July 30, 2025
Uncategorized

သေကံမပါတဲ့လူ

တောက်ထိန်
သေကံမပါတဲ့လူ

ကျွန်တော်၏ လက်ဝါးပြင်လက္ခဏာမှာဘယ်လမ်းကြောင်းတွေ ဘယ်လိုပဲရှုပ်ရှုပ် အသက်လမ်းကြောင်းကြီးကတော့ ဘယ်ညာနှစ်ဖက်လုံးမှာ အပြတ်အတောက်ကင်းကင်းနှင့် ထင်းထင်းကြီးတွေ ဖြစ်နေသည်။

ဒါကြောင့်လေလားမသိ။ ငယ်စဉ်က သေလောက် သည့်အဖြစ်များမှ လွတ်မြောက်ခဲ့ပေါင်း များလှပြီ။

ပထမဆုံး မှတ်မိတာက စက်ဘီးတိုက်ခံရခြင်း ဖြစ်သည်။ စက်ဘီးတိုက်တာ အသက်နဲ့ အဝေးကြီးပါ ပြော၍မရ။

ဟိုတုန်းက စက်ဘီးဆိုတာ “ရလေး”၊ “ဟမ်းဘား”၊ “ဟာကျူလီ” နာမည်တွေနှင့်၊ ယခုခေတ်ပေါ် စက်ဘီးတွေလို ပါးပါးလျားလျား ပေါ့ပေါ့ကလေးတွေ မဟုတ်။ တစ်ခါဝယ်ထား တစ်သက်လုံး စီးရသည့် တောင့်တောင့်ခိုင်ခိုင်ကြီးတွေ ဖြစ်ကြသည်။

ထိုစက်ဘီးမျိုးနှင့် အတိုက်ခံရသည့် ကျွန်တော်က အဲဒီအချိန်မှာ (၃) နှစ်သားလေးဖြစ်၍ သတ္တဝါနှင့် လက်နက်မမျှသဖြင့် အဆင်မသင့်လျှင် သေဖို့နီးစပ်သော်လည်း လူကြီးတွေအပြောအရ နာရီဝက်လောက် မေးမရ၊ ခေါ်မရဖြစ်နေပြီးမှ ပွန်းရုံ ပဲ့ရုံဖြင့် ထိုတောင်ကို ကျော်ခဲ့သည်။

ကျွန်တော်ငယ်ငယ်က အလွန်ဆော့၊ အလွန်ကမြင်းသည်ဟု လူကြီးများက မှတ်တမ်းပြုကြသည်။ အလယ်တန်းကျောင်းသားလောက်မှာ အဆော့သန်၍ အသက်ဘေး အကြိမ်ကြိမ် ကြုံခဲ့ရသည်။

ရွယ်တူသူငယ်ချင်းတွေနှင့် မြို့အရှေ့ဘက်ကန်တော်ကြီးမှာ ရေသွားကူးရာက ရေနစ်သည်။ ဆယ်နိုင်၊ ကယ်နိုင်သူတွေ အနီးမှာရှိ၍ ရေမွန်းပြီး သတိလစ်နေတာကို ဆယ်တင်ပြုစုကြ၍ အသက်ချမ်းသာရာရသည်။ တခြားသူတွေ ရေနစ်ပြီး မသေလျှင် ဘယ်လိုနေသည်မသိ၊ ကျွန်တော်ကတော့ သုံးလေးရက်လောက် နားတွေထဲက လေတွေ တဟူးဟူးထွက်နေသလို ခံစားခဲ့ရသည်။

သူငယ်ချင်းတွေနှင့် ဘောလုံးကန်ကြတော့ ကျွန်တော်က ဂိုးစောင့်လုပ်သည်။ ဂိုးသွင်းခံရတော့ ဒိုင်ပင်ပစ်ဖမ်းရာမှာ ဂိုးတိုင်နှင့် ခေါင်း ဆောင့်မိ ၍ မျက်ခုံးကွဲပြီး ဆေးရုံရောက်သည်။ (ထိုစဉ်က ကျွန်တော်တို့မြို့က ကစားကွင်းမှာ ဘောလုံးဂိုးတိုင်ကယခုခေတ်လို သံပိုက်လုံးတိုင်မဟုတ်။ လေးပတ်လည် သစ်သားတိုင်ကြီးတွေဖြစ်၍ တိုင်စောင်းနှင့် ဆောင့်မိခြင်း ဖြစ်သည်။)

သူငယ်ချင်းတစ်ယောက်၏အိမ်က မြင်းလှည်းထောင်ထားသည်။ သူတို့အိမ် လိုက်သွားပြီး လှည်းဆွဲမြင်းကို ကျောပေါ်တက်စီးတော့ မြင်းက ခါချ၍ လိမ့်ကျပြီး လက်ကျိုးဖူးသည်။ ဒါလည်း ဆေးရုံပြေးရတာပါပဲ။

လူပျိုပေါက်ကလေးဖြစ်စမှာ ရွယ်တူ သူငယ်ချင်းတွေနှင့် ကြက်သား အပျော်ချက်စားရင်း ဟင်းထဲမှာ “ဆေးခြောက်” ထည့်စားမိရာက ဆေးစွဲသွားပြီး “စား”ရာက “ရှူ”သည့်အဆင့် တက်လှမ်းသည်။ အကြောင်းသိသူတွေက ကျွန်တော်တို့ကို ဂန်ဂျာသမားတွေခေါ်သည်။

တစ်ရက်မှာ ဆေးခြောက် အရှူလွန်သွား၍ တစ်ရက်နှင့်တစ်ည တစ်ယောက်တည်း သတိလစ်မေ့မျောနေခဲ့ဖူးသည်။ ဒါကိုတော့ မိသားစုနှင့် နီးစပ်သူ သူငယ်ချင်းတချို့ သိကြပါသည်။

ကျွန်တော်၏ “မြီးကောင်ပေါက်”အရွယ်ကို မြေလတ်ပိုင်းဒေသ မြို့တစ်မြို့မှာ ကြီးပြင်းရတာဖြစ်တော့ ထိုမြို့က မြွေဆိုး အလွန်ပေါသည်။ ထိုအချိန်က မြွေဆိပ်ဆေးဆိုတာလည်း မပေါ်သေး၍ မြွေဆိုးကိုက်ခံရလျှင် အသက်ဆုံးကြတာ များသည်။

ကုပြန်တော့လည်း ဆေးရုံဆေးခန်းသွားကြတာ နည်း၍ “မြွေဆရာ” ဆိုသူများနှင့် ကုတာများသည်။

ထိုအခြေအနေမှာ တစ်ရက်တော့ ကျွန်တော့်ကို မြွေကိုက်ပါတော့သည်။ ခြေမျက်စိအရှေ့ တစ်လက်ခန့်အကွာကို အကိုက်ခံရတာဖြစ်၍ ပျားတုပ်လိုက်သလို စူးခနဲနေသည်။

ချက်ချင်း အိမ်ကို ပြန်ခဲ့၍ (အကိုက်ခံရတာက သူငယ်ချင်းတွေနှင့် ညစာ အပျော်တမ်း ကြက်သားချက်စားဖို့ ချိန်းရာကို အသွားမှာ ဖြစ်သည်။) အိမ်ကို ရောက်တော့ အကိုက်ခံရသည့်နေရာက ယောင်ကိုင်းနေသည်။

ချက်ချင်း “မြွေဆရာ” သွားပင့်ကြပြီး ဆရာရောက်လာတော့ ပထမဆုံး “အဆိပ်ခိုးတွေပွင့်အောင်”ဟု ဆိုကာ နဖူးအလယ် ဆံပင်အစပ်နေရာကို သူ့မှာ ပါသည့် စုတ် (ကြေးဝါနှင့် လုပ်ထားသည့်စူးချွန်) ဖြင့် တစ်ချက်ပေါက်၍ ထိုးလိုက်တော့ အောက်က မြွေကိုက်လို့ နာရသည့်အထဲမှာ မြွေဆရာ လက်ချက်နှင့် နဖူး တော်တော်အီစလန်ဝေသွားပါသည်။

ပြီးတော့မှ မြွေဆရာက မြွေစွယ်ရာကို စစ်ဆေးကြည့်ရှုပြီး ထိုဒဏ်ရာကို ကျွဲချိုအဖြူ ဖြတ်ပိုင်းနှင့် တေ့၍ သူ့ပါးစပ်ဖြင့် စုပ်သည်။ (သွေးစုပ်သည်ဟု ခေါ်ပါသည်။)

ဒဏ်ရာက သွေးတွေ ကျွဲချိုထဲ လိုက်လာတော့ စုပ်ယူသည့်အပေါက်ကို ပျားဖယောင်းဖြင့် ပိတ်ထားလိုက်သည်။ တော်တော်လေးအကြာ ကျွဲချိုက ကွာကျသွားသည်။

ဆရာက ယူ၍ သူ့မှာပါသည့် ကြေးဖလားကလေးထဲသွန်ထည့်သည့် သွေးနီနီထဲမှာ သွေးမည်းမည်းညစ် ညစ်တွေ တွေ့ရသည်။ “ဒါ မြွေဆိပ်တွေပေါ့” ဟု ဆရာက ဆိုသည်။

“မင်း ကိုယ်ခန္ဓာထဲကို အဆိပ် သိပ်မဝင်ဘူး။ တချို့ဆို ကျွဲချိုတစ်ခေါင်းလုံး အဆိပ်တွေချည်းပဲ။ အဲဒီလိုဖြစ်ရင် နှစ်ခါပြန် သုံးခါပြန် စုပ်ရတယ်” တဲ့။

ဆိုကောင်း မည်ကောင်းပင်။ ဒီလိုသွေးတွေ စုပ်လိုက်တော့ နာကျင်ကိုက်ခဲနေတာတွေ သိသိသာသာ သက်သာသွားသည်။

ဆရာက ဒဏ်ရာပတ်ဝန်းကျင်မှာ ဆေးများ လိမ်းကျံပေးပြီး“ကိစ္စမရှိတော့ဘူး – ရပါပြီ” ဆိုကာ ပြန်သွားတော့သည်။

ကျွန်တော့်မှာ မြွေကိုက်ခံရသည်ဆိုသော်လည်း တချို့ မြွေဆိုးကိုက်ခံရသူတွေလို မျက်လုံးတွေ ပြာလာတာတို့၊ လျှာတွေ လေးလာတာတို့၊ တစ်ကိုယ်လုံးဖောယောင်လာတာတို့ မရှိလိုက်ပါ။

အကိုက်ခံရသည့်နေရာ တစ်ဝိုက်မှာ ယောင်ကိုင်း၍ နှစ်ရက်လောက် နာနေတာပဲ ရှိသည်။ ပြန်၍ စဉ်းစားတော့ ကျွန်တော့်ကိုကိုက်တာ အဆိပ်ပြင်းသောမြွေဆိုး မဟုတ်လောက်ဘူးထင်သည်။

ဘာပဲပြောပြော ထိုစဉ်ကတော့ “တောက်ထိန်” ကို မြွေကိုက်တာ ဆရာအပြဦးပေလို့ဟေ့ဟု ဟော်လေတကျိုး ဟိုးလေတကျော် ဖြစ်ခဲ့ပါသည်။

နောက်တစ်ကြိမ် ဖြစ်ရတာကတော့ လျှပ်စစ်ဓာတ် အလိုက်ခံရတာ ဖြစ်သည်။ ထိုမြို့မှာပါပဲ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်၏မိဘများ စတိုး ဆိုင်ဖွင့်၍ ဆိုင်မှာပဲ မိသားစုနေသည်။ ထိုအိမ်ဆိုင်မှာ သွားလည်ရင်း လျှပ်စစ်ပစ္စည်းရောင်းသည့်ကောင်တာမှာ မီးလုံးစမ်းဖို့ထားသည့် မီးခေါင်းကို လက်နှင့် နှိုက်စမ်းမိသည်။

နှိုက်မိတာကတော့ ဘာရယ်မဟုတ်၊ မီးခေါင်းထဲမှာ ကြေးငုတ်ကလေး (၂)ခု ရှိသည်။ စပရင်နှင့် တွန့်ထား၍ ငုတ်ကလေးတွေ လက်နှင့် နှိပ်ကြည့်လျှင် ရုန်းကြွတွန်းကန်သောအတွေ့ကို ကျွန်တော်က သဘောကျသည်။ ထို့ကြောင့် မိမိရရ လက်မကို မီးခေါင်းထဲ သွင်း၍ ဖိနှိပ် ကြည့်ခြင်းဖြစ်ရာ လျှပ်စစ်မီး ဖွင့်ထားလေတော့ “အား …”ဟု အော်လိုက် သော ကျွန်တော့်အသံက ငယ်သံပါသွားခဲ့ပြီး လက်ကို ခါထုတ်လိုက်၍ မီးခေါင်းက လက်နှင့် လွတ်သွားသဖြင့် သေဘေးမှ လွတ်သည်။

ခဏ ကလေး လျှပ်စစ်ဓာတ်လိုက်သည့်ဒဏ်က ထိုလက်တစ်ထက်လုံး လက်ဖျားမှ လက်မောင်းရင်းအထိ မမြှောက်နိုင်၊ မချနိုင်အောင် နာနေတာကို တစ်ပတ်လောက် ခံလိုက်ရသည်။

ထိုအရွယ်မှာ ကျွန်တော်က ဆော့လွန်း၍ မိခင်က မနိုင်သဖြင့် ကျွန်တော့်ကို တောင်ပေါ်တောထဲက ဖခင်ဖြစ်သူ ကြီးကြပ်သည့် လမ်းလုပ်ငန်းစခန်းမှာ သွားနေစေသည်။

မြို့ပေါ်မှာ ဆော့ရတာ ရိုးနေ၍ ကျွန်တော်ကလည်း သဘောကျသည်။

တောစခန်းရောက်တော့ ဖခင်က အလုပ်များ၍ ကျွန် တော့်ကို အလွန်အမင်း မကြီးကြပ်နိုင်တာကို အခွင့်ကောင်းယူပြီး အလုပ်စခန်းမှ အလုပ်သမားများနှင့် အဖွဲ့ကျကာ သူတို့ ပုတတ်ထောင်၊ ဖွတ်လိုက်၊ ငါးအိုင်ပက်ရာတွေမှာ အမြဲတမ်းပါရုံမက တောထဲသို့ လာတတ်သည့် ဝါးခုတ်သူများ၊ လျှော်ခွာသူများ၊ ပျားဖွပ်သူများ၊ ရစ်ထောင်သူများ အားလုံးကို ကျွန်တော်က နှုတ်ဆက်မိတ်ဖွဲ့၍ သူတို့အလုပ်ခွင်ကို လိုက်ပါစပ်စုပါသည်။

ဝါးခုတ်၊ လျှော်ခွာသူတွေက နေ့ခင်းလုပ်တာမို့ အတန်အသင့် အန္တရာယ်ကင်းသော်လည်း ပျားဖွပ်သူတွေက ညမှာ အလုပ်လုပ်သူများ ဖြစ်သည်။

ကျွန်တော်က မြွေမကြောက်၊ ကင်းမကြောက် သူတို့ ညဘက် ပျားဖွပ်တာကို လိုက်ပါ စပ်စုခဲ့ဖူးသည်။

ကံအားလျော်စွာ ဘာအန္တရာယ်မှတော့ မတွေ့ခဲ့ပါ။

xxx xxx xxx

လမ်းလုပ်ငန်းအလုပ်သမားများ၏ ကျောက်စု ကျောက်ပုံနေရာမှာ တစ်ခါတော့ “တောကြောင်ဟေ့ – တောကြောင်ကွ” ဆိုပြီး အလုပ်သမားတွေက ကျောက်ပုံတစ်ပုံကို ဝိုင်းထားခဲ့သည်။

ကျွန်တော်လည်း အနားမှာရှိနေ၍ လေသေနတ်နှင့် ကားရားကားရား ရှေ့ပိုင်းက ပါသည်။ တောကြောင် က ကျောက်ပုံလိုဏ်ခေါင်းထဲမှာ ညက ဝင်အိပ်နေခြင်းဖြစ်ရာ အလုပ်သမားတွေ ဝိုင်းထားတော့ ပြေးပေါက်မရှိဘဲ တောကောင်ထုံးစံ ခံတိုက်ဖို့ ဟန်ပြင်ဆဲ။

လက်သွက်သော အလုပ်သမားတစ်ယောက်က ဝါးဆစ်ပိုင်းနှင့် ပစ်လိုက်တော့ ချက်ကောင်း နှာခေါင်းထိပြီး ပုံကျသွားစဉ် တစ်ယောက်တစ်လက် ဝိုင်းရိုက်ကြ၍ အကောင်သေသည်။

တောကြောင်သေက အိမ်ခွေးအရွယ်ရှိ၍ စခန်းကို ပြန်ယူသွားတော့မှ စခန်းအလုပ်သမား မုဆိုး ဦးထော်ကြီး က …

“မင်းတို့ဥစ္စာ တောကြောင် မဟုတ်ဘူး။ ကျားသစ်ကွ – နည်းနည်းငယ်သေးလို့ အကွက်မထင်ရှားသေးတာ။ ဒီမှာကြည့် … ရေးတေးတေးထင်နေတာ ကျားသစ်ကွက်တွေ”

ဆိုမှ အားလုံး ”ဖျား” သွားကြပါသည်။ ဒီထဲမှာ “အဖျား” ဆုံးက ကျွန်တော်ဖြစ်သည်။

လက်ထဲမှာ သေနတ်နဲ့ဆိုတော့ (လေသေနတ် နံပါတ်ဝမ်းကလေးပါ။) အလုပ်သမားတွေက မြှောက်ပေး၍ ရှေ့ဆုံးမှာ ကျွန်တော်က သေနတ်တယမ်းယမ်းနှင့် နေခဲ့ရာ နှာယောင်ကိုသာ ဝါးဆစ်ပိုင်း မမှန်ခဲ့၍ ပြေးထွက်ကုတ်ဖဲ့မည်ဆိုပါက ကျားသစ်သည် ကျွန်တော့်ကို အရင်ဆုံးကုတ်တော့မည်ဖြစ်ကြောင်းပြန်တွေး၍ ကြက်သီးထပါသည်။

ကျားသစ်မှန်း သေချာတာကတော့ ထိုကျားသစ်အသားကို ခုတ်ပိုင်းချက်ပြုတ်စားသောက်ကြပြီး အကျန်ကို ကျွေးတော့ စခန်းစောင့်ခွေးကြီး “ငကုပ်”က နမ်းကြည့်ပြီး မစားပါ။ ကြောင်သား အလွန်ကြိုက်သော “ငကုပ်”က ကျားသစ်သား မစားတာကို မေးကြည့်တော့ ကျားသား၊ ကျားသစ်သား ခွေးမစား ကြောင်း ဝါရင့်မုဆိုး ”ဦးဇော်ကြီး”က ပြောပါသည်။

အဲဒီအလုပ်စခန်းမှာ ကျွန်တော်က စက်ယန္တယားမောင်းသူများနှင့်လည်း ခင်မင်၍ အဖွဲ့ကျနေပါသည်။ သူတို့ ယန္တရားကြီးများ တာဝန်က လမ်းဖောက်ရာမှာ မြေညှိ၊ တောင်ဖြိုရန်နှင့် လမ်းမလွတ်သော သစ်ပင်ကြီးများကို စက်အင်အား အသုံးပြု၍ ထိုးလှန်ဖယ်ရှားရန် ဖြစ်ပါသည်။

သူတို့ လှဲရသည့် သစ်ပင်များမှာ တစ်ခါတစ်ရံ ကြက်တူရွေး သစ်ခေါင်းများ ရှိတတ်၍ ကြက်တူရွေးပေါက်ကလေးများ (ငယ်သေး၍ ပြန်မပြေးနိုင်ခြင်းကြောင့်) ရလေ့ရှိသည်။

သစ်ပင်လဲတိုင်း သေချာပေါက် ရသည်ကတော့ ထိုသစ်ပင်မြင့်ကြီးတွေမှာ တွယ်ကပ်နေသည့် သစ်ခွပန်းအုံများဖြစ်၍ သဘာဝအတိုင်းမို့ သန်သန်မာမာ အဖူးတွေ၊ အပွင့်တွေနှင့် ဖြစ်လေရာ ဒါတွေကို ခွာ ယူပြီး မြို့ပေါ် ပြန်ယူသွားလျှင် “သူ့ပေးပါ၊ ငါ့ပေးပါ”နှင့် အလွန်မျက်နှာပွင့်သည်။

တစ်ခါတစ်ရံလည်း သစ်ခေါင်းပျားရည် ရတတ်ပါသေးသည်။

သစ်ပင်လဲလျှင် ဒါတွေရတတ်၍ ယန္တရားအဖွဲ့ သစ်ပင်လှဲမည်ဆိုလျှင် ကျွန်တော် အမြဲပါသည်။

တစ်ကြိမ်မှာတော့ လှဲရမည့် သစ်ပင်တွေက ကညင်ပင်ကြီးတွေဖြစ်၍ တစ်နေရာတည်း သုံးပင်ဆိုင်၍ ပေါက်နေသည်။ ယန္တရားနှင့် သစ်ပင်လှဲရာမှာ တစ်ပင်ချင်းဆိုပါက ပြဿနာ သိပ်မရှိပါ။ လဲကျစေလိုသည့်ဘက် အမြစ်ရင်းမြေသားကို စက်နှင့် ထိုးဖယ်လိုက်ပြီး ထိုနေရာနှင့် ဆန့်ကျင်ဘက်နေ၍ စက်ရှေ့ဂေါ်ပြားကြီး ပင့်မြှောက်သစ်ပင်ကို ထောက်ပြီး တွန်းလိုက်လျှင် ကိစ္စပြီးသည်။

ယခု သစ်ပင်သုံးပင် ဖိုခနောက်ဆိုင် ပေါက်နေတော့ ယန္တရားသမားတွေက တွေးတွေးဆဆ ချင့်ချင့်ချိန်ချိန် အလုပ်လုပ်နေကြသည်။

ကျွန်တော်ကတော့ ထိုအပင်တွေထဲက တစ်ပင်မှာ ကြက်တူရွေးသစ်ခေါင်းကို လှမ်းမြင်နေရပြီး အမိအဖ ကြက်တူရွေးနှစ်ကောင် ပျာယာခတ်နေတာ တွေ့ရတော့ ကြက်တူရွေးပေါက်ရှိနေတာ သေချာပြီမို့ ဒီအပင်လဲတာနှင့် ဦးအောင် အုပ်မိဖို့ ပြင်ဆင်ရသည်။

(တစ်ခါတစ်ရံ ကြက်တူရွေးသစ်ခေါင်းပါသောအပင် လဲကျပြီးမှ ကိုယ်က မဦးမီ ကြက်တူရွေးပေါက်က ရုန်းကန်ခုန်ထွက်၍ တောထဲ ဝင်ပြေးတာ၊ ကျွန်းရွက်ခြောက်တွေအောက်မှာ ပျောက်သွားတာ ကြုံဖူးနေသည်။)

စက်သမားတွေကတော့ သူတို့အလုပ်နှင့်သူတို့ ရှုပ်နေ၍ ကျွန်တော့်ကို ဂရုမစိုက်နိုင်ကြပါ။

သည်အချိန်မှာ မမျှော်လင့်ထားဘဲ ကညင်ပင်ကြီးတွေက ယိုင်လဲကျလာသည်။

ဖြစ်ရပုံက ထိုသုံးပင်မှ တစ်ပင်ကို စက်နှင့် ထိုးထား၍ မြေပါးနေသည်။ စက်သမားတွေက ကျန်အပင်များဘက် အာရုံစိုက်နေစဉ် ပထမအပင်က အလိုလို လဲကျလာ၍ သူ့အမြစ်က ကျန်အပင်တွေကို ကော်ထုတ်သလိုဖြစ်ပြီး အပင်သုံးပင်လုံး တောင်တစ်ပင်ဝမြောက်တစ်ပင် ဆိုသလို ပတ်ချာလည်၍ လဲကျလာခြင်းဖြစ်ရာ ကြက်တူရွေးသစ်ခေါင်းကို မဲနေသည့် ကျွန်တော်က ထိုအပင်လဲကျရာဘက်ကို လှမ်းအဝင် ကျန်တစ်ပင်က ကျွန်တော့်ဘက်တည့်တည့် လဲကျလာခြင်းဖြစ်၍ စက်သမားတွေ၏အော်သံ၊ အလုပ်သမားတွေ၏အော်သံက ဆူညံသွားခဲ့ပါသည်။

ကျွန်တော်က ဘာမျှ မတတ်နိုင်။ တောင့်တောင့်ကြီး ရပ်နေခဲ့ရာ သစ်ပင်က ကျွန်တော့်ကို သီသီကလေးလွဲ၍ “အုန်း”ခနဲ လဲကျသွားတော့သည်။

(ထိုအချိန်က ကျွန်တော် သစ်ပင်အရင်းပိုင်း ရောက်နေ၍ ကိုင်းဖျားအရိုက်ခံရခြင်းမှလည်း လွတ်ကင်းသည်။ သစ်ပင်ကြီးများက ကြီးမားလှ၍ ကိုင်းဖျား အရိုက်ခံရရုံနှင့်လည်း သေနိုင်သည်။)

အားလုံး ပြေးလာကြ၍ ကျွန်တော် ကံကောင်းပုံကို လက်ဖျားခါကြသည်။ တချို့က သစ်ပင်ကြီး ကျွန်တော့်အပေါ် တည့်တည့်လဲကျလာတာဖြစ်၍ ဒီတစ်ခါတော့ “ဖွတ် – တောက်ထိန်” (ကျွန်တော့်ကို သူတို့ပေးထားသောနာမည်) ကိစ္စချောပြီဟု ထင်ကြောင်း၊ သစ်ပင်ကြီးက ကျွန်တော့်အပေါ် ကျလုဆဲဆဲမှာ ဘေးကို လွဲသွားတာဖြစ်၍ အလွန်ထူးဆန်းကြောင်း တအံ့တဩ ပိုပိုသာသာ ပြောကြပါသည်။

ဒါက အားလုံးရှေ့မှာဖြစ်၍ အလုပ်သမားတွေ အကုန်သိသော ကျွန်တော်၏ သေကံမရောက်မှုဖြစ်ရာ ယခုဖော်ပြမည့် အမှုကြီးကတော့ ဘယ်သူမှ မမြင်မသိလိုက်သော်လည်း ကာယကံရှင် ကျွန်တော်တစ်ယောက် မကြာခဏ အိပ်မက်ဆိုးမက်နေရသော ဇာတ်လမ်းဖြစ်ပါသည်။

ပြောခဲ့သည့်အတိုင်း ကျွန်တော်က “တောစခန်း”လိုက်နေ၍ အဖေက တစ်ယောက်တည်း မသွားမလာရန် စည်းကမ်းသတ်မှတ်ပေးထားသော်လည်း (ကျွန်တော့်အတွက် ပေးထားသည့် အလုပ်သမားအဖော်ကလေး မအားလပ်သည့်အခါ) တစ်ကိုယ်တည်း လျှောက်သွားတတ်ပါသည်။

သည်တောသည်တောင်မှာ တစ်လကျော်နေခဲ့ပြီး၍ သားရဲကောင်ကြီးများနှင့် မတွေ့ဘူးတာကို “မရှိပါဘူး” ဟု ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကာ လေသေနတ် လွယ်၊ ဓားတစ်ချောင်း ခါးထိုး၍ သွားတတ်ပါသည်။

လေသေနတ်က ငှက်နှင့် ဖွတ် ပစ်ဖို့ဖြစ်၍ ဓားကတော့ တစ်ခါတစ်ရံ တွေ့ရတတ်သည့် လဲကျနေ သော သစ်ပင်မှ သစ်ခွပန်းအုံများ ထိုးခွာရန်၊ ဆူးပုပ်ရွက်ခူးဖို့ လက်လှမ်းမမှီသည့်အခါ အပင်ရင်းမှ ဓားဖြင့် ပိုင်း၍ ဆွဲချရန်၊ မြေကြီးထဲ မြုပ်နေသည့် သစ်ဥ သစ်ဖုများ တူးရန်နှင့် လိုရာသုံးရန် ဆောင်သွားခြင်းဖြစ်ရာ ကျွန်တော့်မှာ ဓား၊ သေနတ် အစုံအလင်နှင့် တကယ့် တောလိုက်မုဆိုးကြီးအသွင် ဆောင်နေပါသည်။

တစ်နေ့မှာ ထိုပုံစံဖြင့် တောထဲကို တစ်ကိုယ်တည်းထွက်ခဲ့ရာ အလုပ်စခန်းမှ တော်တော်ဝေးလှမ်းသောနေရာသို့ ရောက်သွားပါသည်။ အလုပ်စခန်းနှင့် မကွာလှမ်းလျှင် အလုပ်ခွင်မှ လူသံ၊ စက်သံများ ကြားရပြီး ယနေ့ ဘာသံမျှ မကြားရ၍ တော်တော်လှမ်းလာပြီဟု ပြောရခြင်းဖြစ်ပါသည်။

တစ်နေရာရောက်တော့ ပိတောက်ပင်ကြီးတစ်ပင်ကို သစ်တောဌာနမှ ခုတ်လှဲယူသွားပြီး၍ ကျန်ခဲ့သော သစ်ငုတ်ကြီး၏ ဘေးတက်က ထွာဆိုင်သာသာ ကျန်နေခဲ့ပြီး ထိုဘေးတက် ပင်ထိပ်ဖျားမှာ ပိတောက်ပန်းတွေ ထိန်နေအောင် ပွင့်နေကြသည်။ ထိုအချိန်က တပေါင်းတန်ခူး နွေရာသီ ကျောင်းပိတ်ရက်မို့ တောထဲက ပိတောက်ပင်ကြီးတွေအားလုံး ပွင့်ဖူးနေကြရာ တောပိတောက်ပင်ကြီးတွေ ထိပ်ဖျားမှာ ပွင့်နေကြသည့် ပိတောက်ပွင့်များကိုတော့ မြင့်မားလှ၍ ကျွန်တော်တို့ တက်မခူးနိုင်ပါ။ ယခု သစ်ပင်ကြီး ဘေးတက်မှ ရှင်သန်နေသော ပိတောက်ပင်ပွားမှာတော့ ပိတောက်ပန်းတွေ ရှိနေတာကို ကျွန်တော်က လိုချင်မိပြီး (သူကလည်း တော်တော်မြင့် မြင့်မှာ ပွင့်တာဖြစ်၍ တက်မခူးနိုင်ပါ။) ထွာဆိုင်သာသာရှိသော ပိတောက်ပင်ကို အောက်ခြေမှ နှုတ်လှဲပြီး ပိတောက်ပွင့်ခူးဖို့ ကြံပါသည်။

ထို့ကြောင့် မူလပိတောက်ပင်ကြီး ခုတ်လှဲသွား၍ ကျန်သည့် သစ်ငုတ် (ကျွန်တော့်ခါးလောက်မြင့်သည်) အပေါ်တက်၍ ပိတောက်ကိုင်းတက်ကို ကျွန်တော့်မှာပါသည့် ဓားဖြင့် တပင်တပန်း ခုတ်ဖြတ်ပါတော့သည်။

မူလ ပိတောက်ပင်ကြီးကို စက်လွှနှင့် ပိုင်းယူသွားတာဖြစ်၍ ကျန်ခဲ့သော သစ်ငုတ်က စားပွဲဝိုင်း မျက်နှာပြင်လို ညီညာနေသဖြင့် ကျွန်တော်ရပ်ပြီး သစ်ပင်ခုတ်ရတာ တော်တော်အဆင်ပြေသည်။ တောထဲမှာ အနေကြာ၍ ကျွန်တော်က သစ်ပင် ခုတ်နည်း သိပါသည်။

သစ်ပင်ကြီးတွေ ခုတ်ရာမှ ဓားရာကို တည့်တည့် မခုတ်ရဘဲ အထက်မှ အောက်သို့ စွေစောင်းခုတ်ရသည်။ သိလွယ်အောင် ပြောရလျှင် ခဲတံတစ်ချောင်း ချွန်သည့်ပုံမျိုး ပတ်ဝိုင်း၍ ခုတ်ရသည်။ ဓားက သေးသေး (တောင်ဆုပ်ခန့်)၊ အားကသေးသေးဖြစ်သော်လည်း သစ်ပင် အစိုသားကို ခုတ်ရတာ လွယ်ကူသည်။ (ထိုအပင်ခြောက်သွားပြီဆိုလျှင် ဓားမတိုးတော့ပါ။)

အမှန်တော့ ကျွန်တော် ပင်ပန်းတကြီး လုပ်နေတာက ဘာမျှအကျိုးထူး ရနိုင်တာ မဟုတ်ပါ။ သစ်ပင်လှဲလျှင် ပိတောက်ပန်းတွေ တပွေ့တပိုက်ခူး၍ စခန်းပြန်သွားပြီး စခန်း အလုပ်သမားများ၏ ဇနီး၊ သမီး၊ တူမ၊ ညီမ စသည်တို့ကို လက်ဆောင်ပေးမည်။ (အလုပ်စခန်းကို မိသားစုအလိုက် လာကြတာဖြစ်၍ တောထဲမှာ မိန်းမတွေလည်း ရှိသည်။)

သူတို့က ကျေးဇူးတင်၍ လက်ဆောင်ပြန်ပေးသော ဟင်း၊ ထမင်း၊ မုန့်၊ သွားရည်စာ စသည်တို့ကို စားမည်။ ဒီလောက်ပဲ ရည်ရွယ်ပါသည်။

မြို့ပေါ်မှာလို ပိတောက်ပန်းကို ဈေးကောင်းကောင်းနှင့် ရောင်းစားလို့တော့ မရပါ။ အလုပ်မရှိ၊ အလုပ်ရှာပြီး လက်ကမြင်းတာသက်သက် ဖြစ်ပါသည်။

သစ်ပင်ခုတ်ရတာကတော မပင်ပန်းလှပါ။

မကြာလိုက်မီ သစ်ပင်က ပြတ်လုဆဲဆဲဖြစ်ခဲ့ပြီး ပတ်ပတ်လည်ကို ရွှေ့ ပြီး ခုတ်လာခဲ့၍ ခန့်မှန်းခြေ တစ်လက်မပိုက်လုံးအရွယ်ခန့်အကျန်မှာ မမျှော်လင့်တာ ဖြစ်သွားခဲ့သည်။

တောထဲမှာ သစ်ပင်ဆိုတာက တစ်ပင်တည်း ထီးထီးမရှိပါ။ အပင်တွေ စုပြုံပေါက်၍ အောက်ပင်စည်က တစ်ပင်စီနေသော်လည်း အပေါ်ပိုင်းမှာက တစ်ပင်နှင့်တစ်ပင် ကိုင်းချင်းယှက်နေကြသည်။

ကျွန်တော်လှဲနေသော ပိတောက်ပင်ကလည်း ကိုင်းတက်ဆိုပေမယ့် (တောထဲမှာ နေရောင်ကို လု၍) အပေါ်ကို ထိုးတက်သွားပြီး အနီးအနားကအပင်တွေနှင့် အပေါ်မှာ ကိုင်းချင်းယှက်နေကြပါသည်။

ဘာပဲပြောပြောအရင်းကို ပိုင်းလိုက်လျှင်တော့ ရှုပ်ထွေးယှက်လိမ်နေသည့်ကြားက သူ့ဟာသူ လဲကျလာမည်ဟု ကျွန်တော်က ထင်သည်။

ယခု ထင်သလိုမဖြစ်ဘဲ စောစောကပြောသည့် သစ်ပင်သားလက်နှစ်လုံးခန့် အကျန်မှာ ကျွန်တော့်ပိတောက်ပင်ကို ဘေးနှစ်ဖက် သစ်ပင်တွေနှင့် ယှက် နေသည့် ကိုင်းတွေက လေအဝှေ့မှာ (ကလေးတစ်ယောက်ကို ချိုင်းနှစ်ဖက်က ဆွဲမြှောက်လိုက်သလို ပြတ်လုဆဲဆဲက ထောင်းခနဲ ပြတ်ထွက်၍ တစ်ထွာကျော်ကျော် မြောက်ပါသွားပြီး သူ့အလေးချိန်ကြောင့် ကျွန်တော် ခုတ်ချွန်ထားသော အချွန်ကြီးနှင့် “ဒုတ်”ခနဲ ပြန်ကျလာသည်။

သူ ပြန်ကျတာက သစ်ငုတ်ပိုင်းပေါ် ကျွန်တော် ရပ်နေသော ခြေထောက်တစ်ဖက်အနီးသို့ ကျလာတာဖြစ်၍ ခြေထောက်နှင့် နီးကပ်လိုက်ပုံမှာ ကျွန်တော့် တောစီးဖိနပ်ကို ဘေးတစ်ခြမ်း ပွင့်သွားပြီး ခြေတောက်အရေပြား ပွန်းပဲ့စုတ်ပြတ်သွားပါသည်။

အတွင်းဘက်ကို နောက်ထပ် လက်တစ်လုံးလောက်ရောက်လျှင် ကျွန်တော် ခြေဖမိုးကို စိုက်နေတော့မည်။ ထိုဒဏ်ရာက ချက်ချင်းမသေဘဲ သွေးထွက်လွန်းပြီးမှ သေရမည် (သို့မဟုတ်) စခန်းမှာ ကျန်သူများ ကျွန်တော့်ကို တွေ့အောင် မရှာနိုင်လျှင် အစာငတ် ရေငတ်ဝေဒနာ ခံစားပြီးမှ သေရမည်။

သည်နေရာကနေ၍ အလုပ်စခန်းမှ သိအောင် ကြားအောင် ကျွန်တော် အော်နိုင်မည် မဟုတ်ပါ။

ယခုပင် ဖိနပ်ဘေးသားကို ဖောက်ပြီး အောက်သို့
စူးဝင်နေသော သစ်ပင်ကို ကျွန်တော် မ,မနိုင်၊ မဖယ်နိုင်၍ ထိုဖိနပ်ကိုချွတ်ပြီး သစ်ငုတ်ပေါ်က အမြန်ဆင်းရပါသည်။

နောက်တစ်ကြိမ် သစ်ကိုင်းကြီး မြောက်သွားပြီး ကျွန်တော့်အပေါ် မကျဘူး မပြောနိုင်ပါ။

(သစ်ပင်ကို ခုတ်လှဲ၍ လဲမကျဘဲ ထိုကဲ့သို့ သစ်ကိုင်းများနှင့် တွဲလောင်းဆွဲနေသောသစ်ကို “ချူကောင်ဆွဲ”သစ်ဟု ခေါ်သည်။ အိမ်ဆောက်လျှင် အလွန်ခိုက်တတ်သည်ဟု လက်သမားဆရာများ အယူရှိပါသည်။)

ကျွန်တော် ဆတ်ဆတ်တုန်အောင် ကြောက်လန့်ဇောချွေးပြန်ပြီး အလုပ်စခန်းသို့ အမြန်ပြန်ပြေးခဲ့ရပါတော့သည်။

အထက်ပါ ကိုယ်တွေ့အဖြစ်အပျက်က ကျွန်တော်၏ သေကံမရောက် သက်မပျောက်မှုများတွင် ထိတ်လန့်ဖွယ်အကောင်းဆုံးဖြစ်၍ ကာလကြာပြီး ယခုအချိန်အထိ တစ်ခါတစ်ရံ အိပ်မက်ဆိုးတွေမက်နေရဆဲ ဖြစ်ပါကြောင်း။

– ပြီး –

စာရေးသူ – တောက်ထိန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *