အကောင်းနှင့်အဆိုး
°°°°°°°°°°°°°°°°°°°°°°
#လယ်တွင်းသားစောချစ်
ငြိမ်းချမ်း ကျောက်မီးရွာသို့ရောက်နေသည်မှာ တစ်ပတ်ကြာပြီ။ ဆရာ ဆရာမများနှင့်လည်း ရင်းနှီး နေပြီ။ ငြိမ်းချမ်း အားအထားရဆုံးမှာ ဆရာ ဦးလှမင်း ဖြစ်သည်။ ဦးလှမင်းမှာ လူငယ်တစ်ယောက်ဖြစ်သည်။ မန္တလေးမှလာ၍ ကျောင်းတက်သည်။ ငြိမ်းချမ်းက ဦးလှမင်းကို ညီငယ်တစ်ယောက်လိုပင် ခင်မိသည်။ ဦးလှမင်းကလည်း ငြိမ်းချမ်းကို အစ်ကိုတစ်ယောက် လို ခင်မင်သည်။ ဦးလှမင်းသည် ကျောင်းဆရာ အလုပ်ကို စိတ်ဝင်စား၍ ကျောင်းသူကျောင်းသား များကို ချစ်တတ်သည်။ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများကလည်း ဦးလှမင်းကို ချစ်ကြသည်။ ဦးလှမင်းသည် နေ့တွင် ကျောင်းဆရာဖြစ်သော်လည်း ညဉ့်တွင် ကျောင်းသားဖြစ်၏။ မန္တလေး တက္ကသိုလ် တွင် ညဉ့်ကျောင်းဆက်တက်သည်။
ဒေါ်ခင်ဌေးနှင့် ဒေါ်ခင်စန်း ဆရာမနှစ်ယောက် တို့မှာလည်း မန္တလေးမှလာ၍ ကျောင်းတက်သူများ ဖြစ်ကြသည်။ ဒေါ်ခင်ဌေးက ဖြူဖြူသွယ်သွယ် မြင့်မြင့်၊ ဒေါ်ခင်စန်းက ညိုညိုတုတ်တုတ်ပုပု၊ ဒေါ်ခင်ဌေးက သွက်သွက်လက်လက်၊ ဒေါ်ခင်စန်းက အေးအေးဆေးဆေး။ သူတို့ နှစ်ယောက်မှာ တောင်နှင့် မြောက်လို ခြားနားသည်။ သို့ရာတွင် တစ် ယောက်နှင့် တစ်ယောက် အလွန်ချစ်၍ အလွန်တွဲကြသည်။ သူတို့နှစ်ယောက်တွင် တူသောအချက်မှာ နှစ်ယောက် စလုံးအပျိုများဖြစ်ကြ၏ ဆရာမဣန္ဒြေ၊ ဆရာမ သိက္ခာနှင့် ဆရာမပီသသော ဆရာမလေးများ ဖြစ် ကြ၏။ ဒေါ်ခင်ဌေးက လေးတန်းတွင် နှစ်နှစ်ဆက်တိုက် တန်းလုံးကျွတ်အောင်အောင် သင်ကြား၍ နာမည် ကောင်းရနေသူဖြစ်သည်။ ဒေါ်ခင်စန်းမှာ ကလေး များကို စိတ်ရှည်လက်ရှည် သင်တတ်သောကြောင့် နာမည်ကောင်းရသူ ဖြစ်သည်။
ဦးလှမင်း၊ ဒေါ်ခင်ဌေး၊ ဒေါ်ခင်စန်း ဆရာ ဆရာမသုံးယောက်မှာ ငြိမ်းချမ်းအားထားရမည့်သူများဖြစ်ကြ၏။ နောက်ဆရာမကြီးတစ်ယောက်မှာ ဒေါ်သိန်းရီဖြစ်သည်။ သူကား အားလုံးထဲမှာ ဘာသာ ခြား၍ တစ်မူထူးသူဖြစ်၏။ လူငယ်လူရွယ် ဆရာ ဆရာမလေးများထဲတွင် အသက်အရွယ်ကြီးရင့်သော ဆရာမကြီးဖြစ်သည်။ ပင်စင်ယူရန်ပင် နှစ်နှစ်ခန့်သာ လိုတော့သည်။ လူပျို၊ အပျိုဆရာ ဆရာမများကြားမှ ကလေးငါးယောက်မိခင် ဆရာမကြီးဖြစ်သည်။ တက်ကြွနေသော ဆရာ ဆရာမများ၏ကြားတွင် စိတ်ဓာတ်ကျနေသည့် ဆရာမကြီးဖြစ်သည်။
နေ့စဉ် ကျောင်းကို နောက်ကျမှလာ၍ အလျင်ဆုံး ပြန်သည်။ လင်ကိစ္စ၊ သားကိစ္စ၊ အိမ်ထောင်မှု ကိစ္စများနှင့် အမြဲတစေ ဗျာများနေသည်။ ကျောင်း သားများ၏ ပညာသင်ကြားမှုတွင် စိတ်ဝင်စား ခြင်းမရှိ။ သူက ဒုတိယတန်းမှာ သင်သည်။ သူ ကြိုက်သည့်အတန်းကို သူ့ဘာသာတောင်းယူထား ခြင်းဖြစ်၏။ အငယ်တန်းကလေးများကို စိတ်မရှည်၍ မသင်ချင်။ တတိယတန်းနှင့် စတုတ္ထတန်းကိုလည်း တာဝန်ကြီး၍ မသင်ချင်။ ဒုတိယတန်းမူကား ဖြစ်သလိုထား၍ရသည်။ သူ့အတန်းတွင် မည်သည့် အခါမှလည်း အမည်စာရင်းမခေါ်။ သူ့အတန်းမှ ကျောင်းသူကျောင်းသားများ၏ နာမည်ကိုပင် သူမသိ။ သိအောင်လုပ်ဖို့လည်း စိတ်မဝင်စား။ သူစိတ်ဝင်စား သည်မှာ နေ့လယ်ကျောင်းဆင်းချိန်တွင် သူကိုယ်တိုင် အိမ်မှာလုပ်သည့် ကပ်စေးနဲများကို ကျောင်းသားများအားရောင်းရန်ဖြစ်သည်။ သူ့ထံမှ ကပ်စေးနဲ ဝယ်စားသူများကို သူသဘောကျသည်။ မုန့်ဆိုင်များမှ ဝယ်စားသူများကို သူသဘောမကျ။ ကျောင်းသားများ ကလည်း ဆရာမ၏အလိုကိုသိကြသည်။ ပါလာသည့် မုန့်ဖိုး၏တစ်ဝက်ကို သူ့ထံမှ ကပ်စေးနဲဝယ်စားကြ သည်။ ကျန်ငွေနှင့် အခြားမုန့်များ ဝယ်စားကြသည်။
ကျောင်းတက်ချိန်များတွင် ဒေါ်သိန်းရီသည် စာကို ဟုတ်တိပတ်သိသင်သည်မရှိ။ ကျောင်းသား များကို စာအုပ်ဖွင့် အဖတ်ခိုင်းထားသည်။ သူကား ဆေးပေါ့လိပ်ကြီးကိုသာ ထိုင်သောက်နေတတ်သည်။ တစ်ခါတစ်ရံ အတန်းထဲတွင် ဆရာမကို မမြင်ရ။ သူက ကျောင်းသားများ၏ အလယ်မှာရောက်နေ၏။ ကျောင်းသူ အချို့က သူ့ခေါင်းကိုဝိုင်း၍ သန်းရှာပေးကြသည်။ ကျောင်းသား အချို့က သူ့ကိုဇက်ကြောနှိပ်ပေးနေကြ ရသည်။ အတန်းထဲတွင် ဝမ်းလျားမှောက်၍လည်း အနင်းခံသည်။
ငြိမ်းချမ်းရောက်၍ လေးရက်မြောက်သော နေ့တွင် ဒေါ်သိန်းရီသည် ငိုတော့မည့်မျက်နှာနှင့် ငြိမ်းချမ်းထံ ရောက်လာသည်။ သူ့လက်ထဲတွင်လည်း သွားကလေးများကို ကိုင်ထားသည်။
“ဆရာရယ် ကျွန်မတော့ ကိုယ်ကျိုးကြီးနည်းပါပြီ။ ကြည့်လုပ်ပါအုံး၊ ကျွန်မသွားတွေကုန်ပါပြီ ဆရာရယ်”
“ဘယ်လိုဖြစ်တာလဲ ဆရာမကြီး၊ သွားတွေက ဘယ်လိုဖြစ်ကုန်တာလဲ”
“ဘယ်လိုဖြစ်ရမလဲ ဆရာရယ်၊ အတန်းထဲက မျောက်သန္ဓေပေးမွေးတဲ့ ကလေးတွေပေါ့။ ကျွန်မ အနင်းခံနေတုန်း သွားတွေကို ခွေလိုက်ချွတ်ပြီး ခုံပေါ်တင်ထားတာ၊ တက်နင်းသွားကြတယ်လေ။ အားလုံးကျိုးကြေကုန်ပြီ၊ တစ်ခုမှ မကောင်းတော့ဘူး။ ဘယ်သူ့ကြောင့်ဆိုတာလည်း မေးလို့မရဘူး ကြည့် လုပ်ပေးပါဦးဆရာရယ်။ ဒါ ရန်ကုန်သွားတုန်းက ကျွန်မအစ်ကိုစိုက်ပေးလိုက်တာပါ။ ကျွန်မလည်း ထပ်စိုက်ဖို့ မတတ်နိုင်ဘူးဆရာ”
ငြိမ်းချမ်းမှာ ဆရာမကြီးကို သနားသော်လည်း မရယ်မိအောင်စိတ်ကို မနည်းထိန်းထားရသည်။ ဆရာမကြီးက ကျောင်းသားများကို အနင်းခိုင်းသည်။ ကျောင်းသားများက လူကိုသာမက သွားများကိုပါ အညောင်းပြေအောင် နင်းပေးလိုက်ကြသည်။ ဆရာမကြီး ကျေနပ်အောင် ငြိမ်းချမ်းက လိုက်မေးပါသည်။ သို့ရာတွင် တရားခံရှာမရ။ လက်သည်လည်းမပေါ် ခြေသည်လည်းမပေါ် ဖြစ်နေသည်။ ဆရာမ အလုပ်ကို ဒေါ်သိန်းရီ ပို၍ စိတ်ကုန်သွားသည်။
ဤဆရာမကြီး ပင်စင်မယူမချင်း မည်သို့ လက်တွဲ၍ ခေါ်ရပါမည်နည်း။
ငြိမ်းချမ်း သက်ပြင်းချမိသည်။
လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၂၄)
Uncategorized