July 30, 2025
Uncategorized

ဟင်းစား

သန်းမြင့်သန်း (ကွမ်းခြံကုန်း)
ဟင်းစား

“အဖေရေ …. ဗျို့ … အဖေ၊ ထမင်းလုံးတွေ တက်လာနေပြီဗျ”

ဆင်ပေါက်သည် အမောတကော ပြေးလာကာ အော်ပြောရင်း ပိုက်ဖာနေသော ကိုပြူးကျယ်အနီးသို့ ရောက်လာ၏။

ကိုပြူးကျယ်လည်း သားငယ် ဆင်ပေါက်ကိုကြည့်ကာ ပိုက်ဖာလက်စကို ရပ်လိုက်၏။

ဆင်ပေါက် ပြေးတက်လာသောအရှိန်ကြောင့် အိမ်နှင့် ချောင်းရေပြင်ကို ဆက်သွယ်ထားသော ရေဆင်းဝါးတံတားလေးမှာ လှုပ်ခါသွား၏။

ကိုပြူးကျယ်တို့ မိသားစု နေထိုင်ရာ တဲသာသာရှိသော တံငါအိမ်ကလေးမှာ တိုးမြစ်အတွင်းသို့ စီးဆင်းနေသော ချောင်းနဖူးတွင် မေးတင်ဆောက်ထား၏။ အိမ်တစ်နေရာစာ ခြံမြေတစ်ကွက် မရှိရှာသည့် ကိုပြူးကျယ်တို့လို ဆင်းရဲနွမ်းပါးသော တံငါများအဖို့ရာ တိုးမြစ်ကမ်းနဖူးသည်သာ မှီတွယ်ခိုနားရာဖြစ်၏။ လှေဦးတိုက်၊ လှည်းဦးတိုက် ဖြစ်လင့် ကစား အယူသီးမနေနိုင်အားဘဲ အခမဲ့နေထိုင်ခွင့်ရသည့် တိုးမြစ်ကြီးကို အားထားကာ နေသားကျခဲ့ကြပေသည်။

ဆင်ပေါက်က ရေထဲမှ လက်နှစ်ဖက်ဖြင့် ဆယ်ယူ လာသော ထမင်းစေ့သဏ္ဌာန် ဖြူဖြူဖွေးဖွေး ရေပိုးကောင်ကလေးများကို ဖြန့်ပြနေ၏။ ထမင်းလုံးကလေးများသည် ဆင်ပေါက် လက်ဖဝါးပြင်ပေါ်သို့ ရိုးတိုးရွတ လျှောက်တက်နေကြ၏။

“ဟဲ့ကောင်လေး … ကွန်မကတွေကို ဘာကိစ္စ ဖမ်းလာရသတုံး။ ပေါက်ပေါက်ရှာရှာကို ဆော့တယ်။ သွား … လွှင့်ပစ်ချေ”

ပြောပြောဆိုဆိုနှင့် မပုစိန်၏ လက်ခေါက်က ဆင်ပေါက်ဦးစွန်းဖုတ်ပေါ်သို့ ဒေါက်ခနဲ ရောက်သွား ၏။ ဆင်ပေါက် ခေါင်းပုကာ ကိုပြူးကျယ်ကို မျက်လုံးလှန်၍ ကြည့်လိုက်ရာ ကိုပြူးကျယ်က ပြုံးစိစိသာ လုပ်နေလိုက်သည်။

“ကြီးကြီးကျယ်ကျယ် ခွက်တစ်ဆယ်လုပ်ပြီး ကွန်မကတွေ လာပြမနေနဲ့။ နင့်အပူ တစ်ပြားသားမှ မပါဘူး။ သွား … ဟိုဘက် ကမ်းတောစပ်က ခလိန်သီးတွေ သွားခူးခဲ့ချေစမ်း”

ဆင်ပေါက်သည် ရေဆင်းတံတားမှ ပြေးဆင်းကာ ချောင်းတစ်ဖက်ကမ်းတောစပ်သို့ ရေကူးသွား၏။ မပုစိန်လည်း စူသိုးသိုးမျက်နှာနှင့် မီးဖိုချောင်သို့ ဝင်သွား၏။ ဖိုခုံလောက်ပေါ်က ငါးပိရည်အိုးကို မီးထိုးရင်း ကိုပြူးကျယ်အား တစ်ချက်စောင်းကြည့် သွားသေး၏။

ကိုပြူးကျယ်သည် မပုစိန်ကို ကြည့်လျက် ခေါင်းဆတ်မိ၏။

“အင်း … မိန်းမများ စိတ်လက်မကြည်သာရင် တယ် သိသာပါကလား။ အလုပ်ချိန် မကျသေးလို့ ထိုင်စားလာရတာ ရက်မနည်းတော့တာကိုး။ တစ်နေ့လုပ် တစ်နေ့စားဘဝက အလုပ် မလုပ်ရတော့ စိတ်ပျက်နေမှာပေါ့။ အင်း … အခုဆိုရင် ပူစရာမလိုတော့ ဘူး။ ရေပြာနောက်မြီးကတည်းက အလုပ်နားခဲ့ရတာ။ ကွန်မကရေ ရောက်လာပြီမို့ အလုပ်စဖို့ပဲရှိတယ်”

ကိုပြူးကျယ်သည် ဖာလက်စ ပိုက်တစ်ဖုံလုံးကို အပြီးသတ်ရန် အုပ်စီနှင့် ဂျပ်ကို ကောက်ကိုင်လိုက် ၏။ ကွန်မကများ မြစ်ရိုးချောင်းဖျားသို့ အစုလိုက် အပြုံလိုက် ရောက်လာပြီဆိုလျှင် ကိုပြူးကျယ်တို့လို ငါးတန်ပိုက်သမားတို့တွေအတွက် အသက်ရှူချောင်တော့မည်။

နယုန်လကတည်းက ထိုင်စားခဲ့ရသည့် အဖြစ်မှ ကျွတ်လွတ်ပေတော့မည်။ ဝါခေါင်မိုးကား သဲကြီးမဲကြီးရွာချေပြီတည်း။

ဝါခေါင်လ၏ သဘာဝက မိုးချည်းသက်သက် ရွာသည်မဟုတ်။ လေကြမ်းလည်း တိုက်လေ့ရှိတတ် သည်။

ကွန်မကများကို မြစ်ရိုးချောင်းဖျားအရောက် လေပြင်းက ပို့ဆောင်ပေးရ၏။ “ကွန်မက”ဆိုသည်မှာ ဖောင်စီးကဏန်း အကောင်ပေါက်ကလေးများ ဖြစ်၏။ တစ်နွေလုံး အပူရှိန်ကိုရှောင်လျက် လယ်ကွင်းလယ်ကွက် ပပ်ကြားအက်များ၌ ခိုအောင်းနေကြသော ကဏန်းမများ ဥချပေါက်ဖွားချိန်မှာ ဝါခေါင်လဖြစ်၏။ သိန်းသန်းမက များပြားလှသည့် ကွန်မကများက ငါးတန်ငါးတို့ကြိုက်သော အစာဖြစ်၏။

ဝါခေါင်လ မိုးကြီးလေကြီး ကျချိန်တွင် ရှင်သန်လေ့ရှိသော ကွန်မကများကြောင့် ငါးတန်ငါးတို့ ပေါချိန်ဖြစ်၏။ ငါးတန်ငါးတို့ နှစ်သက်သော အညှီစာဖြစ်လေရာ ကွန်မကကြီးလျှင် ဖောင်စီးကဏန်းအဖြစ်သို့ရောက်သည်အထိ ငါးတန်များ နှစ်ခြိုက်ကြ၏။

ကွန်မကတုံးတော့မှ သမဲ့သီး၊ လမုသီး၊ ကန့်ကလာသီး စသည့် သစ်သီးစာကို လိုက်တတ်ကြ၏။

ကွန်မကရာသီ တွင် ငါးတန်အသား ဆူဖြိုး၏။ သမဲ့ သီးရာသီ၌ ငါးတန်ဝမ်းတွင်းသား ခါး၏။ လမုသီး၊ ကန့်ကလာသီး ရာသီ၌ ငါးတန်အသား ချဉ်လေ့ရှိသည်။

ကွန်မကများ ကြီးထွားချိန်မှာ ဝါခေါင်လအတွင်း၌သာ ဖြစ်ပြီး ဖောင်စီးကဏန်းများကို သုံးကြိမ် သုံးခါအထိ ချောင်း၊ မြစ် များတွင် တွေ့ရှိရ၏။ ကဏန်း (၃) ရေဟုလည်း အမှတ်ထားကြ၏။ ထို ကဏန်း (၃)ရေတွင် လေကြီးမိုးကြီးများလည်း ကျရောက်လေ့ရှိသည်။ ငါးတန်ငါးတို့နှစ်ခြိုက်သောအစာဖြစ်သည့် ကွန်မကရာသီအခါတွင် ငါးတန်ပိုက်သမားတို့ လုပ်ငန်း စတင်လှုပ်ရှားကြရတော့၏။

ငါးတန်ပိုက်သမားနှင့် အခြား ငါးသလောက်ပိုက်သမား၊ ငါးပုတ်သင်ပိုက်၊ ငါးစင်းပိုက်နှင့် ငါးဖန်ဝိုင်းပိုက်သမားတို့မှာ သဘာဝချင်းလည်း မတူကြချေ။ အခြားအခြားသော ငါးတို့မှာ ရှားပါးသည်ဆိုသော်လည်း လုံးဝ မရတတ်သည်မဟုတ်။ တစ်နှစ် ပတ်လုံး အချိန်အခါမရွေး ရေသေ၊ ရေထမရွေး ရှာဖွေရတတ်သေး၏။

ငါးတန်များ ပျောက်ပြီဆိုလျှင် ငါးတန်ပိုက်သမားတို့ ဟင်းစားကျွေးစားငါးမျှပင် မရတော့ဘဲ အူခြောက် ရပေတော့သည်။

ငါးတန်များ အလွန်ကြိုက်သော အစာဖြစ်သည့် ကွန်မကတို့မှာ ရေထရက်၌သာ အများအပြား ပေါ်လာတတ်ကာ ချောင်းရိုး၊ မြစ်ရိုး အနှံ့အပြားမှာ ဖျာခင်းထားသည့်ပမာ မြင်တွေ့ရပေ၏။

ထိုသို့ ကွန်မကတက်သည့် ရေထရက်များတွင် ငါးတန်ပိုက်ကို ရေစိမ်ပစ်ကြရသည်။ ရေမနိုင်ဘဲ လှေကိုင်၍ မရနိုင်သော ကိုပြူးကျယ်တို့လို ငါးတန်ပိုက်ကြီးသမားများအဖို့ ကွန်မကရေကို လက်လွတ်မခံ နိုင်သဖြင့် အပိုင်အနိုင် တွက်ချက်လုပ်ကိုင်ကြရပေသည်။

xxx xxx xxx

ကိုပြူးကျယ်နှင့် ဆင်ပေါက်တို့ သားအဖနှစ်ယောက် တိုးမြစ်အောက်ပိုင်းသို့ လှေတစ်စင်းနှင့် စုန်ဆင်းခဲ့ကြပြီ။

ကိုပြူးကျယ်သည် ပိုက်ပစ်လျှင် အဆင်သင့်ဖြစ်စေရန် လှေပေါ်၌ ပိုက်ဖော့သီးအစီကြိုးများကို အတိုအရှည် ညှိလျက်ရှိ၏။

ဆင်ပေါက်သည် အရွယ်နှင့်မမျှအောင် ခတ်တက်ကို အားကုန်ခတ်လျက် ရှိ၏။ ကျရေအရှိန်နှင့် လှေသည် ရေပြင်ကို ဝက်ခေါင်းထိုး ရွေ့လျားနေ၏။

“လူလေး … လမုသုံးပင်တန်း ရောက်ပြီ။ ရေတက်ဖို့နည်းနည်းလိုအုံးမယ်။ သံမီးကျည်ကမ်းပါးလောက် အထိ ခတ်ကွာ”

ကိုပြူးကျယ်သည် ကမ်းဘက်သို့ လှမ်းကြည့်လိုက်၏။ ကမ်းစပ်လတာပြင်တစ်လျှောက်တွင် ကလက်ပင်များ ယိမ်းထိုးလှုပ်ရှားနေကြ၏။

မင်းသားကြီးရေကြောင်းမှာတော့ လှိုင်းခေါင်းဖြူများအဖွေးသားနှင့် လေပင့်ထားသည့်အတိုင်း ခေါင်းထောင်ထလျက် ရှိ၏။

“လှေကို ကမ်းကပ်လိုက် လူလေး။ ရှေ့ဘက်ကို ခပ်ထောင်ထောင်ခတ်ပြီး ကလက်တောထဲကို လှေဦးထိုးလိုက်တော့”

ဆင်ပေါက်သည် လှေကို ကလက်ပင်အစုထဲသို့ အရှိန်ဖြင့် ဦးထိုးလိုက်၏။ ကိုပြူးကျယ်လည်း ကလက်ပင်များကို သေချာစွာကြည့်ရင်း –

“တွေ့လား … ဒီကလက်ပင်တွေမှာ ကွန်မကတွေ တန်းစီခိုကပ်နေကြတာ။ ကလက်ပင်ဆိုတာ ရေငန် ရောက်တဲ့ လတာနုန်းမှာသာပေါက်တဲ့ မြက်ရိုင်းပင်မျိုးပဲ။ ကလက်ပင်အမြစ်မှာ ကလက်ပိုးကောင်လေးတွေ ရှိတယ်။ ဒီလိုရာသီမှာ ကွန်မကနဲ့ ကလက်ပိုးတွေကို ငါးတန်တို့၊ ကဘီလူးငါးတို့က အရမ်းကြိုက်တော့ ရေပေါ်က ကလက်ပင်အဖျားမှာ ခိုကပ်နေတဲ့ ကွန်မကတွေလဲ စား၊ ရေအောက်က ကလက်ပိုးတွေကိုလဲ စားလေ့ရှိကြတယ်။ ကလက် ပင်အဖျားမှာ ငါးကိုက်ထားတာ တွေ့ရင် ဒီနေရာတစ်ဝိုက်မှာ ငါးတန် တက်နေပြီဆိုတာ သေချာတယ် ကွ”

အတွေ့အကြုံမရှိသေးသော ဆင်ပေါက်ကို ရှင်းပြနေ၏။ ငါးအကြောင်းကို နားမလည်သေးသူမို့ ငါးသဘာဝကို ရှင်းပြနေခြင်းဖြစ်၏။ တံငါနားနီးတော့လည်း တံငါရည်ဝလာမည်သာ ဖြစ်၏။

“ဒါဆိုရင် ဒီနေရာမှာ ပိုက်ပစ်ချရင် ငါးရဖို့ သေချာပြီပေါ့နော်”

“ကံသေကံမ ပြောလို့တော့ ဘယ်ရမလဲကွ။ ရေထဲကငါးကို ကြိုးချည်ထားတာမှ မဟုတ်တာ။ ငါးစားကျက်သိရင် ငါးရဖို့ မခက်ပါဘူး။ စားကျက်ကိုတော့ ရှာတတ်မှ တံငါပီသမှာ။ ဒါကြောင့် ဟင်းစားသာ အလကားရမယ်၊ တံငါကွန်ချက်မပြဘူး ဆိုတာပေါ့”

“သမုဒ္ဒရာ ဝမ်းတစ်ထွာ” ဟု ဆိုရိုးရှိ၏။ တစ်ထွာသော ဝမ်းရေးအတွက် လူတို့ ရုန်းကန်ရသည်က အသက်နှင့်အမျှ ဖြစ်ကြပေသည်။ ဘဝသမုဒ္ဒရာရေငန်တောမှာ အပြောကျယ်ငြားသော်လည်း ရေချိုရေ အေးတစ်စက်တစ်ပေါက်ကို သောက်သုံးရယူဖို့ရန် အားမာန်နှင့် ရင်းနှီးရသည်ချည်းပင်။

ဆင်ပေါက်သည် သူ့အဖေ ပြောသည်များကို နားစွင့်မှတ်သားရင်း မေးလိုက်သည်။

“ဒါဆိုရင် ဒီနေရာကို ပိုက်ပစ်ချရုံပဲပေါ့ အဖေရ”

“ဒီလိုလဲ မဟုတ်သေးဘူးကွ။ ရေချိန် မိုးချိန်ကိုလဲ ကြည့်ရသေးတယ်”

ဆင်ပေါက်မှာ ငါးပွက်ရာ ငါးစာချဖို့သာ စိတ်အားထက်သန်လျက်ရှိ၏။ ဝမ်းပူခဲ့ရသောနေ့များ၊ ခလိန်သီးနှင့် စခန်းသွားခဲ့ရသော နေ့များ၊ အူခြောက်ခဲ့ရသောနေ့များအတွက် ငါးတန်ဝမ်းပျဉ်းသားဆူဆူကို အတိုးချ စားချင်လှ၏။

ချောင်းစပ်၌ အလေ့ကျပေါက်သော ဂေါ်ရခါးသီးနှင့် ဆင်တူသည့် ခလိန်သီးဟင်းကို နေ့စဉ်စားရသည်မို့ လူငယ်ပီပီ အစားမက်သည်မှာ မဆန်းပါချေ။

ကိုပြူးကျယ်သည် သားဖြစ်သူ ဆင်ပေါက်ကို ကြည့်ရင်း စာမတတ်ပေမတတ်နှင့် တံငါဇာတ်သွင်းခံနေရသည့်ဘဝကို “ကိုယ် မချိ၊ အမိသော်လည်း၊ သားတော်ခဲ” အဖြစ်မျိုးမို့ ရင်ကျိုးမတတ် ခံစားနေရသော်လည်း ဘာမျှ မတတ်နိုင်ပါချေ။ သူတို့မိသားစုဘဝက သည်မျှသာ ပြဋ္ဌာန်းထားရှိခဲ့လေပြီ မဟုတ် ပါလား။

xxx xxx xxx

သံမီးကျည်ကမ်းပါးဆီမှ ဘုတ်အီသံကို ကြားရ၏။ ဘုတ်ငှက်မြည်သံက ရေတက်ရေကျတိုင်း အီလေ့ရှိရာ မကြာခင် ရောက်လာတော့မည်။ ရေတက်လာသည်နှင့် ကောင်းကင်မှာ ညိုမည်းရောင် သန်းကာ မိုးသက်များ ရွာချလာ၏။

“ဟော .. မိုးရွာလာပြီ အဖေ”

“ရွာပါစေကွာ။ ရေတက်မိုးရွာတာ မဆန်းပါဘူး။ တစ်ခါ တစ်ခါ လေရော မိုးပါ ကြမ်းတတ်တာပဲ”

မြစ်ပြင်သည် မိုးလေအရှိန်နှင့် လှုပ်ရှားစပြုလာ၏။ ပတ်ဝန်းကျင်တစ်ခွင်လုံး သပြေသီးမှည့်ရောင် ညိုမှောင်လာသည်။

ကိုပြူးကျယ်သည် ငါးစားကျက်အား တွေ့ထားပြီဖြစ်၍ ပိုက်ကို ရေမျှောမပစ်တော့ပေ။ ကမ်းရိုက် ပိုက်ချက်အသေနှင့် ငါးလမ်းကြောင်းကို မလွတ်စတမ်း အပိုင်ပစ်ဖမ်းလိုသောကြောင့် ကမ်းစပ်၌ လှေခတ်တိုင်ကို ခိုင်ခိုင်ထိုးစိုက်လိုက်လေသည်။

ထို့နောက် မြစ်ကန့်လန့် ဖြတ် အနေအထားဖြင့် ဓားလွယ်ခုတ် ခပ်စောင်းစောင်း ပိုက်ချလိုက်၏။ မိုးသီးမိုးစက်များကြားမှ ဝိုးတဝါးမြင်ရသော ငုတ်တိုင် ပြုတ်မသွားစေရန် လှမ်းကြည့်နေရ၏။

မိုးရေနှင့် တက်ရေပေါင်းလျက် မြစ်အတွင်း ချက်ချင်းရေပြည့်လာ၏။ မိုးကလည်း တဖွဲဖွဲနှင့် ရွာမစဲချေ။

နာရီဝက်သာသာတွင် ပိုက်ဖော်လိုက်၏။ ပိုက်သားများကို လှေပေါ်သို့ ဆွဲတင်ကြရာ ဝင်းဝါနေသော သုံးပိဿာခန့်ရှိ ငါးတန်တစ်ကောင် မိနေသည်ကို တွေ့လိုက်ရ၏။ ဆင်ပေါက်သည် ငါးကြီးကို မြင်သည်နှင့် ဝမ်းသာအားရ လှမ်းဆွဲဖမ်းယူရန် ဟန်ပြင်လိုက်ရာ

“ငါးကို သွားမဆွဲလိုက်နဲ့ နော်။ ငါးတန်မှာ ချွန်ထက်နေတဲ့ ကျောရိုးဆူးတောင်နဲ့ ဘေးဆူးတောင်တွေ ရှိတယ်။ ငါးတန်ဆူး စူးမိရင် တော်ရုံနဲ့ ပြန်မထွက်ဘူး။ အဆိပ်ပြင်းလွန်းလို့ အခံရခက်တယ်။ ငယ်နိုင်ချိတ် ပေးစမ်း”

တစ်မတ်လုံးသံချောင်းဖြင့် ပြုလုပ်ထားသော ဂငယ်ကွေးပုံစံ ငယ်နိုင်ချိတ်ကိုသုံးကာ ငါးတန် ဆူးတောင်များကို ချိုးပစ်လိုက်ရ၏။ ဆင်ပေါက်သည် ငါးတန်ကြီးကိုကြည့်ရင်း ငါးတန်ဝမ်းပျဉ်းသား ဆူဆူကို တဝကြီး ချက်စားနိုင်မည့်အရေး တွေးလျက် ကျေနပ်နေ၏။ ဟင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်သောကြောင့် အတိုးချစားရန် ဆန္ဒပြင်းပြလျက် ရှိသည်။

“ဒီ ငါးတန်ဝမ်းပျဉ်းသားကို မင်းတစ်ယောက်တည်း ကုန်အောင် စားနိုင်ပါ့မလား။ ပင်လယ်ငါးခူ နှုတ်ခမ်းသားနဲ့ ငါးတန်ဝမ်းပျဉ်းသားဆိုတာ အကောင်းဆုံးပေါ့ကွာ။ ဒါပေမဲ့ ဒီငါးတန်က ရိုးရိုးငါးတန်မျိုး မဟုတ်ဘူး။ စိန်ငါးတန်လို့ ခေါ် တယ်။ အလွန်ဆူဖြိုးပြီး အဆီများတဲ့ ငါး”

“စားနိုင်တာပေါ့ အဖေရ၊ ဒါလေးများ အဆန်းမှတ်လို့”

“အေး … ကြည့်ရသေးတာပေါ့ကွာ”

ပိုက်ရုပ်သိမ်းအပြီး၌ လေငြိမ်သွား၏။ မိုးကား တဖွဲဖွဲ ရွာနေဆဲပင် ဖြစ်၏။ အိမ်ပြန်လမ်းတွင် ဆင်ပေါက်သည် သီချင်းကလေး တအေးအေးဖြင့် သွက်လက်ဖျတ်လတ်စွာ လှေကိုလှော်ခတ်နေ၏။

“ငါးကြင်းတွေဆန် × × × ငါးတန်တွေ × × × သောင်ရေစီး မှာလ × × × ကိုတံငါလှေယာဉ်စီး ပါလို့ ပိုက်ကြီးကိုရေချလာ× × ×”

xxx xxx xxx

တိုးမြစ်ရေပြင်သည် ပြိုင်မြင်းပြေးသလို တရိပ်ရိပ်တိုးလာ၏။ ကမ်းပါးဓနိပင်တန်းမှ ဗျိုင်းတစ်အုပ်လည်း ရုတ်ခြည်းထပျံသွားကြ၏။

ရေပြင်၊ လေနှင့် မိုးက ဂနာမငြိမ်။ မြစ်အနောက်ဘက်တွင် မှိုင်းညို့ရောင် အမှောင်ဖွဲ့နေဆဲပင်။

လေပြင်းဝေ့ဝိုက် တိုက်ခတ်လာပြန်၏။ မိုးလွင့်စဉ်သွားပြန်၏။ ရေကြော၊ လေကြော၊ မိုးကြောတို့က အသိရခက်လှသောသဘော ရှိချေသည်။

ကောင်းကင်တွင် မထင်မှတ်ဘဲ နီရဲရဲအလင်းတန်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ အလင်းတန်းကြီးသည် ရေပြင်သို့ တစ်ဟုန်ထိုး စိုက်ဆင်းရွေ့လျားလာနေလေ၏။

ကိုပြူးကျယ်သည် ကောင်းကင်ကို အလျင်စလို မော့ကြည့်ရင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

“ဟာ … လေနီကြမ်းလာနေပြီ။ ကမ်းခြေကို မြန်မြန်ကပ်ဟေ့”

ကိုပြူးကျယ်သည် ဆင်ပေါက်ရှိရာ လှေပဲ့ပိုင်းသို့ ထသွားလိုက်စဉ် လေပြင်းဆောင့်တိုက်ရာ ခေါင်းတွင်ဆောင်းထားသော နှီးခမောက်မှာ မြစ်ပြင်သို့ လွင့်စဉ်ကျသွား၏။ လေပြင်းကြောင့် ကမ်းနဖူးမှ ကန့်ကလာပင်၊ လမုပင်များ ပြားပြားဝပ်သွားကြ၏။

တဝေါဝေါမြည်သံနှင့်အတူ မြစ်လယ်ရေကြောင်းတွင် လှိုင်းခေါင်းပွများက မီးခိုးထလုမတတ် လှုပ်ခတ်နေကြ၏။ လှေသည် သစ်ရွက်တစ်ရွက်ပမာ ဘယ်ညာယိမ်းထိုး လူးလွန့်နေ၏။

ဆင်ပေါက် လည်း လေပြင်းအားကြောင့် လှေကို မထိန်းနိုင်တော့ချေ။

“အဖေရေ … လှေ မထိန်းနိုင်တော့ဘူးဗျ”

မိုးသက်များကလည်း အင်နှင့် အားနှင့် တရကြမ်း ရွာချလာပြန်၏။ လေရော မိုးပါ ခေါင်းမဖော်နိုင်အောင် ကြမ်းတမ်းလျက် မြစ်ပြင်ထက်မှ ရေစက်ရေပေါက်များ တဖွားဖွား မြောက်တက်သွားကာ လှေက ရှေ့သို့ မရောက်ဘဲ နောက်ပြန်လည်ထွက်သွား၏။

လေသည် ကတော့ထိုးလျက် ဆိုးဆိုးဝါးဝါး တိုက်လာပြန်၏။ ရေတက်မိုးနှင့် လေနီကြမ်းတို့ ဆုံတွေ့နေရာ လှေသည် ငါးအကြေးလှန်တွန်းခံရသလို ဖြစ်ကာ အရှိန်ပြင်းစွာ ကန့်လန့် မျောပါပြီး လှိုင်းလုံးကြီးတစ်လုံးနှင့် ဆုံပြန်ရာ လှေမှောက်သွားတော့၏။

သားအဖနှစ်ယောက် ရေပြင်သို့ လွင့်စဉ်ကျသွားပြီး လှေဆီသို့ အမိအရ ပြန်ကူးလျက် လှေကို ဖက် တွယ်ထားကြရ၏။

လှေနံကို လက်မလွတ်အောင် အတင်းအကျပ်ဆုပ်ကိုင်ထားကြရာ လှိုင်းကြားတွင် မြုပ်ချည်ပေါ်ချည် ဖြစ်လျက်ရှိ၏။

ကွမ်းတစ်ညက်ခန့်ကြာပြီးနောက် လေနီကြမ်း ငြိမ်သက်သွားမှ အသက်မှန်မှန် ရှူကြရတော့၏။ မင်းသားကြီးရေကြောင်းသို့ ရောက်မသွားသည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ မှောက်နေသော လှေ ကို ဦးနှင့် ပဲ့မှ ကမ်းစပ်သို့ ဆွဲသွားကြ၏။ လှေပေါ်တွင် ဘာတစ်ခုမျှ မရှိတော့ပြီ။

ကိုပြူးကျယ်သည် မြစ်ပြင်သို့ ရီဝေစွာ ကြည့်နေ၏။ ဆင်ပေါက်၏ နဖူးပြင်နှင့် ပါးပြင်တို့၌ မိုးရေစက် လား၊ ချွေးစက်လား၊ မျက်ရည်စက်လားဆိုတာ ခွဲခြားမသိ။ ရွှဲရွှဲစိုလျက် ရှိတော့သည်။

တိုးမြစ်ရေပြင်တွင်ကား ကွန်မကများ ထုနှင့်ထည်နှင့် ပြည့်နှက်နေချေပြီ။

ဟိုး . . . အဝေး မိုးကောင်းကင်တွင်တော့ လျှပ်စီး များက ဝင်းခနဲ၊ လက်ခနဲ။

(မြဝတီ မဂ္ဂဇင်း)

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *