ဝင်းနွယ်(သစ်တော)
ဆောင်းနေတစ်ထွာဟု ဆိုကြသည့်အတိုင်း ပြာသိုလ၏ တစ်နေ့တာအချိန်က တိုတောင်းလှ၏။
နေအပူရှိန် လျော့ပါးသည်နှင့်အမျှ နေ့ခင်းကာလကို လျင်မြန်စွာ ကျော်ဖြတ်သွားသည်ဟု ထင်ရ၏။
သောင်ပြင်ထဲတွင် ရွက်ဖျင်တဲထိုး၍ အနားယူကြရသော ပိုက်ကြီးသမားတို့အဖို့ နေဝင်စောသည်ဟု ဆိုလိုက်ချင်တော့သည်။ အနားယူချိန် နည်းပါးသလောက် မြောက်ပြန်လေ နှုတ်ဆက်သော ညပိုင်းကာလ အလုပ်ဆင်းချိန်များက တမေ့တမြော။
ရှည်လျားသော ဆောင်းညများတွင် ပိုက်ချက် လေးငါးချက် ဆွဲဖို့ပင် မနည်းရုန်းကန်နေရသည်။
နှင်းထုကြောင့် ဝန်းကျင်ကို မှုန်ဝါးစေပြီး ရေငွေ့တို့က ရေပြင်အထက်ဝယ် နေရာယူနေကြ၏။ ရေအေးစပ်ကာလမို့ ဧရာဝတီမြစ်၏ ကမ်းစပ်ရေက စိမ့်ခနဲအေးလှသည်။
အရိုးကွဲလုမတတ် ခိုက်ခိုက်တုန်အေးလှသော်လည်း အလုပ်ကို လေးစားကြသူများမို့ ညသန်းခေါင်ကာလတွင် အမှောင်ထုကို အန်တုရုန်းကန်ခဲ့ကြရသည်။
“ငပြူးနဲ့ သာမောင်၊ ကမ်းစပ်ကနေ တောင့်ဆွဲထား ကြနော်”
“ဟုတ်ကဲ့ ဦးကြီး”
လောင်းလှေပေါ်မှ ရေစပ်သို့ နှစ်ဦးသား ဆင်းလိုက်ကြသည်။ ဦးဘဦးက လှေကို ကမ်းစပ်မှခွာပြီး ပိုက်လက်ဖျားကြိုး အစကို ထားခဲ့သည်။ သာမောင်တို့က နိုင်လွန်လက်ဖျားကြိုးကွင်းကို ချည်ကြမ်းပုဆိုးဖြင့် ရစ်ပတ်လိုက်သည်။ ရေစပ်ကို ခြေကန်ပြီး ကြိုးစကို တောင့်ဆွဲထားရသည်။
ဦးဘဦး ကိုယ်တိုင် လှေဝမ်းပေါ်တွင် ပုံထားသော ပိုက်သားစများကို ရေထဲသို့ စနစ်တကျ ချပေးသည်။ ပိုက်ချ မမှန်ကန်ပါက အောက်ခြေခဲသီးများနှင့် ပိုက်စများ ရစ်ထွေးသွားတတ်သည်။ မြစ်ထောင့်ချိုးကို အလံတစ်ရာရှိသော ပိုက်စိပ်ကြီးက ပိတ်ထားပြီးဖြစ်ပေတော့သည်။
ရင်စို့ခန့် ရေအနက်တွင် စံထူးနှင့် မြင့်မောင်က တစ်တွဲ၊ ကျော်ဦးနှင့် မောင်ဝိုင်းက တစ်တွဲ၊ မြခင်နှင့် အုန်းမှုတ်စိန်တို့က တစ်တွဲ ရေထဲသို့ဆင်းပြီး ပိုက်ခေါင်းကြိုးကို တဖြည်းဖြည်းဆွဲရသည်။
ကမ်းစပ်အရောက်တွင် ဦးဘဦးနှင့်သားဖြစ်သူ ခင်ထွန်းတို့က ပိုက်လက်ဖျားကြိုးကို ဆွဲရင်း လောင်းလှေကို ကမ်းစပ်သို့ ဦးထိုးချလိုက်သည်။
“အလယ်ကကောင်လေးတွေ ပိုက်ကို တညီတညာ တည်း ဆွဲကြဟေ့။ ဒီနေရာက ငါးဝပ်တဲ့နေရာဆိုတော့ ပိုက်သားရှပ်ပြီး အောက်ခြေက လွတ်သွားနိုင်တယ်။ နွံခုတ်တဲ့ နေရာမို့ စိတ်ရှည်ရှည်ထားပြီး ဆွဲကြကွာ”
ပဲ့စီး ဦးဘဦးက ရေစပ်မှ အသံပြုပေးသည်။
ရွှံ့ညွန်များက ဒူးခေါင်းအထိနစ်သောနေရာမို့ ပိုက်ဆွဲရသည်မှာ မတွင်ကျယ်လှ။ ဆောင့်ဆွဲလျှင်လည်း ရွှံ့ညွန်ဖိအားနှင့် ပိုက်အောက်ခြေခဲသီးအလေးချိန်တို့ကြောင့် ပိုက်ဆက်ကြောင်း ပြုတ်ထွက်ပြီး ပိုက်ကွဲထွက်တတ်သည်။
ပိုက်စိပ်ကြီးမှာ တအိအိဖြင့် ကမ်းစပ်သို့ဦးတည်ရွေ့လျားလာနေပြီ။
ပန်းလက်လှေငယ်ပေါ်မှ သာစိန်နှင့် အောင်ထူးတို့လည်း ကမ်းစပ်သို့ ဆင်းလာကြ၏။ လှေပေါ်တွင် တင်ထားသော ထင်းခြောက်များကို ပွေ့ယူလာပြီး သဲသောင်စပ်တွင် ပုံလိုက်သည်။ မီးဖိုရင်း ရေနွေးအိုးကြီးတစ်လုံး တင်ထားသည်။
ဆယ်ယောက်ဆွဲရသော ပိုက်စိပ်ကြီးက ကမ်းစပ်သို့ ဝေ့ဝိုက်တက်ရောက်လာသည်။ ရေခဲတမျှ အေးမြသော ရေထဲတွင် ရင်စို့အထိ ဆင်းရာမှ ခါးအထိ ပြန်ပေါ်လာကြပြီ။ မြောက်လေပြည် တစ်ချက်သုတ်လိုက်သည်နှင့် ချမ်းလိုက်သည်မှာ ပြောစရာမရှိတော့။ သောင်စပ်က မီးဖိုကို လှမ်းကြည့်နေမိ ကြသည်။
နာရီဝက်ခန့်အကြာတွင် ပိုက်တစ်ဖောင်လုံး ကမ်းစပ် သို့ ရောက်ရှိလာသည်။ ပိုက်အောက်ခြေ အချီးအိတ်လုံးများထဲမှ ငါးလူးများက ဖွေးခနဲ ဖွေးခနဲ။
ငါးပတ်ကြီးတွေက ပိုက်သားနံရံကို တိုးဝင်ပြီး ခုန်ပျံလူးလွန့်လျက်။
ပိုက်သားစတွင် ချိတ်တွယ်နေသော ငါးခူနှင့် ငါးကျည်းတွေက မနည်းလှ။ ပုစွန်တုပ်ကြီးတွေလည်း ပါလာသည်။
အချီးအိတ်များကို ခါယမ်းပြီး ငါးလူးများအား တောင်းကြီးထဲသို့ ထည့်သည်။ ငါးပတ်ကြီးတွေကို တောင်းတစ်တောင်းဖြင့် သပ်သပ်ခွဲထည့်ကြသည်။ ငါးခူနှင့် ငါးကျည်းများကို ပိုက်သားစများမှ စိတ်ရှည်လက်ရှည် ဖြုတ်ရသည်။
ငါးကျည်းတွတ်လျှင် လက်များ ရောင်ကိုင်းလာပြီး နာတတ်သဖြင့် ဂရုတစိုက် ဖြုတ်ယူရခြင်းဖြစ်သည်။
ပုစွန်တုပ်ကြီးများကို လင်ပန်းထဲတွင် ထည့်ပြီး လှေဦးကန့်အောက်ထဲသို့ လောင်းထည့်လိုက်သည်။
ငါးများကို နေသားတကျ ချထားပြီးမှ ပိုက်ကြီးတစ်ဖောင်လုံးကို အမှိုက်သရိုက်များ၊ ရွှံ့ညွန်များ မကပ်ငြိအောင် ရှင်းလင်းရသည်။ ပိုက်ရေဆေးပြီးသည်နှင့် လောင်းလှေဝမ်းပေါ်တွင် အလိုက်သင့် ပုံထားကြသည်။
ဦးဘဦး ကိုယ်တိုင် ပိုက်သားစများကို လက်တစ်လံစီခေါက်ပြီး ပိုက်တစ်ဖောင်လုံး တင်ရသည်။နောက်ထပ် ပိုက်ချလျှင် အဆင်သင့်ဖြစ်ရန် အရေးကြီးလှပေသည်။
“ငါးလူးတွေ အချိန် လေးဆယ်လောက် ရှိလိမ့်မယ်ကွ။ ဒီနေရာမှာ ပိုက်ချရတာ အဆင်ပြေတာပဲ”
“ဟုတ်တယ် အဖေ၊ ငါးလူးတွေက ရေလယ်မှာ နေလိုက်၊ ရွှံ့ထဲမှာ ဝပ်လိုက် နေတာပဲ။ ပိုက်စိပ်နဲ့တွေ့ရင်တော့ ကြမ်းပြင်ပေါ် ထွန်ခြစ်နဲ့ခြစ်သလို ပါလာတာပဲနော်”
“ဒါပေါ့ သားရာ၊ ဒီပိုက်ချက်ကို ရွေးချယ်မိတာ အားလုံး ပင်ပန်းရကျိုးနပ်တယ်ကွ။ အဖေတို့ ပဲ့စီးဆိုတာ ရေမြင်တိုင်း ပိုက်ဆွဲတတ်ကြတာ မဟုတ်ဘူး။ ဦးနှောက်သုံးပြီး ငါးဝပ်တဲ့နေရာ၊ ငါးလျှောက်တဲ့နေရာတွေကို မှတ်သားလေ့လာထားရတာပေါ့။
ဒီလို ဆောင်းရာသီမှာ ဘယ်သူက အချမ်းခံပြီး ပိုက်ဆွဲချင်ကြမှာလဲ။ ပရိယေသန ဝမ်းရေးအတွက်မို့သာ လုပ်ကိုင်နေရတာ မဟုတ်လား။ ကိုယ့်ဆန်ထုပ် ကိုယ်ဆွဲပြီး လှေပေါ်တက်လာကြတယ် ဆိုပေမယ့် မိသားစုအတွက် ပိုလျှံချင်ကြတာပေါ့။ ပိုက်ချက်နည်းနည်းနဲ့ ငါးများများရအောင် ဆွဲထားတော့ လက်သားတွေသက်သာတာပေါ့လေ”
“ဟုတ်တာပါ့ ဦးကြီးရယ်။ အရင် ပိုက်လှေတစ်စင်း ပေါ်မှာ ကျွန်တော် လိုက်ဖူးသေးတယ်။ ပဲ့စီးက ပိုက်သူကြီးရဲ့သား ဆိုပေမယ့် ရေအကြောင်း ဘာမှနားမလည်ဘူး။ နားလည်ကျွမ်းကျင်တဲ့ ရေလုပ်သားကြီးတွေက ပြောရင်လည်း နားမထောင်ဘူး။
ပိုက်ချက်ကို တစ်ညတည်းနဲ့ ဆယ်ချက်လောက် ဆွဲတော့ လက်သားတွေ ညည်းကုန်တာပေါ့။ ငါးလည်း ထင်သလောက် မရဘူးလေ။ ကျွန်တော်တို့လည်း စားရရုံပဲ ရတယ်၊ အပိုအလျှံမရဘူး။ နောက်တော့ ပိုက်သူကြီးလုပ်သူက ပိုက်ရော လှေ တက်ရွက် စားအိုးစားခွက်ပါမကျန် တက်ကစီးရောင်းပစ်ရတော့တာပဲ”
“သာစိန်ပြောတာ မှန်ပါတယ်။ ပဲ့စီးမကောင်းရင်လည်း ပိုက်သူကြီး ဘဝပျက်တာပဲလေ။ ထားပါတော့ … မင်းတို့လည်း ချမ်းနေကြပြီ။ မီးလှုံရင်း လက်ဖက်သုပ်စားကြ၊ ရေနွေးကြမ်း သောက်ကြ။ နာရီဝက်လောက်ကျမှ မန်ကျည်းခြေထောက်ဂုတ်တန်းမှာ ပိုက်နှစ်ချက်လောက်ဆွဲပြီး နားကြတာပေါ့ကွာ။ ဒါဆိုရင် လင်းရောင်ဝါကို ရောက်ပါပြီ”
လင်းရောင်ဝါအချိန်ဟူသည် နံနက်လေးနာရီခန့်ကို ဆိုလိုခြင်းဖြစ်သည်။
ဦးဘဦးက သံဖာထဲမှ မလှရှင်ဆေးပေါ့လိပ်ကိုထုတ်၍ မီးညှိလိုက်သည်။ ပြီးမှ ရေနွေးကြမ်းပူပူ တစ်ခွက်ကို သောက်၍ ကမ်းစပ်ရှိ လောင်းလှေပေါ် တက်သွားလေတော့သည်။
+ + +
“ငါးပို့လှေ ပြန်ရောက်လာပြီလား”
ဦးဘဦးက ပိုက်သားစကို ပိုက်ဖြတ်ဓားဖြင့် လှီးဖြတ်ရင်း သတိတရမေးမိသည်။
“ပြန်ရောက်လာပြီ ဦးကြီး။ ဒီကောင်တွေ သောင်ခုံထဲမှာ ကျင်းတူးပြီး အိပ်နေကြပြီ”
မန်ကျည်းခြေထောက်ဂုတ်တန်းတွင် ရွက်ဖျင်တဲကြီး တစ်လုံး ထိုးထားသည်။ တဲကြီးထဲ၌ ပိုက်ဖာသူ ဖာ၊ ပိုက်သားဆက်သူ ဆက်၊ ခဲသီးတပ်သူ တပ် လုပ်ကိုင်နေကြသည်။ သာစိန်နှင့် အောင်ထူးတို့က မီးဖိုတွင် ငါးပတ်မွှေကြော်နေသည်။ ထမင်းကတော့ ကျက်ပြီးသားဖြစ်သည်။
ညက မန်ကျည်းခြေထောက်ဂုတ်တန်းမှာ ပိုက်နှစ်ချက် ထပ်ဆွဲသည်။ ငါးအချိန်လေးဆယ်ခန့် ထပ်ရသည်။ ထိုငါးများကို ပန်းလက်လှေဖြင့် သွားပို့ရသည်။
နံနက်စောစောကတည်းက ငါးပို့သွားသူများမှာ ဆွမ်းစားချိန် ခေါင်းလောင်းထိုးသံကြားမှ ပြန်ရောက်ကြသည်။ ငါးပို့ပြန်လာကြသော ကျော်ဦး၊ မြခင်နှင့် မြင့်မောင်တို့မှာ သောင်ခုံကျင်းထဲတွင် စောင်ခြုံအိပ်နေကြပြီ။
“အင်း… ငါးပို့ပြန်ရတဲ့ ဒုက္ခကလည်း မသေးလှဘူးကွာ။ တစ်ညလုံး ပိုက်ဆွဲလို့ ပင်ပန်းရတဲ့အထဲ ငါးပို့သွားရတော့ ပိုဆိုးတာပေါ့။ ငါးပို့တဲ့ ပန်းလက်လှေအစား အင်ဂျင်တစ်လုံးတပ် ပဲ့ထောင်တစ်စင်းလောက်ရှိရင် လုပ်ငန်းတွင်ကျယ်တာပေါ့။ ခက်တာက တို့ပိုက်သူကြီးက ကပ်စေးနှဲကော်တရာကြီးကွ။
ပိုက်ဆံကုန်မယ့် အလုပ်ဆိုရင် ဘာမှ မလုပ်ချင်ဘူး”
ငါးပို့တာဝန်ကို အလှည့်ကျ စေခိုင်းရသည်။ သားဖြစ်သူ တစ်ဖက်စီးခင်ထွန်း အပါအဝင် ရေလုပ်သားများကို သုံးယောက် တစ်တွဲစီ ငါးပို့တာဝန် အလှည့်ပေးရသည်။ ပင်ပန်းလှသော ရေလုပ်ငန်းတွင် မျက်နှာကြီးငယ်လိုက်၍ မရပေ။
တစ်ညလုံး ပိုက်ဆွဲပြီး လင်းရောင်ဝါအချိန်မှစ၍ မန်းလက်လှေဖြင့် အလှည့်ကျ ငါးပို့သွားရသည်။ သည်လုပ်ငန်းတွင် ပဲ့စီးဦး ဘဦးတွင် အဓိက တာဝန်ရှိပြီး ဒုတိယတာဝန်ခံသူမှာ တစ်ဖက်စီးခင်ထွန်း ဖြစ်သည်။ ခင်ထွန်းလည်း အလှည့်ကြုံလျှင် မဖြစ်မနေ ငါးပို့ လိုက်ပေးရသည်။
နံနက်လင်းသည်နှင့် မြစ်ကမ်းနဖူးတွင် ပိုက်သူကြီး ဦးငွေစိုးကတော် ဒေါ်ပိုက်စိန်၊ သမီးယဉ်ယဉ်ကြည်တို့က ရောက်လာစမြဲ။ ပါလာသော ငါးများကို ရာဇူဖြင့် ချိန်တွယ်စာရင်းမှတ်သည်။ ငါးပို့လာသူများကလည်း ဗလာစာအုပ်ထဲတွင် ငါးစာရင်း မှတ်ထားရသည်။ ဒေါ်ပိုက်စိန်က ပိုက်လက်သား တို့၏ မိသားစုများကို ငါး ဖောက်သည်ပေးသည်။ ညပိုင်းတွင် ငါးဖိုးရှင်းရသည်။ ငါးဖိုးမကျေလျှင် လက်သားစုထဲမှ ငွေ ဖြတ်တောက်လေ့ရှိပေသည်။
ငါးပို့သူများမှာ ပင်ပန်းလှသည်။ အသွားတွင် အစုန် ဖြစ်လျှင် အပြန်ခရီး ရေဆန်လမ်းကို ကြိုးဆွဲဆန်တက်ရသည်။ သောင်ကမ်းတစ်လျှောက် ကြိုးဆွဲရသည်က တော်သေးသည်။ ကမ်းပါးမြင့်မြင့်များပေါ်မှ ကြိုးရှည်ရှည်ဖြင့် လှန်ဆွဲရလျှင် မသက်သာတော့။
ပဲ့ကိုင်တစ်ယောက်ထားပြီး နှစ်ယောက်က လှေကြိုးကို ပုဆိုးကွင်းစွပ် ဆွဲရခြင်းဖြစ်သည်။ ရေဝဲပြန်များ နှင့် ကြုံလျှင် လှေမှာ လည်ထွက်သွားရုံမျှမက မျောပါသွားတတ်သည်။ တောင်လေက သဘောကောင်းလျှင်ဖြင့် ရွက်တိုက်ပြီး ဆန်တက်လာရုံသာ။
“ရေနံချောင်း၊ ရှားပင်ရိုးရွာက ပိုက်သူကြီးသန်းထွန်း ကတော့ ချမ်းသာနေပြီကွ။ ဒီကောင်လေးက လူငယ်ပေမယ့် စိတ်ကောင်းရှိတယ်။ လက်သားတွေ ကျန်းမာရေးမကောင်းရင်လည်း သူကိုယ်တိုင်ပြုစုစောင့်ရှောက်တယ်။ ဝမ်းပူပိုက် တစ်ဖောင်စာ၊ ပိုက်စိပ်နှစ်ဖောင်စာ အဆင်သင့်ရှိတယ်။ ငါးပို့တဲ့အချိန်မှာ တရုတ်နီအင်ဂျင်တပ် ပဲ့ထောင်လေးကို အသုံးပြုတယ်။ အချိန်မကုန်ဘူး၊ မပင်ပန်းဘူးပေါ့ကွာ”
“ဟုတ်တယ် ဦးကြီးရဲ့။ ကျွန်တော်လည်း ရှားတော့ငွေသောင်မှာ သူတို့အဖွဲ့နဲ့ ဆုံဖူးတယ်။ ကျွန်တော်တို့ပိုက်ထဲက လူတွေကို ဘဲဥချဉ်ရည်ဟင်းနဲ့ ထမင်းခေါ်ကျွေးတယ်။ သောင်ပြင်မှာ ဆားပက်လှန်းထားတဲ့ ငါးတန်ခြောက်တွေလည်း လက်ဆောင်ပေးလိုက်တယ်။ အလုပ်နားချိန်မှာ ကက်ဆက်ဖွင့်သူ ဖွင့်၊ ကျားထိုးသူ ထိုး၊ ဇယ်ခုံတောက်သူ တောက်နဲ့ ပျော်စရာပဲဗျာ။ ဆယ်ရက်စာ တစ်ဆေးဆင်းပြီးရင် တစ်ရက်အနားပေးတယ်။ ရုပ်ရှင်ဖိုး မုန့်ဖိုးတွေလည်း ပေးတယ် ဦးကြီးရဲ့”
“မှန်တယ် အုန်းမှုတ်စိန်၊ ဒါဟာ ပိုက်လက်သားတွေ ပျော်အောင် စည်းရုံးခြင်းတစ်မျိုးပေါ့။ ငါတို့မှာတော့ ကက်ဆက်ဖွင့်ဖို့ နေနေသာသာ၊ လက်ဖက်ရည်ဆိုင်ရောက်မှ နားထောင်ရတာ မဟုတ်လား။ တို့မှာလည်း မင်းအသံနဲ့ပဲ အပျင်းဖြေနေရတာပဲကွာ။
မင်းကလည်း ဇာတ်မင်းသားကြီးအုန်းမှုတ်စိန် နာမည်ကို ယူထားတာ သဘာဝကျပါ့ကွာ။ ကဲ … အပျင်းပြေ ပပဝင်း တစ်ပိုဒ်လောက် ဟဲစမ်းပါအုံး။ ငါ တယောကြိုး ညှိလိုက်မယ်”
ခဏအကြာ ပိုက်ကြီးသမားတို့ရွက်ဖျင်တဲတွင် ဂီတအရိပ်အငွေ့များ ယှက်သန်းလာတော့သည်။
ဦးဘဦး၏ တယောသံနှင့် အုန်းမှုတ်စိန်၏ အောင်မြင်ခံ့ညားသော အသံဝါကြီးက သောင်ပြင်ဝယ် ပျံ့လွင့်သွားတော့သည်။
“ပပငယ်လေ ဝင်း … ဝင်း… မှန်ရဝေဆောင် ကိုယ်ရောင် တိုက်ခန်းလင်း…တိုက်ခန်းလင်း…”
+ + +
“မောင်ဝိုင်း … မင်းက မင်းအမေ မုဆိုးမနဲ့ နေရတာဆိုတော့ အမေ ချီးမွမ်းခန်းဖွင့်နေတာပေါ့ … ဟုတ်လား”
စံထူးက မောင်ဝိုင်းကို ရှုတည်တည်ကြည့်ရင်း မေးလိုက်သည်။ မောင်ဝိုင်း၏ မျက်ဝန်းများက ကောင်းကင်ပေါ်မှ လပြည့်ဝန်းကို ကြည့်နေသည်။
“ဟုတ်တယ် … စံထူး၊ ငါ့ဘဝမှာ အရက်သမားအဖေက ငါငယ်ငယ်လေးကတည်းက သေသွားတယ်။ အမေ နောက်အိမ်ထောင်မထူဘဲ ငါးရောင်းပြီး ငါ့ကိုကျောင်းထားပေးတယ်။
ပညာပါရမီ မပါတဲ့အတွက် ငါ ကျောင်းကထွက်ခဲ့တယ်။ အရွယ်ရောက်လာတဲ့အချိန်ကစပြီး အမေ့ကို လုပ်ကျွေးပြုစုခဲ့တယ်။ ငါ အိမ်ထောင်မပြုဘဲ အမေ့ကို လုပ်ကျွေးနေတာ ခုချိန်အထိပဲ။ ငါ့ရဲ့ ဘဝလေးထဲမှာ အမေဟာ အဓိကပဲကွ”
မောင်ဝိုင်း၏ အသံကို ဦးဘဦး သဲသဲကွဲကွဲ ကြားနေရ သည်။ အခြားပိုက်သားများမှာ အိပ်ပျော်နေကြပြီ။ လေငြိမ်သော်လည်း အအေးဓာတ်လွန်ကဲသဖြင့် စောင်ခြုံထားရသည်။
“မင်းဘက်ကကြည့်ရင် အမေက အဓိကဆိုတာ ငါမငြင်းလိုပါဘူး။ ငါ့ဘက်ကကြည့်မယ်ဆိုရင်တော့ သေသွားတဲ့ အဖေဟာ ကျေးဇူးရှင်အစစ်ပဲ။ အဖေက ရေနံချောင်း-မကွေး ကားမောင်းရင်း အမေနဲ့ ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ အမေက အဖေ့သူငယ်ချင်းနဲ့ ဖောက်ပြန်တယ်။ အဖေက သိသွားတော့ အမေတို့ ပခုက္ကူကို ထွက်ပြေးတယ်။ အဖေက အမေ့ကို လိုက်ရှာရင်း ကားမှောက်သေသွားခဲ့တယ်။
ငါ့ကို အဖေ့နှမ အဒေါ် အပျိုကြီးက စောင့်ရှောက်ပေးခဲ့တယ်။ အမေက လာခေါ်ပေမယ့် ပထွေးကို အဖေမခေါ်ချင်လို့ ငါ မလိုက်ခဲ့ဘူး။ ခုတော့ အဒေါ် လည်း ဆုံးသွားပြီ။ ငါ့ဘဝမှာ အဖေဟာ တစ်ဦးတည်းသော မေတ္တာရှင်ပဲကွ”
ဦးဘဦး အိပ်မပျော်နိုင်တော့။
သွားလေသူ မသန်းခင် မျက်နှာက ဘွားခနဲပေါ်လာသည်။ သို့သော် ချက်ချင်းပင် နာကြည်းစိတ်ဖြင့် နှင်ထုတ်ပစ်လိုက်သည်။
ဦးဘဦးနံဘေးတွင် အိပ်ပျော်နေသော ခင်ထွန်းကို တစ်ချက် ငုံ့ကြည့်မိသည်။ မမေ့ကောင်းသော အတိတ်က မှုန်ဝါးဝါး ထင်ဟပ်လာပြန်သည်။
ရေပြင်ကို ကျောခင်း၍ လုပ်ကိုင်စားရသော ဦးဘဦး တစ်ယောက် မသန်းခင်နှင့်အိမ်ထောင်ကျခဲ့သည်။
အူစင်းပိုက်၊ ငါးစင်းလုံးပိုက်၊ တန်းပိုက်၊ မျှောပိုက်စသည့် ပိုက်မျိုးစုံဖြင့် လုပ်ကိုင်စားခဲ့သည်။ လှေတစ်စင်းနှင့် ရေခရီးသည် လုပ်ခဲ့သည်။
ပခန်းကြီးသား ဦးဘဦးခမျာ မသန်းခင်တို့ဇာတိ စဥ့်ကူရွာတွင် လိုက်နေခဲ့ရသည်။ သုံးနှစ်ကြာတော့ ခင်ထွန်းကို ဖွားမြင်လာခဲ့သည်။ အသောက်အစား၊ အပျော်အပါးကင်းသောကြောင့် အိမ်တစ်ဆောင် မီးတပြောင်ဖြင့် ဖြစ်လာသည်။
ဦးဘဦး၏ ဘဝမှာ မြစ်ပြင်နှင့် နေအိမ် လူးလာတုံ့ခေါက် ရုန်းကန်လှုပ်ရှားခဲ့ပေသည်။
ခင်ထွန်း ငါးနှစ်သားအရွယ်တွင် ရပ်ရွာထဲ၌ သတင်း ပြန့်လာသည်။ ကာလသားများက ဦးဘဦးကိုမြင်တိုင်း ပြုံးစိစိဖြင့် ကြည့်သွားကြသည်။ မထေ့တထေ့ ပြောဆိုတတ်သည်။ သွယ်ကာဝိုက်ကာ စကားလမ်းခင်းတတ်သည်။
သို့သော် ရေလုပ်ငန်းနှင့် မိသားစုဘဝထက် ဘာကိုမျှ တန်ဖိုးမထားသော ဦးဘဦးတစ်ယောက် အရိပ်ပြသော်လည်း အကောင်မထင်တတ်။ ကြာတော့ ရွာထဲတွင် အာပေါင်အာရင်းသန်သန် ပြောတတ်သူ ဒေါ်ဂျမ်းပုံက ဦးဘဦးအပေါ် စာနာစိတ်ဖြင့် ဖွင့်ချလိုက်တော့သည်။
“မောင်ဘဦး … ငါ့ကို စိတ်မဆိုးနဲ့။ မင်းဆိုတဲ့ကောင်ကလည်း ဗြောင်ဖွင့်ပြောမှ သိမယ့်ကောင်ဆိုတော့ ပြောရတော့မှာပဲ။ မင်းမိန်း မသန်းခင်နဲ့ ရွာလယ်ပိုင်းက စိန်သောင်းနဲ့ ဖောက်ပြန်နေကြတယ်။ မင်းတစ်ယောက်တည်းသာ မသိသေးတာ။ တစ်ရွာလုံးသိလိုက်သမှ ဦးစံမြဓာတ်စက် မငှားရုံတမည်ပဲ။ မင်းမိန်းမကို ဒီအတိုင်း လွှတ်မထားနဲ့”
“ဗျာ”
ဦးဘဦး သွေးပျက်ခမန်း ခံစားလိုက်ရသည်။
“မဟုတ်ပါစေနဲ့” ဟုလည်း အတန်တန်ဆုတောင်းမိသည်။
မသန်းခင်ကို အကဲခတ်တော့လည်း အမူအရာမပျက်။ ယခင်ပုံစံအတိုင်း ပြောင်းလဲမှုလုံးဝမရှိ။ ဖွင့်မေးရန် စိတ်ကူးမိသော်လည်း နှုတ်က မထွက်ခဲ့။
ထို့ကြောင့် ဝန်းကျင်စကားကို ဥပေက္ခာပြုထားလိုက် မိသည်။
ငါးတွေအများကြီးရသော တစ်နေ့တွင် မနက်စောစော အိမ်ပြန်လာခဲ့သည်။ မသန်းခင် လိုချင်သော အဝတ်အစားများကို ချောက်မြို့သို့ သွားဝယ်ပေးခဲ့သည်။
အိမ်သို့ ပြန်ရောက်တော့မှ ကျေးရွာလူကြီးများက သူ့ကို ရှင်းပြသည်။ မသန်းခင်နှင့် ကိုစိန်သောင်းတို့ ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးကြောင်း သိရသည်။
ဦးဘဦး အလွန်ရှက်သွားမိသည်။ မသန်းခင်ကို လိုက်မရှာတော့။ လိုက်ရှာရန်လည်း စိတ်ကူးမရှိခဲ့။
သားကလေး ခင်ထွန်း မျက်နှာမငယ်စေရန်သာ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က မသန်းခင် ကွယ်လွန်သွားကြောင်း သတင်းရခဲ့သည်။ ခင်ထွန်းကို အသိမပေးဘဲ ဖုံးဖိထားခဲ့သည်။
ဦးဘဦးတို့ သားအဖနှစ်ယောက် မြို့ကြီးသို့ ရောက်ရှိလာခဲ့ကြသည်။ ဦးငွေစိုးက ခေါ်ယူသဖြင့် ပိုက်စိပ်လုပ်ငန်းဝင်ခဲ့ကြသည်။ ခင်ထွန်းဘဝတွင် ဦးဘဦးသည် အဖေ သို့မဟုတ် အမေ။
ဦးဘဦး ဟင်းခနဲသက်ပြင်းချရင်း မောင်ဝိုင်းတို့ရှိရာ မီးဖိုဆီသို့ ထလာခဲ့သည်။
“အဟမ်း . . . အဟမ်း”
“ဦးကြီး … အိပ်မပျော်ဘူးလား။ ကျွန်တော်တို့ စကား ပြောနေတာနဲ့ အိပ်မရဘူးထင်တယ်”
“မအိပ်ချင်သေးလို့ပါ မောင်ဝိုင်းရာ။ မင်းနဲ့ စံထူးတို့ ပြောဆိုကြတာတွေကို စိတ်ဝင်စားလို့ပါ။ ပြီးတော့ နေ့လယ်က တစ်ရေးဝဝအိပ်ထားပြီးပါပြီ”
“ဟုတ်ကဲ့ ဦးကြီး၊ ဟော … ခင်ထွန်းလည်း ထလာပြီ”
ဦးဘဦး နောက်သို့ လှည့်ကြည့်တော့ စောင်ခြုံမှ ထလာသော ခင်ထွန်းကို တွေ့ရသည်။
“သား … တစ်ရေးနိုးပြီလား။ သန်းခေါင်ကျော်ရင် အလုပ်ဆင်းရတော့မှာ။ အိပ်ချင်ရင် ပြန်အိပ်ပါလား သားရ”
“သား အိပ်ရေးဝပါတယ်၊ အဖေတို့စကားတွေ နားထောင်ချင်လို့ပါ”
ခင်ထွန်းက မီးဖိုနံဘေးတွင် ဝင်ထိုင်ရင်း ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်သည်။ ဦးဘဦးက မလှရှင်ဆေးလိပ်ကို ကောက်ဖွာနေသည်။
“မင်းတို့ အမြင်တွေ ကိုယ်စီနဲ့ပြောကြတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေကို စိတ်ဝင်စားမိတယ်ကွာ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ မိဘဆိုတာ အနန္တောအနန္တငါးပါးထဲမှာ တစ်ပါးအပါအဝင်ပဲလေ။ စိတ်နဲ့တောင် မပစ်မှားသင့်ဘူး။ ဗုဒ္ဓရာဇဝင်တွေထဲမှာ မိဘမေတ္တာကို ဖွဲ့ဆိုထားတာတွေ မင်းတို့ ဖတ်ဖူး နားထောင်ဖူးကြမှာပါ”
“ဟုတ်ကဲ့၊ သိသင့်သလောက်တော့ သိပါတယ်”
“ဒါပေမဲ့ မင်းတို့သိထားက လူပုဂ္ဂိုလ်တွေထဲက အကြောင်းအရာတွေပဲ မဟုတ်လား။ အခု ဦးကြီးပြောချင်တာက မိဘမေတ္တာကို ဖော်ကျူးတဲ့သူတွေအကြောင်းပဲ။ ဒါပေမဲ့ သူတို့က လူပုဂ္ဂိုလ်တွေထဲက မဟုတ်ကြဘူး”
“ဗျာ . . . လူပုဂ္ဂိုလ်တွေထဲက မဟုတ်ဘူး”
“အေး … ဟုတ်တယ် စံထူး။ မင်းတို့ ငါတို့ ရေလုပ်သားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ငါးတွေရဲ့မေတ္တာတရားကို ပြောချင်တာပဲ”
“ငါးတွေရဲ့ မေတ္တာတရား … ဟုတ်လား ဦးကြီး”
“ဟုတ်ပါ့ မောင်ဝိုင်းရာ၊ ဝမ်းပူပိုက်ကြီးတွေထဲမှာ ခဏခဏ ဖမ်းမိကျတဲ့ ငါးရောင်ငါးကြီးတွေကို မင်းတို့ သိပါတယ်ကွာ”
“သိပါတယ် အဖေ၊ မြင်ကွန်းမှာ ပိုက်ဆွဲတုန်းကလည်း ငါးရောင်ထီးကြီးတွေ ရခဲ့သေးတယ်နော်”
“အေး … အဲဒီ ငါးရောင်ငါးကြီးတွေရဲ့ မိဘမေတ္တာကို
ပြောချင်တာပဲ။ ခုလို ပြာသို တပို့တွဲမှာ ငါးရောင်တွေ ပေါက်ဖွားလေ့ ရှိကြတယ်။ ငါးရောင်မတွေအနီးမှာ ထက်ကြပ်မကွာရှိနေတဲ့ ငါးရောင်အထီးက ငါးရောင်မတွေဥတဲ့ ဥမှန်သမျှ ပါးစပ်နဲ့ လိုက်ဟပ်တယ်။ ငါးဥတွေ အတွဲလိုက် ပါးစပ်ထဲရောက်တော့မှ ပါးစောင်နဲ့အပြည့် တယုတယငုံထားတယ်။
အဲဒီ ဥတွေကနေ ငါးကလေးတွေ မပေါက်မချင်း ငါးရောင်အထီးခမျာ အစာ လုံးဝရှာမစားတော့ဘဲ ရွှံ့ထဲမှာ ဝပ်နေတော့တယ်။ ပါးစပ်ထဲက အနွေးဓာတ်ရပြီး ငါးကလေးတွေ ပေါက်ဖွားလာတော့မှ ဘေးကင်းရာကိုသွားပြီး ပါးစပ်ပာပေးတယ်။ ငါးကလေးတွေ လွတ်လွတ်လပ်လပ် ကူးခပ်သွားတော့မှ အစာပြန်ရှာစားတော့တယ်။ ငါးရောင်အမကတော့ ဥတွေ ဥချပြီးကတည်းက ထွက်သွားတော့တာပဲ။ ငါးရောင် အထီးတွေရဲ့ ကျေးဇူးကြောင့် ငါးကလေးတွေ ရှင်သန်ခွင့်ရလာတာပဲလေ။ အဲဒါ ငါးတွေထဲမှာ ဦးကြီးသိထားတဲ့ ငါးရောင်တွေရဲ့ မေတ္တာတရားပဲကွ”
“ဟုတ်ပါရဲ့ ဦးကြီးရယ်၊ ကျွန်တော်တို့ မသိသေးတဲ့ ငါးရောင်တွေရဲ့အကြောင်းကို ပြောပြတာ ကျေးဇူးတင်ပါတယ်”
“ကဲ … ကဲ ပိုက်ဆွဲချိန်လည်း နီးလာပြီ။ ကောင်လေး တွေကို နှိုးထားကြတော့ဟေ့။ ငါတော့ လှေဝမ်းထဲက ရေတွေ ခပ်ထုတ်လိုက်အုံးမယ်”
+ + +
ဦးဘဦး အနားယူထားသည်မှာ နှစ်ရက်ရှိပြီ။
ငှက်ဖျားဓာတ်ခံရှိသဖြင့် ဆောင်းတွင်းရောက်တိုင်း ကြိုတင်ကာကွယ်ဆေးများ စားရသည်။ အသက်ကငါးဆယ်ကျော်လာခဲ့ပြီ။ လူငယ်များနှင့် ယှဉ်တု၍ လုပ်ကိုင်ချင်ပါသော်လည်း စိတ်သွားတိုင်း ခန္ဓာကိုယ်က မလိုက်ချင်တော့။
လုပ်ငန်းတွင် စိတ်တိုင်းမကျလျှင် ကိုယ်တိုင်ပြသ ပေးခဲ့ရခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေသည်။ အလံတစ်ရာခန့် ရှည်လျားသော ပိုက်စိပ်တစ်ဖောင်လျှင် လေးသိန်းခန့် တန်ဖိုးရှိသည်။ ယခင် ချည်ကြမ်းပိုက်စကို ခေါင်းရည်ဆိုးရသည့် အခြေအနေမျိုးလည်း မဟုတ်တော့။ နိုင်လွန်ချည်ဖြင့် ရက်လုပ်သော ပိုက်သားစများကို အစားထိုးဝင်လာသည်။
နောက်ဆုံးတွင် စက်ဖြင့်ရက်လုပ်သော ဖော့ပိုက်သားစများက နေရာယူလာကြသည်။
နိုင်လွန်ပိုက်ခေါင်းကြိုးတွင် ပိုက်သားစများကို တပ်ဆင်ပြီး အောက်ခြေတွင် တစ်တောင်ခန့်ကျယ် သော အချီးအိတ်များ ပြုလုပ်ပေးရသည်။
ပိုက်တစ်ဖောင်လုံး ဆန့်ဆွဲထားရန်နှင့် ငါးမထွက်နိုင်စေရန် ခဲသီးများ တပ်ဆင်ထားကြသည်။ ပိုက်ခေါင်းကြိုးပေါ်တွင် ပလတ်စတစ်ဘောလုံးကြီးများ တပ်ဆင်ထားသည်။
ပိုက်တစ်ဖောင်စာနှင့် လှေနှစ်စင်း၊ တက်စုံရွက်စုံ စားအိုးစားခွက်မကျန် ထည့်တွက်လျှင် ခြောက်သိန်းဖိုးခန့်ရှိပေမည်။ ထိုမျှ များပြားသော ငွေရင်းစိုက်ထုတ်ရသူ ပိုက်သူကြီးများက ရေလုပ်ငန်းကျွမ်းကျင်သူကို ပဲ့စီးခန့်ထားပေးရသည်။ ပဲ့စီးက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး လောင်းလှေစီး၍ ပဲ့ကိုင်ရသည်။ အတူ ပါသော မန်းလက်လှေပဲ့ကိုင်သူကို တစ်ဖက်စီးဟု ခေါ်ကြသည်။ ဒုတိယခေါင်းဆောင်ဟုလည်း ဆိုနိုင်သည်။
ပိုက်သူကြီးဦးငွေစိုးက ဦးဘဦးကို ပဲ့စီးတာဝန်ပေးထားသည်။ ဦးဘဦးကတစ်ဆင့် သားဖြစ်သူ ခင်ထွန်းကို တစ်ဖက်စီးခန့်ပေးထားသည်။
ကျန်းမာရေးမကောင်းသဖြင့် ဦးဘဦး အနားယူထား သော်လည်း ငွေကြေးရှင် ဦးငွေစိုးကမူ ပိုက်ကိုအနားမပေးချေ။ ခင်ထွန်းကို ပဲ့စီးတာဝန်ယူစေပြီး အလုပ်ဆင်းစေခဲ့သည်။ နှစ်ရက်အတွင်း ငါး ပိဿာချိန် သုံးဆယ်ခန့်ရကြောင်း သိရသည်။
“မင်းတို့ကောင်တွေ ကိုယ့်ပစ္စည်းမဟုတ်ရင် မဟုတ် သလိုဘဲ။ ဘာမှ ကိုယ်ချင်းစာနာစိတ် မရှိကြဘူး။ ရေထဲမှာ ပိုက်သားစတွေ ပြတ်ကျန်ခဲ့တယ်ဆိုတာ လုံးဝယုတ္တိမရှိဘူး။ နိုင်လွန်စတွေဆိုရင် တော်သေးတယ်။ ခုတော့ တန်ဖိုးကြီးကြီး ပေးဝယ်ရတဲ့ ဖော့ပိုက်သားစတွေဆိုတာ မင်းတို့သိရဲ့လား။ ခင်ထွန်းကို ယုံကြည်ပြီး ခိုင်းခါမှ ငါးပါးမှောက်တော့တာပဲ”
ပိုက်သူကြီး ဦးငွေစိုး၏ ဒေါသတကြီးအော်ဟစ်သံကို တဲတွင်းမှ ဦးဘဦးကြားနေရသည်။ ဦးဘဦး ချက်ချင်း အပြင်သို့ ထွက်လာခဲ့သည်။
“ဘယ်လိုဖြစ်ကြတာလဲ ဦးငွေစိုး။ ကျွန်တော် သိပါ ရစေ”
“ဘာဖြစ်ရမလဲဗျ။ ခင်ဗျားသား အသုံးမကျလို့ ကျုပ်စီးပွားရေး ထိခိုက်နေပြီဗျ။ ခင်ဗျား အနားယူထားပေမယ့် ကျုပ်လုပ်ငန်းကို ရပ်ထားလို့မဖြစ်ဘူး။ လုပ်ငန်းရပ်ထားရင် ပိုက်လက်သားတွေကို စားစရိတ်ပေးရမယ်။ ငါးမရရင် ကျုပ် ဝင်ငွေလည်း ထိခိုက်သွားမယ်။ ငါးဖောက်သည်လည်း ပျက်သွားနိုင်တယ်။
ဒါကြောင့် ခင်ဗျားသား ခင်ထွန်းကို ပဲ့စီးတာဝန်ပေး ပြီး အလုပ်ဆင်းခိုင်းတာပဲ။ ခင်ဗျားသား ပိုက်ဆွဲတဲ့နေရာမှာ ချော်ငုပ်သွားပြီး ပိုက်သားစတွေ အတောင်နှစ်ဆယ်လောက် ပြတ်ကျန်နေခဲ့တယ်။ ဖော့ပိုက်သားစတွေက မုံရွာအထိ တက်ဝယ်ရတာ ခင်ဗျားလည်း သိရဲ့သားနဲ့။ ကျုပ်မှာ ဝင်ငွေထိခိုက်တာပေါ့ဗျ။ ခင်ဗျားလည်း ရေလုပ်ငန်းနဲ့ ထမင်းစားလာတဲ့ သူပဲ … စဉ်းစားကြည့်ပါအုံး”
ငွေရှင်ကြေးရှင် ဦးငွေစိုးကို ဘာမျှ မပြောချင်တော့။ ဦးဘဦးက သားဖြစ်သူ ခင်ထွန်းကို မေးလိုက်သည်။
“သားတို့က ဘယ်နေရာမှာ ပိုက်ဆွဲပြီး ဘယ်လို ဖြစ်သွားကြတာလဲ”
“သားတို့က ယင်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံ ချောင်း ကွေ့မှာ စခန်းချတာပေါ့။ ညနေပိုင်းက ငါးပွက်တာတွေ တာတွေ့ရတာနဲ့ ညပိုင်းမှာ ပိုက်ဆွဲကြတာပါအဖေ။ ပိုက်နှစ်ချက်မှာ ငါးတွေ အတော်ရလိုက်ပါတယ်။ နောက်ဆုံးပိုက်ချက်မှာ ရေတိမ်ကနေ ရုတ်တရက် ချောက်ထဲကျသွားတော့ ပိုက်ရော လူတွေပါ နစ်ကုန်ကျတယ်။ ပိုက်ကို အချိန်မီ ပြန်ရုပ်ပေမယ့် ရေအောက်က ကျောက်စွန်းတွေနဲ့ငြိပြီး ပိုက်သားစတွေ ပျက်ကျန်ခဲ့ပါတယ်။ ရေစီးလည်း သန်တယ်၊ ရေလည်း နက်တယ်ဆိုတော့ သားတို့ ဘယ်လိုမှ ငုပ်မရခဲ့ပါဘူး”
“ကောင်းပြီ … မနက်ဖြန်ကျရင် အဲဒီနေရာကို အဖေ လိုက်ကြည့်မယ်။ ဒီမယ် ဦးငွေစိုး … ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်ပါရစေ။ ပိုက်သားစတွေ ပြန်မရခဲ့ရင်လည်း ကျွန်တော်တို့ သားအဖ လုပ်အားထဲက
နှိမ်ယူပေါ့ဗျာ။ ဘာခက်တာမှတ်လို့”
“အို … အားနာစရာကြီး ဦးဘဦးရာ”
+ + +
ယင်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာနေရာတွင် ရေစီးသံက ပြင်းလှသည်။ ငါးများ အဝင်အထွက်ကောင်းစေသည့် အိုင်ကြီးတစ်ခုသဖွယ် တည်ရှိသည်။
ရေလှည့်ပတ်စီးဆင်းရာ နေရာမို့ ရေနက်ပြီး ဝဲပြန်လှည့်နေသည်။
ထိုနေရာသို့ ဦးဘဦး၊ ခင်ထွန်း၊ ငပြူးနှင့် သာမောင်တို့ လှေတစ်စင်း၊ သာစိန်၊ အုန်းမှုတ်စိန်နှင့် အောင်ထူးတို့က လှေတစ်စင်းဖြင့် လာကြည့်ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပိုက်ငြိတဲ့နေရာကတော့ ဒီနေရာပဲ ဦးကြီး”
ဦးဘဦးက လှေနှစ်စင်းစလုံး ခဲဆွဲပြီး ရပ်ထားစေသည်။ ရေထဲသို့ ဆယ်တောင် ဝါးနှစ်လုံးဆက်ကို ထိုးစိုက်လိုက်သည်။
ရွှံ့ညွန်ကင်းစင်သော မြေသားကို ထိုးစိုက်မိတော့ ရေပေါ်တွင် နှစ်တောင်သာသာခန့်သာ ပေါ်တော့သည်။ ရေအနက်က တစ်ဆယ့်ရှစ်တောင် ရှိပါကလား။
ကြိုးရှည်ရှည်တစ်ချောင်း၏ အစကို လှေဝမ်းကန့် ထောက်တွင် ခိုင်မြဲစွာ ချည်နှောင်လိုက်သည်။ ဦးဘဦး ဝတ်ဆင်လာသော အနွေးထည်နှင့် အင်္ကျီလက်တိုကိုချွတ်ပြီး ခါးတောင်မြှောင်အောင် ကျိုက်သည်။
“အဖေ … အဖေ ငုပ်မလို့လား ရေသိပ်နက်တယ်။ သားတို့ ငုပ်ပီး စမ်းကြည့်ပါရစေ”
“ဟုတ်ပါတယ် ဦးကြီးရယ်။ ကျွန်တော်တို့လည်း ပုစွန်ငုပ်နေကျပါ။ ကျွန်တော် ငုပ်ပါရစေ။ ဦးကြီးက ကျန်းမာရေး ကောင်းသေးတာ မဟုတ်ဘူး”
“ရပါတယ် အုန်းမှုတ်စိန်ရယ်။ မင်းတို့ ရေငုပ်သန်မှန်း ဦးကြီး သိပါတယ်။ ဒါပေမဲ့ ဒီနေရာမျိုးက စိတ်ရှည်လက်ရှည် သဲလွန်စရှာဖွေရမှာမို့ပါ။ ဦးကြီးအတွက် စိုးရိမ်စရာ မရှိပါဘူး”
ကြိုးစရှည်ကို လက်ဝဲလက်တွင် ချည်နှောင်ပြီး ယာ လက်က ပိုက်ဖြတ်ဓားတစ်ချောင်း ကိုင်ထားသည်။´ ခါးတွင် ရဲတင်းတစ်လက်ထိုးကာ တိုင်စိုက်ထားသည့် နေရာမှ ရေထဲသို့ လျှောဆင်းလိုက်သည်။
အသက်ဝအောင်ရှူပြီး ရေအောက်သို့ ငုပ်သွားသည်။ ခင်ထွန်းနှင့် အုန်းမှုတ်စိန်တို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိသည်။
ငါးမိနစ်ခန့်အကြာတွင် ဦးဘဦး ပြန်ပေါ်လာသည်။ လှေပေါ်သို့ ဆွဲတင်လိုက်ကြသည်။
“ပိုက်သားတွေကို တိုင်ရဲ့တောင်ဘက် လေးငါးပေ
လောက်မှာ စမ်းမိတယ်ကွ။ ကျောက်စွန်းတွေပေါ်မှာ ငြိနေတာကွ။ သေသေချာချာ ဖြုတ်ရမယ် ထင်တယ်။ နှစ်ကြိမ်လောက် ငုပ်လိုက်ရင် အဆင်ပြေပါပြီ သားရာ”
ခင်ထွန်း၏မျက်နှာကို သေချာကြည့်ရင် ပြောလိုက် သည်။ ဆယ်မိနစ်ခန့် အနားယူပြီး ရေထဲသို့ ပြန်ဆင်းသွားသည်။
ဦးဘဦး ပြန်ပေါ်လာ သည်။ လှေနှင့် တောင်ဘက်ယွန်းယွန်းတွင် ပေါ်လာခြင်းဖြစ်သည်။ လက်ထဲတွင် ဖော့ပိုက်သားစ တစ်ထွေးကြီးကို ဆုပ်ကိုင်ထားသည်။ ပါးစပ်တွင် ပိုက်ဖြတ်ဓားကို ကိုက်ထားသည်။
လှေဆီသို့ ကူးခပ်လာပြီး ပိုက်သားစများကို လှမ်းပေးသည်။ သာအောင်က လှမ်းယူလိုက်သည်။
“အဖေ … အပေါ်တက်ပြီး နားပါအုံး။ သားတို့ တစ်လှည့် ငုပ်ပါရစေ”
ဦးဘဦးက လက်ကာပြသည်။
အသက်ဝအောင်ရှူပြီး ရေထဲသို့ ထိုးဆင်းသွားပြန်သည်။
ဦးဘဦးသည် ငယ်စဉ်က ရေထဲကျွမ်းကျင်သည်ဟု ကြားဖူးသော်လည်း အသက်ကလေး ရလာသည့်အပြင် ကျန်းမာရေးမကောင်းသဖြင့် အားလုံးက စိုးရိမ်မိကြခြင်းဖြစ်သည်။
ပိုက်သားစများကို ဆွဲဖြန့်ကြည့်ရာ ဆယ်တောင်ခန့်ရှိသည်။ အောက်ခြေအချီး အိတ်များတွင် တပ်ဆင်ထားသော ခဲသီးအချို့ပင် ပြုတ်ထွက်မသွားသေး။ ကျန်ရှိနေသော ပိုက်သားစများကို ခဲရာခဲဆစ် ရယူပေလိမ့်မည်။
သားဖြစ်သူ ခင်ထွန်းကို ပိုက်သူကြီး ဦးငွေစိုးက နိုင်ထက်စီးနင်း ပြောဆိုသံများက ဦးဘဦး နားထဲမှ ထွက်လိမ့်မည် မဟုတ်။
ဆယ်မိနစ်ခန့်အကြာတွင် ကြိုးလှုပ်သံကြားရသည်။ လှေတွင် ချည်ထားသောကြိုးက လှုပ်ယမ်းလာသဖြင့် ကြိုးကို ဝိုင်းဆွဲကြသည်။ ကြိုးအဖျားတွင် သေချာစွာချည်နှောင်ထားသော ပိုက်သားစအချို့ကို တွေ့ရသည်။ ပိုက်သားစများကို လှေပေါ်တင်ပြီး ဦးဘဦး ပေါ်လာမည့်နေရာကို မှန်းဆကြည့်နေကြသည်။
ဝဲဘက်လက်တွင် ချည်ထားသော ကြိုးကို ဖြုတ်ပြီး ပိုက်သားစများကို သေသေချာချာ ချည်နှောင်၍ အပေါ်သို့ တင်ပေးလိုက်ခြင်းဖြစ်သည်။
ငါးမိနစ်ခန့်ကြာသွားသည်။ ဦးဘဦး ပေါ်မလာသေး။
နောက်ထပ် ဆယ့်ငါးမိနစ် ကြာသွားပြီ။
ဦးဘဦး လုံးဝ ပေါ်မလာ။
နာရီဝက်ခန့် ရေငုပ်နိုင်သူက ရှာမှ ရှားလှသည်။ ကျန်းမာရေးမကောင်းသော ဦးဘဦးအတွက် အားလုံး စိုးရိပ်သွားမိသည်။
ခင်ထွန်း၏ မျက်ဝန်းတွင် မျက်ရည်စများ ဝေ့ဝဲနေသည်။ ရေထဲသို့ ငုပ်ရန် ကြံစည်နေသော ခင်ထွန်းကို အားလုံးက ဝိုင်းဝန်းတားမြစ်ထားကြသည်။
နောက်ထပ် တစ်နာရီခန့်ကြာသော်လည်း ရေပြင်ငြိမ်သက်မှုမှတစ်ပါး ဘာမျှ မထူးခြားလှ။
ရေလုပ်ငန်း အကြုံရှိသူများပီပီ အားလုံးက အခြေအနေကို သိလိုက်ကြပြီ။ ရေလုပ်သားအားလုံး တွေးထင်ထားကြသည့်အတိုင်း ဦးဘဦး ရေပေါ်သို့ ပြန်ရောက်ရန် လမ်းစ မရှိနိုင်တော့။
စင်စစ်မှာကား ဦးဘဦးတစ်ယောက် ကျောက်လိုဏ်ထဲသို့ ရောက်နေသော ပိုက်သားစလက်ကျန်ကို ဆွဲထုတ်ရင်း ကြိုးဖြင့်တင်ပေးရာမှ မထွက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
ခင်ထွန်းက ဖခင်ကြီးအသက်နှင့် လဲ၍ ရယူပေးခဲ့ ပိုက်သားစများကို စိတ်နာစွာကြည့်နေသည်။ သာစိန်နှင့် ငပြူးတို့က ခင်ထွန်းကို ထိန်းထားရသည်။ ရေထဲသို့ ခုန်ချမည့် တကဲကဲလုပ်နေသော ခင်ထွန်းကို ဖျောင်းဖျကြသည်။
လှေနှစ်စင်းစလုံး ထွက်ခွာလာခဲ့ကြသည်။
ခင်ထွန်း၏ မျက်ရည်များက မြစ်ပြင်ကို ဝမ်းနည်းစွာနှုတ်ဆက်နေဟန်ထင့်။ မြစ်ထောင့်ချိုးကွေ့တွင် ဦးဘဦး ရေငုပ်သွားခဲ့သောနေရာကို အားလုံးလှမ်းကြည့်မိကြသည်။ စိုက်ထူထားခဲ့သော ဝါးတိုင် ကလေးကား ရှိနေဆဲ။
ခင်ထွန်း၏ ယူကျုံးမရစွာငိုပြော ပြောသံက သူတို့ အားလုံးရင်ထဲသို့ ဆို့နင့်သွားစေပါတော့သည်။
“အဖေရယ် … ငါးရောင်တွေအကြောင်း ထပ်ပြောပါ အုံးလား …”
ငွေတာရီမဂ္ဂဇင်း
အမှတ် (၅၁၃)
ဧပြီလ ၊ ၂၀၀၃
– ပြီး –
Uncategorized