July 31, 2025
Uncategorized

ဟန်ချက်ပျက်သွားသော ပစ်မှတ်

တင့်ထူး(ဇေယျဝတီ)
ဟန်ချက်ပျက်သွားသော ပစ်မှတ်

ဆောင်းဦးပေါက်အချိန်သို့ ရောက်ရှိလာခဲ့သည်နှင့် လယ်လုပ်သူတောင်သူတို့ အလုပ်များခဲ့ကြတော့သည်။ စပါးများကလည်း မကြာမတင်မီအချိန်၌ ရင့်မှည့်လာကြပေတော့မည်။ ရင့်မှည့်လာကြပြီဆိုလျှင် အချိန်မီ ရိတ်သိမ်းပေးကြရမည်။ နောက်ကျနေပါက နေကျွမ်းကာ စပါးရိတ်သည်နှင့် စပါးစေ့များ ကြွေကျကုန်တော့သည်။ ထိုအခါ တစ်မိုးတွင်းလုံး ပင်ပန်းတကြီး ထွန်ယက်စိုက်ပျိုးခဲ့ရသော လယ်မြေများမှ စပါးအထွက်မှာ ဖိတ်တစ်ဝက် စဉ်တစ်ဝက်ဖြစ်ကာ စပါးထွက် လျော့နည်းတတ်လေသည်။

စပါးများ ရိတ်သိမ်းရမည့်အလုပ် ရှိနေသလို စပါးရိတ်သိမ်းပြီးသော ရိုးပြတ်တောများတွင် ဆောင်းသီးနှံများဖြစ်သော ပြောင်း၊ မြေပဲ၊ ဆေးရွက်ကြီး၊ ပဲနောက်၊ မတ်ပဲ၊ ကုလားပဲ၊ နေကြာ၊ နှမ်း စသည့် သီးနှံများကို အောက်ဓာတ်မဆုတ်မီ စိုက်ကြရသည်။ အောက်ဓာတ်ခြောက်သွေ့သွားမှ စိုက်ခဲ့လျှင်လည်း ကြဲခဲ့သည့်သီးနှံများ အကုန်အစင် အပင်မပေါက်လာနိုင်တော့သဖြင့် ရသင့်သလောက် မရဖြစ်ကြရသည်။

တချို့လယ်သမားများက ပဲနောက်၊ မတ်ပဲ၊ ကုလားပဲ ဈေးများကောင်းသဖြင့် ရွာအနီးအနားရှိ မိမိတို့လယ်ကွက်များကို တစ်ကွက်မကျန် ထပ်တိုးကာပဲကြဲခဲ့ကြသည်။

“ဟေ့ – သာအောင် မင်းလယ်ကွက်တွေ အားလုံးကို ပဲတွေချည်း ထိုးကြဲလိုက်တော့ နှမ်းကို ဘယ်နေရာမှာ သွားစိုက်တော့မှာလဲဟ”

“ဟာ-ဦးလေးဖြိုးကလည်းဗျာ၊ ဟိုအနောက်တောစပ်က တောင်ကုန်းစောင်းတွေ၊ ချောင်းခုံတွေ ရှိနေတာပဲဗျ။ အဲဒီမှာ နှမ်းခင်းသွားခုတ်ပြီး နှမ်းကြဲမယ်လေဗျာ”

“အေးဟ – အဲဒါလည်းမဆိုးဘူးပဲ၊ လယ်တွေထဲက ပဲတွေရ၊ တောစပ်တောင်ကုန်းတွေက နှမ်းတွေရတော့မှာပေါ့”

တကယ်တော့ လယ်ထဲတွင် နှမ်းစိုက်သည်ထက် တောစပ်တောင်ကုန်းများကို ခုတ်ထွင်မီးရှို့ရှင်းလင်းပြီး နှမ်းစိုက်သည်က နှမ်းပိုထွက်လေသည်။

တောစပ် တောင်ကုန်းများတွင် မြေပြင်အနည်းငယ် ညီညာသောနေရာများ၌ ပထမတွင် ခုတ်ထွင်ရသည်။ သုံးလေးရက်ကြာလျှင် နေပူဖြင့် ခြောက်သွားကြသည်။ ထိုအခါတွင် မီးရှို့ပေးရသည်။

သစ်ကိုင်းအသေးများ၊ သစ်ရွက်များအားလုံး မီးလောင်သွားခဲ့လျှင် နှမ်းထိုးကြဲမည့် မြေကွက် ပေါ်လာခဲ့သည်။ မီးမလောင်ဘဲ ကျန်နေသော သစ်သားချောင်းများကို ဘေးသို့စုပုံကာ ဖယ်ရှားလိုက်ရသည်။ ပြီးမှ ပေါ်လာသော အကွက်ကို ထယ်ထိုးကြရသည်။ ထယ်ထိုး၊ ကြမ်းတုံးရိုက်ဖြင့် ထယ်ရေးညက်လျှင် မိုးအခြေအနေကြည့်ကာ နှမ်းကြဲကြရခြင်း ဖြစ်သည်။

“သာအောင်ရာ မင်းပြောတာနဲ့ပဲ ငါလည်း ရွာနားကလယ်ကွက်တွေအားလုံး ပဲနောက်နဲ့ မတ်ပဲတွေ ကြဲလိုက်ပြီကွာ။ နှမ်းခင်းကိုတော့ မင်းနဲ့ပဲ တောစပ်လိုက်ပြီး နှမ်းခင်းခုတ်ပြီး ကြဲတော့မယ်လေ”

“ကောင်းတာပေါ့ဗျာ- ကျုပ်လည်း အဖော်ရတာပေါ့”

ပဲများ အလျင်မြန် ထိုးကြဲကြပြီးသောအခါ တောင်ခြေတောစပ်သို့ ထမင်းထုပ်ပါယူ၍ နွားတွေကိုပါမောင်းလာခဲ့ကြသည်။ တောင်ခြေရောက်ပါက နွားတွေကို တောင်ပေါ်တင်ပြီး လွှတ်ပေးထားကြမည်။ သူတို့က တောင်ခြေတောစပ်၌ မြေအနည်းငယ် ညီညာသော နေရာများကို ရှာဖွေကာ တောခုတ်ရှင်းကြမည်ဖြစ်သည်။

တစ်ယောက်နှင့်တစ်ယောက် မနီးမဝေးနေရာများ၌ တောစတင်ခုတ်ခဲ့ကြလေသည်။ မွန်းတည့်ခါနီးအချိန်အထိ ခုတ်ခဲ့ကြလေသည်။

“ဟေ့ သာအောင်ရေ၊ နေ့လည်းပူလှပြီကွာ။ နားကြရအောင်လေ”

“အေးဗျ – ကျုပ်လည်း ထမင်းဆာနေပြီလေ”

နှစ်ယောက်သား ချောင်းရေတွင် ကိုယ်လက်သန့်စင်လိုက်ကြသည်။

“ကဲ ဒီသစ်ပင်အောက်မှာပဲ ထိုင်နားပြီး နေ့လယ်စာ စားကြတာပေါ့ကွာ”

“မင်း ဘာဟင်းနဲ့ ထုပ်လာတာလဲကွ”

“ငါးပိကောင်ချက်နဲ့ဗျ”

“ဟာ ဒါဆိုရင် တို့မြှုပ်စားရအောင် ဟိုချောင်းစပ်ကမ်းဘေးမှာ ကန့်ကလာရွက်တွေ သွားခူးလိုက်ဦးမယ်ကွာ”

“နေဦးဗျ … မစားနဲ့ဦး၊ ကျုပ် စားဦးစားဖျား တောပိုင်တောင်ပိုင်ကို ပ,သ တင်မြှောက်လိုက်ဦးမယ်”

သာအောင်က ပြောပြောဆိုဆိုနှင့် ဖက်ရွက်တစ်ရွက်တွင် ထမင်းနည်းနည်းထည့်ကာ ဟင်းပုံတင်၍ ဘေးဘယာကင်းဝေးရကြောင်း တိုင်တည်ကာ ပ,သတင်မြှောက်ခဲ့လေသည်။

“ကဲဗျာ – စလိုက်ကြရအောင်”

“မင်း ငါးပိကောင်ချက်က ငရုတ်သီးအစိမ်းတောင့်တွေပါ ထည့်ချက်ထားတော့ အရွက်တွေနဲ့ တို့မြုပ်စားရတာ အဆင်ပြေတယ်ဟေ့။ စားကောင်းလိုက်တာကွာ၊ ထမင်းထုပ်တောင် ပြောင်သွားတာပဲ”

စားသောက်ပြီးကြ၍ နေ့ခင်းနေပူသဖြင့် သစ်ပင်ရိပ်တွင် နေခိုကာ နားနေခဲ့ကြသည်။ ညနေသုံးနာရီခန့်မှ တစ်ဖန် သစ်တောများကို ဆက်လက်ခုတ်ရှင်းကြလေသည်။

သူတို့နည်းတူပင် ရွာထဲမှ နှမ်းခင်းခုတ်ကြသူတွေလည်း ရှိလေသည်။ ထိုအချိန်တွင် တောင်ခြေတောစပ်တစ်လျှောက်တွင် သစ်ပင်ခုတ်သံများ ဆူညံနေလေတော့သည်။

“ဦးလေးဖြိုး – ကျွန်တော်တို့ ပြန်ကြတော့မှပဲဗျ”

“အေး – ပြန်ကြမယ်ဆိုရင် နွားတွေ သွားရှာပြီး မောင်းထုတ်ကြမှပဲကွာ”

နှစ်ယောက်သား တောင်ပေါ်တင်လွှတ်ကျောင်းထားသော နွားများကို တောထဲမှာလိုက်ရှာကာ ကွင်းစပ်သို့ မောင်းထုတ်ခဲ့ကြသည်။

“ဟာ တောထဲလွှတ်တင်ထားခဲ့တဲ့ နွားတွေကို ကြည့်စမ်းပါဦးကွာ။ ဗိုက်တွေကို ဖောင်းကားနေတော့တာပဲ”

“အေးလေဗျာ – တောထဲမှာ စိတ်ကြိုက်စားကြရတော့ ဗိုက်ပြည့်ကြတော့တာပေါ့”

ထိုနွားများကိုမောင်းနှင်ကာ ရွာသို့ ပြန်ခဲ့ကြလေသည်။ နောက်နေ့များတွင်လည်း ထမင်းထုပ်ပါ တစ်ပါတည်း ယူကြကာ နွားများနှင့်အတူ နှမ်းခင်းခုတ် လာခဲ့ကြလေသည်။

“ဟာ- သာအောင် မင်း နှမ်းခင်းခုတ်တဲ့နေရာနားက ချောင်းခုံကြီးက အကျယ်ကြီးပါလားဟ”

“ဟုတ်တယ်ဗျ- ချောင်းတစ်ဖက်ကမ်းကို ချောင်းရေ ဦးတိုက်စီးဆင်းနေလေတော့ ရေဦးတိုက်ရာမှာ ကမ်းပါးတွေ ပြိုကျပြီး ဒီဘက်ကမ်းမှာ သောင်ထွန်းပြီး ချောင်းခုံကြီး ကျယ်လာတာပဲလေဗျာ”

“မင်း- အဲဒီချောင်းခုံကြီးကိုပါ နှမ်းစိုက်မှာလား”

“စိုက်မယ်ဆိုလည်း ကလနားတွေမှာပဲ စိုက်နိုင်မှာဗျ၊ ချောင်းခုံကြီးရဲ့ အလယ်မှာက နုန်းတွေဝင်ပြီး မြေသားပျော့နေတယ်လေ။ ကျွဲနွားတွေဖြတ်သွားရင် တောင် ဗိုက်တွေထိအောင် နစ်မြုပ်နေတာဗျ။ နောက် တဖြည်းဖြည်း ကုန်းမြေမာလာရင်တော့ နှမ်းစိုက်ကြည့်ရမှာပဲဗျ”

“ဟာ – နုန်းအိုးကြီးလို ဖြစ်နေတာဆိုတော့ နှမ်းစိုက်လို့ကတော့ တအားကောင်းပေါ့ကွာ”

သာအောင်တို့လည်း နေ့စဉ်ပင် ရွာမှလာ၍ နှမ်းခင်းလုပ်ခဲ့ကြရာ ယခုဆိုလျှင် နှမ်းတွေပင် အတော်ကြဲပြီးခဲ့ကြလေပြီ။ သာအောင်က ချောင်းခုံကြီး၏ ဘေးတစ်လျောက်တွင် ထယ်ထိုးကာ နှမ်းကြဲခဲ့သည်။ လက်ဦးကြဲထားသော အကွက်များတွင် နှမ်းပင်ကလေးများ အစီအရီ ပေါက်ထွက်လာကြပြီဖြစ်သည်။

နှမ်းအားလုံး ကြဲပြီးသွား၍ တောထဲသွားစရာမလိုတော့ပဲ စပါးများကို နယ်ကြရတော့သည်။ စပါးအားလုံး နယ်ပြီးသွား၍ ဝမ်းစာ၊ မျိုးများချန်ကာ အပိုအလျှံများကို ရောင်းကြသည်။

စပါးပြီးလျှင် ပဲရိတ်ကြရပြီး ထွက်လာသော ပဲများကိုပင် ဈေးကောင်းကောင်းနှင့် ရောင်းကြရ၍ ဝင်ငွေကောင်းကြသည်။

“သာအောင်တို့ မိသားစုပါလားကွ။ လှည်းနဲ့ တောထဲကို နှမ်းရိတ်သွားကြမှာလားဟေ့”

“ဟုတ်တယ်ဗျ – နှမ်းတွေ ရင့်မှည့်နေကြပြီလေ”

နှမ်းများကို ရိတ်ကြပြီး အထုံးများထုံးကာ လှည်းပေါ် စီတင်ကြသည်။ ညနေစောင်းလျှင် နှမ်းလှည်းကြီး မောင်းလာကြကာ အိမ်တလင်းတွင် နှမ်းထုံးများကို ထောင်ပြီး နေလှန်းထားပေးကြရသည်။ သုံးလေးရက်ကြာအောင် နေလှန်းထားလျှင် နှမ်းသီးနှံများ ခြောက်ပြီး အာလာကြသည်။

ထိုအခါ အထုံးလိုက် ဇောက်ထိုးထား၍ ခါချလျှင် နှမ်းများရလာသည်။ ထိုနှမ်းများကို သန့်အောင် ဆန်ကာချ၍ ဆီစက်တွင် နှမ်းကြိတ်ယူလျှင် နှမ်းဆီများ ရလာသည်။

ကောက်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြသော လယ်သမားများမှာ ဝမ်းစာ ဆန်စပါး၊ ပဲ၊ နှမ်းများ ရကြကာ ဝယ်စားရန် မလိုကြပေ။

“ဟေ့ – သာအောင်၊ မင်း ချောင်းဆုံမှာစိုက်ခဲ့တဲ့ နှမ်းကို သီးသန့်ခါချရဲ့လား”

“အေးဗျ၊ သီးသန့်ခါချခဲ့တာ နှမ်းဆီနှစ်ပုံးရတယ်လေ။ ရှေ့နှစ်တော့ ကလနားတွေမှာ နှမ်းစိုက်ပြီး ချောင်းခုံကြီးရဲ့အလယ်ကြောမှာ မြေပဲစိုက်ကြည့်မလားလို့ဗျ”

“အိုး မြေပဲသာစိုက်ခဲ့ရင် သဲနုန်းမြေဆိုတော့ မြေပဲတွေ မလိုချင်လောက်အောင် ထွက်မှာသေချာတယ်ကွ”

“အေးဗျာ – လာမယ့် ဆောင်းရောက်ရင်တော့ မြေပဲစမ်းပြီး စိုက်ကြည့်ရမှာပဲ”

ဆောင်းပိုင်း ရောက်လာခဲ့သောအခါ သာအောင်လည်း ထိုချောင်းခုံကြီး၏ မြေကွက်ကြီးကို ထယ်ထိုးခဲ့တော့သည်။ မြေက မာလာပြီဖြစ်၍ ကျွဲနွားများလည်း မကျွံတော့ပေ။ ထယ်ထိုးရမည်မှာလည်း သဲနုန်းမြေဖြစ်၍ လွယ်ကူစွာ ထယ်ထိုးနိုင်ခဲ့သည်။ နှမ်းများ ကြဲပြီးသွားသည်နှင့် ထိုချောင်းခုံကြီး၌ မြေပဲများ စိုက်ခဲ့တော့သည်။

“ဟာ သာအောင် မင်း မြေပဲခင်းကတော့ကွာ တစ်ခင်းလုံးကို မည်းပြီးထလာပါလားဟေ့။ ဒီလောက် အပင်တွေသန်ရင်တော့ မြေပဲတွေ တအားဥလာမှာ သေချာတယ်ဟေ့”

“ဟုတ်တယ် ဦးလေးဖြိုးရေ။ ကျုပ်လည်း မြေပဲခင်းကို အရိပ်တကြည့်ကြည့် ရှိနေရတော့တာပဲဗျ”

“မင်း အခုချိန်တော့ ဥမဥသေးတော့ တော်သေးတာပေါ့ကွာ။ နောက်ပိုင်း မြေပဲဥတွေ ဆင်းလာရင်တော့ တော်တော်ဂရုစိုက်ကြည့်ပေးရလိမ့်မယ်ကွ”

“ဘာပြုလို့လဲဗျ”

“ဟ ဘာပြုရမှာလဲကွ၊ မြေပဲဥတွေ ရင့်လာရင် နွားကျောင်းသားတွေ ဝင်နုတ်ပြီးစားကြမယ်။ တောထဲတောင်ထဲ သွားသူတွေလည်း ဝင်နုတ်စားကြမယ်လေ။ ပိုလို့ဆိုးမှာက တောဝက်တွေ ဝင်စားမှာပဲကွ”

“အေးလေ – ကျုပ် ခြံတန်းကာပေးဖို့တော့ စိတ်ကူးထားတယ်”

“မင်း တောဝက် မြေပဲခင်းဝင်စားတာကော တွေ့ဖူးပြီလား”

“မတွေ့ဖူးဘူးဗျ”

“တောဝက်တွေကကွာ ညဘက်ရောက်လာရင် အခင်းထဲဝင်ကြပြီး ပဲပင်ရဲ့ အမြစ်ခြေထဲမှာ ရှိနေတဲ့ ပဲဥတွေကို စားကြတာကွ။ အပင်ကတော့ လဲသွားပေမယ့် မသေဘူး။ ဒါပေမဲ့ မြေပဲပင်မှာ ပဲတစ်ဥမှ မကျန်တော့ဘူးကွ”

“ဟာ-အဲဒီလိုပဲလားဗျာ”

“အေး – မင်းမယုံရင် စောင့်ကြည့်နေလေကွာ”

ဦးလေးဖြိုး ပြောပြလာသဖြင့် သာအောင်မှာ သူ့ပဲခင်းအတွက် စိတ်ပူခဲ့ရတော့သည်။ ထို့ကြောင့် နောက်နေ့မှစ၍ အနောက်ဘက်တောင်ကုန်းပေါ်မှ ဝါးများတက်ခုတ်၊ ထမ်းချ၊ ပဲခင်းပတ်လည်တွင် ခြံကာပေးရတော့သည်။

သဲနုန်းမြေဖြစ်ပြီး ပဲပင်များ သန်သန်စွမ်းစွမ်းဖြစ်လာကြသဖြင့် မြေပဲဥများက ထင်သည်ထက် ပိုရလာနိုင်မည်ဖြစ်ခြင်းကြောင့် သူ အထူးဂရုပြုပေးနေရသည်။

နေ့စဉ်ပင် ပဲခင်းသို့လာခဲ့ပြီး ရွာမပြန်မီတွင် ပဲခင်းဘေးတွင် ထင်းအခြောက်တုံးများဖြင့် မီးဖိုပေးထားခဲ့သည်။

ပဲပင်များက အပင်များတုံးလာကာ ဥများဆင်းနေကြပြီဖြစ်သည်။

“သာအောင်ရေ မင်းပဲခင်းက ဒသမငါးဆယ်လောက်သာရှိပေမယ့် ပဲထွက်ကောင်းပြီး ပဲဆီကတော့ အနည်းဆုံး လေးငါးပုံးလောက်ကို ရနိုင်မယ်ကွ”

“အေးလေဗျာ- ဒါကြောင့်လည်း ကျုပ် နေ့တိုင်း လာစောင့်ကြည့်ပေးနေရတော့တာပဲလေ”

သာအောင်လည်း သူ့ပဲခင်းသို့ နေ့စဉ်လာနေကျအတိုင်း လာခဲ့ရာက တစ်နေ့တွင် ပဲခင်းထဲလိုက်ကြည့်မိခဲ့သည်။

“ဟိုနားက ပဲပင်သုံးလေးပင်ဟာ ဘာကြောင့် လဲကွဲနေပါလိမ့်”

“ဟင် တောဝက်ဝင်ပြီး အမြစ်ပတ်လည်ကို တူးစားသွားခဲ့တာပဲ။ လဲနေတဲ့အပင်တိုင်းမှာ မြေပဲဥ တစ်လုံးမှ မရှိတော့ပါလား”

“အင်း အစရှိ အနောင်နောင်ဆိုသလို နေ့တိုင်းညတိုင်းသာ ဝင်စားခဲ့ရင်တော့ ငါ့ပဲခင်းက မြေပဲတောင် နှုတ်စရာလိုတော့မှာ မဟုတ်ဘူး”

ကိုသာအောင်မှာ တောစပ်က ချောင်းကွေ့ထဲရှိ ချောင်းခုံကြီးတွင် မြေဩဇာကောင်းသဖြင့် မြေပဲခင်းစမ်း၍ စိုက်ကြည့်မိခဲ့သည်။ ယခုတော့ ကိုယ့်အတတ်နှင့် ကိုယ်စူးနေရလေပြီ။

တောဝက်များက ညတိုင်း အခင်းထဲဝင်စားလာကြ၍ တောဝက်များ ဝင်မစားအောင် မဆောင်ရွက်နိုင်လျှင် မြေပဲရနိုင်တော့မည် မဟုတ်မှန်း သိမြင်လာခဲ့လေသည်။

“မဖြစ်ချေဘူး၊ ငါ အပင်ပန်းခံပြီး ထွန်ယက်စိုက်ပျိုးခဲ့ရတာပဲ။ ပြီးတော့ မြေပဲမျိုးဖိုးကလည်း နည်းတာမဟုတ်ဘူး။ မြေပဲရနိုင်အောင်တော့ တစ်နည်းနည်းနဲ့ကြံစည်ရတော့မှာပဲ”

ထိုသို့ တွေးမိရင်းမှ နောက်ဆုံး၌ ရွာထဲက မုဆိုးဗလကို အကူအညီတောင်းရန် စဉ်းစားမိခဲ့တော့သည်။

“နေစမ်းပါဦး ကိုသာအောင်ရဲ့။ ခင်ဗျားမြေပဲခင်းထဲကို တောဝက်တွေက ဘယ်ဘက်က ဆင်းလာပြီး ဝင်တူးစားခဲ့တာလဲဗျ”

“ဟို မြေပဲခင်းရဲ့မြောက်ဘက်မှာရှိတဲ့ ဘီလူးရယ် တောထဲက ထွက်လာပြီးစားကြတာဗျ”

“ဟာ – ဟုတ်လား၊ အင်မတန် တောကတ်တဲ့ ဘီလူးရယ် မြောင်ဘက်က တောဝက်တွေဆိုတော့ ပစ်ရမှာတောင် ခပ်လန့်လန့်ပဲ ကိုသာအောင်ရေ”

“ဟင် ဘာလန့်စရာရှိလဲဗျာ၊ သေနတ်ကို ဘာကောင်မှ မခံနိုင်ပါဘူးဗျ”

“ခင်ဗျားက ဘီလူးရယ်မြောင်အကြောင်းမှ မသိလေတော့ ပြောနိုင်တာပေါ့လေဗျာ”

“ဟာ ဘယ်လိုအကြောင်းတွေများ ရှိခဲ့လို့လဲဗျာ။ ကျုပ် နားလည်အောင် ပြောပြနိုင်မလား”

“ဒီလိုဗျ၊ မုဆိုးတိုင်းဟာ ဒီတောကို တောကတ်လို့ အသိအမှတ်ပြုကြတယ်။ သားကောင်တွေ ပစ်ရင် ထိမှန်တယ်။ အဲ လဲကျနေတဲ့ သားကောင်ကို သွားကောက်ရင် ထပြေးလွတ်သွားတာက များတယ်လေ။

ကျုပ်ကိုယ်တိုင်တောင် ဆတ်တစ်ကောင်ကို အဲဒီတောထဲမှာ ဝင်ပစ်ခဲ့ဖူးတယ်။ ပစ်လို့ လဲကျသွားလို့ ရွာကို လှည်းနဲ့ သယ်ယူမယ်ဆိုပြီး ကျုပ်တပည့်ကို ရွာကို လှည်းသွားခေါ်ခိုင်းခဲ့တယ်။ အဲ လှည်းလည်း ရောက်လာရော မလှုပ်မယှက် လဲကျနေတဲ့ ဆတ်ကြီးက အကောင်းပကတိအတိုင်း ထပြေးခဲ့တော့တာပဲဗျာ။ လုံးဝကို ရှာမတွေ့ခဲ့တော့ဘူးလေဗျာ”

“ဟောဗျာ – အခုဟာက အဲဒီ ဘီလူးရယ်မြောင်ထဲမှာမှ မဟုတ်တာပဲဗျ။ ချောင်းခြားပြီး ဒီဘက်ကချောင်းခုံထဲက မြေပဲခင်းထဲဝင်စားတဲ့ တောဝက်ကို ပစ်မှာ ပဲ”

“အင်း – ဟုတ်တော့ ဟုတ်ပါတယ်လေ။ ဘီလူးရယ်မြောင်နဲ့တော့ ချောင်းခြားနေလို့ လွတ်ကင်းပါတယ်”

သို့နှင့် မုဆိုးကိုဗလက ကိုသာအောင်၏ မြေပဲခင်းထဲ ဝင်ရောက်တူးဆွစားသောက်သော တောဝက်များကိုနှိမ်နင်းပစ်ခတ်ပေးရန် ကတိပေးခဲ့လေသည်။

“ကဲ ကိုသာအောင်၊ ကျုပ်တို့ ဒီလဆန်းရက်ညမှာ တောဝက်ပစ်ရအောင် ချောင်းမြောင်းပစ်ရမယ့်နေရာ ရှာကြရအောင်ဗျာ”

“ဟောဒီ ကမ်းပါးထိပ်ကနေ ပဲခင်းထဲကို ချောင်းကြရင် မကောင်းလားဗျ”

“အင်း – ဟုတ်တယ်ဗျို့၊ တောဝက်ကိုပစ်လိုက်လို့ လူဆီကို ယမ်းငွေ့အတိုင်း ပက်ဖို့ ပြေးလာခဲ့ရင်လည်း ဒီကမ်းပါးပေါ်အရောက် ပြေးမလာနိုင်လို့ အန္တရာယ် မရှိနိုင်ဘူးဗျ”

ထိုသို့ ပစ်ခတ်ရန် နေရာရှာဖွေကြပြီးနောက် ထိုကမ်းပါးထိပ်တွင် နှစ်ယောက်သား မြောက်ဘက်တောင်ကုန်းပေါ်မှ တောဝက်များ ဆင်းအလာကို ရေးရေးသာ လင်းနေသော လရောင်အောက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြလေတော့သည်။

“ခင်ဗျား ချောင်းမဟန့်နဲ့၊ မချေမိစေနဲ့နော်။ ပြီးတော့ ခြင်ကိုက်တယ်ဆိုပြီး အသံထွက်အောင် ခြင်မရိုက်လေနဲ့ဗျ။ တောတိရစ္ဆာန်တွေက နားသိပ်ပါးကြတာ။ ဆေးလိပ်လည်း မသောက်နဲ့။ မီးခိုးနံ့က အဝေးကြီးတည်းက ရသွားပြီး တောဝက်မလာပဲ နေလိမ့်မယ်”

နှစ်ယောက်သား ကျည်တောင့်ထိုးပြီး ငြိမ်သက်စွာစောင့်နေကြစဉ် လဝင်ခါနီးအချိန်၌ မြောက်ဘက်တောင်ကုန်းအစပ် တောထဲမှ ငှက်ကလေးများ လန့်အော်သံ ကြားလာရသည်။

“ငှက်ကလေးတွေ လန့်အော်တာဟာ တစ်ကောင်ကောင် တောတိုးလာလို့ပဲဗျ။ အသာကြည့်နေဗျို့”

“ဟော မြောက်ဘက်တောင်ကုန်းအစပ်က မည်းမည်းအကောင်တွေ ပဲခင်းဆီကို ဆင်းလာနေကြပြီဗျ”

“အသာငြိမ်နေပါ ကိုသာအောင်၊ ကျုပ်လည်း မြင်တယ်ဗျ”

“ဟာ အရှေ့ဆုံးက တောဝက်ကြီးနှစ်ကောင်က ရင်ပေါင်တန်းပြီး ပဲခင်းခြံတန်းဆီကို တဖြည်းဖြည်း လာနေကြပါလား”

“ပစ်လိုက်တော့လေ ကိုဗလ”

“နေဦးဗျ၊ ဒီတောဝက်နှစ်ကောင်ဟာ ကာထားတဲ့ ခြံတန်းကိုရောက်ရင် နှစ်ကောင်သား ပြိုင်တူငုံ့ပြီး ဝင်လာကြလိမ့်မယ်။ အဲဒီလို ပြိုင်တူငုံ့ဝင်တော့မှ ပစ်လိုက်ရင်တစ်ချက်ထဲနဲ့ တောဝက်နှစ်ကောင် ရနိုင်မယ်ဗျ”

တောဝက်အုပ် ရှေ့ဆုံးမှ ရင်ပေါင်တန်းပြီး ဆင်းလာနေသော တောဝက်နှစ်ကောင်မှာ မျှော်မှန်းထားသည့်အတိုင်း ဝန်းကျင်ကိုစူးစမ်းကြကာ ရှေ့တိုးလာနေကြရင်း ခြံတန်းနားသို့ ရောက်လာခဲ့ကြတော့သည်။

“ဟော ခြံတန်းကို နှစ်ကောင်လုံး ရင်ပေါင်တန်းပြီး ငုံ့ဝင်ကြပြီဗျို့”

မုဆိုး ကိုဗလလည်း ထိုတောဝက်ကို အမိအရ ချိန်ရွယ်ကာ သေနတ်မောင်းဖြုတ်ရန် မောင်းကွင်းထဲ ထိုးထားသောလက်ညှိုးကို ကွေးစပြုနေလေသည်။

“ဟေး-ဝူး-ဝူး-ဟေး”

“ဟင်- ဘာကောင်ကြီးက လာအော်ခဲ့တာလဲပဲ၊ တောဝက်တွေ ထွက်ပြေးသွားကြပြီ”

ညဘက်တွင် မမျှော်လင့်ဘဲ ရုတ်တရက် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သဖြင့် ကိုဗလနှင့် ကိုသာအောင်တို့ပင် လန့်ဖျန့်သွားခဲ့ကြသည်။

“သွားပြီဗျာ- ကျုပ်တို့ အပင်ပန်းခံ၊ အအိပ်ပျက်ခံပြီး စောင့်ခဲ့ကြရတာ အလကား ဖြစ်သွားပြီဗျ”

“ခင်ဗျား ကလက်နှေးနေတာကိုးဗျ”

“အို – တောဝက်တွေ့တိုင်း ရမ်းပစ်လို့ မရဘူးလေဗျာ။ သေကွင်းပစ်မှတ်ကို မိမိရရချိန်ရသေးတယ်လေ။ ပစ်မှတ်ကိုချိန်လဲပြီးရော ပစ်တော့မယ်အလုပ်မှာ မမျှော်လင့်ဘဲ အလန့်တကြားအော်သံကြီး ထွက်ပေါ်လာခဲ့တော့ ပစ်မှတ်ကို ဟန်ချက်လွဲပြီး ပစ်ချိန်မရလိုက်တာပါပဲဗျာ”

သူတို့နှစ်ယောက်လည်း မိုးလင်းခါနီးအချိန်ထိ ဆက်လက်စောင့်ဆိုင်းခဲ့ကြသော်လည်း တောဝက်များ နောက်ထပ်ဆင်းမလာခဲ့ကြတော့ပေ။

“ခင်ဗျား ယုံသွားပြီမဟုတ်လား ကိုသာအောင်။ ဘီလူးရယ်မြောင်ဟာ တောကတ်တယ် ဆိုတာလေ။ အခု တောဝက်ကို ပစ်ရခါနီးမှ ကြောက်မက်ဖွယ် အော်ဟစ်သံကြီးနဲ့ သူ့သားကောင်တွေကို ခြောက်လှန့်လွှတ်လိုက်တာလေ”

ကိုသာအောင်လည်း ဘီလူးရယ်မြောင်၏ တောကတ်ပုံကို သိရှိခဲ့ရ၏။ ဘာပဲဖြစ်ဖြစ် သူ့ပဲခင်းထဲ တောဝက်တွေ ဝင်မစားဖြစ်ခဲ့သည်ကိုတော့ သူကျေနပ်ခဲ့မိလေသည်။

– ပြီး –

စာရေးသူ – တင့်ထူး(ဇေယျဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *