#ရွှေဥဒေါင်း
ကျွန်ုပ်သည် ဂျပန်လက်ထက်တလျှောက်လုံး ဝက်လက်နယ် မန်ကျည်းတုံရွာ၌ | နေထိုင်ခဲ့ရာတွင် ပင်စင်အငြိမ်းစား ပုလိပ်အင်စပိတ်တော် ဦးဘထွန်းနှင့် သိကျွမ်းခဲ့သည်ဖြစ်ရာ ဦးဘထွန်းသည် ကျွန်ုပ်၏ စုံထောက်ဝတ္ထုများကို ငယ်စဉ်ကတည်းက ဖတ်ရှုလာခဲ့သဖြင့် အမှုစုံထောက်ခြင်းနှင့် ပတ်သက်၍ အထောက်အပံ့များစွာ ရရှိကြောင်း ဝန်ခံပြောဆိုရာမှ တယောက်နှင့် တယောက် ရင်းနှီးသော အခြေအနေသို့ ဆိုက်ရောက်လာခဲ့ကြရာတွင် | ကျွန်ုပ်ကလည်း ဦးဘထွန်း ငယ်ရွယ်စဉ်အခါက ရာဇဝတ်မှုများနှင့် ပတ်သက်၍ဆောင်ရွက်ခဲ့ပုံများကို မေးမြန်းလေ့ရှိလေ၏။
ဦးဘထွန်းပြောပြသည့် အမှုပေါင်းများစွာတို့အနက် အောက်ပါ သန်းခေါင်ဗိုလ်အမည်ရှိ | လူဆိုးတစ်ယောက်၏ အဖြစ်အပျက်မှာ ဦးဘထွန်း၏ စွမ်းရည်သတ္တိနှင့် စဉ်းစားဉာဏ်ရှိသည့် | အကြောင်းကို ကောင်းစွာ ထင်ရှားစေသည်ဖြစ်၍ ၎င်းအဖြစ်အပျက်ကို ထုတ်ဖော်ရေးသား | ဖော်ပြလိုက်ရပေသည်။ယင်းသို့ဖော်ပြရာ၌ ကျွန်ုပ်ကိုယ်တိုင် ရေးသားသကဲ့သို့ ဖော်ပြခြင်းထက် ဦးဘထွန်း ကြုံတွေ့ခဲ့ရသည့် အခြင်းအရာများကို ဦးဘထွန်းကိုယ်တိုင် ရေးသားသည့်အနေဖြင့် ဖော်ပြခြင်းက သာလွန်လေးနက်သည် ဖြစ်၍ ကျွန်ုပ်၏စကားအစား ဦးဘထွန်း၏စကားနှင့် ၎င်းကိုယ်တိုင် ရေးသားဟန်ဖြင့် ဖော်ပြလိုက်ရပေသည်။
*****
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခန့်အခါက ကျွန်ပ်သည် ရွှေဘိုမြို့တွင်း ဌာနအုပ်အဖြစ်နှင့် အမှုထမ်းလျက်ရှိစဉ် သန်းခေါင်ဗိုလ်အမည်ရှိ လူဆိုးကြီးတယောက်သည် ရွှေဘိုတောင်ဘက် ဝက်လက်နယ်တလျှောက်တွင် သောင်းကျန်းထကြွလျက်ရှိလေ၏။ ထိုသူ၏ နောက်လိုက်နောက်ပါများစွာ ပါရှိသည်ဟု မကြားရဘဲ ပိုက်ဆံရှိသည်ဟု နာမည်ကြီးသော
လူရည်တတ်များ၏ အိမ်သို့ တကိုယ်တည်း ဝင်ရောက်၏။ အယုံသွင်းကာ တည်းခိုနေထိုင်ပြီးမှ | အလိုရှိသောငွေကို တောင်းယူ ထွက်သွားလေ့ရှိသည်ဟု သတင်းပြေးလျက် ရှိ၏။
သန်းခေါင်ဗိုလ်ဟူ၍ မှည့်ခေါ်ရခြင်းမှာ အနက်တွင် အလွန်ရှားပါးသောအမွေးဖြစ်သည့် ပိတုန်းခေါ် | အနက်ရောင်မြင်းကို စီးလျက် များသောအားဖြင့် အင်္ကျီနက်နှင့် ရှမ်းဘောင်းဘီနက်တို့ကို | ဝတ်တတ်သည့်ပြင် သန်းခေါင်ချိန်များတွင်မှ ဤရွာထိုရွာသို့ ကူးသွားသည်များကို မြင်ရတတ်သည့် | အတွက်ကြောင့် နယ်သူ နယ်သားတို့က ထိုသူအား ၎င်းအမည်ဖြင့် မှည့်ခေါ်ထားကြခြင်းဖြစ်လေသည်။
သန်းခေါင်ဗိုလ်သည် တခါတရံ ဝက်လက်ဘူတာ မုဆိုးချုံဘူတာတို့မှ မီးရထား ရုံပိုင်များကို ၎င်း၏ ခြောက်လုံးပြူးသေနတ်နှင့် ရင်ဝသို့တေ့ကာ ငွေများ တောင်းယူဖူးသည် ဟူ၍လည်း ကြားသိရသည်။ တညသ၌ သန်းခေါင်ဗိုလ်သည် ဝက်လက်ဘူတာသို့ ညရထားဆိုက်ခါနီးတွင် လက်မှတ်ခံသည့်အနေဖြင့် ဘူတာရုံထဲသို့ ဝင်၍ ညပိုင်နှင့် စကားပြောနေသည်ဟု လူအများက ထင်ကြရသော်လည်း စင်စစ်မှာ သန်းခေါင်ဗိုလ်က မိမိ၏ သေနတ်ကို ရုံပိုင်တယောက်တည်း မြင်နိုင်အောင် ပူးကပ်ကာ ချိန်ထားပြီးမှ လက်မှတ် ရောင်းသော ခုံပေါ်၌ရှိသော ငွေများကို ကျုံးယူသွားဖူးသည် ဟူ၍လည်း ကြားလိုက်ရ၏။ ညရုံပိုင်က အဖြစ်အပျက်ကို အခြားသူများအား ပြောပြသောအချိန်တွင် သန်းခေါင်ဗိုလ်သည် အခြား ခရီးသည်များနှင့် ရောနှော၍ မီးရထားပေါ်သို့ တက်သွားနှင့်ပြီဟူ၍လည်း ကြားလိုက်ရဖူး၏။
ပုလိပ်အရာရှိများသည်ကား အတော် နာမည်ကြီးလာသော သန်းခေါင်ဗိုလ်ဘက်သို့ လိုက်ရန် ကြိုးစားကြသော်လည်း ထိုသူသည် ဝက်လက်တဝိုက်တွင် တစ်နေ့ကြားလိုက်၍ နက်ဖြန်တွင် ခင်ဦး၊ သန်ဘက်ခါတွင် ပေါက်ကန်သို့ ရောက်နေပြန်သည် ဆိုသောကြောင့် ခြေရာကောက်ရန် အခက်အခဲတွေ့လျက် ရှိကြလေ၏။
ထိုခေတ်အခါက သာစည်နယ် မဲတောရွာတွင် စံဖဲ၏ နာမည်ကြီးမှုကြောင့် မြန်မာသတင်းစာများသည် စံဖဲအကြောင်းကို အဟုတ်ကြီးလုပ်ကာ ရေးသားဖော်ပြနေကြသည့် အတွက်ကြောင့် သန်းခေါင်ဗိုလ်အကြောင်းကို သတိမရနိုင်ကြသော်လည်း စင်စစ်မှာ သာစည်တဝိုက်တွင် စံဖဲ ဆိုးသွမ်းသလောက် ရွှေဘိုနယ်တဝိုက်တွင်လည်း သန်းခေါင်ဗိုလ် နာမည်ကြီးလျက်ရှိခဲ့၏။ ကျော်ကြားမှုဆိုသည်မှာ အကောင်းအတွက်ဖြစ်စေ၊ အဆိုးအတွက်ဖြစ်စေ ဇာတာအလိုက် ဖြစ်လာဟန်တူပေရာ အချို့မှာ ဘာမဟုတ်ဘဲနဲ့ နာမည်ကြီးတတ်၍ အချို့မှာ အကောင်းဘက်၌ လည်းကောင်း၊ အဆိုးဘက်၌ လည်းကောင်း ထူးထူးကဲကဲ ရှိသော်လည်း နာမည်မကျော်ကြားဘဲ ရှိတတ်ခြင်းများကို သတိနှင့် စောင့်ကြည့်သူတိုင်း ကြုံဖူးကြပေလိမ့်မည်။
သန်းခေါင်ဗိုလ်မှာ အသားမည်းမည်း အရပ်မြင့်မြင့် ခွန်အားဗလ ကောင်းသည်ဟူသော အချက်များမှတစ်ပါး ထိုသူ၏မျက်နှာကို သေချာစွာ မြင်ရဖူးသူတို့ အလွန်နည်းပါးလှပေ၏။ အိမ်၌တည်းခို၍ တိုက်ခိုက်ခြင်းခံရသော ဒေသများကကား မည်သို့သော အကြောင်းကြောင့်မသိ၊ ဖြူသည်မည်းသည် ဟူ၍ပင် မပြောလိုကြဘဲ တိုက်ခိုက်ခြင်း ခံရသည့် အဖြစ်ကိုပင် ထိမ်ချန် ထားလိုကြပေသည်။
ကျွန်ုပ်မှာ ရွှေဘိုမြို့တွင် ဌာနအုပ်ဖြစ်နေသော်လည်း စုံထောက်ကိုရှား၏ ဝတ္ထုများကို ဖတ်ရဖူးသည့်အတွက် အမှုစုံထောက်ခြင်းကို အလွန်ဝါသနာပါသည်နှင့် ရာဇဝတ်ဝန်ကြီးအား သန်းခေါင်ဗိုလ်အမှုကို စုံထောက်ရန် မိမိအားစေသော်ဖို့ အကြံပေးရာတွင် ဝန်ကြီးသည် ကျွန်ုပ်၏ စုံထောက်ဉာဏ်နှင့်ပတ်သက်၍ အတော်အတန် သဘောကျသည် ဖြစ်သောကြောင့် ကျွန်ုပ်၏ အကြံပေးချက်ကို လက်ခံ၍ အထူးစုံထောက်အဖြစ်နှင့် ကျွန်ုပ်အား ခန့်ထားစေလွှတ်လေ၏။
တနေ့သ၌ ကျွန်ုပ်သည် တပည့်တယောက်နှင့် အတူ သန်းခေါင်ဗိုလ် ကျက်စားတတ်သည်ဆိုသော ဝက်လက်နယ်သို့ ရောက်သွား၍ ၎င်းဌာန၌ တည်းခိုလျက်ရှိစဉ် ဌာနတခုလုံးသည် မကြာသေးမီက ရန်ကုန်ကရောက်လာသည့် အင်စပိတ်တော် ဦးကျော်ဇံ၏ အကြောင်းကို ချီးကျူးပြောဆိုလျက် ရှိကြလေ၏။ ဦးကျော်ဇံမှာ အောက်နယ်ပုလိပ်အဖွဲ့ တခုလုံးတွင် လူဆိုးဖမ်း ကောင်းလှသော ပုလိပ်အရာရှိတယောက် ဟူ၍ နာမည် ရလာခဲ့သည့်အလျောက် ဤနယ်တွင် နာမည်ကြီးလျက်ရှိသော သန်းခေါင်ဗိုလ် ဆိုသူကို မရမနေ ဖမ်းဆီးမည်ဟု ကြုံးဝါးလျက် ရှိသည်ဟူ၍ ကြားသိရ၏။
ကျွန်ုပ်မှာလည်း ၎င်းလူဆိုးကိုပင် ဖမ်းဆီးရန် အထူးဝတ္တရားနှင့် လာခဲ့ခြင်း ဖြစ်သောကြောင့် သန်းခေါင်ဗိုလ်ကို အင်စပိတ်တော် ဦးကျော်ဇံ မဖမ်းဆီးမီ ကျွန်ုပ်က ဦးအောင် ဖမ်းဆီးနိုင်ပါစေဟု ဆုတောင်း၍ မနေမနား ကြိုးစားဖို့လည်း အားခဲလျက်ရှိ၏။ သတင်းတခု ကြားရသည်မှာလည်း ဦးကျော်ဇံသည် သန်းခေါင်ဗိုလ်နှင့် တကြိမ်နှစ်ကြိမ် မျက်နှာချင်းဆိုင် ခဲ့ရဖူးသော်လည်း သန်းခေါင်ဗိုလ်က လူရေးသာ၍ ဦးကျော်ဇံ အရေးနိမ့်ခဲ့သည့်အတွက် သာ၍ပင် ဒေါဖောင်းပြီးလျှင် ဒီအကောင်ကို အသေရရ အရှင်ရရ ငါမိအောင် ဖမ်းမယ်” ဟု ကြုံးဝါးလျက် ရှိသည်ဆို၏။ ထိုကဲ့သို့ တကြိမ်နှစ်ကြိမ် အရေးနိမ့်ခဲ့ဖူးသည့်အတွက် ဦးကျော်ဇံမှာ အထက်အရာရှိကြီးများ၏ ပျက်ရယ်ပြောင်လှောင်ခြင်းခံရ၍
“မောင်ကျော်ဇံက သန်းခေါင်ဗိုလ်ကို မဖမ်းဘဲ သန်းခေါင်ဗိုလ်က မောင်ကျော်ဇံကို ဖမ်းသွားပါလိမ့်ဦးမယ်” ဟု
ခနဲ့တဲ့တဲ့ ပြောကြသေးသည်ဆို၏။ ထိုအတွက်ကြောင့် ဦးကျော်ဇံမှာ သန်းခေါင်ဗိုလ်အပေါ်၌ သာ၍ပင် အကျိတ်အခဲ မကျေနိုင်အောင် ရှိနေရသည်ဆို၏။
ဦးကျော်ဇံက သန်းခေါင်ဗိုလ်ကို ဖမ်းဆီးရန် အနည်းနည်း ကြိုးစားခဲ့ပုံများနှင့် လက်မတင်ကလေးမျှ လွတ်သွားခဲ့သည့် အကြောင်းများကို ဌာနတခုလုံး ပြောဆိုလျက်ရှိကြ၏။ မည်သည့်နေရာ၌ သန်းခေါင်ဗိုလ်ရောက်နေသည်ဟု ကြားရသည်နှင့်တပြိုင်နက် ဦးကျော်ဇံသည် ချက်ချင်းရောက်အောင် လိုက်သွားသော်လည်း သန်းခေါင်ဗိုလ်၏ မျက်နှာ ဖြူသည်မည်းသည်ကို ဦးကျော်ဇံ မမြင်ခဲ့ရဟုဆို၏။
တနေ့သ၌ သန်းခေါင်ဗိုလ်သည် ခေါတောရွာ၌ ရှိသည်ဟု သတင်းရသဖြင့် ဦးကျော်ဇံသည် ညတွင်းချင်း မြင်းလေးစီးနှင့် လိုက်သွားရာ ၎င်းတို့ရောက်သွားသောအခါ၌ ကံမကောင်းသော ဦးကျော်ဇံမှာ သန်းခေါင်ဗိုလ်ကို အစအနမျှမတွေ့ ရချေ။
အခါတပါး၌လည်း ဦးကျော်ဇံသည် နောက်ပါတပည့် တယောက်နှင့် နယ်လှည့်လာရာ အဝေး၌ မြင်းတစီးနှင့် အဝတ်နက်များ ဝတ်ထားသော လူတယောက်ကို မြင်သဖြင့် အတင်းလိုက်ကြသော်လည်း ဦးကျော်ဇံတို့၏ မြင်းများသည် သန်းခေါင်ဗိုလ်၏ ‘ပိတုန်း” ကို မီအောင် မလိုက်နိုင်သဖြင့် မျက်ခြေပြတ်ကာ ပြန်လှည့်ခဲ့ရဖူးလေသည်။
သတင်းတခုမှာလည်း သန်းခေါင်ဗိုလ်၌ ဤရွာ ထိုရွာတို့တွင် လျှို့ဝှက်စွာ ဝှက်ထားသော မိတ်ဆွေများ ရှိသည်ဖြစ်သောကြောင့် ရွာတံခါးကိုပိတ်၍ ရှာဖွေပါသော်လည်း မိတ်ဆွေ တယောက် ယောက်၏ နေအိမ်တွင် ပုန်းအောင်းနေသဖြင့် တွေ့အောင် မရှာနိုင်ဟု ပြောကြလေသည်။ ကျွန်ုပ် ရေးသားလျက်ရှိသော အချိန်အခါ၌မူ ရွှေဘိုဝန်ကြီးသည် သန်းခေါင်ဗိုလ်ကို အသေဖြစ်စေ အရှင်ဖြစ်စေ မိအောင် ဖမ်းနိုင်သောသူအား ဆုငွေ (၁၀၀၀) ထုတ်ပေးမည်ဟု ကြေငြာထားခဲ့၏။ ကျွန်ုပ်နှင့် ဦးကျော်ဇံတို့အဖို့မှာမူ ဆုငွေထက် နာမည်ကောင်းကို အလိုရှိကြသောကြောင့် သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေကြခြင်း ဖြစ်လေသည်။ သန်းခေါင်ဗိုလ်နှင့် ပတ်သက်၍ သတင်းတခုမှာ ထိုသူသည် မရှိနွမ်းပါးသော ဆင်းရဲသားများကို ညှင်းပန်းနှိပ်စက်ခြင်း မရှိ။ တဦးတယောက်ကိုမျှလည်း သတ်ဖြတ်ဖူးသည် မရှိချေ။ သို့ရာတွင် ၎င်းအား အနှောင့်အယှက်ပေးသူ တယောက် ဖြစ်ခဲ့ပါမူ မှတ်လောက်အောင် တုံ့ပြန်တတ်သည်ဟု နာမည်ကြီးလျက်ရှိ၏။
တခါတရံ နွမ်းပါးသောသူများအား ငွေ ငါးကျပ် တဆယ် စသည်ဖြင့် ပေးကမ်းသွားဖူးသည်ဆိုရာ ၎င်းအား မြင်ဖူးသူတို့၏ ပြောစကားအရမှာ ခွန်အားဗလအရာ၌ မတုပနိုင်လောက်အောင် ကြီးမားလှသည်ဆို၏။ ဦးကျော်ဇံ ကိုယ်တိုင်မှာလည်း လိပ်ဘက် စပို့ပွဲများတွင် ဖလားရဖူး၍ မြင်းစီးကောင်း၊ လက်ဝှေ့ကောင်းတယောက် ဖြစ်သောကြောင့် သန်းခေါင်ဗိုလ်ဆိုသူနှင့် လက်ချည်းသက်သက် ရင်ဆိုင် စမ်းချင်လှသည်ဟု ကြုံးဝါး ပြောဆိုလျက်ရှိ၏။ သန်းခေါင်ဗိုလ်လုပ်တတ်သော အကျင့်တခုမှာ မိမိလုယူသောလူသည် အသာတကြည်မပေးဘဲ အကြောက်အကန်ခုခံလျှင် ထိုသူကို သစ်ပင်တပင်တွင် ချည်တုပ်ကာ ပစ်ထားခဲ့၍ အခြားသူများ မတွေ့မချင်း ပင်ပန်းအောင် ညှင်းထားတတ်သည်ဟု ပြောကြ၏။
ဝက်လက်သို့ ကျွန်ုပ် ရောက်သွားပြီးသည်နောက် များမကြာမီအတွင်း ရွှေဘိုမြို့လယ်ကောင်ရှိ ချစ်တီးတိုက်တစ်တိုက်မှ အကြီးအကဲဖြစ်သော ချစ်တီးကြီးကို အခန်းထဲတွင် သတိမရအောင် လုပ်ထားပြီးနောက် ငွေ (၈၀၀၀) ခိုးယူသွားကြသည် ဟူသော သတင်းကြားရပြန်၏။ ချစ်တီးကြီးမှာ နားရွက်နောက်တွင် ဒဏ်ရာတခုရ၍ သတိရသောအခါ၌ စုံစမ်းမေးမြန်းပါသော်လည်း မည်သူက မည်ကဲ့သို့ ပြုလုပ်သွားသည်ဟူ၍ ပြောမပြနိုင်အောင် ရှိလေတော့၏။
သို့ရာတွင် မြို့လယ်ကောင်ကြီး၌ ဤကဲ့သို့ ကြံဝံ့သောသူမှာ အခြားမဟုတ်။ သန်းခေါင်ဗိုလ်ပင်ဖြစ်ရမည်ဟု လူတိုင်းက တွေးတောကြ၏။ ဝမ်းနည်းဖွယ်ကောင်းသော အချက်မှာ ထိုနေ့ ထိုရက်တွင် အင်စပိတ်တော် ဦးကျော်ဇံသည် ဝန်ကြီးနှင့်တွေ့ရန် ရွှေဘိုသို့ သွားရောက်ခဲ့ရုံမက ချစ်တီးတိုက်သို့ပင် ကိစ္စတခုနှင့် ရောက်ခဲ့သေးသည်ဆို၏။ ဦးကျော်ဇံမှာ သန်းခေါင်ဗိုလ်ကို မိအောင်ဖမ်းမည်ဟု ကြုံးဝါးနေသူဖြစ်ပါလျက် ရွှေဘို၌ မိမိရှိနေခိုက် မိမိ၏ မျက်စိအောက်၌ဆိုသလို တိုက်ခိုက်သွားခြင်း ဖြစ်သောကြောင့် နဖူးကို လက်ဝါးနှင့် အကြိမ်ကြိမ် ရိုက်ကာ ညည်းတွားလျက်ရှိသည်ဟု ကျွန်ုပ်တို့ ကြားသိရလေသည်။
ထိုကဲ့သို့ ဖြစ်ပျက်ပြီးသည်နောက် ဦးကျော်ဇံမှာ ကျွန်ုပ်နှင့် တွေ့ရသည့်အခါတိုင်း မိမိအား နာမည်ဖျက်သော လူဆိုးဆို၍ ၎င်းအားဖမ်းမိလျှင် ဘယ်သို့ဘယ်ပုံ ပြုလုပ်မည်ဟူ၍ ကြုံးဝါးပြောဆိုသည်များကို ကျွန်ုပ် ကြားရဖူးလေသည်။
တနေ့သ၌ ဦးကျော်ဇံနှင့် ၎င်း၏ အပါးတော်မြဲ စာသင်ဘိုးမြဲတို့သည် မန်ကျည်းတုံရွာတွင် သန်းခေါင်ဗိုလ် ရောက်နေသည်ဟု ကြားလိုက်ရသဖြင့် နှစ်ယောက်သား လိုက်သွားကြရာ ၎င်းရွာမှ အနောက်သို့သွားသော ပေလမ်းပေါ်တွင် သန်းခေါင်ဗိုလ်၏ မြင်းခွာရာများ တွေ့လိုက်ရသည်ဆို၍ လှတောရွာတိုင်အောင် ခြေရာခံ၍ လိုက်သွားကြ၏။
လှတောရွာကို ကျော်လွန်၍ ကားလမ်းဆုံကြီးကို ရောက်ကြသောအခါတွင် မြင်းပိန်ကလေးတစီးကို စီးလျက် အင်္ကျီနက်နှင့် လူတယောက်ကို တွေ့ကြသဖြင့် ဖမ်းဆီးစစ်ဆေးသော်လည်း ထိုသူမှာ လေးစိတ်ကွဲအောင် စကားမပြောတတ်ဘဲ စူးစူးဝါးဝါးနှင့် လုပ်နေသည်ကို တွေ့ရသဖြင့် နောက်ဆုံးတွင် လွှတ်ပစ်ခဲ့ကြရလေ၏။
ထို့နောက်တွင်မူကား ဦးကျော်ဇံသည် ရှက်လှသည်ဆို၍ ရာထူးမှ နုတ်ထွက်မည်ဟု တကဲကဲ ပြင်လျက်ရှိရာ ဝန်ကြီးကတားသဖြင့် နေရပြန်ပါသော်လည်း ဘယ်အခါမျှ စိတ်ကြည်ရွှင်သည့် လက္ခဏာမရှိဘဲ ထိုအမှုအကြောင်းကိုသာ အကြံထုတ်နေသည့်လက္ခဏာနှင့် မှိန်ကုတ်ကုတ်ရှိနေလေ၏။
တနေ့သ၌ ကျွန်ုပ်သည် ဦးကျော်ဇံနှင့်တွေ့၍ ကျွန်ုပ်က…
“ရာထူးနုတ်ထွက်ပြီး အစ်ကိုကြီးက ဘာလုပ်မှာလဲ” ဟု မေးရာ ဦးကျော်ဇံက
“ကျုပ်က နုတ်ထွက်ပေမယ့် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး ညီမောင် ဒီအကောင်ကို မမိမချင်း ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ဖမ်းနေမှာပဲ” ဟု ပြန်ပြောလေ၏။
ကျွန်ုပ်သည် ဦးကျော်ဇံ၏ အကြံထုတ်သည့်နည်းတူ သန်းခေါင်ဗိုလ်အား ဖမ်းဆီးရန် နည်းလမ်းများကို စဉ်းစားစိတ်ကူးခဲ့ရာ အကြံတခုရသည်နှင့် ကျွန်ုပ်၏ အကြံအတိုင်း ထင်သလို ဆောင်ရွက်ခွင့်ရရန် ဝန်ကြီးထံ အမိန့်တောင်းယူလေ၏။ ကျွန်ုပ်၏ အကြံမှာ ကျွန်ုပ်အား သန်းခေါင်ဗိုလ် ဖမ်းဆီးသွားလေအောင် စွန့်စား၍ ကဲ့သို့ အဖမ်းခံရခြင်းအားဖြင့် သန်းခေါင်ဗိုလ်၏ မျက်နှာနှင့် လူပုံပန်းကို မြင်ဖူးစေရန် ဖြစ်လေသည်။
တခါက ဦးကျော်ဇံသည် ရွှေဘိုမြို့ရှိ ဝန်ကြီးထံသွားနေဆဲတွင် ဖွတ်လှိုင်းရွာတွင် နွားခိုးမှုတခု ဖြစ်ပွားသည်ဟု ကြားရသဖြင့် ဦးကျော်ဇံသည် ရွှေဘိုမှ ချက်ချင်းတုံ့ပြန်ခဲ့ပြီးလျှင် နွားသူခိုးကို ခြေရာကောက်လေရာ မကြာမီအတွင်း ဖမ်းဆီးရမိလေ၏။ ဦးကျော်ဇံနှင့်ဘိုးမြဲတို့သည် နွားသူခိုးကို တော်လက်ဌာနသို့ ခေါ်လာခဲ့၍ အချုပ်ခန်းတွင် အပ်ခဲ့ပြီးနောက် ဆရာတပည့် နှစ်ယောက်တို့သည် ဈေးအနီး၌ရှိသော အရှုပ်၏ အကြော်ဆိုင်သို့ သွားကြလေ၏။ ဦးကျော်ဇံ၏ ဝါသနာတခုမှာ ကောင်းကောင်းသောက် ကောင်းကောင်းစား၍ လှလှဝတ်ချင်တတ်သည်ဖြစ်ရာ ဆရာတပည့်နှစ်ယောက်တို့သည် အရှပ်၏ ဆိုင်ထဲတွင် ဂျော်နီဝါးကား ဝီစကီတလုံးနှင့် အစိမ်းကြော်တောက်တောက်ကြော်များကို မှာယူလျက်ရှိကြလေ၏။ ထိုအခိုက်၌ ကစားဝိုင်းမှ နိုင်လာသဖြင့် ဖောဖောသီသီသုံးစွဲရန် အကြံအစည်နှင့်ဝင်လာသော တောသားတယောက်သည် ဆိုင်တွင်းသို့ ဝင်လာ၍ ဦးကျော်ဇံ ဆရာတပည့်တို့အား ဝီစကီနှင့်စားစရာများအတွက် မိမိက ဝတ်ပြုပါရစေဆို၍ အတင်းကျွေးမွေးလေရာ ဦးကျော်ဇံလည်း အကောင်းကြိုက်သူတို့၏ ထုံးစံအတိုင်း အချောင်ရလျှင် အကြိတ်အံ့ဟု တောသား၏ ဂုဏ်ပြုခြင်းကို လက်ခံ စားသောက်ကြလေ၏။ တောသားသည် အရက်မူးလာသည်ဖြစ်၍ လူပါးဝလာသည့်လက္ခဏာနှင့်
“ဆရာ ဘယ်လိုစွမ်းပေမယ့် သန်းခေါင်ဗိုလ်ကိုတော့ မိမယ်မထင်ပါဘူးဆရာ။ တကယ်လို့ ရင်ဆိုင်တွေတောင် သူ့ကို ဆရာ မနိုင်ပေဘူးထင်တယ်၊ သူကလည်း ဆရာ့လိုပဲထောင်ထောင်မောင်းမောင်း၊ ဆရာ့လိုပဲ ဗလကောင်းပြီး၊ ဆရာ့လိုပဲ လက်ဝှေ့သတ်တာပဲ” ဟု အရောတဝင်ပြောလိုက်ရာတွင် ဦးကျော်ဇံက.
“မင့်ကို ဘယ်သူပြောသလဲ” ဟု မေးလိုက်၏။
ထိုအခါ တောသားက
” လူတိုင်း ပြောနေကြတာပဲဆရာ”
ဟု ပြောလိုက်ရာတွင် ဦးကျော်ဇံက
“တယ်လူပါးဝတဲ့ တောသားပါလား၊ ငါတို့အလုပ်အကြောင်း မင်း ဘာနားလည်လို့လဲ”
ဟု ငေါက်ငမ်းကာ ပြောလိုက်လေ၏။
၎င်းနောက် တောသားက လက်မလျှော့သေးဘဲ-
“သန်းခေါင်ဗိုလ်ကိုမိရင် ဆရာ ဘယ့်နှယ်လုပ်မလဲ” ဟု မေးမြန်းရာ… ဦးကျော်ဇံက-
“ငါလုပ်မှာ မင်းသိချင်သလား။ ဒီကောင်ကို သစ်ပင်တပင်မှာ ကပ်ချည်ပြီး ဒိပြင်လူတွေကို သူလုပ်သလို ငါက ပြန်လုပ်မယ်၊ နောက်ပြီးတော့ တနေရာက ငါကစောင့်ကြည့်ပြီး လမ်းသွားတယောက်က သူ့ကိုဖြေပေးတော့မှ ငါက ထွက်လာပြီး သူ့ကိုထပ်ဖမ်း လက်ထိပ်ခတ် မြင်းဝမ်းပတ်မှာ ချည်ပြီးတော့မှ ငါက မြင်းစီးပြီးခေါ်ခဲ့မယ်” ဟု ပြောရာ တောသားက
“ဆရာ တကယ်လုပ်ဝံ့ပါ့မလား” ဟု မေးမြန်းပြန်သဖြင့် ဦးကျော်ဇံက…
“ဟိတ် ကျော်စံတဲ့ကွ၊ လုပ်မယ်ဆိုရင် တကယ်လုပ်တဲ့ကောင် နားလည်လား” ဟု ပြန်ပြောလိုက်လေ၏။
ယင်းသို့ရှိစဉ် လှတောရွာမှ စက်ပိုင်ဦးဘအေးသည် အကြော်ဆိုင်ထဲသို့ ဝင်လာ၍ ဦးကျော်ဇံအား ထိုနေ့ညနေတွင် မိမိသမီး မင်္ဂလာဆောင်သို့ ဖိတ်ကြားလေရာ ဦးကျော်ဇံက အချိန်နီးမှ ကပ်၍ဖိတ်ခြင်း ဖြစ်သောကြောင့် မလိုက်လိုဟု ပြောလေ၏။ သို့ရာတွင် စက်ပိုင်ဦးဘအေးက ဦးကျော်ဇံကို အစောကြီးကတည်းက ဖိတ်ကြားထားကြောင်း၊ ရွှေဘိုသို့ သွားနေသည်ဆို၍ မဖိတ်ခဲ့ရကြောင်းနှင့် အကြောင်းပြ ပြောဆိုရာတွင် ဦးကျော်ဇံသည် စိတ်ကျေနပ်ဟန် လက္ခဏာနှင့် လာခဲ့ပါမည်ဟု ဝန်ခံလိုက်လေ၏။
ဦးဘအေး ထွက်သွားပြီးနောက် ဦးကျော်ဇံသည် ဌာနသို့
တဖန်သွား၍ တပည့်ကျော်ဘိုးမြဲအား ပင်းစင်းရွာ ကျော်လွန်အောင် မိမိအား လိုက်ပို့ရမည်ဟု ပြောဆိုကာ ဆရာတပည့်နှစ်ယောက်တို့သည် မြင်းတစီးနှင့် ထွက်သွားကြလေ၏။
သွားခါနီး၌ ဦးကျော်ဇံက ဌာနအုပ်အား နက်ဖြန်တွင် နွားခိုးမှုအတွက် ရုံးတက်ရန် ရှိသေးကြောင်း နံနက်စောစော ပြန်လာခဲ့မည်ဟု မှာထားခဲ့သေး၏။
ထိုနေ့ည ၈ နာရီအချိန်ခန့်တွင် စာသင်ဘိုးမြဲပြန်လာ၍ မိမိဆရာကို ပင်းစင်းရွာ အလွန်၌ရှိသော မူးချောင်းသို့ ရောက်အောင် လိုက်ပို့ခဲ့သည်ဟု ပြောပြလေ၏။
၎င်းည ၁၀ နာရီ အချိန်ခန့်တွင် ပင်းစင်း ရွာသားတယောက်သည် လှတော မင်္ဂလာဆောင်မှ မြင်းတစီးနှင့် ပြန်လာရာတွင် ၎င်း၏ မြင်းမှာ တစုံတရာကို လန့်၍ နောက်သို့တွန့်လိုက်သဖြင့် မြင်းပေါ်မှ ကျလုမတတ် ဖြစ်သွားသေး၏။ ထိုသူသည် မြင်းလန့်သော အခြင်းအရာကို သေချာစွာ ကြည့်ရှုသောအခါတွင် လမ်းနံဘေးရှိ သစ်ပင်တပင်ပေါ်၌ ကြိုးဖြင့် ချည်တုပ်ထားသော အင်စပိတ်တော် ဦးကျော်ဇံကို တွေ့ရသည့်ပြင် အနီးရှိ အခြားသစ်ပင်၌လည်း ဦးကျော်ဇံ၏ မြင်း ချည်ထားသည်ကို တွေ့ရလေ၏။ ထိုသူသည် ဒေါဖောင်းလျက်ရှိသော ဦးကျော်ဇံကို အနှောင်အဖွဲ့မှ လွတ်စေပြီးနောက် အကျိုးအကြောင်းကို မေးမြန်းရာ မြင်းနက်တစီးကို စီးလျက် ထောင်ထောင်မောင်းမောင်း လူတယောက်က ၎င်းအား ချည်ထားကြောင်း၊ ဦးကျော်ဇံက ခြောက်လုံးပြူးသေနတ်ကို နုတ်လိုက်သောအခါ၌ သေနတ်မပါခဲ့သည့် အဖြစ်ကို တွေ့ရကြောင်း၊ ခရီးတော်လာစဉ်က မိမိ၏ သေနတ်ကို ခါးပတဲ့ ချိတ်ထားခဲ့သည်မှာ အမှန်ဖြစ်ကြောင်းနှင့် ပြောပြ၏။
ဦးကျော်ဇံသည် ဌာနသို့ပြန်လာ၍ တပည့်ကျော် ဘိုးမြဲကို ခေါ်ပြီးလျှင် မြင်းတစီးစီနှင့် ညတွင်းချင်းလိုက်ကြပြန်ပေရာ သန်းခေါင်ဗိုလ်နှင့် ပတ်သက်သော အမှုဟူသမျှတွင် ဦးကျော်ဇံမှာ ကံဆိုးခဲ့သည်သာ ဖြစ်လေတော့၏။ ဆရာတပည့်နှစ်ယောက်တို့သည် ရွှေပန်းကုန်းရွာသို့ တိုင်အောင် ညတွင်းချင်းလိုက်ကြသော်လည်း သန်းခေါင်ဗိုလ်အကြောင်းကို သတင်းမရကြဘဲ လက်လျှော့ပြန်လာခဲ့ကြလေ၏။
နောက်တနေ့နံနက်၌ ရာဇဝတ်ဝန်ကြီးနှင့် အရေးပိုင်မင်းတို့သည် မြင်တော်အိုင်၌ တောဝမ်းဘဲများပစ်ရန် ဆိုက်ရောက်လာကြပေရာ ဦးကျော်ဇံမှာ နွားခိုးမှုနှင့် ပတ်သက်၍ အမှုလိုက်ရန်ရှိသောကြောင့် ဘိုနှစ်ယောက်တို့ကို တွေ့ပြီးနောက် ရုံးသို့ထွက်သွားလေ၏။ထိုနေ့နံနက်၌ ကျွန်ုပ်သည် ဌာနမှထွက်ခဲ့၍ ရုံးဘက်သို့ကူးပြီးလျှင် ရုံး၏ ပတ်ဝန်းကျင်၌ တဝဲလည်လည်ရှိနေခဲ့ရာ မကြာမီအတောအတွင်း၌ အရေးပိုင်၊ ရာဇဝတ်ဝန်နှင့် အင်စပိတ်တော် ဦးကျော်ဇံတို့သည် ဘိုတဲမှ မြင်တော်သို့ အသွား ရုံးရှေ့မှ ဖြတ်သွားကြလေ၏။ ကျွန်ုပ်နှင့် တပည့်သုံးယောက်တို့သည် အရေးပိုင်နှင့် ဝန်ကြီးတို့လာသည်ကို ခရီးကြို၍ အနီးသို့ ရောက်သည်နှင့် တပြိုင်နက် ကျွန်ုပ်က ဦးကျော်ဇံ၏ ပခုံးကိုကိုင်ကာ…
“ခင်ဗျားကို လုယက် တိုက်ခိုက်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ သန်းခေါင်ဗိုလ်အဖြစ်နဲ့ ကျွန်ုပ် ဖမ်းဆီးလိုက်သည်” ဟု ပြောလိုက်သောအခါတွင် အရေးပိုင်နှင့် ရာဇဝတ်ဝန်သည် ကျွန်ုပ်အား ရူးသည်ထင်ကြ၍ မျက်လုံးပြူးလျက် ရှိကြလေ၏။ ဦးကျော်ဇံလည်း ကျွန်ုပ်က ပခုံးကို ပုတ်လိုက်ရာတွင် ဆတ်ခနဲ လန့်သွား၍ ဆုတ်ဖယ်မည် ပြုသော်လည်း တပည့်သုံးယောက်တို့မှာ ကျွန်ုပ်က စကားထည့်ထားပြီး ဖြစ်သော ကြောင့် ဦးကျော်ဇံ၏ လက်ကို ကျင်လည်စွာ လက်ထိပ်ခတ်လိုက်ကြလေ၏။ သို့နှင့်ပင် ဦးကျော်ဇံသည် လက်ထိပ်နှင့် ကျွန်ုပ်၏ နဖူးကိုရိုက်၍ လက်လွတ်ရုန်းထွက်ရန် ကြိုးစားသေးရာ ကျွန်ုပ်မှာ နဖူးမှဖြာထွက်သော သွေးများကြောင့် မမြင်မကန်း ဖြစ်နေ၍ ကူညီရန် မတတ်နိုင်သော်လည်း တပည့်သုံးယောက်တို့သည် လက်ထိပ်ခတ်ထားပြီး ဖြစ်သော ဦးကျော်ဇံကို ဝိုင်းဝန်းဖျစ်ညှစ်ကာ မြေပေါ်သို့ တွန်းလှဲလိုက်သဖြင့် ဦးကျော်ဇံလည်း ဤတွင်မှ လက်လျှော့လိုက်လေတော့၏။
ကျွန်ုပ်မှာ ဦးစံရှား၏ စုံထောက်ဝတ္ထုများကို ဖတ်ရဖန်များသဖြင့် ၎င်း၏ စဉ်းစားပုံ စဉ်းစားနည်းများကို အတုယူလာခဲ့ရာ ဦးကျော်ဇံ၏ အမူအရာကို မသင်္ကာသည့် အချိန်မှစ၍ ၎င်း၏ အတ္ထုပ္ပတ္တိကို ထောက်လှမ်းစုံစမ်းခဲ့လေ၏။ ပဲခူးမြို့မှ ပြောင်းရွေ့လာသည် ဆိုသောကြောင့် ကျွန်ုပ်သည် ၎င်းမြို့၌ရှိသော ပုလိပ်မိတ်ဆွေတယောက်အား ဦးကျော်ဇံ၏ အနေအထိုင်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းကြည့်ရာ ဦးကျော်ဇံမှာ စနေနေ့တိုင်း ရန်ကုန်မြင်းပွဲသို့ သွားတတ်ကြောင်း၊ အရက်ကောင်းကောင်း သောက်တတ်၍ ခပ်ကြွားကြွား နေထိုင်ပြီးလျှင် လက်စွာစွာ သုံးတတ်ကြောင်း၊ အစိုးရအမှုထမ်းများ၏ ကလပ်၌ ပိုကာကစားရာတွင် ကြေးကြီးလောင်းတတ်၍ အများအားဖြင့် ရှုံးတတ်ကြောင်း၊ တခါက လာဘ်စားမှုတခုနှင့် ပတ်သက်၍ အပုပ်နံ့ထွက်သော်လည်း ဝန်ကြီး၏ အချစ်တော်ဖြစ်သောကြောင့် သီသီကလေး လွတ်သွားကြောင်း အစရှိသော အကြောင်းအရာများကို ကြားသိရသည့်အခါ သာ၍ပင် မသင်္ကာအောင် ဖြစ်မိပေသည်။ ဖွတ်လှိုင်းရွာ၌ နွားခိုးမှုဆိုသည်မှာ ကျွန်ုပ်၏ ဆင်လုံးဖြစ်၍ နွားသူခိုးဆိုသူမှာ ကျွန်ုပ်၏ လူပင်ဖြစ်ပေသည်။ ရုပ်ပြောင်းသော အတတ်ကို လေ့ကျင့်ထားခဲ့သည့်အတိုင်း ကျွန်ုပ်သည် တောသားယောင်ဆောင်ကာ အရှုပ်အကြော်ဆိုင်သို့ သွား၍ ဦးကျော်ဇံတို့ ဆရာတပည့်အား တိုက်ကျွေးရင်း သန်းခေါင်ဗိုလ်ဆိုသူသည် ဆရာနှင့် အစစ တူသည်ဟု ကျွန်ုပ် ကပြောလိုက်သောအခါတွင် ဦးကျော်ဇံ၏ မျက်နှာပျက်သွားသည်ကို ကျွန်ုပ်တွေ့လိုက်ရသဖြင့် ကျွန်ုပ်၏ မသင်္ကာခြင်းများသည် သာ၍ပင် သေချာသွားလေတော့သည်။ ၎င်း၏ တပည့်ဘိုးမြဲ ဆိုသူမှာလည်း တဦးတည်းဖြစ်ရမည်ဟု ကျွန်ုပ် မသင်္ကာမိရာတွင် ဦးကျော်ဇံအား ဘိုးမြဲကလိုက်ပို့၍ ဦးကျော်ဇံကို သစ်ပင်၌ ချည်ထားကြောင်း တွေ့ရသည် ဆိုသောအခါ ချည်တုပ်သောသူမှာ ဘိုးမြဲပင်ဖြစ်ရမည်ဟု ကျွန်ုပ် စိတ်ချ ယုံကြည်မိပါသည်။
သို့ဖြစ်၍ အကျိုးအကြောင်းကို ဝန်ကြီးထံ အကြောင်းကြားပြီးလျှင် ဝန်ကြီးသည် မြင်တော်အိုင်၌ အရေးပိုင်မင်း ငှက်ပစ်ထွက်သောနေ့တွင် ဤကိစ္စအတွက် လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။ ရွှေဘိုချစ်တီးတိုက်ကို တိုက်ခိုက်စဉ်က ဦးကျော်ဇံသည် အမှန်အားဖြင့် ချစ်တီးတိုက်သို့ ကိစ္စတခုနှင့်သွားခဲ့ရာ အခြားချစ်တီးများမရှိဘဲ အကြီးအကဲသူတယောက်တည်း တွေ့ခဲ့ရာတွင် ဦးကျော်ဇံ ဝင်သွားသောအခါ၌ ချစ်တီးကြီးအား နောက်စေ့ကို သေနတ်ဒင်နှင့် ဆောင့်ကာ ငွေများကို ယူခဲ့ခြင်းဖြစ်ပေ၏။
ကျွန်ုပ်တို့သည် တရားခံကို ဌာနသို့လိုက်သောအခါ ဘိုးမြဲမူကား ထွက်ပြေးနှင့်လေပြီ။ အရာရှိများသည် တရားခံအား သိုဝှက်ထားသောငွေများနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းသော်လည်း တရားခံသည် ဘူးကွယ်လျက်သာနေတော့၏။
နံနက်တွင် ပုလိပ်သား ၆ ယောက်စောင့်ကြပ်လျက် တရားခံကို လိပ်ကားကြီးပေါ်သို့ တင်၍ ရွှေဘိုသို့ပို့လေရာ လှတောရွာကို ကျော်လွန်၍ သုံးမိုင်ခန့်အရောက်တွင် ဒိုင်းခနဲ သေနတ်သံတချက် ကြားလိုက်ရပြီးနောက် သန်းခေါင်ဗိုလ်မှာ ရင်ဘတ်တွင် ဒဏ်ရာနှင့် လဲကျသွားလေ၏။ ပုလိပ်များသည် ကားကို ချက်ချင်းရပ်၍ သေနတ်သံကြားရာသို့ မျှော်ကြည့်လိုက်ရာ တောကလေးတခုအတွင်း သစ်ပင်တပင်နောက်မှ ယမ်းငွေ့များ အူထွက်နေသည်ကို မြင်ကြသဖြင့် ကားပေါ်မှာပြေးဆင်း၍ လိုက်ကြလေ၏။
ထိုခဏ၌ လူတယောက်သည် သစ်ပင်နောက်မှ ထွက်၍ ခြေကုန်သုတ်ပြေးလေရာ ပုလိပ်များက သေနတ်နှင့် လေးငါးချက်ပစ်လိုက်သဖြင့် မြေပေါ်သို့ ဟပ်ထိုး လဲကျသွားသည်ကို တွေ့မြင်ကြရလေ၏။ အနီးသို့ရောက်သောအခါ၌ ထိုသူမှာ အခြားသူမဟုတ်။ စာသင်ဘိုးမြဲပင် ဖြစ်လေရာ သန်းခေါင်ဗိုလ်နှင့် ဘိုးမြဲတို့ လုယက်တိုက်ခိုက်ခဲ့ကြသော ပစ္စည်းများသည် မည်သည့်နေရာတွင် ဝှက်ထားသည်ဟု မည်သူမျှမသိကြရဘဲ တရားခံနှစ်ယောက်လုံးတို့မှာ သေရွာသို့ မြန်းရှာကြလေတော့သတည်း။ ။
#မှတ်ချက်။ ။ စာလုံးပေါင်းသတ်ပုံများမတော်တဆ ကျကျန်မှားယွင်းမှုများရှိပါက နားလည်ပေးကြပါခင်ဗျာ။
(MBS GROUP ၌ လက်ရှိ စာရေးဆရာ – မင်းသိင်္ခ ရေးသားထားတဲ့ ”စနေမောင်မောင်ပါဝင်သည့် ပါပလူမျိုးကိုးဆယ့်ကိုး” ဝတ္ထုစာအုပ်ကို တင်ဆက်နေဆဲဖြစ်ပါတယ်။
ဒါအပြင် စာရေးဆရာအကြည်တော်ရေးသားထားတဲ့ (ဆွေတစ်ရာ မောင်တစ်ကျိတ်) ဟာသဝတ္ထုစာအုပ်ကိုလည်းစတင်ဖတ်လို့ရနေပြီနော်။
တင်ဆက်ပြီးသွားတာကတော့ ဝတ္ထုစာအုပ် (၁၁) အုပ်ရှိသွားပြီနော်။)
မန်ဘာဝင်ရောက်လိုပါက Page Messenger သို့ဆက်သွယ်နိုင်ပါသည်။
#ဇွဲမာန်(မသန်စွမ်း)
၂၅- ၁၂ -၂၀၂၁
၈:၅၄ နံနက်
Share by U Ko Ko Htwe မှ တဆင့်
Uncategorized