July 30, 2025
Uncategorized

သွေးစည်းချိန်

တွင်းကြီးဝမ်းမောင်
သွေးစည်းချိန်

(၁)

“ဒီအဖြစ်အပျက် ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကပေါ့။ အဲဒီအချိန်တုန်းက ဗိုလ်ကြီးရော ကျွန်တော်ပါ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တွေ၊ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပဲ စွန့်ရစွန့်ရ စွန့်ဖို့ ဝန်မလေးဖူးဆိုတဲ့ ခံယူချက်နဲ့ လုပ်ခဲ့ ကိုင်ခဲ့ကြသူတွေ။

အဲဒီထဲမှာ ဗိုလ်ကြီးလည်းပါတယ်။ တပ်ကြပ်ကြီး သာကျော်နဲ့ ကျွန်တော်လည်း ပါတယ်။

ဒီအဖြစ်အပျက်ကို ဗိုလ်ကြီးက ဘာကြောင့်မပြောသလဲဆိုတော့ လက်တွေ့ပါ၊ သူ သက်သေမရှိဘဲပြောရင် ယုံချင်မှ ယုံမှာပေါ့ကွ၊ ဒါကြောင့် ငါမပြောတာတဲ့။
အများက မေးလာတော့ ကျွန်တော်ပြောတာပေါ့။
လမ်းကထဲက မောင်ရွှေနဲ့ မောင်တောက မေးပါတယ် ရဲဘော်စံသာအောင်ပါလို့ ပြောကထဲက စိတ်ဝင်စားကြ၊ လေးစားရိုသေမှု ပိုလာတာတွေ့ရတော့ ဗိုလ်ကြီးက ကျွန်တော့်အကြောင်း တိုက်ဆိုင်ရင်ပြောခဲ့မှာပဲလို့ ရိပ်မိခဲ့ပါပြီ။

ဟိုလွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကပေါ့ …”

ရဲဘော်စံသာအောင်၏အသံက ဖြေးဖြေးမှန်မှန် ရခိုင်အသံခပ်ဝဲဝဲ။

ညသည် ရွှန်းမြမြသာနေသော ငွေလရောင်အောက်တွင် လှလှပပ။

တောင်တလုံးကျော်ခန့်ဆီမှ ကျားဟိန်းသံက ကျယ်ကျယ်လောင်လောင်။

ဆတ်တစ်သံ၊ ချေ(ဂျီ)ဟောက်သံက ညယံကို ထိုးဖောက်လာသည်။ အေးမြသော လေနုအေး၌ တောပန်းတောင်ပန်းရနံ့များ တဝေဝေ။ လရောင် ရွှန်းပြက်သော မြစိမ်းရောင် သစ်ရွက်များက ညအလှကို ထပ်ဆင့်လှပစေပါ၏။

မုန်တိုင်းကျပြီး ပြန်လည်ငြိမ်သက်တတ်သည်မှာ သဘာဝပင်။ ထို့အတူ မုန်တိုင်း၏ဒဏ်ရာ ဒဏ်ချက် အပျက်အစီးများက သက်သေအဖြစ် ကြွင်းကျန်တတ်သည်မှာ ဓမ္မတာသဘောပင်။

(၂)

လွန်ခဲ့သော (၇) ရက်က ရှစ်အိမ်တန်းတဲစု၌ တောဆင်ရိုင်းဘေး မုန်တိုင်းကျခဲ့ရာ တဲငါးလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဗိုလ်ကြီးဟောင်းဖုန်းမော်သည် သူ့တဲပါ ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း သူတဲကို ဦးစွာမပြင်၊ အခြားလူ တဲလေးလုံး ပြင်ဆင်ပြီးမှ သူ့တဲကို ယနေ့နေ့ခင်းက ပြင်ဆင်သည်။

တဲပြင်ဆင်နေသူများကို မနက်စာ ထမင်းကျွေးရန် ပြင်ဆင်နေစဉ် ကျောက်တံတားရွာသို့ ကန်စွန်းဥလှည့်တစ်စီးစာ ညအိပ်သွားပို့သည်။

ငရွှေနှင့် ငတောတို့ လှည်းက ပြန်လာသည်။ ဗိုလ်ကြီးဖုန်းမော် တဲပြင်နေရာရှေ့၌ လှည်းကိုရပ်၊ ပစ္စည်းပစ္စယများကို ကူညီချပေးရင်း လှမ်းအော်သည်။

“ဗိုလ်ကြီးဖုန်းမော် ဧည့်သည်ပါပါတယ် ခင်ဗျ”

ဧည့်သည်က ဗိုလ်ကြီးဟောင်းဖုန်းမော်ဆီ မပြေးရုံ ခြေလှမ်းဖြင့် သွားသည်။ ရင်ဆိုင်တွေ့သောအခါ ခြေအစုံရပ် သတိဆွဲကာ အလေးပြုသည်။ ဗိုလ်ကြီးဟောင်းဖုန်းမော်ကလည်း ခြေစုံရပ် သတိဆွဲကာ ပြန်လည် အလေးပြုသည်။

“ဗိုလ်ကြီး ကျွန်တော် ရဲဘော်စံသာအောင်ပါ ခင်ဗျ”

“ရဲဘော်စံသာအောင် ဝမ်းသာလိုက်တာကွာ၊ ဝမ်းသာလိုက်တာ”

အလေးပြုပြီး နှစ်ဦးပွေ့ဖက်ကြ၊ နှုတ်ဆက်ကြ၊ ဘာကြောင့်ရယ် မသိ၊ မျက်ရည်စီးကြောင်းကြီးများ ကျသည်အထိ ခံစားဖြစ်ပေါ်ကြ၊ ငတော တို့ငရွှေတို့ အပါအဝင် ရှစ်အိမ်တန်း တဲစုဝင်များ နားမလည်နိုင်ကြ။

ရဲဘော် စံသာအောင်ဟူသော စကားစုက စံသာအောင်နှင့် ရှစ်အိမ်တန်းတဲစုသားများ ချက်ခြင်း ရင်းနှီးမှု ရရှိစေသည်။

အိန္ဒိယနယ်ဘက်အထိ ခြေကျင်တက်ခဲ့ကြသော သူတို့အကြောင်းကို ဗိုလ်ကြီးဟောင်းဖုန်းမော်က တိုက်ဆိုင်လျှင် ပြောတတ်သည်။

ညရောက်သောအခါ ဗိုလ်ကြီးဟောင်းဖုန်းမော်၏ ပြုပြင်ဆဲတဲရှေ့တွင် သစ်မြစ်ဆုံကြီးများကို မီးထည့်လှုံ၊ ကောက်ညှည်းကျည်တောက်၊ ဆတ်သားခြောက်ဖုတ်၊ ချေ(ဂျီ)သား အစိုကင်၊ ရေနွေးကြမ်းအိုးများနှင့် ရဲဘော်စံသာအောင်အား ဗိုလ်ကြီးဟောင်းဖုန်းမော်ပြောသောကိစ္စကို လူကြီး၊ လူလတ်၊ လူငယ်များက စိတ်ဝင်တစား မရမက မေးကြမြန်းကြသည်။

သံဃာအား ဘုရားမခံနိုင်။ မေးပါများ စကားရ၊ ရဲဘော်စံသာအောင်က ပြောပြရမလား ဗိုလ်ကြီးဟု အမိန့်တောင်းခံသည်။ သူ့ဗိုလ်ကြီးက ပြောလိုက်ပါကွာ၊ ဒီ လောက်သိချင်နေကြတာပဲ၊ ခပ်တိုတို ခပ်ကျဉ်းကျဉ်းပြောပေါ့ဟု ခွင့်ပြုရာ ရဲဘော်စံသာအောင်က မီးလှုံရင်း ရေနွေးကြမ်းသောက်ရင်း လွန်ခဲ့သော အနှစ်သုံးဆယ်လောက်က အဖြစ်အပျက်ကို ပြောပြသည်။

ငွေလရောင် ရွှန်းပြက်သော ည။

တောပန်း တောင်ပန်း မွှေးပျံ့သော ည။

ညကလည်း လှ၊ လကလည်း လှ၊ ပန်းကလည်း လှသော ည။

နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ရဲဘော်ရဲဘက်စိတ်၊ စိတ်အလှကို အတိတ်ပြ ဖော်ညွှန်း မော်ကွန်းကမ္ဗည်းတစ်ပရပ် နှလုံးသား၌ ရေးထိုးသူတို့ပွဲကို ပြသသော ည။

(၂)

တောသည် တော၏ သဘာဝနှင့် မကိုက်ညီ၍ ကျွန်တော် မသင်္ကာ။ တစ်စုံတစ်ခု ထူးခြားမှု ဖြစ်ခဲ့လေသလား၊ ထူးခြားမှုဖြစ်တော့မည့် ရှေ့ပြေး နိမိတ်လေလား ဝေခွဲမရသေးသည့်တိုင်း သဘာဝမကျသော ဖြစ်ရပ်ကြောင့် ကျွန်တော့်စိတ်၌ အတွေးစဖြာဖြာဝေဝေ။

ပေါ်လာသော အတွေးစမှ အချက်အလက်များကို စုစည်းသုံးသပ်လိုက်သောအခါ သည်အခြေအနေကို ကျွန်တော်တို့၏အဖွဲ့ဝင်များအား သတိပေးဖို့ လိုအပ်ကြောင်း အဖြေထွက်ပေါ်လာသည်မှာ ထင်ထင်ရှားရှားပင်။ ကျွန်တော်အပါအဝင် ကျွန်တော့်အဖွဲ့က ငါးဦးအဖွဲ့။

ရှေ့ဆုံးမှ ကျွန်တော်၊ ကျွန်တော်နောက်မှ ဒုတိယလူမှာ ဗိုလ်ကြီး ဖုန်းမော်၊ တတိယလူက တပ်ကြပ်ကြီးသာကျော်၊ စတုတ္ထလူနှင့် ပဉ္စမလူမှာ ကျွန်တော်ခေါ်လာသော ကျွန်တော့်ရွာသား ဒေသခံလမ်းပြ ကောင်းဇံလှနှင့် ကျော်စုံရွှီး။

ကျွန်တော်နှင့် ကိုဖုန်းမော်၊ ကိုသာကျော်တို့သည် ဘီအိုင်အေတပ်မှာ တစ်တပ်ထဲ တာဝန်အတူတူ ထမ်းဆောင်ခဲ့ကြဖူးသည်။ ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မှူးကျော်ဇော (နောင်တွင်တဂုဏ်ပြုစစ်ဆင်ရေး၌ နာမည်ကြီးခဲ့၍ ပြည်သူများ ချစ်ခင်လေးစားခြင်းကို ခံယူခဲ့ရသည့် အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ဇော) ၏ တပ်တွင် ကိုဖုန်းမော်က သခင်ကျောင်းသား တက္ကသိုလ်ပညာတတ်၊ လုပ်ရည်ကိုင်ရည်ပြည့်ဝ၍ ဗိုလ်ကြီးဖုန်းမော်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

ကိုသာကျော်က အင်္ဂလိပ်မြန်မာ ဆယ်တန်းအောင် တပ်ကြပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

ကျွန်တော် စံသာအောင်က ဘီအိုင်အေ တပ်သားအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

သည်တော့ ကိုဖုန်းမော်က ကျွန်တော့်အထက်အရာရှိ။ ကိုသာကျော်က ကျွန်တော့် အထက်မှ ဆရာကြီး။

ဗိုလ်ကြီးဖြစ်စေ၊ အခြားအဆင့်ဖြစ်စေ ကျွန်တော်တို့မှာ လက်ရေတပြင်စီး၊ တစ်ခရီးထဲသွားများပီပီ လွတ်လပ်ရေးအတွက်သာ အဓိက ဦးတည်သည်မို့ သံယောဇဉ်ကြီးကြ၊ သွေးစည်းကြသည်။

ဘီအိုင်အေကို ဖျက်သိမ်း၍ ဘီဒီအေကို ဖွဲ့သောအခါ ကိုယ့်ဆန္ဒအလျှောက် နှုတ်ထွက်လိုပါက နှုတ်ထွက်ခွင့်ပြုလာ၍ ကျွန်တော် နှုတ်ထွက်ခဲ့သည်။ ဗိုလ်ကြီးဖုန်းမော်နှင့် ဆရာကြီးသာကျော်တို့က တပ်ထဲကျန်ရစ်သည်။

ဌာနေပြန်မည့် ကျွန်တော့်အား သူတို့နှစ်ဦးက သီးခြားနှုတ်ဆက်ပွဲ ပြုလုပ်၍ သူတို့ထောက်ပံ့နိုင်သမျှ စုစပ်ထောက်ပံ့သည်။ သူတို့ဘယ်အဆင့် ဘယ်ရာ ထူး ဘယ်နေရာရောက်ရောက် ဝင်ရန် ထွက်ရန် သံယောဇဉ်မဖြတ်ရန် ကျွန်တော့်ဇာတိ ကျွန်တော့်ဌာနေကို မြေပုံဆွဲခိုင်းပြီး သူတို့အားပေးခိုင်းသည်။

ဗိုလ်ကြီးဖုန်းမော်က တာဝန်အရ လက်နက်ကိုင်သင့်ချိန်ရောက်၍ လက်နက်ကိုင်နေရကြောင်း၊ လွတ်လပ်ရေးရသောအခါ စစ်တပ်မှ နှုတ်ထွက်ပြီး ပါတီနိုင်ငံရေးကိုသာ ချလုပ်မည့်အကြောင်း၊ ကျွန်တော့်ထံ လွတ်လပ်ရေးရပြီးပါက လာရောက်လည်ပတ်ဦးမည့်အကြောင်း ပြောပြ၏။

ဘီအိုင်အေထွက် ကျွန်တော် ဘီအိုင်အေထဲ မဝင်ခင်ကလည်း စိုက်ပျိုးရေးလုပ်ငန်းတစ်ဖက်၊ တောလိုက်မုဆိုးလုပ်ငန်းတစ်ဖက် လုပ်ကိုင်စားခဲ့သည်။ ဘီအိုင်အေမှ ထွက်သောအခါတွင်လည်း ကိုယ့်ပင်မလုပ်ငန်းကို ကိုယ်လုပ်ကိုင်စားသောက်ရန် ကျွန် တော့်မွေးရပ်ဌာနီ ရခိုင်ပြည်သို့ ပြန်ခဲ့၏။

တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကိုယ်တတ်စွမ်းသမျှ လုပ်ကိုင်ခဲ့ပြီးပြီမို့ အသက်မသေ ရှင်ကျန်ရစ်ပြီး အကောင်းပကတိ မိမွေးတိုင်း ဖမွေးတိုင်း အနေအထားဖြင့် ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်ခြင်းမှာ အလွန်ကုသိုလ်ကံကောင်းသည်။

ဗိုလ်ကြီးဖုန်းမော်၊ ဆရာကြီးသာကျော်တို့လည်း သူတို့တပ်လုပ်ငန်းနှင့် သူတို့ မအားလပ်။ လူကြုံစကားသာ ပါးသည်။ ကျွန်တော်ကလည်း လုပ်မှ ကိုင်မှ စားရသော တောသူတောင်သားဖြစ်ရာ စိုက်တယ်၊ ပျိုးဟယ်၊ ပစ်ဟယ်၊ ခတ်ဟယ်နှင့် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား နေ့မနား ညမအား။

သူတို့တပ်ရှိရာလည်း ကျွန်တော်မသွားသာ၊ ဘယ်သူမှ ဘယ်သူ့ဆီသို့ ကိုယ်တိုင်ကိုယ်ကျ မလာသာ၊ ဝေးဝေးက လွမ်း။

တစ်နှစ်ခွဲခန့်အကြာ ကျွန်တော်တောလိုက်ရာက အပြန်တွင် ကိုဖုန်းမော်နှင့် ကိုသာကျော်တို့နှစ်ယောက်စလုံးကို ဘွားခနဲ တွေ့လာရ၍ ကျွန်တော့် အိမ်ပေါ် ကျွန်တော် မတက်နိုင်သေး။ ဝမ်းသာအံ့သြနေ၍ ပြူးကြောင်ကြောင်ဖြစ်ကာ စကားမပြောနိုင်။

သူတို့နှစ်ဦးက ကျွန်တော့်အခြေအနေကို ရိပ်မိကာ တဝါးဝါး တဟားဟား ဟားတိုက်ရယ်မောနေကြသည်။ ဗိုလ်ကြီးဖုန်းမော်က

“ရဲဘော်စံသာအောင်က ဒို့ကိုမှတ်မိဟန်မတူဘူး။ နောင် မှတ်မိသွားအောင် တစ်နှစ်လောက် အတူနေအောင် ဒို့နှစ်ယောက် တိုင်ပင်ပြီးလာခဲ့တာ”

ဟုဆိုမှ ကျွန်တော်သတိရ အသက်ဝင်ကာ အလေးပြုမိသည်။

ယခုခရီးထွက်နေရခြင်းမှာ သူတို့နှစ်ဦးကိစ္စအတွက် ဖြစ်သည်။ ရောက်စက သူတို့နှစ်ဦးစလုံးပင်လျှင် ကျွန်တော့်ကို ဘာမှ ထူးထူးထွေထွေမပြော။ ရှေးဟောင်းနှောင်းဖြစ်ထဲမှ ရယ်စရာဖြစ်ရပ်များကိုသာ ရှာကြံ၍ တဝါးဝါး ပွဲကျနေကြသည်။

တစတစမှ သွေးတိုးစမ်းစမ်းလာသည်။ သွေးတိုးစမ်းစိတ် ချရပြီဟု သူတို့ ယုံမှတ်ဟန်ရှိမှ လာရင်းကိစ္စကို တစ်စတစ်စ ဖွင့်ဟပြော ဖွင့်ဟတိုင်ပင်လာသည်။ သူတို့ ပြောစကားများအရ ကျွန်တော် နားလည် မိသလောက်မှာ…

ကိုဖုန်းမော်နှင့် ကိုသာကျော်ကို ဗိုလ်မှူးကျော်ဇော (နောင်တွင် ဗိုလ် မှူးချုပ်ဟောင်း ကျော်ဇော) က လျှို့ဝှက်တွေ့ဆုံပြီး တာဝန်တစ်ခုပေးသည်။ ရခိုင်ရိုးမကိုကျော်ပြီး နယ်စပ်ဖြတ်ကာ အိန္ဒိယပြည်အရောက်သွားပါ။ ဂျပန် ဖက်ဆစ်တော်လှန်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်ထားပါ။ မြန်မာပြည်မှ လှမ်း၍ ဆက်သွယ်သောအချိန်တွင် ပြည်တွင်း ပြန်ဝင်ကာ ကျရာတာဝန်ကို ထမ်းဆောင်ပါ။

နယ်စပ်ရွာများမှ အိန္ဒိယပုလိပ်တို့က စောင့်ကြိုနေပြီး မဟာမိတ်တပ်များထံ ပို့ပေးပါလိမ့်မည်။ ယခု သွားပါ။ စကားဝှက်မှတ်သားပါဟု ရှင်းလင်းပြောကြား စေလွှတ်လိုက်ကြောင်း တစ်ဆင့် ပြောပြသည်။

ကိုဖုန်းမော်နှင့် ကိုသာကျော်တို့က ဗိုလ်မှူးကျော်ဇော အား အလေးပြုကာ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပါမည့်အကြောင်း ပဋိညာဉ်ခံခဲ့ကြသည်။

“မင်းကောင်းစားရေး ငါကောင်းစားရေး၊ လူတစ်ဦး တစ်ဖွဲ့ကောင်းစားရေး မဟုတ်ပါဘူးကွာ။ အမျိုးဘာသာ သာသနာ တိုင်းပြည် နိုင်ငံ တဝန်းလုံး ကောင်းစားရေးပါ”

ဟု အားပေးပြီး သူတို့နှစ်ဦးကို ဆက်လုပ်ရန် အမိန့်ပေးသည်ဟုဆို၏။

ဗိုလ်မှူးကျော်ဇောထံမှ ပြန်လာလာချင်း သူတို့နှစ်ဦးထဲ အကြိတ်အနယ် တိုင်ပင်ကြရသည်။ နှစ်ဦးစလုံးသတိရ၍ အားကိုးတကြီးပြုသင့်သူဟု ယူဆသူမှာ ကျွန်တော့်ကိုပါ။ ကျွန်တော်၏ သတ္တိရှိမှု၊ သစ္စာရှိမှု၊ သိပ်သည်းကျစ်လျစ်မှုနှင့် ရဲဘော်ရဲဘက်စိတ်ရှိမှု၊ သေအတူရှင်အမျှ ခံစားလက်တွဲတတ်မှုတို့ကို သူတို့အားကိုး၍ ကျွန်တော့်ထံလာပါသည်။

နယ်စပ်သို့ ဘေးအန္တရာယ်မရှိဘဲ ချောချောမောမော ရောက်စေရေးအတွက် ကူညီလိုက်ပို့ပေးပါဟု ဆိုလာကြသည်။

ဘေးအန္တရာယ်မရှိဘဲ ချောချောမောမော ဖြစ်စေရေးကို ကျွန်တော် တာဝန်မယူနိုင်။

ဟုတ်သည်။ သူတို့လည်း ဗိုလ်မှူးကျော်ဇော တပည့်၊ ကျွန်တော်လည်း ဗိုလ်မှူးကျော်ဇောတပည့်၊ ဆရာတူ တပည့်ဟူသည် ဆွေမျိုးရင်းချာ၊ ရင်နှစ်သည်ညှာ တအူတုံဆင်းများကဲ့သို့ပင် တာဝန်ခံမရဘဲ စိတ်မချရဘဲ တာဝန်ယူပါသည် စိတ်ချရပါသည်ဟု ကျွန်တော် လိမ်ညာမပြောနိုင်။

ဆွမ်းခူးမလှ၊ ဆွမ်းလောင်းမလှ၊ မျက်နှာမရ ခြေဖြင့် အခတ်ခံရသော် မသင့်။

ကျွန်တော်တို့ဒေသမှ အိန္ဒိယနယ်စပ်သို့ သွားလာစရာ လမ်းသုံးသွယ် ရှိ၏။ သုံးသွယ်စလုံး သူ့နည်းသူ့ဟန်ဖြင့် ဘေးအန္တရာယ်ရှိသော လမ်းများချည်းသာဖြစ်သည်။

ဂျပန်စစ်စခန်းချရာလမ်းမှ သွားလာပါက ဂျပန်ဖက်ဆစ်စခန်းရှိသည်။

မိမိကား ဂျပန်သိသော လူသွားလမ်းမှသွားလျှင် ဂျပန်လှည့်ကင်းနှင့် ကင်းပုန်းဝပ်အဖွဲ့များကို ရှောင်မလွတ်။

ဂျပန်သည် စစ်နိုင်နေသော သူ၊ လက်နက်ရှိနေသောသူ၊ အင်အားကြီးသူဟူသော မာန်မာနအလွန်ကြီးသူများ။ ရက်စက်ရာ၌ ခြင်းထဲမှ ကြက်သတ်သည်ထက် ပိုမိုသော ရက်စက်နည်းပေါင်းစုံ အသုံးချရက်စက်ကာ သွေးအေးအေးဖြင့် သတ်သူဖြတ်သူများ။

မသင်္ကာသောသူစာရင်း အသွင်းခံရပါက နည်းပေါင်းစုံဖြင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး အားရမှ သတ်ပစ်သူများ။

ထိုမျှ ရက်စက်ယုတ်မာသော ဂျပန်ဖက်ဆစ်၏ လက်သပ်မွေး သတင်းပေး ရခိုင်၊ ကုလားထဲက ဂျပန်သူလျှို များလည်း ရှိသေးရာ စိတ်ချမရ။

ပထမလမ်း ဂျပန်စစ်စခန်း။

ဒုတိယလမ်း ဂျပန်ဖြတ်သွားဖြတ်လာလမ်း။

ထိုလမ်းနှင့် လုံးဝမတူ ခြားနားသောလမ်းမှာ ဒေသခံ မုဆိုးဝါရင့် သမ္ဘာရင့်များသာ အသုံးပြုသော မုဆိုးလမ်း တတိယလမ်းဖြစ်သည်။

မုဆိုးလမ်းကို ဂျပန်မသိသေး၊ ဂျပန် မသုံးသေး၊ ဂျပန်ဘေး ဂျပန်ရန် ကင်းလွတ်ရာမှ သွားလိုပါက မုဆိုးလမ်းသည်သာ အသင့်တော်ဆုံး။

ဂျပန်ရန်ဘေး ကင်းဝေးသလောက် သားရဲတိရစ္ဆာန်ဘေးထူပြောသည်မှာ မုဆိုးလမ်းဖြစ်သည်။

ဂျပန်စစ်စခန်းမှ ဂျပန်များ လှည့်ကင်း ကင်းပုန်း ဂျပန်များကို သွေးအေးအေးဖြင့် ဝင်ဆွဲစားလေ့ရှိသော ရခိုင်ရိုးမကျားကြီးများ၊ အမြင်အာရုံ အားနည်းသလောက် ပိဿာချိန် ၅ဝဝမှ ၇ဝဝ ခန့်အထိ အလေးချိန်စီးပြီး အင်အားကြီးမားသော ကြံ့ကြီးများ၊ အုပ်အားကိုး အင်အား အားကိုးဖြင့် တဒကြမ်း ဝင်ရောက်တိုက်ခိုက်တတ်သော တောဆင်ရိုင်းအုပ် ကြီးများ၊ သစ်ကြီး ဝါးကြီးများပေါ်၊ ချုံကြီးချုံငယ်များပေါ်၊ မြေပင်ပေါ်မှ အချိန်မရွေး ထွက်ပေါ်လာသော လူကို အန္တရာယ်ပေးလေ့ရှိသည့် မြွေငယ်လတ်၊ ကြီးများ ဘေးအန္တရာယ် အဆိုးကြီးနှင့် အဆိုးလေးမျှသာ ကွာခြားသော်လည်း ဘယ်လမ်းကသွားသွား ဘေးအန္တရာယ်မကင်း။ ဘေးကြီးနှင့် ဘေးလေးသာ ကွာခြားမည်။

သည်လမ်းသုံးခုထဲမှ တစ်ခုခုဖြင့် လိုက်ပို့ရမည့် ကျွန်တော်က ဘေးအန္တရာယ်မရှိဟု လွယ်လွယ်ပြော၍ ခေါ်သွားကာ ကတိထားကား လွယ်သည်။ တကယ်ကား မဟုတ်ဟု ဖြစ်သွားမည်ကို ကျွန်တော် မလိုလား၍ ကြိုက်ရာလမ်းကို ရွေးချယ်ရန် သူတို့အား ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးရသည်။

ကျရောက်နိုင်သော အန္တရာယ် ဖြစ်ပေါ်နိုင်သော ဘေးကို အမှန်အကန်အတိုင်း ချိန်ဆနိုင်ရန် တတ်နိုင်သမျှ အပိုအလိုမရှိ အနီးစပ်ဆုံး အနေအထားကို ဒေသခံအနေဖြင့် အသိပေးရသည်။

ကိုဖုန်းမော်နှင့် ကိုသာကျော်တို့သည် စေ့စပ်သေချာသူများ၊ လက်တွေ့သမားများ၊ သူတို့သိလိုသည်ကို ခရေစေ့တွင်းကျ မေးသည်။ ဘယ်လိုဖြစ်နိုင်သလဲ၊ ဘယ်လိုတွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ၊ ကျွန်တော်က ဘယ်နေရာမှပါဝင်၍ သူတို့က ဘယ်နေရာမှ တာဝန်ယူနိုင်မလဲ၊ ဒေသခံတို့ ကြုံဖူး ကြားဖူးသလောက် လူဘယ်နှစ်ယောက် သေဆုံးဖူးလဲ၊ ဘာလို့လဲ၊ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့ဖူးသည့် အခြေအနေအထိ မေးသည်။

ကျွန်တော့် အဖြေကို သူတို့နှစ်ယောက် စိတ်ရှည်လက်ရှည် နားထောင်၊ အပြန်ပြန် အလှန်လှန် တိုင်ပင်ကြသည်။

တွေ့ချင်တာနှင့် တွေ့တော့၊ သူတို့လဗိုလ်မှူးကျော်ဇော တာဝန်ပေးသည့်အလုပ်ကို အောင်အောင်မြင်မြင်ဖြစ်စေရန် ကျရောက်လာမည့် ဘေးအန္တရာယ် မှန်သမျှကို ရင်ဆိုင်ကျော်လွှားမည်။ မုဆိုး လမ်းမှသာ သွားပါဟု သူတို့ဆန္ဒပြုလာသည်။

ကျွန်တော်ဘက်ကလည်း အမဲကြီးပစ် ရိုင်ဖယ်သုံးလက်နှင့် ကျည်ဆန် အပြည့်အစုံရရှိရေးကို အမြန်ဆုံးဆောင်ရွက်၊ ကျွန်တော် အပြန်ခရီး၌ အဖော်ရရှိစေရန် ဒေသခံ လူငယ်နှစ်ဦးကိုပါ ခေါ်ယူရန် စီစဉ်ခဲ့၏။

ထိုလူငယ်နှစ်ဦးမှာ နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်သူများ၊ နဂါးနီအသင်းထုတ်နှင့် ဒို့ ဗမာအစည်းအရုံးထုတ် စာအုပ်စာစောင်ဟောင်းများကို ကျွန်တော့်ထံမှတစ်ဆင့် လက်ဆင့်ကမ်းငှားရမ်း ဖတ်ရှုခဲ့သူ လူရိုးလူဖြောင့် တဇောက်ကန်း တယူသန်ကလေးများ။

သူတို့ကိုလည်း ဖွင့်ပြောရနိုင်သမျှ ဖွင့်ပြောကာ အပါ ခေါ်ယူခဲ့ပြီး ယခုခရီးကို စားနပ်ရိက္ခာ ထမ်းပိုးရသမျှ ဝေငှထမ်း ခရီးကြမ်း ထွက်ခဲ့သည်။

တကုန်းဆင်းသက် တကုန်းတက်ခဲ့ပြီး တတောကို ဖြတ် နောက်ထပ်တတောကို တိုး၍ ခရီးပြင်းနှင်ခဲ့သည်မှာ တစ်နေကုန်၍ တစ်ညရောက်ခဲ့သည်။

ည၌ ကင်းအလှည့်ကျစောင့်ကာ မီးမပြတ်ထည့်၊ ဝါးစိမ်းပြတ်ကို ကြိုးကြား ကြိုးကြား တဖောင်းဖောင်းမြည်စေရန် မီးဖိုကြီးထဲထည့်ပေး၊ သားရဲကောင်ကို မီးရောင်၊ ဝါးစိမ်းပြတ်မြည်သံနှင့် ကြိုတင်ချောက်လှန့်၊ စစ်သားဟောင်းသတိ၊ မုဆိုးကောင်းသတိဖြင့် စောင့်ခဲ့ရသည်။

ကံကောင်းသည်ဟု ဆိုရမည်။ တစ်ညတာကို ပြောင်သံ၊ စိုင်သံ၊ ဆတ်သံ၊ ချေ(ဂျီ) သံ၊ တောကျေးတောငှက်သံ၊ တောကြက်သံ နားထောင်ရင်း ဘေးကင်းရန် ကင်း ဖြတ်ကျော်ခဲ့ရသည်။

နောက်တစ်နေ့နံနက်တွင် ဝါးရုံတောများ၊ ဝါးရုံတောများအပေါ်တွင် မိုးအုပ်နေသော သစ်ပင်ကြီးများ၊ ဝါးရုံနှင့် သစ်ပင်ကြီးများ မရှိသောနေရာ၌ ပေါက်ရောက်လျက်ရှိသည့် ပင်ပု၊ ပင်ချပ်၊ ချုံတောများ၊ လျှိုမြှောင်များ၊ ချိုင့်ဝှမ်းများကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ပြီးမှ တစ်ကုန်းကျော်နိုင်ခဲ့ပြီး ကုန်းဆင်း ဆင်ခြေလျှော ရောက်ခဲ့သည်။

ဟိုဘက် တောင်ကုန်းနှင့် သည်ဘက်တောင်ကုန်းကြား လွင်ပြင်၌ ထူးများ၊ ဂလိုင်များ၊ ရေချောက်များ၊ ရေအိုင်များ ပေါများလှသည်။

လွင်ပြင်ကို ဖြတ်ကျော်ခိုက် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ရင်ထဲ ဟာတာတာ။ ဘာလိုအပ်နေပါသလဲ ဟု စဉ်းစားရာမှ သည်သဲလွန်စကို စတင်၍ ကျွန်တော်တွေ့သည်။ တွေ့ရာမှ သင်္ကာမကင်းဖြစ်မိသည်။ ကျွန်တော့်အနေဖြင့် အားလုံးကို အသိပေးရန် လျှောက်လှမ်းနေရာမှ ရပ်လိုက်သည်။

“ဗိုလ်ကြီးရော ကျန်တဲ့လူတွေများရော ဘာကိုများ သတိပြုမိကြပါသလဲ။ ထူးခြားတာတွေ့ရပါသလဲ”

ကျန်လေးဦးစလုံးက ကျွန်တော်ဘာကိုဆိုလိုချင်ကြောင်း စူးစမ်းသောအကြည့်ဖြင့် အကဲခတ် ကြည့်ကြည့်ကြသည်။ ဝန်းကျင်ဝဲယာကိုလည်း ယခုမှ သတိရဟန်ဖြင့် ကြည့်ကြသည်။

“ကျွန်တော် သတိပြုမိတာ ပြောမယ်။ တောဟာ တောနဲ့တူမှ သဘာဝကျတယ်။ သိပ်ပြီး ငြိမ်သက်လွန်းနေတော့ တစ်စုံတစ်ခု ဟာနေသလိုပဲ။ တောကြီးတောင်ကြီးထဲမှ ဆတ်တစ်သံ၊ ချေဟောက်သံ၊ မျောက်အော်သံ၊ တောကြက် တောငှက်တွန်သံကို အနီးကပ်ဖြစ်ဖြစ်၊ အဝေးကွာကဖြစ်ဖြစ် ကြားနေရမှ သဘာဝကျတယ်။ ခုဟာက ဒီတောထဲမှာ သက်ရှိသတ္တဝါမှ ရှိကြသေးရယ်လားလို့ ထင်မှတ်မှားရလောက်အောင် ငြိမ်သက်လွန်းလှတယ်။ အဲဒါကို သဘာဝမကျလို့ ကျွန်တော် မကြိုက်ဘူး”

ကျွန်တော် သည်စကားပြောသောအခါ ကျွန်တော်ခေါ်လာခဲ့သည့် ဒေသခံမုဆိုးလူငယ်နှစ်ဦးမှာ မျက်ကလူးဆံပျာဖြစ်ကာ ဂဏှာမငြိမ်၊ ကျီးကန်း တောင်မှောက် မျက်လုံးများဖြင့် နေရာအနှံ့ ဝဲ၊ ယာ၊ ထက်အောက်ဆိုသလို အရပ်မျက်နှာအားလုံးကို လှည့်ပတ်ကြည့်သည်။

ကိုဖုန်းမော်နှင့် ကိုသာကျော်တို့သည် သေနတ်ကို အရန်သင့်အနေအထားကိုင်၍ အချိန်မရွေး ပစ်ခတ်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားသည်။ ရှောင်တခင်အန္တရာယ် တွေ့မလာမှ စူးစမ်းသောအမေးကို ကိုဖုန်းမော်က မေးလာသည်။

“မင်းမကြိုက်တာကို ငါနားလည်သလောက် ပြောရရင် ဒို့မှာ ဘေးအန္တရာယ် ကျရောက်နိုင်တယ်။ ဒီသဘောပြောတာ မဟုတ်လား”

“ဗိုလ်ကြီး သိပ်အကင်းပါးတယ်။ ကျွန်တော် သေသေချာချာတော့ မပြောတတ်ဘူး။ ဒီလောက် ငြိမ်သက်နေပုံကို ထောက်လို့ကတော့ ထူးခြားတဲ့ ဘေးအန္တရာယ် တစ်စုံတစ်ခုခု ဒီဒေသမှာ ဒီတစ်ဝိုက်ဝန်းကျင်မှာ မကြာမီ အချိန်ပိုင်းကလေးအတွင်းကမှ ဖြစ်ပွားခဲ့တယ်ရယ်လို့လည်း ယူဆနိုင်တယ်။

အဲဒီလိုပဲ ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မှာမို့ ကျန်တောသတ္တဝါတွေက သူတို့ရဲ့ ဗီဇအသိနဲ့ ရှောင်တိမ်းပြေးပုန်းတာ၊ ငြိမ်သက်တာ၊ မလှုပ်မယှက်နေတာ၊ မလှုပ်ဝံ့လို့ ကုတ်နေတာလည်း ဖြစ်နိုင်တယ်”

“ဒီတော့ ဒို့ ဘယ်လိုရင်ဆိုင်မှ အကောင်းဆုံးဖြစ်မလဲ၊ မင်းပြော”

“ကျွန်တော်သွားရင်းလာရင်း စဉ်းစားပါဦးမယ် ဗိုလ်ကြီး။ ခုတော့ ရှေ့တည့်တည့်ကို ကျွန်တော် တာဝန်ယူပါ့မယ်။ သတိနဲ့ကြည့်ပြီး မြင်လာရင် လက်ဦးမှုရယူလို့ ကျွန်တော်ရှင်းမယ်။ ဗိုလ်ကြီးက ညာဘက်သီးသန့် တာဝန်ယူပါ။ ဘယ်ဘက်ကို ဆရာကြီးသာကျော်က တာဝန်ယူပြီး ကျော်ဇံရွှီးက သစ်ပင်တွေ၊ ဝါးရုံတွေ၊ ချုံတွေအပေါ် သီးသန့်ကြည့်ဖို့ တာဝန်ယူပါ။ ကျန်တဲ့လူက နောက်ကျောလုံဖို့ ကိုယ့်နောက်ကျောဘက်ကိုပဲ အာရုံပြု အကဲခတ် တာဝန်ယူပါ။ အဲသလို ကြည့်ရင်း သွားရင်း အကဲခတ်ရင်း ရှေ့ဆက်ကြမယ်”

ကျွန်တော်တို့ဒေသခံ မုဆိုးသုံးဦးအသိ၌ ကျွန်တော်တို့အဖွဲ့ကို ရိုးမကျားကြီးကဖြစ်စေ၊ ကျားသစ်ကဖြစ်စေ၊ တကောင်ထဲဖြစ်စေ၊ တစ်ကောင် ထက်ပိုသော အရေအတွက်ကဖြစ်စေ အလစ်ခုန်အုပ် တိုက်ခိုက်ရန် လိုက်လံချောင်းမြောင်းနေပြီဟု သံသယရှိကြသည်။

လိုက်ချောင်းသောကျား၊ ကျားသစ်သည် အတွေ့အကြုံမဲ့ ကျားရိုင်းမဟုတ်ဘဲ ဂျပန်ဖက်ဆစ်များကို ဆွဲယူစားဖူးသော ကျားဖြစ်လျှင်ဖြစ်၊ ခရီးသွား ခရီးလာတို့ကို အငိုက်တိုက်ခိုက်၍ စားဖူးသော ကျားဖြစ်လျှင်ဖြစ်။ ထိုကျားမဖြစ်လျှင် မုဆိုးနှင့်တွေ့ဖူးသော လူ့အန္တရာယ်ကို နားလည်သော အတွေ့အကြုံရှိ ကျားသာဖြစ်မည်။

ကျားရိုင်းကဲ့သို့ ကျားရိုင်းမာန၊ ကျားရိုင်း သဘာဝအရ ဇွတ်ဝင်၊ ဇွတ်ကိုက်၊ ဇွတ်တိုက်၊ ဇွတ်ကုတ်၊ ဇွတ်ခဲ၊ ဇွတ်ချီ မလုပ်ခြင်းက သူ့ပရိယာယ်၊ သူ့အတွေ့အကြုံကို တွက်ဆရသည်။ အပိုင်အနိုင် မဟုတ်ဘဲ ကျွန်တော်တို့ကို စတင်တိုက်ခိုက်လိမ့်မည် မဟုတ်။

ကျား၏ အနံ့၊ ကျား၏ လှုပ်ရှားမှု၊ ကျား၏ ပရိယာယ်ကို သိရှိနေကြသည့် တောကောင်အပေါင်းတို့သည် ဘေးလွတ်ရာသို့ တိမ်းရှောင်မှု၊ ငြိမ်ဝပ်နေမှုက ကျွန်တော်တို့အဖွဲ့နှင့် ကျားသည် မကြာမီ အချိန်ပိုင်းလေးအတွင်း၌ပင်လျှင် လူတပြန်၊ ကျားတပြန် တွေ့ကြတော့မည့် သဘောရှိနေ၏။

ကျားသည် နောက်က လာမလား၊ ကျားသစ်သည် ရှေ့က လာမလား၊ ဘယ်ဖက်ကလား၊ ညာဘက်ကလား၊ အထက်က ခုန်အုပ်မလား၊ မှန်းဆမရ သေးသည့်တိုင် ကျွန်တော်တို့အဖွဲ့ကို သားရဲကောင်က သားကောင်စားကောင် သတ်မှတ်၍ ပူးတုံ၊ ခွာတုံ၊ နီးတုံ၊ ဝေးတုံ၊ ကပ်ခွာ၊ ခွာကပ်ဖြင့် ချောင်းမြောင်းလိုက်ပါလာနေပြီဟု ကျွန်တော်ထင်သည်။

ကျား၏ အလစ်အငိုက် ဝင်တိုက်ခံမည်လား။

ပစ်အသတ်ခံရန် သူ့ဘာသာသူ ပစ်ကွင်းပေး၍ တည့်တည့်ကြီး ဝင်လာစေရန် ပစ်ကွင်းဖန်တီးပေးမည်လား။

မထူးတော့ ရှေ့၌ ရေအိုင်များရှိတတ်ရာ တွေ့သော ရေအိုင်တစ်အိုင်အိုင်မှ ခေတ္တရပ်စောင့်မည်။ ရပ်စောင့်က ကျားသည် ချက်ကောင်းယူပြီး ရွေးချယ်တိုက်ခိုက်နိုင်သည်။ ရေအိုင်ဘေးဝန်းကျင်၌ ဝါးရုံများချုံနွယ် ပိတ်ပေါင်းများ၊ ပင်ပုပင်ချပ်များ ရှိတတ်ရာ ကြိုတင်ပြင်ဆင်ချိန်သာ အနည်းအများ ကွာမည်။

ထိုင်စောင့်နေသူကို ရန်မူလာမည့် ကျားအား ကြိုတင် ပြင်ဆင်မှုအပြည့်ဖြင့် ချက်ကောင်းကို ရွေးချယ်ပစ်နိုင်မည်။ ထို့ကြောင့် ရှေ့စိတ်မလုံ၊ နောက်ကျောမအေးဖြင့် ခရီးတထင့်ထင့် သွားနေရမည့်အစား ကျားဝင်အလာကို စောင့်ဆိုင်းပစ်ခတ်ရန် ရေအိုင်တစ်ခုခုတွေ့က နားရေးကို ဆုံးဖြတ်သည်။

ဆုံးဖြတ်ချက်ချပြီး လမ်းချိုးကွေ့လိုက်စဉ် ရှေ့အတောင်သုံးဆယ်ကျော်ခန့်အကွာအဝေး၌ ရေအိုင်တစ်အိုင်ရှိကြောင်းကို ဝါးရုံကြို ဝါးရုံကြားမှ လှမ်းမြင်လိုက်ရသည်။

ရေအိုင်တွေ့က နားနေပြီး ကျားချောင်းလာပါက ရင်ဆိုင်တွေ့ရန် ဆုံးဖြတ်ထားသောကြောင့် ရင်ဆိုင်တွေ့ရေးအတွက် အဖွဲ့အား ပြောတော့မည်ဟု လုပ်ဆဲတွင် မမျှော်လင့်သော ဝုန်းဝုန်း ဗျောင်းဗျောင်း အသံများက ဆက်တိုက်စဉ်တိုက်ပင် ရှေ့မှ ပေါ်ထွက်လာသည်။

ဝုန်းဝုန်း ဗျောင်းဗျောင်းအသံများက ပို၍ပို၍ ကျယ်ကျယ်လောင်လောင်။

အသံကြားရာ ဝါးရုံများ ပင်ပုပင်ခပ်များအကြား၌ ဘွားကနဲ မြင်လိုက်ရသော အကောင်ကြီးမှာ ပိဿချိန် ငါးရာထက် နည်းမည်မဟုတ်သော ကြီးမားတောင့်တင်းသည့် ကြံ့ကြီးတစ်ကောင်ဖြစ်သည်။

ငါးပေကျော်ခန့်ရှိမည့် အရပ်အမောင်းမြင့်မြင့်၊ တုတ်တုတ်ခိုင်ခိုင်၊ ဝဝဖြိုးဖြိုး၊ သန်သန်စွမ်းစွမ်း ကြံ့ကြီးတစ်ကောင်သည် ရေအိုင်ရှိရာသို့ ဒုန်းစိုင်းပြေးလာသည်။

“ဟာ… ကြံ့ကြီးတစ်ကောင်ဗျို့ … ကြံ့ကြီးတစ်ကောင် ၊ နီးရာသစ်ပင်ပေါ်တက်ကြ၊ မရရအောင် တက်ကြ”

ကျွန်တော်က အော်အော်ပြောပြောဖြင့် နီးစပ်ရာ အင်ကြင်းပင်ကြီး အပေါ် ပြေးတက်စဉ် ကိုဖုန်းမော်က ကျွန်တော့်နောက်မှပါလာ၏။

ကိုသာ ကျော်တို့အဖွဲ့က နီးရာ နီးရာ သစ်ပင်ကြီးများအပေါ် ပြေးတက်ကြသည်။

သစ်ပင်တက် ကျွမ်းကျင်သူများဖြစ်ခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြင်းတို့ကြောင့် သစ်ပင်ပေါ်သို့ အလျင်အမြန်ရောက်အောင် မဖြစ်မနေ တက်ရောက် နိုင်ခဲ့ကြသည်။

သစ်ပင်ခွဆုံ ရောက်သည်အထိ ထိုကြံ့ကြီးကို ကျွန်တော်နားလည်မရ။ ကျွန်တော့်နည်းအတူတူ ကြံ့အကြောင်းကို ယေဘုယျသိနေသော ဒေသခံမုဆိုးလူငယ်နှစ်ဦးသည်လဲ ကျွန်တော်ကဲ့သို့ပင် ဇဝေဇဝါဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျွန်တော်ကိုယ်တိုင်ပင်လျှင် ဆယ်တောင်ခန့် အကွာအဝေးမှနေ၍ ပိဿချိန်သုံးရာကျော်ထွက်သော ကြံ့ကို ပစ်ခဲ့ဖူးသည်။ မိရိုးဖလာ မုဆိုးအိုကြီးများ၏ ကြံ့နှင့်ပတ်သက်သော သိသင့်သိထိုက်သည်များကို ပြောဆိုခဲ့ဖူးသော စကားများလည်း အများအပြားရှိသည်။

ကြံ့သည် အမြင်အာရုံ အားနည်းသော သတ္တဝါပင်။ အနံ့ခံရာ အသံကြားရာ၌ စွမ်းအင်ထက်မြက် သော်လည်း အမြင်အာရုံ၌ အားနည်း၍ မုဆိုးမြားတကမ်း၊ ကြံ့တကမ်းမှ ဘွားကနဲ တွေ့တတ် ရင်ဆိုင်တတ်ကြောင်း ကြံ့က လူကို တိုက်ခိုက်ရာ၌ နွားရူးတိုက်တိုက်တတ်ကြောင်းကို လှံကိုင်မုဆိုးများ၊ လေးမြားမုဆိုးများ၊ တူမီးမုဆိုးများက စကားစပ်မိတိုင်း ပြောကြားတတ်သည်။

သစ်ခုတ်ဝါးခုတ် သမားအိုကြီးများကလည်း ကြံ့သည် အမြင်အာရုံ၌ အားနည်းကြောင်း ပြောတတ်ကြသည်။ ထိုကဲ့သို့ အမြင်အာရုံ၌ အားနည်းသော ကြံ့သည် အတောင်သုံးဆယ်ကျော်ခန့်ဝေးသောနေရာမှ ကျွန်တော်တို့ကို လှမ်းမြင်နိုင်ရန်မှာ ယေဘုယျသဘောအရ မလွယ်ကူလှ။

“ဟာ… ဟေ့… ဟေ့ …. စံသာအောင် …. ဟိုမှာ… ဟိုမှာ…”

ကိုဖုန်းမော်က သစ်ပင်အထက်အမြင့်မှ လက်ညှိုးညွှန်ပြ၍ ကျွန်တော့်ကို ပြသရာ သူပြသသည့်နေရာကို ကျွန်တော်လှမ်းကြည့်မိသည်။

ရေအိုင်ထဲမှာလည်း အခြားကြံ့ကြီးတစ်ကောင်။

ရေအိုင်ထဲမှ ကြံ့ကြီးသည် ရေစိမ်နေရာမှ ဒေါနှင့်မောနှင့် ရေစက်များကို ခါချကာရေအိုင်ပေါ် ဒုန်းပြေးတက်လာသည်။ သူ့ဆီသို့ ဒုန်းစိုင်းပြေး ဝင်လာသော ကြံ့ကြီးရှိ ရှိရာဘက်မျက်နှာမူကာ သူကလည်း အားကုန် အင်ကုန် ပြေးသွားသည်။

အားအားချင်း မာန်မာန်ချင်း ရင်ဆိုင်ရန် မျက်နှာမူ လာနေသော ကြံ့ကြီးနှစ်ကောင်သည် အရှိန်အလွန်ပြင်းစွာ မောင်းနှင်လာသည့် မီးရထား ခေါင်းတွဲကြီးနှစ်ခု တိုက်မိသကဲ့သို့ ဒုန်းကနဲနေအောင် တစ်ကောင် နှင့် တစ်ကောင် တိုက်မိကြရာ နှစ်ကောင်စလုံး နောက်ဖင်ထိုင်လဲသည်။

ဘယ်အကောင် သေပါလိမ့်၊ ဘယ်အကောင်ကျေပါလိမ့်၊ နှစ်ကောင်စလုံးများ ခေါင်းတွေကြေ၍ အက်ကွဲသေလေသလားဟု ကျွန်တော်တို့ စိတ်ဝင်စားစွာ ကြည့်ရှုနေစဉ် နှစ်ကောင်စလုံးပင် တရှုးရှုး တရှဲရှဲ အသံပေး၍ ပြိုင်တူထသည်။

ကြံ့ကြီးနှစ်ကောင်စလုံးသည် ပိဿာချိန် ငါးရာကျော်ထက်မနည်း ကြီးမည်သာဖြစ်သည်။ ထိုမျှ ကြီးမားသော ခန္ဓာကိုယ်ရှိသော်လည်း တိုက်ရာ ခိုက်ရာ၌ ကြီးမားသော ခန္ဓာကိုယ်နှင့် မလိုက်အောင်ပင်လျှင် ပေါ့ပေါ့ပါးပါး ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် သန်သန်မာမာ ကျစ်ကျစ်လစ် လစ် အားပြည့်မာန်ပြည့် လူးလဲထရာမှ နှစ်ကောင်ပြန်ရင်ဆိုင်ပြီး အစွမ်းကုန် တိုက်ကြ၊ ခတ်ကြ၊ ဝှေ့ကြ၊ ယမ်းကြသည်။

ခေါင်းချင်းတည်ပြီး အားပြိုင်ရာ မှ အားပျော့လာသော ကြံ့ကြီး၏ လည်ပင်းကို အခြားကြံ့ကြီးက ဖိထားသည်။ လည်ဖိခံထားရသော ကြံ့ကြီးက သူ့လည်ပင်းဖိနေသည့် ကြံ့ကြီးအား ကိုယ်လုံး ချင်းယှဉ်ရန် ကြိုးစားသည်။ ကိုယ်လုံးချင်းယှဉ်ခွင့်ရသည်နှင့် တစ်ပြိုင်နက် ကိုယ်လုံးကိုယ်လုံးချင်းအား မချိန်ဘဲ ဘုန်းကနဲ ဘုန်းကနဲနေအောင် ပစ်ရိုက်သည်။

ပထမတစ်ချက် နှစ်ချက် ရိုက်ချက်က ဟန်ပျက်ရုံမျှသာ နောက်ထပ် ထပ်ထပ်ရိုက်ရာ တိုက်ရာ တုတ်အမာ တုတ်အမာချင်း၊ ဓားသွား ဓားသွားချင်း အားကုန်အင်ကုန် ရိုက်မိပြီး လွင့်စဉ်ထွက်ပြေးသလို ကြံ့ကြီးနှစ်ကောင်စလုံး ဖုန်းဖုန်းမြည်အောင် လွင့်စင် လဲကျသွားကြသည်။

ကျွန်တော်သည် ကြံ့ကြီးနှစ်ကောင်၏ တိုက်ပွဲကို မမှိတ်မသုန် စောင့်ကြည့်ရင်း ရှေးရှေးက မုဆိုးကျော်ကြီးများ၊ မုဆိုးအိုကြီးများ၊ မုဆိုးဆရာ ဆရာများ၏ ကြံ့နှင့်ပတ်သက်သော အမှာစကားများကို သတိရမိသည်။

ကြံ့နှစ်ကောင် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့ရှိပါက မုဆိုးမှ ဝင်မပါရ၊ မကူညီရ။

ကြံ့တိုက်ပွဲနေရာကို သေသေချာချာ မှတ်သားခဲ့ရမည်။ ရွာပြန်၊ ကြံ့အသေဖျက်ရန် လူစု၊ ကြံ့အသားထမ်းပိုးသယ်ဆောင်ရန် တောင်း၊ ပလုံးယူခဲ့ရမည်။ သည်စကားက ကြံ့နှစ်ကောင်တိုက်ပွဲအဖြေကို သွယ်ဝိုက်ညွှန်ပြသော ကြံ့ဓလေ့စရိုက် စကား။

ကြံ့နှစ်ကောင်တိုက်ခိုက်ရာ၌ တစ်ခါတစ်ရံတွင် နှစ်ကောင်စလုံး သေတတ်သည်။ နှစ်ကောင်စလုံး မသေသည့်တိုင် တစ်ကောင်ကောင်က မသေဘဲ ပွဲပြီးရိုးထုံးစံမရှိဟု ဆိုကြသည်။

မသေမချင်း၊ မလဲမချင်း အသေခံတိုက်သည်အထိ အမျက်ဒေါသကြီးသော မိုက်ရူးရဲ တစောက်ကန်းဆန်သော၊ အသေခံရဲသော ကြံ့တို့တိုက်ပွဲ၌ မုဆိုးဝင်မပါမှ ဘေးကင်းသည်။ ကြံ့သား ဖောဖောသီသီ စားရသည်ဟု ရှေးစကား ကြားခဲ့ပါ၏။

သည်စကား၊ သည်ဆိုရိုး၊ သည်ပြောထုံးတို့ မည်မျှမှန်မည်၊ မမှန်မည်ကို ကျွန်တော်တို့ လက်တွေ့ သိရတော့မည်။ ကြံ့တိုက်ပွဲက အချိန်ပိုင်းအတွင်း အဖြေပေးတော့မည်။

လဲကျသွားသော ကြံ့ကြီးနှစ်ကောင်စလုံး မာန်မာနမလျော့ သတ္တိမကြောင် တိုက်ရေးခိုက်ရေး အားမပျော့၊ ဒေါသတကြီးဖြင့် ပြန်ထ၊ တိုက်ပွဲသစ်စရန် အားယူနေစဉ် ညာဘက်ကြံ့ကြီးပေါ်သို့ ရိုးမကျားကြီးတစ်ကောင်က လွှားခနဲဝင်၍ ခုန်အုပ်သည်။

ကျွန်တော်တို့အားလုံးမှာ ဟာကနဲ၊ ဟင်ကနဲ၊ ဟယ်ကနဲ တအံ့တသြဖြစ်သွားသည်။ ကိုဖုန်းမော်က ရိုးမကျားကြီးကို သေနတ်နဲ့ပစ်ရမလားဟု ကျွန်တော့်ကို လှမ်းမေးရာ ကျွန်တော်က လက်ပြတားမြစ်ရသည်။ ကြံ့ကြီးနှင့် ကျားကြီးတိုက်ပွဲဆီသို့သာ အားလုံးက အာရုံပြုနေကြသည်။

မထင်မှတ်သည့် ရန်သူအသစ် အလစ်ခုန်အုပ်ဝင်လာသောအခါ ကြံ့ကြီးအထိ နာသည်။ လေပြင်းပြင်းချွန်သော အသံမျိုးဖြင့် ကြံ့ကြီးက အော်ဟစ်ကာ ရိုးမကျားကြီးကို သူ့ကိုယ်ပေါ်မှ ခါချသည်။

သူ့ဂုတ်ခဲထားသော ရိုးမကျားကြီးက မလွှတ်သောအခါ သူ့ကိုယ်လုံးကြီးကို ကြံ့ကြီးက လှိမ့်လူးပစ်ချလိုက်သည်။ ရိုးမကျားကြီး၏ လျင်မြန်သွက်လက်မှုကလည်း လက်ဖျားခါလောက်သည်။

သူ့ကိုယ်သူ အလွတ်ခုန်ချပြီး ရှောင်တိမ်းကာ တိုက် ကွက်သစ်ကိုရှာသည်။ မိမိတိုက်ဖက်ကြံ့ကြီးကို ရိုးမကျားကြီးက ခုန်အုပ်နေစဉ်တွင် ဘယ်ဘက်မှ ကြံ့ကြီးမှာ ထရန်အားယူနေဆဲဖြစ်သည်။ ယခုအခါ အားယူရာမှထပြီး ပကတိ ခြေစုံရပ် အနေအထား ရောက်လာပြီဖြစ်၍ ဘယ်ဘက်မှ ကြံ့ကြီးက ရိုးမကျားကြီးကို သဲသဲမဲမဲ စတင်တိုက်ခိုက်သည်။

ပြင်းထန်သောအရှိန်ဖြင့် ရိုးမကျားကြီးကို ပစ်ထိုးဆောင့်လိုက်သော ကြံ့ကြီး၏ တိုက်ချက်ကိုသာ ရိုးမကျားကြီး ခံလိုက်ရပါက ပွဲချင်းပြီး သေနိုင်သည်။ သူကို တိုက်ချက်နီးကပ်လာမှ ရိုးမကျားကြီးက ပေါ့ပေါ့ပါးပါး လျှင်လျှင်မြန်မြန် ရှောင်တိမ်းပေးလိုက်ရာ ပွတ်ကာသီကာ ကပ်လွတ်သွားသည်။

ရိုးမကျားကြီး မူလနေရာမှ မြေစာများ၊ မြေဆိုင်များ ထောင်းကနဲ ထလာသည်အထိ ကြံ့ကြီးတိုက်အားက ပြင်းပြင်းထန်ထန်။ ဘယ်ဘက်မှ ကြံ့ကြီး၏ တိုက်ချက်အားအလွန်ကို စောင့်နေသော ရိုးမကျားကြီးကလည်း အားမချန်၊ အင်မချန် အားလွန်၍ ဒူးညွှတ်သွားသော ကြံ့ကြီးအား လက်အစုံ ဖြင့် ပြင်းထန်စွာ ပုတ်ပြီးခုန်အုပ်သည်။

အပုတ်ခံလိုက်ရသော ကြံ့ကြီးက နာကျင်လွန်းလှသည့်အတွက် ယောင်ယမ်းအသံကုန်ဟစ်အော်ရာ အော်ဟစ်သံကိုပင်လျှင် အဆုံးအရောက်မခံ၊ ကျားကြီးက ဂုတ်ကိုဇွတ်ဝင်၊ ဇွတ်ခဲ၊ ဇွတ်ကိုက် ဇွတ်ခါကာ အငြိုးတကြီး တိုက်၊ ကိုက်၊ ခါ၊ ဆွဲသည်။

နောက်လာ ကြံ့ကြီးကို ဂုတ်ကိုက်ဆွဲခါခဲနေစဉ် စတင်အတိုက်ခိုက်ခံရသော သွေးအလူးလူးကျနေသည့် ကြံ့ကြီးက ရိုးမကျားကြီးအား သူ့ဦးချိုဖြင့် တည်မိတည်ရာ မိရာမှီရာကို ဒုန်းဝင်ခတ်ရာ ဖြောင်းကနဲ အသံထွက်ပေါ်လာသကဲ့သို့ ကျားကြီးထံမှ နာကျလှသောကြောင့် အော်ဟစ်သံ၊ မာန်သွင်းသံ ထွက်ပေါ်လာသည်။

ကျားကြီး၏ နောက်ပိုင်းကို ညာဘက်မှ အထိနာခဲ့သည့် ကြံ့ကြီးက ဆက်တိုက်စဉ်တိုက်ပင် ချိုဖြင့်ခတ်၊ ခေါင်းဖြင့် ဝှေ့တိုက်ရာ ရိုးမကျားကြီး မခံနိုင်တော့ ဂုတ်ခဲထားသော ကြံ့ကြီးအား လွှတ်ပေးကာ ကျန်ကြံ့ကြီးကို ပြန်လည်တိုက်ခိုက်ရာ သတိရှိပြီး အဆင်သင့်ဖြစ်နေသည့် ကြံ့ကြီးနှင့် ကျားကြီးတို့မှ ကြံ့တပြန်၊ ကျားတပြန်၊ ဘတပြန်၊ ကျားတပြန်၊ တိုက်ကွက်၊ ကိုက်ကွက်၊ ဝှေ့ခတ်ကွက်ရနေသည်။ သားရဲကောင်များပီပီ မည်သည့်အကောင်ကမှ အလျော့မပေး၊ ဆက်တိုက်နေကြသည်။

တိုက်ပွဲထဲသို့ ကျားကြီးဂုတ်ခဲထားရာမှ လွှတ်ပစ်လိုက်ရသော ကြံ့ကြီးကပါ ဒေါသတကြီးဖြင့် ဇွတ်ဝင်၊ ဇွတ်ကူ၊ ဇွတ်တိုက်ရာ ကြံ့ကြီးနှစ်ကောင်နှင့် ရိုးမကျားကြီးတစ်ကောင်တိုက်ပွဲမှာ ကြောက်ခန်းလိလိ ပြင်းပြင်း ထန်ထန်။

ကြံ့ကြီးတစ်ကောင်၏ ချိုက ရိုးမကျားကြီး လက်ပြင်နောက်ဝင်သွားပြီး အခြားကြံ့တစ်ကောင်၏ ချိုက ကျားနောက်ပိုင်းခြေထောက်ရှေ့မှ ပေါင်အရင်းကို ဖြတ်ထွက်သွားရာ ဝါးရုံတောဘေးသို့ ကျားကြီးကားခနဲ ပစ်ကျသည်။

မြန်လိုက်သည်ဖြစ်ခြင်း။

လဲကျသွားသော ရိုးမကျားကြီးကို သူ့ထက်ငါဦးပင် ကြံ့ကြီးနှစ်ကောင်က အလျင်အမြန် ပြေးဝင်သွားပြီး ပစ်တိုက်ကြ၊ ချိုဖြင့် ဝှေ့ယမ်းခတ်ကြရာ ကျားကြီး၏ ဝမ်းခေါင်းသံပါအောင် မချိမဆံ့အော်သံတို့ ထွက်ပေါ်လာကာ ကျားကြီး ဆံ့ငင်ဆံ့ငင်။

မြေပြင်ပေါ်၌ ဖရိုဖရဲဖြစ်နေသော ဆံ့ငင်ဆံ့ငင် ကျားကြီးအား မည်သည့်ကြံ့ကြီးက ဘယ်နှစ်ချက်၊ ဘယ်နှစ်ခါ၊ ဘယ်နှစ်ကြိမ်၊ မည်သည့်ကြံ့ကြီးက ဘယ်မျှဟု ကျွန်တော်တို့ မရေတွက်နိုင်။ အကြိမ်ကြိမ် အခါခါပင် သဲသဲမဲမဲ ဝှေ့ကြ၊ တိုက်ကြ၊ ခတ်ကြရာ ကြံ့ကြီးနှစ်ကောင် လက်ချက်ကြောင့် ကျားကြီး ရုပ်ပျက်ဆင်းပျက်။ မြင်မကောင်း ရှုမကောင်း အလောင်းမလှမပ။ မလှပသော အလောင်းကြီးကို စိတ်ထဲအားရသည့်တိုင် တိုက်ခိုက်ပြီးမှ ကြံ့ကြီးနှစ်ကောင်သည် ကျားသေကြီးဘေး၌ မားမားမတ်မတ် ရပ်တည်နေကြသည်။ တစ်ကောင်နှင့်တစ်ကောင် မနီးမဝေး အနေအထား။

ကျားကြီးရန်ကတော့ အေးသွားပြီး သူတို့ချင်း တစ်ကောင်နှင့်တစ်ကောင် မသေမချင်း ဆက်လက်တိုက်ခိုက်နေဦးမှာလား၊ သည်အဖြေကို သိလိုလှ၍ စိတ်မောစွာဖြင့် ကျွန်တော်ကြည့်နေမိ၏။

ကြံ့ကြီးနှစ်ကောင်စလုံး သွေးအလူးလူးဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်လည်း မာန်မပျက် အားမပျက်၊ ဟန်မပျက်၊ အင်မပျက်၊ တစ်ကောင်နှင့်တစ်ကောင် ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်နေကြသည်မှာ စူးစူးစိုက်စိုက်။ စူးစူးစိုက်စိုက်ကြည့်၍ အတန်ကြာမှ အသံကျယ်လောင်စွာဖြင့် နှစ်ကောင်စလုံး ရှေ့ဆင့်နောက်ဆင့်ပင်လျှင် ဟစ်ကြွေးမြည်ကျူးရာ တောတုန်လုဘနန်းပင်။

ကျယ်လောင်စွာ အသံပေးပြီးနောက် တစ်ကောင်နှင့်တစ်ကောင် စူးစိုက်၍ ထပ်မံကြည့်ပြန်သည်။ စူးစိုက်၍ ထပ်မံကြည့်နေရာမှ စတင်လှုပ်ရှားလာသူမှာ မူလက ရေစိမ်ရေလူးနေခဲ့သော ကြံ့ကြီးဖြစ်သည်။ သူသည် အသံတစ်ချက်ပေးပြီး သူနှင့် မနီးမဝေး၌ ရပ်နေသော အခြားကြံ့ကြီးကို ကျောခိုင်းကာ သူ့မူလအစ ရေစိမ်ရေလူးခဲ့ရာ ရေအိုင်ထဲသို့ ပြေးဆင်းသွားသည်။

ဒဏ်ရာမည်မျှရှိရှိ ထီမထင်သော သဘောမျိုးဖြင့် အောင်ပွဲရသောကြောင့် ဝမ်းသာဟန်ပြကာ ရေပန်ရေမွှားများ ပေါ်ထွက်သည်အထိ ရေထဲ၌ တဇွမ်းဇွမ်း၊ တဗွမ်းဗွမ်းဖြင့် အားပြည့်မာန်ပြည့် ပျော်မြူးနေပါလေ၏။

ပထမက တိုက်ခိုက်ရန် ပြေးလာသည့် ကြံ့ကြီးသည် ရေစိမ်ရေလူး ပျော်မြူးနေသော ကြံ့ကြီးကို တစ်ချက်မျှသာ မျက်စိဝေ့ကြည့်ပြီး ကျားသေကြီးဘက်လှည့်ကာ အခဲမကျေသေးဟန် ခေါင်းဖြင့် ထပ်မံတိုက်၊ ချိုဖြင့် ဝှေ့ကာ ထပ်မံတိုက်၊ ထပ်မံခတ်၊ ပြီးမှ သူမူလ လာခဲ့ရာလမ်းသို့ ဒေါနှင့်မောနှင့် ပြန်သည်။

အပြန်လမ်း၌ တစ်ချက် အသံပေးကာ ဝါးရုံတော ကို ပစ်ထိုးရာ ဝါးရုံတောမှ ဝါးပင်များ ဝေါကနဲ လဲကျသွားသည်။ သူပြန်ရာ လမ်းတွေ့လာသော ပင်ပုပင်ချုပ် ချုံငယ်အချို့အား အားစမ်းသည့်မျိုး ခေါင်းစိုက်ကလော်ထိုးရာ မြေစိုင်မြေခဲများ တဖွားဖွား ထလာသကဲ့သို့ ပင်ပုပင်ချပ်များ ရိပ်ကနဲ ရိပ်ကနဲ ထိုးလဲကျသွားသည်။

နောက်ထပ် မည်သည့်ကျားလာလာ၊ ဘေးအန္တရာယ်လာလာ အားမာန်အပြည့်ဖြင့် ရင်ဆိုင်သွားမည် ဟု ကြေငြာချက် ထုတ်နေသယောင်ယောင် ရှိ၏။

မကြာမီပင် ကျွန်တော် ပျဉ်းကတိုးတောနှင့် ဝါးရုံတောများအကြား ကြံ့ကြီး တိုးဝင်ပျောက်ကွယ်သွားသည်။ ကြံ့ကြီးမျက်စိအောက်မှ ပျောက်ကွယ်သွားသည့်အခါ ကျွန်တော်တို့အဖွဲ့သည် တိုင်ပင်ထားသကဲ့သို့ပင် သစ်ပင်ပေါ်မှ အောက်ဆင်းကာ အဖွဲ့စုမိကြသည်။ တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။

အားလုံး ပြုံးပန်းတဝေဝေ၊ အသိသစ် အမြင်သစ်ရသကဲ့သို့ ခွန်အားတဝေဝေ။

လေးရက်ခရီး သုံးညအိပ်ကာလ၌ ကျားသစ်နှင့်လည်း တွေ့သည်။ ထို့အတူ တောဆင်ရိုင်းအုပ်များနှင့်လည်း တိုးသည်။ ကျားကပင်လျှင် ရှောင်ကွင်းသွားလေ့ရှိသည်။ တောကြီးဝက်ဝံများနှင့်လည်း ပက်ပင်းရင်ဆိုင်မိသည်။ အသားစားပျားအုပ်၏ ရန်ပြုမှုကိုလည်း ရှောင်တိမ်းခဲ့ရသည်။

ဗိုလ်ကြီး ဖုန်းမော်နှင့် တပ်ကြပ်ကြီး သာကျော်တို့အား နယ်စပ်မှဖြတ်၊ နယ်စပ်ရွာ တစ်ရွာပို့၊ ပုလိပ်မှစစ်ဆေး မဟာမိတ်တပ်များကို သတင်းပို့၊ သူတို့ အဆင်ပြေချောမွေ့မှ ကျွန်တော်တို့သုံးဦးရိက္ခာဖြည့် ပြန်ခဲ့သည်။

ကျွန်တော်တို့ကို ဗိုလ်ကြီးဖုန်းမော်က စိုးရိမ်ပူပန်စွာဖြင့် ညည်းညူကာ မှာကြားသည်။

“ဒီလောက် သားရဲတိရစ္ဆာန်ထူပြောတဲ့လမ်းကို ပြန်ရမှာ၊ ချောချော မောမော ဖြစ်ကောင်းပါရဲ့ဟာ”

“မပူပါနဲ့ ဗိုလ်ကြီး၊ သွေးစည်းချိန်မှာ ကျရာတာဝန်ကို ကျွန်တော်တို့ ထမ်းဆောင်တယ်လို့ သဘောထားပါတယ်၊ သတိဝီရိယ ထားပါ့မယ်”

“အေးကွာ … မဖြစ်လို့သာ ပြန်လွှတ်ရတယ်။ နောင်မှာ မသေမပျောက် ပြန်တွေ့ကြဖို့ ငါဆုတောင်းပါတယ်”

ကျွန်တော်က အလေးစတင်ပြုသည်။ ဗိုလ်ကြီးဖုန်းမော်က အလေးပြန်ပြုသည်။ တစ်ဦးနှင့်တစ်ဦး ကျောခိုင်းထွက်ခွာလာချိန်တွင် သူ့ရပ်တည်နေသော မြေမှာ အိန္ဒိယမြေ၊ ကျွန်တော်တို့ ရပ်တည်နေသော မြေမှာ မြန်မာမြေ။

သို့ရာတွင် သူ့အိန္ဒိယမြေနင်းရသည်မှာလည်း မြန်မာ့အကျိုးဆောင်ရွက်ရန်၊ တိုင်းချစ်ပြည်ချစ် လူမျိုးချစ် ဘာသာသာသနာချစ်စိတ်ဖြင့် အနစ်နာခံ ဆောင်ရွက်ရန်…။

ကျွန်တော်တို့ လိုက်ပို့သူများကကော… ကိုယ့်တိုင်းကိုယ်ပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာချစ်စိတ်ဖြင့် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရရှိဘဲ အန္တရာယ်လမ်းကို ဖြတ်သန်းရသူများ။

ဗိုလ်ကြီးဖုန်းမော်တို့ ဆရာကြီးသာကျော်တို့သည် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးကြသူများ၊ ကျွန်တော်တို့ကကော…။

ပုံမှန်အချိန်၌ ကိုယ့်ဝမ်းစာကိုယ်ရှာ၊ ကိုယ့်မိသားစုနှင့် ကိုယ်ပျော်မွေ့ နေလင့်ကစား အရေးကြီးက သွေးစည်းကြသော နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးကြသူများ။

အရေးကြီးသွေးစည်း၊ အနစ်နာခံဆုံမှတ်၌ လာရောက်တွေ့ဆုံကြသူများ၊ ကမ္ဗည်းမော်ကွန်းမဲ့လူသားများ သို့ရာတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံရသည့်အတွက် အားလုံးကျေကျေနပ်နပ်။

(၃)

ငွေလရောင်ရွှန်းပြက်သောည။

တောပန်းတောင်ပန်းတို့ မွှေးပျံ့သောည။

ညကလည်းလှ၊ လကလည်းလှ၊ ပန်းကလည်းလှသောည။ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ရဲဘော်ရဲဘက်စိတ်၊ စိတ်အလှကို အတိတ်ပြဖော်ညွှန်း မော်ကွန်းကမ္ဗည်းတစ်ရပ် နှလုံးသား၌ ရေးထိုးသူတို့ပွဲကို ပြသသော ည။

ရဲဘော်စံသာအောင်၏ အဆုံးသတ် စကားပြောပြီးချိန်၌ ကိုဘဒေါင်းက မေး၏။

“ဗိုလ်ကြီးဖုန်းမော် ဆုတောင်းသလို ဂျပန်ဖက်ဆစ်တော်လှန်ရေးပြီးတော့ အဲဒီငါးယောက်စလုံး မသေမပျောက်နဲ့ ပြန်လည်တွေ့ဆုံဖြစ်ပါသလား”

“တွေ့ဖြစ်ပါတယ်၊ အားလုံးစုံစုံညီညီ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲ”

“ဟေး”

ငတော၊ ငရွှေ၊ ငဖူး၊ နီမောင်တို့ လူငယ်တစ်သိုက်က အားရဝမ်းသာ ထ၍ ပြိုင်တူအော်ကြသည်။

စစ်မှန်သော ကိုယ်ကျိုးစွန့်လွှတ်သည့် အနစ်နာခံ ဆောင်ရွက်သူတိုင်းကို ခေတ်ပြိုင်များကလည်း ကြည်ညိုကြသည်။ နှောင်းလူများကလည်း ကြည်ညိုကြသည်။

လူငယ်တို့၏ အားရဝမ်းသာစွာ ဖြင့် ဟေးကနဲ အော်ဟစ်ရခြင်းမှာ ဝမ်းသာမှု အထိမ်းအမှတ်စွန့်လွှတ်အနစ်နာ အမှန်တကယ်ခံသူကို လူငယ်ကလည်း ကြည်ညိုသည်။ လူလတ်ကလည်း ကြည်ညိုသည်။ လူကြီးကလည်း ကြည်ညိုသည်။

အတိတ်ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံး၌ ကြည်ညိုမည်သူရှိသည်။

ယခုပင်လျှင်ကြည့် … တောအုံချုံကြားက လူငယ်လေးများသည် ငါးဦးစလုံး ပြန်လည်ဆုံတွေ့နိုင်မှုအတွက် ပီတိဖြစ်နေကြသည်။

ပီတိဟူသည် ကျေနပ်နှစ်သက်မှ ဖြစ်စမြဲပင်။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်

Leave a Reply

Your email address will not be published. Required fields are marked *