#မြေလတ်မင်းလွင်
သမဲ့ပင်နုတ် ငါးတန်အုပ်
ကျွန်းသာယာရွာတွင် ကျားလုံးပိုက်များဖြင့် တန်းထိုးထောင်သော ရေလုပ်သားကြီးများနေထိုင်ကြသည်။ ဂျွမ်းပိုက်ထောင်သူနှစ်ဦး၊ သုံးဦးမှအပ ကျန်ရေလုပ်သားကြီးများမှာ တန်းထိုးပိုက်ကိုသာ ထောင်ကြသည်။
ရေလုပ်သားများ ငါးဖမ်းရာတွင် ပိုက်ထောင်နည်း အသီးသီးရှိသကဲ့သို့ ငါးဖမ်းသည်လက်နက်ကိရိယာများလည်း စုံလင်လှသည်။
အင်္ဂလန်ပိုက်၊ ကျားလုံးပိုက်၊ ဂျွမ်းပိုက်၊ တန်းပိုက်၊ ငါးမျှားတန်းစသည်ဖြင့် ပိုက်အမျိုးအမည်များ သလောက် ငါးဖမ်းနည်းလည်း စုံလင်လှသည်။
ကျွန်းသာယာရွာရှိရေစင်များသည် လျှပ်စစ်အင်ဂျင်မီးများထိန်ထိန်လင်းနေသည်။ ရေစင်ဆိုသည်မှာ ပင်လယ်ထဲမှရလာသည် သား ၊ငါး ၊ပုစွန်များကို ထည့်လာသည့် စက်လှေကြီးများကပ်ကာ ထို သား၊ ငါး၊ ပုစွန်များ တင်၍ ပုံရ၏။ ထိုအပုံကို ငါးကောက်သမများက ရွေးရ၏။ မိုးလုံလေလုံ အောက်ဆင့်မြင့်မြင့် အခင်းကောင်းကောင်း ပြုလုပ်ရသော ဂုံးကြီး ဖြစ်၏။
ရေစင်များတွင် ငါးရွေး ငါးကောက် သမများ ငါးခွဲ ၊ ငါးခုတ် ၊ ရေလုပ်သားများဖြင့် စည်ကားလှသည်။ ၎င်းတို့သည် တေးဆိုသူဆို၊ စကားပြောသူပြော၊ နောက်သူနောက်၊ ပြောင်သူပြောင်ဖြင့် ပျော်စရာကောင်းလှသည်။
ဦးမောင်တို့အဖွဲ့သည် ကိုဘိုသိန်း၏ ရေစင်တွင် ငါးခုတ်၊ ငါးခွဲ အလုပ်ကို ကူညီလုပ်ကိုင်ပေးနေသည်။ ထိုလုပ်ငန်းများပြီးစီးသွားသည်နှင့် ဦးမောင်သည် လှမျိုးဘက်လှည့်၍ လှမ်းခေါ်လိုက်သည်။
“လှမျိုး ရေ”
“ခင်ဗျာ ဦးလေး”
“ မင်း ညွန့်ဝေရဲ့ အနားမှာနေပြီး ပြုစုစောင့်ရှောက် လိုက်ကွာ။ ကျန်တဲ့လူတွေက သာဒွန်းတစ်ယောက်ကလွဲရင် ငါနဲ့အကုန်လိုက်ခဲ့ ။ သာဒွန်းကတော့ သင်္ဘောကို ရေလေးဘာလေးပက်ရအောင် နေခဲ့ပေါ့ကွာ ။”
“ ဦးမောင်တို့ ဘယ်သွားမလို့လဲ ”
“ငါးတန် သွားဖမ်းမလို့ကွ “
“ဒါဆို ပင်လယ်ပြင်ကို ထွက်ဦးမလို့ပေါ့နော် ”
“မဟုတ်ပါဘူး လှမျိုးရာ၊ ဒီကျွန်းသာယာမှာတင်ပဲ ဖမ်းမှာပါ။ ငါညနေက လမ်းလျှောက်ရင်း ကြည့်လာခဲ့ပြီးပြီ။ ဒီကျွန်းရဲ့အရှေ့ဖျားနားမှာ သမဲ့တောရှိတယ်၊ အဲဒီသမဲ့တောကို သွားပြီးဖမ်းမှာကွ”
“ဦးမောင်ရာ၊ ဦးလေးပြောသလောက်လွယ်နေမှ တော့ ဒီရွာကလူတွေလည်း ရေလုပ်သားတွေပဲ။ ဖမ်းကြမှာပေါ့။ ပြောသလောက် မလွယ်ကူလို့ မဖမ်းကြတာနေမှာပါ ဦးလေးရာ”
လှထွေး၏ပြောသံဖြစ်၏။ ထိုအခါ ဦးမောင်က ၎င်း၏စကားကို ဆက်၏။
“အေး.. မင်းပြောတာမှန်တော့မှန်တယ်ကွ လှထွေးရ၊ ဒါပေမယ့် ငါးဖမ်းတဲ့လက်နက်ချင်း မတူတာကိုတော့ မင်းသတိထားရလိမ့်မယ်။ ဒီရွာကလူတွေက ကျားလုံးပိုက်နဲ့ တန်းထိုးထောင်ကြတာကွ။ကျားလုံးပိုက်ဆိုတာက မင်းသိတဲ့အတိုင်းပဲ။ ကျားပါးစပ်ကြီးလို ဟဖြဲပြီးမှထောင်ရတာ။ အခု ငါးတန်ဖမ်းမှာက တို့မျှောတဲ့ ပိုက်မျိုးနဲ့တားပြီး ဖမ်းရမှာ … အချိန်မရှိတော့ဘူး လှထွေး၊ ရေလည်း ပြည်တော့မယ်။ ဟိုကျမှ ငါပြောတာ ဟုတ် မဟုတ် မင်း ကြည့်နေ၊ လာသွားကြစို့၊ ပိုက်သုံးထည်လောက် ယူလာခဲ့ကြ”
ဦးမောင်သည် ပြောပြောဆိုဆိုနှင့် ကိုဘိုသိန်း၏ ရေစင်မှထလာကာ သင်္ဘောသားများအား ပိုက်ယူခဲ့ရန်ပြော၏။ သင်္ဘောသားများသည်လည်း ကိုဘိုသိန်းရေစင်ရှိ အထောင်လှေခေါ် ၂၇-တောင်ခန့် လှေပေါ် သို့ ပိုက်များတင်ကာ ဦးမောင်ညွှန်ပြရာသို့ ဖြည်းဖြည်းခြင်း မောင်းနှင်သွားကြ၏။ အတော်ကြာ မောင်းမိသည်နှင့် လှထွေးက မေး၏။
“ဦးမောင်ရေ၊ ဒီသမှဲ့တောလား”
“မဟုတ်ဘူးလှထွေး၊ ဟိုအရှေ့ဘက်အစပ်က သမဲ့ တောကိုမောင်း”
ဦးမောင်သည် ဦးစီးချုပ် ဦးကြည်မောင်၏ သင်္ဘော၌ နောက်လိုက်လုပ်သား လုပ်စဉ်ကပင် ဦးကြည်မောင်၏ သင်ပြချက်အရ ငါးတန်၏အထာအညှာကို သိထားသူ ဖြစ်သည်။ ငါးတန်များသည် သမှဲ့သီးကို အလွန်ကြိုက်သော ငါးသတ္တဝါများ ဖြစ်ကြသည်။ ယခုလိုရေတက်ချိန်မျိုးတွင် အုပ်ဖွဲ့လျက် ရေတက်နှင့်လိုက်ကာ သမှဲ့ပင်များရှိရာသို့လာ၍ သမှဲ့သီး ရှာစားသောက်တတ်ကြသည်။
ရေပြန်ကျသော်လည်း သရှဲသီးကို မင်မင်မက်မက် ရှိနေသော ငါးတန်အုပ်သည် ရေကျနှင့် ပြန်မလိုက်ဘဲ သမှဲ့သီးကိုသာ သဲသဲမဲမဲ ရှာဖွေစားသောက်နေတတ်ကြသည်။ အကယ်၍ သမှဲ့သီးများ ကုန်သွားသည့်အခါမျိုးတွင်လည်း သမှဲ့သီးအရသာနှင့် ဆင်ဆင်တူသည် သမှဲ့ပင်ပေါက်များကို လိုက်နှုတ်၍ စားသောက်လေ့ရှိသည်။ ထို့ကြောင့်လည်း ငါးတန်တို့၏ ဓလေ့စရိုက်ကို သိရှိထားသော ဦးမောင်က ယခုကဲ့သို့ သမှဲ့တောသို့ သွား၍ ငါးဖမ်းရန် ပြောကြားခြင်းဖြစ်သည်။
ဦးမောင်သည် စက်လှေကလေး သမဲ့တောနားသို့ ရောက်သည်နှင့် အရှိန်သတ်ကာ စက်ကိုရပ်စေသည်။ စက်လှေရပ်ပြီးသည်နှင့် အသင့်ပါလာသည် ပိုက်များကို ကမ်းစပ်မှနေ၍ သမှဲ့တောကို ခြုံမိအောင်တားစေသည်။ ဦးမောင်တို့ ပိုက်တားပြီးစအချိန်တွင်ကား ရေလည်း ကျစပြုနေပြီ။
ဦးမောင်တို့အဖွဲ့သည် ရေကျ၍ ရေစစ်ချိန်ကို စောင့်ဆိုင်းရင်း စက်လှေပေါ်သို့တက်ကာ တိုးတိုး ညင်သာစွာဖြင့် စပ်မိစပ်ရာစကားတို့ကို ပြောနေ ဖြစ်ကြသည်။
ရေသည် တစ်ဝက်သာသာခန့်ကျပြီးသောအခါ ဦးမောင်က ၎င်းအဖွဲ့သား များအား စကားမပြောရန် “ရှီး … ရှီး” ဟူသောအသံဖြင့် အချက်ပြသည်။ လှထွေးက စကားသံကိုအုပ်၍မေး၏။
“ဘာလဲ ဦးမောင်၊ ကျွန်တော်တို့တစ်တွေ ဘာလုပ်ကြရမလဲ။ ဆင်းပြီး ဖမ်းကြရတော့မှာလား”
“မဟုတ်ဘူး လှထွေး၊ မဖမ်းရသေးဘူး။ ရေလုံးလုံး လျားလျားစစ်မှ တို့တစ်တွေ ဆင်းဖမ်းကြမယ်၊ အသာလေး ငြိမ်ငြိမ်နေပြီး နားထောင်နေကြစမ်းကွာ”
ဦးမောင်သည် စကားကို တိုးတိုးအုပ်အုပ်ကလေး ပြော၍ အဖွဲ့သားများအားတိတ်ဆိတ်စေ၏။
အဖွဲ့သားတို့သည်လည်း ဦးမောင်၏ စကားအဆုံးဝယ် ငြိမ်နေကြ၏။ ထိုစဉ် သမှဲ့ပင်များအောက်ဆီမှ တစ်ဖြုတ်ဖြုတ် တစ်ဗွမ်းဗွမ်းဖြင့် ငါးအမြီးခတ်သံ၊ ငါးများငုပ်သံ ပေါ်သံများကို ကြားနေရ၏။ ထိုအသံများမှာ အဆက်မပြတ် ဆူညံနေ၏။ ဦးမောင်သည် အသံကို တိုးနိုင်သမျှတိုး၍ ပြောလိုက်၏။
“ဟေ့ လှထွေး၊ ငါးတန်တွေ သမှဲ့သီးစားနေတဲ့ အသံကိုကြားရဲ့လား” “
“ကြားတယ်ဦးမောင် … ကြားတယ်။ အသံကြားတဲ့ အတိုင်းသာဆိုရင်တော့ နည်းမှာမဟုတ်ဘူးဗျ”
“ဘယ်နည်းမလဲကွာ၊ ငါက ဒီလောက်များလိမ့် မယ်ဆိုတာ ထင်လို့ လာဖမ်းတာကွ”
“ဦးလေး ကျွန်တော် ဆင်းဖမ်းမယ်လေ”
ခင်မောင်သန်းက တိုးတိုးလေးဝင်ပြော၏။ ထိုအခါ ဦးမောင်က ဆင်းမဖမ်းရန် တား၏၊
“မဖမ်းနဲ့ဦး တူလေး … ရေစစ်တဲ့အထိ ဒီငါးတန်တွေ ပြန်ဆင်းမှာ မဟုတ်သေးဘူး။ ရေစစ်ကျမှ ဖမ်းကြရ အောင်ကွာ။ ဘက်ထရီမီးကိုတော့ အသင့်လုပ်ထား ..
ကြားလား”
“ဟုတ်ကဲ့ ဦးလေး”
၎င်းတို့ တိုးတိုးတိတ်တိတ်ပြောနေချိန်တွင် ငါးများတိုးသံ ဝှေ့သံတို့မှာ တဗုံးဗုံး တဗြတ်ဗြတ်ဖြင့် ဆူညံနေ၏။ ဦးမောင်တို့အဖွဲ့ စောင့်ရင်း ဆိုင်းရင်းနှင့် ရေသည် အတော်ပင် စစ်လာခဲ့၏။ ထိုအခါ ဦးမောင်သည် ခင်မောင်သန်းနှင့် လှထွေးအား မီးထိုးအပြခိုင်း၍ ၎င်းနှင့်တကွ အခြားရေလုပ်သားများပါ ထမ်းတောင်း (နှစ်တင်းဝင်) များကို ထမ်းလျက် သမှဲ့ပင်များရှိရာသို့ သွားကြရ၏။
မီးထိုးလိုက်သည်နှင့် သမှဲ့ပင်ပေါက်များကို လိုက်နှုတ်စားသောက်နေကြသော ငါးတန်အုပ်ကို အဖွေးသားတွေ့ နေရ၏။
ဦးမောင်တို့အဖွဲ့၏ အရိပ် အယောင်ကို တွေ့သွားသည်အခါ ငါးတန်များသည် ရေရှိရာကမ်းစပ်သို့ အပြေးအလွှား ဆင်းလာကြ၏။ သို့သော် ရေပျော်သတ္တဝါများမှာ သမှဲ့သီး၊ သမှဲ့ပင်များကိုမက်၍ ကုန်းပေါ်သို့တက်ခဲ့ရသော်လည်း ရေစပ်သို့ ပြန်ဆင်းကြရာတွင် ရွှံ့လတာပြင် နှုန်းဗွက်များမို့ ထင်သလောက် သွက်သွက်လက်လက်မရှိကြ။
ကမ်းစပ်သို့ ရောက်သည့်အခါတွင်လည်း ဦးမောင်တို့အဖွဲ့က ပိုက်များတားထားပြီမို့ အသွားရခက်ကာ ဟိုတိုး သည်ဝှေ့ ဖြစ်နေကြသည်။ ငါးတန်များသည် ပိုက်အခြေ မီးရောင်အောက်တွင် ဟိုတစ်ပုံ သည်တစ်စုဖြင့် လုယက်ပြေးလွှားနေကြ၏။
ဦးမောင်တို့အဖွဲ့သည် ငါးတန်များ ပိုက်အတွင်းမှ ရုန်းကန်ထွက်ပြေး၍မရဟု သိကြရသောအခါ ဦးမောင်က ပြောလိုက်၏။
“ဟေ့ တို့အဖွဲ့သားအားလုံး၊ ငါးတန်တွေကို မကောက်ကြနဲ့ဦးကွာ။ ခဏလောက် စောင့်လိုက်ဦးဟေ့။ ပြီးမှ လိုက်ကောက်ပြီး ထမ်းတောင်းနဲ့ ထမ်း၊ စက်လှေထဲ ထည်ကြတာပေါ့ကွာ”
“ဦးလေး ဦးမောင် ငါးတန်ကို ခေါင်းရိုက်ပြီး ထမ်းတောင်းနဲ့ထမ်း၊ စက်လှေထဲထည့်ရရင် မကောင်းဘူး လားဗျာ”
“လှထွေးရာ၊ ဒီငါးတန်တွေကို မင်း အကောင်စေ့ လိုက်ပြီး ရိုက်နေနိုင်မှာလားကွာ၊ မလောပါနဲ့ ဖြည်းဖြည်းပေါ့။ ရေလည်း စစ်နေပါပြီးကွ။ ဒီငါးတန်တွေဟာ ရေမရှိတဲ့ လတာပေါ်မှာ နေရတာရယ်၊ လူတွေကိုကြောက်လို့ ဟိုပြေး သည်လွှား၊ ဟိုရုန်း သည်ကန် လုပ်တာရယ် အဲဒီနှစ်ချက်နဲ့ပဲ ခေါင်းရိုက်ပြီး သတ်စရာ မလိုပါဘူးကွာ။ ခဏနေတာနဲ့ ထမ်းတောင်းထဲ ကောက်ထည်ရုံပါပဲ”
ဦးမောင်တို့ လှထွေးတို့အဖွဲ့သားအားလုံး သူတစ်ခွန်းငါတစ်ခွန်း စကားပြောနေချိန်တွင် ငါးတန်များသည် တဖြုန်းဖြုန်း တဗြန်းဗြန်းဖြင့် အချို့ပြေး၏။ အချို့ခုန်၏။ အချို့သည် ပိုက်ဖြင့် ဗလုံးဗထွေး တိုးဝှေ့၍ နေ၏။
အဖွဲ့သားအားလုံးမှ ငါးတန်များကိုမြင်၍ ပျော်ရွှင်နေကြ၏။ ငါးတန်များမှာ တိုးရင်း ဝှေ့ရင်း ခုန်ရင်း ပျံရင်းဖြင့် အချို့မလှုပ်နိုင်တော့။ အချို့ ဆန့်တငင်ငင်ဖြစ်နေကြ၏။
ထိုအခါကျမှ ဦးမောင်သည် အဖွဲ့သားများအား ငါးတန်များကို လိုက်လံကောက်စေကာ ထမ်းခြင်းတောင်းထဲသို့ ထည့်ထမ်း၍ စက်လှေထဲသို့ သွန်လောင်းစေ၏။ ဦးမောင်ကိုယ်တိုင်လည်း ငါးတန်များကို လိုက်ကောက်ကာ ထမ်းတောင်းထဲသို့ ထည်၏။
ငါးတန်အားလုံး ကောက်ယူထမ်းပိုး၍ စက်လှေထဲ သို့ ထည့်ပြီးသောအခါ ပိုက်များကိုရုပ်၍ သိမ်းခဲ့ကြ၏။ ငါးတန်အကောင်ရေ စုစုပေါင်း ၁၄၀ ကျော်ရ၏။
ဦးမောင်သည် ရွာသူရွာသားများအား ငါးတန်ဟင်းစား ပေးပြီးသောအခါ ပိုသည် ငါးတန်များကို ခုတ်၍ ခွဲ၍ အမြှောင်းလိုက် အခြောက်လှန်းရန် အဖွဲ့သားများနှင့်အတူ တက်ညီလက်ညီ လုပ်ကိုင်နေတော့သည်။
လှထွေး၊ ခင်မောင်သန်း စသော အဖွဲ့သားအားလုံး တို့မှာ ထိုညက ၎င်းတို့ မမြင်စဖူး မြင်ရသော ငါးတန်အုပ်အကြောင်းကို အားတက်သရောပြော၍ မဆုံးနိုင်တော့။ ဦးမောင်ကမူ တက်ကြွ ထက်သန်လှသော မိမိအဖွဲ့သားများကိုကြည့်ကာ သဘောကျနေ၏။
“ ဪ … သမှဲ့ပင်နှုတ်သော ငါးတန်အုပ်ကို ငါ့အဖွဲ့သားများ ယခုမှသာ မြင်ဖူးကြပါကလား”
ဟု ရင်ထဲတွင် တီးတိုးရေရွတ် နေမိတော့သည်။
– ပြီး –
စာရေးသူ – မြေလတ်မင်းလွင်
Uncategorized