ခင်မောင်အေး(မန္တလေး)
သီတာခုနစ်တန်
ကျည်အသင့်ထိုးပြီး သုံးဆယ်ဒသမ သုညခြောက် ဝင်ချက်စတာ စပရင်းဖီးလ် အမဲပစ်ရိုင်ဖယ်မှ ၂၂ဝ ဂရိမ် ခဲထိပ်ဖူးတပ် ကျည်တစ်တောင့်တည်းဖြင့် ဝက်တောင်းကြီး ဝပ်ကျသွားသည်။
“အိ” ခနဲ နာကျည်းစူးရှစွာ တစ်ချက် အော်လိုက်ပြီးနောက် ခြေနှစ်ချောင်း လက်နှစ်ဖက် အကြောစုံဆွဲ၍ ငြိမ်သွားသည်။ ဘယ်ဘက် နှလုံးကွင်းကို တိကျစွာ မှန်သွားခြင်းဖြစ်သည်။
မုဆိုးသည် အမဲပစ်သေနတ်မှ ကျည်ခွံကိုထုတ်၍ ကျည်သစ်တစ်တောင့် ထိုးလိုက်ပြီး ငြိမ်နေလိုက်သည်။
ဝက်တောင်းကို နောက်ယောင်ခံ၍ လိုက်လာသည့် ရန်သူကို မျှော်လင့်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သဲကြီးမဲကြီး ဇွဲနဘဲကြီးသော ရန်သူဆိုက မုချ တွေ့ရချိမ့်မည်။
မုဆိုး လူကြမ်းကြီး။ လူတကာက လူကြမ်းကြီးလို့ ယူဆထားတဲ့ မုဆိုး။ သို့တစေ လူကြမ်းကြီးမုဆိုး၏
ရင်ထဲမှာ နူးညံ့သောနှလုံးသား ရှိနေတယ်လို့ သူတို့ ယုံကြည်ယူဆကြပါ့မလား။
ရှိတာပေါ့။ မုဆိုးလူကြမ်းကြီးရဲ့ နှလုံးသားထဲမှာ အကြင်နာတွေ မေတ္တာတွေ၊ မုဒိတာတွေ ရှိနေတယ်ဆိုတာ သူတို့ သိထားကြမှာပါ။
(၁)
အင်ကြင်းပန်းတွေ ပွင့်နေသည်။
ဟုတ်ပါရဲ့ … အင်ကြင်း။
တစ်ချိန်တုန်းက သည်အင်ကြင်းပန်းတွဟာ ခါချဉ်တွေ ရောယှက်လို့ စူဠသုဘဒ္ဒါ ရင်ခွင်ထဲမှာ မြိုးမြိုးမြက်မြက် ဖြစ်ခဲ့ရဖူးသည်။ ဘဝတစ်ခု ကုန်ဆုံးပြီး နောက်ဘဝတစ်ခုအထိ အညှိုးအတေး မပြေနိုင်ဘဲ အသည်းအသက်မျှ ချစ်ခဲ့ရသော မင်းဆဒ္ဒန်ကို လက်စားချေခဲ့ဖူးသည်။
အင်ကြင်းပန်း။ ပြီးတော့ ပန်းပွင့်ထဲမှာ ကျက်စား ကျင်လည်သော ခါချဉ်။
သေးသေးကလေး။ သို့တစေ ခါချဉ်ကိုက်တဲ့အခါ နာသည်။
ဘယ်နေရာကို ကိုက်သလဲ။ နှလုံးသား … နှလုံးသားကို ခါချဉ်ကိုက်တော့ ငိုပြီးနာတာ အသေအချာပါ။
ဒါ့ကြောင့်မို့ စူဠသုဘဒ္ဒါမိဖုရား ခါချဉ်ကိုက်လို့ နာရဖူးသည်။ နာကျည်းကြေကွဲရခြင်းများစွာ၊ မပြေနိုင်အငြိုး မိန်းမဆိုးရဲ့အမုန်းလို့ ကင်ပွန်းတပ်ခဲ့ကြဖူးသည့် အချစ် အမုန်း မဆုံးသံသရာ။
ဘဝ … ဘဝပေါင်း မြောက်များစွာ။
မုဆိုးအဖို့ မေတ္တာနှင့်ပတ်သက်၍ နာကျည်းကြေကွဲဖွယ်ရာ ဒဏ္ဍာရီပေါင်းများစွာဖြင့် ကြုံဆုံခံစားခဲ့ရဖူးသည်။ တောတောင်ကန္တာရ မာကျော့ခက်ထရော် ကြမ်းတမ်းသောခရီးမှာ မုဆိုး လျှောက်လှမ်းခဲ့ရဖူးသည်။
ကျားမကြောက် ဆင်မကြောက် သစ်ငုတ်သင်ဖြူး ဆူးကိုမွေ့ရာပမာအလား သဘောထားလျက် သီတာခုနစ်တန်၊ တောင်စဉ်ခုနှစ်ထပ်၊ မြစ်မင်းခုနစ်သွယ်ကို ဖြက်ကျော်လျှောက်လှမ်းခဲ့ဖူးသည်။
အခတ်အခဲပေါင်းများစွာ၊ အနှောင့်အယှက်ပေါင်း ကုဋေကုဋာ။
မုဆိုး ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်မှာ သားရဲတောကောင်များ တင်းကြမ်းပြည့်လျှမ်းလျက် ရှိသည်။
သားကောင်နှင့် မုဆိုး၊ မုဆိုးနှင့် သားကောင် သူတပြန် ကိုယ်တစ်လှည့် ၊ တစ်လှည့် တစ်ပြန်၊ ဗုံလုံ တစ်လှည့် ငါးပျံတစ်လှည့် သူနိုင်ကိုယ်နိုင် အသက်လုပွဲ ဆင်နွှဲခဲ့ရခြင်း အကြိမ်ကြိမ်။
သားရဲတိရစ္ဆာန်ပြွမ်းတီးတဲ့ တောခြေစုံမြိုင်၊ ဂနိုင်မြိုင်ခြေ၊ ရဂုံဘွေတွင်းမှာ အင်အားကြီးသူက အင်အားငယ်ကိုသတ်၊ လျှင်သူ စားပြီး အ,သူ ခံပေတော့။
သည်တော သည်တောင်အတွင်းမှာ အသက်ရှင် နေထိုင် ကျင်လည်ကျက်စားနိုင်ဖို့က သူ့ထက်သူ ဥာဏ်သာဖို့၊ ကောက်ကျစ်ဖို့၊ ရက်စက်ဖို့၊ ခြေမြင်ဖို့ လိုအပ်လှသည် မဟုတ်လား။ မုဆိုးက အလို့များကတော့၊ တော့မကျွမ်းလို့များကတော့ မုဆိုးက သားကောင်ဖြစ်သွားချိမ့်မည် မုချ။
ဤမြိုင်သေလာမှာ တောဘုရင် တောသခင် မင်းမျိုး ကျားဆိုးများကိုလည်းကောင်း၊ ဟိုင်းဆင်၊ တယ်ဆင်၊ စွယ်စုံ စသော အန္တရာယ်ကြီးမားစွာ ပေးစွမ်းနိုင်သည့် ဆင်ဆိုးကြီးများကိုလည်းကောင်း၊ စဉ်းလဲကောက်ကျစ် ဥာဏ်များလှသော၊ ကြမ်းကြုတ်ရက်စက်လှသည့် သစ်ဆင်ကြီးများ၊ ကျားသစ်များကို လည်းကောင်း ၊ ရန်သူမှန်က ကြောက်ရွှံ့ထိတ်လန်ခြင်းမရှိ ဒေါသကြီးလှသည့် ပြောင်၊ စိုင် စသော တောသတ္တဝါကြီးများကို လည်းကောင်း၊ ချောက်ချားကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရန်မူတတ်သော ဝံဆိုးကြီးများကိုလည်းကောင်း မုဆိုး ရင်ဆိုင်ခဲ့ဖူးသည်။ သုတ်သင်ခဲ့ဖူးသည်။
သင်းတို့ကြောလည်း မုဆိုး အန္တရာယ်နှင့် လက်တကမ်း၊ သေတွင်းနှုတ်ခမ်းနှင့် တည်းတည်းကလေးအလိုထိ ဒဏ်ရာအနာတရကြီးစွာ ရရှိခဲ့ဖူးလေသည်။
သို့စေကာမူ မုဆိုးက လားလားမှ မဖြုံ။ ဝါသနာ၏ စေစားရာနောက် တကောက်ကောက်လိုက်ပါရင်း အမဲပစ် တောလည် လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းတစ်ခုပမာ သဘောထား၍ စိုက်လိုက်မတ် တပ် လုပ်ကိုင်ခဲ့သည်။
တောကို ချစ်သည်။ တောမှာ မွေ့လျော် ပျော်သည်။
တောကိုပစ်၍ မြို့ကို မမင်။
စိမ်းစိုညိုမှောင်သော တောသည် မုဆိုး၏အိမ်။ မုဆိုးပျော်ရာ နေရာ။ မုဆိုး၏ ကမ္ဘာ။
တော၏ အလှက စစ်မှန်သည်။ တည်ငြိမ်သည်။ အေးချမ်းသည်။
အတုအယောင်မရှိ။ လှည့်ဖျား ကောက်ကျစ်ခြင်း မရှိ။ ဟန်ဆောင်ခြင်း မရှိ။
မြို့ပြ ဆိုသည်ကမူ ပရိယာယ်တစ်ထောင်၊ မာယာတစ်သောင်း၊ လိမ်ညာကောက်ကျစ်စဉ်းလဲ ယုတ်မာမှုများ အသိန်းအသန်း၊ လှီးဖို့ ခွာဖို့ နွှာဖို့ အစဉ်ထာဝရ ကြံစည်နေတတ်သော အဓမ္မသမားများ ပြွမ်းတီး ပြည့်လျှမ်းလျက် ရှိနေတတ်စမြဲ။
ထို့ကြောင့် မုဆိုးက ရွံ့ရှာလှသည်။ မစင် ဘင်ပုတ်ပမာ စက်ဆုပ်လှသည်။ သို့မို့ကြောင့် မုဆိုးက မြို့ကိုရှောင်သည်။ မလွှဲမရှောင်သာသော ကျန်းမာရေး ကိစ္စမျိုးမှတစ်ပါး မုဆိုးက တောမှာသာ ပျော်မွေ့ သည်။
ဘဝဆိုသည်က ခယောင်းတောလမ်းမျိုး၊ ပန်းကြဲသောလမ်းမျိုး၊ လျှောက်လှမ်းသူများ၏ ဘဝက မမှန်။ အကြံအဖန်တွေဖြင့် တင်းကြမ်းပြည့်နေသည့် ဝိသမလောဘသားတွေ များလှသည်။ လူသား၏ နှလုံးသားတွင်းမှာ လောဘ၊ ဒေါ သ၊ မောဟများ အပြည့်အသိပ် ရှိနေသည်ကို မည်သူမျှ မငြင်းနိုင်။
မုဆိုးသည်လည်း လူသားသာ ဖြစ်သည်။ လောဘရှိသည်။ ဒေါသ ရှိသည်။ ပြီးတော့ မောဟလည်း ရှိသည်။
သို့ပင်ဖြစ်စေကာမူ လောဘ နည်းအောင်၊ ဒေါသ နည်းအောင်၊ မောဟ ကင်းစင်အောင် ကျင့်ကြံကြိုးစား နေထိုင်သည်။
သေနတ်ကို ကိုင်၍ အမဲသားကောင်များအား သုတ်သင်သတ်ဖြတ်နေသော မုဆိုးကို ကြမ်းကြုတ် သည်လိုပဲ ဆိုဆို၊ ရက်စက်သည်လို့ပဲ ပြောပြော မုဆိုး သုတ်သင်သတ်ဖြတ်သော တောကောင်များကား လူတို့ကို အန္တရာယ်ပြုသော သတ္တဝါဆိုးများသာ ဖြစ်ချေသည်။
ဟင်းပျိုးဟု တောသူတောင်သားများက ကင်ပွန်းတပ်ထားသော ကျားဆိုသော သတ္တဝါ။ လူသားကို သည်ကျား မြီးစမ်းကြည့်ဖူးပြီဆိုလျှင် သည်ကျားသည် တောတစ်ခွင် တောင်အနှံ့ ဒုက္ခပေးပြီ။
တောသူ တောင်သား ဘာသာဘာဝ ဝါးခုတ်၊ မျောခုတ်၊ မှိုနုတ်၊ ဖက်ခူး၊ ဟင်းရွက်ရှာပင် မထွက်ရဲအောင် အန္တရာယ်ကြီးသည်။ မုဆိုး ရှာဖွေသုတ်သင်သည်က သည်လိုကျားဆိုးမျိုး။
တောဆင်ဆိုသည်မျိုးက မုဆိုးတိုင်း ပစ်ခတ်နိုင် ခွင့်မရှိ။ အစွယ်ကို လို၍ ဆင်ကို မသတ်ရ။ သစ် တောဥပဒေဖြင့် တားမြစ်ထားသည်။
သို့ပင်ဖြစ်စေ ကာမူ ဆင်ဆိုးများ ကျူးကျော်နယ်လွန်လျက် လူတို့၏ စိုက်ခင်းများ၊ တောင်ယာများကို ဖျက်ဆီးလာလျှင် သင်းတို့ကို နှိမ်နင်းဖို့ လိုသည်။
ရံဖန်ရံခါ တောဆင်ဆိုးများ လူနေကျေးရွာများ အတွင်း ချဉ်းနင်းဝင်ရောက်လျက် လူကိုပင် သတ်ဖြတ်နင်းချေ အန္တရာယ်ပြုလာတတ်ပေသည်။ သည်အခါ မုဆိုးက ဆင်ဆိုးများကို ချေမှုန်းသည်။ သူသေ ကိုယ်သေ ရင်ဆိုင်လျက် သုတ်သင်သည်။ အမဲကြီးပစ်ခွင့် လိုင်စင်ယူလျက် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်သည်။
သစ်ဆင်ကြီးများ၊ ကျားသစ်ကြီးများသည်လည်း လူသားတို့အတွက် အန္တရာယ်ကောင် ဖြစ်သည်။
ဦးစွာပထမ ရွာနီးချုပ်စပ် အနီးကပ်၍ အလစ်အငိုက်မှာ အိမ်မွေးတိရစ္ဆာန်များကို ဆွဲသည်။ အတင့်ရဲသည်ထက် ရဲလာသည့်အခါ လူတို့ကိုပါ ရန်မူသည်။ မုဆိုး သုတ်သင်သတ် ဖြတ်ခဲ့သော အမဲကြီးများ မြောက်များစွာ ရှိသည်။ လွယ်လွယ်ကူကူ ချောချောမောမော အောင်မြင်ခဲ့ခြင်းများ ကြုံတွေ့ရသလို ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ရင်ဆိုင်ခဲ့ရသည်များလည်း ရှိခဲ့သည်။
(၂)
သည်တစ်ခေါက် တောသို့အရောက်မှာ မုဆိုး၏ စိတ်အထာက ဘဝင်မကျနိုင် ဖြစ်နေသည်။ ဘာကို ဘဝင်မကျ ဖြစ်နေမှန်း သူဘာသာသူ မသိ။ စိတ်တွင်းက တစ်စုံတစ်ရာကို အလိုမကျ။
အမဲပစ်ရိုင်ဖယ်ကို ညာလက်တွင် အလွတ်စွဲကိုင်လျက် အလေ့အကျင့်ရှိပြီး နား၊ မျက်စိ၊ သတိများဖြင့် တောနက်ရာသို့ တိုးဝင်နေသည်။
ဟိုရှေးယခင်က ပုံစံအတိုင်းပင် တောသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အေးစိမ့်သော အတွေ့အထိက မုဆိုးကို ဖမ်းစားလိုက်သည်။ ညံ့နုသက်သော လေ ပြေက မုဆိုး၏ သုန်မှုန်သော မျက်နှာကို ပွတ်သပ်ကျီစယ်သည်။ တဒင်္ဂပဟန်အတွင်း မုဆိုးအဖို့ ငြိမ်းအေးသွားသည့်အလား ခံစားရသည်။
ချစ်သူလက်။ ဟုတ်ပါရဲ့။ လှိုင့် လက်ကလေးတွေ။ နူးညံ့သည်။ ထွေးနွေးသည်။ မုဆိုး၏ မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များကို လှို င့် လက်တစ်စုံက ရွရွကလေး ပွတ်သပ်နေသည်။
သည်အခါ လူကြမ်းကြီးတို့ နူးညံ့သိမ်မွေ့သွားသည်။
ချစ်ရသူ၏ လက်ဖဝါးကလေးများပေကိုး။
ယခုလည်း တောသည် မုဆိုး၏ရင်ကို ငြိမ်းအေးသွားစေသည်။ မုဆိုးပျော်သော တော။ မုဆိုး မွေ့လျော်သောတော။ မုဆိုးချစ်သောတော။
ဟိုးခပ်ဝေးဝေး မြိုင်တန်းတစ်နေရာမှ တောကြက်တွန်သံသဲ့သဲ့ ကြားရသည်။ တောတန်း၏ အရှေ့မြောက်ဖျားဆီမှ တောကြက်တွန်သံ မဆုံးမီမှာပင် ဂျီတစ်ကောင်၏ ဝေါင်ကနဲ ဝေါင်ကနဲ ဟောက်သံ ကြားရသည်။
အမဲငယ်ကလေးတွေ အသံ။ ဂျီဖိုသည် ထိတ်လန့်စိုးရွံ့ဖွယ်ရာ တစ်စုံတစ်ရာကို ရင်ဆိုင်လိုက်ရဟန် တူသည်။ ဝေါင်ကနဲ … ဝေါင်ကနဲ ဟောက်ရင်းက အသံ တစ်စထက်တစ်စ တိုးသွားသည်။ ဝေး၍ဝေး၍ သွားသည်။
ဂျီဖိုကလေး ပြေးသွားပြီ။
မုဆိုးက တော၏ အရှေ့မြောက်ဖျားဆီသို့ ခြေလှမ်းများကို ဦးတည်လိုက်သည်။
အရှေ့မြောက်ဖျားတွင် စမ်းရေအိုင်တစ်ခု ရှိသည်။ သည်တောတန်းတစ်ခွင်မှ အမဲသားကောင်များက သည်ရေစမ်းကို အားထားရသည်။ သဘာဝ ကျောက်ချပ်ကြားမှ စိမ့်ထွက်လာသော စမ်း။ ကျောက်သင်ပုန်းကြီးတစ်ချပ်ပမာ တည့်တည့်မတ်မတ် တောင် လျက်ရှိသည့် ကျောက်ချပ်ကျောက်လွှာ၏ အခြေတစ်နေရာမှ “ပွက်ကနဲ … ပွက်ကနဲ” ပွက်ထလျက် ထွက်လာသော စမ်းရေသည် ဘေးတစ်ဖက်တစ်ချက် ပတ်ပတ်လည်မှာ ဖြူနုသော သဲမွမွများဖြင့် သန့်ရှင်းကြည်လင်သည့် ရေအိုင်ကလေးတစ်ခုအဖြစ် တည်ရှိနေသည်။
ကန်ငယ်ကလေး၏ ဝန်းကျင်ပတ်ခြာတွင် မိုးမခပင်ကလေးများက ဝိုင်းရံထားသည်။ တွဲရရွဲ ကျလျက်ရှိသော မိုးမခကိုင်းများက ကန်ငယ်ကလေးအား အေးရိပ်သာယာဖြစ်အောင် ဖန်တီးပေးထားသည်။
ကျောက်ချပ်နံရံကြီးများကြောင့် လေက တိုးဝင်တိုက်ခတ်လာနိုင်ခြင်း မရှိ။ သည်နေရာတစ်ဝိုက်တွင် ကနစိုပင်၊ ရေသဖန်းပင်အချို့ ရှိနေပြီး စမ်းရေအိုင်မှ အေးမြသော ရေငွေ့ဖြင့် သစ်ခက်သစ်ကိုင်းများ စိမ်းစိုညိုမှောင်လျက် ရှိသည်။
သည်စမ်းရေအိုင်ကလေးအား ဝိုင်းပတ်ထားသော မြရောင်စိမ်းစိုလျက်ရှိသည့် မြက်ခင်းက အမဲကောင်များအတွက် ညှို့ယူဖမ်းစားတတ်သော စားကျက်အဖြစ် တည်ရှိနေသည်။ စားပင်သီးပင်များ ရှိ၍ အစာရေစာ ပေါကြွယ်ဝခြင်းကြောင့် သည်စားကျက်ကို အမဲများ လက်မလွှတ်နိုင် ရှိချေသည်။
မုဆိုးသည် တောင်ခါးပန်းကိုကျော်၍ တရွေ့ရွေ့ ရှေ့သို့ တက်လာသည်။ တောင်ခြေသို့ လှမ်းငုံ့ကြည့်လိုက်သည့်အခါ ရွာစုစုကလေးကို မြင်ရသည်။ အိမ်ကလေးများ၊ တဲကလေးများ ဟိုတစ်စု သည်တစ်စု။
ခိုးကြောင်ခိုးဝှက်ဖြင့် မုဆိုးကို လှမ်းမျော်ကြည့်နေသည့်နှယ် ဖြစ်သည်။
သာယာသောရှု့ခင်းကို မုဆိုးက အာရုံစိုက်မနေနိုင်ပါ။ သည်အလှ၏ နောက်ကွယ်မှာ အန္တရာယ် ရှိနေတတ်သည်။ ဝန်းကျင်၏ သာယာမှုကို ငေးမောနေမိလျှင် သတိလက်လွတ် ဖြစ်သွားမည်။ သတိလစ်လျှင် ခံရမည်။
သာယာသော တော။ တော၏ မာယာကို အထာမကျွမ်းလျှင် မုဆိုးက သားကောင် ဖြစ်သွားလိမ့်မည်။
သတိကို မလပ်စေဘဲ မုဆိုးက လှုပ်ရှားသည်။ ထက်အောက်ဝဲယာကို မပြတ်သော သတိဖြင့် တရစပ် စူးစမ်းကြည့်ရှုရင်း ခြေကို လှမ်းသည်။
တော၏ ရနံ့က မုဆိုးကို လွှမ်းခြုံပိုက်ထွေးလိုက်သည့်နှယ် ဖြစ်သည်။ သည်ရနံ့က မုဆိုး၏ ရင်ကို နွေး
သွားစေသည်။ မောသမျှ ပြေပျောက်သွားစေသည်။
မုဆိုး၏ ရင်ခုန်သံ မြန်လာသည်။ ပီတိလွှမ်းသော ရင်ခုန်သံ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ မက်မောတွယ်တာလာခဲ့ရသော တော၏ အသံ၊ တော၏ အနံ့အသက်တို့ကို ရှူရှိူက်လိုက်သည်။
မုဆိုး အားပါးတရ စိတ်တွင်းမှာ ခံစားကြည့်လိုက်သည်။ နှစ်ခြိုက်ကျေနပ်မှုက ရင်တွင်းသို့တိုင် တိုးဝင်သွားသည်။
အနောက်ဖက်ရှိ မြင့်မားသော တောင်ကြီးများဆီသို့ နေမင်း ဝင်စပြုနေပေပြီ။ တောင်ရိပ်များက ရေပြင်ပေါ်သို့ ထိုးကျနေရာ ရေပြင်သည် ပြိုးပြက်ပြာလွင်နေသည်။ ငြိမ်သက် အေးချမ်း သာယာခြင်း၏ သရုပ်သကန်နှင့် တူသည်။
တိုက်ခတ်လျက်ရှိသော လေက သန့်စင်လတ်ဆတ်နေသည်။ သို့တစေ သည်လှပသော ဝန်းကျင်သည် အန္တရာယ်များဖြင့် ပြွင်းတီးပြည့်လျံလျက် ရှိနေသည်ကို မုဆိုးက သိထားသည်။ လှပခြင်း၏ နေရာတွင် အရုပ်ဆိုးအကျည်းတန်ခြင်းတို့ မကြာမတင် နေရာ ယူလာချိမ့်မည်။ အန္တရာယ် မကျရောက်မီ ငြိမ်သက်ခြင်းက ဖြစ်တည်နေသည်သာ။
ဆည်းဆာ၏ နေခြည်က သည်တစ်ဝိုက်မှာ ပျံကြဲလျက် ရှိသည်။ ပူနွေးပြိုးပြက် တောက်ပသော နေရောင်ခြည်၏ လွှမ်းခြုံမှုအောက်တွင် မြေဆီမြေလွှာတို့ ပေါ်ထွန်းနေပြီး လူသတ္တဝါတို့အတွက် သီးနှံ သစ်သီး သစ်ဥများ၊ အစာအာဟာရများကို ဖြည့်စွမ်းပေးနေသည်။ သည် အစာအာဟာရများကြောင့် သည်တော သည်တောင် သည်မြောင် သည်ချောင် တစ်ခွင် ကျင်လည်ကျက်စား လှုပ်ရှားသွားလာသော တောတွင်းသတ္တဝါများ ရှိနေကြသည် မဟုတ်လား။
သဘာဝ၏ နိယာမတရားသည် အလွန်တရာ ထက် မြက်ပြင်းထန်သည်။ ရာသီဥတု အပူဆုံး၊ အအေးဆုံး၊ ဆန့်ကျင်ဘက်များကို ဖန်တီးပေးသည်။
ရေနှင့် မီး။ ကောင်းကင်နှင့် မြေကြီး။
သည်အဇဌာအတွင်းရှိ သက်ရှိသတ္တဝါများအနေဖြင့် ပင်ကိုယ်သဘာဝ အသိဥာဏ်၊ လေ့လာသင်ယူခဲ့သော အတွေ့အကြုံ ဗဟုသုတများဖြင့်သာ အသက်ရှင်သန်အောင် ကြိုးစားအားထုတ်ကြရသည်။
ကမ္ဘာဦးမှစ၍ ယနေ့ထက်တိုင် မပြောင်းမလဲ တည်
ရှိနေသော လောက၏ နိယာမတရား။
မုဆိုးသည် သင်္ကန်းပင်ကြီးတစ်ပင်၏ အခြေတွင် အကာအကွယ်ယူ၍ ခေတ္တ ရပ်တန့်လိုက်သည်။ သူ၏ အလေ့အကျင့်ပြည့်ဝသော နားအတွင်း အသက်အသံတစ်ခုခု ကြားလိုက်ရသည့်နှယ် ဖြစ်သည်။
မုဆိုးသည် မိမိနှင့်ရင်းနှီး အထာကျနေပြီ ဖြစ်သော ပိတ်တွင်းခံစားမှု တစ်စုံတစ်ရာကို ရင်အတွင်းမှာ သိသာစွာ ခံစားလိုက်ရသည်။ ဆဋ္ဌမအာရုံတစ်ခုလိုဖြစ်သည်။ မုဆိုးသည် မွေးရာ ဗီဇပါ မုဆိုးစိတ်ဓာတ်မျိုး မူလကပင် ရှိပြီးဖြစ်သည်။
သင်ဓုန်းဓါး တစ်လက်လို မြိမြိမြမြ ထက်မြက်နေသော ပင်ကိုယ်စူးရှသော စိတ်ဓာတ်ဖြင့် ဝန်းကျင်ကို စူးစမ်းအကဲခတ်လိုက်သည်။
သင်္ကန်းပင်ထိပ်ဖျားရှိ ငှက်တစ်ကောင်၏ ရုတ်တရုတ် အော်မြည်သံ ပေါ်ထွက်လာသည်။ ထိတ်ခနဲ ဖြစ်သွားသော အသိစိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်ရင်း မုဆိုးက အလေ့အကျင့်ရပြီး နား မျက်စိများ စွင့်ထားလိုက်သည်။
အိကနဲ စူးရှကျယ်လောင်သော အသံကို ကြားရသည်။ ဝေါကနဲ တောကို တိုးထွက်လာသော အသံရှင်မှာ ဝက်တောင်းကြီးတစ်ကောင် ဖြစ်သည်။
လေပြင်းတစ်ချက် တိုးဝှေ့လိုက်သည်။ ဖြတ်သန်းသွားသည့်လေကြောင့် သစ်ပင်ချုံနွယ်များ တရှဲရှဲ တသဲသဲ ဖြစ်သွားသည်။
ဝက်တောင်းလို တောကောင်မျိုးက အဆမတန် ကြီးမားလှသည်။ ဝတ်အုပ်အတွင်းမှာ မနေသာ၍ တစ်ကောင်တည်း ကျင်လည်ကျက်စားရသော သတ္တဝါဖြစ်သည်။
ဝက်အုပ်ထဲမှ ဝက်ပျို ဝက်ပေါက်များက ကြံ့ခိုင် သန်စွမ်းခြင်းများ လျော့ပါးလာပြီဖြစ်သော အုပ်စုဗိုလ်ကို ဝက်အုပ်တွင်းမှ တိုက်ခိုက်မောင်းထုတ်လိုက်တတ်ကြသည်။ အားမတန်၍ မာန်လျှော့ရသော ဝတ်အိုကြီးခမျာ ဝက်အုပ်တွင်းသို့ ဝင်ရောက်ရောနှောခွင့် မရတော့ဘဲ တစ်ကောင်တည်း ကျင်လည်ရရှာသည်။
တစ်ကောင်တည်း လှုပ်ရှားရသဖြင့် လည်းကောင်း၊ ဝက်ပျိုမများအနီးသို့ မချဉ်းကပ်ရ၍ လည်းကောင်း၊ သင်းကွဲဖြစ်နေရ၍ တစ်ကြောင်း ဒေါသထန်ပြင်းနေတတ်သည်။ ထစ်ကနဲဆို ရှူးကနဲ ဒေါသမာန်ပွား၍ ရန်လိုနေတတ်သော သတ္တဝါမျိုး။ မိမိ အသက်ရှင်သန်ရပ်တည်နိုင်ဖို့ အလို့ငှာ မည်းမည်းမြင်သမျှ ရန်သူအလား သဘောထားနေတတ်သည်။
အထီးတည်းဖြစ်၍ အင်အားကြီးမားသော တောတွင်းသတ္တဝါများကလည်း အားသေးသူတို့အား ကြီးသူက အနိုင်ယူစတမ်း တိုက်ခိုက်သုတ်သင်တတ်သည်။
ယခု တောကိုတိုး၍ ဝေါကနဲ ထွက်လာသော တောဝက်သည် လူ့ခါးစောင်းခန့်မြင့်ပြီး ကြီးမားလှသည်။ တရှူးရှူးနှင့် ဒေါသမာန်ပွားရင်း ဇောင်းမွေးများ ကောင်းကင်သို့ ထောင်နေသည်။ လာရာလမ်းကို လှည့်ကြည့် လှည့်ကြည့်နှင့် လုပ်ရင်း ကွင်းစသို့ ဝင်လာသည်။ ရေအိုင်သို့ ဝင်၍ ရေသောက်မည့် အသွင်သဏ္ဌာန်ရှိသည်။
မုဆိုးက ထူးခြားသော သည်မြင်ကွင်းကို ငြိမ်သက်စွာ အကဲခတ်နေမိသည်။
ဝက်တောင်းလို့ တောသတ္တဝါသည် သာမန်ရန်သူကို မဖြုံတတ်ချေ။ သူနိုင်ကိုယ်နိုင် အပြိုင်နွှဲ တိုက်ပွဲဝင်ရမည့် ရန်သူဖြစ်ဖွယ်ရှိကြောင်း မုဆိုး ရိပ်မိသည်။
တောတွင်းမှာ ဘုရင်က ဟင်းမျိုးကျား ဖြစ်သည်။ တောဘုရင် ဟင်းမျိုးကျားဆိုသာ နောက်ကပါလာလျှင် သည်ဝက်တောင်း ယခုလို ကွက်ကြည့် ကွက်ကြည့် လုပ်မည် မဟုတ်သည်က အသေအချာပင်။
ကျားကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုး လုပ်လေ့လုပ်ထ မရှိ။ အားကြီးသည်ချင်း တူပေမယ့် တောဘုရင် ကျားကို တော်ရုံနှင့် အံမတုတတ်။ ဝေါကနဲ တောကိုတိုး၍ အပြေးရှောင်သွားမည်သာ ဖြစ်သည်။
ရေအိုင်စပ်မှာ ရှေ့လက်နှစ်ဖက်ကိုချ၍ ရှည်မျောမျော ခေါင်းကြီးကိုငုံ့လျက် စမ်းရေကို တရှူးရှူး ငုံ့သောက်လျက်ရှိသည့် ဝက်တောင်းကြီးကို မုဆိုး ကျေနပ်စွာ မြင်ရသည်။
ကျည်အသင့်ထိုးပြီး သုံးဆယ်ဒသမ သုညခြောက် ဝင်ချက်စတာ စပရင်းဖီးလ် အမဲပစ်ရိုင်ဖယ်မှ ၂၂ဝ ဂရိမ် ခဲထိပ်ဖူးတပ် ကျည်တစ်တောင့်တည်းဖြင့် ဝက်တောင်းကြီး ဝပ်ကျသွားသည်။ “အိ” ကနဲ နာကျည်းစူးရှစွာ တစ်ချက်အော်လိုက်ပြီးနောက် ခြေနှစ်ချောင်း လက်နှစ်ဖက် အကြောစုံဆွဲ၌ ငြိမ်သွားသည်။
ဘယ်ဘက် နှလုံးကွင်းကို တိကျစွာ မှန်သွားခြင်းဖြစ်သည်။
မုဆိုးသည် အမဲပစ်သေနတ်မှ ကျည်ခွံကိုထုတ်၍ ကျည်သစ်တစ်တောင့် ထိုးလိုက်ပြီး ငြိမ်နေလိုက်သည်။ ဝက်တောင်းကို နောက်ယောင်ခံ၍ လိုက်လာသည့် ရန်သူကို မျှော်လင့်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သဲကြီးမဲကြီး ဇွဲနဘဲကြီးသောရန်သူဆိုက မုချတွေ့ရချိမ့်မည်။ တောင်ယံတဝိုက် ချောက်ချားကြောက်မက်ဖွယ်ရာ ပဲ့တင်ထပ်သွားသော သေနတ်သံကို သင်း ထိတ်လန့်သွားလေမည်လား။ မုဆိုး တွေးလိုက်မိသည်။ တော်ရုံ သားကောင်မျိုးဆိုက ဖြုံသွားနိုင်သည်။ ကြောက်ရွံ့သွားနိုင်သည်။ နောက်ကြောင်းပြန်၍ တစ်ချိုးတည်း လစ်သွားနိုင်သည်။
“ဟင်း” ကနဲ စားမာန်ဖြင့် ဟိန်းလိုက်သော သားကောင်ကြီးတစ်ကောင်၏ အသံကို တုန်လှုပ်ဖွယ် ကြားလိုက်ရသည်။ အစာကိုတွေ့ပြီး မာန်ဖီ၍ ဟိန်းသော အသံမျိုးဖြစ်သည်။ ရန်လိုသော အသံ။ စိမ်ခေါ်သော အသံ။
နှစ်ချက်မျှ ဆက်တိုက် ကြားလိုက်ရသည့် မာန်ဖီ သံအဆုံးတွင် ကြီးမားနက်မှောင်သော သစ်ဆင်ကြီးတစ်ကောင်က စမ်းရေအိုင်အစပ်တွင် ဝပ်လျက် အသက်ပျောက်နေသည့် ဝက်တောင်းကြီးအပါးသို့ ဗြုန်းကနဲ ရောက်လာသည်။ ကြောင်တစ်ကောင် ခုန်ချလိုက်သည့်အလား ငြင်သာလှသည်။
အဝါဖျော့ဖျော့ပေါ်တွင် မဟူရာသွေးရောင် ဂုံညင်းဝိုင်းခန့် အနက်ကွက်များဖြင့် ရုတ်တရက်ကြည့်လျှင် နက်မှောင်နေသော သစ်ဆင်ကြီးက ဝန်းကျင်ကို ထီမထင်သလို လှည့်ပတ်ကြည့်ရှု အကဲခတ်လျက် ရှိ သည်။
စိမ်းလဲ့တောက်ပြောင်နေသည့် မျက်လုံးစိမ်းကြီးများက မုဆိုးရှိနေရာ သင်္ကန်းပင်ကို မသင်္ကာသလို စူးစိုက်ကြည့်နေသည်။ သန်စွမ်းသော ရှေ့လက်အစုံဖြင့် ဝက်တောင်းကြီး၏ လည်တိုင်ကို အားဖြင့် ပုတ်ချလိုက်သည်။
အသက်ကင်းမဲ့နေလင့်ကစား ပြင်းထန်ကြီးမားသော သစ်ဆင်၏ လက်အစုံဖြင့် ပုတ်ခြင်းခံလိုက်ရသဖြင့် ဝက်တောင်ကြီး၏ အစွယ်ပြူးပြူး၊ နှုတ်ခမ်းဝမှ ရှူးကနဲ အသံပင် ပေါ်ထွက်လာသည်။
မုဆိုးက အခွင့်အရေးကို လက်လွတ်မခံ။ ၂၂၈ ယမ်းအားဂရိမ်ရှိ ကျည်မာတစ်တောင့် ထိုးထားသည့် အမဲပစ်ရိုင်ဖယ်ကို ပစ်မှတ်သို့ဦးတည်လိုက်သည်။
သုံးဆယ် ဒသမ သုညခြောက် ဝင်ချက်စတာ စပရင်းဖီးလ် အမဲပစ်ရိုင်ဖယ်၏ ရှေ့ချိန်သီးသည် အလူမီနီယမ် အဖူးကလေး ဖြစ်သည်။ သေးမျှင်သော ပုလဲလုံးကလေး တစ်လုံးနှင့် အလားသဏ္ဌာန်တူသည်။
နောက်ချိန်ခွက်သည် လခြမ်းကို ပက်လက်လှန်ထားသည့်နှယ်ဖြစ်ပြီး အလယ်တည့်တည့်တွင် တြိဂံထက်ပိုင်းပြတ် ထည့်ကပ်ထားသလို ရှိသည်။
ထက်ပိုင်းပြတ် တြိဂံ၏ ဗဟိုတွင် ပုလဲလုံးကလေး တည်ရှိနေပြီး သန်စွမ်းကြီးမားသော သစ်ဆင်၏ ခွဲတောင်းငယ်တစ်လုံးကဲ့သို့သော ဦးခေါင်းနှင့် တစ်တန်းတည်းရှိသည့်အခိုက် ဒိုင်းကနဲ သေနတ်သံ တစ်ချက် ပေါက်ကွဲသွားသည်။
တောအလုံးကို ကျယ်လောင်သော သေနတ်သံ ဒနှင့် ဝေါင်းကနဲ … ဝေါင်းကနဲ နာနာကျည်းကျည်း အနာတရ ဟိန်းလိုက်သော သစ်ဆင်၏ အသံများက သဲသဲရုတ်ရုတ် ဖြစ်သွားစေသည်။ သစ်ဆင်သည် ကြီးမားသော ဦးခေါင်းကြီးကို မြေတွင် ကပ်ငြိနေရာမှ ခွာထုတ်မရသဖြင့် ရှေ့လက်အစုံဖြင့် မ,ယူနေသည့်နှယ် အပြင်းအထန် ရုန်းကန်လျက် ရှိသည်။
နက်မှောင်သော မဟူရာအကွက်များ ခြယ်သထားသော ခန္ဓာကိုယ်က စပါးကြီးမြွေတစ်ကောင်လို တွန့်လိမ်လှုပ်ရှားနေသည်။ မုဆိုးက သင်္ကန်းပင်အနောက်မှထွက်၍ သားကောင်အနီးသို့ သတိဖြင့် ချဉ်းကပ်လာသည်။ ဆယ်ကိုက်အကွာတွင် ရပ်တန့်၍ လှုပ်ရှားရုန်းကန်နေဆဲ သားကောင်၏ လက်ပြင်သို့ ကျည်တစ်တောင့် ပစ်သွင်းလိုက်သည်။
ဒိုင်းကနဲ သေနတ်သံသည် တောအပြင်ကို ပဲ့တင်သံထသွားစေသည်။ ပဲ့တင်သံ စဲမသွားမီပင် သစ်ဆင်ကြီး ငြိမ်သွားသည်။ အန္တရာယ်ပေးနိုင်စွမ်း မရှိတော့။ ဒေါမာန်ကြီးသော သားကောင် ဇီဝိနချုပ်သွားပြီ။
သစ်ဆင်လို သတ္တဝါမျိုးက ကျားသစ်နှင့် မတူ။ သန်စွမ်းသည်။ ကြံ့ခိုင်သည်။ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်သည်။ လူနှင့် ရင်ဆိုင်မိလျှင် အသေကိုက်တတ်သည်။ လက်နက်မပါလျှင် ခံပေတော့။
သို့စေကာမူ သည်သတ္တဝါမျိုးက လူကို ရှောင်တတ် သည်။ တွေ့ရခဲသည်။ ကျားသစ်လိုကောင်မျိုးကို မကြာခဏ တွေ့ရတတ်သော်လည်း သစ်ဆင်က တောကြီးမြိုင်ကြီးမျိုးမှာသာ ကျင်လည်ကျက်စားသည်။ သားစားကျူး၍ အားနည်းသော တောကောင်များကို ရှာဖွေဖမ်းစားတတ်သည်။
ယခုလည်း ဝက်တောင်းကြီးကို အဓမ္မ လိုက်လံဖမ်းဆီးရင်း မုဆိုးနှင့်တွေ့၍ သုတ်သင်ခြင်း ခံလိုက်ရပြီ။
အသက်ကင်းမဲ့နေပြီဖြစ်သော သားကောင်နှစ်ကောင်ကို ကြည့်ရင်း မုဆိုး ကျေနပ်စွာ ပြုံးလိုက်သည်။ ဒေါသမာန်ဟုန်ကြီးမားသော သတ္တဝါနှစ်ကောင်။
ယခု ဒေါသကြောင့်ပင် အသက်ဆုံးသွားကြရသည်။
အားနည်းသူကို အားကြီးသူက သတ်ဖြတ်သုတ်သင် သော တော၏ နိယာမအရ တစ်ကောင့် တစ်ကောင် သတ်ဖြတ်ဖို့ အနိုင်ယူဖို့သာ လုံးပန်းအားထုတ်ရင်း မုဆိုး၏ သုတ်သင်ခြင်း ခံလိုက်ရပြီ။
စမ်းရေအိုင်တစ်ဝိုက် ခိုအောင်းနေသော တောသတ္တဝါများ လေပြင်းတိုက်ခတ်သဖြင့် ရော်ရွက်များ လွင့်ပါသွားသလို ထွက်ပြေးပျောက်ကွယ်သွားကြပြီ။
ကျန်ကြွင်းနေ ဆည်းဆာအို၏ လိမ္မော်သွေးရောင်ခြည်များ ကြွင်းကျန်နေသေးသဖြင့် တောအပြင်သည် လှပတင့်တယ်နေသေးသည်။ စိမ်းစိုသော မြက်ခင်းစိမ်းပေါ် တွင် ရွှေရည်များ ဆမ်းထားသည့်နှယ် ပြိုးပြက်တောက်ပနေသည်။ စမ်းရေအိုင်တွင်းမှာမူ ရွှေဘောလုံးကြီးတစ်လုံး ပြုတ်ကျနေသည့်အလားပင်။
စုံမြိုင်ဘွေလယ်မှာ မုဆိုးသည် ဆန့်ကျင်ဘက်နှစ်ခုကို သုံးသပ်မိသည်။ သဘာဝ၏ အလှအပကို ယခု မြင်နေရသည်။
မိုးမခကိုင်းများ တွဲရကျနေသဖြင့် ကတ္တီပါမြစိမ်းကားလိပ်ကြီး ဖြန့်ချထားသလို ရှိနေသည်။ ရွက်ဖားဝေဝေများအကြားမှ တော၏အလှနောက်ခံကို ရှုမြင် ရသည်။
ကျောက်ချပ်များအကြားမှ ယိုစိမ့်စီးကျလျက်ရှိသော စမ်းရေစီးသံသည် ငြိုးငြိုးငြင်ငြင် အသံကိုပြုသည်။
ဒီးဒူးပင်ကြီးတစ်ပင် အဖျားမှာ ကျေးကြုတ်ငှက်တစ်အုပ် နားနေရာမှ ဘာသာဘာဝ မြည်ကြွေးသံများ ထွက်ပေါ်လာသည်။
တော၏ အသွေးအရောင်များ အသက်အသံများ အချင်းချင်း စီးမျောတိုးဝင်နေသည်။ အထောက် အကူ ပြုနေသည်။ အလှအပချင်း ဖလှယ်နေကြသည်။ ဟုတ်ပါရဲ့။ ရှုမရဲသော အလှ။ ကြည့်မဝသော အလှများ။
စမ်းရေအိုင်စပ်၌မူ အကျည်းတန်သော သတ္တဝါနှစ်ကောင်။ အသက်ဝိညာဉ် ကင်းမဲ့ သေဆုံးနေပြီ။ ကြမ်းကြုတ်ခြင်း ၊ ရက်စက်ခြင်း၊ ခက်ထန်ရိုင်းစိုင်းခြင်း စသော ရုန့်ရင်းကြမ်းတမ်းသည့် အသွင်သဏ္ဍာန်များ အပြည့်အဝ။ အနိဌာရုံသက်သက်။
ဝက်တောင်းကြီး၏ အသားက စားကောင်းသည်က အသေအချာ။ တောဝက်သားက အဆီမပါ။ အခေါက်နှင့် အသားချည်းမို့ စားလို့ကောင်းသည်။ အဆီ ပေါသော အိမ်မွေးဝက်သားနှင့်မတူ။ တမူခြားနားလှသည်။
သစ်ဆင်၏ သားရေကို အကောင်မပျက် ခွာယူပြီး ဆေးစိမ်ထားလိုက်လျှင် အလွန်မတန် လှပကျက်သရေရှိသော သားရေတစ်ချပ် ရနိုင်သည်။ တန်ဖိုးလည်း သောင်းနှင့်ချီ၍ တန်သည်။ အသား အရိုး အကြောများကလည်း ဆေးဘက်ဝင်သည်။ ရှားပါးသော တောတွင်းသတ္တဝါများ။
မုဆိုးအဖို့မူ သားကောင်ကို ယခုလို ပစ်ခတ်ရရှိခဲ့ဖူးပေါင်း များလှပြီဖြစ်၍ ထူးထူးခြားခြား ဝမ်းပန်းတသာ မရှိလှ။ လုပ်ငန်းတစ်ခု ပြီးမြောက်သွားသည့်ပမာ ဖြစ်သည်။ နောက်တစ်ချိန် နောက်တစ်တော မှာ နောက်ထပ်တစ်ပွဲ တွေ့ကြုံဆုံရဦးမည်ပင်။
သို့ပင်ဖြစ်စေကာမူ မုဆိုးရင်မှာ ဒဏ်ရာရှိနေသည်။
ခါချဉ်ကောင်က အကောင်သေးသော်လည်း အကိုက်ခံရသည့်အခါ နာတတ်သည်ပဲ မဟုတ်လား။
(၃)
တောင်အနိမ့်ပိုင်းဆီမှ သစ်ပင်သစ်ကိုင်းများအား လေညှင်း တိုးဝှေ့ ပွတ်သတ်သွားသံသည်လည်း လွမ်းမောဆွတ်ကျင်ဖွယ်ရာပင် ကောင်းနေသည်။
မုဆိုး၏ စိတ်အတွေးများ တောင်ပေါ်မှာ ရှိမနေတော့။ လွင့်ပါသွားရပြီ။ ဝေးလံခြင်း မရှိသေးသော အတိတ်သည် အဆွေးရိပ်ဖြင့် ဟပ်ထင်လာနေသည်။ နှလုံးသားကို နင်းဖဲ့ချိုးချေသွားခဲ့သော လှိုင်ဆိုသည့် မိန်းမလှကလေးတစ်ယောက်အကြောင်းမျှသာ။
လူတိုင်းလိုလို ကြုံဖူးနိုင်ပါသည်။ ချစ်တတ်သော နှလုံးသားရှိသူတိုင်း အချစ်ကြီးချစ်ရသော ချစ်သူနှင့်လွဲ၊ ကွဲခဲ့ရပြီး အဝေးကြီး ဝေးခဲ့ရသည့်အခါမျိုးမှာ ဆွေးစရာတွေ ကြုံရသည်။
မုဆိုးသည်လည်း သည်ဖြစ်ရပ်မျိုး ကြုံခဲ့ရသည်။ စင်စစ် ထူးဆန်းလှသည် မဟုတ်ပေ။ သို့တစေ မုဆိုးက အချစ်ကို တန်ဖိုးမြင့်မြင့် ထားတတ်သောလူမျိုး။ မေတ္တာကို အလေးအနက် သဘောထားသူမျိုး။
မုဆိုးထံမှ ယူ၍ရသမျှ နှလုံးသားပါ မကျန် ရယူကုန် ဆုံးသွားသည့်အခါ လှိုင်ဆိုသော မိန်းကလေးက မုဆိုးကို ကျောခိုင်းထွက်ခွာသွားခဲ့သည်။ သတိရ စရာများစွာ၊ လွမ်းမောဆွတ်ပျံ့ဖွယ်ရာများစွာ ချန်ရစ်ခဲ့သည်။
ရေပြင်ကျယ်အတွင်း ကြီးမားသော ကျောက်တုံးတစ်တုံး ပစ်ချခဲ့လျှင် ဂယက်ဝိုင်းများ ပွက်ထပြီး ကမ်း စပ်အထိ ဂယက်ဝိုင်းက ကျယ်ပြန့်လာကာ သွားရောက်ရိုက်ခတ်ချိမ့်မည်။ သေးငယ်သောကျောက်စ ကလေး ပစ်ချလျှင်လည်း ဂယက်ဝိုင်းငယ်ကလေး ပွက်ထပြီး ကမ်းစပ်အထိ ကျယ်ပြန့်စွာ သွားရောက် ရိုက်ခတ်ပေလိမ့်မည်။
မုဆိုး၏ ရင်တွင်းမှာ လွှမ်းဂယက်များ ယခုတိုင် လှုပ်ခတ်လျက် ရှိနေဆဲပါ။ ချစ်မိသော ဇနီးကလေး လှိုင်။ အသက်အရွယ် နုနယ်ငယ်ရွယ်ပါသေးသည်။ ချစ်မေတ္တာဆိုတာမျိုးက အသက်အရွယ်နှင့် မပတ်သက်။ မစပ်ဆိုင်။
လှိုင်နှင့် တွေ့စက မုဆိုး အသက် သုံးဆယ့်နှစ်နှစ်။ လှိုင် က ဆယ့်ရှစ်နှစ်။
အရွယ်ချင်မညီ ဆယ့်လေးနှစ် ကွာသည်။ ဖြစ်လေ့ ဖြစ်ထ ရှိသော မေတ္တာဇာတ်လမ်းများနှယ် အစ်ကို များနှင့် ရင်းနှီးသော အစ်ကိုကြီးအရွယ် မုဆိုးကို ညီမလေးငယ်ငယ် လှိုင် တွယ်တာသည်။ စွဲလမ်းသည်။ နွဲ့ဆိုး ဆိုးသည်။
ဌာနတစ်ခုတွင် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ အကျင့်သိက္ခာ ၊ ပစ္စည်းဥစ္စာ ပြောစရာဘာမှ မရှိသော မုဆိုးနှင့် လှိုင်တို့ ငြိစွန်းသွားခြင်းကို လှိုင့် မိဘများက ကန့်ကွက်ဖွယ်ရာ မမြင်။ မုဆိုးနှင့် ချစ်ခင် ရင်းနှီးသော လှိုင့် အစ်ကိုများကလည်း လိုလားနှစ်ခြိုက်ကြသည်။
စိတ်ရင်းစိတ်ထားကောင်းမွန်၊ အသောက် ဒအစား အပျော်အပါး ကင်းသော သူငယ်ချင်းနှင့် မိမိတို့ ညီမငယ်လေး အကြောင်းဆက် ပေါင်းဖက်ရေး သူတို့ကပင် အားပေးတိုက်တွန်းကြသည်။
မုဆိုးနှင့် လှိုင်တို့ အိမ်ထောင်ရေး ချမ်းမြေ့သာယာလှသည်။ ချစ်တတ်လွန်းသော မုဆိုး၏ အကြင်နာ၊ မေတ္တာ၊ ကရုဏာနှင့် အတွယ်အတာများမှာ လှိုင် နစ်မျောခဲ့ရသည်။
သူ့အစ်ကိုကြီး၊ အစ်ကိုလတ်၊ အစ်ကိုငယ်နှင့် အစ်ကိုထွေးတို့ကို ခေါ်သလို မုဆိုးကိုမခေါ်။ ကိုကိုလို့ ခေါ်သည်။
မုဆိုးအဖို့မူ ချစ်ဇနီးလေး လှိုင်သည် မိုးသား မြူတိမ်ဖုံးသော မှောင်မိုက်ညတွင် ပြိုးပြက်ဝင်းလက်သော ငွေကြယ်တစ်ပွင့်ပင်။
“လှိုင်ရယ်၊ လှိုင့်ကို ကိုကို သိပ်ချစ်ပါတယ်။ လှိုင်လေးကကော ကိုကို့ကို တကယ်ချစ်လားဟင်”
မုဆိုးက လူပျိုကြီးပီပီ သံသယတွေ တစ်ထွေးကြီးနှင့် မေးဖူးသည်။
“ဩော် ကိုရယ် … လှိုင် ကိုကို့ ကိုလေ အစ်ကိုကြီး၊ အစ်ကိုလတ်၊ အစ်ကိုငယ်နဲ့ အစ်ကိုထွေးတို့ထက် ချစ်တာပေါ့။ ကိုကိုက လှိုင့်ကို အရမ်း အလိုလိုက်တာ မဟုတ်လား။ ကိုကိုကလွဲလို့ ဒီကမ္ဘာမှာ လှိုင် ချစ်ရမယ့်သူ မရှိသေးပါဘူး ကိုကိုရဲ့”
လှိုင့် စကားသံကလေးများက နားဝင်ချိုလှသည်။
လှိုင်တို့ ချစ်သက်တမ်း ခြောက်လအကြာမှာ မုဆိုး နယ်ပြောင်းရသည်။ ပြောင်းရွှေ့မိန့်ကျသည့် ဒေသကလည်း ဝေးလန်သီခေါင် ချောင်ကျလှသော ဒေသ။
လှိုင် အိမ်ထောင်ပြုလိုက်ပေမယ့် ကျောင်းဆက်တက်နေသည်။ မဟာဝိဇ္ဇာဘွဲ့ကို ဆက်လက်ရယူဖို့ ဖြစ်ရကား ကိုကိုနှင့် လှိုင် ခွဲရသည်။ တာဝန်ကျရာ ဒေသသို့ ကိုကို တစ်ဦးတည်း သွားရသည်။
ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ရန်ကုန်သို့ မုဆိုး တစ်နှစ်နေလို့မှ တစ်ခေါက် ပြန်ခွင့်မရ။ ဌာနတာဝန်က ကြီးလေးသည်။ မြို့နယ်ဦးစီးအဆင့် ဆိုတော့လည်း တာဝန်ကျရာ မြို့နယ်မှ ခွာ၍မဖြစ်။ လက်အောက်ဝန်ထမ်းများအတွက် တာဝန်အရပ်ရပ်ကို ကျေပွန်အောင် စီမံဆောင်ရွက်ပေးရသည်။
ဌာနတွင်းမှ ကိုယ့်အောက်အဆင့်ကို ဦးစားပေးရသည်။ လှိုင့်ထံမှ စာ မကြာမကြာ ရသည်။
နှစ်ပတ်တစ်ကြိမ် ကွန်ဗွိုင်ရှိမှ ယာဉ်တန်းတွင် စာများ ပါလာတတ်သည်။ နောက် တစ်လ တစ်ကြိမ်လောက်သာ လှိုင် စာရေးနိုင်သည်။ လှိုင် ပြုစုရသော စာတမ်းက မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်ရေးအချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရာသီဥတု၊ နယ်မြေဒေသ၊ လယ်ယာသုံးပစ္စည်းနှင့် ကျွဲ နွားတိရစ္ဆာန်များ။
လှိုင် မနေမနား ခရီးသွားရသည်။ သုတေသန ပြုရသည်။ စာကြည့်တိုက်များအတွင်း နစ်မြုပ်နေရသည်။ ကိုကို တာဝန်ထမ်းရွက်ရသည့် ဒေသက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ ကွန်းလုံမှတဆင့် သွားရသော သွားရသော ပန်လုံမြို့နယ် လားရှိုးအထိ လေယာဉ်ခရီး။
ထိုမှ သိန္နီကို ဖြတ်ကျော်လျက် ကွန်းလုံ။ ထိုမှတစ်ဆင့် ဟိုပန်မြို့။ ဟိုပန်မှ တစ်ဖန် ပန်လုံ။
ပန်လုံတွင် တာဝန်ကျလျက်ရှိသော ကိုကိုနှင့် လှိုင်တို့ မြန်မာပြည်အတွင်းမှာပင် ရှိနေကြသည့်တိုင် ကမ္ဘာခြားနေပြီ။
တမ်းတလှိုက်မောရသော ဝေဒနာများကိုယ်စီနှင့် လွမ်းကြင်ငှက်မောင်နှံ တောင်ပံမဲ့၍ ကွဲကွာကြရပြီ။ ကိုကို့ရင်တွင်းမှာ လှိုင် အစဉ်ရှိနေသည်။
ချစ်တတ်သော ကိုကို့အဖို့ ပြည်မရှိ ချစ်ဇနီးလေးထံ စာသဝဏ်လွှာ အကြိမ်ကြိမ် ပါးယုံမျှသာ။
လှိုင်ကမူ ချည်သေး၍ ခြားမလည်း၊ ငယ်သေး၍ နားမလည်။ မီးဝေးတော့ ချိတ်မာသည်။
မဟာဝိဇ္ဇာဘွဲ့ရပြီး နိုင်ငံခြားထွက်ခွင့် ထပ်မံလျှောက်သည်။ လှိုင်၏ အရည်အချင်းကြောင့် လျှောက်ထားသူများစွာထဲမှ ပထမအဆင့် ရသည်။
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားတက္ကသိုလ်သို့ ပညာသင်အဖြစ် ငါးနှစ်ကြာမျှ တက်ရောက်ရန် ရွေးချယ်ခြင်း ခံရသည်။
မုဆိုးက ဇနီးသည် နိုင်ငံခြားသွားရမည် ဖြစ်သည့်အတွက် နိုင်ငံခြားသို့ ထွက်ခွာမသွားမီ တွေ့ခွင့်ရရှိဖို့ ခွင့်တင်သည်။ ခွင့်တစ်လ ဌာနဆိုင်ရာက ရရှိသည်။
ပန်လုံမှ ယာဉ်တန်းနှင့် ပြန်အလာမှာ ဗကပများက ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခြင်း ခံရသည်။ ယာဉ်တန်းမှ ယာဉ်အချို့ ပျက်စီးမီးလောင်ခံရ၊ အချို့ ဒဏ်ရာရနှင့် ယာဉ်တန်းခရီးစဉ် ရပ်နားသွားသည်။
ကွန်လုံတွင် ရက်သတ္တတစ်ပတ်ခန့် ကြာပြီးမှ နောက် ယာဉ်တန်းတစ်ခုဖြင့် ကိုကို ပြန်လည်လိုက်ပါလာနိုင်သည်။
ကွန်လုံမှ လားရှိုး၊ လားရှိုးမှ လေယာဉ်ပတ်ကို စောင့်ဆိုင်း၍ ရန်ကုန်သို ပြန်လည်ရောက်ရှိသည့်အခါ၌မူ။
ချစ်ဇနီးလေး လှိုင် နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့ပါ၏။ ဟုတ်ပါရဲ့။ ကံကြမ္မာ ဆိုသည်မျိုးက မျက်လှည့်ပမာ အဖြူကနေ အမည်း၊ မီးကနေ ရေ၊ အရှိကနေ မရှိ၊ လှည့်စားဖြစ်သည်ပဲလေ။
ကံကုသိုလ်က ခွဲလို ချစ်သူချင်း ကွဲခဲ့ကြရသည်က ကြေကွဲ နာကျည်းစရာပါ။ အချိန်ဆိုတာမျိုးကလည်း ချစ်ခြင်းမေတ္တာတို့၏ ခိုင်မြဲမှုကို လျော့ရဲအောင်၊ ပြတ်တောက်အောင် ပြတ်တောက်နိုင်စွမ်း ရှိသည်ပဲ မဟုတ်လား။
အမေရိကန်နိုင်ငံ ကာလီးဖိုးနီးယား တောင်ပိုင်း ၊ လော့အိန်ဂျလီးတက္ကသိုလ်မှာ လှိုင် ပညာသင်နေသည်။
နှစ်ပေါင်း ကြာလှပြီ။ ဆယ်နှစ်ဆိုသော ကာလက မုဆိုးအတွက် မနေ့တနေ့ကလိုပင်။ သို့စေကာမူ လှိုင်က မုဆိုးကို မေ့သွားခဲ့ပီ။ ကိုယ့်ရပ်ဌာနေကို လှိုင် ပြန်မလာတော့ပါ။ မုဆိုးထံမှ ကွာရှင်းခွင့်ကိုပင် ရယူသွားခဲ့ပီ။
ရင်နာစွာနှင့် လက်မှတ်ထိုးပေးလိုက်ရသော ကွာရှင်း ခွင့်ကို ကိုင်လျက် လှိုင် ဆိုသော မိန်းကလေး ဘယ်လိုအခြေအနေ ရှိနေမည်ကို မုဆိုး မသိပါ။ သိလည်း မသိချင်တော့ပါ။
မှောင်ပြီ။ နေဝန်းနီနီ ထွက်လုလုမှာ ဟိုးဝေးဝေးက တောင်စောင်းထက်တွင် တျာတျာရဲနေသည်။ အမှောင်မသမ်းခင် စခန်းကို အရောက် နှင်ရခြိမ့်မည်။ ခရီးလမ်းပန်းကို မုဆိုး ကောင်းစွာကျွမ်းသည်။
သည် ရေပြာအိုင်စခန်းမှ တောင်စောင်းကို ဖဲ့ဆင်းလိုက်လျင် လူသွားလမ်းဖုံဖုံကလေးကို ရောက်ပြီ။
သည်လမ်းအတိုင်း အေးအေးလုလု လျှောက်လိုက်လျှင် ဆယ့်ငါးမိနစ်မကြာမီ စခန်းသို့ ဝင်နိုင်သည်။
မိမိအလာကို ကိုတင့်ဆွေ မျှော်နေကြလိမ့်မည်။
(၄)
လအကွေးက ရေးရေး ပေါ်လာလည်း အလင်းရောင်ဖွေးဖွေးသည် သစ်ရွက် အကြိုအကြားများမှ ဖြာဆင်းကျလာနေသည်။
မုဆိုး၏ ရင်တွင်းမှာ ရတုတစ်ပုဒ်ကို သတိရမိ လာသည်။
“ရွှေတောင်ထိပ်ပြင်၊ ရွှေဆံသျှင်ကို၊ ရွှေစင်ပွင့်ဆိုင် ၊ အင်ကြင်းခိုင်နှင့်၊ လက်ကိုင်ချီမြှောက်၊ ကျွန်ုပ် လျှောက်အံ့၊ ဆယ့်ခြောက်နှစ်ကျော်၊ မပျော်တုလွှတ်၊ နွဲ့နွဲ့ညွတ်သား၊ မြိတ်လွတ်သခင်၊ အပြင်သွင်ညို့၊ နတ်ကဲ့သို့လျှင် နောင်ဖို့လျင်စွာ၊ ဖန်ဆင်းပါလော့၊ ကြံကာညိုးသမ်း၊ ကျွန်ုပ် လွမ်းသည်၊ မတမ်းဘယ်သူ နေတတ်မည်”
ဟုတ်ပါရဲ့။ မလွမ်းဘယ်သူ နေတတ်ပါမည်လဲလေ။
ရင်ခုန်ပွင့်မဂ္ဂဇင်း၊ ၁၉၉၁
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)