July 30, 2025
Uncategorized

သွေးစုပ်ကောင်

ကိုပိုက်
သွေးစုပ်ကောင်

ပဲခူးရိုးမသို့ မေးတင်လျက်ရှိသည့် ငမိုးရိပ်ချောင်းဖျား တောနက်ကြီးအတွင်းရှိ ရေအိုင်ကြီးတစ်ခုသို့ သမင်ငယ်တစ်ကောင် ရေသောက်ဆင်းလာ၏။ အိုင်စပ်သို့ ရောက်သည်တွင် နောက်သို့ လည်ပြန် လှည့်လိုက်သည်။ ပြီးလျှင် ဘေးဘီတစ်ဖတ်တစ်ချက် ကြည့်ပြန်၏။ အန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်၍ပေလား မသိ။ ပြီးလေမှ အိုင်စပ်ရှိ ရေကို ငုံ့သောက်လေတော့၏၊

ဆာလောင်မွတ်သိပ်နေသည်ကြောင့်ပေလား မသိ။ အငမ်းမရ သောက်နေခြင်းဖြစ်သည်။ အားပါးတရ စိမ်ပြေနပြေ သောက်ပြီးသည်နှင့် ပါးစပ်တစ်ဝိုက်တွင် တွယ်ငြိနေသည့် ရေစက်ရေမှုန်ကလေးများကို ခေါင်းခါယမ်းကာ သန့်စင်လိုက်၏။ သည့်နောက် လာရာလမ်းဘက် ပြန်လှည့်သွားတော့သည်။

သူတွက်ထားသည်ကား သူ့တွင် အန္တရာယ်မရှိနိုင်ဟု ထင်ထားငြား အန္တရာယ်ကောင်သည် သူနှင့်အတူ ကပ်ပါလာသည်ကို လုံးဝမသိရှာချေ။

သူ့ကိုကြည့်ရသည်မှာ လန်းဆန်းတက်ကြွနေဟန်ရှိ၏။ ခုန်ပေါက် ပြေးလွှားလို့ပင် နေသေး၏။ သို့ငြား ကြာရှည်စွာ ပျော်ရွှင်ခုန်ပေါက်နိုင်ခြင်း မရှိတော့ချေ။ အလိုလိုနေရင်း အားအင်ယုတ်လျှော့လာ ၏။

သို့ကြောင့် ခြေလှမ်းများပင် လေးလံထုံထိုင်းလာသည်။ မျက်လုံးတွေ ဝေဝါးလာ၏။ သို့ဖြစ်သည်ကြောင့် ဆက်လျှောက်နိုင်စွမ်း မရှိပေတော့ဘဲ ခွေလဲကျ သွားတော့သည်။ .

သူနှင့် တွယ်ကပ်ပါလာသည့် အန္တရာယ်ကောင်သည်လည်း ဘယ်နေရာတွင် ခွာထွက်သွားလေသည် မသိချေ။

လွန်စွာမျှ အံ့ဩဖွယ်ကောင်းသော ဖြစ်ရပ်ပင်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ကြီးမားသော ဒဏ်ရာဒဏ်ချက်မရှိဘဲ လဲကျသေဆုံးနေသော သမင်ငယ်တစ်ကောင်ကို သေချာစစ်ဆေးကြည့်လိုက်ကြသည်။

လည်တိုင်တွင် အနာပေါက်လေးများ သွေးစို့နေသည့် ထူးခြားမှုမှလွဲ၍ အခြား ဘာမျှ သံသယဖြစ်ဖွယ် မရှိချေ။ အဆိပ်ပြင်းသော သတ္တဝါ ကိုက်ခဲထားခြင်း အလျဉ်းမဟုတ်ချေ။

မြွေကိုက်ဒဏ်ရာ ဆိုပါလျှင်လည်း အနာပေါက်နှစ်ခုသာ ရှိလိမ့်မည်။ ပြီးတော့ ခြေထောက်ပိုင်းတွင်သာ ဒဏ်ရာ ရှိရမည် မဟုတ်ပါကလား။

ယခုတွေ့လိုက်ရသော သမင်ငယ်ကို မတွေ့မီ ကျန်ခဲ့သောခရီး မိုင်ဝက်လောက်က ဤပုံနှယ် သေဆုံးနေသည့် “ချေ” ဂျီကြီးတစ်ကောင်ကိုလည်း တွေ့ခဲ့ကြပြီ ဖြစ်သည်ကြောင့် ပို၍ပင် အံ့ဩမိခြင်းဖြစ်သည်။

ချေ (ဂျီ)ဖိုကြီး သေဆုံးနေပုံသည်လည်း ထူးဆန်းလှပေစွ။ မည်သို့ပင် သေဆုံးစေ အဆိပ်မိ၍ သေဆုံးကြခြင်း မဟုတ်သည်ကြောင့် သားကောင်ကို ပစ်ခွင့်မကြုံသော ကျွန်တော်တို့အတွက် ရိက္ခာအလို့ငှာ ချေ(ဂျီ)ဖိုကြီးကိုပင် အသားဖျက်လိုက်ကြသည်။

သို့ အသားဖျက်ရာတွင် အမှန်ဆိုပါလျှင် သွေးသံရဲရဲ ထွက်လာရမည်ဖြစ်ငြား ယခုမူကား ဆန်းစွာ သွေးမရှိ၊ ဖြူဖတ်ဖြူရော် ဖြစ်နေတော့၏။

ဤတောတောင်အတွင်း လမ်းပျောက်နေသော ကျွန်တော်တို့ကို တောစောင့်တောင်စောင့်နတ်က လှည့်စားနေခြင်းလား မသိနိုင်ပါချေ။

ကျွန်တော်တို့သည်လည်း မနက်ကတည်းက လမ်းစပျောက်၊ မည်သည့် သားကောင်မျှ မတွေ့။ မပစ်ခတ်ရခြင်းကြောင့် ဆာလောင်နေပြီဖြစ်၏။

သို့ကြောင့် အန္တရာယ်မရှိနိုင်လောက်ဟု တွက်ကာ ထို ချေ(ဂျီ)ဖိုကြီးအသားကို မီးကင်စားလိုက်ကြသည်။ မည်သို့သော ဘေးဥပါဒ်မှ မဖြစ်ပါချေ။

သည့်နောက် ကျွန်တော်တို့သည် ပြန်လမ်းရှာရင်း တောတိုးခဲ့ကြပြန်၏။

သို့ လျှောက်ခဲ့ကြရင်းမှ သမင်ငယ်တစ်ကောင် ထူးဆန်းစွာ သေဆုံးနေခြင်းနှင့် ဆုံခဲ့ပြန်ခြင်းဖြစ်သည်။

ကျွန်တော် စဉ်းစားမိသည်မှာ ထိုသားကောင်နှစ်ကောင် သွေးစုပ်ခံရခြင်းကြောင့် သေဆုံးရခြင်း ဖြစ်လိမ့်မည်ဟုပင်။ သို့ဖြစ်၍ ကျွန်တော်က …

“ကိုလင်းရေ. . . ကျွန်တော့်အထင်တော့ ဒီကောင်တွေ သွေးစုပ်ဖုတ်ကောင်နဲ့ တိုးခဲ့ကြတာ ဖြစ်မယ်ဗျ”

ဟု ပြောလိုက်၏။

“မဖြစ်နိုင်တာ ကိုပိုက်ရယ်”

“ကြည့်လေဗျာ. . . လည်တိုင်မှာ သွေးစို့နေတဲ့ အနာပေါက်နဲ့ သွေးဆုတ်သေပုံခြင်း တူနေတယ်လေ”

လင်းမြင့်လှိုင်၏ ငြင်းချက်ကို သို့နှယ် ကျွန်တော်က ပြောလိုက်ငြား-

“ဒါတော့ မဖြစ်နိုင်ဘူး။ သွေးစုပ်ဖုတ်ကောင်ဆိုလျှင်ဖြင့် လူ့သွေးသာ စုပ်တတ်ကြတာကလား”

ရယ်လို့ ဆင်ခြေပေးလာပြန်၏။ ကျွန်တော်သည် ခေါင်းကို ခါယမ်းလျက်

“ကျွန်တော် ကြားဖူးတာတော့ သွေးစုပ်ဖုတ်ကောင်တွေဟာ လူတွေကို တိုက်ခိုက်တတ်သလို တိရစ္ဆာန်တွေကိုလည်း တိုက်ခိုက်တတ်တယ်လို့ သိသဗျ”

ဟု ပြောလိုက်သည်တွင် လင်းမြင့်လှိုင်က သွားတက်ကလေးပေါ်ရုံ ပြုံးလျက်. . .

“ထားပါတော့. . . နို့ဖြင့် ဘာကြောင့် အစွယ်ရာတွေ အများကြီး ရှိနေရတာလဲ”

မေးလာတော့၏။

ကျွန်တော် ဘာပြောရမည်မသိ ဖြစ်သွားတော့၏။

လင်းမြင့်လှိုင် မေးလာသည်မှာလည်း ချက်ကျကျ ဖြစ်သည်။ အစွယ်ရာနှစ်ပေါက်ထက် ပိုနေသည်ကလွဲ၍ ထိုသားကောင်များသည် သွေးစုပ်ခံရမှုကြောင့် သေဆုံးခြင်းကတော့ မမှားယွင်းနိုင်ပါချေ။

ဘယ့်တွက်မူ သွေးစုပ်ဖုတ်ကောင်တို့သည် လည်တိုင် သို့မဟုတ် နှလုံးသားရှိရာ နေရာမှနေ၍ သွေးများစုပ် ယူတတ်သည်ဟု ကြားခဲ့ဖူးသောကြောင့် ဖြစ်၏။

သို့တည်းမဟုတ် သွေးစုပ်ဖုတ်ကောင် ဖြစ်လျှင်လည်း ဖြစ်မည်။ သို့တည်းမဟုတ် အခြား ထူးဆန်းသော သတ္တဝါတစ်ကောင်ကောင်လည်း ဖြစ်လိမ့်မည်။

ကျွန်တော်တို့ လမ်းမှားရောက်နေသော တောအတွင်း ထူးခြားဆန်းပြားသော သွေးစုပ်သတ္တဝါဆန်းတစ်ကောင်တော့ဖြင့် ရှိနေသည်မှာ သေချာပေသည်။

သို့ဖြင့်. . .

“ကိုလင်းရေ. . . သတိဝီရိယတော့ ရှိပါစေဗျာ။ ကိုယ့်ဘက်က လက်ဦးမှုရှိမှ စိတ်ချလောက်သဗျ”

ဟုသတိပေးစကားပြောရင်း ထိုနေရာမှ ထွက်ခဲ့တော့၏။

တောတောင်အတွင်း လမ်းပျောက်၍ စခန်းပြန်မရောက်နိုင်ဘဲ တောတွင်း ကြုံရာနေရာတွင် ညအိပ်ရခြင်းကို အကြိမ်ကြိမ် ကြုံခဲ့ငြား ကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သိပ်မရှိခဲ့ချေ။

ယခုမူ အခြေအနေက တစ်မျိုးဖြစ်သည်ကြောင့် အချိန်မီ စခန်း ပြန်မရောက်နိုင်မည်ကို တွေးမိသောကြောင့် ဖြစ်သည်။

ကျွန်တော်တို့ ယူဆထားသလို ကြောက်နေမိ၏။ ဘယ့်တွက်မူ ထူးဆန်းသော သွေးစုပ်သတ္တဝါဆန်း သွေးစုပ်ဖုတ်ကောင် ဖြစ်နေပါမူ သူတို့သည် ညအခါတွင် အမှောင်ထုကို အကာအကွယ်ပြုလျက် လှုပ်ရှားသွားလာလေ့ ရှိကြပြီး လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော်လည်းကောင်း တိုက်ခိုက်သွေးစုပ်တတ်ကြသည်ဟု သိထားခြင်း၊ ပြီးတော့ သူတို့သည် ကောင်းကင်သို့ ပြန်တက်နိုင်သလို ပုံသဏ္ဍာန်လည်း ပြောင်းလဲနိုင်စွမ်း ရှိသည်ဟု သိထားခြင်း၊ တချို့သော သွေးစုပ်ဖုတ်ကောင်တို့သည် ခန္ဓာကိုယ်မရှိသော ဝိညာဉ် “တစ္ဆေ” တစ်ကောင်မျှသာ ဖြစ်ချင်ဖြစ်နေမည်ဟု ဆိုကြခြင်းကြောင့် ကျွန်တော်သည် အချိန်မီ စခန်း ပြန်ရောက်ရန်ကိုသာ စိတ်မှာ စွဲနေမိတော့၏။ သို့ဖြစ်၍ …

“ကိုလင်း … ခေါင်းအေးအေးထား စဉ်းစားချေဗျာ။ ကျွန်တော်တို့ စခန်း အပြန်လမ်းကို တွေ့ဖို့ အရေးကြီးလာပြီဗျ”

ရယ်လို့ ပြောလိုက်သည်။

ဤတွင် လင်း မြင့်လှိုင်က ကျွန်တော့်ရှေ့မှ သွားနေရာက ရပ်တန့်လိုက်ပြီး လှည့်ကြည့်ရင်း

“ကျွန်တော်တို့ ဒီဆင်လမ်းအတိုင်း မလိုက်ဘဲ ရှေ့ ကျောစွယ်လောက်ကနေ ဖြတ်တက်ကြလျှင်ဖြင့် မကောင်းပေဘူးလား”

ဟု မေးလာ၏။

သို့အမေးကို ကျွန်တော် စဉ်းစားလိုက်ပြီး မှားယွင်းနေသည်ဟု ထင်ထားသော ဆင်လမ်းအတိုင်း လျှောက်နေမည့်အစား တောင်ကြောပေါ်ဖြတ်တက်၊ အခြားလမ်းရှာဖွေသွားလျှင် ပိုအဆင်ပြေနိုင်မည်ဟု ထင်သည်ကြောင့် လင်းမြင့်လှိုင်၏ အကြံပြုချက်ကို လက်ခံသည့်သဘောဖြင့် သူပြောသော တောင်စွယ်လေးပေါ်သို့ ကျွန်တော်ကပင် ဦးဆောင် တက်သွားလိုက်၏။

တောင်စွယ်လေးမှ ကြောမကြီးပေါ် ရောက်သည်တွင် ဖြူးနေသော ဆင်လမ်းအသစ်ကို တွေ့လိုက်ရ၏။

“ဒီမယ် ဆင်လမ်းအသစ်ဗျ။ ဒီလမ်းအတိုင်း လျှောက်ကြည့်တာပေါ့ဗျာ”

ဟု လင်းမြင့်လှိုင်က ပြောသည်။

ထိုလမ်းအတိုင်း လျှောက်ကြမည်ကို ကျွန်တော်လည်း သဘောကျပေ၏။ ဘယ့်တွက်မူ ကျွန်တော်တို့ လာခဲ့စဉ်က ဆင်လမ်းအသစ်မှ လာခဲ့ကြခြင်းကြောင့်ပင်။ ထိုလမ်း လျှောက်ခဲ့ကြခြင်းသည် အချိန်မီ စခန်းပြန်ရောက်နိုင်ဖို့ရာ ရာခိုင်နှုန်း အတော်များများ ဖြစ်နိုင်၏။

သို့လျှောက်ခဲ့ကြရင်း တောင်စွယ်လေးတစ်ခုမှ အဆင်းတွင် အင်းပျက်ဟု ထင်ရသော မြေပြန့်ကျယ် တစ်နေရာသို့ ရောက်ခဲ့ကြ၏။ သို့ဖြစ်ခြင်းကြောင့် ကျွန်တော် အတော်ကလေး စိတ်ပျက်သွားရပြန်၏။

မနက်က လာလမ်းတစ်လျှောက် မြေပြန့်ကျယ်ကျယ်ကို ဖြတ်သန်းလာခြင်း အလျဉ်းမရှိခဲ့သောကြောင့် ဖြစ်သည်။

“မှားပြီးရင်း မှားရင်းပါပဲကလား ကိုလင်းရေ”

ဟု စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်ပြီး မြေပြောင်ပြောင်နေရာတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

“အချိန်လည်း လင့်နေပြီ ကိုပိုက်။ ဒီညတော့ ကြုံရာမှာပဲ စခန်း ချရဖို့ သေချာနေပြီ”

လင်းမြင့်လှိုင်က ကျွန်တော့်နံဘေး ဝင်ရောက်ထိုင် ရင်း ပြောသည်။

“ဘယ်တတ်နိုင်မှာတုန်း. . . ဒီလို လုပ်မယ်ဗျာ။ ခဏတဖြုတ် နားပြီး အဆင်ပြေတဲ့နေရာလေးမှာ ဝါးတဲထိုးလိုက်ကြစို့ဗျာ”

ဟု ကျွန်တော်က ပြောလိုက်သည်တွင် လင်းမြင့်လှိုင်သည် ထိုင်နေရာမှ ထကာ …

“ဟုတ်တယ် ကိုပိုက်၊ ရှေ့နားမှာ ဝါးတောရှိတယ်။ အချိန်ရှိတုန်း ဝါးတဲ ဆောက်လိုက် ကြမယ်ဗျာ။ နားတာက ဘယ်အချိန်နားနား လုံလုံခြုံခြုံ ညအိပ်နိုင်ဖို့က အရေးကြီးတယ်”

ဟု ပြောရင်း ဝါးတောအတွင်း ဝင်သွားလေတော့၏။ ကျွန်တော်သည်လည်း ထပ်ကြပ်မကွာ လိုက်သွားတော့သည်။

နှစ်ယောက်အိပ်စာ ယာယီဝါးတဲလေး ဆောက်လုပ်ခြင်းသည် မည်သို့မျှ အခက်အခဲ မရှိပါချေ။ အလင်းမပျောက်မီ ခိုင်ခံ့သော ဝါးတဲလေးတစ်လုံး ဆောက်ပြီးသွားတော့၏။

ဆောက်ပြီးလက်စ ဝါးတဲကြမ်းခင်းပေါ်တွင် ခဏတဖြုတ် လှဲလိုက်ကြပြီး ခြေလက်သန့်စင်ရန် စခန်းထဲမှ ထွက်ခဲ့ကြလေတော့၏။

စခန်းတဲ မျက်နှာစာပြုထားသော မြေပြန့်လေးသို့ ထွက်ခဲ့ကြခြင်းဖြစ်သည်။ သို့ မြေပြန့်ဘက် ထွက်လာခြင်းသည် စခန်းတဲကို ဘယ်နေရာမှကြည့်ကြည့် မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။

စခန်းတဲနှင့် ကိုက်နှစ်ရာခန့် အရောက်တွင် ရေအိုင်ကြီးတစ်ခုကို လှမ်းတွေ့လိုက်ရသဖြင့် ဝမ်းသာမိသည်။

“အခန့်သင့်ပဲ ကိုလင်းရေ. . . ရှေ့မယ် ရေအိုင်ကြီးတွေ့ပြီဗျ”

ဆိုလိုက်တော့ …

“ရေကန်အသင့် ကြာအသင့်လို့လည်း ပြောရသဗျ”

ဟု လင်းမြင့်လှိုင်က ပြောလာပြန်သဖြင့်. . .

“ဘာလို့တုန်း”

မေးလိုက်သည်။

“ဟိုမယ် ကြည့်လေ. . . ရေအိုင်စပ်မှာ ရေသောက်ဆင်းနေတဲ့ ဂျီ(ချေ)တစ်ကောင် မတွေ့ဘူးလား”

ဟု ပြောလာသဖြင့် အိုင်စပ်သို့ ကျွန်တော် လှမ်းကြည့်လိုက်ပြန်သည်။

“ဟုတ်တယ်ဗျို့။ ညအစာအလို့ငှာ အဆင်ပြေသွားပြီပေါ့”

ဆိုကာ ကျွန်တော်သည် ပခုံးထက် လွယ်ပိုးလာသည့် သေနတ်ကို ဖြုတ်၍ ထိုသားကောင်ရှိရာသို့ ထိုးချိန်လိုက်သည်။

“ဆန္ဒ မစောပါနဲ့ ကိုပိုက်ရယ်။ ချေ(ဂျီ)ကလေး ရေသောက် ပြီးပါစေဦး”

ဟု ပခုံးကိုကိုင်လျက် သတိပေးလာသည့် လင်းမြင့်လှိုင်က …

“သိပါတယ်ဗျာ။ သူ ဒီဘက် ပြန်လှည့်တက်လာရမယ်ဆိုတာ တွက်ပြီးသားပါ”

ဟု ပြန်ပြောလိုက်သည်။

လင်းမြင့်လှိုင်သည် ကျွန်တော့်နံဘေး ချုံနွယ်ပင်နောက် ဝင်ရောက်ထိုင်လေတော့၏။

တစ်ခဏအကြာတွင် ချေ(ဂျီ) တစ်ကောင်သည် ရေသောက်ပြီးနောက် တွက်ထားသည့်အတိုင်း ကျွန်တော်တို့ရှိရာသို့ လှမ်းလာနေတော့၏။ ချုံနွယ်ပင်နောက်တွင် ပုန်းခိုနေသည့် ကျွန်တော်တို့ကို သူမြင်နိုင်လိမ့်မည် မဟုတ်ချေ။

ကျွန်တော်သည် ချေ(ဂျီ)ကောင်လေးကို သေချာ စူးစိုက်ကြည့်နေလိုက်ရင်း အခွင့်သာသည်နှင့် ချက်ကောင်းကို ပစ်ခတ်နိုင်ရန် စောင့် နေလိုက်သည်။

သို့ ကြည့်နေဆဲမှာပင် ချေ(ဂျီ)ကောင်ငယ်သည် တဖြည်းဖြည်း ကျွန်တော်နှင့် နီးကပ်လာချေပြီ ဖြစ်သည်။

“ဟာ. . . ကိုပိုက်၊ ချေ(ဂျီ)လေးရဲ့ လည်တိုင်တစ်ဝိုက်မှာ တွယ်ကပ်နေတာ ဘာတွေတုန်းဗျ”

သို့နှယ် လင်းမြင့်လှိုင်က အံ့အားသင့်ဟန်ဖြင့် ပြောလာသဖြင့် ကျွန်တော်သည် ချိန်ထားသော သေနတ်ပြောင်းကို မြေပြင်သို့ စိုက်ချကာ ချေ(ဂျီ)ကောင်ငယ်ကို လှမ်းကြည့်လိုက်သည်။

လင်းမြင့်လှိုင် ပြောသလို ချေ(ဂျီ)ကောင်ငယ်၏ လည်တိုင်တွင် မည်းမည်းသဏ္ဍာန်တို့သည် တွဲလောင်းကျလာတော့၏။ မြေပြင်သို့ ပြုတ်ကျခြင်းတော့ မရှိချေ။

မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် သေနတ်ကို ပြန်လည်ထိုးချိန်လိုက်ကာ အခွင့်သာသည်နှင့် မောင်းထိန်းခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။

“ဒိန်း”

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံနှင့်အတူ ချေ(ဂျီ)ကောင်ငယ်သည် အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ လဲပြိုနေရာမှ ထွက်ပြေးနိုင်စွမ်း မပြောလေနှင့်။ လှုပ်ရှားရုန်းကန်ရန်ပင် စွမ်းအား ရှိတော့မည် မဟုတ်ချေ။

ကျွန်တော့်သေနတ် ပြောင်းဝမှနေ၍ လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးထွက်သွားသော ခဲကျည်ဖူးလေးသည် ချေ(ဂျီ)ငယ်၏ နှလုံးသားတွင်း ထိုးဖောက် ဝင်ရောက်သွားချေပြီကိုး။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုလဲပြိုသေဆုံးနေသော ဂျီ(ချေ)ကောင်ငယ်ထံ သွားလိုက်ကြသည်။

“အလိုလေးဗျာ”

“ဟာ”

နှစ်ယောက်သား လွန်မင်းစွာ အံ့အားသင့်သွားကြသည်။ ဂျီ (ချေ)ကောင်ငယ်၏ လည်တိုင်အနှံ့ တွဲလောင်းကျ တွယ်ကပ်နေသော အရာများသည် အခြားမဟုတ်။ လွန်စွာကြီးမားသော “မျှော့” ကောင်များ ဖြစ်နေတော့၏။ အတန်ငယ် သွေးဝနေပြီ ဖြစ်သည်။ သခွားသီးလုံး ပမာဏရှိ မျှော့ကြီးများသည် ဇွဲနပဲကြီးစွာဖြင့် ချေ(ဂျီ)ကောင်ငယ်၏ လည်တိုင်တွင် တွယ်ကပ် သွေးစုပ်နေဆဲ ဖြစ်သည်။

“ကျွန်တော် ဒီလောက်ကြီးတဲ့ မျှော့ကြီးတွေ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးသေးဗျာ”

သို့နှယ် လင်းမြင့်လှိုင်က ပြောလာ၏။

“ဘယ့်နှယ် ပြောပါလိမ့်။ ကျွန်တော်လည်း ကိုလင်းလိုပါပဲ”

ဟု ပြန်ပြောလိုက်ရင်း ထိုမျှော့ကြီးများကို သေနတ်ပြောင်းဝနှင့် ထိုးကော် ခွာထုတ်လိုက်သည်။

ခက်ခက်ခဲခဲ ထိုးကော်လိုက်ရခြင်း ဖြစ်သည်။ မျှော့ ကြီးများ ကွာထွက်သွားသည်နှင့် ထိုနေရာများမှ သွေးများ ပန်းထွက်လာတော့သည်။ လွန်စွာမျှ စုပ်အားသန်သော မျှော့ကြီးများ ဖြစ်သည်။

“ဟုတ်ပြီ ကိုလင်း. . . သေချာတဲ့ အဖြေတစ်ခု ကျွန်တော် ရလိုက်ပြီ”

ဟု ဝမ်းသာအားရ ပြောလိုက်သည်တွင်. . .

“ဘာတုန်းဗျ”

ရယ် မေးလာသဖြင့် ကျွန်တော်က

“လမ်းမှာ ကြုံခဲ့တဲ့ ဂျီ(ချေ)နဲ့ သမင်တို့ သေပုံသေနည်း တူနေလို့ သွေးစုပ်ဖုတ်ကောင် လက်ချက်လို့ ထင်နေတာလေ”

ဟု အစဖော်လိုက်သည်နှင့် လင်းမြင့်လှိုင်၏ မျက်နှာသည် ဝင်းပသွားပြီး …

“ဟုတ်ပြီ … ဟုတ်ပြီ … သိပြီ။ လက်စသတ်တော့ ဒီမျှော့ကြီးတွေက သူတို့သွေးကို စုပ်ယူကြလို့ သွေးကုန်ခန်းပြီး သေကြရတာပေပဲ”

ဟု ပြောလေတော့၏။

“နို့ဆိုလျှင်ဖြင့် တောကောင်တွေဟာ ဒီမျှော့နက်ကြီးတွေရှိတဲ့ ရေအိုင်မှာ ရေလာသောက်ကြရာကနေ မျှော့နက်ကြီးတွေ တွယ်ကပ်ခံလိုက်ကြရတာဖြစ်မယ်။ နို့ကြောင့်လည်း လည်တိုင်မှာသာ တွယ်ကပ်နိုင် ကြတာပေါ့ဗျာ”

သို့နှယ် ကျွန်တော်က ပြောလိုက်ပြီး တဆက်တည်းဆိုသလိုပင်

“ကဲ. . . ကိုလင်း ရေအိုင်ဘက်သွားကြရအောင်”

ဟု ပြောလိုက်သည်။

“နေဦး ကိုပိုက် … ဒီကောင်တွေကို ရှင်းခဲ့လေမှ”

ဆိုကာ မျှော့ကြီးသုံးကောင်ကို သေနတ်ဖြင့်တေ့ကာ တစ်ကောင်ချင်း သုတ်သင်လိုက်တော့သည်။

“ဒိန်း”

“ဒိန်း”

“ဒိန်း”

အားပါးတရ စုပ်ယူထားသော သွေးများ ပြန့်ကျဲပန်းထွက်ကုန်၏။

“ကဲ. . . သွားကြစို့”

ဆိုကာ ရေအိုင်ကြီးရှိရာသို့ ခြေလက်သန့်စင်ရန် လျှောက်သွားကြတော့သည်။

ရေအိုင်စပ်သို့ ရောက်သည်တွင် နှစ်ယောက်သား “ကြက်သီးမွေးညင်း” ထသွားကြတော့သည်။

မြင်လိုက်ရသော မြင်ကွင်းသည် အသည်းယားဖွယ်၊ ကြောက်လန့်ဖွယ်ပင် ဖြစ်တော့သည်။

ရေအိုင်ကြီးအတွင်း မည်းမည်းလှုပ်နေသော မျှော့ကြီးများသည် သူတို့ထံ ရောက်လာသည့် သားကောင်ကို လူးကာလွန့်ကာ ကူးခပ်ရင်း စောင့်မျှော်နေကြပေသည်။

ဤမျှ ကြီးများ များပြားသော သွေးစုပ်ကောင် မျှော့နက်ကြီးများရှိရာ ရေအိုင်အတွင်း ကျွန်တော်တို့နှစ်ယောက် မည်သို့သော သတ္တိမျိုးမွေးကာ ဆင်းဝံ့ပါလိမ့်မည်နည်း။

သို့ဖြစ်၍ ကျွန်တော်တို့နှစ်ယောက်သည် စခန်းသို့ပြန်ကာ ချေ (ဂျီ)ကောင်ငယ်ကို အသားဖျက်၍ မီးကင်စားလိုက်ကြပြီး ညစ်တီးညစ်ပတ်နှင့်ပင် အိပ်ရာဝင်ခဲ့ကြရတော့သည်။

ကျွန်တော်တို့ တွက်ထားသလို သွေးစုပ်ဖုတ်ကောင် မဟုတ်တော့ခြင်းကြောင့် စိတ်ချလက်ချ အိပ်ဝံ့ခြင်း ဖြစ်တော့သည်။

နောက်တစ်နေ့ နံနက်စောစော အိပ်ရာအထတွင် အဆာပြေအလို့ငှာ ချေ(ဂျီ) သားကင်ကို တဝစားလိုက်ကြပြီး ပြန်လမ်း မှန်းရှာကာ စခန်းဟောင်းသို့ ပြန်ခဲ့ကြတော့သည်။

(မှုခင်းရှုထောင့် မဂ္ဂဇင်း၊ မတ်လ ၊၂၀၀၂ခုနှစ်)

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *