ မုဆိုးနောက်လိုက်များဖြစ်သည့် ထွန်းအေးနှင့် စိန်ဝင်းတို့ကလည်း နပ်သည်။ လှံများကိုရှေ့သို့ဆန့်ထုတ်ထားကာ မမြင်ရသေးသော ရန်သူ အား အသင့်ဆီးကြိုစောင့်ဆိုင်းနေလိုက်ကြသည်။ ချောင်းကွေ့ကိုရောက်သည်နှင့် ဘဘိုးရသည် ချောင်းအတွင်း ရေစပ်ထဲသို့ ပြေးဆင်းလိုက်သည်။ ထွန်းအေးနှင့် စိန်ဝင်းကလည်း နောက်မှ ကပ်ပါလာသည်။
ထိုအခိုက် ကျားသစ်က ဝေါင်းခနဲ တစ်ချက်ဟိန်းလျက် ပြေးထွက်လာသည်။
ဘဘိုးရသည် ဝဲယာလတစ်ဖက်တစ်ချက်မှာ ထွန်းအေးနှင့် စိန်ဝင်းတို့က လှံကိုယ်စီနှင့် ရှိနေသဖြင့် အားမာန်အပြည့်ဖြင့် ကျားသစ်ကို ဆီးကြိုနေသည်။
ကျားသစ်က ဘဘိုးရနှင့် လက်တစ်ကမ်းအကွာသို့ရောက်လာပြီး ဘဘိုးရ၏ လက်တွင်းမှ စလူဖူးဓားကို ပုတ်ထုတ်လိုက်၏။ ဘဘိုးရကလည်း ကြိုတင်သတိရှိထားသဖြင့် ကိုယ်ကို တစ်ပတ်လှည့်ပြီး ရှောင်လိုက်သည်။ သို့ကလို ရှောင်လိုက်ရင်းမှ စလူဖူးဓားဖြင့် နောက်ပြန်တွက်ပစ်လိုက်သည်။
ထက်မြလှသောဓားသွားက ကျားသစ်၏ မျက်နှာတစ်ခြမ်းကို ပြတ်ရှသွားစေသည်။
ကျားသစ်က နာနာကြည်းကြည်း ‘ဝေါင်း’ ခနဲ ‘ဝေါင်း’ ခနဲ ဟိန်းသည်။ ကျားသစ် ဒဏ်ရာအနာတရဖြစ်သွားပြီ။ “သစ်နာ ရန်ဘက် တွေ့လျှင်ခက်” တဲ့။
ဘဘိုးရ စောစောကထက် သတိထားရတော့မည်ဖြစ်၏။ ကျားသစ်သည် ဒီတစ်ကြိမ်မှာတော့ ကမူးရှူးထိုး တိုးဝင်မလာတော့။ မုဆိုး၏ အရိပ်အခြည်ကို အကဲခတ်နေသည်။ ဘဘိုးရတို့ကလည်း မလှုပ်မယှက် အသာငြိမ်သက်နေလိုက်ကြသည်။
ရုတ်တရက် ကျားသစ်သည် “ဝေါင်း”ခနဲ တစ်ချက်မာန်သွင်းလျက် ဘဘိုးရ၏ ဓားကို ပုတ်ချလိုက်ရာ ဘဘိုးရ၏ ဓားက လက်တွင်းမှ လွတ်ကျသွားသည်။ ဓား လွတ်ကျသွားလျှင် သွားချင်း ကျားသစ်က ဘဘိုးရအား လှမ်း၍ ခုန်အုပ်သည်။
ဘဘိုးရလည်း မည်သို့မျှ ပြန်လည်မတုံ့ပြန်နိုင်တော့ဘဲ ကျားသစ်၏ မျက်နှာကိုသာ ဖမ်းယူဆုပ်ကိုင်ထားလိုက်ရလေသည်။ သည့်နောက် ကျားသစ်၏ လက်အစုံကို မရအရ ဖမ်းဆွဲဆုပ်ကိုင်ပြီး မိမိမျက်နှာနှင့်ခွာလျက် တွန်းထားရသည်။
ကျားသစ်သည် ဘဘိုးရအား ကိုက်ခဲရန် ကြိုးစား ကြည့်၏။ ဘဘိုးရက တွန်းထားသဖြင့် ကိုက်လို့မမီပေ။ ဘဘိုးရနှင့် သည်လိုထွေးလုံးရစ်ပတ်ဖြစ်နေသည့်အခိုက် ထွန်းအေးနှင့် စိန်ဝင်းတို့ကလည်း လူနှင့် ကျားသစ် ရောထွေးနေသောကြောင့် လှံဖြင့်မထိုးသာအောင် ဖြစ်နေသည်။
ထို့ကြောင့် အခါအခွင့်ကို လှည့်ပတ်စောင့်ဆိုင်း နေကြရ၏။
ခွေးသုံးကောင်ကလည်း တောကောင်ကိုရှိန်ပြီး အနားကို မကပ်ဝံ့သေးချေ။ ဝဲဘက်မှ ပြေးဟောင်လိုက်၊ ယာဘက်မှ ပြေးဟောင်လိုက်သာ လုပ်နေကြသည်။
ဘဘိုးရခမျာမှာတော့ လက်အန်သေလုမတတ် ဖြစ်နေရပြီ။
သည်လိုနှင့် မုဆိုးရော ကျားသစ်ပါ ဟောဟဲလိုက်အောင် မောနေကြပြီ။ မီရာကို ကျားသစ်က လှမ်း၍ကိုက်ထားသည့်အတွက် ဘဘိုးရ၏ပခုံး၊ လက်မောင်းတွင် ဒဏ်ရာတွေရကာ သွေးရဲရဲ သံရဲရဲ ဖြစ်နေပြီ။
“ထွန်းအေးရေ၊ တောကောင်ကို လှံနဲ့ထိုး၊ နံစောင်းကိုထိုး။ ငါ တောကောင် မလှုပ်နိုင်အောင်တွန်းပြီး ထိန်းထားမယ်။ ငြိမ်သွားတာနဲ့ ထိုးပေတော့။ ထိန်းထားပြီ. . . ထိန်းထားပြီ”
“အဘ . . . စိတ်ချသာ တွန်းပြီး ထိန်းထား။ ဟုတ်ပြီ . . . ဟုတ်ပြီ . . . ထိုးပြီ အဘရေ . . . ထိုးပြီ”
ထွန်းအေးက ပြောလည်းပြော ထိုးလည်းထိုးလိုက်၏။
ထွန်းအေး၏ လှံချက်က ထိရောက်သည်။ ကျားသစ်၏ လက်နောက် နှလုံးကွင်းနေရာသို့ ဒုတ်ဒုတ်ထိ ထိုးဖောက်ဝင်ရောက် သွားလေသည်။
ဘဘိုးရနှင့် မျက်နှာချင်းဆိုင် ပတတ်ရပ်ကာ မာန်ဖီကိုက်ခဲနေသော ကျားသစ် ပျော့ခွေကျသွားသည်။
စိန်ဝင်းကလည်း ခြေမြန်လက်မြန်နှင့် လဲကျနေသည့် တောကောင်၏ အောက်သို့ လှံသွားကို ထိုးစိုက်ပစ် လိုက်ပြန်သည်။
မရှေးမနှောင်းတွင်ပင် ခွေးသုံးကောင်ကလည်း တဝုတ်ဝုတ်ဟောင်လျက် ဝင်ရောက်ကိုက်ဆွဲပစ်ကြသည်။
ဘဘိုးရကလည်း ပွဲသိမ်းအဖြစ် မြေပေါ်တွင် ကျား သစ်ပုတ်ချလိုက်သဖြင့် ကျရောက်လျက်ရှိသော မိမိ၏ စလူဖူးဓားကို ကောက်ယူကာ တောကောင်၏ မျက်နှာကို ခုတ်ချလိုက်သည်။
တောကောင်ခမျာ လူးလွန့်ခြင်းပင် မပြုနိုင်တော့။ အရုပ်ကြိုးပြတ် ပုံလျက် ကျသွားလေသည်။
“သင်းကွာ … ငါ့မျက်နှာတည့်တည့်မှာ မာန်ဖီနေတာ ခံပြင်းလွန်းလို့”
နှုတ်မှလည်း ရေရွတ်လိုက်သေး၏။
ခွေးတွေက တဝေါင်းဝေါင်း မာန်ဖီလျက် တောကောင်အား ဝိုင်းဝန်းကိုက်ဆွဲနေကြတုန်း။ ။
ငွေတာရီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
Uncategorized