September 10, 2025
Uncategorized

ဟေမန္တရင်ခွင်ထဲက ပင်လယ်ပြင်စိုက်ခင်းများ

ကျွန်းစဥ်မြေစောခက်
ဟေမန္တရင်ခွင်ထဲက ပင်လယ်ပြင်စိုက်ခင်းများ

မြောက်ပြန်လေရူးသည် ရိုးတောင်ဦးဆီက အရူးအမူးတိုက်ခတ်နေ၏။ နှင်းငွေ့ နှင်းရည်တို့၏ ယုယမှုကြောင့် မြေလွှာမှီတင်း မြမြက်ခင်းများမှာ ငွေရည်ပုလဲဥများကို ခိုတွဲနားခိုစေ၏။

ငပသုန်ရွာ၏ မြစ်ဆိပ်ကမ်းစပ် သဲဖြူတန်းသည် လခြမ်းသဏ္ဌာန် ကွေ့ဝိုက်သွယ်တန်းနေသည်။ တံငါတဲတန်းတစ်လျှောက် ငါးရွှေကျပ်တိုက်စင်အောက် မီးကျီးခဲနီရဲရဲကြီးများသည် ဆောင်းည၏ သဘာဝကို အားဖြည့်ပေးနေသယောင်ရှိချေ၏။

“အောက် အီး အီး အွတ်”

လင်းကြက်တွန်သံသည် ညဥ့်ယံကိုထိုးဖောက်ပြီး ပေါ်ထွက်လာ၏။ ရေလုပ်သားတို့အတွက် အချက်ပေးသဘာဝတေးသံ၊ တံငါတဲတန်းတစ်လျှောက် လှုပ်ရှားသက်ဝင် ဖြစ်သွားကြသည်။

သာကျော့သည် အိပ်ရာက ဖျတ်ခနဲထပြီး မီးဖိုခန်းဘက်သို့ လှမ်းကြည့်လိုက်၏။

“နှင်းဥ မင်း နိုးနေပြီလား”

“နိုးရုံဘယ်ကမလဲ ဒီမှာ ထမင်းဟင်းအကုန်လုံး ချက်ပြီးနေပြီ”

“ဟာ မင်း တယ်ဟုတ်ပါလား”

“မဟုတ်လို့ ရမှာလား ကိုသာကျော့ရယ်၊ ရှင်မောမောပန်းပန်း အိပ်နေတာတွေ့လို့ အိပ်ရာထတာ လှုပ်တောင်မလှုပ်ရဲဘူး”

“အေးပေါ့ကွာ တို့ဘဝက ဒီလိုပါပဲ၊ ပင်လယ်ပြင်မှာ ရုန်းကန်လှုပ်ရှားဖို့ ဖန်လာတာကိုး”

“ရော့ ဒီမှာ မျက်နှာလာသစ်၊ ရေနွေးပူလေးတည်ထားတယ်။ အဆင်သင့်ပဲ”

သာကျော့သည် ဇနီးသည်လှမ်းပေးသော ရေနွေးပူခွက်ကလေးကို လှမ်းယူပြီး ရေတစ်ကျိုက်ငုံလိုက်၏။ လက်ညှိုးကို ပါးစပ်ထဲသွင်းကာ သွားတိုက်ပလုတ်ကျင်းပြီး ပလွတ်ခနဲ ထွေးထုတ်လိုက်သည်။

မျက်နှာကို တဖြန်းဖြန်းပွတ်သပ်ချပြီး ပုဆိုးအထက်စဖြင့် မျက်နှာသုတ်ပစ်လိုက်သည်။ ကောင်းကင်ပေါ် တစ်ချက်မော့ကြည့်ပြီး အာငွေ့တစ်လုတ်ထွေးထုတ်လိုက်ရာ လေထဲတွင် နှင်းငွေ့များနှင့် ရောသွားသည်။

“သာကျော့ နိုးပြီလားဟေ့”

“နိုးနေပြီလေကွာ”

“ကဲ ဒါဆိုထွက်ကြမယ်၊ အချို့လှေတွေ ထွက်တောင်သွားကြပြီ”

“အေး အေး ဆင်းတော့ ဆင်းတော့”

သာကျော့မှာ အဖော်ချက်စူနောက် ထက်ကြပ်မကွာလိုက်သွား၏။ ကမ်းစပ်ရေဆိပ်တွင် ပင်လယ်ပြင်မျှားတန်းချထွက်ရေးအတွက် တက်ကိုဆွဲပြီး ဆင်းသူဆင်း၊ ရွက်ကိုထမ်းပြီး လာသူလာ၊ သောက်ရေ ထမင်းတောင်းကိုသယ်ပြီး သွားသူသွားဖြင့် မြစ်ဆိပ်
ကလေးသည် ရုတ်ရုတ်သဲသဲဖြစ်နေ၏။

သားသမီး၊ ဇနီးကြင်ရာများကလည်း လုပ်ငန်းသုံးပစ္စည်းများကို သယ်မရင်း လိုက်ပို့ကြ၏။ ခေါ်သူခေါ် ပြောသူပြောဖြင့် သောသောညံနေ၏။

“ကဲ တို့ပစ္စည်းစုံရင် ထွက်မယ်ကွာ။ မင်း လှေကြိုးဖြုတ်၊ လှေဦး ထိုးကန်လိုက်တော့”

ချက်စူ စကားဆုံးလျှင် သာကျော့သည် ခတ်တက်ရိုးဖြင့် သဲသောင်ကိုထိုးပြီး လှေဦးကိုလှည့်ကန်လိုက်၏။ လှေဦးသည် မြစ်ပြင်ကျယ်ကြီးဘက်သို့ လည်ထွက်သွားပြီး တာထွက်ရန်အဆင်သင့်ဖြစ်သွားသည်။

“လှေတွေ တော်တော်တောင် ထွက်သွားကြပြီပဲ”

နံနက်ဝေလီဝေလင်းတွင် မြစ်ပြင်ထဲ၌ ရွက်တိုက်သွားနေကြသော လှေတန်းကိုကြည့်ပြီး သာကျော့ပြောလိုက်၏။

“ကဲ ရွက်ထောင်တော့ကွာ”

ချက်စူက ပဲ့စင်မှနေ၍ သတိပေးလိုက်၏။ မျှားလှေတစ်စီးတွင် ပဲ့ကိုင်တစ်ယောက်နှင့် မျှားချမျှားဆွဲ တစ်ယောက် နှစ်ယောက်စီပါ၏။ သို့သော် လုပ်ငန်းခွင်တွင် ပုံသေထားလေ့မရှိကြ။ တစ်ယောက်မောလျှင် တစ်ယောက် အလှည့်ကျ လုပ်ကိုင်ကြရသည်။

သာကျော့သည် ပဲ့ပိုင်းရွက်ကို အလျင်တူပြီး နပျံကြိုးကို ပဲ့ကိုင် ချက်စူရှေ့နားကထုပ်တွင် ဆွဲချည်လိုက်၏။ ဦးပိုင်းရွက်ကို ထပ်တူပြီး ဦးဖျားကြောင်ချောင်ပေါ်က ထုပ်တွင် ဆွဲချည်လိုက်၏။

အရူးအမူးတိုက်ခတ်နေသော စုန်လေ(မြောက်ပြန်လေ)သည် ရွက်နှစ်ဖုံကို ခပ်ပြင်းပြင်း ရိုက်ဆော်သွင်းလိုက်ရာ လေးပေါလေးလံ တစ်စပ်တင် မျှားလှေကလေးမှာ မြစ်ရေပြင်ပေါ်တွင် ဒုန်းစိုင်းပြေးနေပေတော့သည်။ ချက်စူသည် ပဲ့ကိုင်တက်မကို လေစားရာဘက်ကချပြီး ကန့်ကျိတ်ထားရာ လက်ဖျံကြောကြီးများကြွတက်ကာ လက်နှစ်ချောင်းစလုံး တဖြန်းဖြန်း တုန်ခါနေ၏။

သာကျော့မှာ လှေပြေးနေတုန်း ငါးပြက်စာအတုံးကလေးများကို (၆)လောင်ပေါ် မျှားကလေးတွင် ဖောက်ချိတ်ပြီး လှေနံတွင် တန်းစီတင်ရင်း မျှားချရန် အဆင်သင့်ဖြစ်စေ၏။

ဘင်္ဂလားပင်လယ်အော် ကမ်းနံဘေးရှိ ကွမ်းချောင်းကျွန်း၊ ကျွန်းသာယာ(ကျွန်းသူရဲ၊ အက်လဇဘက်ကျွန်း)၊ ငပသုန်ကျွန်း၊ ကုက္ကိုကျွန်းများရှိ ရွာများမှာ ပင်လယ်ပြင်ကို အမှီပြုပြီး ဘဝဝမ်းမီးကို ငြိမ်းသတ်ကြ၏။

သို့သော် မိုးတွင်းကာလများတွင် သွေးဆိုးသော ပင်လယ်လှိုင်းသရမ်းများ၏ နိုင်ထက်တလူ ပြုမူမှုကြောင့် ပင်လယ်ပြင် ရေလုပ်ငန်းနားချိန်ဖြစ်၏။ ဝါလကင်းလွတ် သီတင်းကျွတ်ပြီး ခြေခင်းလက်ခင်းသာမှ ပင်လယ်ပြင် ထွက်ကြရသည်။

မိုးအကုန် ဆောင်းအကူး နှင်းရည်လူးသည်ဆိုရင်ပဲ မျှားတန်းချကြတော့သည်။ ပင်လယ်ပျော် ရေလုပ်သားတို့ ဘဝဝမ်းရေးမို့ အားခဲရုန်းကန်ကြသည်။

မျှားချသည့်လုပ်ငန်းမှာ ရေသေရက်များတွင် ငါးများအိုင်ဝပ်ချိန်၌ အစာကိုဗန်းပြပြီး မျှားဖြင့် ထောင်ဖမ်းသော လုပ်ငန်းပင်ဖြစ်သည်။

“သာကျော့ရေ သူများတွေတော့ ငါးပုံတိုက်ကြတာ တော်တော်မြတ်ကြတယ်ဆိုပဲ”

“မြတ်မှာပေါ့ကွာ ကျောက်တော် မြောက်ဦးဘက်က ကုန်သည်တွေ ဈေးကောင်းပေးဝယ်ကြတယ်လို့ ကြားပါတယ်”

“တို့မှ အဲလို ရင်းနှီးဖို့ အဆင့်မရှိတာကွ”

“ငသန့်သာ ပိုက်ခွင်မှာ ပုံတိုက်ငါးတွေတော်တော်ကျတာပဲတဲ့ သိလား”

“အဲဒါတွေ အသာထားစမ်းပါ၊ ကိုယ်နဲ့ပတ်သက်တာပဲပြောကွာ”

“အာရုံလေးတွေရလို့ နှုတ်အရသာခံကြည့်တာပေါ့ဟ”

“နှုတ်အရသာလဲ မခံနဲ့၊ တို့ဘဝက မျှားချဖို့ ပိုက်ချဖို့ပဲ အခြေအနေပေးတာလေ။ ဒီတော့ ဆောင်းဆိုမျှားချမယ်။ နွေဆို ပသျှူးပိုက်ဆွဲမယ် ဒါပဲ”

“ငါ့မလဲ ငါ့မိန်းမက ခဏခဏနေမကောင်းဖြစ်နေတာနဲ့ ဆေးဖိုးဝါးခနဲ့တင် ငါမွဲနေတာကွ”

“ခိုညည်းသလို ညည်းမနေစမ်းပါနဲ့ ချက်စူရာ။ တို့ပိုက်ဆံရဖို့ အလုပ်လုပ်နေကြတာပဲ မဟုတ်လား။ တို့အလုပ်က ခွင်တွေ့ဖို့လိုတယ်၊ ငါးတွေ့ဖို့လိုတယ်ကွ၊ ဒါပဲ … ကဲ တို့ ဒီနေ့ တောင်ကြီးမော်ခွင် စမ်းကြည့်မယ်နော်”

“ရတယ် … ရတယ် မင်းသဘောပဲ”

ငပသုန်ကျွန်း နတ်မော်တောင်တန်းနဲ့ နတ်စဖိုကျွန်းကြား ရေလက်ကြားမှလွန်လျှင် ဆုံးစမဖြစ်သော ပင်လယ်ပြင်ကြီးက ဆီးကြိုနေပေသည်။

ချက်စူသည် ဆင်ကျိမ်ကျွန်းသို့ ဦးတည်ပြီး ရွက်ရ ပေးနေ၏။ မျှားလှေကလေးမှာ ရွက်နှစ်ဖုံ၏ တွန်းအားကြောင့် လိုင်းခေါင်းဖြူများကို ခွနင်းပြီး တရှဲရှဲအသံပေးလျက် အားကောင်းမောင်းသန် ပြေးနေ၏။

ဆင်ကျိမ်ကျွန်းလွန်သည်နှင့် လှေဦးကို လက်ယာဘက်သို့ လှည့်ပေးလိုက်ရာ တောင်ကြီးမော်ကျွန်းသည် ပင်လယ်ရေပြင်ထဲတွင် ထီးထီးမားမား ပေါ်ထွက်လာသည်။ တောင်ကြီးမော်ကျွန်းမှာ ရခိုင်ကမ်းရိုးတန်း၏ အလယ်လောက်တွင်ရှိပြီး ပင်လယ်ပြင်နောက်ခံရှုခင်းနှင့် ပနံရလှသော ပန်းချီကားတစ်ချပ်လိုဖြစ်နေ၏။

တောင်ကြီးမော်ခွင်သည် ငါးရွှေမျှားတန်းချသောမျှားသမားတို့၏ စားကျက်ဖြစ်သည်။ တောင်ကြီးမော်ခွင်ကရသော ငါးရွှေများမှာ အကောင်ကြီးသဖြင့် ကုန်သည်များ အလုအယက်ဝယ်ကြသည်။

မျှားသမားများမှာ တောင်ကြီးမော်ခွင်တွင် ငါးမတွေ့လျှင် ငှက်ကျွန်းခွင်သို့ ဆက်သွားတတ်ကြသည်။ ငှက်ကျွန်းမှာ ကမ်းရိုးတန်းနှင့် အဝေးဆုံးနေရာတွင် တည်ရှိသဖြင့် ညနေအိမ်ပြန်ချိန်တွင် ရမ်းပေါက်လေ(မွန်းလွဲပိုင်းအချိန်များတွင် ပင်လယ်ပြင်ဘက်မှ တိုက်ခတ်သောလေ) အားနည်းလျှင် အခက်ကြုံကြရသည်။ ဆောင်းရာသီတွင် ရမ်းပေါက်လေ အားနည်းတတ်သဖြင့် တစ်ခါတလေ တောက်လျှောက်ခတ်တက်ခတ်ပြီး အိမ်ပြန်ကြရသည်။ စက်တပ်လှေ မကိုင်နိုင်သော ချက်စူတို့ သာကျော့တို့လို မျှားသမားတွေအဖို့ အခက်ကြုံပေါင်းများပြီ။

“ချက်စူရေ နပျံကြိုးဖြုတ်ချလိုက်တော့၊ တို့ ဒီနေရာမှာ မျှားတန်းချမယ်ကွာ”

ချက်စူသည် ပဲ့ထုပ်တွင် ချည်ထားသော နပျံကြိုးကို ဖြုတ်ချလိုက်ရာ လှေမှာ ဝေါခနဲ ထိုးရပ်သွားသည်။ သာကျော့က ရွက်နှစ်ဖုံစလုံးကို လုံးသိမ်းလိုက်ပြီး နပျံကြိုးဖြင့် စည်းချည်ကာ ရွက်တိုင်ပေါက်မှ နုတ်လိုက်၏။ ရွက်ကို ကပ်စင်နောက်ကျောတွင် အသာအယာ ချထားလိုက်သည်။

“ကဲ ချက်စူ လှေကို ထိန်းတော့ … ကျောက်ဆူးချမယ်”

“အေး အေး”

သာကျော့သည် လှေအငြိမ်တွင် ကျောက်ဆူးကို ပစ်ချလိုက်၏။ ကျောက်ဆူးဆိုသော်လည်း သံကျောက်ဆူးကား မဟုတ်။ ကျောက်ဆူးသဏ္ဌာန် ခွကောင်းကောင်းရှိသော မဓမသားကို အရင်းအဖျား ဖြတ်ပြီး အဖျားဘက်က ပင်လယ်ကျောက် မာဆတ်ဆတ်ကို ကြိုးဖြင့် တွဲချည်ထားခြင်းသာ ဖြစ်သည်။

လက်ဖျားဖော့အဖြစ် အခွံနွှာထားသော အဆစ်ပိတ် ဝါးပိုးဖော့ကို အသုံးပြုသည်။ လက်ဖျားဖော့ကို ကျောက်ဆူးကြိုးနှင့် ပူးတွဲပစ်ချလိုက်၏။ လှေနံတွင် အစာတင်ပြီး အသင့်ချိတ်ထားသော မျှားချောင်းကလေးများကို ပင်လယ်ပြင်ထဲသို့ တစ်ချောင်း တစ်ချောင်း ပစ်ချနေ၏။

မျှားတန်းအနေအထား ကောင်းစေရန် ချက်စူက လှေကို လေးလေးနဲ့မှန်မှန် လှော်ပေးထား၏။ မျှားတန်းမှာ လက်လံ(၃ဝဝ)ရှိသည်။ မျှားတန်းဆုံးသည့်အချိန်တွင် ပဲ့ကျောက်ကို ပစ်ချလိုက်ပြီး လက်ကိုင်ကြိုးကို လှေဦးတွင် ချည်ထားလိုက်သည်။

သာကျော့နှင့် ချက်စူတို့မှာ ချွေးပေါက်ပေါက်ကျသွားကြပေသည်။

သာကျော့သည် လှေကပ်စင်မှ မတ်တတ်ရပ်ပြီး ငါးမျှားတန်း အနေအထားကို အကဲခတ်လိုက်သည်။ မြစ်ပြင်ကျယ်ကြီး၏ မြင်ကွင်းတစ်ဝိုက်တွင် မျှားတန်းလှေကလေးများမှာ လှိုင်းလုံးများကြား၌ မြုပ်ချည်ပေါ်ချည်။

“မျှားတန်းအနေအထားကတော့ မဆိုးဘူးကွ”

“သာကျော့ မင်းက ဒီနှစ် အကုသိုလ်နံ တော်တော်ထွန်းနေတယ်နော်”

“ဘာဖြစ်လို့တုံးဟ”

“ဘာဖြစ်ရမလဲ၊ မိုးပွဲစတုန်းကလဲ သာလိကာ (ငပုတ်သင်) ဆွဲကြတာ မင်းပဲလေ ရေတိုင်း သူများထက် ပိုပိုရတာ။ ငါတော့ မင်းနဲ့ လိုက်ရတာ အရမ်းပျော်တာပဲ”

“ဒါကတော့ကွာ ငါသိပ်တော်လို့ မဟုတ်ပါဘူး၊ ငါလဲ သူများ တွေလိုပါပဲ၊ သူများထက်ပိုရတယ်ဆိုတာက ကိုယ့်အကြောင်းတရားပဲပေါ့ကွာ”

“ဒါကြောင့် မင်းကို အကုသိုလ်နံ ထွန်းတယ်လို့ ပြောတာပေါ့ကွ”

“ဟား ဟား ဟား ဟား”

ချက်စူက သူ့စကားနဲ့သူ သဘောတွေ့ပြီး အားရပါးရ ရယ်မောလိုက်၏။ သာကျော့ကတော့ ချက်စူကို လှမ်းကြည့်ပြီး ပြုံးနေလိုက်သည်။

မျှားသမား ပိုက်သမားတို့မှာ မျှားချ ပိုက်ချရင်းပဲ ရုန်းကန်ခြင်း အကြောင်းတရားများ အတွေ့အကြုံများကို စမြုံပြန်ပြောနေတတ်ကြသည်။ ကြံတိုင်းမြောက် ထင်တိုင်းပေါက်သည့် အချိန်များတွင် ပင်ပန်းပေမယ့် ရွှင်လန်းကြရသည်။

“ကဲ ချက်စူရေ မျှားတန်းချထားတာ တော်တော်လေးကြာနေပြီ။ တစ်တန်းလောက် ဖော်ကြည့်လိုက်ကြရအောင်ကွာ”

သာကျော့သည် ပဲ့ကျော်ကိုဆွဲတင်ပြီး မျှားတန်းကို ဆွဲဖော်လိုက်၏။ အချို့မျှားများမှာ အစာကုန်နေသော်လည်း ငါးမတွေ့ဘဲ ဖြစ်နေတတ်သည်လည်းရှိ၏။ သိပ်တောင်မကြာ သင်းပေါင်းထိုး (ငါးရွှေကြီး) တစ်ကောင် ရွှေရောင်တောက်ပြီး မျှား၌ ချိတ်ပါလာ၏။

သာကျော့ ခပ်ဆတ်ဆတ်ပဲ လှေပေါ်သို့ ဆွဲတင်လိုက်သည်။

သင်းပေါင်းထိုး (ငါးရွှေ)မှာ အကြေးခွံမဲ့သော ငါးဖြစ်၍ ကိုင်ရ ဖမ်းရ မလွယ်ကူပေ။ ခေါင်းပိုင်းတစ်ခုလုံးမှာ မီးကျောက်ခေါင်းပိုင်းလိုရှိ၏။

ငါးမျှားချိတ်၏ ဒဏ်ကြောင့် နာကျင်လွန်းနေဟန် ရှိနေသည်။ ထက်လှသော သွားများကိုဖြဲပြီး အတင်းရုန်းကန်နေ၏။ ငါးမျှားချိတ်ကို ဖြုတ်ရာတွင် သွားနှင့်သာထိမိလျှင်တော့ လက်တစ်ချောင်းလုံး ညက်ညက်ကြေသွားနိုင်သည်။

သို့ဖြစ်၍ သင်းပေါင်းထိုးမျှားချသူများမှာ ဓားမလေးကို ထက်အောင်သွေးပြီး မျှားတန်းဆွဲသူအနီးတွင် အဆင့်သင့်ချထားရသည်။

လှေပေါ် ငါးရောက်သည်နှင့် ဇက်ကိုအမိအရချိန်ပြီး ဖျတ်ခနဲ ခုတ်ချရသည်။ ဓါးချက် ဇက်ကို ကျွံသွားမှ ငါးကြီးက ငြိမ်သွားတတ်သည်။ သို့မဟုတ်လျှင် ဖြုတ်ရဖို့အရေးမှာ မလွယ်ကူပေ။

တစ်ခါတစ်ရံ မျှားဆွဲသူ မကျွမ်းကျင်လျှင်သော်လည်းကောင်း၊ အခြေအနေမပေး၍သော်လည်းကောင်း သင်းပေါင်းထိုး ဇက်ပိုးကို ဓါးခုတ်မရဘဲ ငါးကြီးက မျှားတန်းလန်းဖြင့် လှေဝမ်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေလျှင် “သင်းပေါင်းထိုးက လောင်းရှင်ခံနေပြီ”ဟု ရခိုင်မျှားသမားစကား အစဉ်အလာရှိခဲ့သည်။

“လှေဦးမယမ်းစေနဲ့ကွာ ငါးတွေ့နေတယ်”

သာကျော့သည် မျှားတန်းဆွဲနေရာက ချက်စူကို လှမ်းပြောလိုက်၏။ အစာမပါတော့သော ငါးမျှားချိတ်များနေရာတွင် အသစ်တပ်ပြီး ပြန်လည်ပစ်ချ၏။ ငါးပါလာလျှင် ဖျတ်ခနဲဆွဲတင်ပြီး ဇက်ပိုးကို ခုတ် မျှားကို ဖြားပြီး အစာသစ်တပ်ကာ မြစ်ရေပြင်ထဲသို့ ပစ်ချ၏။

ပထမတစ်ချီ ဖော်ပြီးချိန်တွင်တော့ လှေထဲတွင် သင်းပေါင်းထိုးကြီး ၁၂ ကောင်က တစ်ကောင်ပေါ် တစ်ကောင်ထပ်ကာ ပုံနေကြပေပြီ။

သာကျော့နှင့် ချက်စူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။

မျှားသမားများမှာ မျှားတန်းအနေအထားကောင်း၍ ဟိုမှ သည်မှ ရွှေ့စရာမလိုလျှင် နှစ်နာရီမျှကြာလျှင် မျှားတစ်တန်းစီဖော် ကြရသည်။ ဖော်သမျှ မျှားတန်းတိုင်း သင်းပေါင်းထိုးကြီးတွေက မြွေကြီးတွေလို ရှည်ရှည်မျောမျော ပါလာကြသည်။

“ဟာ နေလုံးကြီးတောင် ပင်လယ်ပြင်ကြီးထဲ ငုပ်ဆင်းတော့မလို လုပ်နေပြီကွာ။ ကဲ ပြန်ကြမယ်၊ သူများတွေရွက်တိုက်နေကြပြီ”

သာကျော့တို့မှာ အလုပ်တွင် စူးနစ်နေပေရာ အချိန်ကုန်မှန်းပင် မသိလိုက်ကြ။

“ငါ ရွက်ထူမယ်၊ လှေနိုင်နိုင်ထိန်းထားနော်၊ ရမ်းပေါက်လေက စုန်လေထက် ပြင်းတယ်”

သာကျော့သည် ရွက်နှစ်ဖုံစလုံးကိုထူပြီး ကပ်စင်ပေါ်တွင် အမောဖြေထိုင်လိုက်သည်။ ချက်စူကတော့ ရွက်နှစ်ဖုံ၏တွန်းအားကြောင့် ပြေးအားကောင်းနေသောလှေကို ဟိုးဝေးဝေးက ပျပျမြင်နေရသော ငပသုန်ကျွန်းဆီသို့ ဦးတည်ပေးနေ၏။

မျှားကလေးကတော့ လှိုင်းလုံးများကို ခွနင်းပြီး တရိပ်ရိပ်ပြေးနေသည်။ ချက်စူ၏ အားရပါးရ ကန့်ကြိတ်ထားသော တက်မ၏ ရေပွက်များနောက်တွင် မြုပ်ချည်ပေါ်ချည်ဖြစ်နေကြသော ငါးအသေးအမွှားလေးများကို ပင်လယ်စင်ရော်များက နောက်ကဝဲပျံလိုက်ပါကာ ထိုးသုတ်စားသောက်နေကြသည်။

ညနေမှောင်ရီပျိုးပြီး သူငယ်ခေါင်းချချိန်လောက်မှ ငပသုန်ကျွန်းသို့ ချဉ်းကပ်မိလာသည်။ ရမ်းပေါက်လေကောင်း၍ သာကျော့ တက်ခတ်သက်သာသွားသည်။ အကယ်၍သာ ပုံမှန်တိုက်ခတ်တတ် သော ရမ်းပေါက်လေမရှိဘဲ ရာသီဥတုဖောက်ပြန်လာလျှင် ရွက်တိုက်မရဘဲ ပင်လယ်ပြင်ကနေ ကမ်းခြေအရောက် မျှားဆွဲသူက ရှေ့တိုး နောက်လန် ချွေးပြန်အောင် အားသွန်တက်ခတ်ရတတ်သည်။

ပဲ့ကိုင်ချက်စူသည် ငပသုန်ရွာ ငွေသာတောင်တန်းနှင့် နတ်မော်တောင်တန်းကြား မျှားတဲတန်းလျား မြစ်ဆိပ်ကွေ့ ချိုင်ထဲသို့ လှေကို ဦးတည်ပေးလိုက်၏။ လှေသည် ယက်လှိုင်းကလေးနှင့်အတူ ကမ်းခြေသို့ ထိုးဆိုက်သွားသည်။

“ဟာ သာကျော့နဲ့ ချက်စူတို့လှေပဲ”

ဓားမတိုကလေးတွေ ကိုယ်စီကိုင်ထားသော လူအုပ်က မျှားလှေဆီသို့ ပြေးဆင်းလာကြ၏။

“ဟာ သင်းပေါင်းထိုးတွေ အများကြီးပဲ”

ပြောရင်းပင် သင်းပေါင်းထိုးများကို ကိုယ်ရသူရဆွဲယူပြီး သာကျော့တို့တဲဆီသို့ တင်နေကြ၏။ ကိုယ့်အပုံနဲ့ကိုယ် သီးခြားစီချပြီး ပုံလိုက်ကြသည်။

သူတို့မှာ သင်းပေါင်းထိုးစည်ပေါင်းထုတ်ပြီး အူသည်းနုတ်ရန် ရွာမှဆင်းလာကြသူများပင် ဖြစ်ကြသည်။ သင်းပေါင်းထိုးအူသည် ငါးတကာ့ငါးတွင် ဟင်းစားအကောင်းဆုံးဖြစ်သည်။ သင်းပေါင်းထိုးအူကို ရှမ်းနံနံ သို့မဟုတ် စပါးလင်လေးအုပ်ပြီး ချက်စားရသော အရသာကို နတ်သုဒ္ဓါနဲ့မလဲဟု မျှားသမားများပြောကြ၏။

ရခိုင်ကမ်းခြေဒေသတွင် မျှားသမားတို့သည် သင်းပေါင်းထိုးကို ကျောဘက်က အလျားလိုက်ခွဲပြီး စည်ဖောင်းနှင့် အူသည်းများကို နုတ်ကြသည်။ ငါးကိုယ်ထည်ကို ဝါးခြမ်းပြားလိုဖြစ်အောင်ထိ ခွဲစိတ် လုပ်ကိုင်ကြရသည်။

စည်ဖောင်းနှင့် အူသည်းများကိုနုတ်ပြီး ငါးကို အကောင်လိုက်ကြပ်စင်ပေါ်တင်ပြီး မီးကင်ကြသည်။ မျှားချရာသီတွင် တံငါတဲတိုင်း စင်ကြီးစင်ငယ်ဆောက်ပြီး သင်းပေါင်းထိုးကြပ်တိုက်ကြသည်။ ထင်းထုံးကြီးများကို ကြပ်စင်အောက်သို့ ထိုးသွင်းပြီး တစ်ညလုံး မီးမြှုပ်လိုက်ကြရ၏။

မီးရှိန်ဖြင့် ကျက်လာသောငါးကိုယ်ထည်ကြီးကို လိုအပ်သလို ပုံဖော်လုပ်ကိုင်ပေးရသည်။ လုံးလုံးကျက် သွားသည့်အချိန်တွင် ရွှေအိုရောင်အဆင်းသို့ရှိနေပြီး ပုံသဏ္ဌာန်မှာ စောင်းကောက်ကြီးလို ဖြစ်သွားသည်

သင်းပေါင်းထိုးကျပ်တိုက်ခြောက်ကို ဆယ်ကောင်တစ်စည်းစီ စည်းပြီး စစ်တွေ၊ ကျောက်ဖြူဈေးကွက်များသို့ တင်ပို့ကြသည်။ သင်းပေါင်းထိုးကျပ်တိုက်ခြောက်ဖြင့်ချက်သော ရခိုင်မုန့်တီဟင်းရည်မှာ အရသာအကောင်းဆုံးဖြစ်၍ ဈေးကွက်တွင် ရောင်းပန်းလှသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက် မင်းလမ်းရှိ ရခိုင်မုန့်တီနာမည်ကြီးခြင်းမှာ သင်းပေါင်းထိုးကျပ်တိုက်ခြောက် ဟင်းရည်ကြောင့်ပင်ဖြစ်သည်။

သင်းပေါင်းထိုးကျပ်တိုက်ခြောက်သာ မြန်မာ့အစားအစာထဲတွင် နာမည်ကြီးသည်မဟုတ်။ စည်ဖောင်းသည်လည်း တစ်ပိသာကို ၁၈ဝဝဝဝကျပ်ထိ ဈေးရှိသည်။ စည်ဖေါင်းလုံးရေကြီးကြီး (၂၀)လျှင် တစ်ပိဿာစီးသည်။

“သာကျော့နဲ့ ချက်စူကတော့ကွာ ဒီနေ့စည်ဖေါင်းဖိုးတင် နှစ်သိန်းဖိုးလောက်ရှိတာပဲ”

“ဟုတ်ပါ့ဗျာ၊ မင်းတို့အတွက် အားရလိုက်တာ”

“ဒီနှစ်တော့ သာကျော့တို့နှစ်ပဲကွ”

“ဟုတ်တယ်ဗျာ၊ ဒီနှစ် စက်လှေတစ်စီးပိုင်အောင်တော့ ကြိုးစားနေတာပဲ”

ငါးခွဲနေသူများ၏ မုဒိတာစကားသံများကြားတွင် သာကျော့၏ အနာဂတ်မျှော်လင့်ချက်ရောင်ခြည်တန်းသည် အားပြည့်အင်ပြည့် လင်းလက်သွားသည်။

“ကိုသာကျော့ သွားအိပ်တော့လေ။ မနက်မလင်းခင်လှေပြန်ထွက်ရမှာနဲ့ အိပ်ချိန်မရဖြစ်နေလိမ့်မယ်”

နှင်းဥမှာ စည်ဖေါင်းလုံးလုံး ရှည်ရှည်ကြီးများကို ရေအင်တုံတွင် ဆေးနေရာမှ ငယ်ချစ်လင် ပင်လယ်ပျော်ရေလုပ်သားကြီးကို ပြောလိုက်၏။

“ကိုချက်စူလဲ သွားအိပ်တော့လေ၊ ဒီမှာ ငါးမီးထိုး ကျပ်တိုက်လုပ်မှာကို မနှင်းဥနဲ့ ကျွန်မလုပ်ထားရင် ရပါတယ်”

ထွေးမြကပါ ဘဝဖော်ရုန်းကန်ဖက်ကို သမုဒယစေတသိက်ဖြင့် စေ့ဆော်လိုက်သည်။

လပြည့်ကျော်(၉)ရက် လသည် ရွာအရှေ့ပြင် တောင်ကြီး ပေါ်က ကွေးကွေးကလေးပေါ်လာပြီး ပင်လယ်ကမ်းခြေချိုင့်ဝှမ်း တံငါတဲတန်းကလေးအား ရွှန်းရွှန်းစားစား ငုံ့ကြည့်နေ၏။

– ပြီး –

စာရေးသူ – ကျွန်းစဥ်မြေစောခက်

Leave a Reply

Your email address will not be published. Required fields are marked *