ဆုမြတ်မွန်မွန်
သားရယ် ဒီကောင်မလေး ကတော့ သားနဲ့ အဆင်ပြေမယ် မထင်ပါဘူးကွယ်
သူ့အမေက လေသံပျော့လေးနှင့် ပြောလိုက်လျှင် ဇော်ဇော်သည် ခေါင်းကိုကုတ်ကာ သက်ပြင်းကို ကျိတ်ချမိသည်။ သားနှင့် အဆင်ပြေတာထက် မေမေနဲ့ အဆင်မပြေမှာ မဟုတ်လားဟု မေးလိုက်ချင်စိတ်တို့ကို ထိန်းချုပ်ထားရသည်။ ဒီလိုနဲ့ပဲ ကြာလာလျှင် သူလည်း လူပျိုကြီး ဖြစ်တော့မည် ထင်သည်။ သူနဲ့ ရွယ်တူတန်းတူ တွေရော သူ့ထက်ငယ်သည့် သူတွေအားလုံး စွံကုန်ကြပြီး တချို့ဆို ရတနာလေးတွေ တစ်ယောက်က နှစ်ယောက်တောင် ပွါးစီးကုန်ကြပြီ။ သူ့မှာတော့ အခုထိ ငုတ်တုတ်မေ့ နေတုန်းပင်။
ငုတ်တုတ်မေ့တယ် ဆိုသောကြောင့် သူ့ကို မစွံလေသောသူ ဟုတော့ မထင်စေလိုပေ။ အရပ်မြင့်မြင့်မှာမှ အသားဖြူဖြူ မျက်ခုံးထူထူ ရှိသော သူသည် ရည်းစားကို လက်ချိုး မရေတွက် နိုင်အောင် ထားခဲ့သူဖြစ်သည်။ သို့သော် သူဘယ်လောက်ပဲ ရည်းစားတွေ ထားခဲ့ ထားခဲ့။ တကယ့် တကယ် ယူဖို့ စဉ်းစားလိုက်လျှင် သူ့အမေကြောင့် ပျက်ရချည်းသာပင် ဖြစ်လေသည်။ မေမေသည် တစ်သက်လုံးမှာ တစ်ယောက်တည်းသာ ရခွင့်ရှိသော ချွေးမကို စံပေါင်းစုံဖြင့် ရွေးချယ်သူ ဖြစ်သည်။ မေမေ့စံတွေမှာ များလွန်းသဖြင့် တော်ရုံလူသည် ခြေစစ်ပွဲတောင် မအောင်ချေ။ တချို့မှာ ခြေစစ်ပွဲနားသို့ ကပ်ခွင့်တောင် မရ။ တစ်ခါတစ်ရံတွင် သူသည် မေမေတစ်ယောက် ချွေးမ ရွေးသည့် စံတွေ ဖြတ်နေတာကို ပွဲကြည့် ပရိသတ် တစ်ယောက်လို ခံစားပြီး ကြည့်မိသည်။ မေမေ့ရဲ့ အယူအဆတွေမှာ စိတ်ဝင်စားဖို့တော့ ကောင်းလေသည်။ သူ့ချစ်သူတွေ ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့သော ဆရာဝန်မလေး မေယုဝတီ ကိုလည်း ထိုသို့ အကြောင်းပြချက်ဖြင့် ပယ်သည်။
ဆရာဝန်မလေး ဆိုတော့ ပညာတတ်ပြီး ဂုဏ်ရှိတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ပညာမာနနဲ့ ဆိုတော့ ငါ့သားကို ရိုကျိုးမယ့် မိန်းကလေးမျိုး မဟုတ်ဘူးကွယ့်။ ပြီးတော့ သူက ဒီဘွဲ့နဲ့လည်း ရပ်နေမှာ မဟုတ်ဘူးလေ။ စာတွေကျက် ကျောင်းတွေ ဆက်တက်မှာ။ သားကိုလည်း အချိန်ပေးနိုင်မှာ မဟုတ်ဘူး။ သားကပဲ သူ့ရဲ့ ပါရမီကို ပြန်ဖြည့်ပေး နေရမှာ။ သားနဲ့ အဆင်ပြေမယ် မထင်ပါဘူးကွယ်
မေမေက အဲဒီလို လေသံပျော့လေးဖြင့် အဆုံးသတ် လိုက်လျှင် သူကလည်း ချစ်သူတွေရဲ့ ဇာတ်လမ်းကို တစ်ခန်းရပ် အဆုံးသတ်ပစ် လိုက်ရပါသည်။ သူဟာ ငယ်ငယ်လေးတည်းက ဖတဆိုး ဖြစ်ခဲ့တာကြောင့် တစ်သက်လုံး မတောင့်မတ မကြောင့်မကျ ထားလာသော အမေ ဖြစ်သူကို ခင်တွယ်လွန်းသူ ဖြစ်လေရာ အရာရာမှာ အမေ့သဘော အတိုင်းချည်းသာ။ မေမေသည် ပညာတတ် တော့လည်း တတ်လို့ တစ်မျိုး ကန့်ကွက်သလို သူဌေးသမီး ကျပြန်တော့လည်း မနှစ်သက်ပြန်။
မိန်းကလေး တစ်ယောက်ဟာ အရမ်း ချမ်းသာနေဖို့ အဓိက မဟုတ်ပါဘူး သားရယ်။ ချမ်းသာလွန်းအား ကြီးပြီး လက်ကြော မတင်းတဲ့ အဲဒီ မိန်းကလေးက ဘာတန်ဖိုး ရှိတော့ မှာလဲ။ မိန်းကလေး ဆိုတာ အိမ်ထောင်မှု ကိစ္စတွေတော့ လုပ်တတ် ရမှာပေါ့။ ယောက်ျားစားဖို့ ထမင်းဝိုင်း တစ်ဝိုင်းတော့ လှလှပပ ဖန်တီးပေး တတ်ရမှာပေါ့။ အားရင် ရှော့ပင်း ထွက်၊ ဗြူတီပါလာ သွား၊ လှဖို့ပဖို့က လွဲပြီး စိတ်မဝင်စားတဲ့ သူက အိမ်ထောင်ရှင်မကောင်း ဘယ်လို ဖြစ်နိုင်မှာလဲ။ သားနဲ့ ဒီကောင်မလေးကလည်း အဆင်ပြေမယ် မထင်ပါဘူးကွယ်
ကဲ ဒီလိုနဲ့ လွင့်သွားပြန်ပြီ တစ်ယောက်။ နောက်တစ်ယောက် ကတော့ သူ အင်မတန် ရင်ခုန်ရသည့် အောင်မြင်စ စာရေးဆရာမ ချောချောလေး ဖြစ်သည်။ အချစ်ဝတ္ထုတွေ ရေးသော စာရေးဆရာမလေးပီပီ ကဗျာဆန်ဆန်နှင့် ရိုမန့်လေးတွေလည်း သိပ်လုပ်တတ်သဖြင့် သူမနှင့် ချစ်ရသည်မှာ ခမ်းနားနေလေ့ ရှိသည်။
သူမ ကျတော့ လူတစ်ယောက်ကို သိပ် Surprise လုပ်တတ်သည်။ သူ့အိမ်သို့ ပါဆယ်လေးတွေ ပို့ပေးတာမျိုး၊ ပန်းစည်းတွေ ပို့ပေးတာမျိုး စသဖြင့် ရင်ခုန် စိတ်လှုပ်ရှားအောင် လုပ်တတ် လေသည်။ တစ်ခါတစ်ရံ သူမ စာရေးပြီးချိန် ညတစ်နာရီ လောက်မှာ သူ့ထံ ဖုန်းခေါ်ပြီး မိုးအလင်းပေါက် ဖုန်းပြော ရတာလည်း အရသာ တစ်ခုပင်။
ကိုယ့်ချစ်သူလေးက အောင်မြင် ချောမောသည့် စာရေးဆရာမလေး ဆိုတော့လည်း သူက ဂုဏ်ယူဝမ်းမြောက် ရသေးသည်။ အိမ်မြဲသော အလုပ်အကိုင်နှင့်မို့ မေမေတော့ ဒီတစ်ခါ နှစ်သက်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ သော်လည်း ထင်သလို မဟုတ်ပြန်ချေ။
စာရေးဆရာမလေးသာ ဆိုတယ်၊ မင်းသမီး တစ်ယောက်လိုပဲနော်။ မေမေတို့ ခေတ်က စာရေး ဆရာတွေနဲ့ သိပ်မတူဘူး
ဪ မေမေရယ်၊ အနှစ် နှစ်ဆယ်ကျော်တောင် ပြောင်းလဲခဲ့ပြီပဲဟာ၊ အရင်ခေတ်ကလို စာရေးဆရာမ ဆိုရင် ပါဝါမျက်မှန်ထူကြီးနဲ့ ရိုးရိုးကြီး ပုံစံမျိုးတွေ မရှိတော့ဘူးလေ။ သူကတော့ အိမ်မြဲသူလေးမို့ အဆင်မပြေဘူးလား။ မေမေနဲ့လည်း အဖော်ရမှာပေါ့
မထင်နဲ့ သား၊ အိမ်မြဲတယ် ဆိုပေမဲ့ သူ့အလုပ်က တစ်ယောက်တည်း နားအေးပါးအေးနဲ့ ဖန်တီးရတဲ့ အလုပ်မျိုးလေ။ ပြီးတော့ အနုပညာသမား တွေက သာမန်လူတွေနဲ့ သိပ်မတူဘူး သားရဲ့။ သူတို့ စိတ်ခံစားမှုက သာမန်ထက် နက်ရှိုင်းတယ်။ သူများတွေအတွက် အရေးကြီးတာဟာ သူတို့အတွက် အရေးကြီးချင်မှ ကြီးတာ။ သူများတွေ ဘာမှ မဟုတ်တဲ့ ကိစ္စကို သူတို့ က အရေးကြီးချင် ကြီးပြနေရော။ နားလည်ရ ခက်တယ်။ ဒါကြောင့် သူတို့ ဖြေတဲ့ အင်တာဗျူးတွေကို ကြည့်ပါလား။ နားလည်မှုဆိုတဲ့ စကားကို လှိုင်လှိုင်အော် နေတာ။ သားလည်း သူနဲ့ ယူပြီးရင် သူ့ကို အများကြီး နားလည်ပေးရမှာ သားရဲ့
သူက ညလုံးပေါက် စာရေးချင် ရေးမယ်။ မနက်ကျ တစ်မနက်ခင်းလုံး အိပ်မယ်။ နိုးလာရင်စားမယ်၊ သောက်မယ်၊ စာဖတ်မယ်၊ တွေးမယ်၊ ရေးမယ်။ သူ့အလုပ်က ဒီထဲမှာပဲ သံသရာ လည်နေမှာ။ အိမ်မှုကိစ္စ ချက်ရေးပြုတ်ရေးလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ချစ်သူ ဘဝသာ စိတ်ကူးယဉ်လို့ ကောင်းတာပေါ့ကွယ်။ အိမ်ထောင်သည် ဘဝ ရောက်သွားရင် တစ်အိမ်တည်း နေတဲ့ သားကို ပန်းစည်း ပို့မှာလည်း မဟုတ်တော့ဘူး၊ ငါ့သားလေးကသာ သူ့ကို ညတိုင်း ဇက်ကြောဆွဲ ပေးနေရမှာ မြင်ယောင် ပါသေးတယ်။ အင်း ဒီကလေးမလည်း သားနဲ့ အဆင်ပြေမယ် မထင်ပါဘူးကွယ်
ဒီလိုနဲ့ သူချစ်သော စာရေးဆရာမလေး နဲ့လည်း ဝေးလွင့် သွားပြန်သည်။ ဘယ်သူ့ စနက်ကြောင့် ဆိုတာ သိလေသော ဆရာမကတော့ ဖြုံပုံ မပေါ်ပါ။ ပြုံးစိစိဖြင့် ပခုံးတစ်ချက် ကိုတောင် တွန့်ပြခဲ့သေးတာကို မှတ်မိသေးသည်။
ဒီလို ဖြစ်သွားတာပဲ ကောင်းပါတယ်။ မဟုတ်ရင် တို့ဝတ္ထုထဲမှာလည်း ယောက္ခမ မကောင်းကြောင်းတွေ တန်းစီ နေတော့မှာ။ အဲဒီကျမှ ယူ့မားသားကြီး ဒီထက် သွေးတိုးပြီး နှလုံးရောဂါ ရမှာ။ ဟား ဟား
အောင်မယ်လေးလေး သူက ဆရာမရဲ့ စကားကြောင့် ကျောထဲကတောင် စိမ့်တက် သွားသည်။ မေမေ ကယ်ပေလို့ ဟူသော စကားကို အထပ်ထပ် ရေရွတ်ကာ နောက်တစ်ခါတော့ လုံးဝ ရိုးရိုးအေးအေး မိန်းကလေးကိုသာ စဉ်းစားတော့သည်။ ရိုးအေးပြီး အချက်အပြုတ် တစ်ခုတည်း ကိုသာ စိတ်ဝင်စားသော ကောင်မလေး ကိုတော့ ဒီတစ်ခါ မေမေ သဘောကျပြီဟု ထင်ကာ သူက ဟဲလေးရဲ့ ကြင်ယာဖက် သီချင်းနဲ့တောင် Intro ဝင်လိုက်သေးသည်။
မေမေရေ သူကတော့ တကယ့်ကို မေမေ့စိတ်ကြိုက် ဖြစ်မှာဗျ။ ဟိုသီချင်းထဲက လိုလေ။ ကျွန်တော်ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ အောက်သက်ကျေတယ် ဆိုတာမျိုးပေါ့။ အိမ်ထောင်မှု ကိစ္စကတော့ လှည့်ကြည့်စရာကို မလိုဘူး
သို့သော်လည်း အထင်နဲ့ အမြင်က လွဲပြန်သည်။ မေမေသည် ငြိမ်းကို သေချာ လေ့လာပြီးသော အခါ မှတ်ချက်တစ်ခု ပေးလာပြန်ပါသည်။
အင်း ကောင်မလေးက ဆိုးတော့ မဆိုးဘူး ပြောရမှာပဲ။ ဒါပေမဲ့ ရိုး,တာအပြင် အတာပါ ပါနေတယ် သားရဲ့။ အောက်သက်ကျေတယ် ဆိုတာ နေရာတိုင်းတော့လည်း ကောင်းတာ မဟုတ်ဘူး။ အိမ်ထောင် တစ်ခုမှာ မိန်းမ တစ်ယောက်က ထမင်းဟင်း ချက်တတ်နေရုံနဲ့ ပြီးတာ မဟုတ်ဘူး။ ကိုယ့်ယောက်ျား ကိုလည်း ချော့တန်ချော့၊ ခြောက်တန်ခြောက်နဲ့ ထိန်းသိမ်းတတ် ရသေးတယ်။ တချို့ယောက်ျားတွေ တော်တယ်ဆိုတာ တိုးတက်တယ်ဆိုတာ မိန်းမက အထိန်းအသိမ်း တတ်လို့လည်း ပါတယ်။ ဒီလိုပဲ သားသမီး လိမ္မာတာ၊ စာတော်တာ၊ တိုးတက်တာ တွေလည်း အမေရဲ့ အခန်းကဏ္ဍတွေ အများကြီးပါတယ်
တကယ်တမ်းကျတော့ အိမ်ထောင်ရေးမှာ မိန်းမ ဖြစ်သူရဲ့ အခန်းကဏ္ဍက ရာနှုန်းပြည့် အရေးပါတယ် လို့တောင် ပြောလို့ရတယ်။ သူ့မှာ အရည်အချင်း ရှိရင်ရှိသလို အဲဒီမိသားစုက တိုးတက်သာယာတာ ပဲလေ
သားရဲ့ ငြိမ်းမှာ ဒီလို အရည်အချင်းမျိုး မရှိဘူး သားရဲ့။ မေမေ လုံးဝပြောနိုင်တယ်။ သားပြောသမျှ ခေါင်းညိတ်နေမဲ့ မိန်းမမျိုးကိုလည်း မေမေက ကြိုက်တာ မဟုတ်ဘူး အင်း ဒီတစ်ယောက်ကလည်း သားနဲ့ အဆင်ပြေမယ် မထင်ပါဘူးကွယ်
ဒီတစ်ခါတော့ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းမိသည်။
မေမေရယ် မေမေ့ရဲ့ စံတွေနဲ့ ကိုက်တဲ့ မိန်းကလေးက ရှိရော ရှိဦးမှာလား။ သိကြားမင်းရဲ့ သမီးနဲ့တောင် အဆင်မပြေဘူးနဲ့ တူပါတယ်
သူက အဲဒီလို ပြောလိုက်သည်။ မေမေက လျှို့ဝှက်စွာ ပြုံးပါသည်။ ပြီးတော့ သူက လက်ဖျောက်ပင် တစ်ချက် တီးပြလိုက်သေးကာ
မေမေပါ သားရယ်၊ မင်းအမေကို အထင်မသေးစမ်းပါနဲ့၊ မေမေ လိုချင်တဲ့ ချွေးမမျိုးကလေ သရီးအင်ဝမ်း (Three in one) ချွေးမမျိုးကို လိုချင် နေတာကွယ့်။ အဲဒီချွေးမမျိုး ရဖို့ ဗျူဟာတွေတော့ လိုအပ်တာပေါ့။ ဒီအတိုင်းကြီး ကတော့ အားလုံး အဆင်ပြေတဲ့ သရီးအင် ဝမ်းချွေးမ ဘယ်ရလိမ့်မလဲ။ အဲဒီ သရီးအင်ဝမ်းချွေးမ ရလို့ကတော့ သားလည်း အဆင်ပြေ၊ မေမေလည်း အဆင်ပြေပေါ့ သားရယ်။ ကဲ ဒီတော့ သားကြိုက်တဲ့ မိန်းကလေး တစ်ယောက်တွေ့ရင် မေမေ့ကို အရင်ပြ။ မေမေ ကြည့်မယ်။ သူသာ သရီးအင်ဝမ်း အဖြစ် ပြောင်းလဲလို့ ရလား။ မရလားဆိုတာ ကြည့်ပြီးမှ သားက ရှေ့တိုးတော့ ဟုတ်ပြီလား
သူက မေမေ ပြောတာတွေ သိပ်နားမလည် သော်လည်း ဘာမှတော့ ထပ်မမေးတော့ချေ။ သူက အမေကို အင်မတန်ချစ်သော သားတစ်ယောက်မို့ သူ့အမေ စိတ်ချမ်းသာလျှင် ပြီးရောဟု သဘောထားသူ ဖြစ်သည်။ ပြီးတော့ မေမေဟာ သူ့ကောင်းကျိုးကိုသာ လိုလားသူဟု သိထားသောကြောင့် မေမေ့ အပေါ်တွင် မငြိုငြင်ခဲ့ပါ။
ဒီလိုနဲ့ သိပ်မကြာသော အချိန်လေးမှာ သူသဘောကျသော ကောင်မလေး တစ်ယောက်ကို ထပ်တွေ့သည်။ ကောင်မလေးက သူ့ထက် ငါးနှစ်လောက် ငယ်ပါသည်။ ပညာ အရည်အချင်းကလည်း သာမန်ပဲ ဖြစ်သည်။ မိသားစု အခြေအနေကလည်း သာမန်လောက်ပဲ ဖြစ်ပါ သည်။ သဇင်သည် ဘာမဆို သာမန် အနေအထားမှာပဲ ရှိသည်။
သို့သော် သူက သူမရဲ့ သွက်သွက်လက်လက် ရှိသော ပုံစံလေးကို သဘောကျသောကြောင့် မေမေ့ကို ပြမိသည်။ စိတ်ထဲကတော့ သိပ်မမျှော်လင့်လှပါ။ သို့သော် ထူးခြားစွာပင် မေမေက အိုကေဟု မီးစိမ်းပြလိုက်လျှင် သူကတောင် မျက်ခုံးပင့် သွားရလေသည်။ မေမေက အိုကေ ဆိုတော့မှ သူကလည်း အချိန်ဆွဲ မနေတော့ပါ။
ဒီလိုနှင့် ပွဲက မေမေ ပါဝင်လိုက်သော အခါ ပို၍ မြိုင်ဆိုင်သွား လေသည်။ သူနှင့် သဇင်သည် ချစ်သူသက်တမ်း ရှစ်လလောက်မှာပင် လက်ထပ်ဖို့ အထိ ဖြစ်လာသည်မှာ မေမေ့ဗျူဟာတွေ အများကြီး ပါပါသည်။ အဲဒီရှစ်လ အတွင်းမှာ သဇင်သည် ကားမောင်း တတ်သွားကာ ကားလိုင်စင် တစ်ခု ရသွားသည်။
မေမေက အိမ်ကို မကြာခဏ ဖိတ်ကာ ထမင်းဖိတ်ကျွေးခြင်း၊ မုန့်လုပ်ကျွေးခြင်း စသဖြင့် တစ်ပတ်တစ်မျိုး မရိုးရအောင် စီစဉ်လေသောကြောင့် ကြာသောအခါ သဇင်ပါ အချက်အပြုတ် ကျွမ်းကျင်သွား လေသည်။ ပြီးတော့ မေမေသည် လေသံ အေးအေးနှင့် သဇင့်ကို ပြောနေတာကိုလည်း သူက ကြားရသေးသည်။
တိုးတက် ခေတ်မီတဲ့ နိုင်ငံတွေမှာ အိမ်ဖော် မထားကြဘူး သမီးရဲ့၊ ဘာလို့လဲ ဆိုတော့ အစစ အရာရာ စက်တွေနဲ့ လုပ်သွားတာ ဆိုတော့ လူသက်သာ တယ်လေ။ ပြီးတော့ ဒီခေတ်ကြီးထဲမှာ အိမ်ဖော် ခေါ်ထားရတာလည်း သိပ်ကြောက်စရာ ကောင်းတာ။ အန်တီတောင် ဒေါ်အုန်းကို ဟိုးအရင် ကတည်းက လူဟောင်းမို့ ထားဖြစ်တာ သူကလည်း အသက်ကြီးတော့ နားချင်နေပြီလေ
သမီးက သားနဲ့ လက်ထပ်ပြီး ဒီအိမ် ရောက်လာမှာနဲ့ အတော်ပါပဲ။ အန်တီတို့ အိမ်က ဘာမှလဲ မပင်ပန်းပါဘူး။ အဝတ်လျှော်တော့လည်း စက်နဲ့၊ ဖုန်စုပ်တော့လည်း စက်နဲ့၊ ဟင်းချက်ရင်လည်း ဂတ်စ်နဲ့၊ မိုက်ခရိုဝေ့ဗ်နဲ့ ဆိုတော့ ခဏလေးပဲ
အင်း အန်တီက သမီးလို လိမ္မာအားကိုးရတဲ့ သမီးမျိုးလေး လိုချင်နေတာ အတော်ပါပဲ သမီးရယ်။ ဒရိုင်ဘာ ငှါးတော့လည်း ယုံချင်မှ ယုံရတာ။ ခုတော့ ဘယ်သွားသွား ကိုယ့်သမီးလေးနဲ့ အဖော်ရပြီလေ။ ဟင်း ဟင်း
သမီးလေးက တော်မှတော် ဘက်စုံကို အားကိုးရတာ။ အန်တီတော့ ကံကောင်းတာ ပါပဲ
ဟုတ်ပါတယ်။ မေမေက တကယ့်ကို ကံကောင်းတာပဲ ဖြစ်သည်။ ကံဆိုတာ အလုပ်ဟု ဆိုလျှင် မေမေ လုပ်ခဲ့သော အလုပ်တွေက ကောင်းသောကြောင့် ဆိုတာ ပြောဖို့လိုမည် မထင်တော့ချေ။
သူသည် မေမေ ဘာကြောင့် ရှေးရှေးကဟာတွေကို ပယ်ခဲ့လည်းဆိုတာ ခုတော့ ရေးတေးတေး သဘောပေါက်စ ပြုလာပြီ ဖြစ်ပါသည်။
အဲဒီလို သဘောပေါက်ချိန်တွင် သူနှင့် သဇင်တို့ရဲ့ မင်္ဂလာသက်တမ်း တစ်နှစ်တောင် ပြည့်ခဲ့ပြီ ဖြစ်သည်။
* * *
ဘယ်နှနာရီ လာကြိုရမလဲ မေမေ
ဪ ဖုန်းဆက် လိုက်မယ်လေ သမီး၊ ဖြည်းဖြည်းပဲ မောင်းသွားနော်
ဟုတ် သွားပြီနော် မေမေ
ဒေါ်သီတာသည် ချွေးမချော သဇင်တစ်ယောက် ကားကို ဘက်ပြန်ဆုတ်ပြီး မောင်းထွက် သွားတာကို ကြည့်ပြီးမှ ဧည့်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။
ဧည့်ခန်းထဲတွင် ဒေါ်သီတာ၏ သူငယ်ချင်း ဒေါ်ဝေဝေလွင်က ဆိုဖာပေါ်မှာ ထိုင်ကာ သူမကို အားကျသော မျက်လုံးများဖြင့် ငေးနေသည်။
ဘယ်လိုလဲ သီတာ၊ ချွေးမလေးကို ဟန်းဖုန်းတွေ ဘာတွေတောင် ဆင်နေရပါလား
ဪ ဒါကတော့ လုပ်ပေး ရတာပေါ့ကွာ။ ဒါပေမဲ့ အဲဒါကလည်း ကိုယ့်အတွက် ပဲလေ၊ အဓိက,က သူ ရောက်နေတဲ့ နေရာက ခေါ်ပြီးခိုင်းလို့ ရအောင်လို့ ပေါ့ကွ
အင်း မင်းကိုတော့ ယုံပါတယ်။ မင်းကတော့ ချွေးမကို ပုံသွင်းတာ တော်တယ်ကွာ။ ကိုယ်တို့တော့ ဒီလို ချွေးမမျိုး မရပါလား။ သားကြီး ယူထားတဲ့ ချွေးမကတော့ကွာ ပြောမနေ ပါနဲ့တော့၊ ယောက္ခမကိုများ ဒီလိုကြိုပေးဖို့ ဝေး၊ သူ့တောင် မနည်းဖမ်းမိအောင် လုပ်နေရတယ်။ မင်းတို့များ ကျတော့လည်း ကံကောင်းလိုက်တာ။ ဘယ်ဗေဒင်ဆရာနဲ့များ ရွေးထား တာလဲဟင်။ ဇာတာတွေ ဘာတွေ တိုက်ထားတာလား။ ကိုယ့်ကိုလည်း နည်းလမ်းကောင်းများ ရှိရင် ပြောစမ်းပါဦး။ သားငယ် ကျရင်တော့ ဒီလိုမျိုး မဖြစ်စေချင်တော့ဘူး။ မင်းလိုပဲ ချွေးမ ချက်ကျွေးတဲ့ ထမင်းကို စားပြီး ချွေးမ မောင်းပို့တဲ့ ကားကိုပဲ စီးချင်ပြီ
ဟင်း ဟင်း ဒါက မခက်ပါဘူး ဝေရယ်၊ ဒါမျိုးကို သရီးအင်ဝမ်းချွေးမလို့ ခေါ်တယ်
ဘာရယ် သရီးအင်ဝမ်း ချွေးမ၊ ဟုတ်လား
ဒါပေါ့ Driving, Cooking & House Keeping လေ၊ ဘာလိုသေး လို့လဲ၊ ဒီခေတ်ထဲမှာ ဒရိုင်ဘာတွေရဲ့ လခက သေးတာ မဟုတ်ဘူး၊ လခနည်းတာ များတာထက် လူကို ပိုကြောက်ရတယ်။ ပြီးတော့ 24 hours service က မရဘူးလေ။ ကိုယ့်ချွေးမ ကတော့ ဘယ်အချိန် သုံးသုံးပေါ့။ သရီးအင်ဝမ်း ချွေးမမျိုး ရတာ အိမ်စရိတ်ကို ဘယ်လောက် သက်သာတယ် မှတ်သလဲ။ လူသုံးယောက်လောက် လုပ်ရမဲ့ အလုပ်ကို ချွေးမ တစ်ယောက်တည်းက လုပ်သွားတာ၊ ဘယ်လောက် အထာကျသလဲ ဝေလွင်ရဲ့။ ဒါက ဘာယတြာမှ မလိုဘူး။ ကိုယ်လုပ်တတ်ရင် ဖြစ်တာပဲ။ အဲဒီအတွက် ဖော်မြူလာ ရှိတယ်
ဒေါ်သီတာ၏ စကားကိုကြားလျှင် ဒေါ်ဝေလွင်၏ မျက်လုံးတွေသည် ရေတွေ့သော ငါးလို ဖျပ်ဖျပ်လူး သွားလေသည်။ တံတွေးတွေပင် နင်လာရကာ
ပြော ပြောစမ်းပါဦး သီတာရယ်၊ ဘာတဲ့လဲဟင်
ဒေါ်သီတာသည် ငါးသလောက်ပြုံး ပါးပါးလေးဖြင့် ခေါင်းကို တစ်ချက်ဆတ် လိုက်ကာ
သရီးအင်ဝမ်း ချွေးမ ဖော်မြူလာကို ကိုယ်က လူတိုင်းကို ပြောမပြဘူးကွ။ အေးပေါ့လေ မင်းကတော့ ကိုယ့်ရဲ့ ငယ်ပေါင်းလည်း ဖြစ်၊ သားရှင် အချင်းချင်းလည်း ဖြစ်၊ ပြီးတော့ ချွေးထွက်အောင် ပြန်မ,ထားရတဲ့ ချွေးမကို ရထားတဲ့သူ ဆိုတော့ ဒီလျှို့ဝှက်နည်းလေးကို ပြောပြလိုက်ပါ့မယ်။ ဒီနည်းက သုံးတတ်ရင်တော့ တကယ် ထိရောက်တယ်ကွ။ ကိုယ့်အကျိုး အတွက် အသုံးချထားပေမဲ့ သူတို့ အမြင်မှာ ကိုယ်က ယောက္ခမဆိုး မဟုတ်တာကိုက နည်းတဲ့ ပညာလား။ ကဲ နားထောင်တော့ ဝေလွင်ရေ၊ သရီးအင်ဝမ်း ချွေးမရဖို့ အတွက် အဲဒီ မိန်းကလေးဟာ အရမ်း ပညာတတ်တဲ့ ပညာအတတ်နဲ့ လုပ်စားနေတဲ့ မိန်းကလေးမျိုး မဖြစ်ဖို့ လိုတယ်။ ဥပမာ ဆရာဝန်မ လိုဟာမျိုး၊ ကျူတာမလေး ဖြစ်ဖြစ်၊ မရဘူးပေါ့။ တစ်ခုခုမှာ အောင်မြင်ထူးချွန်တဲ့ မိန်းကလေးမျိုး မဖြစ်ရဘူး
အဆန်းပါလားဟဲ့၊ သူများတွေဖြင့် အဲဒါမျိုး ရှာနေတာကိုး
အဲဒီလူတွေက သရီးအင်ဝမ်း မရကြဘူးလေ။ နောက်တစ်ချက်က အသိုင်းအဝန်း သိပ်တောင့်တဲ့ သိပ်ချမ်းသာတဲ့ မိန်းကလေးမျိုး မဖြစ်ရဘူး။ အဲဒီလို မိန်းကလေးမျိုးက ဘယ်လိုမှ ကိုယ့်အလုပ်တွေကို လုပ်ပေးမှာ မဟုတ်ဘူးလေ။ နောက် ခပ်နုံနုံ၊ ခပ်ရိုးရိုး မိန်းကလေးလည်း မဖြစ်ရဘူး။ ရိုးအ,လွန်း ပြန်တော့လည်း သင်တိုင်း မတတ်ပြန်ဘူး။ အဓိက,က သာမန် အနေအထား ရှိတဲ့ မိန်းကလေးဆို ရပြီ။ ပညာ အရည်အချင်း ဆိုလည်း ရိုးရိုး သာမန်ဘွဲ့ပေါ့။ ငွေကြေးဥစ္စာ ဆိုလည်း သာမန်ပဲ။ ကိုယ့်ထက်နိမ့်ရင် ပိုတောင်ကောင်း သေးတယ်။ ကိုယ့်ချွေးမလေး ဆိုရင် ကားမမောင်း တတ်ဘူးလေ။ သူ့ကို ကားမောင်း သင်ပေးတော့ ပျော်နေတာ၊ တကယ်တမ်းတော့ ဒါတွေဟာ သူ့အတွက်ထက် ကိုယ့်အတွက်ပဲလေ ဝေလွင်ရဲ့
သူက ကိုယ့်လောက် မပြည့်စုံတဲ့ အနေအထားက လာခဲ့တော့ ဒါတွေကို အဟုတ်ကြီး ထင်မှတ် နေတော့တာပေါ့။ နှုတ်ချိုရင် ပြည်စိုးတယ်တဲ့ ဝေလွင်ရဲ့၊ ဒီလိုချွေးမမျိုးကို ရထားပြီ ဆိုရင် ပုံစံသွင်းနေတဲ့ အချိန်မှာ ချိုချိုသာသာလေးနဲ့ ပုံစံသွင်း တတ်ရတယ်။ ကိုယ်လုပ်တတ်ရင် ကိုယ့်အတွက်ချည်းပဲ ကျန်တာလေ။ အစတည်းက ဒီပုံစံ ဝင်လာမဲ့ ချွေးမလောင်းမျိုးကို ရှာထားပြီး ဒီဖော်မြူလာတွေ အတိုင်းသာ ပုံစံသွင်းသွားရင် မင်း နောင်ရေး စိတ်အေးဖို့သာ ပြင်ထားပေတော့
ဒီလိုကိစ္စမျိုး တကယ် ရှိလားဟင်
ဪ လက်တွေ့ စမ်းသပ်ကြည့်လေ၊ အရှုံး မရှိပါဘူး
ဒေါ်ဝေဝေလွင်သည် ဒေါ်သီတာ ပြောသည့် စကားတို့ကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ကာ မျက်လုံးထဲတွင် သားကြီး၏ မိန်းမဖြစ်သူ ချွေးမအကြီးကို ပြေးမြင်လို့ လာသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာ တစ်ယောက် ဖြစ်သော ချွေးမရဲ့ မျက်နှာသည် သူ နေ့စဉ် ကျင်လည် နေရသော အုတ်ခဲ၊ ဘိလပ်မြေတွေ လိုပင် အေးစက်စက် မာကျောကျော ဖြစ်သည်။ သားဖြစ်သူနှင့် တန်းတူ ဝင်ငွေရှာ နေရသဖြင့် ယောက်ျားတောင် ထမင်းခူး မကျွေးချေ။ ယောက္ခမ ဆိုတာများ ပြုံးပြဖော် ရတာတောင် ကျေးဇူးတင် ပေးရမလို ဖြစ်နေသည်။ သီတာရဲ့ ချွေးမလို ယောက္ခမကို အပို့အကြို လုပ်၊ ဟင်းချက် ဈေးဝယ်လုပ်ဖို့ ဆိုတာတော့ ဝေး။
အင်း ပညာထူးချွန် ထက်မြက်တဲ့ မိန်းကလေးကိုပယ် ဆိုတာ ဖြစ်တော့ ဖြစ်နိုင်တာပဲ။ ဒီလို တွေးမိလျှင် သားငယ်လေးရဲ့ ရည်းစားကို သတိရသွားသည်။ ကောင်မလေးက NGO အဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်သည် တဲ့။ လခကလည်း ဒေါ်လာနဲ့ ရတယ်ဆိုပဲ။ ဒါဆိုရင် သူမကရော သရီးအင်ဝမ်း ချွေးမ ဖြစ်လာနိုင်ပါ့မလား။ ဘုရား ဘုရား ဒါ ဆိုရင်တော့ မဖြစ်တော့ဘူး ထင်သည်။ အဲဒီအချိန်မှာပဲ ဒေါ်သီတာ၏ စကားသံက ထပ်ထွက်လာသည်။
အရေးကြီးတာ ပြောဖို့ ကျန်ခဲ့တယ်။ အဲဒီ ဖော်မြူလာတွေ အပြင် အဓိက ရှိရမဲ့ အချက်က ကိုယ့်သား ကိုယ်ပိုင်ဖို့က အရင်လိုတယ်နော်။ အဲဒါ အရေးအကြီးဆုံး အချက်ပဲ။ ကိုယ့်သား ကိုယ်မပိုင်လို့ ကတော့ သရီးအင်ဝမ်း ချွေးမရဖို့ Chance နည်းတယ်။ ကဲ ဘယ်လိုလဲ
ဒေါ်သီတာက မေးဆတ်ပြလျှင် အဲဒီမေးခွန်းကို ချက်ချင်း မဖြေနိုင်ချေ။ မျက်လုံးထဲတွင် ကောင်မလေးနဲ့ ချိန်းထားသောကြောင့် အမေ ဖြစ်သူကိုတောင် မင်္ဂလာဆောင်သို့ Taxi နှင့် သွားခိုင်းသော သားဖြစ်သူကို မြင်ယောင် လာမိသည်။ ဘုရား ဘုရား ဒီပုံမျိုးနဲ့ ဆို သရီးအင်ဝမ်း ချွေးမ ရမှ ရပါ့မလား။ မရလို့တော့ မဖြစ်ချေ။ ဘက်စုံ အသုံးဝင်သည့် ချွေးမကို ရွှေထက်တောင် မက်မောသေး လေသည်။ အရှင်ဘုရား သရီးအင်ဝမ်း ချွေးမလေး ပေးသနားတော်မူပါ။
ဆုမြတ်မွန်မွန်
Beauty Maxမဂ္ဂဇင်း
နိုဝင်ဘာ ၂၀၀၈
Uncategorized