ရဲရင့်ကျော်
သမုဒယ ဒီရေတော
“ဟေ့ကောင် … ရေသံမကြားအောင် လှော်နော်”
လှေဦးကနေ၍ သတိပေးလိုက်သော တာတီး၏ အသံကို ကြားတော့ အောင်ဒိုးတစ်ယောက် စိတ်ထဲမှာ ထောင်းခနဲဖြစ်ပြီး ဒေါသတွေ အလိပ်လိုက်ထတော့သည်။
အိမ်ကထွက်မလာမီက သူ့ကို ဆူလိုက်၊ ပြောလိုက်၊ ဟောက်လိုက် လုပ်နေခဲ့သော ဖအေကို မကျေနပ်ရသည့်အထဲ အချင်းချင်း ဆရာလုပ်ခံရသောအခါ ပို၍ စိတ်တိုနေမိသည်။
ဘယ့်နှယ် … တံငါလုပ်ပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ရာမှာ အဖေရဲ့ စည်းကမ်းတွေက များလွန်းလှသည်။ တခြားမကြည့်နှင့်။ ယခုလို ရာသီမျိုးမှာ ငါးပတ်အောက်ကြရအောင်ဟု ဖအေကို ပြောမိတာနှင့် မကာမိအောင် အဆူအဟောက်ခံခဲ့ရပြီးပြီ။
အဖေက လူတစ်မျိုးဖြစ်သည်။ အရာရာကို စည်းကမ်းတွေ၊ ကလနားတွေ လုပ်လွန်းသည်။
ငါးရံ့သားပေါက်ဖမ်းမယ်ဆိုတော့လည်း ခွင့်မပြု။ သားပေါက်ကလေးတွေ နှစ်ဆယ်သား၊ အစိတ်သားရဖို့ ထောင်နှင့်ချီ၍ ငါးရံ့လေးတွေ သေကြရသည် ဟုဆိုကာ မလုပ်နှင့်ဟု တားသည်။
မိုးဦးကာလမှာ ပုစွန်တွေ၊ ငါးတွေ ဥကပ်ချိန်ဖြစ်၍ တတ်နိုင်သမျှ မဖမ်းဆီးကြဖို့ နီးစပ်ရာတံငါတွေကိုတားသည်။
မျိုးရည်ပြည့်ဝနေသည့် ငါးထီးများ၊ ဥတွေ ဝမ်းဗိုက်အပြည့်လွယ်ထားသော ငါးမများ၊ ပုစွန်တုပ်ကြီးများ၊ ပုစွန်ဘေးကျားများကို မဖမ်းဆီးသင့်ဟု တရားဟောသည်။
အခုနေဖမ်းလိုက်ရင် ပေါက်ပွားလာကြမယ့် အထောင်၊ အသောင်း၊ အသိန်း၊ အသန်းမက ငါး၊ ပုစွန်တွေ ပေါက်ပွားလာမှာကို ဖျက်ဆီးရာရောက်သည်ဟုလည်း မကြာမကြာ ပြောတတ်သေးသည်။
အရင်တုန်းကတော့ အဖေ့စကားကို တစ်ရွာတည်းသား တံငါတွေက လှောင်ကြ၊ ပြောင်ကြ၊ ပြက်ရယ်ပြုကြသေးသော်လည်း ရွာက စာကြည့်တိုက်မှာ ဖတ်ရသော သတင်းစာထဲတွင် မိုးဦးကျ ကာလ မေလ၊ ဇွန်လတို့တွင် မျိုးကပ်ပြီး မျိုးရည်ပြည့်ဝနေသော ငါးပုစွန်တွေကို မဖမ်းဆီးသင့်ကြောင်း ဖတ်ကြရသောအခါ တံငါအများစုက သဘောပေါက်လာကြသည်။
သို့သော် အောင်ဒိုးတို့၊ တာတီးတို့လို တံငါလက်သင်တွေကတော့ အပိုတွေပါဟု ထင်ကြသည်။ သို့ဖြစ်၍ သူတို့နှစ်ယောက် ငါးပတ်အောက်သွားမည်ဟု ဘယ်လိုကဘယ်လို သတင်းရသည်မသိ ဆူတော့သည်။ ပူတော့သည်။ ကြိမ်းတော့သည်။ မောင်းတော့သည်။
သို့သော် အောင်ဒိုးတို့၊ တာတီးတို့ကတော့ မရရအောင် ခိုးထွက်လာခဲ့ကြသည်။
xxx xxx xxx
လဆုတ် ၁၄ ရက်ည ဖြစ်၍ ကောင်းကင်ပေါ်မှာ လမင်းကြီး မဝင်းပနိုင်ပါ။ ဝင်းပနိုင်သည်ပဲ ထားပါဦး … ထိန်ထိန်သာခွင့် ရှိမည်မဟုတ်ပါ။
နယုန်လ၊ ဝါဆိုလများသည် မြန်မာပြည်အောက်ပိုင်း၊ သူတို့ မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခွင်လုံး မုတ်သုံလေတွေ တဟူးဟူး တိုက်နေပြီ။ မိုးစက်မိုးပေါက်တွေ သယ်ဆောင်လာသော တိမ်တိုက်မည်းကြီးတွေက ကောင်းကင်ပေါ်မှာ ပိန်းပိတ်အောင် အုံ့ဆိုင်း ထားကြပြီ။
တစ်ခါတစ်ခါ သဲသဲမဲမဲ တစ်ခါတစ်ခါ ဖွဲဖွဲကျဲကျဲနှင့် မိုးမရွာသောနေ့ဟူ၍ မရှိပြီ။
သည်ကနေ့လည်း တစ်နေ့လုံး နေမင်းကြီး အစွမ်းပြခွင့်မရရှာ။ မိုးစက်မြားတံတွေက ဒေသကြီးတစ်ခွင်လုံးကို တရစပ် ကြဲချနေခဲ့သည်။
ယခုလို ညဦးပိုင်းကလေးမှာတော့ ခဏနားသွားပြီး ပုစဉ်းသေးပေါက်သလောက်သာ ဖွဲနေတော့သည်။ သည်လိုအချိန်မျိုးသည် ငါးပတ်အောက်ဖို့ အကောင်းဆုံးအချိန် ဖြစ်သည်။
အတောင် ဆယ့်ငါးတောင်ခန့် ထီးရိုးဝါးသွယ်သွယ်၏ထိပ်တွင် ငါးမျှားကြိုး ချည်သည်။ ငါးမျှားချိတ် တပ်သည်။
ရေပြည့်နေသော ကွင်းစပ် ကန်သင်းရိုးပေါ်က ဖားပေါင်စင်းကလေးကို ကျောမှ ဖောက်ချိတ်ရသည်။
ပြီးတော့ လှေဦးမှ တစ်ယောက်က ဖားကလေး ရေပေါ်မှာ ရှပ်တိုက်ကူးနိုင်ရုံကလေး ချိန်၍ ချထား ပေးရသည်။
လှေပဲ့မှ တစ်ယောက်က ရေသံမကြားအောင် အသာ လှော်ပေးရသည်။
လာဟပ်မည့်ငါးက ငါးပတ်။ သေးသေးကွေးကွေးတော့ မဟုတ်။ ကံကောင်းလျှင် လေးငါးခြောက်ပိဿာမှ အချိန်တစ်ဆယ်ကျော်သည့် ငါးပတ်ကြီးတွေ ရနိုင်သည်။ ဒါကိုပင် ငါးပတ်အောက်သည်ဟု သူတို့ဓလေ့အရ ခေါ်ကြသည်။
နွေမိုးဆောင်း သုံးရာသီလုံး တံငါတွေအဖို့ သူ့နည်းသူ့ဟန်ဖြင့် ငါးပုစွန်တွေ ဖမ်းဆီးအသက်မွေးကြသည်။ ချမ်းသာဖို့မဟုတ်တောင် ဝမ်းရေးအတွက်တော့ ဖူလုံကြသည်။
သို့သော် ယခုလို နွေလည်းကုန် မိုးလည်း မပီသေးသော စကောစက ကာလမျိုးတွင်မူ တံငါတွေ ငါးရှားတတ်သည်။
နွေငါးတွေလည်း ပျောက်နေပြီ။ မိုးငါးတွေလည်း ပီပီပြင်ပြင် မဆင်းကြသေး။ မျိုးကပ်နေသည့် ငါးတွေသာ ချောင်းနေရေနေကောင်းရာ ဒေသတို့တွင် ခိုကြ အောင်းကြသည့်အချိန် ဖြစ်သည်။
ဝပ်ကျင်းဖွဲ့ကြ၊ အသိုက်ကိုက်ကြသည့်အချိန်လည်းဖြစ်သည်။
ထိုအချိန်ကို ကြာကြာစောင့်ရသည်မဟုတ်ပါ။ မကြာခင်မှာပင် မြစ်ငါး၊ ချောင်းငါးတွေ ဥချ၊ သားပေါက်ပြီးချိန်တွင် ပြန်၍မြူးကြတော့မည်သာ။ ဒါကိုပင် စည်းမစောင့်နိုင်သူတွေက စည်းဖောက်ကြသည်။
အောင်ဒိုးတို့၊ တာတီးတို့အတွက် ငွေလိုနေသည်။
ရွာထဲက ဗီဒီယိုရုံမှာ ကြည့်ဖို့၊ ကာရာအိုကေဆိုဖို့၊ မြို့ပေါ်မှာ လက်ဖက်ရည်သောက်ဖို့ ငွေပြတ်နေကြပြီ။
လူငယ်ကာလသားတွေဆိုတော့လည်း အပြစ်ဆိုသာသည်မဟုတ်။ ပျော်ချင်ပါးချင်သည့် အရွယ်တွေ မဟုတ်လား။
ဒါကြောင့်လည်း လူကြီးတွေအလစ်မှာ အသာထွက် လာခဲ့ခြင်းဖြစ်သည်။
xxx xxx xxx
ခါတိုင်းလိုအချိန်ဆိုလျှင်တော့ တာတီးကို ဆဲမိလိမ့်မည်။ သို့သော် နှစ်ဦးသဘောတူ ထွက်လာခဲ့သည်လည်းဖြစ်ပြန်၊ ရေသံတောင် မကြားရအောင် တိတ်ဆိတ်နေရမည့် ငါးပတ်အောက်နေချိန်လည်းဖြစ်၍ ထွက်လာသော ဒေါသကို အောင်ဒိုးတစ်ယောက် မျိုချကာ ရေသံမကြားရအောင် လှော်တက်ကို ရေတွင် ဖွဖွနှစ်၍ လှော်ပေးလိုက်ရသည်။
လက်လံ လေးငါးလံခန့်သာ ကျယ်သော ဇုက္ကနိချောင်းဖျားလေးသည် ဘေးနှစ်ဖက်ရှိ ကမ်းစပ်တွင် ပေါက်နေကြသော သစ်ရိပ်ဝါးရိပ်တွေကြောင့် ပို၍ မှောင်၏။
သို့သော် မည်မျှပင် လမိုက်သည်ဖြစ်စေ၊ မြစ်တို့ချောင်းတို့၏ အလယ်အူကြောင်းမှာတော့ အလင်းရိပ်ကလေး ရှိစမြဲဖြစ်သည်။
အင်အားနည်းပါးစွာ ထိုးဆင်းလာသော ကောင်းကင်အရောင်က ရေပြင်နှင့် ထိခတ်လိုက်လျှင် မှုန်ဝါးအလင်းရိပ်က ထွက်ပေါ်လာတတ်စမြဲ ဖြစ်သည်။
ပြီးတော့ သူတို့နှစ်ယောက်က သာမန်လူတွေမဟုတ်။ တံငါတွေဖြစ်၏။ ထို့ကြောင့် အမှောင်မှာ လုပ်ကိုင်စားသောက်ရသူများပီပီ အမှောင်ထဲမှာပင် မြင်အောင် ကျင့်သားရနေကြပါပြီ။
ဒီရေအတိုးအဆုတ် အတက်အကျရှိသော ဒေသဖြစ်၍ ရေကျချိန်ကုန်ဆုံးလျှင် ရေပြန်ပြည့်တော့မည်။
ယခုလည်း ပြန်ပြည့်စပြုနေပြီ။
ဖားပေါင်စင်းလက်နှစ်လုံးလောက် အရှင်ကို ကျောကုန်းအရေပြားကလေး ဖောက်ရုံချိတ်၍ ရေပြင်ပေါ်ချထားသည်ဖြစ်ရာ နာကလည်းနာ၊ လွတ်ချင်ဇောကလည်း ကြီးနေသဖြင့် အငြိမ်မနေ ယောက်ယက်ခတ်ကူးနေတော့သည်။ ဖားကလေး ဘယ်လောက်ပဲကူးကူး ကြိုးတစ်ဆုံးသာ လှည့်ပတ်နိုင်သဖြင့် မှုန်ရီဝိုးတဝါး ချောင်းရေပြင်တွင် ဂယက်ကလေးတွေ ဝိုက်၍ ဝိုက်၍ ထနေသည်။
ကမ်းစပ်ရှိ ဆပ်သွားဖူးရုံမှ သင်းပျံ့ထုံအီနေသော ပန်းရနံ့ သည် ကျဉ်းမြောင်းရှည်လျား ချောင်းရိုးကလေးအတွင်း လေဝှေ့တိုင်း ပြေးလွှားလွှမ်းခြုံလျက်ရှိသည်။ ကြိုင်လျက် လှိုင်လျက် ရှိသည်။
ဖားကလေး ကူးခတ်နေသဖြင့် “ဖလပ် ဖလပ်၊ ဖြန်း ဖြန်း ဖြန်း” ရေသံက သဲ့သဲ့မျှထွက်ပေါ်နေသည်။
ပိုးမွှားကောင်ကလေးတွေ၏ တစီစီ တကျစ်ကျစ်အော်သံက တစ်ခါတစ်ခါ ထွက်ပေါ် လာနေသေး၏။
xxx xxx xxx
ချောင်းကလေး၏ အဖျားတွင် ဂယက်တောလယ်ကွင်းစပ်ကြီး ရှိသည်။ ဓနုန်း၊ ဓနိ၊ ခရာပင်၊ ကျူပင်၊ သင်ပင်တွေ ရှုပ်ထွေးလှသဖြင့် လူသူအရောက်အပေါက်နည်းသည်။ ချောင်းက ကျဉ်းလွန်းသဖြင့် ဝင်လာသောလှေများ လှေဦးပြန်လှည့်၍ မရနိုင်။ လှေဦးဖြင့်ဝင်လာပြီး လှေပဲ့ဖြင့် ပြန်ထွက်ရသည်။
ဂုံမင်း၊ ဇရစ်၊ ဖလံတောင်ဝှေး၊ ပတဲကော စသည့် အပင်တွေ ပေါသည်။ တစ်ခါ တစ်ခါသာ တို့စရာခူးသူ ဟင်းရွက်ရှာသူတွေ ရောက်လာတတ်သည်။
ချောင်းကလေးသည် ထိုနေရာတွင် အဆုံးသတ်သည်။ သို့ဖြစ်၍ ရေတွေဝပ်နေ၊ ခိုနေ၊ အိုင်နေလေ့ရှိသည်။
ဒါကို မျိုးဥချမည့် ငါးကြီးတွေက သိသည်။
ယခုလည်း ငါးပတ်အထီးအမနှစ်ကောင်သည် ဗျိုက်တောစပ်စပ်၊ ရေစပ်စပ်တွင် ဥချရန် နေရာရှာ ကျင်းခတ်ပြီးပြီ။
မြစ်မကြီးဆီကနေ ချောင်းကလေးတစ်လျှောက် ဆန်တက်လာရသည့်ခရီးက အတော်ကလေး ရှည်လျားသည်။ သို့ဖြစ်၍ နှစ်ကောင်လုံး မောပန်းစပြုပြီ။
တစ်ကောင့်တစ်ကောင် ဇက်ပိုးကို မနာအောင်ကိုက်လိုက်၊ လုံးထွေးရစ်ပတ်လိုက်ဖြင့် အေးချမ်းလှသော ချောင်းဖျားရေအိုင်ကလေးအတွင်းမှာ ချစ်ကြည်နူးအပြီးတွင် ငါးပတ်ထီးကြီး ဝမ်းဟာလာနေပြီ။
ရေကျချိန်ဖြစ်၍ ရေတွေက တဖြည်းဖြည်းနည်း၍လာပြီ။ အကုန်အစင် ခန်းခြောက်သွားသည်တော့ မဟုတ်။ တစ်တောင့်ထွာ နှစ်တောင့်ထွာသာလောက် ရေအမြဲဝပ်သော စိမ့်တော နွံတော ဖြစ်သည်။
သို့သော် ထိုမျှနည်းသော ရေပြင်ထဲတွင် သူ့အတွက် ခွန်အားပြန်လည်ပြည့်ဖြိုးစေမည့် အစာကို ရှာ၍ မရနိုင်ပြီ။ သားစားငါးမျိုးဖြစ်သော သူတို့လို ငါးကြီးတွေရှိသောနေရာတွင် အခြားငါးငယ်တွေ နေလေ့မရှိ၊ ရှောင်ပြေးကုန်ကြပြီ။ ဒါကြောင့်ပင် ကျရေနှင့်အတူ ငါးပတ်ထီးကြီး ချောင်းရိုးလေးအတိုင်း စုန်ဆင်း လာခဲ့တော့သည်။
ချောင်းကလေးသည် မြစ်မကြီး၏လက်တက်ခွဲပေါင်းများစွာထဲက တစ်ခုသာဖြစ်သည်။ မကြာမီ မြစ်မကြီးထဲသို့ ရောက်လိမ့်မည်။
သူ့သက်တမ်းက သုံးနှစ်ကျော်ခဲ့ပြီဖြစ်၍ နွေသုံးကြိမ်၊ မိုးသုံးကြိမ်နှင့် ဆောင်းကာလသုံးကြိမ် သူဖြတ်သန်းခဲ့ပြီးပြီ။
ဒါကြောင့်ပင် သည်ခရီးလမ်းကို သူအလွတ်ရနေပြီ။ ကျွမ်းနေပြီ။ ထို့ကြောင့်ပင် အလျင်စလိုမရှိလှဘဲ အမြီးဖျားကြီးကို အသာတွန့်ရုံ၊ ယမ်းရုံနှင့်ပင် ရေငုပ်သင်္ဘောကြီးတစ်စင်းလို မှန်မှန် စုန်ဆင်းလာခဲ့ပြီ။
xxx xxx xxx
မြစ်မကြီးဆီရောက်တော့ ကျရေတွေ တုံ့စ အီစ ပြုနေပြီ။ သည်ကနေ့ကျခါမှ ဘာဖြစ်သည်မသိ၊ အစာအဖြစ် ငါးကလေးတစ်ကောင်မျှ မစားရသေး။
မြစ်ရေထဲတွင် မြူးနေသော ငါးအုပ်ဖား၊ ငါးစင်းပြား စသည့် တစ်ညိုတစ်ထွာသာသာ ငါးကလေးတွေကိုတွေ့ရသော်လည်း သူ့ထက်မြန်သော၊ သူ့ထက် ဦးသော၊ သူ့ထက်လျင်သော တခြားငါးကြီးတွေက စားနေကြပြီ။
သူ့လိုပင် အသားစားငါးမျိုးတွေဖြစ်ကြသော ငါးတန်၊ ငါးမြင်း၊ ငါးပတ်ကြီးတွေက မြစ်ထဲမှာ များပြားလှသည်။
သူတို့မျိုးရိုးဓလေ့ဗီဇကိုက အသားစားမျိုးဖြစ်သည်။ ဖြစ်နိုင်လျှင် အသေသားကို စားလေ့မရှိ။ သွက်လက်လှုပ်ရှား ကူးခတ်နေသော ငါးတွေကိုသာ ဟပ်မျိုစားသောက်တတ်စမြဲ ဖြစ်သည်။
ရေညှိ၊ ဒိုက်သရော စသည့် အဖျင်းအမှော်တွေကိုတော့ လှည့်၍ပင် ကြည့်ကြသည်မဟုတ်။
သူ့မျက်စိရှေ့တွင် တဖျပ်ဖျပ် လူးလွန့်ကူးခတ်နေသော လက်ညှိုးလက်မ မရှိတရှိ ယင်ပေါင်စာ ငါးမော့တော့ စသည့် ငါးနုပ်ငါးဖွဲတွေသာရှိသည်။ ဒါမျိုးကတော့ တစ်ကောင်နှစ်ကောင် မပြောနှင့် အကောင်တစ်ရာလောက်စားလျှင်တောင် ဗိုက်ပြည့်ဖွယ် မမြင်။
ဟော … ကြည့်စမ်း။ ခမ်းလှမ်းလှမ်းမှာ ဖလပ်ဖလပ်နှင့် ကူးခတ်သွားတာ ငါးအုပ်ဖားကြီးတစ်ကောင်ပါလား။ ကံတရားက သူ့ဘက်မှာ ရှိနေပြီ။ သို့ဖြစ်၍ သန်မာလှသော အမြီးပြားကြီးကို အသာကွေးပြီး အရှိန်နှင့် ခပ်ထုတ်၍ ဟပ်မျိုရန်အလုပ်တွင် သူ့ထက်ကြီးသော ငါးကြီးတစ်ကောင်က သူ့နံဘေးကို အတင်းဝင်ရောက်ကိုက်ဖဲ့ပြီး တွန်းထုတ်ကာ သူစားမည်ဟု ရည်ရွယ်ထားသည့် ငါးအုပ်ဖားကြီးကို ဝင်ရောက်ဟပ်မျိုသွားသည်။
ဒါကလည်း သူတို့လောကမှာ အဆန်းတကြယ်တော့ မဟုတ်။
အင်အားကြီးသူက အင်အားနည်းသူကို၊ အစွယ်ရှိသူက အစွယ်မဲ့သူကို အနိုင်ကျင့်သတ်ဖြတ်စားသောက်ခြင်းသည် တိရစ္ဆာန်တို့၏ နိုင်ရာစားလောကကြီး၏ သဘာဝပဲဖြစ်ပါ၏။
ရေတက်လေပြီ။ အစာရှာ၍မရနိုင်သေး။ သည်ကနေ့ ကံခေလှပါ၏။
ထိုအချိန်မှာပင် ချောင်းဖျားလေးဆီတွင် ကျန်ရစ်ခဲ့သည့် ငါးပတ်မကြီးကို ဖျတ်ခနဲ သွား၍ သတိရသည်။ ပြန်မှ ဖြစ်တော့မည်။
အပြန်ခရီးသည် ဝေးလှသည်။ သို့သော် ဝမ်းဗိုက် ဗလာနှင့်ပင် စတင်ခဲ့လေပြီ။
xxx xxx xxx
ချောင်းကလေး၏ အဖျားတွင်ရှိသော အမြဲတမ်းရေဝပ်နေသည့် ဂယက်တောကြီးတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။
ဖွဲသည်ဆိုရုံလေး ဖွဲကျနေသည့် မိုးဖွားလေးတွေက လမုပင်တွေပေါ်မှာ ခရာပင်တွေရဲ့အရွက်ဖျားမှာ ပုလဲလုံး ရွဲလုံးကလေးတွေလို ခိုတွဲနေကြသည်။
ရေကြက်အော်သံ၊ ဘုတ်မြည်သံ၊ ပိုးပုရစ်တွေ၏ အသံတွေက ဂယက်တောကြီး၏ ပုံမှန်ဂီတသံတွေပဲ ဖြစ်သည်။
ရေစပ်စပ်တွင် ပေါက်နေကြသည့် ဝက်လာပင်တွေ၊ သုံးမြှောင့်မြက်တွေ၊ ငါးတန်ပိန်းပင်တွေကြားမှာတော့ ငါးပတ်မကြီးတစ်ကောင် ခေါင်းကလေးပေါ်ရုံဖော်လိုက်၊ လွန့်လူးလိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်။
ခြောက်ပိဿာ ခုနစ်ပိဿာအရွယ် ငါးကြီးပေမို့ ခါတိုင်းအချိန်များမှာဆိုလျှင် ဖျတ်လတ်သန်မာ ခွန်အားအပြည့်နှင့် ဖြစ်သည်။ သို့သော် ခုလိုအချိန်မှာတော့ လှုပ်ရှားမှုတွေက ညင်သာနေသည်။ နူးညံ့နေသည်။ လှုပ်သည်ဆိုရုံကလေး၊ လွန့်သည် ဆိုရုံကလေးသာ လှုပ်ရှားနေသည်။
ဟိုးယခင်တုန်းက ရှိခဲ့ဖူးသော သန်မာသည့် ခွန်အားတွေ ဘယ်ဆီရောက်ကုန်ပါလိမ့်။ ပြည့်ဖောင်းစူထွက်နေသည့် ဝမ်းဗိုက်ကြီးထဲတွင် ထောင်သောင်းမကသော ဥတွေကို သယ်ပိုးထားရသဖြင့် လှုပ်ရ ရှားရတာ လေးပင်နေတာ ဖြစ်လိမ့်မည်။
လွန်ခဲ့သည့် သုံးလေးရက်ကတည်းက သူနှင့် ငါးပတ်ထီးကြီးနှစ်ကောင်သား ချွန်ထက်စူးမြလှသည့် သွားတွေနာကျင်သည်အထိ အသိုက်ကိုက်ထားခဲ့ပြီးပြီ။
စကောတစ်ချပ်စာ ပြောင်ရှင်းနေသော ရေပြင်ကလေးက ရှုပ်ထွေးလှသော မှော်ပင်တွေ၊ ငါးတန်ပိန်းပင်တွေကြားမှာ အထင်းသားမြင်နေရသည်။ သားပေါက်ကလေးတွေ မျိုးဆက်ရှင်သန်ဖို့အတွက် သူဥချရပေလိမ့်မည်။
သို့သော် ဥချပေးရုံနှင့် ပြီးသည်မဟုတ်သေး။ ငါးပတ်ထီးကြီးကလည်း ဖခင်၏ မေတ္တာဓာတ်တွေနှင့် ပက်ဖျန်းပေးပါမှ မျိုးဥတွေ အောင်မြင်ပါလိမ့်မည်။
ဒီရေဆုတ်စကတည်းက ချောင်းရိုးကလေးထဲ စုန်ဆင်းသွားခဲ့သော ငါးပတ်ထီးကြီး ယခုလို ဒီရေပြန်တက်သည့် အချိန်အထိ ပြန်မရောက်သေးပါကလား။ မျှော်ရသူရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ သောကရတက်တွေဖြင့် ပူလောင်လှပါပြီ။
သူ့တစ်ကိုယ်လုံးကို ဝေဒနာတစ်ရပ်က ဖုံးလွှမ်းလာလေသောအခါ ငါးပတ်မကြီး မချိမဆန့်ခံစားနေရပြီ။ လောကနိယာမ သဘာဝတရား၏စေ့ဆော်မှုအရ မျိုးဥတွေကို ဆက်၍ လွယ်ထားရန် မစွမ်းနိုင်တော့ပြီ။ ငြိမ်သက်နေသည့် ရေပြင်ထဲသို့ ဥချဖို့ အချိန် တန်နေပြီ။
ငါးပတ်ထီးကြီးရေ မြန်မြန်လာပါတော့. . . လာပါတော့။
xxx xxx xxx
သူတို့မောင်နှံ ကိုက်ထားခဲ့သည့် သိုက်မြုံဆီသို့ အပြန်လမ်းသည် ပင်ပန်းလှပါဘိ။ သို့သော် အရောက်ပြန်ရလိမ့်မည်။ တစ်ကောင့်လည်ကုပ်ကို တစ်ကောင်က၊ တစ်ကောင့်ရေယက်နှင့် တစ်ကောင်အမြီးဖျား ပွတ်သတ်ထွေးယူ၊ ချော့မြူကစားဖို့ ငါးပတ်မကြီး အသိုက်ထဲတွင် သူ့ကို စောင့်နေပါလိမ့်မည်။
ချောင်းဖျားဆီသို့ တွန်းပို့နေသော ဒီရေအတက်နှင့်အတူ အသာမျှောကာ အလိုက်သင့်ကူးခတ်လာခဲ့သည်။ ဗလာဖြစ်နေသော ဝမ်းဗိုက်က တကြုတ်ကြုတ်မြည်ကာ အစာကိုတောင်းဆိုနေဆဲဖြစ်၏။
ကူးစမ်းကွာ … ကူးစမ်း။ မျိုးဆက်သစ်တွေ ပေါက်ပွားဖို့ တာဝန်တွေ သူထမ်းရဦးမည်။
တဖြည်းဖြည်းနှင့် ချောင်းလေးအဖျားဘက်သို့ ရောက်လာခဲ့ပြီ။ ရေပြင်ပေါ် တဖွဲဖွဲကြဲပက်နေသော မိုးစက်ကလေးတွေကို ရေအောက်မှ ကူးခတ်ရင်း သူမြင်နေရသည်။
ကောင်းသည် … အတော်ပဲဖြစ်သည်။ သည်လိုရာသီမျိုးဟာ မျိုးဥတွေဥချဖို့၊ မျိုးရည်တွေ ပက်ဖျန်းဖို့ အနေတော်ပဲဖြစ်သည်။
တဝုန်းဝုန်း၊ တဗြုန်းဗြုန်း ဆီးကင်းခန့်ကြီးသော မိုးသည်းသည်းရွာချိန်မှာ ဆိုလျှင်တော့ သားဥတွေ ရာနှုန်းပြည့်အောင်မြင်ရန် ခက်လှသည်။
ထိုစဉ်မှာပင် “ဖလပ် … ဖလပ် … ဖြန်း … ဖြန်း … ဖြန်း” ဟူသော အသံကို ကြားလိုက်ရသည်။ ပြီးတော့ သူ့မျက်စိထဲမှာ တစ်စွန်းတစ်စ မြင်လိုက်ရသည်က သူ့အထက် တစ်တောင်သာသာမျှသာရှိသော ချောင်းရေပြင်ပေါ်မှာ လှုပ်ရှားမှုတစ်ခုကို ရေးရေးမျှ တွေ့လိုက်ရပြီ။
ထို့ကြောင့် ဘယ်ညာယိမ်းနွဲ့နေသော ရေယက်အမြီးဖျားကြီးကို အသာရပ်တန့်ပြီး စူးစမ်းရတော့သည်။
ချောင်းရေပြင်ပေါ်မှာ လှုပ်ရှားနေတာက အစာလားဒါမှမဟုတ် လူတို့၏ ပရိယာယ်လား၊ သူ ဝေဖန်ခွဲခြားနေသည်။ သူ့သက်တမ်းတစ်လျှောက် လူတို့၏ ကွန်၊ ဗဝန်း၊ ပိုက်၊ မျှားချိတ် စသည်တို့တွင် ဝင်၍ တိုးခဲ့ပေါင်း များလှပြီ။
သို့သော် သူ၏ပရိယာယ်၊ သန်မာသော ခွန်အားတွေနှင့်ရင်း၍ လွတ်အောင် ကြံဆောင်နိုင်ခဲ့သည်။
တဖျပ်ဖျပ်လှုပ်ရှားနေသည့် အစာသည် ဝေးဝေးသို့ ပြေးသွားသည်မဟုတ်။ တစ်လံပတ်လည်လောက်မှာပင် ခုန်ဆွ ခုန်ဆွ လုပ်လိုက်၊ ရှပ်၍ ပြေးလိုက်နှင့် ဖြစ်နေသည်။
ဝမ်းဗိုက်ထဲက တဖျစ်ဖျစ်မြည်သံကြားရလောက်အောင် ဝမ်းမီးက တောက်လောင်နေပြီ။ ဆာလောင်မှုကနှိုးဆွနေပြီ။ ဘာပဲဖြစ်ဖြစ် အစာတစ်ခုခုတော့ စားရမှဖြစ်မည်။ ရသာတဏှာ၏ ဆွဲဆောင်တွန်းပို့မှုက ဆင်ခြင်ဉာဏ်အသိတရားကို အနိုင်ယူသွားသောအခါ လှုပ်ရှားနေသည့် ထိုအစာ သူ့အနားရောက်လာချိန်မှာတော့ သန်မာသော အမြီးကြီးကို အားယူကွေးပြီး တအားခတ်ထုတ်ယူကာ အစာကို ပြေး၍ ဟပ်ယူမျိုချလိုက်တော့သည်။
xxx xxx xxx
သူတို့နှစ်ယောက် ချောင်းရိုးလေးတစ်လျှောက် စုန်ဆင်းချည်၊ ဆန်တက်ချည်နှင့် ငါးပတ်အောက်နေသည်မှာ သုံးနာရီခန့်ကြာခဲ့ပြီ။
မိုးသည်းသည်းမဟုတ်ဘဲ ဖွဲဖွဲလေးသာကြဲပက်နေသည် မှန်သော်လည်း အချိန်ကြာလာသောအခါ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီ။ သူတို့နှစ်ယောက်စလုံးလည်း ပင်ပန်းစိတ်ပျက်နေပြီ။ ငါးပတ်ကို မဆိုထားနှင့်။ ယုတ်စွအဆုံး ငါးရံ့တစ်ကောင်ပင် အစာကို လာမဆွဲသေး။
အစာအဖြစ် ချိတ်ဆွဲထားသည့် ဖားကိုတောင် နှစ်ခါလဲပြီးပြီ။
ချောင်းကလေး၏အဖျားရှိ လမုပင်တစ်ပင်၏အကိုင်းကို လှေပဲ့မှ အောင်ဒိုးကကိုင်ကာ လှေကိုထိန်းပေးထားပြီး လှေဦးမှ တာတီးကတော့ ငါးမျှားတံကို ရေပြင်ပေါ်ရှပ်တိုက်ဆွဲလိုက်၊ ဖားကလေးရေကူးနေလျှင် အသာလျှော့ပေးလိုက်နှင့် ရေအောက်က သတ္တဝါကို မြူဆွယ်နေသည်။
ရုတ်တရက် အမြီးခတ်သံကြီးထွက်ပေါ်လာပြီး မျှားချိတ်နှင့် တွဲထားသောအစာကို ရေအောက်က ငါးကြီးက လောဘတကြီး ဟပ်မျိုဆွဲပြေးသွားလေပြီ။
လှေပဲ့မှ အောင်ဒိုးက ကိုင်ထားသော လမုကိုင်းကိုလွှတ်ပြီး ငါးကြီးဆွဲပြေးရာလမ်းကြောင်းအတိုင်း လှေကို ဦးတည်ကာ အလိုက်သင့် မျှောချပေးလိုက်သည်။
အစာကို ငါးကြီးဟပ်ယူမျိုချပြီးပြီဟု ယူဆမိချိန်တွင် တာတီးက ငါးမျှားတံကို ဘေးသို့ယမ်း၍ ခပ်ပြင်းပြင်း သုတ်တင်လိုက်သည်။ ကိုးပိဿာ၊ ဆယ်ပိဿာခန့်ရှိမည့် ငါးပတ်ကြီး ဖွေးခနဲ ရေပေါ်သို့ ပေါ်လာပြီ။
“ကော်တာပဲဟေ့. . . နည်းတဲ့ငါးကြီး မဟုတ်ဘူး။ ဟေ့ … တာတီး အိမ်ကို မြန်မြန်ပြန်ရအောင်ဟေ့။ ဒီရာသီမှာ ငါးမဖမ်းရဘူးလို့ ဘယ်လောက်ပဲပြောပြော ခုလို ငါးကြီးရလာပြီဆိုတော့ အဖေတို့ ဝမ်းသာသွားမှာပဲကွ … သိရဲ့လား”
အောင်ဒိုးက ဝမ်းသာအားရပြောသည်။
xxx xxx xxx
“ဒီမှာ အောင်လှရဲ့ ခုလိုအချိန်မျိုးမှာ ငါးပုစွန်တွေကို မဖမ်းရဘူးလို့ နီးစပ်ရာလူတိုင်းကို ငါပြောခဲ့တယ်၊ တားဆီးခဲ့တယ်။ အခုတော့ ငါ့သားက ငါ့စကားကိုနားမထောင်ဘဲ ငါ့အလစ်မှာ ခိုးပြီးသွားတယ်။ သူနဲ့အတူ ပါသွားတဲ့ကောင်က ဘယ်သူလဲ … သိလား။ မင်းသား တာတီးပဲကွ။ တောက် … ဒီကောင် အိမ်ရောက်တာနဲ့ ငါနဲ့ အတွေ့ပဲဟေ့”
“အေး ဟုတ်မယ်ဟေ့၊ အိမ်ကလှေက ငါသော့ခတ်ထားတာကွ။ ဒီကောင် ကြိုးဖြတ်လို့မရတော့ မင်းသားနဲ့ပေါင်းပြီး သွားတာဖြစ်မယ်။ လူကြီးတွေက ဒါလောက် တားဆီး၊ ဒါလောက်ပညာပေး နေတာတောင် အသိတရားမရှိတဲ့ကောင်၊ ငါလည်း နာနာ ဆော်မဟေ့၊ မင်းလည်း နာနာဆော်ဖို့သာ ပြင်ထား”
အောင်လှက စံငွေကို လှမ်းပြောရင်း လူကြီးလက်ကောက်ဝတ်လောက်ရှိသည့် ဝါးလုံးကို ဒူးဖြင့်တိုက်ကာ ဖြောင်းခနဲချိုးလိုက်ပြီး တစ်ပိုင်းကို စံငွေသို့ လှမ်းပေးလိုက်သည်။
ကောင်းကင်တွင် မိုးသားတိမ်လိပ်တွေက ပို၍ ထူထပ်လာကာ မိုးခြိမ်းသံတွေက ညံလာသည်။
xxx xxx xxx
အိမ်အပြန်လမ်းသည် ပျော်ရွှင်စရာကောင်းလှသည်မဟုတ်။
လှေဦးမှ တာတီးနှင့် လှေပဲ့မှ အောင်ဒိုးတို့ တစ်ယောက်နှင့် တစ်ယောက် စကားမပြောဘဲ နေကြသဖြင့် လှေပေါ်တွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
တာတီးအသုံးမကျလို့ ဒီလိုဖြစ်ရတာဟု အောင်ဒိုးတွေးရင်း မကျေမနပ်ဖြစ်နေသလို အောင်ဒိုးညံ့လို့ ဒီလိုဖြစ်ရတာဟုလည်း တာတီးကတွေးနေသည်။
တကယ်ဆို တော့ ငါးပတ်ကြီးက မက်စရာတကယ် ကောင်းသည်။ အနည်းဆုံး ကိုးပိဿာတော့ရှိလိမ့်မည်။ ကျောကုန်းက ဝါကျင်ကျင်၊ ဝမ်းဗိုက်သားကြီးများကတော့ ငွေရောင်ဖွေးလို့ လှပလွန်းလှသည်။
ဒီလိုကောင်ကြီးများ ရလို့ကတော့ သူတို့နှစ်ယောက်အတွက် တစ်လမဟုတ်တောင် ဆယ့်လေးငါးရက်တော့ အသုံးစရိတ်တွေ အဆင်ပြေနိုင်သည်။
ယခုတော့ ထင်ထားသလို မှန်းထားသလို မဖြစ်ခဲ့။
ကြည့်စမ်း။ အစာကိုဆွဲယူဟပ်ပြေးသည့် ငါးပတ်ကြီး ရေပေါ်သို့ လိုက်ပါလာသည်မှာ ကြောင်းမဲ့မဟုတ်။ ဉာဏ်ဆင်ခြင်းသာဖြစ်သည်။
အစာကိုမျိုချပြီး အတင်းရုန်းနေလျှင် သူပဲ နာလိမ့်မည်ဆိုတာ သိနေပုံရသည်။ ထို့ကြောင့်ပင် သွားတွေ တန်းစီ၍ပေါက်နေသည့် ပါးစောင်နှစ်ဖက်ကို ဖိကိုက်ရင်း အလိုက်သင့်လေး ပါလာခဲ့သည်။
တာတီး၏ ဆွဲယူမှုကြောင့် တဖြည်းဖြည်း လှေနားနီးလာခဲ့ပြီး ကိုယ်တစ်ဝက် ရေပေါ်,ပေါ်လာခဲ့ချိန်မှာတော့ သူ၏သန်မာလှသည့် အမြီးက ရေကို အားကုန်ယက်ထုတ်ပြီး ကော့ကာ လန်ကာ အတင်းဆွဲ၊ အတင်းရုန်းလိုက်သောအခါ ငါးမျှားချိတ်အရင်းနားရှိ ကြိုးပြတ်ပြီး လွတ်သွားခဲ့ပါပြီ။
ဒါကို တာတီးကတော့ အောင်ဒိုးယူလာခဲ့သော ငါးမျှားချိတ်က မကောင်းလို့ဖြစ်ရတာဟု အပြစ်တင်သည်။
အောင်ဒိုးက တာတီးညံ့လို့ဖြစ်ရတာ၊ ငါးကြီးမိပြီဆိုလျှင် ယခုလို အရမ်းမဆွဲတင်ရ၊ အလိုက်သင့်လေး ကြိုးကို လျှော့ပေးလိုက်၊ မသိမသာ ပြန်ပြီးဆွဲယူလိုက်နှင့် ငါးကြီးမောအောင် ကစားပေးရဦးမည်။ ဒါကို တာတီးက နားမလည်ဟု တာတီးကို မကျေနပ်ခဲ့။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်၏အိမ်အပြန်ခရီးကတော့ မလှခဲ့တာ အမှန်ဖြစ်သည်။
နှစ်ယောက်စလုံး၏ မျက်စိထဲတွင် လက်ထဲရောက်ခါနီးမှ ကော့ကာ လန်ကာ ကျွမ်းထိုးပြီး ရုန်းထွက် သွားသော ငါးပတ်ကြီးကိုသာ မြင်ယောင်နေဆဲဖြစ်သည်။
စောစောက ဖွဲနေကျဲနေခဲ့သော မိုးက ယခုတော့ ပို၍ သည်းလာသည် ထင်ရသည်။ နှစ်ယောက်စလုံး ရွှဲရွှဲစိုကာ ချမ်းနေကြပြီ။
ရွာရှိ လှေဆိပ်ရေဆင်းတံတားပေါ်မှာတော့ အောင်လှနှင့် စံငွေတို့နှစ်ယောက် ခမောက်ကိုယ်စီဆောင်းရင်း လက်ထဲမှာ တုတ်တစ်ချောင်းစီကိုင်ကာ သူတို့နှစ်ယောက်ကို စောင့်နေကြမှန်း တာတီးနှင့် အောင်ဒိုးတို့ မသိကြသေး။ ။
(ရဲရင့်ကျော် ဆိုသည်မှာ စာရေးဆရာမောင်ခြိမ့်၏ ကလောင်ခွဲ ဖြစ်ပါသည်။)
– ပြီး –
စာရေးသူ – ရဲရင့်ကျော်
Uncategorized