July 31, 2025
Uncategorized

သေရွာပြန် မောင်သံခဲ

သေရွာပြန် မောင်သံခဲ ( စ၊ ဆုံး)
ထမံ(တောင်ငူ)
********

သူ့မျက်ဝန်းတွေကို ​ဖွင့်ကြည့်လိုက်တယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ တစ်စုံတစ်ခုနဲ့ တင်းကျပ်စွာ စည်းနှောင်ခံထားရပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း ​မှောင်မည်းတိတ်ဆိတ်လို့ ပူလောင်ပြင်းပြတဲ့ အထိအတွေ့ကို ခံစားရရှိနေတယ်။

” ငါဘယ်ကို ရောက်နေတာပါလိမ့်…”

သူ နှုတ်ဖျားက ရေရွတ်လိုက်မိပေမယ့် အသံတို့က ထွက်မလာ။ လည်ချောင်းတွေက ပူလောင်အက်ရှမှုတို့ကို ခံစားနေရတယ်။

သူ…အဖြစ်အပျက်တို့ကို မှတ်မိနိုင်သလောက် ပြန်လည်စဥ်းစားလိုက်တယ်။

သူ့ကို ကြိုးတွေ တုတ်နှောင်ပြီး ဝိုင်းရိုက်နေကြတဲ့ မြင်ကွင်း။ သူ နာကျင်လွန်းစွာနဲ့ ဟစ်အော်ညည်းညူနေမိတယ်။ သူ ဘာမှမလုပ်ကြောင်းကိုလည်း ထပ်ဖန်တလဲလဲ ပြောနေမိတယ်။

နောက်ဆုံး အရိုက်နှက်ခံရတဲ့ ဒဏ်တွေအကြား သူ ဘာကိုမှ သိနိုင်စွမ်း မရှိတော့ဘူး။ အသိစိတ်တစ်ခုလုံး အမှောင်တိုက်ကြားထဲကို ရောက်သွားခဲ့တယ်။

ဒီနောက်ပိုင်းတော့…။

အဖြစ်အပျက်တွေကို သူအလုံးစုံ နားလည်ခဲ့လေပြီ။

” ဘုရား…ဘုရား။ သူ…သူတို့ ငါ့ကို သေပြီဆိုပြီး ​မြေမြှုပ်ခဲ့တာပဲ…”

သူ ကြောက်စိတ်လွန်ကဲလွန်းစွာနဲ့ သူရုန်းကန်ရင်း ဟစ်အော်မိတယ်။ ဘယ်လိုမှ မရပြီ။

သူ အလွန်အမင်း ဝမ်းနည်းသွားရတယ်။

မျက်ဝန်းဆီမှာ အဘွားဖြစ်သူရဲ့ မျက်နှာ၊ ညီနဲ့ ညီမလေးနှာကို မြင်ယောင်လာရတယ်။ ပြီးတော့ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာခဲ့ရလေရဲ့…။

******

အထက်ပါ အဖြစ်အပျက်မတိုင်ခင် ငါးရက်တာ အလိုက…။

မင်းခေါင်တို့ဟာ တောလမ်းကနေ အပြန်ခရီးကို နှင်ခဲ့ကြတယ်။

တစ်ပါတ်အကြာမှာတော့ လမ်းခုလတ်ဆီက တောင်ငူမြို့ဆီကို ရောက်ခဲ့ကြပါတယ်။

တောင်ငူမြို့ဟာ အတိတ်ကာလက မင်းတရားကြီးတပင်ရွှေထီးနဲ့ ဗမာ့သမိုင်းမှာ အကျယ်ဝန်းဆုံးနိုင်ငံ၊ အကြီးမားဆုံးသော အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးတို့ရဲ့ ထီးတည်နန်းတည်မြို့ ဖြစ်ခဲ့ပြီး မင်းတရားကြီးရဲ့ အချင်းချုပ်တိုင် မြှုပ်နှံရာ ဘူမိနက်သန် နေရာမှန်လည်း ဖြစ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

မင်းခေါင်တို့ဟာ သမိုင်းနောက်ခံကြီးမားတဲ့ မြို့ကြီးဆီကိုရောက်တော့ သူတို့ရဲ့ စစ်ကိုင်းမြို့ကြီးလိုပဲ ခံစားမိကြတယ်။ ဒါကြောင့် အရှေ့ခရီးကို မဆက်ဖြစ်ဘဲ တောင်ငူမြို့မှာ နှစ်ရက်သုံးရက် တည်းခိုနေထိုင်ဖို့ ဆုံးဖြတ်ကြတယ်။

ဒီမြို့ကို ရောက်လာတော့ ပုလိပ်တွေကို သိပ်ပြီး ဂရုစိုက်စရာမလိုအပ်ပြီ။ ပဲခူးမြို့တုန်းကသာ မင်းခေါင်ရဲ့ ပုံတွေကို ဖြန့်ကျက်ထားတာမို့ အသွားအလာခက်ရတယ်လေ။

ဒီမြို့ကိုတော့ မင်းခေါင်ရဲ့ ပုံတူတွေက ရောက်ဦးမယ်မထင်။ လမ်းပန်းဆက်သွယ်ရေးက အတော့်ကို ခက်ခဲနေတဲ့ ကာလတစ်ခုမဟုတ်လား။ သတင်းကတော့ ရောက်ကောင်းရောက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သတင်းရောက်ပြီး လူမသိရင်တော့ အနှီပုလိပ်တို့ ဘာများလုပ်နိုင်ဦးမှာလဲ။ လူဦးရေ ထောင်သောင်းကြားထဲမှာ မင်းခေါင်ကို ရှာဖွေဖမ်းဆီးဖို့ရာက မလွယ်ကူနိုင်ဘူးလေ။

” ငါတို့တစ်တွေ ရောက်တုန်းရောက်ခိုက် ဒီမြို့က သမိုင်းဝင်ရွှေဆံတော်ဘုရားကို ဝင်ဖူးကြစို့လား…”

ဦးဘထူးက အကြံပြုလာတယ်။

သုံးယောက်သား စိတ်ညီကိုယ်တူဆိုတော့ ဘာမှအကွန့်တက်စရာမရှိ။ မြို့ကိုရောက်တာနဲ့ ဘုရားကို လှမ်းမြင်ပြီး ဖူးတွေ့နေရတာမို့ လန်ချားကိုတောင် မငှားတော့ဘဲ အမြင်ရှိရာအတိုင်း လမ်းလျှောက်လို့သာ လာခဲ့ကြတယ်။

သိပ်ကြာကြာ မသွားလိုက်ရဘူး။ ဘုရားကို သူတို့ ရောက်ရှိကြတယ်။ ရှိခိုးကန်တော့်ကြပြီး အလိုရှိရာတို့ကို ဆုတောင်းကြတယ်။ သုံးယောက်စလုံး တောင်းတဲ့ဆုကတော့ တစ်ခုထဲနီးပါး ထပ်တူကျနေပါတယ်။

” ဆိုးရွားလွန်းတဲ့ အရင်းရှင်စနစ်ကို စွမ်းနိုင်သမျှနည်းလမ်းတို့နဲ့ အမြစ်ဖြတ် ချေမှုန်းနိုင်ပြီး အများပြည်သူ နာနေသူမှန်သမျှတို့ကို သူတို့တစ်တွေ ကူညီခွင့်ရကြပါစေ…” တဲ့။

ဆုတောင်းကြောင့်ပဲလားတော့ မပြောတတ်။ ဘုရားပေါ်က သုံးယောက်သား ဆင်းမယ်အလုပ်၊ မြောက်ဘက်စောင်းတန်းအနားဆီမှာ ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ အမယ်အိုကြီးတစ်ယောက်နဲ့ ကလေးငယ်နှစ်ယောက်ကို တွေ့ကြရတယ်။ အမယ်ကြီးက အသက်ခုနှစ်ဆယ် ကလေးငယ်တွေက အသက်ဆယ်နှစ်နဲ့ ဆယ့်နှစ်နှစ်အရွယ်၊ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ ကြည့်ရတာ အလွန်အမင်း နွမ်းပါးပုံရကြပါတယ်။

မင်းခေါင်တို့ သုံးယောက်လည်း ဒီမြင်ကွင်းကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။

” မတရားမှုတစ်ခုခုတော့ ဖြစ်နေပြီထင်တယ်…”

” မေးစမ်းကြည့်ကြစို့လား အစ်ကိုကြီးရာ…”

” မေးကြည့်ကြတာပေါ့…”

မင်းခေါင်က စတဲ့စကား၊ တာနောက အလယ်၊ ဦးဘထူးက နောက်ပိတ်။ သုံးယောက်သား အမယ်အိုကြီးတို့ဆီကို သွားလိုက်ကြတယ်။ အနားရောက်တော့ တာနောက…။

” အမယ်ကြီး…ဘာအတွက်များ ငိုကြွေးနေကြတာလဲ…”

” ဟင်…”

တာနောရဲ့ အသွင်ကြောင့် ကလေးနှစ်ယောက်တင်မက အမယ်အိုကြီးပါ လန့်ဖျပ်သွားတယ်။ ကလေးနှစ်ယောက် အမယ်ကြီးရင်ခွင်ဆီကို ခေါင်းတိုးဝင်လို့ ဖက်ထားကြတယ်။

တာနောလည်း အလွန်အမင်းစိတ်မကောင်းဖြစ်သွားရပြီး အနောက်ကို ပြန်ဆုတ်လိုက်ချိန် မင်းခေါင်က အရှေ့ကို လှမ်းတက်တယ်။

” အမေကြီး…ကျုပ်ကိုကော ပြောပြနိုင်မလား…”

အမယ်ကြီးက ခေါင်းကို ငုံ့လို့ ဝှက်ထားရင်း တုန်ယင်လာတယ်။

နောက်ဆုံး ဦးဘထူးက အရှေ့ကို လှမ်းတက်လေပြီး အမယ်ကြီးတို့ မြေအဘွားတွေကို ကြင်နာစွာ လှမ်းထိကိုင်လိုက်ကာ…။

” အမယ်ကြီး…ဘာများ ခက်ခဲနေလို့ပါလဲ။ ကျုပ်တို့ကို ပြောပြပေးပါ။ ဘာမဆို ကျုပ်တို့ ကူညီပေးနိုင်ပါတယ်…”

ဦးဘထူးရဲ့ စကားသံက ကြင်နာမှုတို့ လွှမ်းရစ်နေတယ်။ အမယ်ကြီးက ခေါင်းကို မော့လာတယ်။

” ငါ့သား…တ…တကယ်ကူညီပေးနိုင်တာလားဟင်…”

” ဟုတ်ပါတယ် အမယ်ကြီး။ ဘာမဆို ကျုပ်တို့ ကူညီပေးနိုင်ပါတယ်…”

” မဖြစ်နိုင်ဘူး ထင်တယ် ငါ့သားရယ်။ အမယ်ကြီးတို့ ကြုံဆုံနေရတဲ့ အခက်အခဲကို မင်းတို့အနေနဲ့ ကူညီပေးနိုင်ဖို့က မလွယ်ကူဘူးထင်တယ်။ ပုလိပ်ဂါတ်ကတောင် မကူညီပေးနိုင်တဲ့ အရာပါ…”

” အရေးပိုင်မင်းတောင်မှ မကူညီပေးနိုင်ဘူးဆိုတော့ ဘာများမို့လို့လဲ အမယ်ကြီး။ ပြောပြပါ…”

” အမယ်ကြီးတို့က မြို့ရဲ့ အနောက်ဘက် ဟိုးအလှမ်းကွာတဲ့ သရက်ပင်ရွာကပါ။ အမယ်ကြီးနာမည်က ဒေါ်ဖွားခက်ပါ…”

” ဟုတ်ကဲ့ အမေကြီး…”

” အမေကြီးမှာ သားသမီးတွေကတော့ လွန်ပါးကုန်ကြပြီ။ မြေးကလေးသုံးယောက် ကျန်ရစ်ပြီး အတူတူ နေကြပါတယ်။ ဒီလို နေကြရင်းနဲ့…”

အမယ်ကြီးဒေါ်ဖွားခက်ဟာ သူတို့ရဲ့ အဖြစ်အပျက်ကို နောက်ကြောင်းပြန်လို့ ပြောပြပါတော့တယ်။

******

သရက်ပင်ရွာဆီမှာ မြေရှင်ကြီးဦးဖိုးအောင်ကို မသိသူမရှိကြဘူး။

ဒီအတိုင်းပါပဲ။ တစ်ဖက်မှာလည်း ဒေါ်ဖွားခက်တို့ မြေးအဖွားကိုလည်း မသိသူမရှိကြပါဘူး။ ဒါပေမယ့် သိကြတဲ့ ဂုဏ်ပုဒ်ချင်းကတော့ ကွာဟချက်ကြီးမားလွန်းပါတယ်။

မြေရှင်ကြီးကိုကျတော့ လူတိုင်းက ချမ်းသာကြွယ်ဝသူအဖြစ် သိထားကြပြီး လူတိုင်းရဲ့ ငွေကြေးရှင် ကျေးဇူးရှင်ကြီးအဖြစ် သိကြကာ ဒေါ်ဖွားခက်တို့မိသားစုကိုတော့ စုန်းမိသားစုအဖြစ်ဘ၊ အဆင်းရဲဆုံးမိသားစုအဖြစ် သိကြတယ်။

ဒေါ်ဖွားခက်တို့မိသားစုဟာ စကားပြော ရိုးရှင်းကြပြီး တစ်စုံတစ်ခုဆို အဝေ့အဝိုက်မပါ တည့်တိုးပြောတတ်ကြတယ်။ မှန်လွန်းတော့ ရွာအပြင် အထုတ်ခံရတယ်ဆိုတာက တကယ့်အမှန်။ နိမ့်လွန်းတော့ လှံစိုက်ကြတယ်ဆိုတာ ဒေါ်ဖွားခက်တို့ မိသားစုကလေးအတွက် တစ်ခုမှ မလွတ်ကင်းနိုင်။

စုန်းလို့ သတ်မှတ်ကြတယ်။ ရွာထဲမှာ အနေမခံဘူး။ ရွာအပြင်ဘက်မှာ မောင်းထုတ်ပြီး နေစေတယ်။ ရွာထဲမှာ တစ်စုံတစ်ယောက် နေမကောင်းမကျန်းမာရင် ဒေါ်ဖွားခက်လုပ်တာလို့ ပြောဆိုကြတယ်။ ကောလဟာလအဖြစ် သားနဲ့ ချွေးမကိုတောင် ပညာနဲ့ တိုက်သတ်တယ်လို့ သမုတ်ကြတယ်။ မြေးအကြီးကလေး သံခဲကိုလည်း ပညာနဲ့ နူနာဝဲစွဲအောင် ပြုလုပ်ထားတယ်လို့ ထပ်ဆင့် စွပ်စွဲကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်ဖွားခက်တို့ မြေးအဘွားကတော့ မရှိခိုးနိုး၊ မလှစုန်းငြှိုးဆိုသလိုပဲ ခံစားကြရပေမယ့် နိမ့်ပါးလွန်းတဲ့ အခြေအနေကြောင့် ဘယ်သူ့ကို နှုတ်လှန်မထိုးနိုင်ခဲ့ဘူး။ သူတို့နှင်တော့လည်း ရွာအပြင်ဘက်က ကျတ်တီးကုန်းကလေးဆီမှာ တဲကလေးထိုးပြီး ရှိထားခဲ့တဲ့ နွားအိုကြီးနှစ်ကောင်ကို အားပြုလို့ ရရာသီးနှံကလေးတွေ စိုက်ပျိုးရင်း အသက်မွေးကြရတယ်။

ရွာအထဲကို အဝင်မခံတာမို့ စိုက်ပျိုးရတဲ့ သီးနှံတို့ကို တစ်ခြားရွာတွေဆီ သွားရောက် ရောင်းချရတယ်။ ဒီလိုနဲ့ အသက်ရှင်ရပ်တည်ရင်း တစ်ရက်သားမှာတော့ ဒေါ်ဖွားခက်တို့ မိသားစုကလေးဆီ ကံကြမ္မာလေပွေရိုင်းက ရိုက်ခတ်လာလေတယ်။

ဒိအဖြစ်အပျက်က…။

မြေရှင်ကြီးဦးဖိုးအောင်ရဲ့ တစ်ဦးတည်းသော သမီးလေး နွေနှောင်းဆီမှာ လက်သည်တရားခံကို ပြစရာမရှိတဲ့ ကိုယ်ဝန်စွဲကပ်လာခဲ့တာပါ။

ဒီကိစ္စက မဆီမဆိုင် ဒေါ်ဖွားရှင်တို့ရဲ့ မိသားစုဆီကို ရိုက်ခတ်လာပုံကတော့…။

******

” တောက်…”

ဦးဖိုးအောင်ရဲ့ တောက်ခေါက်သံက ကျယ်လောင်လွန်းတာမို့ နွေနှောင်းတင်မက မိခင်ဖြစ်သူ ဒေါ်အေးတင့်ပါ လန့်ဖျပ်ပြီး တုန်သွားရတယ်။

ဦးဖိုးအောင်ဟာ ခံပြင်းဒေါသထွက်ရလွန်းလို့ မျက်နှာကြီးလည်း နီမြန်းအစ်အက်လို့ရယ်။

” ဘယ်လို လုပ်ကြမလဲ။ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ ပြောကြစမ်းပါဦး ဟင်…ပြောကြစမ်းပါဦး…”

သားအမိနှစ်ယောက် မျက်ရည်စက်လက်အကြားက နှုတ်ဆိတ်နေမိကြတယ်။

” ငါမေးနေတယ်လေ…”

” ကျုပ်တို့လည်း…”

” တော်တိတ်စမ်း။ ဟို မိနွေနှောင်း နင်မိဘမျက်နှာကို အခုလိုပဲ အိုးမည်းသုတ်ရက်သလား။ နင့်ကို ငါ ကောင်းကောင်းမွန်မွန်မေးနေတယ်။ ဒီအကောင်ဟာ ဘယ်သူလဲ…”

” ကျွန်မ…ကျွန်မ မပြောတတ်ဘူး အဖေ…”

” ဟေ့…ဒီလိုကိစ္စမျိုးက တစ်ဖက်သား မပါဘဲ ဖြစ်မလာဘူး။ အခု နင့်မှာ ဖြစ်နေပြီ။ ဒါဟာ တစ်စုံတစ်ယောက်ကြောင့်ပဲ။ ဘယ်ကောင်လဲ ငါ့ကို ပြောစမ်း။ မဟုတ်ရင် နင့်ကို သတ်မိလိမ့်မယ်…”

” အို…အဖေသတ်လည်း သမီးက ခံရမှာပဲ။ ဘယ်သူဆိုတာ သမီးကိုယ်တိုင် မသိလို့ပါ…”

” မဟုတ်ဘူး။ ဒီကိစ္စအတွက် ငါ့အရှက် ငါ့သိက္ခာ အားလုံးပျက်ဆီးရတော့မယ်။ ညည်းပြောရင်ပြော မပြောရင်တော့ ဒီကိစ္စကို ဖုံးဖိဖို့ တစ်ဖက်ရွာက လှဖေနဲ့ နင့်ကို အမြန်စီစဥ်ရလိမ့်မယ်…”

” လှဖေကို သမီး မယူနိုင်ဘူး အဖေ။ ချစ်လည်း မချစ်ဘူး…”

” နင် မယူနိုင်ရင် နင့်ကိစ္စက ဘယ်သူဆိုတာ ပြောပြလေ…”

အဖေဖြစ်သူရဲ့ စကားက နွေနှောင်းကို ဘေးကျပ်နံကျပ် ဖြစ်သွားရစေတယ်။ တကယ်တမ်းကျတော့ သူမကိုယ်တိုင်လည်း ဒီကိစ္စကို နားမလည်။ ဘယ်ကဘယ်လို ဖြစ်လာတယ်ဆိုတာ မသိတတ်။ အလိုလိုနေရင်း ဖြစ်လာတဲ့ အရာကြီးတစ်ခုပါ။ သူမဆီမှာ ဖိုသတ္တဝါနဲ့ ထိတွေ့ဖို့အတွက်ကား ရည်းစားသနာတောင် မရှိခဲ့ဘူး မဟုတ်လား။ ရည်းစားသနာကိစ္စ၊ အိမ်ထောင်ရက်သားကိစ္စဆိုတာအတွက်ကို သူမကိုယ်တိုင်ကကို လုံးဝစိတ်မဝင်စားမိခဲ့ဘူးလေ။ အခုလိုမျိုး ဖြစ်လာဖို့ဆိုတာက ဝေးရောပေါ့။

” ဟဲ့…ငါမေးနေတယ်လေ။ နင် မဖြေရင်တော့ လှဖေနဲ့ ကိစ္စကို ငြင်းဖို့ရာ မကြိုးစားနဲ့တော့…”

” ကျွန်…မ…”

နွေနှောင်း ဘာလုပ်ရမယ် မသိဘူး။ လှဖေနဲ့လည်း အိမ်ထောင်မပြုလိုဘူး။ လှဖေတင်မက ဘယ်ယောကျ်ားသားနဲ့မှကို အိမ်ထောင်မပြုလိုသေးတာပါ။ ဒီတော့ မဖြစ်တန်တာကို ပြောဖို့ရာအတွက် သူမ ဆုံးဖြတ်လိုက်တယ်။

သူမကိစ္စအတွက် လက်သည်တရားခံက ရွာအပြင်မှာနေတဲ့ သံခဲရယ်လို့ ပြောဖို့ ဆုံးဖြတ်လိုက််တယ်။

သံခဲက နူနာရောဂါသည်တစ်ယောက်။ အဘွားဖြစ်သူက စုန်းလို့ တစ်ရွာလုံးက သမုတ်ထားတဲ့သူ။ သူတို့တစ်မိသားစုလုံးကို ရွာက ကျင်ဖယ်ထားတယ်။

သံခဲလို့ ပြောလိုက်တဲ့အတွက် သူမအနေနဲ့ အိမ်ထောင်ရက်သားပြုဖို့ရာ မလိုအပ်တော့ပါ။ သူမ ဝမ်းဆီက ကိစ္စဟာလည်း သံဝါသပြုခြင်းကြောင့် ရလာတာ မဟုတ်ဘူး။ သူမအနေနဲ့ အပျိုစင်စစ်ဘဝကို ဘယ်သူ့ဆီမှ မကမ်းဆက်သေးဘူး။ ဒါကြောင့် သူမကိုယ်သူမ ယုံကြည်စိတ် အပြည့်ရှိတယ်။ လတ်တလောတော့ တစ်ဖက်ရွာသား လှဖေကို သူမ မယူရဖို့ အရေးကြီးတယ်လေ။

ဗိုက်ထဲက ကိစ္စကိုက နောင်ခါလာ နောင်ခါစျေးပေါ့။ တကယ်လို့ ​ရှေးရှေးက ပုံပြင်တွေအထဲကလို ကိုယ်ဝန်စင်စစ်ဖြစ်နေတော့လ​ည်း ယူလိုက်ရုံပေါ့…။

” ဟဲ့…သမီးမိုက်။ ညည်းကို ငါ မေးနေတယ်လေ။ ငါတယ်…”

ဦးဖိုးအောင်က နွေနှောင်းကို ပြောရင်း ရိုက်နှက်ဖို့ရာအတွက် လက်ကိုလည်း ရွယ်လိုက်တယ်။ နွေနှောင်းလည်း ထိတ်ပြာသွားခဲ့ရပြီး…။

” ပြော…ပြောပါ့မယ် အဖေ။ ဟို…ဟို…သံခဲနဲ့ပါ…”

” ဘာ…”

ဦးဖိုးအောင်ရဲ့ အသံက မိုးခြိမ်းသံလို ကျယ်လောင်သွားခဲ့တယ်။ သံခဲဆိုတဲ့ကောင်နဲ့မှတဲ့လားလို့ စိတ်က တွေးရင်း အလွန်အမင်းကိုလည်း ယူကြုံးမရ ဖြစ်မိတယ်။

” ဘယ်က ဘယ်လို ဖြစ်တာလဲ။ နင့်ဟာက ဟုတ်ကော ဟုတ်လို့လား နွေနှောင်း…”

” ဟုတ်…ဟုတ်ပါတယ် အဖေရယ်။ သံခဲကို သနားစိတ်ဝင်မိရာကနေ အချစ်စိတ် ဖြစ်သွားမိတာပါ…”

” ခက်လိုက်တာ ငါ့သမီးရယ်။ နင့်နှယ်…တစ်ရွာလုံးက ခြေကောင်းလက်ကောင်းတွေကို လစ်လှူရှုပြီး ဒီအနူကောင်ကိုမှ…”

ဦးဖိုးအောင်ရဲ့ အသံက တိုးတိမ်သွားတယ်။

သမီးဖြစ်သူရဲ့ အဖြစ်က မဟာပဒုမဇာတ်တော်အထဲက ပေါင်တိုကြီးကိုမှ ချစ်ခင်စုံမက်သွားခဲ့တဲ့ မိန်းမလို ဖြစ်နေပြီ။

” သမီးကို မရိုက်ပါနဲ့နော် အဖေ။ သမီး…လှဖေကိုလည်း မယူပါရစေနဲ့။ သ…သမီး အဖေတို့ စကားကို နားထောင်ပါ့မယ် အဖေရယ်…”

နွေနှောင်းက ငိုကြီးချက်မ ပြောလာတယ်။

ဦးဖိုးအောင်တစ်ယောက် သမီးဖြစ်သူကို သနားစိတ်ဝင်ရလေပြီ။ ဒါပေမယ့်လည်း ဘယ်လိုပဲ သနားပါစေ၊ နူနာရောဂါသည်တစ်ယောက်ကိုတော့ သူ့အရိပ်၊ သူ့အသိုင်းအဝိုင်းထဲ ဆွဲမထည့်လိုပြီ။

” သမီး…အဖေတို့ စကားကို နားထောင်ပါ့မယ်။ သမီးကို လှဖေနဲ့ တစ်ခြားယောကျ်ားတွေနဲ့ မပေးစားပါနဲ့…”

” သမီး…”

ဦးဖိုးအောင်ရဲ့ လေသံက ပျော့ပြောင်းသွားခဲ့တယ်။ ခေါင်းထဲမှာ သမီးဖြစ်သူအတွက် အစီအစဥ်တွေကိုလည်း အမျိုးမျိုး ချမှတ်နေမိတယ်။

” ရှင်…အဖေ…”

” နင်…မြို့ပေါ်က နင့်ကြီးတော်ဆီကို သွားနေ။ အေးတင့် နင်လည်း လိုက်သွား။ ဟိုမှာ ကိစ္စကို ရှင်းချေ။ ဒီက ကိစ္စတွေကို ငါရှင်းထားလိုက်မယ်…”

” တော်က ဒီမှာ ဘာတွေရှင်းစရာရှိသေးလို့တုန်း…”

” ဘာရှင်းရှင်း နင့်အလုပ်မဟုတ်ဘူး။ ငါ ပြောသလိုသာ လုပ်။ ဟို လက်သည်မကိုတော့ ငွေများများပေးပြီး ဒီကိစ္စကို နှုတ်ပိတ်ခိုင်းထားလိုက် ကြားလား…”

ဦးဖိုးအောင်က ငေါက်ငမ်းတော့ ဒေါ်အေးတင့် ငြိမ်သွားတယ်။ ခေါင်းကို ညိတ်တယ်။

နွေနှောင်းကတော့ ဖခင်ဖြစ်သူရဲ့ စကားတွေအပေါ် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရလေရဲ့။ ဖခင်ဖြစ်သူဟာ အပြင်ပန်းမှာ စကားပြောချိုသာသလို အမြဲပြုံးနေတတ်သူဖြစ်ပေမယ့် အတွင်းစိတ်ထားကတော့ သိပ်ကို ခက်ထန်တယ်ဆိုတာ သူမ သိနေတယ်လေ။

ဒါပေမယ့်လည်း သူ့မအတွက်ကတော့ အသက်ရှူပေါက်ရခဲ့ပြီပဲ။ ဘာကိုတွေးနေတော့မှာလဲ။ မိခင်နဲ့အတူ မြို့ကို သွားဖို့သာ ပြင်ဆင်ဆုံးဖြတ်လိုက်ရုံပေါ့…။

******

” သံခဲ…”

တဲအရှေ့ဆီက ခေါ်သံကို ကြားမိပေမယ့် ဒေါ်ဖွားခက် ထမင်းအိုးငဲ့နေတာမို့ ထွက်ကြည့်ဖို့ ခက်သွားရတယ်။

” မြေး​ငယ် ကျောက်ခဲရေ…အရှေ့က ဘယ်သူလဲ ထွက်ကြည့်လိုက်ပါဦး…”

” ဟုတ်ကဲ့ အဖွား…”

အငယ်ဆုံးကောင်လေးက တဲအနောက်ထဲ အလတ်မလေး ထင်းခွဲပေးနေတာကို ကောက်ပေးနေရာက အရှေ့ထွက်ကြည့်တယ်။

” ဟေ့ကောင်…မင်း အစ်ကို သံခဲကော…”

” အစ်ကိုကြီး မရှိဘူး။ နွားကျောင်းသွားတယ်။ အဖွားတော့ ရှိတယ်…”

” မင်း အဖွားကို သွားခေါ်ချေ…”

” ဟုတ်ကဲ့…”

ကျောက်ခဲလည်း တဲအတွင်းကို ပြန်ဝင်ပြေးခဲ့ကာ…။

” အဖွား…ရွာထဲက လူကြီးတွေ။ အစ်ကိုကြီးကို မေးတယ်။ မရှိဘူးဆိုတော့ အဖွားကို တွေ့ချင်လို့တဲ့…”

” ဟင်…ဟုတ်သလား…”

ရွာထဲက လူတွေနဲ့ အဆက်အသွယ်မရှိခဲ့တာကြာပြီ။ အခုမှ ဘယ်လိုအကြောင်းကြောင့်ရယ် မသိဘူး။ စိတ်ထဲတော့ စိုးရိမ်စိတ် ရှိမိသွားရတယ်။

” သားတို့ကို ရွာထဲ ပြန်ခေါ်မလို့လား မသိဘူး…”

ကျောက်ခဲက ပြုံးစိစိနဲ့ ပြောတယ်။ ရွာထဲနေတုန်းက သူတို့လေးတွေ လူကြားသူကြား နေရတာမို့ ပျော်ရွှင်ဖူးကြတယ်လေ။ ဒီတော့ မလာစဖူး၊ အလာထူးကြသူများကြောင့် သူတို့လေးတွေမှာလည်း မျှော်လင့်မိတာ မဆန်းပါဘူး။

ဒေါ်ဖွားခက် ကျောက်ခဲလေးကို စကားပြန်မနေတော့ဘဲ အရှေ့ကို ထွက်ခဲ့တယ်။

အိမ်ရှေ့ရောက်တော့ သူကြီးနဲ့အတူ လူချမ်းသာကြီးဦးဖိုးအောင်နဲ့ သူ့ရဲ့ တပည့်တပန်းများကို တွေ့လိုက်ရတာမို့ နဂိုရှိရင်းစွဲ စိုးရိမ်စိတိက ငယ်ထိပ်ဆီ ဆောင့်တက်သွားရလေတယ်။

” သူ…သူဋ္ဌေးကြီးတို့…ဘာအတွက်များ…”

ဒေါ်ဖွားခက်တစ်ယောက် စိုးရိမ်စိတ်ကြောင့် စကားတွေက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ်။ ဒါကြောင့် တစ်ဖက်က သူကြီးက စိတ်မရှည်စွာနဲ့ စကားဖြတ်ပြီး…။

” ခင်ဗျားမြေး သံခဲကော…”

” မြေးလေး သံခဲ နွားကျောင်းသွားတယ်…”

” ဘယ်ကို သွားတာလဲ…”

” အနောက်ဘက်တောစပ်ကို သွားသလားပဲ…”

ရိုးသားသူမို့ မလိမ်ညာတမ်းပဲ ပြောလိုက်တယ်။

” သေချာသလား အဲ့ဒီ့ကို သွားတာ…”

ဦးဖိုးအောင်က ဝင်မေးလာတယ်။

” ဟုတ်…သေချာပါတယ် သူဋ္ဌေးကြီး။ ဟို…ဟို ဒါနဲ့လေ မြေးလေးကို မေးနေတာဆိုတော့ ကျွန် ကျွန်မ မြေးလေးတစ်ခုခုများ ဖြစ်လို့လားဟင်…”

ဒေါ်ဖွားခက် မရဲတရဲ မေးလိုက်တယ်။ ဒိအခါ သူကြီးက…

” ဖြစ်တယ် ဒေါ်ဖွားခက်။ ညတုန်းက သူဋ္ဌေးကြီးအိမ်က ဘယက်ကြီးတစ်ခု ပျောက်သွားတယ်။ အဲ့ဒါ သံခဲ ခိုးထားတယ်လို့ သတင်းရထားတယ်…”

” ဟင်…”

ဒေါ်ဖွားခက် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားရတယ်။ အနောက်က နားထောင်နေကြတဲ့ မြေးအငယ်နှစ်ယောက်က

” မ မဖြစ်နိုင်တာ ငါ့မြေးလေးက ဒီလိုမလုပ်တတ်ပါဘူး။ ညတုန်းကလည်း အတူတူ ရှိနေပါတယ်…”

ဒေါ်ဖွားခက် မယုံကြည်နိုင်စွာနဲ့ ရေရွတ်မိတယ်။

” လုပ်တတ်တာမလုပ်တတ်တာတော့ မသိဘူး။ သတင်းအရတော့ ခင်ဗျားမြေး ဝင်ခိုးတာက အသေအချာပဲ…”

သူကြီးက ပြောလိုက်တယ်။ ဦးဖိုးအောင်က…

” ကဲ…ဟေ့ကောင်တွေ။ မင်းတို့အထဲက တစ်ဝက်က ဟိုကောင် နွားကျောင်းသွားတဲ့ဆီကို လိုက်ချေ။ ကျန်တဲ့သူတွေက သူတို့ဝိုင်းထဲကို ဝင်ရှာကြ…”

ဦးဖိုးအောင်ရဲ့ တပည့်လူကြမ်းတွေ နှစ်ဖွဲ့ခွဲသွားကြတယ်။ တစ်ဖွဲ့က သံခဲအနောက်ကို လိုက်ကြပြီး တစ်ဖွဲ့က တဲအထဲနဲ့ ခြံဝိုင်းထဲကို ဝင်ရှာကြတယ်။

ဒေါ်ဖွားခက်တို့ မြေးအဖွားသုံးယောက်မှာတော့ တစ်သက်နဲ့တစ်ကိုယ် မကြုံစဖူးကိစ္စရပ်ပေမို့ ကြောက်စိတ်များနဲ့ တစ်ယောက်ကိုတစ်ယောက်ဖက်လို့။ ကလေးနှစ်ယောက်ကတော့ ဟစ်အော်ကာ ငိုလို့ရယ်။

ရှာဖွေသူတွေက တစ်အိမ်လုံးကို လှန်လှောရှာဖွေကြတယ်။ ထမင်းအိုး ဟင်းအိုးတေ်ိပါ မကျန်ဘူး။ ချက်ထားတာတွေ အကုန်သွန်ချပြီးပါ ရှာကြတယ်။

အချိန်အနည်းငယ်ကြာသွားချိန်မှာတော့…။

” တွေ့ပြီ သူကြီး…”

မရှိမှန်းလည်းသိ၊ မလုပ်မှန်းလည်းသိနေပေမယ့် ပစ္စည်းသက်သေက ကိုယ့်အိမ်အထဲကနေ ထွက်ပေါ်လာခဲ့တာမို့ ဒေါ်ဖွားခက်တို့ မြေးအဖွားမှာ အတွင်တွင်အခါခါ ငြင်းဆန်ပေမယ့်လည်း ဘာတတ်နိုင်ဦးတော့မလဲ။

ဒီအခိုက်မှာ အနောက်ဘက် တောစပ်ကို လိုက်သွားတဲ့ အဖွဲ့က သံခဲကို တွေ့ရှိလာပြီး ခေါ်ဆောင်လာခဲ့ကြပါပြီ။

******

” ကျုပ် မလုပ်ပါဘူး သူကြီးရယ်…”

ဦးဖိုးအောင်ရဲ့ အိမ်ဆီမှာ သံခဲတစ်ယောက် အရိုက်ခံ အနှက်ခံနေရတဲ့ အကြားက သူ မလုပ်ကြောင်းကို အတွင်တွင် ငြင်းဆန်နေတယ်။ တစ်ဖက်ကလည်း ငြင်းဆန်လေ ရိုက်နှက်လေ။

နဂိုကတည်းကမှ သံခဲဟာ နူနာရောဂါသည်လေးမို့ ရိုက်နှက်သူတို့ရဲ့ လက်ချက်ဆီမှာ တစ်ချက်ချက် အကြောတွေတောင် ဆွဲဆွဲသွားရတဲ့အထိပဲ။ ဒါပေမယ့်လည်း သူမလုပ်တာကိုတော့ မလုပ်ကြောင်း ယတိပြတ်ကို သံခဲ ငြင်းဆန်နေတယ်။

အမှန်တော့ ဒီကိစ္စတွေအားလုံးက ဦးဖိုးအောင်ကိုယ်တိုင် စီစဥ်တဲ့ အစီအစဥ်ပါ။ သံခဲတို့အိမ်ဆီကို ညတုန်းက သူကိုယ်တိုင်ပဲ ပျောက်ဆုံးတဲ့ ဘယက်ကို သွားထားရစ်ခဲ့တာ။ ပြီးတော့ အစျိအစဥ်အတိုင်းပဲ သံခဲကို သူခိုးယိုးလို့ ဖမ်းဆီးပြီး တမင်ကိုပဲ ရိုက်နှက်နှိပ်စက်တာပါ။

ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ မြတ်နိုးချစ်ခင်ရတဲ့ သမီးအပေါ် ကြောတဲ့အတွက်ကြောင့်ပေါ့။ အနူလက်က ရွှေခွက်ကိုမှ နှိုက်တတ်လေတယ်ဆိုပြီး တွေးမိတိုင်း သံခဲကို အမှုန့်ကြိတ်ပစ်ချင်တဲ့အထိကို ဖြစ်မိတယ်။ သူ့အနေနဲ့ ဒီလို သတင်းကို အပြင်လည်း မထွက်စေချင်ဘူး။ အပြင်ထွက်ရင် သူ့သိက္ခာတရားတွေက ရေစုန်မျောရမှာက အသေအချာ။ ဒီတော့ ပိရိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ လက်စားချေမှုကို အခုလို ပြုလုပ်တာပဲ ဖြစ်တယ်။

” ဟေ့ကောင်တွေ တော်တော့။ ဒီခွေးမသားက ဒီပုံအတိုင်းဆို အမှန်ဖြေမှာမဟုတ်ဘူး…”

” ဒါဖြင့် ဘာလုပ်ရမလဲ သူဋ္ဌေး…”

” ရေနွေးပူထဲကို ခိုးတတ်တဲ့ လက်တွေကို စိမ်ပြီး ဝန်ခံလာတဲ့အထိ စစ်ကွာ…”

ဦးဖိုးအောင် အသံကြောင့် သံခဲတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားရတယ်။

” ဟာ…မ…မလု​ပ်ပါနဲ့…”

” ဟေ့ကောင် မလုပ်စေချင်ရင် အမှန်ကို ဝန်ခံလေကွာ…”

သံခဲတစ်ယောက် မလုပ်ပေမယ့်လည်း ဝန်မခံလို့ မရတော့ပြီ။ တစ်ဖက်က သူ့ကို အရက်စက်ဆုံး လုပ်ဆောင်တော့မယ်လေ။ ​ရှေးရှေး ဘယ်ဘဝက ဖြစ်ခဲ့မှန်းမသိတဲ့ ဝဋ်ကြွေးတစ်ခုကို ပြန်လည်ပေးဆပ်ရခြင်းလို့သာ သံခဲ သတ်မှတ်လိုက်တော့တယ်။

” ဟုတ်ပါတယ်။ ကျုပ် ခိုးယူတာပါ။ ကျုပ် ခိုးယူပါတယ်ဗျာ…”

” ဪ…အခုတော့ ဝန်ခံလာပြီပေါ့…”

” ဟုတ်ပါတယ် ကျုပ် ခိုးယူတာပါဗျာ…”

ဦးဖိုးအောင် ကောက်ကျစ်စဥ်းလဲစွာနဲ့ ပြုံးသွားတယ်။

ဒီလိုဝန်ခံမယ်ဆိုတာကိုလည်း သူကြိုတင်တွက်ပြီးသား​လေ။ ဒီအတွက်ကိုလည်း ကြိုတင်စီစဥ်ပြီးသားရယ်။ ဒါကြောင့်…။

” ဝန်ခံတယ်။ ဒါပေမယ့် ဝန်ခံလို့လည်း မင်းမသက်သာဘူး…”

” ဗျာ…ဘာကြောင့်လဲ…”

” မင်းလို အနူက ငါ့အိမ်က တန်ဖိုးအထားဆုံးအရာကိုမှ ထိပါးရဲလို့…”

” ဗျာ…”

သံခဲတစ်ယောက် ဘာတတ်နိုင်ပါဦးတော့မလဲ…။

******

” အဖြစ်ကတော့ အဲ့ဒါပါပဲ သားတို့ရယ်။ အမယ်ကြီးတို့တစ်တွေ မြေးလေးအတွက် ဦးဖိုးအောင်ဆီမှာ သုံးရက်တိတိ အစာငတ်ခံပြီး ဒူးထောက်တောင်းပန်ပြီးခဲ့ပါပြီ။ ဒါပေမယ့် သူတို့က မြေးလေးကို မလွှတ်ပေးဘူး။ ဒါကြောင့် မြို့ကိုတက်လာပြီး ဂါတ်ကို တိုင်ကြားတယ်။ ဂါတ်ကလည်း ဦးဖိုးအောင်ဆိုတဲ့ နာမည်ကို ကြားတာနဲ့ အမယ်ကြီးတို့ကို မောင်းထုတ်တယ်။ ဘာမှမတတ်နိုင်တဲ့အဆုံး အမယ်ကြီးတို့မြေးအဖွားလည်း ဘုရားမှာ ဆုတောင်းပြီး လာငိုနေမိကြတာပါ…”

ဒေါ်ဖွားခက်က အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပါတယ်။

အဖြစ်အပျက်ကြောင့် နားထောင်နေရတဲ့ မင်းခေါင်တို့သုံးယောက်စလုံးမှာ မျက်ရည်တောင် စို့ရတဲ့ အထိပါပဲ။

ဦးဘထူးက ဒေါ်ဖွားခက်ရဲ့ လက်ကို နွေးထွေးစွာနဲ့ ဆုပ်ကိုင်လိုက်တယ်။

” သူတို့ရဲ့ အိမ်တွင်းရေးကိုကော ဘယ်လိုများ သိခဲ့သလဲ အမယ်ကြီး…”

” နွေနှောင်းရဲ့ ဗိုက်ကို စမ်းသပ်ပေးတဲ့ လက်သည်မညိုက ပြောပြတာပါ။ သူတို့သားအဖတွေ ပြောနေကြတော့ မညိုက အိမ်ရှေ့ခန်းမှာ ရှိနေပြီး ကြားနေမိရတယ်တဲ့။ မညိုက အမယ်ကြီးတို့နဲ့ နည်းနည်းရင်းတယ်…”

” ဪ…”

ဥိးဘထူး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်တယ်။

” ကဲ…အမယ်ကြီး။ ဒီကိစ္စအတွက်ကို ကျုပ်တို့ ကူညီပေးမယ်။ ဘာမှ မပူနဲ့တော့နော်…”

” ကူညီပေးမယ်ဆိုလည်း မြန်မြန်သာ ကူညီပေးပါ သားတို့ရယ်။ မြေးလေးကို နှိပ်စက်ခံနေရတဲ့ဆီကနေ အမြန်ဆုံး လွတ်စေချင်ပါပြီ။ အမယ်ကြီး ရင်မကျိုးပါရစေနဲ့…”

” စိတ်ချပါ အမယ်ကြီးရယ်။ ရွာကိုတော့ လတ်တလော မပြန်နဲ့ဦးနော်။ ကျုပ်တို့နည်း ကျုပ်တို့ဟန်နဲ့ သံခဲကို ကယ်တင်ပေးပါ့မယ်…”

” ကျေးဇူးတင်ပါတယ်။ မြေးလေးကိုသာ အမြန်ဆုံး လွတ်အောင် ကယ်ပေးကြပါ…”

ဦဘထူးက ဒေါ်ဖွားခက်တို့ မြေးအဖွားအတွက် ငွေတစ်ချို့ပေးကာ တည်းခိုနေထိုင်ရေးကိုလည်း စီစဥ်ပေးလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ အစီအစဥ်ဆွဲပြီး မင်းခေါင်နဲ့ တာနောကို ချက် သရက်ပင်ရွာဆီ စေလွှတ်လိုက်ကာ သူကတော့ ဒေါ်ဖွားခက်တို့ကို စောင့်ရှောက်ပေးရင်း မြို့ပေါ်က နွေနှောင်းတို့သားအမိကို ရှာဖွေဖို့ နေ ရစ်ခဲ့ပါတော့တယ်။

*******

ညပိုင်းအချိန်…။

ဦးဖိုးအောင်တစ်ယောက် အတော်နဲ့ အိပ်စက်လို့ မပျော်နိုင်ဖြစ်နေရတယ်။

ညနေတုန်းက သူဖမ်းဆီး နှိပ်စက်နေတဲ့ သံခဲတစ်ယောက် သေဆုံးသွားခဲ့တယ်။ ကိစ္စကို ဘယ်သူမှ မသိအောင် ချက်ချင်းပဲ ဖျာလိပ်ပတ်ပြီး သုသာန်ဆီမှာ သွားရောက် မြှုပ်နှံစေလိုက်တယ်။ ပြီးတော့ သံခဲကို မြို့ဂါတ်ဆီ ပို့လိုက်ပြီဖြစ်ကြောင်း ရွာထဲမှာ သတင်းလွှင့်ထားလိုက်တယ်။

ကိစ္စက အေးအေးလူလူပဲ ရှင်းလင်းသွားခဲ့ပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ စိတ်ထဲ မတင်မကျနဲ့ ဖြစ်နေရတယ်။ အဲ့ဒီ့စိတ်က ဆင့်ကဲလာရင်း အခုညအထိကို အိပ်မပျော်တော့ဘူး။

သမီးအတွက်ကို စိတ်ပူနေတာလား မသိတတ်။ ဒါလည်း မဖြစ်တန်ရာ။ မြို့ဆီက အကောင်းဆုံးသော ဆေးဆရာနဲ့ ပြစေနေတာလေ။ နဖူးပေါ် လက်တင်ကာ စဥ်းစားနေမိရင်း ရုတ်တရက် မသိစိတ်က တစ်မျိုးတစ်ဖုံ ခံစားလာရတယ်။ တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလိုလိုကြီးရယ်။

” ဟင်…”

ဦးဖိုးအောင် ထုပ်တန်းအပေါ်က လူလိုလို မည်းမည်းအရာကြီးကို ကြည့်ပြီး သူ့မျက်လုံးသူ မယုံကြည်ဘူးဖြစ်သွားတယ်။

” ဒါ…ဒါက သံ…သံခဲလား…”

သူကြည့်နေတုန်းမှာပဲ မည်းမည်းအရာက လှုပ်ရှားလာပြီး အောက်ဆီကို ကြောင်တစ်ကောင်လို ငြင်သာလွန်းစွာနဲ့ ကျလာတယ်။

သံခဲ မဟုတ်။ မျက်နှာဖုံးစွပ်နဲ့ အခြားသူတစ်ယောက်…။

” မင်း…ဘယ်သူလဲ…”

” စောရမင်းခေါင်…ကျုပ်နာမည် မင်းခေါင်…”

” စောရမင်းခေါင်…စောရဆိုတော့ မင်းက သူခိုးပေါ့…”

” အမှန်ပဲ…”

” ဟာ…ဟေ့ကောင်တွေ သူခိုး သူခိုးအိမ်ပေါ်ရောက်နေတယ်ကွ…”

” အော်မနေနဲ့။ ခင်ဗျား လူတွေ အားလုံး ကျုပ်တို့ အမှောက်သိပ်ခဲ့ပြီ…”

အသံနဲ့အတူ မင်းခေါင်ရဲ့ အနောက်ကနေ တာနောက ထပ်ပြီး ဝင်လာတယ်။ သူတို့နှစ်ယောက် အတူတူဝင်လာကြပြီး ဦးဖိုးအောင်ရဲ့ တပည့်တွေကို အမှောက်သိပ်ခဲ့ကြတယ်။ ပြီးတော့ အိမ်ထဲကို ဝင်ကြပြီး မင်း​ခေါင်က ဦးဖိုးအောင် အခန်းဆီကို ဝင်သလို တာနောက တစ်အိမ်လုံးကို အနှံ့အပြားဝင်ထွက်ပြီး သံခဲကို ရှာတယ်။

” တွေ့ခဲ့လား အစ်ကိုလတ်…”

” မတွေ့ဘူး မင်းခေါင်…”

မင်းခေါင် သံခဲအတွက် စိုးရိမ်မိသွားရတယ်။ ဦးဖိုးအောင်ကတော့ ဒီစကားတွေကို နားထောင်ပြီး မင်းခေါင်တို့ သူ့အိမ်က တစ်စုံတစ်ခုကို လိုချင်သွားတယ်လို့ ထင်မိကြတယ်။ အသက်ဘေးမရှိရင် ဘာဖြစ်ဖြစ် ပေးမယ်လို့လည်း ဆုံးဖြတ်မိလိုက်တယ်။

” သံခဲ ဘယ်မှာလဲ…”

မင်းခေါင်က မေးလိုက်တယ်။ ဦးဖိုးအောင် ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပါပဲ။

” မ…မရှိဘူး…”

” ဦးဖိုးအောင်…ခင်ဗျား မလိမ်နဲ့…”

” ကျုပ် မလိမ်ပါဘူး…”

” ခင်ဗျားက သေချင်နေတာပဲ…”

တာနောက ဝင်ပြောရင်း ဦးဖိုးအောင်ရဲ့ လည်ပင်းကို သူ့ရဲ့ သန်မာတဲ့ လက်ကြီးနဲ့ ဆုပ်ကိုင်မြှောက်ယူလိုက်တယ်။

” အစ်…အစ်…အု…”

ဦးဖိုးအောင်ရဲ့ အသက်ရှူသံတွေ ရပ်တန့်သွားတော့မလို ဖြစ်သွားတယ်။ လူကုံထံတစ်ယောက်မို့ သေရမှာကို ကြောက်တဲ့ စိတ်ကလည်း အကဲပိုလာရတယ်။

” အစ်…ပြော…ပြောပါ့မယ်…”

” ပြောစမ်း…”

တာနောက ဦးဖိုးအောင်ကို အောက်ချပေးလိုက်တယ်။

” သု…သုသာန်မှာ။ ညနေတုန်းက လက်လွန်ပြီး…”

” ဟာကွာ…တောက်…”.

တာနောက စိတ်မြန်လွန်းတယ်။ သံခဲအတွက် စိတ်ထဲ ခံစားရလွန်းပြီး ဦးဖိုးအောင်ရဲ့ မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။ တစ်ချက်ထဲ မဟုတ်၊ လေးငါးဆယ်ချက်ကို ဆင့်ပြီး ရိုက်ချတာ။

” အစ်ကိုလတ်…စိတ်ထိန်းဦး အစ်ကိုလတ်…”

မင်းခေါင် ဝင်ဆွဲရတယ်။

ဒီတော့မှ တာနောတစ်ယောက် လက်ကို ရုတ်နိုင်ခဲ့လေရဲ့။ ဦးဖိုးအောင်ရဲ့ မျက်နှာကတော့ သွေးချင်းချင်းနီနေပါပြီ။

” သံခဲကို ဘယ်နားမှာ မြှုပ်လိုက်တာလဲ…”

” မ…မသိ အား…”

မသိကြောင်းပြောလာမယ့် ဦးဖိုးအောင်ကို တာနောက ထပ်မံပြီး ရိုက်ချလိုက်ပြန်တယ်။

” ကျုပ် ကျုပ် တပည့်တွေ သိ…သိပါတယ်…”

” ခင်ဗျား လိုက်ပြစမ်း…”

ဦးဖိုးအောင်ကို တာနောက ဂုတ်ကို ကိုင်ကာညတရွတ်ဆွဲလို့ ခေါ်လာခဲ့တယ်။ အောက်ကိုရောက်တော့ သတိလည်နေပြီလို့ ထင်ရတဲ့ ဦးဖိုးအောင် တပည့် တစ်ယောက်ကို ကျန်လက်တစ်ဖက်က ဆွဲယူကာ သုသာန်ဆီကို သွားကြပါတော့တယ်။

*******

ဦးဘထူးက အဖြစ်အပျက်အမှန်ကို နွေနှောင်းတို့ သားအမိဆီ ပြောပြပြီးနောက် နွေနှောင်းတို့ဟာ သံခဲအတွက် အချိန်နှောင်းမှာကို စိုးရိမ်မိပြီး ချက်ချင်းကိုပဲ ရွာဆီကို ဦးဘထူးနဲ့အတူ လိုက်ခဲ့ကြတယ်။ ဒေါ်ဖွားခက်တို့ မြေးအဖွားလည်း လိုက်ပါကြတယ်။

တစ်လမ်းလုံး နွေနှောင်းက သံခဲအခုလို ဖြစ်ရတာ သူမကြောင့်ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းပက်လက် ငိုကြွေးလာလေရဲ့။ သူမအနေနဲ့လည်း အိမ်ထောင်ရက်သား မပြုချင်တဲ့အတွက် ဗိုက်ထဲက ကိစ္စကို ဖခင်ဖြစ်သူဆီ အဖြေပေးဖို့အတွက် သံခဲကို အမည်တပ်မိခဲ့တာလေ။

အခုတော့ သူမအပေါ် အချစ်ကြီးလွန်းသူ ဖခင်ကြီးက သံခဲအပေါ်…။

ညနေစောင်းကတည်းက သူမတို့တစ်တွေ မြို့ဆီက ထွက်လာခဲ့ကြတယ်။ ​အမြန်ဆုံး ရောက်နိုင်အောင် မနားမနေနဲ့ ​လှည်းတစ်တန်၊ ​လှေတစ်တန်နဲ့ လာခဲ့ကြတယ်။ ညဦးပိုင်း အချိန်မှာတော့ ရွာဆီကို သူတို့ ရောက်ကြပါပြီ။ အိမ်ဆီကို သွားကြည့်တော့ လဲကျနေတဲ့ အိမ်က အလုပ်သမားတွေကို တွေ့ရတယ်။

သတိရနေပြီဖြစ်တဲ့ တစ်ယောက်ကို မေးကြည့်တော့…။

” လူနှစ်ယောက် သုသာန်ဆီကို ခေါ်သွားကြပြီ…”

” မင်းခေါင်နဲ့ တာနောတို့ပဲ။ တစ်ခုခုဖြစ်ပြီ ထင်တယ်…”

ဦးဘထူး ရေရွတ်လိုက်တယ်။ ပြီးတော့ စိုးရိမ်တကြီးနဲ့…။

” မဖြစ်သင့်တာတွေ မဖြစ်ရအောင် သုသာန်ကို အမြန်ဆုံး သွားကြစို့လား…”

ပြောပြီးတာနဲ့ အားလုံးပဲ သုသာန်ဆီကို သွားကြပါတော့တယ်။ ဆူညံညံ အသံတွေကြောင့် ရွာသားတွေလည်း သိကုန်ကြပြီး အကျိုးအကြောင်းမေးကာ လိုက်ပါလာကြကုန်ပါတယ်။

******

” တူး…ခင်ဗျား တူးစမ်း…”

တာနောက ဦးဖိုးအောင်ရဲ့ ဇက်ပိုးကို ဖြောင်းခနဲ ရိုက်ချပြီး သံခဲရဲ့ မြေပုံဆီကို ပစ်ချကာ ပြောလိုက်တယ်။

” တူး…တူးပါ့မယ်…”

ဦးဖိုးအောင် ကြောက်လန့်တကြားနဲ့ မြေပုံဆီက မြေသားတွေကို လက်နဲ့ ယက်ထုတ်တယ်။

” ဟိုကောင်…မင်းပါ တူး…”

မင်းခေါင်က ဦးဖိုးအောင်ရဲ့ တပည့်ကို ကျောဆီ ဖနောင့်နဲ့ ပေါက်ပြီး ပြောလိုက်တယ်။ ဆရာတပည့်နှစ်ယောက် မြေပုံဆီက မြေသားတွေကို လက်နဲ့ အပြင်းအထန် ယက်ထုတ်ကုန်ကြပါပြီ။

ဒီအခိုက်…။

” ဘုရား…ဘုရား…ငါ့မြေး​လေး…”

အနောက်ပါးဆီက အသံ။ မင်းခေါင်တို့ လှည့်ကြည့်လိုက်ကြတော့ ဦးဘထူးနဲ့အတူ လိုက်ပါလာကြတဲ့ ဒေါ်ဖွားခက်တို့ မြေးအဖွားနဲ့ ရွာသူရွာသားတွေ။

မင်းခေါင်တို့က ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တယ်။

” မြေးလေး…အဘွားမြေးလေး…”

” အစ်ကိုကြီး…အီး…ဟီး…ဟီး…”

ဒေါ်ဖွားခက်တို့ မြေးအဘွားတွေပါ မြေပုံဆီကို ငိုကြီးချက်မနဲ့ ပြေးလာကုန်ကြပြီး ဝိုင်းဖော်လာတယ်။

” ခွေးကောင်…လူယုတ်မာ…”

မြေးဇောကြောင့် ဒေါ်ဖွားခက်ဟာ ဦးဖိုးအောင်ကိုလည်း ထုထောင်းရိုက်နှက်တယ်။ တစ်ဖန် မြေးအတွက် မြေစာတွေကိုလည်း အသည်းအသန်ဖယ်ပြန်တယ်။

မင်းခေါင်တို့လည်း ဝင်ဖယ်ကူကြတာပေါ့…။

လူအများ ဝိုင်းဝန်းယက်ဖော်ကြတာမို့ တစ်ခရအကြာမှာတော့ မြေစာတွေအောက်ဆီက ဖျာလိပ်တစ်လိပ်ဟာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

*******

” အီး…ဟီး…ဟီး…အဖြစ်ဆိုးလှချည်လား ငါ့မြေးလေးရယ်…”

” အစ်ကိုကြီးရယ်…ညီလေးတို့ကို ထားခဲ့ပြီလား…”

သုသာန်တစ်စပြင်ဆီမှာ ဒေါ်ဖွားခက်တို့ မြေးအဖွားရဲ့ ငိုသံတို့က စီညံနေတယ်။ ကျန်သူတို့က သံခဲအတွက်နဲ့ ဒေါ်ဖွားခက်တို့အတွက် စိတ်မကောင်းဖြစ်မိကုန်ကြပြီး မျက်ရည်တို့ ကျရတယ်။

မင်းခေါင်တို့လည်း အချိန်မီကူညီခဲ့ကြပေမယ့် အခါနှောင်းသွားခဲ့ရတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိကြရတာပေါ့…။

ဦးဖိုးအောင်ကိုတော့ ရွာသားတို့က ဖမ်းဆီးထားကြပါတယ်။ အဖြစ်အပျက်တွေ အပြီးမှ ရောက်လာတဲ့ သူကြီးကိုလည်း ရွာသားတို့က ဖမ်းဆီးကြတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဖြစ်အပျက်ကို သိရက်နဲ့ မျက်နှာလွှဲထားတာ သူကြီးရာထူးနဲ့ မထိုက်တန်ဘူးလို့ အပြစ်တင်ပြောဆိုနေကြတယ်။ ဖြုတ်ထုတ်ပြီး အသစ်တစ်ယောက် ခန့်အပ်မယ်ရယ်ပေါ့။

ဦးဖိုးအောင်ကတော့ အဖြစ်အပျက် အလုံးစုံကို မိန်းမနဲ့ သမီးဆီက သိရှိပြီးဖြစ်တာ​ကြောင့် သူ့အတ္တနဲ့ သူ့မာနတို့ရဲ့ အမှားကို နားလည်ခဲ့တယ်။ ဒီအတွက်ကြောင့်လည်း အဖမ်းဆီးခံရပေမယ့် ဝမ်းမနည်းသလို နောင်တလည်း မရတော့ပြီ။ ဂါတ်တဲဆီကို အဖမ်းခံပြီး သူကိုယ်တိုင်ဝန်ခံကာ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူမယ်လို့လည်း ဆုံးဖြတ်ထားလေတယ်။

” ရေ…ရေပေးပါ…”

ရုတ်တရ​က် သံခဲဆီက တီးတိုးအသံ ထွက်ပေါ်လာတယ်။

” ဟာ…သံ…သံခဲ…”

ဦးဘထူးဆီက ဝမ်းသာအားရအသံ။ ဒေါ်ဖွားခက်တို့က ဘာဖြစ်မှန်းမသိ၊ ရုတ်တရက်တော့ ကြောင်အမ်းလို့ရယ်။ မင်းခေါင်တို့လည်း သံခဲကို လှုပ်ခတ်ကြည့်မိကြကာ…။

” သံခဲ…သံခဲ…မင်း သတိရတာလား…”

” ရေ…ရေပေးပါ…ရေဆာလို့ပါ…”

” သူ မသေဘူးဟေ့။ အသက်ရှိသေးတယ်…”

တာနောကြီးက သူ့အသံသြသြကြီးနဲ့ ဝမ်းသာအားရ ဟစ်အော်လိုက်တယ်။ ရွာသားတို့ဆီက ဟေးခနဲ ဟစ်အော်သံကြီးက တစ်ပြိုင်နက်။ ဒေါ်ဖွားခက်တို့ မြေးအဖွားတွေက ဝမ်းသာအားရနဲ့ သံခဲကို ဖက်ကာ ငိုကြွေးကြတယ်။

ဘာပဲဖြစ်ဖြစ် အပြစ်ကင်းသူတစ်ယောက် သေရွာက ပြန်လည်ရှင်သန်လာခြင်းဟာ သုသာန်တစ်စပြင်မှာ ဖြစ်ပေမယ့် မဂ်လာရှိလွန်းတဲ့ အဖြစ်ရယ်ပေါ့…။

*******

ဦးဖိုးအောင်ဟာ သူ့အပြစ်ကို သူ့ဆုံးဖြတ်ချက်အတိုင်းပဲ သူကိုယ်တိုင် ဝန်ခံကာ လက်ခံယူပါတယ်။ အရင်းရှင် လူကုံထံတစ်ယောက်ရဲ့ အကျွတ်တရားရယ်ပေါ့။

နစ်နာသူ သံခဲတို့ မိသားစုကိုတော့ လျော်ကြေးအပြင် နွေနှောင်းကလည်း သံခဲကို လက်ထပ်ယူလိုကြောင်း အနူးအညွတ်တောင်းပန်ရင်း တောင်းဆိုတယ်။

ဒေါ်ဖွားခက်ကတော့ ဒီတောင်းဆိုမှုကို လက်ခံတယ်။ သံခဲကတော့ ခေါင်းလည်း မညိတ်၊ ခေါင်းလည်းမခါ။

သူကြီးကတော့ ရွာသားတွေက ညီညီညွတ်ညွတ်နဲ့ ဖြုတ်ချပြီး ရွာကနေ နှင်ထုတ်တာ ခံရလေတယ်။

ဒီကနေ တစ်လအကြာမှာတော့ နွေနှောင်းရဲ့ ဝမ်းဆီက သွေးသပျစ်ခိုင်ခေါ်တဲ့ ရောဂါအသားလုံးကြီးဟာ မြို့ပေါ်တုန်းက သောက်ခဲ့တဲ့ ဆေးတွေရဲ့ စွမ်းအားကြောင့် ကျဆင်းလာပါတယ်။

အခုတော့ အရာအားလုံးက ရှင်းလင်းခဲ့ပါပြီ။ ဒီအပြင် နွေနှောင်းဟာ သံခဲအပေါ် သနားစိတ် အားနာစိတ် ထားမိလို့ ကမ်းလှမ်းတောင်းဆိုမိရာက တကယ်ချစ်မိသွားခဲ့ပါတယ်။ နောင်များမှာတော့ နွေနှောင်းရဲ့ အချစ်ကို သံခဲ လက်ခံနိုင်သွားမလားတော့ မသိတတ်ပြီ။

မင်းခေါင်တို့ကတော့ တစ်ပါတ်အကြာကတည်းက သရက်ပင်ရွာကနေ စစ်ကိုင်းဆီ အပြန်ခရီးကို ထွက်ခွာသွားခဲ့ကြလေရဲ့…။

ပြီးပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *