July 31, 2025
Uncategorized

သွေး

ယိမ်းနွဲ့လျှံ
သွေး

(၁)

နှစ်နှစ်ဆယ်ကြာမှ ပြန်ပေါ်လာသည့်အခွင့်အရေး . . . ။ ပြန်ပေါ်လာသည်ဟု ဆိုငြား သဘာဝပြဋ္ဌာန်းချက် ကြောင့် သူ့အလိုလို ပြန်ပေါ်လာခြင်းမျိုး မဟုတ်။ ကံတရားဖေးမမှုကြောင့် ပြန်ပေါ်လာရခြင်း။

ဟုတ်သည်။ မနေ့ညက ကျွဲမ မိမဲတူမှ ကျွဲဖြူထီးကလေးတစ်ကောင် ပေါက်ဖွားသန့်စင်နိုင်ခဲ့၏။ ဤသို့ ကျွဲဖြူတစ်ကောင် မွေးဖွားပေါ်ပေါက်လာရခြင်းသည်ပင် ဤ”ဘရာပနာ”ကျွဲမျိုးတို့အတွက် ကံကောင်းခြင်းဟု ဆိုရမည်။

မှန်သည်။ ဤကဲ့သို့သော ကျွဲထီးပေါက် အဖြူရောင်တစ်ကောင်၏ ခွန်အားဗလနှင့် အသိတရား၊ တစ်နည်းအားဖြင့် ကာကွယ်နိုင်စွမ်းနှင့် ခေါင်းဆောင်မှုပေးနိုင်စွမ်းကို ဤကျွဲအုပ်စုကြီးထဲရှိ သက်ကြီးကျွဲအိုတို့က ကိုယ်တွေ့မျက်မြင် တွေ့ရှိခဲ့ဖူးသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က . . .။

“မဟာဇလာမြစ်၏ အောက်ဘက် ချိုင့်ဝှမ်းဒေသတွင် ကျင်လည်ကျက်စားနေသော “ဘရာပနာ”ကျွဲ အုပ်ကြီး၏ခေါင်းဆောင်မှာ အဖြူရောင်ကျွဲပေါက်ကြီးတစ်ကောင်ဖြစ်၏။ သာမန်ကျွဲတို့ထက် အဆစ်အပေါက် ခိုင်ခံ့၍ ကိုယ်လုံးကိုယ်ဖန် တောင့်တင်း၏။ ကြီးမားသော ဘို့ခုံးကြီးနှင့်အတူ တုတ်တိုသော လည်ကုပ်ကြီးက အရေးအမြောင်းတွေ အရစ် အရစ်လိုက်နှင့်။

ထို့ပြင် ဘေးသို့ ပြန့်ထွက်၍ အဖျားပိုင်း ထောင်သယောင်ဖြင့် ကော့ချွန်သော ချိုကားကြီးတစ်စုံကလည်း မြင်ရသော အခြား သတ္တဝါအတွက် အသည်းထိတ်စရာ ကောင်းလှ၏။

အမြင်နှင့်အသွင်ကသာ ခံ့ညားဝင့်ဝါသည် မဟုတ်။ အရည်အချင်း၊ အစွမ်းအစ၊ အပါးအနပ်၊ အခံအတိုက်တို့ကလည်း ကျွဲလောကတွင်သာမက အခြားအခြားသော ဆတ်ဖား၊ စိုင်၊ ပြောင်၊ တောနွား၊ သမင် အစရှိသော ဦးချိုရှိ တိရစ္ဆာန်တို့ဝန်းကျင်တိုင် သတင်းပြန့်၏။

ကျွဲဖြူပေါက်ကြီး၏ ချိုဖျားတွင် တောဘုရင် ကျား၊ ကျားသစ် တို့သည်ပင် အသက်ပါခဲ့ရဖူး၏။ တောလွန်လာသော ခြင်္သေ့ပေါက်ကြီးတစ်ကောင်ကိုလည်း ထိုကျွဲဖြူကြီးက ပြန်လည်တိုက်ခိုက် အနိုင်ယူခဲ့ဖူးသည်။

သည်တွင်မက အထက်လွင်ပြင်က မျက်စိလည်လမ်းမှား ရောက်ရှိလာသည့်၊ ကျွဲအုပ်ကြီးကို ရန်မူလာသည့် ကြံ့အိုကြီးကိုလည်း ကျွဲဖြူကြီး၏ ဦးဆောင်မှုဖြင့် ကျွဲအပေါင်းတို့ စုပေါင်းတိုက်ခိုက် မောင်းထုတ်နိုင်ခဲ့သေးသည်။

ထိုကာလတွေတုန်းက ဘရာပနာ ကျွဲမျိုးတို့ ကျက်စားရာသို့ ကျား၊ ကျားသစ်၊ ခြင်္သေ့ စသော အသားစားကြူး သားရဲကြီးတို့ မသီဝံ့၊ မကပ်ဝံ့ကြ။

ကျွဲဖြူကြီးခေါင်းဆောင်သော ဘရာပနာတို့၏ ညီညွတ်မှု၊ ဝိုင်းဝန်းတိုက်ခိုက်မှုကို သားရဲကြီးတို့ ရွံ့ကြ၊ ကြောက်ကြသည်။ ဒီတော့ ကျွဲအပေါင်းတို့မှာ ဘေးဘယာကင်းကွာ၍ လုံခြုံကြရ၏။

လွင်ပြင်ပေါ်မှ စိမ်းစိုသောမြက်တို့ကို စိတ်ချလက် ချ စားရဲ၏။ ချောင်းပေါက် ကုန်းပြင်တို့တွင် အိပ်ရေးဝစွာ အိပ်စက်နိုင်ကြရ၏။ ငြိမ်းအေးချမ်းမြေ့ရပါဘိ။

သို့သော် ဘရာပနာတို့၏ စိတ်ချလုံခြုံအေးမြမှုက ကြာကြာမခံခဲ့ပါချေ။ ဆယ်စုနှစ်တစ်စု မပြည့်မီအချိန်လေးမှာပင် အာဇာ နည်ကျွဲဖြူကြီး အနိစ္စရောက်သွားခဲ့ရချေ၏။ ကြံ့ခိုင်ထွားကျိုင်းသော ခေါင်းဆောင်ကျွဲဖြူကြီးမှာ ကျွဲတို့၏ ကိုယ်တွင်းနာတစ်မျိုးကြောင့် သင်္ခါရလက်မှ မလွန်ဆန်နိုင်ခဲ့ချေ တကား။

(၂)

ခပ်ဝေးဝေးမြစ်ကမ်းစပ်ဆီ မှ ဆတ်ဖားတစ်အုပ် ကသောကမျော ပြေးလွှားလာကြသည်။ ၎င်းတို့နောက်တွင် ဖုန်လုံးကြီးက ဖုံးလွှမ်းလျက် ကျန်ခဲ့သည်။ ချက်ချင်းလိုပင် ဖုန်လုံးကြီးထဲမှ လွှားခနဲပေါ်ထွက် လာသော ကျားသစ်ပြောက်ကြီး တစ်ကောင်ကို ရိပ်ခနဲ၊ ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။

ရုတ်ရုတ်သဲသဲ အသက်လုပြေးနေကြသော ဆတ်ဖားအုပ်ကြီးသည် ဘရာပနာကျွဲအုပ်ကြီးရှိရာဘက်သို့ ဦးတည်ပြေးလွှားလာလျက်။

ကျွဲပျို၊ ကျွဲမတမ်းတို့လည်း တရှူးရှူးဖြင့် ကုန်းစပ်ဘက် လှမ်းတက်သွားကြ၏။ ကျွဲပေါက်ကလေးများက ကျွဲကြီးများအကြား ဝင်ပြေးလာကြသည်။

အခါလည်သား မကတော့ပြီဖြစ်သော ကျွဲဖြူ ကလေးသည် ကျွဲအုပ်ကြီးရှေ့သို့ ပြေးထွက်၍ ပြေးလွှားနေသော ဆတ်ဖားကြီးများကို ကြည့်နေသည်။ ကျွဲမကြီးမဲတူ စိတ်ပူသွားရ၏။ တညွဲညွဲ အသံပြု၍ ကျွဲဖြူကလေးထံ ပြေးပြီး ရှေ့မှရပ်၏။ ကျွဲဖြူကလေးကို ကိုယ်လုံးဖြင့်တွန်းကာ ကျွဲအုပ်အတွင်းသို့ပို့၏။

ကျွဲပေါက်ကြီးများ ပြေးထွက်လာပြန်သည်။ မိမဲတူတို့သားအမိရှေ့မှ ကာရံပြီး ဖြတ်ပြေးသွားသော ဆတ်ဖားအုပ်ကြီးကို ကြည့်၏။

မကြာပါ။ အဝါပေါ် အနက်ပြောက်များဖြင့် လွှားခနဲ သော သတ္တဝါကြီး နီး၍နီး၍ လာချေပြီ။

ကျွဲကြီးအားလုံး တရှူးရှူး နှာမှုတ်လျက် ဦးချိုများကိုလှုပ်ယမ်းမိကြ၏။ သို့သော် အများနောက်သို့ လိုက်နေသော တစ်ကောင်တည်းသော သတ္တဝါကြီးက မိမိတို့ရှေ့မှပင် ဆတ်ဖားများနောက် လိုက်လံရင်း ဝေးရာသို့ ရောက်ရှိသွားလေပြီ။

အမှတ်မထင် စုရုံးမိသွားသည့် ကျွဲအုပ်ကြီးသည် တောင့်တင်းသွားသော ခန္ဓာကိုယ်အကြောများ ပုံမှန်ပြေလျော့သွားခြင်းနှင့်အတူ တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ကြည့်မိကြ၏။

အမှတ်မထင်စွာပင် ကာလကြာမြင့်စွာ ရွံ့ကြောက်ခဲ့ရသော သားရဲမျိုးကောင်ကြီးကို ရင်ဆိုင်ရန် ရင်ပေါင်တန်းမိခဲ့ကြချေပြီကော။

စင်စစ် ကျွဲဖြူပေါက်ကလေးကို ကာကွယ်နိုင်ရန်အတွက် ဖြစ်သည်။ ဤကဲ့သို့သော ရဲရင့်ခြင်းများ၊ ညီညွတ်ခြင်းများ မိမိတို့ထံတွင် ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီ။

နှစ်နှစ်ဆယ်နီးပါး ၎င်းသားရဲကြီးများကို ရွံ့ခဲ့ရ၏။ ကြောက်ခဲ့ရ၏။

သားရဲကြီးများအနံ့ရလျှင်ပင် ကိုယ်ရေလှုပ်၍ ခြေလက်တို့တုန်ခဲ့ရသည်။ ထို့ပြင် ဆာလောင်နေသော
သားရဲကြီးများ အလိုက်အခိုက်ကြုံကြရလျှင် “ကိုယ်မချိ အမိသော်လည်း သားတော်ခဲ”၊ “ကမ္ဘာမီးလောင် သားကောင်ချနင်း”ဆိုသလို အသက်ရှင်သန်ရေးအတွက် ရုန်းကန်ထွက်ပြေးကြရသည်မှာ ကမ္ဘာပျက်လုတမျှ။

ယခုတော့မူ ကျွဲဖြူကလေး၏မိခင် မိမဲတူကစလိုက်သော ရဲရင့်ညီညွတ်ခြင်း။

စင်စစ် ကျွဲဖြူကလေး၏ ဘုန်းတန်ခိုးပင်လော။

သေချာပြီ။ ဤကျွဲဖြူပေါက်ကလေးသည် ဘရာပနာတို့၏ စစ်မှန်သော အရှင်။ ဘရာပနာကျွဲအပေါင်းတို့၏ သူရဲကောင်း။ ဘရာပနာတို့၏အနာဂတ် မျှော်လင့်ချက်။

အရွယ်မရောက်သေးသော အရှင်သူရဲကောင်းကိုစောင့်ရှောက်ရန်အတွက် ဘရာပနာကျွဲအားလုံးတွင် တာဝန်ရှိချေပြီ။

(၃)

ရုပ်ဆိုး။ အမှန်တကယ်ပင် ရုပ်ဆိုးလေ၏။

သူ့နှာတံအထက် မျက်လုံးအစုံဇောက်ရှိ အရွတ်ကြောင်းကြီးသုံးကြောင်းကြောင့်ပင် သူ့ရုပ်က တစ်မူဆိုးနေသည်။ ထို့ပြင် ထိပ်ခွင်ထက်က ထိုးထိုးထောင်ထောင်သော အမွေးကြမ်းကြမ်းကြီးတွေက လည်း အခြားကျွဲများနှင့်မတူ ပိုမိုထူးခြားစွာကြည့်ရဆိုးစေပြန်၏။

သည်တော့ အခြားကျွဲများက သူ့ကိုမခင်။ သူနှင့်ရွယ်တူ ကျွဲမတမ်းမတွေက သူ့ကိုအနားကပ်မခံဘဲ ခပ် ဝေးဝေးက ရှောင်ကြသည်။ အကျည်းတန်အရုပ်ဆိုး၍ အပယ်ခံရတဲ့အမျိုး။

ကိစ္စမရှိ။ ရုပ်ဆိုး နေတတ်သည်။ ကျေနပ်သည်။ သူလည်း မြက်စား၊ ကိုယ်လည်း မြက်စား။ မြက်စားတာချင်း အတူတူ ဘယ်ကျွဲက တစ်မူထူးသနည်း။ ကျွဲသည် ကျွဲသာဖြစ်၏။ မည်သည့် ကျွဲမှ ကျားမဖြစ်။ ကျားနှင့်တွေ့သော် ပြေးရ၏။ မပြေးနိုင်သော် ကျားစာဖြစ်မည်။

ရုပ်ဆိုးအတွက်မူ ကျားစာဖြစ်စရာအကြောင်းမရှိ။
ရုပ်ဆိုးခြေထောက်တွေက ကြံ့ခိုင်၏။ သန်မာ၏။ ပြီးတော့ မြန်ဆန်၏။ သည်တော့ ရုပ်ဆိုး မိမိကိုယ်ကို ယုံကြည်သည်။ ထို့ပြင် အရင်းတုတ်၍ ပြန့်ကားကော့ချွန်နေသော ချိုအစုံ ရှိသည်။ ဤချိုအစုံ တစ်ယမ်းတစ်ခတ်ဖြင့်ပင် ရုပ်ဆိုးကို ဗိုလ်လုလာသော ရွယ်တူကျွဲပေါက်တချို့ ဖင်ထိုင်ကျခဲ့ရဖူး သည်။ သည်တော့ သင်းတို့ကို ဂရုစိုက်နေစရာမလိုဟု ရုပ်ဆိုး ယူဆထား၏။

“ဖြောင်း … ခွမ်း … ခွပ်”

“ညွဲ … ရှူး … ရှရှူး”

ကြားလိုက်ရသည့် အသံတွေကြောင့် စားမြုံ့ပြန်ရင်း တွေးနေရာက နောက်လှည့်ကြည့်လိုက်၏။

ချိုကောက်နှင့် ချိုလိမ်တို့ ကျွဲနှစ်ကောင်။ အမြီးများကော့ထောင်နေလောက်အောင်ပင် တစ်ကောင် နှင့်တစ်ကောင် ထိပ်ခွင်ချင်းတိုက်၍ တွန်းနေကြ၏။ ဦးခေါင်းများ ငိုက်စိုက်အနေအထားမှ ချိုဖြင့်ခတ် ရန် ကြိုးစားနေကြသည်။ နီသော မျက်လုံးများနှင့်အတူ တရှူးရှူးသော နှာမှုတ်သံများပင် ကြားနေရသည်။

မိုက်ပါဘိ နှစ်ကောင်။ အချင်းချင်း မာန်စောင်ပြီး နိုင်အောင်တိုက်နေကြပြန်ပြီ။ မတည့်အတူနေဆိုတာ ဒါမျိုးများလား။ အချင်းချင်း ချိုကြွ မာန်တပြပြ။ အင်း … သားရဲတို့ အသံကြားလျှင်မူ သွေးဆူဖို့ဝေးစွ၊ ကြောက်သေးပင် ထွက်ကျမည့်နှစ်ကောင်။

ရုပ်ဆိုး စိတ်ပျက်စွာ လှမ်းထွက်ခဲ့သည်။ အေးမြစွတ် စိုသောသောင်ပြင်ကို ဖြတ်၍ ချောင်းအစပ်သို့ ရောက်၏။

“ညွဲ”

နောက်မှအသံကြား၍ လှည့်ကြည့်မိလေသည်။

ဟင် … ချစ်စရာ မျက်လုံးလေးတွေနဲ့ ကျွဲဖြူကလေး။ ထိပ်ခွင်ပြန့်ပြန့်ကျယ်ကျယ်လေးဖြင့် ကြည့်ကောင်းလှသည်။ ကျောကုန်းစပ်ထိပ်က ဘို့ရာလှုပ်လှုပ်ကလေးကပင် ကြီးလာလျှင် ဘို့ကြီးကြီးနှင့် ဖွံ့ထွားတုတ်ခိုင်သော ကျွဲပေါက်ကြီးတစ်ကောင်၏ ရှေ့ပြေးလက္ခဏာမှန်း သိစေပြန်၏။

တွေကြည့်နေမိသော ရုပ်ဆိုးကို ကျွဲကလေးက ‘ညွဲ’ခနဲ အသံတစ်ချက်ပြုကာ သူ့ကိုကွင်း၍ ရေစပ်သို့ လှမ်းသွားလေသည်။

ရုပ်ဆိုးသည် မလှုပ်မယှက် ရပ်လျက်က အတော်လှမ်းလှမ်းရှိ ကျွဲအုပ်ကြီးထံ ကြည့်မိပြန်၏။ အကောင်တစ်ရာမကသော ကျွဲအုပ်ကြီးသည် စိမ်းစိုနုထွားသော မြက်တို့ကို တမက်တမော စားနေကြ၏။

အင်း … အစာနှင့် တွေ့သောအခါ ကျွဲဖြူလေးကို မေ့နေကြချေတကား။ ရုပ်ဆိုးသည် လည်ကို ပြန်လှည့်၍ ချောင်းစပ်သို့ ဦးတည်လိုက်၏။

ဟင် …။

ရင်၌ ထိတ်ခနဲ ဖြစ်သွားခြင်းနှင့်အတူ ရေစပ်သို့ ပြေးသွားလိုက်၏။ ကျွဲဖြူလေးရှေ့မှ ဖြတ်၍ တစ်ရှိန် ထိုး ရေထဲသို့ ဆင်းပြေးလိုက်သည်။ ဒူးဆစ်ခန့် အမြုပ်တွင် ခြေအစုံကို တန့်ခနဲရပ်ပြီး ဦးကင်းစိုက်၍ ချိုအစုံကို လွှဲကာ ခါယမ်းထုတ်ပစ်လိုက်သည်။

“ဗွမ်း … ဗွမ်း … ဝုန်း … ဝုန်း … ဝုန်း”

“တဗွမ်းဗွမ်း … တဝုန်းဝုန်း” အသံများနှင့်အတူ ရေမှုန်ရေမွှားတို့ တဖွားဖွား လွင့်စဉ်ပျံ့လွင့်ကာ ရေစပ်တစ်ဝိုက် ရွှံ့ညွန်အနယ်အနှစ်တို့သည် နောက်ညစ်သွား၏။ အာခေါင်ရဲရဲ၊ အစွယ်တဖွေးဖွေး မိချောင်း ကြီးတစ်ကောင်သည် ဘယ်ပြန် ညာပြန် တရစပ် ခါယမ်းလိုက်သော ရုပ်ဆိုး၏ ချိုအစုံဒဏ်ကို မခံနိုင် ၍ နောက်ဆုတ်ပြေးသွားလေ၏။

မိကျောင်း၏ရန်က စိတ်ချရပြီဖြစ်၍ ရုပ်ဆိုး ကမ်းပေါ်ပြန်တက်ခဲ့၏။

ကျွဲဖြူလေးက ရေစပ်နှင့် မလှမ်းမကမ်းမှ ရုပ်ဆိုးကိုကြည့်နေ၏။ ရုပ်ဆိုးက ကျွဲဖြူလေးထံ တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းသည်။ အနားရောက်လာသော ရုပ်ဆိုး၏ လည်တိုင်ကို ကျွဲဖြူလေးက လျှာနုနုလေးဖြင့် လျက်ပေးနေလေသည်။

ကျွဲအုပ်ကြီးကမူ ဟိုး ခပ်ဝေးဝေး မြက်ခင်းပြင်မှာ။

(၄)

ဗီဇသဘာဝဖြင့် မိမိအမျိုးများဖြစ်သော ကျွဲကြီးရွယ်အိုတို့၏ ဆန္ဒကို ရုပ်ဆိုးသိသည်။ သူတို့အားလုံး၏ တစ်ခုတည်းသော ဆန္ဒက အနာဂတ်ခေါင်းဆောင်ကလေးကို ကာကွယ်လိုခြင်းပင်။ သူတို့ ၏အရှင်သခင်လောင်းလျာ ကျွဲဖြူကလေးကို အပွန်းအပဲ့၊ အထိအခိုက် တစ်စုံတစ်ရာမျှ မဖြစ်စေလို သော စိတ်စေတနာ။ အမျိုးအတွက် မျှော်လင့်ချက်။ ဒါကို ရုပ်ဆိုးသိ၏။

သိသော်ငြားလည်း ထိုကျွဲကြီးတို့သည် လိုတာထက်ပိုသည်ဟု ရုပ်ဆိုးထင်၏။

ဟုတ်သည်။ ကျွဲဖြူကလေးနှင့်ပတ်သက်လျှင် သူတို့သည် အကဲပို၏။ သားရဲကောင်ကြီးများ အနံ့ရလျှင်ပင် ကျွဲဖြူကလေးကို ကျွဲအုပ်ကြီး၏ အန္တရာယ်အကင်းဆုံးဖြစ်ရာ အတွင်းပိုင်းအကျဆုံးအထိ ဆွဲသွင်းထားကြ၏။ ကျွဲဖြူကလေးကို အထပ်ထပ် အရံရံဖြင့် ကာကွယ်ထားသည့် သဘော။

ကံမကောင်းစွာ ကျွဲအုပ်ရှိရာသို့ သားရဲတစ်ကောင်ကောင် ရောက်ရှိ ချောင်းမြောင်းလာလျှင်လည်း ကျွဲဖြူကလေးကို အထပ်ထပ် ဝိုင်းရံထားပြီး လုံးကြီးအားသန်သော ကျွဲပေါက်ထီးတို့က တညီတညွတ်တည်း ပြန်လည်တိုက်ခိုက်ကြ၏။ ယခင်တုန်းကလို တရွံ့ရွံ့၊ တဆုတ်ဆုတ်ဖြင့် တစ်ကောင်အဆွဲ ခံပေးလိုက်ရသည့်နှယ် မဟုတ်တော့။

ရှိစေ။ ညီညွတ်ခြင်းဖြင့် ရန်သူကိုအနိုင်ယူနိုင်သောကြောင့် ရုပ်ဆိုး ကျေနပ်သည်။

ကျွဲဖြူကလေးကို အကြောင်းပြု၍ ရဲရင့်လာသော ကျွဲပေါက်ထီးတို့အတွက် ရုပ်ဆိုး ဂုဏ်ယူသည်။ ရန်သူကို ရန်သူလို သဘောထား၊ ငုံ့မခံ တုံ့ပြန်တတ် သော အာဂစိတ်တို့အတွက် ရုပ်ဆိုးအားရ​၏။

သို့သော် အမျိုးတူကျွဲအချင်းချင်း အကဲလွန်ခြင်းကိုမူ ရုပ်ဆိုး အလိုမကျဖြစ်ရ၏။

အရွယ်ရောက်လာသော ကျွဲဖြူကလေးက အခြား ကျွဲများနှင့် ပြေးလွှားထိပ်တိုက် အားစမ်းကစားနေလျှင် အခြားကျွဲကြီးများက အရိပ်တကြည့်ကြည့် ဖြင့်။ အကယ်၍ ပြေးရင်း၊ တိုက်ရင်း၊ တွန်းရင်း ကျွဲဖြူကလေး ခြေခေါက်၊ ယိမ်းယိုင်၊ ပြိုလုလု ဖြစ်ရုံ နှင့်ပင် ကျွဲဖြူကလေး၏ ကစားဖော် ကျွဲကလေးတို့မှာ ကျွဲကြီးတို့၏ ချိုဖျားခတ် ခံကြရရှာ၏။

ပြီးတော့ ရုပ်ဆိုးနှင့် ပတ်သက်၍ သူတို့ စောင့်ကြည့်နေကြသည်။ ရုပ်ဆိုးသည်လည်း အခြားကျွဲများ ကဲ့သို့ ကျွဲဖြူကလေးကို ချစ်သည်။ ချစ်စရာကောင်းသောကျွဲကလေးမို့ ချစ်သည်မှာ မဆန်း။

သို့သော် စောစောကပြောခဲ့သလိုပင်။ အကဲပို ကျွဲအိုတို့၏ မလိုလားအပ်သော အစွန်းရောက် အတ္တတွေက ဆန်းသည်။ ကျွဲအုပ်အစပ်ကနေ၍ ကျွဲဖြူ ကလေးရှိရာသို့ လှမ်းမျှော်ကြည့်မိတတ်သော ရုပ်ဆိုးကို သူတို့က ရန်လိုချင်ကြသေး၏။

အင်း … အကယ်၍များ ကျွဲကလေးအနား သွား၍ လည်လျက်၊ ကုပ်လျက်များ ရုပ်ဆိုး လုပ်မိပါက လည်မျိုထုတ်ချင်းပေါက် အခတ်ခံရချေလေမည်လားမသိဟု ရုပ်ဆိုး တွေးမိ၏။

ရှိစေ။ “သူတို့ မကြိုက်တော့လဲ မကပ်ဘဲနေရုံပေါ့” ဟု ရုပ်ဆိုးက မိမိကိုယ်ကို ဖြေလျှော့နှစ်သိမ့်နေလိုက်၏။

နေတတ်လျှင် ကျေနပ်စရာမဟုတ်လော။

(၅)

“ခွမ်း … ခွပ် … ဖြောင်း … ခွပ်”

“ညွဲ … ဒုတ် … … ဖြောင်း”

“ညွဲ … အွမ်း”

ပြိုင်ဘက်ဖြစ်သော ကျွဲပေါက်ထီးတစ်ကောင် ပြိုယိုင်သွားလေသည်။ နောက်ထပ်ပြေးဝင်လာသော တစ်ကောင်ကိုလည်း ထိပ်ခွင်ခံ၍ ဆောင့်တွန်းလိုက်၏။ ပြေးဝင်လာသော ကျွဲပျိုသည်လည်း ဘေးသို့ လည်ပင်း လည်ထွက်သွား၏။

သန်လိုက် မာလိုက်သော ကျွဲဖြူကလေး။ မြန်လိုက်သည်မှာလည်း လွန်လွန်း၏။ အားရဖွယ်ကောင်းစွ။ ရွယ်တူနှစ်ကောင် ယောင်ယောင် ယောင်ယောင်ဖြင့် နောက်သို့ဆုတ်သွားကြသည်။

အင်း . . . သင်းကလေးက အရွယ်နှင့် မမျှအောင်ပင် သန်စွမ်းလျင်မြန်နေချေပြီကော။ ကစားဖော် ကျွဲများမှာ ကျွဲဖြူကလေးကို စိုးရွံ့နေကြလေပြီ။

ဟုတ်တော့လည်း ဟုတ်သည်။ အခြားရွယ်တူ ကျွဲများထက် ကျွဲဖြူကလေး၏ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတို့က ထွားကျိုင်းဝင့်ကြွားလွန်းသည့်အပြင် ချိုအစုံကလည်း ကျွဲပျိုကြီးတစ်ကောင်အလား ကြွားကြွားထွားထွား ကော့ပျံလျက်ရှိနေပြီ။

စင်စစ် ကျွဲဖြူကလေး မဟုတ်တော့။ ကျွဲပေါက်ထီးကြီး ဖြစ်နေချေပြီကော။ အဖော်မဲ့သွားသော ကျွဲပေါက်ထီးကလေးက ဟိုဟိုသည်သည် ကြည့်နေရှာ၏။ ကစားဖော်ရှာနေခြင်း ဖြစ်မည်။

ကျွဲအုပ်ကြီးနှင့် မလှမ်းမကမ်းတွင် စားမြုံ့မြုံ့လျက် သူ့ကို ကြည့်နေသည့် ရုပ်ဆိုး၏ မျက်ဝန်းတို့နှင့် ဆုံသည်။ မမှိတ်မသုန်ဖြင့် အတန်ကြာ စိုက်ကြည့်နေ သော ကျွဲပေါက်ထီးကလေးက တရွေ့ရွေ့ဖြင့် ရုပ်ဆိုးရှိရာ လှမ်းလာနေချေသည်။

မကြာပါ။ ရုပ်ဆိုးအနားသို့ ရောက်၏။ ရုပ်ဆိုးမျက်နှာကို စိုက်စိုက်စူးစူးကြည့်နေရင်းက ခွာကိုယက်၍ အသံပေး၏။

“ညွမ်း … အွဲ့”

ရုပ်ဆိုးသဘောကျသွား၏။ ။ ကျွဲတို့၏သဘာဝဖြင့် ကျွဲပေါက်ထီးကလေးက သူနှင့်ကစားပါဟု တောင်းဆိုနေခြင်းဖြစ်ကြောင်း ရုပ်ဆိုး သိသည်။

နုနယ်သော မျက်လုံး မျက်ဖန်နှင့် ဆိုသော်ငြား “ငါနှင့်ပင် ဒေါင်တူမောင်းတူ ဖြစ်တော့မှာပါလား” ဟု ကျေနပ်အားရစွာ တွေးလိုက်မိရင်း “အွမ်း”ဟု ရုပ်ဆိုး အသံပြန်ပြုလိုက်၏။

ထိုအခါ ချက်ချင်းပင် ကျွဲပေါက်ထီးကလေးက နောက်သို့ ဆုတ်လိုက်၏။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်းမြောက်တွင် ခေါင်းကို ဝပ်စင်းပြီး ဦးချိုခင်း၏။ ခတ်
မယောင်ဟန်ပြု၍ ရှေ့သို့ ဝုန်းခနဲ ပြေးဆောင့်၏။

ရုပ်ဆိုးက မရှောင် မဆုတ်ဘဲ ထိပ်ခွင်ဖြင့် ပြန်ခံပေး လိုက်သည်။

“ဒုတ် . . . ခွပ် . . . ခွမ်း”

ချိုရိုက်သံတို့က တခွပ်ခွပ်၊ တခွမ်းခွမ်း။

ကျွဲပေါက်ထီးကလေး၏ တရှူးရှူး နှာမှုတ်သံတို့နှင့်အတူ ချိုချင်းချိတ်မိသွား၏။ လည်ထွက်ပါသွားသောခေါင်းကိုတောင့်၍ ပြန်လိမ်ဆွဲလိုက်သည်။

ရုပ်ဆိုး ထင်ထားသလို ကျွဲပေါက်ထီးကလေး၏ ခေါင်းက ပါမလာချေ။ အင်း . . . အတော်သန်သည့်ကောင်ကလေး။

ထိုစဉ် –

“ဒုန်း”

နံစောင်းသို့ ပြင်းထန်သော အရှိန်ဖြင့် ဝင်ဆောင့်ခြင်းကို ခံလိုက်ရသည်။ အောင့်ခနဲ နာကျင်သွားရခြင်းနှင့်အတူ ရုပ်ဆိုး ဘေးသို့ ယိုင်သွားရ၏။ ယိုင်သွားသောကိုယ်ကို ထိန်းရင်း ရုပ်ဆိုး ကြည့်လိုက်သည်။

ခေါင်ကျွဲကြီး ဘိုးနက်ပြောင်။ သူ၏ နောက်တွင်လည်း လေး၊ ငါး ကောင်သော ကျွဲသက်ရှည်များက
တရှူးရှူး နှာမှုတ်သံများဖြင့် ရင်ပေါင်တန်းလျက် ရုပ်ဆိုးကို စိုက်ကြည့်နေကြလေ၏။

(၆)

ဤခရီးကို ချီတက်လာကြသည်မှာ နှစ်ညအိပ် သုံးရက်ရှိခဲ့ပြီ။ “သေလာဝန”ချောင်းကျဉ်းကို ဆန်၍ ခရီးပြင်းကြီးကို လေးလေးမှန်မှန် ချီတက်နေသော ရာချီသည့်ကျွဲအုပ်ကြီး။ အနောက်စပ်သို့ စောင်းလုလု နေ၏ မမှိန်သေးသော အရောင်အောက်တွင် မည်းမည်းပြောင်ပြောင် တလှုပ်လှုပ်၊ တရွရွဖြင့်။

စင်စစ် ရေကြည်ရာရွက်နုရာ ရှာဖွေပြောင်းရွှေ့နေကြရခြင်းမဟုတ်။ ရည်ရွယ်ချက်တစ်ခုဖြင့် ချီတက်နေ
ကြခြင်းဖြစ်၏။

ဟုတ်သည်။ ရည်ရွယ်ချက် ရှိသည်။

အရွယ်ရောက်လာသော ဘရာပနာကျွဲပေါက်ဖြူလေး ချိုသွေးရန် အချိန်ကျရောက်ပြီ ဖြစ်သည့်အတွက် ကျောက်စွယ်ကျောက်ချပ်ပေါများရာ “သေလာဝန”ချောင်းဖျားသို့ ရုံးစုချီတက်နေကြခြင်းဖြစ်သည်။

ဟိုစဉ်က ခေါင်းဆောင်ဟောင်း ကျွဲဖြူကြီးသည်လည်း ဤချောင်းဖျား၌ ချိုသွေးခဲ့ဖူးသည်လေ။ ကံအားလျော်စွာ နှစ်ညအိပ် ခရီးတစ်လျှောက် သားစားကြူးတို့နှင့် ရင်ဆိုင်တွေ့ဆုံခြင်း မရှိခဲ့ချေ။ ဤခရီးကို သက်ကြီးကျွဲအိုတို့က ဦးဆောင်၏။

“ညွမ်း … အွမ်း … အွဲ့ … အွဲ့”

တောင်စပ် ရေသဖန်းအုပ်သို့အရောက် ကျွဲကြီးဘိုးနက်ပြောင်၏ ဆွဲငင်အော်လိုက်သော အသံ။ ဤနေရာ၌ ရပ်နားစခန်းချမည် ဆိုသည့်သဘော။

ထိုစဉ် –

“ဝေါင်း … ဂူး … ရူး”

ကြောက်မက်ဖွယ်အသံကြီး ပေါ်ထွက်လာခြင်းနှင့်အတူ ကျွဲအားလုံးတို့ ရုန်းရင်းဆန်ခတ် ဖြစ်သွားရ၏။ တောစပ်ဘက်ရှိ ကျွဲကြီးသုံးကောင် ဝိုင်းရံထားသည့် ကျွဲပေါက်ဖြူရှိရာသို့ ကျွဲအိုကြီးတို့ ပြေးလွှားရောက်ရှိလာကြ၏။

ထို့နောက် ကျွဲပေါက်ဖြူလေးကို ကျွဲအုပ်အတွင်းပို့ကာ အသံလာရာသို့ ရင်ပေါင်တန်းပြီး မျှော်ကြည့်လိုက်ကြ၏။

ကျွဲအိုကြီးတို့ တရှူးရှူး နှာမှုတ်နေစဉ်မှာပင် တောစပ် ရေသဖန်းပင်ပေါ်မှ ထင်မှတ်မထားစွာ လွှားခနဲ ခုန်ဆင်းလာသော သားရဲကြီးတစ်ကောင်။

ကျားသစ်ထီးကြီး ဖြစ်၏။

ကျွဲအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။ အချို့က နောက်သို့ တဆုတ်ဆုတ်။ ကျွဲမတမ်း ငယ်တချို့မှာ ကြောက်လွန်းသဖြင့် ဆီးများ ထွက်ကျကြသည်။

ကျဉ်းမြောင်းသော တောင်ကြားနေရာဖြစ်၍ မည်သို့မျှ ရှောင်မရတော့။ ဧကန် မုချ တစ်ကောင် အဆွဲခံရချေတော့မည်။ ထိုတစ်ကောင်သည် ကျွဲပေါက်ဖြူမဖြစ်ဖို့ အရေးကြီး၏။

“ဟမ်း . . . ဂရူး”

ကျားသစ်ကြီးက အစွယ်ဖြဲ၍ ရှေ့တက်လာချေပြီ။ ကျွဲတို့သည် တုန်လှုပ်သောကိုယ်ဖြင့် နောက်သို့ ဆုတ်၍ဆုတ်၍ သွားသလို ကျားသစ်ကြီးကလည်း ရှေ့သို့ တိုး၍ တိုး၍ လာသည်။

ဤ သေလာဝနတောကြီးကျားသစ်တွေက မြစ်အောက်လွင်ပြင် ကျားသစ်တွေထက် ကိုယ်လုံးကိုယ်ဖန်ကြီးကာ ပိုမိုကြောက်စရာကောင်းသည်။ မတ်စောက် ပြောင်ချောသော သစ်ပင်များကိုပင် ဖက်တွယ်တက်နိုင်စွမ်း ရှိ၏။ ၎င်းတို့၏အစွယ်ဖြင့် ငုံခဲ့မိပါက ပြန်လည်လွှတ်ပေးရိုး မရှိ။

ဆုတ်ရင်း ဆုတ်ရင်းက ကျွဲအချင်းချင်း ကျပ်ညပ်သွားချေပြီ။ နောက်ထပ်ဆုတ်၍ မရတော့။

ကျွဲ အပေါင်းတို့၏ မျက်နှာများတွင် ကြောက်ရွံ့ခြင်းအရိပ်တို့ ထင်ရှားလာချေပြီ။ မည်သူအဆွဲခံရမည် နည်း။ သူလော … ကိုယ်လော။

ကျားသစ်ကြီးကမူ ခြေညွတ်၊ ကိုယ်ဝပ်လျက် တရွေ့ရွေ့ ချဉ်းကပ်လာနေဆဲ။

ကျပ်ညပ်နေသော ကျွဲအုပ်၏ ညာဘက်အစွန်ရှေ့၌ ရုပ်ဆိုး။ ဘယ်ဘက်ခပ်လှမ်းလှမ်းမှ မြင်ကွင်းကို တွေဝေစွာ ငေးကြည့်နေမိသည်။

ကျားသစ်ကြီး၏ တစ်ခုန်တစ်လှမ်းစာမှာ ကျွဲအိုကြီးများက သိမ်ငယ်စိုးရွံ့သော မျက်နှာများဖြင့်။

စင်စစ် ကျွဲပေါက်ဖြူကလေးကို အစဉ် စောင့်ရှောက်ပေးခဲ့ကြသူများသာ တကား။ ယခုလည်း ကျွဲပေါက်ဖြူလေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် အသက်ကိုပင် ပေးဆပ်စွန့်လွှတ်ကြရပေဦးမည်။

ကျွဲတစ်ကောင်ကို စောင့်ရှောက်ကာကွယ်မည့် ကျွဲများ။ သူတို့ကိုမူ မည်သူက ကာကွယ်မည်နည်း။

စင်စစ် ကျားသနားမှ ကျွဲ ချမ်းသာရာရမည့်ကိန်း ဆိုက်နေချေပြီကော။ ရင်၌ သွေးတို့ ဆူဝေလာ၏။ တစ်ကိုယ်လုံးရှိ အကြောအခြင်တို့ တင်းရိသွားရသည်။

ဘရာပနာကျွဲတစ်ကောင်၏ မျက်လုံးတို့ ရဲနီလာရ၏။ မိမိကိုယ်ကို သတိမပြုမိနိုင်စွာပင် ရုပ်ဆိုး၏ ခန္ဓာကိုယ်ကြီး ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွား လေ၏။

သို့သော် …

ဆတ်ခနဲဆိုသလိုပင် အမှတ်မထင် ပြေးဝင်လာသောရုပ်ဆိုး၏ ဦးကင်းထိပ်ခွင်သို့ ကျားသစ်ကြီးက ခုန်အုပ်လိုက်၏။ ရုပ်ဆိုး၏ လည်ကုပ်ကို ချွန်မြသောအစွယ်တို့ဖြင့် ငုံခဲမိသွား၏။

စူးရှသော လက်သည်းတွေက ရုပ်ဆိုး၏ နားအုံနှစ်ဖက်ကို မြဲမြံစွာ တွယ်ဆုပ်ကုတ်ခြစ်ထားချေပြီ။ သွေးတို့ ရဲရဲနီ ယိုစီးကျလျက်။

ကျားသစ်ကြီး၏ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် ရုပ်ဆိုး၏ဦးခေါင်းညွတ်ကျသွားရ၏။ ဖင်ထိုင် ကျတော့မတတ် လဲလုလု။

မဖြစ် … လဲသွား၍မဖြစ်။

လဲသွားလျှင် …လဲသွားလျှင် … လဲသွားလျှင် သင်းအစာဖြစ်ချေပြီ။

ညွတ်လုလု နောက်ခြေအစုံကို အတင်းတောင့်ခံပြီး ရှေ့သို့ထိပ်ခွင်ဖြင့် ဆောင့်၍ ဆောင့်၍ တိုက်ချလိုက်သည်။

ရန်သူကျားသစ်ကြီး၏ ခန္ဓာကိုယ်မှာ မြောက်တက် မြောက်တက်သွား၏။

လည်ကုပ်ကို ငုံခဲထားသော အစွယ်၏ရန်မှ လွတ်သွားရသည်။ တစ်ဆက်တည်း လျှောကျသွားသော ရန်သူကို ဘယ်ပြန် ညာပြန် ဆက်ကာ ဆက်ကာ ခတ်ထုတ်၍ ခါယမ်းပစ်လိုက်၏။

ရုပ်ဆိုးရှေ့တွင်ပင် ကျားသစ်ကြီးမှာ မြေကြီးပေါ်အရုပ်ကြိုးပြတ် ကျလာသည်။ သို့သော် မာန်ကြီး သော သားရဲပီပီ လွယ်လွယ်နှင့် အညံ့မခံ။ လက်နှစ်ဖက်ကို အားပြုကာ ခေါင်းထောင်ထလာပြန်ချေ ၏။

ထိုခဏ၌ –

“အွမ်း … ရှူး”

“ဒုန်း … ဒုတ် … ဖုန်း … ဖုန်း”

ဘယ်အချိန်က ကျွဲအုပ်ထဲမှ တိုးထွက်ခဲ့မှန်းမသိသော ကျွဲဖြူကလေးက ပြင်းထန်သောအရှိန်ဖြင့် ကျားသစ်ကြီး၏ နံစောင်းကို ပြေးဆောင့်၏။

ထို့နောက် မာန်တက်စ ချိုအစုံဖြင့် ဝင့်ကာ ဝင့်ကာ လွှဲ၍ လွှဲ၍ ခတ်ထုတ်ပစ်လိုက်လေတော့​၏။

တိုက်ပွဲပြီးလေပြီ။ သွေးအိုင်ထဲက ကျားသစ်ကြီး မြေပေါ်တွင် အသက်ကင်းမဲ့နေချေလေပြီ။

ခပ်လှမ်းလှမ်းတွင် ဘရာပနာကျွဲအုပ်ကြီး။ ကျွဲအုပ်ကြီးရှေ့တွင် ခြေအစုံရပ်လျက် ရုပ်ဆိုး ခေါင်းတခါခါ လည်တယမ်းယမ်းဖြစ်နေသည်။

နာကျင်မှုကြောင့် ထင်သည်။ ရုပ်ဆိုး၏အနားသို့ ကျွဲပေါက်ဖြူကလေး လာရပ်သည်။ ရုပ်ဆိုး၏ လည်တိုင်ကို သူ၏နှာနုဖြင့် တို့ထိနမ်း၏။

ထို့နောက် သွေးများစီးကျနေသော လည်ကုပ်မှ ဒဏ်ရာကို လျှာဖြင့်လျက်ပေးနေ၏။

ထိုစဉ် ရုပ်ဆိုး၏ မျက်နှာရှေ့သို့ ခေါင်ကျွဲကြီးဘိုးနက်ပြောင် ရောက်လာပြန်၏။ ဘိုးနက်ပြောင်က ရုပ်ဆိုး၏ နှာတံကို သူ၏နှာတံဖြင့် တို့ထိနမ်းပြန်သည်။ ပြီးတော့ ရုပ်ဆိုး၏ နားအုံတစ်ဖက်ရှိ သွေးတို့ စွန်းပေနေသော ဒဏ်ရာကို လျှာဖြင့်လျက်ပေး ပြန်၏။

ထိုခဏ၌ သူတို့၏ပတ်ပတ်လည်သို့ ဘရာပနာကျွဲများ တစ်ကောင်ပြီးတစ်ကောင် ဝိုင်းအုံရောက်ရှိလာကြလေသည်။

ထိုစဉ် အနောက်ဘက် တောတန်းအစပ်မှ ငြိမ်သက်စွာ ချောင်းမြောင်းကြည့်ရှုနေသော ကျားသစ် မကြီးတစ်ကောင်သည် နောက်သို့ ဆုတ်၍ ဆုတ်၍ တောထဲဝင်ပြေး ပျောက်ကွယ်သွားချေ၏။

Leave a Reply

Your email address will not be published. Required fields are marked *