ကျော်ထင်
သံယောဇဉ်၏ အမျှဉ်တန်းကလေး
ခင်မင်မှုနှင့် သမုဒယသည် ဒုက္ခဖြစ်ကြောင်းပင် ဖြစ်၏။ သို့သော် သတ္တဝါတို့သည် သမုဒယကို မပယ်နိုင်ကြ။ သိမ်းဆည်းခြင်းလည်း မပြုနိုင်ကြ။ ထို့ကြောင့် ဒုက္ခဆင်းရဲ ဖြစ်ကြရ၏။
xxx xxx xxx
ကြာတော့လည်း ကြာခဲ့ပါပြီ။ ကြာဆို နှစ်ပေါင်း ငါးဆယ်ကျော်ခဲ့ပြီ။ သည်အကြောင်းအရာကလေးက ကျွန်တော်တို့ရွာနှင့် ပတ်ဝန်းကျင်တွင် ယခုထိ မမေ့နိုင်ကြသေး။
ပြောနေကျ၊ ဆိုနေကျဆဲ။
စုတ်တသပ်သပ် ဖြစ်နေကြဆဲ။
ကြာတော့လည်း ကြေကွဲစရာ ပုံပြင်ကလေးတစ်ပုဒ်လို ဖြစ်လာခဲ့တော့သည်။
xxx xxx xxx
အလုံဘိုးတော်ကြီး နတ်ပွဲဆိုသည်မှာ မြန်မာပြည် တစ်ဝန်းလုံး ဟိုးဟိုးကျော်သော နတ်ပွဲဖြစ်၏။
ထက်အောက်အနှံ့ တောရော မြို့ပါ မကျန် လူသိများသော နတ်ပွဲကြီးတစ်ခုလည်း ဖြစ်၏။ ဘိုးတော်ကြီးနတ်ကွန်းသည် အလုံမြို့တွင် တည်ရှိသည်မို့ အလုံဘိုးတော်ကြီးနတ်ပွဲဟူ၍လည်း ခေါ်ဝေါ်ကြခြင်း ဖြစ်၏။
အလုံမြို့သည် မုံရွာမြို့ မြောက်ဘက် ခြောက်မိုင်ကွာတွင် တည်ရှိပြီး ရှေးအခါကမူ အလုံမြို့သည် မြို့ဝန်တစ်ဦး အုပ်ချုပ်ရသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့၏။ မြန်မာရာဇဝင်တွင် ကျော်ကြားထင်ရှားသော စစ်သူကြီးမဟာဗန္ဓုလသည် အလုံမြို့ဝန် ဖြစ်ခဲ့၏။
အင်္ဂလိပ်များ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီး နောက် အုပ်ချုပ်ရေးရုံးများကို မုံရွာမြို့သို့ ပြောင်းရွှေ့ခဲ့၏။
အလုံမြို့သည် မြို့ဝန်ရုံးစိုက်သော မြို့ကြီးတစ်မြို့ဖြစ်သည်။ သို့သော် အလုံဆိုသောနာမည်သည် ဘိုးတော်ကြီးနတ်ပွဲနှင့် တွဲလျက်သား ရှိနေသည်မို့ အလုံ ဘိုးတော်ကြီးနတ်ပွဲဆိုလျှင် ထင်ရှားကျော်ကြားလှပေသည်။
အလုံဘိုးတော်ကြီးနတ်ပွဲမှာ တပေါင်းလမှာပင် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ကျင်းပရာတွင် အနယ်နယ် အရပ်ရပ်မှ နတ်ပွဲနှင့် ပတ်သက်သူများ၊ ဈေးရောင်း ဈေးဝယ်များဖြင့်လည်း ကြက်ပျံမကျ စည်ကားလှ၏။
ထိုဘိုးတော်ကြီးနတ်ပွဲသို့ ဦးစံရတို့ ဇနီးမောင်နှံမှာလည်း နှစ်စဉ် ရောင်းချနေကျအတိုင်း ကျောက်ပျဉ်၊ ငရုတ်ဆုံ၊ နှမ်းဖတ်အိုး စသည်များကို ရောင်းချကြ၏။
ဦးစံရတို့လှေမှာ ဦးစံရနှင့် ဇနီး၊ လှေထိုးသား တစ်ယောက်ပါ ပေါင်းမှ သုံးယောက်သာ ပါ၏။ နတ်ပွဲတွင် ဈေးရောင်းချပြီးသောအခါ ချင်းတွင်းအညာဘက်သို့ ဆန်တက်ရင်း အမြို့မြို့တွင် ဈေးရောင်းရန် ခရီးဆက်ကြရဦးမည်ဖြစ်၏။
ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်း စသောမြို့များသို့ တစ်မြို့ဝင် တစ်မြို့ထွက် ရောင်းချကြရ၏။ ဤ ဈေးရောင်းခရီးမှာ ဦးစံရတို့ နှစ်စဉ်သွားနေကျ၊ ရောင်းဝယ်နေကျ ခရီး ဖြစ်၏။
နတ်ပွဲပြီးသည်နှင့် ချင်းတွင်းမြစ်ရိုး အထက်အညာသို့ ဆန်တက်ကြစမြဲ။
ရန်ကုန်မှ လူများက မန္တလေးနှင့် မုံရွာဘက်သို့ အညာဒသဟု ခေါ်၏။
မုံရွာမှတစ်ဖန် ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်း စသော ချင်းတွင်းမြစ်ဖျားဒေသများကို အညာဟု ခေါ်ပြန်၏။
တစ်ဖန် ချင်းတွင်းမြစ်ဖျား ဒေသများကလည်း မုံရွာကို အောက်အရပ်ဟု ခေါ်ပြန်၏။
ဤကား ဒေသအဝေါ်အဝေါ် ဖြစ်၏။
xxx xxx xxx
ဦးစံရတို့ နတ်ပွဲတွင် ဈေးရောင်းချနေစဉ် တစ်နေ့ သ၌ ကြက်တူရွေးသုံးကောင်ကို ပခုံးပေါ်တင်ထားသော အဘိုးကြီးတစ်ယောက် ကျောက်ပျဉ်ဝယ်ရန် ရောက်ရှိလာခဲ့၏။
ဈေးဝယ်သူအဘိုးကြီးက မိမိသည် ကျောက်ပျဉ်တစ်ချပ် လိုချင်ကြောင်း၊ သို့သော် ပိုက်ဆံ မပါကြောင်း၊ ထို့ကြောင့် ယခု မိမိတွင်ပါသော ကြက် တူရွေးသုံးကောင်မှ ကြိုက်သည့်အကောင်နှင့်လဲလှယ်ရန် ပန်ကြားခဲ့၏။
နဂိုကတည်းက သတ္တဝါချစ်တတ်သော ဦးစံရတို့သည် အသွေးအရောင်လှပသော ကျေးတမာကလေးကို ရွေးယူထားလိုက်ပြီး ကျောက်ပျဉ်တစ်ချပ်နှင့် လဲလိုက်၏။ သံယောဇဉ်ကြိုးတစ်မျှင်သည် ဦးစံရ တို့ဘဝထဲသို့ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့လေ သည်။
ဤသို့ဖြင့် ဦးစံရတို့ ဇနီးမောင်နှံမှာ ရွှေခဲဆိုသော ကြက်တူရွေးကလေးကို တယုတယ ကျွေးမွေးလာခဲ့ ကြ၏။
ညအချိန်တွင် ကြောင်များ၊ ကြွက်များ၏ ရန်မှ ကင်းဝေးစေရန် လှောင်အိမ်ကလေးထဲ ထည့်ထား၏။ နေ့ဘက်များမှာတော့ ရွှေခဲမှာ အပြင်မှာသာနေပြီး ဆူဆူညံညံ စကားပြောနေလေ့ရှိ၏။
တတ်လိုက်သည့်စကားမှာလည်း ကလေးတစ်ယောက်အတိုင်း ဖြစ်၏။
ဦးစံရကို “အဖေစံရ” ဟု ခေါ်၏။ ဒေါ်သက်ကို မေမေဟုခေါ် ၏။ ရွှေခဲ၏ “အဖေစံရ . . . . မေမေ” ဆိုသော တီတီတာတာ ခေါ်သံများကို ကြားရသော ဦးစံရတို့ ဇနီးမောင်နှံမှာ ကြည်နူးလိုက်သည့်ဖြစ်ခြင်း။
နှစ်သိမ့်လိုက်သည့်ဖြစ်ခြင်း။
ကြက်သွန်ဖြူညှော်နံ့များ ရလျှင် ကပျာကယာ ရွှေခဲကို ခြင်ထောင်ထဲသွင်းထားရ၏။ ကြက်တူရွေးနှင့် ကြက်သွန်ဖြူညှော် မတည့်ဟု ဆိုထားသည်မဟုတ်ပါလား။
ငှက်ပျောသီးနှင့် မာလကာသီး ဆိုသည်ကတော့ ရွှေခဲအတွက် ဘယ်တော့မျှ ပြတ်လေသည်မရှိ။ တစ်ဦး တည်းသော သားကို မိဘများမြတ်နိုးသကဲ့သို့ ဦးစံရ တို့ ဇနီးမောင်နှံမှာ ရွှေခဲပင်လျှင် တစ်ဦးတည်းသော ရင်သွေးဖြစ်ခဲ့၏။ မြတ်နိုးတွယ်တာစရာလည်း ဖြစ်ခဲ့၏။
ရွှေခဲ ဦးစံရတို့ထံ ရောက်လာသည်မှာ တစ်နှစ် ပြည့်လေပြီ။ သည်နှစ် အလုံဘိုးတော်ကြီးနတ်ပွဲပြီးလျှင် အညာသို့ ဆန်ရပေဦးမည်။
ထုံးစံအတိုင်း အလုံဘိုးတော်ကြီးနတ်ပွဲတွင် ဈေး ရောင်းပြီးသည်နှင့် အညာသို့ ဆန်တက်ရန် ပြင်ဆင်ရတော့၏။
သည်နှစ်တော့ အညာသို့ ဆန်တက်ရသည်မှာ ရွက်တိုက်ပြီး ဆန်တက်ရမည်မို့ သက်သောင့်သက်သာ ရှိမည်ဟု မျှော်လင့်ရ၏။ တောင်လေသည် ခပ်စောစောပင် မြူးကြွတိုက်ခတ်နေပြီ မဟုတ်ပါလား … ။
ခါတိုင်းဆိုလျှင် လှေကို ကြိုးဆွဲ၍ ဆန်ရ၏။ လှေကို ကြိုးဆွဲ၍ ဆန်ရသည်မှာ ဆယ်မိုင်, ဆယ့်နှစ်မိုင်ထက် ခရီးမပေါက်ပေ။ ရွက်တိုက်ပြီးသာ ဆန်တက်ရမည်ဆိုပါက မိုင်သုံးလေးဆယ်ခရီးကို တစ်နေ့တည်း ရောက်၏။
ဥပမာ အလုံမြို့မှ ရွက်တိုက်ပြီး ဆန်တက်မည်ဆိုပါက မိုင်သုံးဆယ်မျှဝေးသော ကနီမြို့ကို ခဏချင်းရောက်သွားနိုင်၏။ နောက်တစ်နေ့ မင်းကင်းမြို့မှာ ညအိပ်နိုင်၏။ ဤမျှ ခရီးစဉ်က မြန်၏။ သင်္ဘောများ၊ မော်တော်များ သွားသည့်ခရီးထက်ပင် ရွက်တိုက်ဆန်တက်ရသော ခရီးက ပို၍မြန်ဆန်ပေသည်။
တောင်လေတို့က မြူးလေပြီ….။
ဦးစံရတို့လှေသည် ရွက်တိုက်ပြီး အညာသို့ခရီး ဆက်ခဲ့တော့၏။ ဒေါ်သက်ကမူ လှေပေါ်မှာပင် ထမင်း ချက်နေဆဲ။ ရွှေခဲကမူ တွတ်တီးတွတ်တာ ပြောရင်း လှေပေါင်းမိုးပေါ်မှ ဟိုသွား သည်လာ လုပ်နေ၏။
ထိုသို့ သာယာလှသော မိသားစုအတွင်းသို့ အကုသိုလ် အရိပ်မည်းကြီးတစ်ခု မကြာမီ ရောက်ရှိလာတော့မည်ကို မည်သူမျှမသိကြ . . .။
ကနီမြို့ကို ကျော်လွန်လျှင် မဟူရာတောင်တန်းကြီးများကို တွေ့ကြရတော့၏။ တချို့ကလည်း မြွေပိုင်းတောင်ဟု ခေါ်ကြ၏။ လေ၏ တိုက်ခတ်အားကလည်း ကောင်းနေဆဲမို့ လှေ၏ ပြေးအားကလည်း မြန်ဆန်လိုက်ပါဘိ။
ကဆုန်ချပြေးနေသော မြင်းတစ်ကောင်နှယ်သို့ …။
“အဖေစံရ … ထမင်းဆာပြီ”
လှေပေါင်းမိုးပေါ်မှ လျှောက်လာရင်း ရွှေခဲက ပြော ၏။ ရွှေခဲသည် ထမင်းကိုလည်း စားတတ်နေပေပြီ။ ထမင်းကို ထန်းလျက်ရည်ဖြင့် နယ်ကျွေးလျှင် ကြိုက်၏။
“အေး … စားရမှာပေါ့ကွ။ အမေကြီးရေ … ထမင်းကျက်လုပြီလား”
ဦးစံရက လှမ်းမေး၏။
“ကျက်လုပါပြီ”
ဟု ပြန်ဖြေရင်း ဒေါ်သက်က ဝါးပြောင်းဖြင့် မီးမှုတ်နေ၏။ ထိုအချိန်တွင် “ဝှီး”ခနဲ အသံတစ်ခုကို ကြားရပြီး မည်းခနဲ အရိပ်တစ်ခု ထိုးသွား၏။
ဦးစံရ မျက်လုံးများ ပြာသွားတော့သည်။
“ရွှေခဲ … ရွှေခဲ … ရွှေခဲ ပါသွားပြီ . . .”
ဦးစံရက ရုတ်တရက် အော်ပြောလိုက်၏။ ပေါင်းမိုးပေါ်တွင် လမ်းလျှောက်နေသော “ရွှေခဲ” ကို သိမ်းငှက်က သုတ်ချီသွားလေပြီ။
အားလုံးပင် ကယောင်ချောက်ချား ဖြစ်နေစဉ် လှေကို ကမ်းသို့ ကပျာကယာ ကပ်လိုက်၏။ ပြီးတော့ သိမ်းငှက်ပျံသန်းသွားရာဆီသို့ ဓားများ၊ တုတ်များကို ကိုင်ဆောင်ကာ ပြေးလိုက်ကြ၏။
“အဖေစံရရေ … ကယ်ပါအုံး ၊ အဖေစံရရေ … ကယ်ပါအုံး”
သိမ်းငှက်၏ ခြေသည်းကြားမှ ရွှေခဲ၏ သနားစရာအသံက သနားစရာ ထွက်ပေါ်လာ၏။ အသည်းတဆတ်ဆတ်တုန်အောင် ဒေါသထွက်နေကြသော ဦးစံရတို့လူစုသည် တုတ်များ၊ ဓားများဖြင့် လိုက်ကြ၏။
သို့သော် ကောင်းကင်မှ ပျံနေသော သိမ်းငှက်ကို ဘယ်လိုမျှ မမီနိုင်ပါ။ လှမ်းမျှော်ကြည့်လိုက်ရာ ချောက်ကြီးခြားနေသော တစ်ဖက်ရှိ သစ်ပင်ကြီးဆီသို့ ပျံသွားကြောင်း တွေ့လိုက်ရ၏။
“အဖေစံရရေ … ကယ်ပါအုံး ၊ အဖေစံရရေ … ကယ်ပါအုံး”
ရွှေခဲ၏ ကြောက်လန့်တကြား အော်သံကလေးက ခပ်သဲ့သဲ့သာ ကြားရတော့သည်။ နောက်ပိုင်းတွင် အသံ လုံးဝ မကြားရတော့။ ရွှေခဲတစ်ကောင် သိမ်းငှက်၏ ရက်စက်ကြမ်းကြုတ်စွာ စားသောက်ခြင်းကို ခံလိုက်ရပေပြီ။
ဦးစံရတစ်ယောက် သစ်ပင်ကို ခေါင်းနှင့်တိုက်၊ လက်သီးနှင့်ထိုးပြီး ဒေါသဖြစ်နေရ၏။ အားလုံးက ဝိုင်းဆွဲထားကြရ၏။
နေဝင်ပေတော့မည်။ နေလုံးကြီးသည် တောင်စွယ်တွင် မေးတင်နေလေပြီ။
ဒေါ်သက်ကလည်း တရှုပ်ရှုပ်ငိုလျက်။
ထိုနေရာမှာပင် ဦးစံရတို့ နှစ်ရက်လုံးလုံး ဘယ်မျှမသွားဘဲနေခဲ့၏။ “အဖေစံရေ ကယ်ပါအုံး” ဆိုသော နောက်ဆုံးအသံကြားရာ ချောက်ကမ်းပါးကြီးဆီသို့ လှမ်းမျှော်ကြည့်ရင်း မျက်ရည်များမှာ စီးကျနေတော့၏။
“အဖေစံရေ ကယ်ပါအုံး” ဆိုသော ရွှေခဲ၏အသံကလေးက ကြားယောင်လျက်ပင်။
သည်အဖြစ်အပျက်ကလေးမှာ တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ဖြစ်၏။ သည်အဖြစ်အပျက်ကို လူတိုင်းလူတိုင်း သတိရနေကြဆဲ။ တသသပြောနေ ကြဆဲဖြစ်၏။
သံယောဇဉ် တွယ်တာမှုသည် ဒုက္ခဖြစ်၏။
ယင်း၏ ပူပန်သောကဖြစ်မှုသည် နှလုံးသားကိုပင် ခြေမွနိုင်စွမ်းရှိသည် မဟုတ်ပါလား။
(ငွေတာရီမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၁)
– ပြီး –
စာရေးသူ – ကျော်ထင်