July 30, 2025
Uncategorized

သံယောဇဉ်အားမာန်

#ကိုပိုက်
သံယောဇဉ်အားမာန်

စိမ်းစိမ်းစိုစို တောအုပ်လေးကို ဖြတ်သန်းခဲ့ကြသည်။ တောစိမ်းဖြစ်သည်ကြောင့် ချမ်းစိမ့်စိမ့်ခံစားရသည်။ တစ်ဖာလုံခန့် ဆက်လျှောက်ခဲ့ကြရပြီးသည်နှင့် လဲပြိုနေသောဝါးပင်များ ကွဲယိုင်နေသောဝါးပင်များနှင့် ဆင်ချေး လတ်လတ်ဆတ်ဆတ်များကို တွေ့ရသည်ကြောင့် မဝေးတော့သောနေရာတွင် ဆင် စခန်းရှိနေမည်ဖြစ်ကြောင်း အတတ်သိလိုက်သည်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် စကားတပြောပြောဖြင့် လျှောက်ခဲ့ကြရာ ရှေ့တူရူမှ ‘ကရင်’ လူလတ်ပိုင်းတစ်ယောက် သုတ်ခြေတင်လျှောက်လာသည်ဖြစ်၍ ကျွန်တော်တို့အနား ရောက်လာသည်တွင်. .

“ခွားစောရေ.. ဆင်စခန်း ဝေးသေးလား”

ဟု လင်းမြင့်လှိုင်က မေးလိုက်သည်။

“အေး. . ရှေ့နားမယ် မဝေးတော့ဘူး”

ဟု ဖြေရင်း ကျွန်တော်တို့ နှစ်ယောက်ကို သေသေချာချာ စူးစမ်းကြည့်ပြီး စပ်စပ်စုစု ပြန်မေးလာ၏။

နင်တို့ ဘယ်သွားကြမလို့တုန်း၊ အမဲပစ်ထွက်လာကြတာလား၊ ငါတို့ ဆင်စခန်းနားမှာ ဆတ်တွေ တအားပေါတာပဲဝေ့. .”

“ဟုတ်လား… နို့ ခွားစောက အဲဒီဆင်စခန်းကပဲလား”

“ဟုတ်တယ်. . ဘာကိစ္စရှိလို့လဲ”

သို့ကြောင့် ကျွန်တော်သည်

“နို့ဖြင့် အဲဒီမှာ ဖထီးစံကြိုင်တစ်ယောက် ရှိနေလား”

ဟု မေးလိုက်၏။

“ရှိတယ်.. ရှိတယ်၊ ငါတို့သူဌေး ဆင်ပိုင်ကြီး ဖထီးစံကြိုင်ကို ပြောတာထင်တယ်၊ ဒီကနေ့ ရောက်လာမယ့် သူ့ဧည့်သည်တွေဆိုတာ နင်တို့များလား၊ သွား.. သွား. . ရှေ့နားမှာတင် ဆင်စခန်းရှိတယ်၊ မဝေးတော့ပါဘူး”

ဟု ပြောကာ ရှေ့ခရီးဆက်သွားလေတော့၏။

သူပြောသည့်အတိုင်းပင် ဆယ်မိနစ်ခန့် လျှောက်ခဲ့ကြပြီးသည့်နောက် ဖထီးစံကြိုင်၏ ဆင်စခန်းသို့ ရောက်ခဲ့ကြတော့၏။ ရောက်ရောက်ခြင်းပင် ဖထီးစံကြိုင် တည်ခင်းသော ဆတ်သားခြောက်နှင့် အားပါးတရ ထမင်းစားလိုက်ကြသည်။

“ဆရာလေးတို့ ခုမှပေါ်လာကြတော့တယ်”

ဟု ဖထီစံကြိုင်က ပြောလာ

သည်ကြောင့်..

“ဟုတ်တယ် ဖထီး ကိုလင်းကလဲ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေတယ်လေ၊ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်ကလဲ မဆုံဖြစ်ကြတော့ဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုလင်းပြန်ရောက်လာပြီး ကျွန်တော်နဲ့ဆုံကြတော့ တောစာလေးတွေ စားချင်တယ်၊ မျောက်ချေးခါးလဲ လိုချင်တယ်ဆိုတာနဲ့ ဖထီးဆီကို စာလှမ်းရေး မှာလိုက်ရတာပဲပေါ့”

ဆိုပြီး ကျွန်တော်က အကျိုးအကြောင်း ပြောပြလိုက်သည်။

“အေး. ငါလဲ ဆရာလေးစာရရခြင်း ဒီကနေ လာစောင့်နေတာပဲ။ ဒီမှာလဲ သစ်ထုတ်လုပ်ငန်းပြီးတော့မှာဆိုတော့ အတော်ဖြစ်သွားတာပေါ့။ အေးအေး ဆေးဆေးပဲမဟုတ်လား။ ဒီစခန်းကနေ အထက်ပိုင်း နည်းနည်းတက်လိုက်လျှင် ဆရာလေးတို့ပစ်ချင်တဲ့ မျောက်မြီးရှည်တွေ တအားပဲ။ စိတ်ကြိုက်သာပစ်ပြီး မျောက်ချေးခါး လုပ်ယူသွားကြပေတော့”

ဖထီးစံကြိုင် စကားဆုံးသည်နှင့် သူ့သားကြီး စောအေဘီက

“ဒီနားတစ်ဝိုက်မှာ ဆတ်တွေ တအားပေါတာပဲ။ ဆရာလေးတို့ ရောက်လာတာနဲ့ အတော်ပဲ၊ ဆင်စခန်းသိမ်းပြီး မြို့ပြန်လျှင် ဆတ်သားခြောက်တွေ အများကြီး ယူသွားလို့ရမယ်”

ဟု ဝင်ပြောသည်ကြောင့် လင်းမြင့်လှိုင်သည် စောအေဘီကို ပြုံး၍ကြည့်လိုက်ပြီး. .

“လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကလဲ ဆတ်တွေ သိပ်ပေါတယ်လို့ ပြောတယ်၊ ပစ်ပေးပါ့မယ်ကွာ”

ဟု ပြောလိုက်သဖြင့် သူသည် ကျေနပ်ပီတိ ဖြစ်သွား ကာ

“ဟာ. . ဟုတ်ပြီ၊ ညနေကို သွားကြမယ်လေ”

ဆိုလာသဖြင့်. .

“ဟိတ်ကောင်. . အေဘီ. . လူကြီးတွေ ခုမှရောက်တာ၊ အေးအေးလူလူ နားပါစေဦး၊ သွား.. သွားစမ်းကွာ. . မင်းဆင်ကလေး ရေချပေးဦး”

ဟု ဖထီးစံကြိုင်က ဟောက်လွှတ်လိုက်သည်တွင် ကျွန်တော်တို့အနားမှ ထသွားလေတော့၏။

“ဖထီးသားတောင် လူပျိုပေါက်ဖြစ်နေပြီ”

“ဒီကောင် ဆင်ဦးစီးတောင် ဖြစ်နေပြီ”

ဟု ဖထီးစံကြိုင်က ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလေသည်။ ပြီးမှ. .

“ကဲ. . ကဲ. . စားကြ၊ ပြီးလျှင်ဖြင့် ရေမိုးချိုးအနားယူ တရေးတမော အိပ်လိုက်ကြ။ နက်ဖြန်မနက်စောစော မျောက်ပစ်ထွက်ကြတာပေါ့”

ဟု ပြောလာသည်ကို ကျွန်တော်တို့ နှစ်ယောက်က ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကြသည်။ စားသောက်ပြီးသည်နှင့် ရေမိုးမချိုးကြတော့ဘဲ ခရီးပမ်းလာသည်ဖြစ်၍ လဲလျောင်းရင်း စီးကရက်ကိုယ်စီ လက်ကြားညှပ်ကာ စည်းစိမ်ရှိရှိ အနားယူလိုက်ကြသည်။

သို့ လဲလျောင်း စီးကရက်သောက်ရင်း တောင်တောင်အီအီ စဉ်းစားနေလျက်မှ မှေးကနဲ တစ်ချက်ဖြစ်သွားကာ အိပ်ပျော်သွားတော့၏။

မည်မျှကြာကြာ အိပ်ပျော်သွားလေသည်မသိ၊ ဆင်ခလောက်သံ၊ ထူးသံကွင်းများ တချွင်ချွင်ရိုက်ခတ်သံနှင့် ဆင်အော်သံများကြောင့် အိပ်ပျော်နေရာမှ ဆတ်ကနဲ နိုးလာရသည်။ တစ်နေ့တာ လုပ်ငန်းခွင်ဝင်နေသော ဆင်များ ပြန်ရောက်လာခြင်း ဖြစ်သည်။

ဆူညံသောအသံများကြောင့် ဆက်၍ အိပ်မရ ဖြစ်သည်ကြောင့် စခန်းတဲမြင့်မြင့် ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လိုက်မိသည်တွင် အင်မတန် လှပသော ရှုခင်းကို တွေ့လိုက်ရ၏။

ရေခမ်းစပြုနေသော ငမိုးရိပ်ချောင်းအတွင်း ရေနက်ပိုင်းနေရာတွင် ဆင်များကို ရေချ (ရေချိုးပေးခြင်း) ပေးနေသည့်မြင်ကွင်းသည် တစ်မျိုးလှသလိုချောင်းတစ်ဘက်ကမ်း စိမ်းစိမ်းစိုစို တောအုပ်အတွင်းမှ ပျံ့လွင့်ထွက်လာသည့် ကျေးငှက်တို့၏ ‘ကျလိ. . ကျလိ. .’ အော်မြည်သံတို့သည် နားဝင်ပီယံ ရှိ လှပေတော့၏။

သို့ကြောင့် တောတောင်သဘာဝအလှ၊ အနံ့အသက်တို့ဖြင့် ကင်းကွာနေပြီမှာ ကြာပြီဖြစ်သဖြင့် တဝကြီး ခံစားနေမိတော့၏။

ထိုစဉ် လင်းမြင့်လှိုင်သည် ကျွန်တော့်အနား ရောက်လာပြီး. .

“ဟိုမှာကြည့်စမ်း ကိုပိုက်၊ ဆင်သားပေါက်ကလေးက ချစ်စရာကလေးရယ်. . “

ဟု ပြောလာသည်ကြောင့် သူညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။

ဆင်မကြီးတစ်ကောင်သည် လူတစ်ယောက်ပေါင်လည်ခန့် အနက်ရှိ ချောင်းရေထဲတွင် လဲလျောင်းနေ၏။ ဆင်ဦးစီးတစ်ယောက်က ထိုဆင်မကို ရေပက်ဖျန်း တိုက်ချွတ်ဆေးကြောပေးနေ၏။ ဆင်သားပေါက်ကလေးသည် ထိုဆင်မကြီးအနားသို့ပြေးကာ ပွတ်သီးပွတ်သပ်လုပ်လိုက်၊ ချောင်းစပ်သို့ ပြန်ပြေးသွားလိုက်ဖြင့် ဆော့ကစားနေသည်ကို စွယ်စုံဆင်မကြီးတစ်ကောင်က သူ့နှာမောင်းဖြင့် ရေကိုစုပ်ယူကာ ဆင်ပေါက်ကလေးကို မှုတ်ထုတ်ပက်ဖျန်းပေးနေ ၏။

ထိုမြင်ကွင်းကိုကြည့်ခြင်းအားဖြင့် ဆင်ဦးစီးက ရေပက်ဖျန်းတိုက်ချွတ်ပေးနေသော ဆင်မကြီးသည် ဆင်ပေါက်ကလေး၏ မိခင်ဖြစ်ပြီး စွယ်စုံဆင်မကြီး သည် သားထိန်းဆင်မပင်ဖြစ်ကြောင်း သိသာပေသည်။

ဆင်တို့သည် ဇာတ်မြင့်သော သတ္တဝါများ ဖြစ်ကြ၏။ ဆင်မတစ်ကောင် သားပေါက်ပြီးလျှင် သူတို့၏နို့ချိုတိုက်ကျွေးရုံမှလွဲ၍ သားသမီးအပေါ် ဘာမျှ လုပ်ပေးခြင်းမရှိချေ။ ထိုသားပေါက်ကို အရွယ်ရောက်သည့်တိုင် လိုက်လံထိန်းကျောင်းပေးနေသည်မှာ သားထိန်းဆင်မပင် ဖြစ်တော့၏။

ထိုသားထိန်းဆင်မသည် ဆင်ပေါက်ကလေးကို အင်မတန်ချစ်ခင်ပုံရ၏။ ပွတ်သပ်ချော့မြူနေ၏။ ကြည်နူးစရာပင် ဖြစ်တော့၏။ မိခင်ထက်ပင် ပို၍ ဂရုစိုက်ပုံရ၏။

တောရိုင်းဆင်တစ်အုပ်နှင့်ဆုံ၍ သားပေါက်ဆင်ငယ်များ ပါတတ်လျှင် ထိုဆင်အုပ်တွင် အကြောက်ရဆုံးမှာ သားထိန်းဆင်မများပင် ဖြစ်၏။

ထိုသားပေါက်ဆင်ကလေးကို အန္တရာယ်တစ်စုံတစ်ခုပေးလာမည့် ရန်သူမှန်သမျှ ထို သားထိန်းဆင်မကသာလျှင် ကာကွယ်စောင့်ရှောက်ပေးတတ်သည့် သဘာဝသည် အံ့ဩဖွယ်ပင် ဖြစ်တော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုဆင်သားပေါက်မိသားစုကို ကြည်နူးစွာဖြင့် ကြည့်နေမိကြ၏။

ထိုစဉ်..

“ဆရာလေးတို့ နိုးပလား၊ ကဲ… ကဲ ရေမိုးချိုးပြီးလျှင်ဖြင့် ဖွတ်သားနဲ တာလဘော ချက်ထားတယ်”

မည်သည့်အချိန်က ကျွန်တော်တို့အနား ရောက်နေသည်မသိသော ဖထီးစံကြိုင် ပြောလာသည့်အသံကြောင့် ထိုကြည်နူးဖွယ်မြင်ကွင်းမှ လွှဲဖယ်လိုက်ကာ

“ဪ. . ဖထီးစံ. . ဟိုမယ် ဆင်သားပေါက်ကလေးကို ကြည့်ရင်း ကြည်နူးမိကြတယ်ဗျာ”

ဟု ကျွန်တော်က ပြောလိုက်သည်။

“ဟုတ်တယ်ဆရာလေး၊ အဲဒီအကောင်လေးက သိပ်ချစ်စရာ ကောင်းတာ၊ သားထိန်းဆင်မကလဲ တခြားသားထိန်းတွေလို မဟုတ်ဘူး။ ကောင်လေးကို တအား ဂရုစိုက်တယ်။ အင်မတန် သံယောဇဉ်ကြီးပြီး ချစ်ခင်ပုံရတယ်။ သူ့သခင်ကိုတောင်မှ တစ်ခါတလေ ဆင်သားပေါက်ကလေးနဲ့ပတ်သက်ပြီး ရန်မူ ချင်သေးတယ်၊ ဘယ်လို သားထိန်းဆင်မလဲ မသိပါဘူး”

ဖထီးစံကြိုင်စကားကြောင့် ကျွန်တော်သည် ထိုဆင်စီးသည့် ဆင်ဦးစီးလေးအတွက် စိုးရိမ်မှုဖြစ်ရသည်ကြောင့်. .

“နို့ဖြင့်လဲ ဆင်ဦးစီးလေးကို သတိဝီရိယရှိဖို့ ပြောထားပေါ့၊ သူ့အတွက် အန္တရာယ်ရှိနိုင်တယ်”

ကျွန်တော်၏ သတိပေးစကားကို ဖထီးစံကြိုင်သည် အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း…

“ကိစ္စမရှိပါဘူး၊ အဲဒီသားပေါက်လေးရဲ့ အမေ ဆင်မကြီးကို သားတော်မောင် စောအေဘီ စီးတာလေ။ သူကလဲ ဆင်ပေါက်လေးကို ချစ်သလို သားထိန်း ဆင်မကြီးက သူ့လို အချစ်ပိုတတ်လို့ သဘောကျပြီး အမြဲအလျှော့ပေး ဆက်ဆံတတ်တယ်လေ၊ လုပ်ငန်းခွင်ကိုတောင်မှ နှစ်ကောင်စလုံး ပေးမဆင်းဘူး”

ဟု ပြော၏။

“ဪ. . ဖထီးစံကြိုင်သားက အဲဒီဆင်မနှစ်ကောင်ကို ထိန်းတဲ့ ဆင်ဦးစီးလား”

လင်းမြင့်လှိုင်က တအံ့တဩ မေးလိုက်၏။

“ဟုတ်တယ်… အဲဒီဆင်ပေါက်ကလေးရယ်.. သားထိန်း ဆင်မကြီးရယ် သားတော်မောင် စောအေဘီရယ်ဟာ ဘယ်လိုရေစက်လဲ မသိပါဘူးကွာ၊ အင်မတန် သံယောဇဉ်ကြီးကြပြီး ချစ်ကြတာ၊ ကဲ. . ကဲ. . ဆရာလေးတို့ ရေချိုးဆင်းပြီးလျှင်ဖြင့် ထမင်းစားကြမယ်၊ ဝါသနာပါလို့သောက်ချင်ရင် ချက်အရက် ကောင်းကောင်း ရှိတယ်”

ဆိုကာ ဖထီးစံကြိုင်သည် ကျွန်တော်တို့အပါးမှ ထွက်သွားလေသည်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ဖထီးစံကြိုင် ထွက်သွားသည်နှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြသည်။

ညနေစာမစားမီ လင်းမြင့်လှိုင်ယူလာသည့် ဂျော်နီလမ်းလျှောက် အနက်ပတ်တံဆိပ်အရက်ကို ဆတ်သားကြော်ဖြင့် မြည်းသောက်ရင်း စကားစမြည် ပြောကြ၏။ သုံးယောက် တစ်လုံးကုန်သွားတော့လေမှ ဖွတ်သားဖြင့် ချက်ထားသည့် သာလဘောဟင်းကို အားပါးတရ စားလိုက်ကြသည်။

စားသောက်ပြီးချိန်တွင် အချိန်လည်း လင့်သွားချေပြီ ဖြစ်သည်ကြောင့် အိပ်ရာထက်တွင် လဲလျောင်းလိုက်ကြပြီး ဓါတ်ခဲသုံး ရေဒီယိုလေးကို ဖွင့်နားထောင်လိုက်ကြသည်တွင် တိုက်တိုက်ဆိုင်ဆိုင် စနေနေ့ဖြစ်ခြင်းကြောင့် အင်္ဂလိပ်အစီအစဉ်ပိုင်း “လိုကိုတဲလင့်ရှိုး” လာနေသည်နှင့်ကြုံသဖြင့် မြန်မာလူမျိုးလူငယ်တို့၏လက်စွမ်း တေးသံသာကို နားထောင်ရင်း စည်းစိမ်ခံစားနေ လိုက်ကြသည်။

မြို့ပြတွင် နီယွန်မီးရောင်အောက်၌ တယ်လီဗေးရှင်းကြည့်ရင်း ခံစားသည့် စည်းစိမ်ထက် တိတ်ဆိတ်ငြိမ်သက်ကာ သဘာဝလရောင်အောက်တွင် စီးကရက်ဖွာရှိုက်ရင်း ရေဒီယိုတေးသံ နားထောင်ရသည့် စည်းစိမ်ကို ကျွန်တော်တို့နှစ်ယောက်သည် ပို၍နှစ်သက်ကြသည်။ သို့ဖြင့် တစ်ညတာ ကုန်လွန်ခဲ့ရသည်။

နောက်တစ်နေ့မနက်စောစောတွင် ကျွန်တော်၊ လင်းမြင့်လှိုင်နှင့် ဖထီးစံကြိုင်တို့သည် မျောက်ပစ်ထွက်ခဲ့ကြသည်။

အဓိက ကျွန်တော်တို့ လာရင်းကိစ္စသည် မျောက်ပစ်ရန်ဖြစ်၏။ မျောက်သားစားချင်လွန်း၍တော့မဟုတ်၊ မျောက်သားသည်လည်း စားကောင်းခြင်း သိပ်မရှိပါ၊ မျောက်ချေးခါးလိုချင်၍ ဖြစ်သည်။

မျောက်ချေးခါးသည် အင်မတန်မှ မွှေးကြိုင်ပြီး ခါးသက်သက်ဖြင့် ချိုမြလှပါသည်

မျောက်ချေးခါးဆိုသည်မှာ မျောက်တစ်ကောင်၏ အစာအိမ်အတွင်းမှ ချေဖျက်ပြီး ကြေညက်ပြီး အစာနုများကို မီးပူပေး၍ ကျက်အောင်ချက်ထားခြင်း ဖြစ်သည်။

သူ့ချည်းသက်သက် စားရန်မဟုတ်။ လက်ဖက်သုတ်ထဲတွင် အနည်းငယ် ထည့်သုတ်စားရ၏အသားဟင်းလျာများကို ချက်သည့်အခါတွင် အနည်းငယ်မျှ ရောစပ်ထည့်ခြင်းဖြင့် အင်မတန်မွှေးကြိုင်၍ လေးလေးပင်ပင်ချိုသော အရသာထူးကို ဖြစ်စေ၏။

မျောက်တို့သည် သစ်ဥသစ်ဖုများ အစုံစားခြင်းကြောင့် ဆေးဖက်ဝင်လည်း ဖြစ်၏။ ပိုက်ဆံရှိလို့ ဝယ်စား၍ရနိုင်သောအရာလည်း မဟုတ်ချေ။ တောတောင်အနှံ့ သွားလာပြီး နှံ့စပ်သူများသာလျှင် စားဖူးခြင်း၊ သိခြင်း ဖြစ်သည်။ ထိုအစာနုများကို ကျက်အောင်ချက်ပြီးလျှင် မည်မျှ ကြာကြာဖြစ်စေ ထား၍ရ၏။ ချက်သည်ဆိုရာ၌ သူချည်းသက်သက် ချက်ရခြင်းဖြစ်၏။ ဘာမျှထည့်စရာ မလိုချေ။

ကျွန်တော်တို့နှစ်ယောက်သည် တောစာများ စားရဖို့အရေးထက် မျောက်ချေးခါးကိုလို၍ မျောက်ကိုပစ်ရန် ဦးစားပေးခဲ့ကြခြင်း ဖြစ်သည်ကြောင့် ဖထီးစံကြိုင် လမ်းညွှန်မှုဖြင့် မျောက်မြီးရှည်များ ပေါသောအထက်ဘက်သို့ ခပ်စောစော ထွက်ခဲ့ကြခြင်းဖြစ်တော့၏။

ဆင်စခန်းအထွက်တွင် လမ်း၌ စောအေဘီနှင့်အတူ ဆင်ပေါက်ကလေးသားအမိနှင့် သားထိန်းဆင်မကြီးကို တွေ့လိုက်ကြသေး၏။ သားထိန်းဆင်မကြီးသည် ဆင်ပေါက်ကလေးနားမှ တစ်ဖဝါးမျှပင် ခွာလိုဟန် မတူချေ။

မိခင်ဆင်မကြီးက သားပေါက်ကို အသိအမှတ်ပြုဟန် မတွေ့ရချေ။ ထိုနေ့ခရီးတွင် မျောက်ညိုကြီးတစ်ကောင်ကိုသာ ပစ်ခဲ့ကြသည်။

ထိုညတွင် မျောက်သားနှင့် ညနေစာစားလိုက်ကြပြီး အနားယူနေကြစဉ် ဆင်စခန်းတစ်ဝိုက် ဆူဆူညံညံအသံများ ကြားသည်ကြောင့် ဘာများဖြစ်ပါလိမ့်။ စခန်းပတ်ဝန်းကျင်တွင် ဟင်းကောင်(ကျား) ဝင်လာပေလို့ရယ်လား စိုးရိမ်တကြီးဖြစ်ရသည်ကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ဖထီးစံကြိုင်နှင့်အတူ သေနတ်ကိုယ်စီ ကိုင်ဆွဲ၍ တဲပေါ်မှ ကမန်းကတန်း ဆင်းလိုက်ကြသည်တွင် စောအေဘီသည် မောပန်းတကြီးဖြင့် ကျွန်တော်တို့ထံ ရောက်လာကာ

“ကျွန်တော့်ဆင်မကို တောဆင်ရိုင်းတစ်ကောင် ဝင်တိုက်နေတယ်၊ ဘယ်လိုမှလဲ မောင်းထုတ်လို့ မရဘူး”

“ကဲ. . ကဲ. . ဘယ်နားမှာလဲ. . လာ သွားကြမယ်”

ဟု ကျွန်တော်က ပြောလိုက်သည်။

စောအေဘီက “လာ. လာ. . ” ဟုဆိုကာ ရှေ့က ဦးဆောင်သွားရာ နောက်သို့ ကျွန်တော်တို့ ပြေးလွှားလိုက်သွားကြသည်။

ဆင်စခန်းနှင့် ခပ်လှမ်းလှမ်းနေရာ ဝါးတောစပ်တွင် ဆင်နှစ်ကောင် သဲကြီးမဲကြီး တိုက်ခိုက်နေသည်ကို မြင်ရ၏။ ဆင်ဦးစီးများက အနားမကပ်ရဲ၍ သံပုံးများတီးကာ ခြောက်လှန့် ထုတ်နေခြင်းသည်လည်း ထိုတိုက်ပွဲကို မရပ်ဆိုင်းနိုင်ကြချေ။

စွယ်တစ်ချောင်းကျိုး တောဆင်ရိုင်းနှင့် သဲကြီးမဲကြီး တိုက်ခိုက်နေသည်ကား ဆင်သားပေါက်ကလေး၏မိခင် ဖြစ်သည်။

သဲကြီးမဲကြီး တိုက်ခိုက်နေသော ဆင်နှစ်ကောင်အနားသို့ ဆင်သားပေါက်ကလေးသည် ဘာမှန်းမသိညာမှန်းမသိ သူ့ မိခင်ဆင်မကြီးထံသို့ ပြေးကပ်လိုက် ပြန်ခွာလာလိုက်ပြုနေ၏။ သားထိန်းဆင်မကြီးသည် တိုက်ပွဲကြားမဝင်ဘဲ သားပေါက်ဆင်ကလေးကိုသာ တဝူးဝူးဖြင့် အသံပြုကာ တွန်းထိုးဖယ်ခိုင်းနေတော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အရန်သင့်မောင်းတင်ပြီး သေနတ်များ ကိုင်ဆောင်ထားကြသော်လည်း စွယ်တစ်ချောင်းကျိုး တောဆင်ရိုင်းကို ပစ်ခတ် ခွင့်မကြုံ ဖြစ်ကြရသည်။ ထိုစဉ် တောဆင်ရိုင်းကြီးသည် ဆင်မကြီးကို တစ်ချက် ပြေးအလုံး ဆင်ပေါက်ကလေးကလည်း မိခင်ဆင်မကြီးနား ကပ်အသွားဖြင့် ကြုံလိုက်သည်တွင် တောဆင်ရိုင်းကြီး၏ ဒေါသတကြီးအော်သံဖြင့် ထိုးလိုက်သည့် တစ်ချောင်းတည်းသော အစွယ်ကားကား အဖျားတွင် ဆင်ပေါက်ကလေး ပါသွားပြီး ငယ်သံပါအောင် အော်ရင်း ခပ်ဝေးဝေးသို့ လွင့်စင်ကာသွားတော့၏။

“ဟာ..”

အားလုံး၏နှုတ်ဖျားမှ ထွက်လာသောအသံဖြစ်၏။ စက္ကန့် ပိုင်းမျှ ငြိမ်သက်သွားကြစဉ် ထိုအခွင့်အရေးကို လက်လွတ်အဆုံးအရှုံးမခံနိုင်သော ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တောဆင်ရိုင်းကြီးအား လျှပ်တပြက် ပစ်လိုက်ကြတော့သည်။

*ဒိန်း.. “

“ဝူး … ဝူး.”

ကျယ်လောင်သော ယမ်းအားပေါက်ကွဲသံနှင့်အတူ နာကျင်မှုကြောင့် ငယ်သံပါအောင်အော်ရင်း တောဆင်ရိုင်းကြီးသည် တောစပ်တွင်းသို့ တရစပ် တရှူးထိုး ဝင်ပြေးသွားတော့၏။ မြန်လိုက်သည့်ဖြစ်ခြင်းကြောင့် သားထိန်းဆင်မကြီးသည်ပင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်သွားပုံရသည်။ တိုက်ပွဲကား အဆုံးသတ်သွားလေပြီ။

ဆင်သားပေါက်ကလေးသည် တောဆင်ရိုင်းကြီး၏ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် အူပွင့်ကာ အသက်ဆုံးရှုံးသွားလေပြီ။ ထိုဆင်သားပေါက်ကလေး အသက်ဆုံးရှုံးသွားခြင်းကြောင့် လူတိုင်း စိတ် မကောင်းဖြစ်ရသည်ထက် သားထိန်းဆင်မကြီးနှင့် စောအေဘီတို့သည် ပို၍ ခံစားဝမ်းနည်း ကြေကွဲခဲ့ကြတော့၏။

နောက်တစ်နေ့တွင် ဆင်သားပေါက်ကလေးအား စခန်း၌ပင် ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်လိုက်ကြသည်။ ကျွန်တော်တို့သည်လည်း ထိုနေ့တွင် မျောက်ပစ်မထွက်ကြတော့ဘဲ စခန်းတွင်သာ စိတ်မကောင်းစွာဖြင့် နားနေလိုက်ကြ၏။ နောက်တစ်နေ့မှာတော့ မျောက်ပစ်ရန် ထွက်ခဲ့ကြပြန်သည်။

သားထိန်းဆင်မကြီးသည် ဆင်သားပေါက်ကလေး သေပြီးသည်မှစ၍ အစာကျွေးလည်း မစားတော့ချေ။ ဘယ်မှလည်း မသွားတော့ချေ။ တမှိုင်မှိုင် တတွေတွေဖြင့် ဆင်သားပေါက်ကလေး သင်္ဂြိုလ်ခဲ့သည့် မြေပုံအနီး၌ တရစ်ဝဲလည်လည် လုပ်နေတော့သည်။ ဤသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။

ဆင်ပေါက်ကလေးသေပြီး စတုတ္ထမြောက်နေ့တွင် သားထိန်းဆင်မကြီး စခန်းမှ ပျောက်ခြင်းမလှ ပျောက်သွားသည်ကြောင့် သားထိန်းဆင်မကြီးကို လိုက် ရှာရန် ကျွန်တော်တို့သည် စောအေဘီနှင့်အတူ စခန်းမှ ထွက်ခဲ့ကြရပြန်သည်။ တစ်ရက်မှ နှစ်ရက်တိုင် အစအနပင် ရှာမတွေ့ချေ။ ဘယ်သို့ ထွက်သွားလေပြီမသိ။ စောအေဘီကလည်း မတွေ့တွေ့အောင်ရှာပေးပါရန် တကျည်ကျည် လုပ်နေသည်ကြောင့်. .

“ကဲ. . ဖထီးစံကြိုင်ရေ. . ညအိပ်ခရီးထွက်ရှာမှ ရမယ်ထင်တယ်၊ ဒီ တစ်ဝိုက်မှာတော့ ရှိပုံမပေါ်ဘူး”

သို့ပြောကာ ကျွန်တော်တို့သည် ပစ်ခတ်ရရှိထားသော မျောက်သားခြောက်များသယ်၍ ဆင်ပျောက်ရှာထွက်ခဲ့ကြတော့သည်။ တောတောင်ထဲတွင် တစ်ညအိပ်ခဲ့ကြရပြန်သော်လည်း အစအနပင် မတွေ့သေးချေ။ ငမိုးရိပ်ချောင်းဖျားသို့ပင် ရောက်ခဲ့ကြတော့၏။

ငမိုးရိပ်ချောင်းဖျားမှ တစ်ဘက်ရေကျဖြစ်သည့် ပဲခူးခရိုင် ဇောင်းတူချောင်းဖျားတစ်ဝိုက်တွင် ဆက်၍ရှာကြပြန်သည်။

ဇောင်းတူချောင်းဖျားရှိ ပျဉ်းမတောသို့ရောက်ကြ၏။ ထိုတောစပ်လေးနားအရောက်တွင် တစ်ဘက်တောင်ကြောဘက်မှ ဆင်အော်သံ ဆူဆူညံညံ ကြားရသည်ကြောင့် ထိုတောင်ကြောလေးပေါ်သို့ တက်ကြည့်လိုက်ကြသည်။

တောင်ကြောလေး၏တစ်ဘက် အင်းပျက်လေးတွင် ဆင်နှစ်ကောင် သဲကြီးမဲကြီး တိုက်ခိုက်နေသည်ကို တွေ့ရ၏။

ထိုတိုက်ခိုက်နေသော ဆင်နှစ်ကောင်သည် အခြားမဟုတ်။ ကျွန်တော်တို့ လိုက်ရှာနေသော သားထိန်းဆင်မကြီးနှင့် စွယ်တစ်ချောင်းကျိုး တောဆင်ရိုင်းကြီးပင် ဖြစ်တော့၏။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သေနတ်မောင်းကို ကမန်းကတန်း တင်လိုက်ကာ စွယ်တစ်ဖက်ကျိုး တောဆင်ကြီးကို ပစ်ခတ်ရန် အခွင့်အရေးကို စိတ်လှုပ်ရှားစွာဖြင့် စောင့်စားနေကြ၏။

တဒင်္ဂအချိန်ကလေးတွင် သားထိန်းဆင်မကြီး၏ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် စွယ်တစ်ချောင်းကျိုး တောဆင်ကြီးသည် “ဝူး” ကနဲ သံကုန်ဟစ်ကြွေးရင်း ဖင်ထိုင်သွားသည်နှင့် ထိုအခွင့်အရေးကို ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အရအမိယူလိုက်ကြကာ သေနတ်မောင်းခလုတ်ကို ပြိုင်တူ ဖြုတ်ချလိုက်တော့သည်။

“ဒိန်း. .”

“ဒိန်း. .”

ထိုသည်နှင့် မလုံလောက်နိုင်ဟု တွက်ဆကာ ထပ်ပစ်လိုက်ကြပြန်သည်။

“ဒိန်း. .”

“ဒိန်း. . ”

စွယ်တစ်ချောင်းကျိုး တောဆင်ကြီးသည် ဖင်ထိုင်လဲနေရာမှ တစောင်းလဲကျ၍ ငြိမ်သက်သွားတော့၏။ ထိုငြိမ်သက်နေသော စွယ်တစ်ချောင်းကျိုး တောဆင်ကြီးကို သားထိန်းဆင်မကြီးသည် အတန်ကြာ စူးစိုက်တွေဝေကြည့်နေ၏။ လှုပ်ရှားမှု တစ်စုံတရာ မတွေ့ရတော့လေမှ နှာမောင်းကို အပေါ်သို့မြှောက်လိုက်ကာ. . “ဝူး” ကနဲ အသံရှည် အော်ဟစ်လိုက်ပြီး ပျဉ်းမတောအုပ်အတွင်း ပြေးသွားလေတော့၏။

စောအေဘီသည် သူ့ဆင်မကို လှမ်း၍ အသံကုန်ဟစ်ခေါ် ပြေးလိုက်သွားတော့၏။

စောအေဘီ၏အသံကို ကောင်းကောင်းနားယဉ်နေသော သားထိန်းဆင်မကြီးသည် ပြေးလွှားနေရာမှ ရုတ်တရက် ရပ်လိုက်လေပြီး ခေါင်းလှည့် ကြည့်လိုက်စဉ်မှာပင် စောအေဘီသည် အနားသို့ ထပ်တိုးပြေးသွားကာ “မက်. . မက်. . မက်…” ဟု အသံပေးလိုက်သည်။ ပထမတော့ သားထိန်းဆင်မကြီးသည် တွေ့၍ကြည့်နေသေး၏။

ပြီးမှ သခင်ကို မှတ်မိသွားသည်ကြောင့် သူ့သခင်ထံသို့ ပြန်လှည့်လာတော့၏။ စောအေဘီအနားသို့ ရောက်သည့်အခါတွင် ဆင်ယဉ်ဖြစ်သည့် အလျောက် သခင်စကားနားထောင်ကာ ဝပ်ချလိုက်စဉ်မှာပင် စောအေဘီသည် ကျွမ်းကျင်သော ဆင်ဦးစီးတစ်ယောက်ဖြစ်သည့်အလျောက် လွှားကနဲ ဆင်ခေါင်းပေါ်သို့ တက်ထိုင်ပြီး ဖြစ်နေတော့၏။

ထိုမြင်ကွင်းကိုကြည့်၍ ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် ကျေနပ်ပီတိ ဖြစ်ရသည့်ပြင် တိရစ္ဆာန်တစ်ကောင်ပင် ဖြစ်လင့်ကစား မိမိဝမ်းနှင့်လွယ်၍ မွေးခဲ့ရသော သား မဟုတ်ပေသော်ငြား မိမိထိန်းကျောင်းခဲ့ရသော ဆင်သားပေါက်ကလေးအတွက် သံယောဇဉ်ကြီးမားစွာဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ လိုက်လံကလဲ့စားချေပေးနိုင်သည့် သားထိန်းဆင်မကြီးကို မလေးစားဘဲ မနေနိုင် ဖြစ်ကြရပါလေတော့သတည်း။

ကရုဏာမဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၉၇

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီ – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *