သမုဒ္ဒရာနွံ(စ/ဆုံး)
—————-
အိပ်မပျော်ဘဲ ဇွတ်မှိတ်ထားရတဲ့ ဖိုးချိုမျက်လုံးထဲမှာ သွေးတွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းက ရဲခနဲ ရဲခနဲ ပေါ်ပေါ်လာပြန်တယ်။ စိတ်အနှောင့်အယှက် ဖြစ်လာတာနဲ့ ဟူးခနဲ သက်ပြင်းချလိုက်မိတယ်။
ပြီးတော့ ဆီနဲ့ ကင်းဝေးနေတာ ကြာပြီဖြစ်တဲ့ ဆံပင် စုတ်ထောင်းထောင်းကို တဗျင်းဗျင်းနဲ့ ကုတ် လိုက်မိတယ်။
သဲသဲမဲမဲ ရွာနေတဲ့ မိုးသံတွေကလဲ သွပ်ပြားဟောင်းပေါ်မှာ တဗြောင်းဗြောင်းနဲ့ ဆူညံလို့။ မိုးသံ တွေကြောင့် မလှမ်းမကမ်းမှာ လှဲအိပ်နေတဲ့ အဘိုးဆီက ညည်းညူသံလဲ မကြားရတော့။ ညနေ အိမ်ပြန် ရောက်ကတည်းက ဖိုးချို စိတ်နဲ့လူနဲ့ မကပ်သလိုပါပဲ။ အဘိုးနဲ့တောင် စကား သိပ် မပြောဖြစ်ဘူး။ အဘိုးအ တွက် ဝယ်လာတဲ့ ဆေးနဲ့ ဆန်ပြုတ်ထုပ်ကို အဘိုးကို ပေးပြီး သူ ရေချိုးနေမိတာ အကြာကြီးပေါ့။ ဆပ်ပြာနဲ့ အထပ်ထပ် ပွတ်သပ် ဆေးမိတဲ့ လက်တွေက ခုထိ တစ်ခုခု ပေကျံနေသလို နေရခက်လိုက်တာ။
ဖယောင်းတိုင်ရဲ့ မှိန်ပျပျ အလင်းရောင်အောက်မှာ သူ့လက်တွေကို ဖြန့်ကြည့်လိုက်မိတယ်။ ပြီး တော့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်၊ ညှီစို့စို့ အနံ့တွေ ကျန်နေမလားလို့ နမ်းကြည့်မိပြန်ကော။
“ဟင်”
မျက်နှာပေါ် အုပ်ထားတဲ့ သူ့လက်ချောင်းတွေ ကြားကနေ မြင်လိုက်ရတဲ့ မျက်လုံးတစ်စုံကြောင့် ထိတ်ခနဲ ဖြစ်သွားရတယ်။ ပက်လက် အိပ်နေရာကနေ အလန့်တကြားနဲ့ သူ့ကို ကြည့်နေတဲ့ အဲ့ဒီမျက်လုံး ပိုင်ရှင်ကို ပြန်မော့ကြည့်ရင်း သူ့စိတ်တွေက ချောက်ချားလာတယ်။ မလုံမလဲ အိမ်အစုတ်ကလေးထဲ တိုး ဝင်လာတဲ့ လေကြောင့် ကုန်လုဆဲဆဲ ဖယောင်းတိုင်ကလေးကလဲ ဟုပ်ခနဲ မီးငြိမ်းသွားတယ်။ သူ့စောင် အပါးအစုတ်ကလေးကို အမြန် ဆွဲယူပြီး ခေါင်းမြီးခြုံလိုက်မိတော့တယ်။
(၂)
“အဟွပ်” … “အဟွပ်”
အဘိုးချောင်းဆိုးသံကြောင့် ဖိုးချို နိုးလာမိတယ်။ ညက ချောက်ချားစိတ်နဲ့ အိပ်မရ ဖြစ်နေတာမို့ မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အိမ်တိုင်မှာ ချိတ်ထားတဲ့ နာရီဟောင်းကလေးဆီ ကြည့်မိ တော့ ၆ နာရီ ကျော်နေပြီ။ အလုပ် သွားရတော့မှာပဲလို့ တွေးမိရင်းက စိတ်ထဲ လေးသွားပြန်တယ်။ ဖြစ်နိုင် ရင် မသွားချင်ဘူး။ မသွားလို့လဲ မဖြစ်ပြန်ဘူး။
“ဟင်း …”
ဖိုးချို သက်ပြင်းချမိပြန်တယ်။ ဒီလို မိုးအေးတဲ့ရက်ဆို သူ့အရွယ် တချို့ကလေးတွေ မိဘအရိပ် အောက်မှာ နွေးထွေးလုံခြုံပြီး အိပ်ကောင်းနေကြမှာ။ သူ့အသက်က အခုမှ ဆယ်နှစ်ကျော်ပဲ ရှိသေးတာ လေ။ ဖိုးချိုက အသားဖြူပြီး အရပ် ရှည်ရှည်နဲ့ ပိန်တယ်။ အမေက ငါ့သားမျက်နှာကလေးက ပြုံးချိုချို ကလေး ဆိုပြီး မောင်ပြုံးချိုလို့ နာမည်ပေးခဲ့တာတဲ့။ နောက်ပိုင်းတော့ ဖိုးချိုပဲ ခေါ်ကြတော့တယ်။
အမေ ဆုံးသွားတော့ အဘိုးနဲ့ သူ အားကိုးရာမဲ့ ကျန်ခဲ့ရတာ။ အဖေကတော့ ဖိုးချို သုံးနှစ်သားက ဆုံးသွားပြီ ပြောတာပဲ။ အမေ ရှိမယ် ဆိုရင် ဒီအချိန်ဆို ဖိုးချို ကျောင်းနေရမှာ။ ငါးတန်းတောင် ရောက်နေ လောက်ပြီ။ အမေ ဆုံးတာ ဖိုးချို သုံးတန်း ဖြေပြီးတဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာပေါ့။ အခုဆို နှစ်နှစ် ပြည့်တော့မယ် ထင်တယ်။ အတွေးတွေနဲ့ အခန်းထောင့်က အမေ ရောင်းနေကျ ပဲပြုတ်တောင်းကလေးဆီ တစ်ချက် လှမ်းကြည့်မိရင်း ဖိုးချို ရင်ထဲ လှိုက်ခနဲ။
“သတိရလိုက်တာ အမေရယ်”
တိုးတိုး ရေရွတ်ရင်း ဝေ့တက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်နဲ့ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြန်သိမ်းရတယ်။ ယောက်ျားကလေးက စိတ်မပျော့ညံ့ရဘူးလို့ အမေ ပြောဖူးတယ်လေ။ ဒါပေမဲ့ အခုတော့ သူ ဝမ်းနည်းပြီး ငိုချင်မိတယ်။
“လူလေး ထတော့လေ။ အလုပ် သွားရအုံးမှာ မဟုတ်လား”
“ဟုတ် … အဘိုး။ အဘိုးကော ချောင်းဆိုး သက်သာသလား။ မောသေးသလား”
“သက်သာပါတယ် လူလေးရယ်”
ဖိုးချိုကို ပြောရင်း ထိုင်ရာကနေ မနည်း အားစိုက်ပြီး ထနေရှာတဲ့ အဘိုး။ ခါးကလေး ကုန်းကုန်း ကုန်းကုန်းနဲ့ ချောင်းကလေး ဟန့်ရင်း မျက်နှာသစ်ဖို့ သွားနေတဲ့ အဘိုးပုံက ကတုန်ကယင်ရယ်။ ဖိုးချို စိတ် ချမ်းသာအောင် ပြောလိုက်ပေမဲ့ မသက်သာတာ အသိသာကြီးလေ။
(၃)
အိမ်ထဲက သူနဲ့ ရင်းနှီးနေတဲ့ မျက်လုံးတစ်စုံဟာ အခုတစ်လော သူ့ကို ကြည့်ပုံက စိမ်းစူးနေသလို ခံစားနေရတယ်။ ပြီးတော့ တစ်ခါတလေ သူ့ကို လှောင်တဲ့အသံမျိုး ထွက်ထွက်လာသေးတယ်။ သူ့ကို ကြည့်နေတဲ့ အဲဒီ မျက်လုံးတစ်စုံကို သူ ရဲရဲ ပြန် မကြည့်ဝံ့ဘူး။ အဲဒီမျက်လုံးတစ်စုံကြောင့် ဖိုးချို စိတ်မလုံ မလဲ ဖြစ်နေရတာ တစ်ပတ်လောက် ရှိပြီ။
အဘိုးအတွက် ဆန်ပြုတ်ကလေး ပြုတ်ပေးခဲ့ပြီး ဖိုးချို အလုပ် နောက်မကျအောင် အမြန် သွားရ တယ်။ သူကတော့ ဗိုက်ဟောင်းလောင်းပေါ့။ ဆာလဲ အောင့်နေရုံ။ နေ့လယ် အလုပ်က ကျွေးတဲ့ ထမင်း ကျမှ အဝ စားတော့မယ်။ သူက အလုပ်မှာ တစ်ခါတလေ ဟင်းကောင်း စားရပေမဲ့ အဘိုးခမျာ အသား ဟင်းနဲ့ ဝေးတာ ကြာပြီပဲလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်ရတယ်။ တစ်ခါတလေ အလုပ်က ပေးတဲ့ ကြက် ဥကွဲ ကလေးတွေက ဖိုးချိုတို့အတွက်တော့ နတ်သုဓာပေါ့။
အဘိုးခမျာ အသက်က ကြီး၊ ရောဂါက ဖိစီး၊ အာဟာရက မပြည့်စုံနဲ့ တစ်နေ့တခြား ပိန်ချုံးသွား လိုက်တာ အရိုးပေါ်အရေတင်ကလေး ဖြစ်နေရှာပြီလေ။ ဖိုးချိုလုပ်စာက မငတ်ရုံပဲ တတ်နိုင်တာလေ။ ဒါ တောင် အခုလပိုင်းမှ ရတဲ့ အလုပ်။ အရင်ကဆို မြေးအဘိုးနှစ်ယောက် အိမ်နီးနားချင်းတွေရဲ့ တောက်တို မည်ရ ခိုင်းတာ လုပ်ပြီး အသက်ဆက်ရုံ မဝရေစာ စားသောက်ကြရတာ။
အခုနောက်ပိုင်း အသက် ၇၀ ကျော် အဘိုးက ချောင်းဆိုးပြီး မောလာတော့ ဘာမှ မလုပ်နိုင်တော့ ဘူးလေ။ အဘိုးကို ဆေးခန်းပြ၊ ဆေးဖိုးနဲ့ အရင်လက စားစရိတ်ကို ဖိုးချို အခု လုပ်နေတဲ့ တစ်လမ်းကျော် က အန်တီမျိုးက ငါးသောင်း ထုတ်ချေးထားတာ။ ဖိုးချိုကို လခ ကြိုထုတ်ပေးထားတဲ့သဘောပေါ့။ နေ့လယ် စာကျွေး တစ်လ သုံးသောင်းနဲ့ သူတို့ ခိုင်းသမျှ လုပ်ပေးရတာပေါ့။ သူတို့က ကြက် မွေးတော့ ကြက်ဥ ကောက်၊ အစာကျွေး၊ တခြား တောက်တိုမည်ရကလေးတွေ လုပ်ရတာ။ တစ်ခါတလေ ကြက်ချေး ကျုံးသူ မလာရင် သူတို့အလုပ်သမားတစ်ယောက်နဲ့အတူ ဖိုးချိုကို ကူကျုံးခိုင်းသေးတယ်။ အဲနေ့ဆို ဖိုးချို ပျို့ပြီး ဘာမှ မစားချင်တော့ဘူး။ မလုပ်ချင်လို့မှ မရတာလေ။ ခေါ်ခိုင်းတာပဲ ကျေးဇူးတင်ရသေးတာ။
(၄)
ဆယ့်ငါးပေလောက်ပဲ ရှိတဲ့ ဖိုးချိုတို့ အိမ်စုတ်ကလေးက မိုးနဲ့လေ ပါလာရင် အသံစုံ မြည်ပြီး ယိုင် နဲ့နဲ့။ ဝါးကြမ်းခင်းနဲ့ ထရံကာ အပေါက်အပြဲကြားက လေ ဝင်လာရင် ချမ်းစိမ့်လို့ရယ်။ မိုးထားတဲ့ သွပ်ပြား အပိန်အလိမ်တွေကလဲ မိုးရေ မလုံတော့ဘူးလေ။ တပေါက်ပေါက် ယိုကျလာတဲ့ မိုးရေတွေကို ရှိသမျှ အိုးခွက်၊ ဇလုံ၊ ပန်းကန်တွေ ခံထားရတာ တစ်ခါတလေ ခလုတ်တိုက်မိသေး။ အမေ ရှိကတည်းက အမိုး တွေ ပြင်မိုးဖို့ ဆိုပြီး အမေ ငွေစုရှာတာ။ အမေ နေမကောင်းတော့ စုထားသမျှ ကုန်၊ အမိုးလဲ မလဲနိုင်။ အမေလဲ ဆုံးပေါ့။
ဖိုးချိုကို လိမ္မာပြီး တော်စေထက်စေချင်တဲ့ အမေ။ သူတော်ကောင်းကလေး ဖြစ်စေချင်တဲ့ အမေ။ အတန်းပညာ မရှိပေမဲ့ အမြဲ ဆုံးမ သွန်သင်ပေးတတ်တဲ့ အမေ။
” အရင်ဘ၀က မကောင်းမှုတွေ များလွန်းလို့ အမေတို့ ဒီဘ၀မှာ ဆင်းရဲ ငတ်ပြတ်နေရတာ။ လူဖြစ် ရှုံးနေရတာ။ အခုဘ၀မှာ ဘာပြောပြော ကောင်းမှု မလုပ်နိုင်တောင် မကောင်းမှုတွေ မလုပ်မိအောင် နေ ငါ့ သား”
အမေ အဲလို ပြောတုန်းက အဲ့မကောင်းမှု ဆိုတာ ဘာလဲလို့ ဖိုးချို ပြန်မေးမိတယ်။ သူများအပေါ် မကောင်းတဲ့စိတ် မထားဖို့၊ သူများအသက် မသတ်ဖို့၊ လိမ်ညာ မပြောဖို့၊ သူများပိုင်ပစ္စည်း မခိုးဖို့ အမေ ဆုံးမခဲ့တာ။ သိပ် နားမလည်ပေမဲ့ ဖိုးချို သိသလောက်တော့ လိုက်နာခဲ့တာပါပဲ။ ဒါပေမဲ့ … ဒါပေမဲ့ပေါ့လေ။
အမေ ပြောဖူးတယ်လေ။
“သမုဒ္ဒရာ ဝမ်းတစ်ထွာမို့ပဲ တော်တော့တယ်။ တစ်တောင်လောက်များဆို ဘယ်လို ရုန်းကန် ရှာဖွေ စားရမလဲ မသိဘူး။ လူတွေလဲ ဘီလူးတွေ ဖြစ်ကုန်ကြမှာပဲ”
အမေ ပြောတာ ဖိုးချို နားမလည်လို့ ပြန်မေးမိတော့ လူတွေရဲ့ အစာအိမ် တစ်ထွာလောက်က သမုဒ္ဒ ရာနဲ့ အတူတူပဲ။ နေ့စဉ် စားဖို့ ရှာဖွေရတာ ဒီဝမ်းတစ်ထွာက သမုဒ္ဒရာလို ကျယ်တယ်နက်တယ် ဆိုတဲ့ သဘောတဲ့။ ဖိုးချိုလဲ အခု ကိုယ့်ဝမ်းစာ ကိုယ် ရှာစားရမှ ပိုက်ဆံတန်ဖိုး သိတော့တယ်။ စားချင်တာ မစား နိုင်တဲ့ဘ၀မှာ ဗိုက်ထဲက တစ်ထွာစာ အစာအိမ်ကလေး အသံ မမြည်ဖို့ စားရတဲ့ ထမင်းတောင် နပ်မမှန် တာ ကြာခဲ့ပြီလေ။ သူများကလေးတွေလို သရေစာ စားဖို့ ဆိုတာ ဖိုးချိုအတွက်တော့ စိတ်မကူးဝံ့တဲ့ဘ၀။
ဟိုတစ်ရက်က အဘိုးအတွက် ဝယ်ခဲ့တဲ့ ဆေးဖိုးက ဖိုးချို တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်ကို လုပ်ခဲ့ရတဲ့ ပိုက်ဆံပေါ့။ ဖိုးချိုကို အမေ အဓိက ထားပြီး တားမြစ်ဆုံးမခဲ့တာတွေကို အမေ ရှိကတည်းက ဖိုးချို လိုက်နာ ခဲ့တာ။ ဘယ်တုန်းကမှ မချိုးဖောက်ဖူးဘူး။ ပြီးတော့ အမေ မှာခဲ့တာ ရှိသေးတယ်။ ခြေကောင်းလက် ကောင်းတွေ ရှိပါလျက်နဲ့၊ ကျန်းမာနေပါလျက်နဲ့ တောင်းစားတာမျိုး ဘယ်တော့မှ မလုပ်ရဘူးတဲ့။ ကိုယ့်ခွန် ကိုယ့်အားနဲ့ လုပ်နိုင်သမျှ လုပ်။ ကိုယ့်လုပ်အားနဲ့ ရတဲ့ဟာကိုပဲ ကျေနပ်ရမယ်တဲ့လေ။
အမေ ပြောသမျှ အားလုံးကို နားမလည်ပေမဲ့ အမေဟာ စိတ်ထား ကောင်းပြီး ဖြူစင်တဲ့သူ ဆိုတာ လောက်တော့ ဖိုးချို သိပါတယ်။ အဘိုးက ဖိုးချိုကို အမေ့စိတ်ဓာတ်လိုမျိုး ဖြစ်စေချင်တာလဲ သိပါတယ်။ ဒါပေမဲ့ ဖိုးချိုအပြစ်တစ်ခုကို ကျူးလွန်ခဲ့မိပြီလေ။ အမေ ပြောဖူးတဲ့ ဝမ်းတစ်ထွာကြောင့်ပေါ့။ အမေ သိရင် ခွင့်လွှတ်ပါ့မလား မသိ။ နောက်ထပ်တော့ မလုပ်ဘူးလို့ ဖိုးချို ဆုံးဖြတ်ထားတယ်။
(၅)
“ဖိုးချိုရေ”
“ဗျ … အန်တီမျိုး”
ဖိုးချို ကြက်စာ ကျွေးပြီးလို့ ကောက်ထားတဲ့ ကြက်ဥတွေ ပြန်စီရင်းက အန်တီမျိုးခေါ်သံ ကြားလို့ ထူး လိုက်မိတယ်။
“ကြီးကြီး၀၀ ကြက်ကြမ်းတစ်ကောင် ဖမ်းပြီး လုပ်ပေးပါအုံး။ နင့်ဦးလေး နေမကောင်းတာ အား ရှိအောင် စွပ်ပြုတ် လုပ်ကျွေးချင်လို့”
ဖိုးချို ရင်ထဲ လေးပင်သွားမိတယ်။ သူ အဲလိုမျိုး မလုပ်တော့ဖို့ ဆုံးဖြတ်ထားပြီးသားမို့လေ။ အန်တီ မျိုးကတော့ သူ့ယောက်ျား ကျွေးဖို့ လွယ်လွယ်ကူကူ ပြောလိုက်ပေမဲ့ ဖိုးချိုအတွက် လွယ်ကူတဲ့အလုပ်မှ မဟုတ်တာ။
“ဟဲ့ … ဟိုတစ်ခေါက်ကလို မသေမရှင်နဲ့ သွေးတစ်စက်စက်နဲ့ ပတ်မပြေးစေနဲ့အုံး။ သေသေချာချာ လုပ် ကြားသလား”
ဖိုးချို အင်းမလှုပ်အဲမလှုပ် နေပေမဲ့ သူ ခိုင်းတာ လုပ်မှာပဲလို့ သေချာပေါက် တွေးထင်ထားပုံပါပဲ။
အန်တီမျိုးတို့က ဥစားကြက်တွေတင်မကဘူး။ ကြက်ကြမ်း (ဗမာကြက်) တွေပါ မွေးထားတာ။ သူတို့ စားချင်ရင် မျက်စောင်းထိုးအိမ်က ကိုအောင်ကြီးကို ပိုက်ဆံတစ်ထောင်ပေးပြီး သတ်ခိုင်းနေကျ။ ဟို တစ်လောက ကိုအောင်ကြီး မရှိတာနဲ့ သူ့လုပ်ခိုင်းတာ။ မလုပ်ချင် မလုပ်ရဲပေမဲ့ အလုပ်ရှင် ခိုင်းတာကြောင့် ရယ်၊ အဘိုးအတွက် ဆေးဝယ်ချင်တာနဲ့ လုပ်ပေးလိုက်တာ။ ကိုအောင်ကြီး လုပ်တာ မြင်နေကျ ဖြစ်ပေမဲ့ သူ့မှာ မရဲတရဲ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ရတာမို့ အဲနေ့က ကြက်ကလေးခမျာ မသေခင် အတော် ခံစားလိုက်ရရှာတာ။ သနားစိတ်နဲ့ ချောက်ချားစိတ်တွေကြောင့် အခုထိ နေရတာ စိတ်က အဆင်မပြေဘူး။ အဘိုး သိရင်လဲ ကြိုက်မှာ မဟုတ်။ သူများအသက် မသတ်ရဘူးနော် ဆိုတဲ့ အမေ့အသံကိုလဲ နားထဲ ကြား ယောင်မိနေဆဲ။ ပြီးတော့ ဟိုမျက်လုံးတစ်စုံက သူ့ကို အမြဲ လိုက်ကြည့်နေသလိုပဲ။ နေရတာ အပြစ်မကင်း တဲ့စိတ်နဲ့ ညဘက်တွေဆို သူ့ကို အပေါ်စီးက ကြည့်နေတတ်တဲ့ အဲဒီ မျက်လုံးပိုင်ရှင်ကို မမြင်ချင်လို့ ခေါင်းမြီးခြုံအိပ်ရတာ အကျင့်လို ဖြစ်နေပြီ။
သူ ဆုံးဖြတ်ပြီးသား။ အမေ မကြိုက်တဲ့ အဲဒီ အလုပ်ကို နောက်ထပ် မလုပ်မိစေဖို့။ မလုပ်ပေးလို့ စိတ်ဆိုးလဲ ဆိုးပါစေတော့။ အလုပ်ထုတ်လဲ ထွက်လိုက်ရုံပဲ။ ဒီလ ကုန်ရင် အကြွေးလဲ ကျေပြီလေ။ လကုန် ဖို့ သုံးရက်လောက် လိုတော့တာ။ ဒီအလုပ်က ထွက်ပြီးရင် လမ်းထိပ်က ကိုပေါက်ဝပ်ရှော့မှာ ဝင်လုပ် တော့မယ်။ ဟို တစ်ခါက သူ့လိုကလေးတွေ ဆီချေး ပေနေတဲ့ အဝတ်တွေနဲ့ အကူ လုပ်နေကြတာ တွေ့ လို့ သူ မေးကြည့်တော့ မင်းလဲ စိတ်ပါရင် လာလုပ်တဲ့လေ။ တစ်နေ့ တစ်ထောင့်ငါးရာ ပေးမယ်တဲ့။ တော်ရင်တော်သလို သွက်ရင်သွက်သလို မုန့်ဖိုး ပေးအုံးမှာတဲ့။ ဟုတ်တယ်။ ကိုပေါက်ဆီမှာပဲ ဝင်လုပ် တော့မယ်။
“အဲ့ဒါ နောက်မှ ဆက်လုပ်တော့ ဖိုးချို။ ကြက် အရင် လုပ်ပေး။ နင့်အဘိုးကို မနက်က လမ်းမှာ တွေ့ခဲ့တာ ပိန်သွားလိုက်တာဟယ်။ အား မရှိဘူး ထင်တယ် … လမ်းလျှောက်ရင်း မောနေရှာတာ။ ညနေ နင် အပြန်ကျ အဘိုးဖို့ကော စွပ်ပြုတ်ကလေး ထည့်ပေးလိုက်ချင်လို့။ သွား လုပ်ပေးတော့။ နင်လဲ ကုသိုလ်ရ၊ ငါလဲ ကုသိုလ်ရတာပေါ့ဟယ်။ သွား သွား”
(၆)
မိုးရွာထဲ လျှောက်လာရင်း ဖိုးချိုစိတ်တွေက ဝေဝါးလို့။ သူ့လုပ်ရပ် မှန်သလား မှားသလားလဲ မတွေးချင်တော့ဘူး။ ရွာနေတဲ့ မိုးစက်တွေကို အကာအကွယ်မဲ့ မော်ကြည့်မိတော့ မိုးစက်တွေက ဖိုးချို မျက်လုံးကို အရှိန်နဲ့ ထိမှန်လေရဲ့။ စပ်ဖျဉ်းသွားတဲ့ မျက်လုံးကို ပိတ်လိုက်တော့ မိုးရေတွေနဲ့ ရောထွေး နေတဲ့ ပူနွေးနွေး အရည်တချို့က မိုးရေကြောင့် အေးစက်နေတဲ့ ဖိုးချိုပါးပြင်ပေါ် ကျလာတယ်။ ပြီးတော့ အမေနဲ့အတူ မိုးမိတဲ့နေ့က အမေ ပြောတဲ့စကားကို သတိရမိတယ်။
“ငါ့အဖြစ်ကလဲ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ သားရေ။ မြန်မြန် လျှောက်။ မိုးမိလို့ ဖျား နာရင် အမေတို့မှာ ဆေးကုစရာ ပိုက်ဆံ မရှိဘူး။ ဖျားလို့ အလုပ် မလုပ်နိုင်ရင်လဲ ငတ်အုံးမယ်။ လူက အငတ်ခံနိုင်ပေမဲ့ ဝမ်းက အငတ်မခံနိုင်ဘူး သားရေ”
အခု သူ့အဖြစ်ကလဲ အမေ ပြောသလိုပါပဲလေ။ မိုးရာသီတိုင်း မိုးမိနေကျ သူ့အတွက် ဖျားနာရင် သောက်ဖို့ ဆေးဖိုးလဲ မရှိပါဘူး။ နွေးထွေးမှုနဲ့ ပြုစုစောင့်ရှောက်မဲ့သူလဲ မရှိတော့ပါဘူး။ အဘိုးခမျာ သူ့ဘာသာတောင် အနိုင်နိုင်လေ။
“လူလေး … မိုးရွာထဲ အပြင်မှာ ဘာရပ်လုပ်နေတာတုံး။ အအေးမိတော့မယ်။ အမြန်လာ ရေချိုး တော့လေ”
မိုးရွာထဲကနေ အိမ်စုတ်ကလေးကို ကြည့်ရင်း အတွေးများနေမိတဲ့ ဖိုးချို။ အဘိုးအသံ ကြားလို့ ကြည့်မိတော့ အိမ်ပေါက်၀ကလေးကနေ သူ ပြန်လာနေကျ လမ်းကို မျှော်ကြည့်နေတတ်တဲ့ အဘိုး။ အခု လဲ သူ့ကို မြင်လို့ မိုးသံတွေကြားကနေ အသံမြှင့် အော်လိုက်ပြီးတော့ တဟွပ်ဟွပ်နဲ့ ချောင်းဆိုးနေရှာ တယ်။ ပြီးတော့ မောနေပုံပါပဲ။
အဘိုးဆီကို လက်ထဲက အထုပ်ကလေးတွေ ကမ်းပေးပြီး ဖိုးချို အမြန် ရေချိုးလိုက်တယ်။ သူ ရေချိုး အဝတ်လဲပြီးတော့ အဘိုးက စားပွဲစုတ်ကလေးပေါ်မှာ စားဖို့ ပြင်ထားပြီးနေပြီ။
“လာ … လူလေး စားရအောင်။ ဟင်းက ပူနေတုန်းပဲ။ ဘယ်က ပိုက်ဆံနဲ့ ကြက်စွပ်ပြုတ် ဝယ်လာ တာလဲ ငါ့မြေးရ။ ကုန်မှာပေါ့”
“ဟို … ဟိုလေ … အန်တီမျိုးက အဘိုး အားရှိအောင်လို့တဲ့။ အဲ့ … အဲ့ဒါ … ဈေးထဲက ကြက်ကြမ်း ကလေး ဝယ်ချက်တုန်း ဆိုပြီး ထည့်ပေးလိုက်တာ”
ထစ်ထစ်ငေါ့ငေါ့နဲ့ ဖြေပြီးခါမှ နောက်ထပ် အပြစ်တစ်ခု ကျူးလွန်လိုက်မိပြီ ဆိုတာ ဖိုးချို သိလိုက်မိ တယ်။ အဘိုးကိုလဲ သူ မကြည့်ဝံ့တော့။
“ဟေ … သာဓု သာဓု သာဓုပါကွာ။ အဘိုးကို ကျွေးရတဲ့ ကုသိုလ်ကြောင့် မမျိုး ကျန်းမာချမ်းသာပြီး စီးပွားလဲ ဒီရေအလား တိုးတက်ပါစေ။ အဘိုးကို လုပ်ကျွေး ပြုစုရတဲ့ ငါ့မြေးကလေးလဲ ဘုန်းကြီးလို့ အသက်ရှည်ပါစေကွယ်။ ရော့ … ထည့်စား လူလေး”
အဘိုးက ဆုပေးရင်း ဖိုးချိုထမင်းပန်းကန်ထဲကို ကြက်သားဖတ်ကလေး ထည့်ပေးဖို့ ပြင်တယ်။
“ဟင့်အင်း … အဘိုးပဲ စား။ သား ညှီလို့ မစားချင်ဘူး။ အကြော်နဲ့ပဲ စားမယ်”
ဖိုးချိုက အဘိုးကို ကပျာကယာ တားရင်း မိုးမိလို့ ပျော့နေတဲ့ ကြက်သွန်အကြော်ကလေး ဖဲ့ပြီး ထမင်းနဲ့ မြှုပ်စားလိုက်တယ်။
“မညှီပါဘူး လူလေးရ”
အဘိုးက သူ့ကို စားဖို့ တိုက်တွန်းရင်း စွပ်ပြုတ်ရည်ကလေးကို ခပ်ပြီး မြိန်မြိန်ယှက်ယှက် သောက် နေလေရဲ့။
“ကျွတ်” … “ကျွတ်” … “ကျွတ်”
“လာဘ်” … “လာဘ်” … “လာဘ်”
ဖိုးချို မကြားချင်တဲ့ မျက်လုံးပိုင်ရှင်ရဲ့ လှောင်သလိုလို မြည်တဲ့ အသံအဆုံးမှာ အဘိုးကလဲ ထမင်း စားနေရာက တုံ့ပြန်သံပေး ရွတ်ဆိုလိုက်သေးတယ်။
ဖိုးချို မျိုချမိတဲ့ ထမင်းလုတ်က လည်ချောင်း၀မှာ နင်သွားတာကြောင့် အမြန် ထပြီး သောက်ရေ အိုးက ရေနဲ့ မျှောချလိုက်ရတယ်။
“လူလေး ခေါင်းရင်းက တိုင်မှာ အမြဲနေတဲ့ အဲ့ကောင်တောင် မိုးရွာပြီးလို့ ပလူတွေ ထွက်လာရင် ဖမ်း ဖမ်းစားတာနဲ့ အခုတစ်လော အကြီးကြီး ဖြစ်လာပြီ … သူ့ဝမ်း သူ ဝအောင်တော့ ဖမ်းစားတတ်သား ကွ”
အဘိုးအပြောကြောင့် ဖိုးချို ရေသောက်နေရင်းနဲ့ အဲဒီကောင်ရဲ့မျက်လုံးကို သေသေချာချာ စိုက်ကြည့်လိုက်မိတယ်။
“အဘိုး … သူကျတော့ သူများအသက်ကို သတ်စားတာ ငရဲ မကြီးဘူးလားဟင်”
“သူ့အစာ သူ့သဘာ၀ကိုး လူလေးရဲ့။ လူတွေလို အသိဉာဏ်မှ မရှိတာ။ ရွေးချယ်ခွင့်မှ မရှိတာ လူလေးရယ်”
အဘိုးအဖြေ ကြားပြီး အခုနက ထမင်း နင်သလိုမျိုး ခံစားချက်ကြီး ပြန်ပေါ်လာတာမို့ ဖိုးချို ရေ နောက်ထပ် တစ်ခွက် ခပ်လိုက်မိတယ်။
“ဂျစ်” “ဂျစ်” ဆိုတဲ့ အိုးဖင်နဲ့ ရေခွက် ထိသံ ကြားတော့ အမေပြောတဲ့ ” ရေအိုးထဲ မိကျောင်း ပေါ်နေပြီ “ဆိုတဲ့စကားကို သတိရလိုက်မိရင်း တံစက်မြိတ်က မိုးရေခံထားတဲ့ ရေပုံးဆီကိုပဲ အပြေး လှမ်းလိုက်မိတော့ တယ်လေ။
~~~~~~~~~~~~~~~~~
စံပယ်ဦး (နောင်ချို)
အသစ်မရေးဖြစ်သေးလို့
မျှော်နေသူတို့ အလွမ်းပြေ
အဟောင်းလေးပဲ ပြန်တင်ပေးလိုက်တယ်နော်❤️