July 31, 2025
Uncategorized

အကျဉ်းအကြားမှ ပျော့ကွက်

#ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
အကျဉ်းအကြားမှ ပျော့ကွက်

ချွတ်ခနဲ မိမိခြေထောက်နှင့် မတော်တဆတိုက်မိသည်ကြောင့် ကြိမ်နွယ်နှင့် ငြိရာမှ ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် မုဆိုးပေါက်စဖြစ်သူ မောင်ဘိုးဟန်သည် ကိုယ်ကိုတွန့်၍သွားပြီး ကိုယ်ရှိန်သတ်လိုက်သည်။ ပြီးမှ ပတ်ဝန်းကျင်ကို တစ်ချက်သိမ်းကျုံး၍ တောတောင်အခြေအနေနှင့် ခြေရာရှင်သားကောင်ကြီး၏ လှုပ်ရှားမှုကို အကဲခတ်လိုက်မိသည်။

တစ်တောလုံး တစ်တောင်လုံး ဆိတ်ငြိမ်နေသည်ကို တွေ့ရမှ မောင်ဘိုးဟန်သည် သက်ပြင်းကလေးချကာ မူလတွေ့ရသည့် ခြေရာရင်းကိုပြန်၍ ခြေရာခံကာ ရှေ့ဘက်လမ်းကိုမျှော်မှန်း၍ ကြည့်လိုက်ပြန်သည်။

ရက်ရက်ရောရောကြီးမားလှသော ခြေရာအသစ်ချပ်ချွတ်ကြီး၊ သို့မဟုတ် လွန်ခဲ့သည့် မိုးကလေးတစ်ပြိုက်ပြီးမှ သူ့ရှေ့ကထသွားခဲ့သည့် ပြောင်ထီးခေါင်းကြီး၏ ခြေရာကို မုဆိုးပညာသင်ကာစ မောင်ဘိုးဟန်သည် ဝမ်းသာအားရစွာဖြင့် ငုံ့ကာ ကြည့်ရှုလိုက်သည်။

ဧရာမခြေရာခွက်ကြီးကို ကြည့်ကာ ပိဿာချိန်ငါးရာထက်မနည်းတမ်း ထွက်မည့်အရေးကို စဉ်းစားမိရင်း သူ၏ ညာဘက်က ကိုင်ဆောင်လာသော ၁၂ ဗို့ တစ်လုံးပြူးကို ဟန်ပါပါနှင့် မြေပြင်၌ ထောက်ကာ ခေါင်းတညိတ်ညိတ်လုပ်၍ ကျေနပ်မိ၏။

သို့ရာတွင် သူ၏ အားထားအားကိုးရာ လက်နက်ကိုပြန်၍ ကြည့်မိသည်တွင် မြူးနေသောစိတ်ဓာတ်သည် ဖျတ်ခနဲပြန်၍ ကျဆင်းသယောင်ယောင် ဖြစ်သွား၏။ သေနတ်ဟုပြောရအောင် နာမည်ရရုံသာရှိသည့် ၁၂ ဗို့ လုံးချင်း၊ သို့မဟုတ် တစ်လုံးထိုးသေနတ်သည် အမဲကြီးနှင့် ယှဉ်လိုက်လျှင် စိတ်မချရကြောင်းကို မုဆိုးအိုကြီး ဦးလှကျော်၏ သြဝါဒစကားကို မုဆိုးပေါက်စ မောင်ဘိုးဟန်သည် ပြေး၍ စဉ်းစားမိတော့၏။

“စက္ကူကျည်ဆန်နဲ့ ပတ်ခတ်လို့ရတာ စိတ်မချရဘူး၊ စက္ကူကျည်ဆန်မှာ ခဲအကြီးဆုံးက ကျည်မကြီးတစ်လုံးပဲရှိတယ်အဲဒီအောက်က စက္ကူကျည်ဆန်အနေနဲ့ ခြောက်လုံးကျည်နဲ့ ကိုးလုံးကျည် ဒီနှစ်တောင့်ပဲ အမဲကြီးအတွက် နည်းနည်းစိတ်ချရတဲ့ ကျည်ဆန်ဖြစ်တယ်။

ဒါပေမယ့် ပြောင်နဲ့ ဆင်ကျရင် စက္ကူကျည်ဆန်နဲ့ ပစ်ခတ်ရတာဟာ အန္တရာယ်များလှတယ် မောင်ဘိုးဟန်၊ တစ်ချက်နဲ့ ချက်မပိုင်ရင် နောက်ထပ်ဆင့်ပစ်ဖို့ဟာက မလွယ်လှတော့ဘူး။ နှစ်လုံးပြူးဆိုရင်တော်ပါရဲ့ ၊ လုံးချင်းသေနတ်ဆိုရင်တော့ မုဆိုးဟာ တစ်ချက် အမဲကြီးပစ်ခတ်ပြီးရင် ချက်ရာမကျရင်တော့ ဆုက်လမ်း ပြေးလမ်းနဲ့ နီးရာက တွယ်တက်ဖို့ သစ်ပင်ကိုရှာပေတော့ မောင်ဘိုးဟန်”

ပျဉ်းမနားအနောက်နယ်ရှိ ဗြိတိသျှမျက်နှာဖြူခေတ် သစ်တောဌာန၊ ပုလိပ်ဌာနနှင့် ဘုံဘေစတီးကုမ္ပဏီအရာရှိတွေ၏ လက်သုံးတော် စိုးပေါက် မင်းပေါက် မုဆိုးကြီး ဦးလှကျော်၏ အမဲပစ်နည်း နိဒါန်းစကားကို မောင်ဘိုးဟန်သည် ကြားယောင်မြင်ယောင်ရှိလာတော့၏။

သူ၏ ညာဘက်ဘေး၌ လွယ်ထားသော ခပ်စုတ်စုတ်လွယ်အိတ်ထဲမှ တစ်ပတ်နွမ်း စက္ကူကျည်ဆန် သုံးတောင့်ကလည်း မောင်ဘိုးဟန်၏ စိတ်ဓာတ်ကို ချောက်လှန့် နေတော့သည်။ ခြောက်လုံးကျည် (LG)နှစ်တောင့်နှင့် ကိုလုံးကျည် (S.G) တစ်တောင့်သာလျှင် မောင်ဘိုးဟန်၏ တစ်လုံးထိုးသေနတ်အတွက် ကျည်ဆန်အားလုံး ၃ တောင့်ရှိလေသည်။

ခြေရာခံနေသော မုဆိုးပေါက်စ မောင်ဘိုးဟန်၏ ရှေ့ ခဲနှစ်ပစ်လောက်ဆီမှ ဖူးခနဲ နှာခေါင်းမှုတ်သံကြီးတစ်ချက် ပေါ်ထွက်လာသည်။ တောရည်ဝစပြုလာသည့် မောင်ဘိုးဟန်သည် ပြောင်တစ်ကောင်၏ လူနံ့ရသည်ကြောင့် ဒေါသထွက်မာန်တင်းသည့် အမူအရာဖြင့် နှာခေါင်းမှုတ် လိုက်ခြင်းဖြစ်ကြောင်းကို နားလည်သဘောပေါက်မိပါသည်။

ထို့ကြောင့် မောင်ဘိုးဟန်သည် တစ်လုံးပြူးသေနတ် သို့မဟုတ် တောအခေါ် တစ်လုံးထိုးသေနတ်ကို ခါးချိုးလိုက်ပြီး ခြောက်လုံးကျည်တစ်တောင့်ထည့်ကာ မောင်းတင်လိုက်သည်။ ပြီးနောက် ပြောင်နှာခေါင်းမှုတ်သံထွက်ရာဘက်သို့ ဂရုတစိုက် ချုံကွယ်မှ လှမ်း၍ကြည့်လိုက်တော့၏။

ဝါးသုဉ်းကိုင်း တစ်ကိုင်းကို ဆွဲရမ်းကာ စားသောက်နေသော ဧရာမပြောင်ထီးခေါင်းကြီး တစ်ကောင်သည် မောင်ဘိုးဟန်ရှိရာဘက်သို့ ခေါင်းထောင်ကာ ရင်ဆိုင်ရန် အသင့်ရှိသည့် အထိမ်းအမှတ်ဖြင့် လေးဘက်တန်းတန်းခိုင်ခိုင်ကြီးရပ်နေ သည်ကို တွေ့လိုက်ရလေသည်။

မောင်ဘိုးဟန်သည် တစ်လုံးထိုးသေနတ်ကို အသင့်ကိုင်ကာ ပြောင်ကြီး၏ ထိပ်တိုက်ပေးထားသည့် အခြေအနေကိုကြည့်ကာ ပစ်ရေး မပစ်ရေးအတွက် ချင့်ချိန်နေတော့သည်။

သူကိုင်ထားသော ၁၂ ဗို့ တစ်လုံးထိုး သေနတ်မှာ ပြောင်းအရှည် သုံးဆယ့်နှစ်လက်မရှိ၍ ကျည်ဆန်ပေါက်ကွဲထွက်ရာ၌ သားကောင်များအဖို့ အထိနာသလောက် ကျည်ဆန်ချက်စူးရှခဲ့ကြောင်းကို မောင်ဘိုးဟန်နားလည်ထား၏။

သာမန် ဂျီ၊ ဆတ်၊ ဝက် များကို သူ၏ တစ်လုံးထိုးသေနတ်နှင့် ပစ်ခဲ့သည်တွင် တစ်ဖက်လက်ပြင်က မှန်လျှင် တစ်ဖက်လက်ပြင်ဆီသို့ ဖောက်ထွက်ခြင်း၊ ခဲလုံးများလာစုနေခြင်း စသည့် တစ်လုံးထိုးပြောင်းရှည်သေနတ်၏ စွမ်းအားကို နားလည်ခဲ့မိ၏။

သို့ရာတွင် မောင်ဘိုးဟန်အား နှစ်ပေခန့်မျှ ကျယ်ပြန့်သော ဦးကင်းထိပ်တိုက်ပေးကာ မာန်သွင်းရင်း ခိုင်ခိုင်ကြီးရပ်နေသော ပြောင်ကြီးကို ပစ်ခတ်ရေးအတွက်မူကား မောင်ဘိုးဟန်အတွက် စိတ်မရဲဝံ့ချေ။

အကြောင်းမှာ မောင်ဘိုးဟန်သည် ပြောင်သတ္တဝါ၏ ခွန်အားကြီးမားပုံ၊ လျင်မြန်ပုံနှင့်တကွ ပြောင်၏ နဖူးပြင်နှင့် ဦးကင်းရိုးကြီး ထုထည်ကြီးမားထူထပ်ပုံတို့ကို ကိုယ်တွေ့ လက်တွေ့ နားလည်ထားသောကြောင့်တည်း။

တစ်ခါက မောင်ဘိုးဟန်သည် မျက်နှာဖြူအရာရှိ သစ်တောဝန်ထောက် ဘရောင်းသခင်နှင့်အတူ ပြောင်အပ်ထဲသို့ဖောက်ဝင်၍ မိမိတို့ဆီသို့ မျက်နှာချင်းဆိုင်ရပ်နေသော ပြောင်ထီးတစ်ကောင်ကို ဘရောင်း သခင်က ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် ထိပ်တည့်တည့်ပစ်ခတ်သည်တွင် ရိုင်ဖယ်ကျည်ဆန်ဖူးသည် ထူထပ်လှသော ပြောင်၏ နဖူးရိုးကိုမှန်ကာ အတွင်းသို့ ထိုးထွင်း မဖောက်နိုင်တော့ဘဲ အပေါ်သို့လျှံ၍ ထွက်သွားခဲ့သည်ကြောင့် ဒေါသထွက်နေသော ပြောင်ကြီး၏ ကဆုန်လိုက်ခြင်းကို ကိုယ်တွေ့ ခံခဲ့ရသော မောင်ဘိုးဟန်သည် ယခုအကြိမ် သူ၏ အရေးအတွက် ပစ်ခတ်ရန် ရွေးချယ်ရင်း စဉ်းစားနေမိပါတော့သည်။

ဝုန်းခနဲ အသံနှင့်အတူ မောင်ဘိုးဟန်အား ရင်ဆိုင်ရပ်နေသော ပြောင်ကြီးသည် ချာခနဲလှည့်ကာ တောအနိမ့်ပိုင်းဆီသို့ ဆင်းသွားပါတော့သည်။

လျင်မြန်လှသော ပြောင်ကြီး၏ လှုပ်ရှားမှုကြောင့် ချက်ကောင်းကို စောင့်နေသည့် မောင်ဘိုးဟန်အဖို့ သူ၏ တစ်လုံးထိုးသေနတ်ကို ချိန်ပင် ချိန်ရွယ်ခွင့် မရလိုက်ပါ။ ချက်ချင်းပင် မောင်ဘိုးဟန်သည် ပြောင်ကြီးဆင်းသွားရာနောက်သို့ တစ်လှမ်းချင်းနင်း၍ ဆက်လိုက်ခဲ့ပါသည်။

အကောင်ကြီးမားသလောက် လျင်မြန်လှသော ပြောင်ကြီးသည် တစ်ဖက်ခင်ကျောပေါ်သို့ တက်သွားသည်ကို မောင်ဘိုးဟန်သည် ကျွန်းပင်နောက်မှကပ်၍ ခြေရာခံရင်းမှ လှမ်းကာတွေ့ လိုက်ရပါသည်။

ရတောင့်ရခဲသော ဤသို့ သားကောင်ကြီးဖြစ်သည့် ပြောင်ထီးကြီးတစ်ကောင်ကို ပက်ပင်းပါ နီးနီးကပ်ကပ် တွေ့ မြင်နေရသော မုဆိုးပေါက်စ မောင်ဘိုးဟန်အဖို့ ပြောင်ကြီးထွက်ခွာသွားရာဆီသို့ အလျှော့မပေးစတမ်း အစဉ်တစိုက်လိုက်ရန် ဆုံးဖြတ်လိုက်ပါသည်။

ပစ်ခတ်ခွင့်ရလျှင် ချက်ကောင်းဖြစ်သည့် ဘေးတိုက် ပစ်ခတ်ခွင့်ကြုံသည့်အခါ၌ လက်ပြင်ကိုဆုပ်၍ ပစ်ခတ်နည်းအတိုင်း ပစ်ခတ်ရန်ကိုလည်းကောင်း၊ သို့မဟုတ် သန်ကြောပစ်ခတ်နည်းဖြစ်သည့် ပြောင်ကြီး၏ ကျောပြင် ခါးကိုင်အထက်ကို မိမိရရ ပစ်ခတ်၍ မသွားနိုင် မပြေးနိုင်သည့် ဘဝရောက်မှ ချက်ကောင်းကို တစ်ချက်ချင်းရွေး၍ ပြောင်ကြီးအား ကိစ္စပြီး သုတ်သင်ရန်အတွက်ပါ မောင်ဘိုးဟန်သည် ပြောင်ကြီးထွက်ခွာသွားရာနောက်မှ ခြေရာခံရင်း စိတ်ထဲတွင် အကွက်ရိုက်မှတ်ထားလိုက်ပြီး ဖြစ်ပါသည်။

လှေကားတောင် မြောင်ပေါက်ကိုဖြတ်၍ ပြောင်ကြီး သွားရာနောက်မှ မောင်ဘိုးဟန်သည် ဇွဲကြီးသဲကြီးဖြင့် လိုက်ပါခဲ့သည်။ နဖူးကချွေးပေါက်တွေသည် ယိုစီးကာ၊ မောင်ဘိုးဟန်၏ ပါးပြင်ကို သနပ်ခါးလိမ်းခြယ်ထားသလို ရွှဲရွှဲစို၍ စေးကပ်နေစေသည်။

ရှေ့မှ စားရင်း ခပ်သုတ်သုတ်သွားနေသော ပြောင်ကြီးသည် လှေကားတောင်မြောင်ပေါက်မှ ဘယ်ဘက်သို့ ပန်းကာတက်ရင်း ထွေးတောထဲသို့ ခြေဦးလှည့်နေပြန်သည်။ မောင်ဘိုးဟန်အဖို့ ယခုကဲ့သို့ အခြေအနေရှုပ်ထွေးနေသော အရှောင်ရ အသွားရခက်လှသည် အောက်ခြေရှုပ်လှသည့် လူတစ်ရပ်ကျော်ကျော် မြင့်မားစွာ သစ်ပင်စုံ ကိုင်းပင်၊ သက်ကယ်ပင်များပေါက်ရောက်ရာ ထွေးတောထဲသို့ ရုတ်တရက် အမိုက်ခံ၍ မလိုက်ဝံ့ပါ။

ဒဏ်ရာရှိသွားပြီး ထွေးတောထဲသို့ ဝင်သွားသည့် တောဝက်၊ ကျားနာ၊ ပြောင်နှင့် တောဆင်များ၏ ရှောင်တခင်တုံ့ပြန်ကာ သေနတ်သမားမုဆိုးအား တိုက်ခိုက်ခဲ့သည့် မရှမလှသေဆုံးခဲ့ရသည့် မုဆိုး များ၏ နိဂုံးချုပ်ရာဇဝင်များကို မောင်ဘိုးဟန်သည် ကြားဖူးနားဝရှိခဲ့ပြီး သူ့ဆရာ မုဆိုးကြီးဦးလှကျော်၏ သတိပေးတားမြစ်ချက်ကို အမှတ်ရနေ ပါသည်။

ထို့ကြောင့် တစ်လုံးထိုးသေနတ်ကို အသင့်ကိုင်ကာ မောင်ဘိုးဟန်သည် သူနှင့် ဝါးသုံးရိုက်အကွာအဝေးရှိ ထွေးတောစပ်ဆီသို့ နားတစွင့်စွင့် မျက်စိရှင်ရှင်နှင့် ပြောင်ကြီး၏ လှုပ်ရှားသံနှင့် အခြေအနေကို အကဲခတ် စောင့်ဆိုင်းနေခဲ့သည်။

ဗြောင်းခနဲ တအားဖိ၍ ထွေးတောကြီးထဲမှ တိုးထွက်လာသည့် ပြောင်ကြီး၏ ဧရာမနက်မှောင်နေသော ဆင်ပေါက်ကလေး ကိုယ်လုံးနီးနီး ကြီးမားလှသည့် ခန္ဓာကြီးနှင့် ပြောင်ကြီးသည် ဒေါသခြောင်းခြောင်းထွက်နေသည့် သဏ္ဌာန်ဖြင့် ထွေးတော၏ တောင်ဘက် မြေကွက်လပ်ကလေးဆီသို့ အရောက်ပြေးတက်ခဲ့သည်။

လေနှင့်အတူ လျင်မြန်လှသော ပြောင်ကြီးသည် မြက်ပင်နုနုတွေ ပေါက်နေရာလွင်ပြင်ထဲသို့ အရောက်တွင် တောင်ပို့ခြေရင်းရှိ ပေါင်လုံးခန့်တုတ်သော ကြသောင်းဝါးပင်ကြီးကို တည့်တည့်မတ်မတ်ကြီး ခေါင်းနှင့်ပြေးကာ တိုက်လိုက်ပြီး ဘယ်ပြန်ညာပြန် ချိုကြီးနှစ်ချောင်းဖြင့် သိမ်းကျုံး၍ မာန်သွင်းရင်း ခတ်ချလိုက်သည်။

ဖြောင်းကနဲ ဖျတ်ခနဲ ဝါးပင်ကြီးများသည် ပြောင်ကြီး၏ ကြီးမားလှသည့် ချိုနှစ်ချောင်းဒဏ်ချက်ကြောင့် ခြေရင်းဆီမှ ခြောက်ပေခန့်အကွာက ထောင်းခနဲ ရှဲခနဲ ပြတ်၍ လွင့်၍ကျသွားပါသည်။

သေနတ်ကိုအသင့်ချိန်ထားသော မောင်ဘိုးဟန်အဖို့ ပြောင်ကြီး၏ ကြောက်ဖွယ်ရာ စွမ်းအားသတ္တိကြောင့် သေနတ်ကိုင်ထားသောလက်တစ်ဖက်မှာ တုန်တုန်ယင်ယင်ဖြစ်နေရှာသည်။ ဝါးရုံပင်များအကြားတွင် မိုက်ဂုဏ်ပြနေသည့် ပြောင်ကြီးကို မောင်ဘိုးဟန်အဖို့ ချိန်သားမကောင်း ချက်မပိုင်၍ ပစ်ခွင့်မရသည်ကြောင့် မောင်ဘိုးဟန်သည် ပြောင်ကြီး၏ဘေးမှ ပန်း၍ ပစ်ခတ်ရန်အတွက် နံဘေး တောင်နံရံဆီမှ သီကာ လှည့်၍ဆင်းလိုက်သည်။

လူနံ့ရ၍နေသော ပြောင်ကြီးသည် မောင်ဘိုးဟန်ထက် အလျင်ပင် လွင်သာကွက်လပ်ကလေးမှ အနောက်ဘက်စူးစူးသို့ ခြေလှမ်းခပ်ကျဲကျဲ လှမ်းကာ ထွက်သွားတော့သည်။

မောင်ဘိုးဟန်သည် ခြေလှမ်းသွက်သွက်နှင့် တောင်နံရံမှပန်းကာ ပြောင်ကြီး၏ ခြေလှမ်းများကိုမီအောင် အပြေးကလေးလိုက်ခဲ့ပြန်သည်။ တောကျွမ်းကျင်လှသော ပြောင်ကြီးသည် တောင်ကမ်းကြီးမှခွာ၍ မြေနိမ့်ပိုင်းဆီသို့ ထွက်ခွာသွားခဲ့လေသည်။

မာန်သွင်းကာ တွေ့ကရာ သိမ်းကျုံးခတ်ကာ တောင်ကမ်းကြီးမှ မြေနိမ့်ဆီသို့ အရလုကာ ခြေလှမ်းကျဲကျဲကြီးများနင်းလျက် ထွက်ခွာသွားသော ပြောင်ထီးခေါင်းကြီးနောက်သို့ အမီလိုက်ရန် စွေ့ကနဲ ညာခြေတစ်ဖက် ရှေ့သို့ လှမ်းလိုက်မိသော မုဆိုးပေါက်စ မောင်ဘိုးဟန်အဖို့ “ဟင်” ခနဲ ပါးစပ်က အလွန်အမင်း အံ့သြသွားစေသည့် အာမေဋိတ်အသံကြီး ခုန်ထွက် မလာမိစေရန် မနည်းကြိုးစားကာ ထိန်းသိမ်းထားလိုက်မိတော့၏။

အကြောင်းမှာ ပြောင်ထီးကြီးထွက်ခွာသွားရာ ဝါးရုံပင်ပေါက်အတွင်းဆီမှ မမျှော်လင့်သော သတ္တဝါကြီးတစ်ကောင်၏ ခေါင်းပိုင်းကျားကျားကြီးကို ရိပ်ခနဲ တွေ့လိုက်မိသောကြောင့်တည်း။

ခေါင်းကြီး ကြီးမားသလောက် နားရွက်တွေတိုပြီး ဝိုင်းနေလျက် ပွ၍ တိုနံ့နံ့နှာခေါင်းကြီးကို မော်ကာ ပြောင်ကြီးဆီသို့ အနည်းငယ်မော်ကာ အနံ့ခံရင်း သူ၏ လက်တစ်ဖက်ကို မကာ ရှေ့သို့ ဆက်လိုက် သင့် မသင့် ဝေခွဲချင့်ချိန်နေဟန်ဖြင့် အညိုရင့် ရောင်တွင် အနက်တန်းကြီးများ ခြယ်လှယ်ထားသည့် တောကောင်ကြီး သို့မဟုတ်ဧရာမ ကျားကြီးတစ်ကောင်၏ တောရိပ်ခိုကာ ပြောင်ကြီးနောက်မှ ထက်ကြပ်မကွာတမ်း လိုက်ပါချောင်းမြောင်းနေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပေပြီတကား။

ချက်ခနဲကျားကြီးသည် ပြောင်ထီးခေါင်းကြီး စွတ်ထွက်သွားရာကို အနံ့ခံ၍ကြည့်လိုက်ရာမှ ညာဘက်သို့ပန်း၍ ဝါးရုံပင်ပျိုများ၏ အကြားမှ အရိပ်ခိုလျက် ပြောင်ကြီးကို ပန်းကာလိုက်သည့် အနေဖြင့် ခပ်စောင်းစောင်း မြင့်နေသည့် ဝါးရုံတောအတိုင်း လျှပ်တစ်ပြက်အတွင်း၌ ဝင်ရောက်သွားပြန် ပါသည်။

တပင်တပန်း အလိုက်ကြီးလိုက်ခဲ့ရသူ မောင်ဘိုးဟန်အဖို့ ရေဆုံးရေဖျား သဘောထားအနေဖြင့် သူ၏ အားထားရာ တစ်လုံးထိုး သေနတ်ကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း မျက်စိရှင်ရှင်နှင့် သားကောင်ကြီးနှစ်ကောင်၏ အရိပ်အခြည်ကို အကဲခတ်ရင်း ပြောင်ထီးကြီး၏ ခြေရာရင်းက မခွာတမ်း တစ်လှမ်းချင်း ခြေသံလုံလုံနင်းကာ တက်ခဲ့ပြန်ပါတော့သည်။

သူ့အဖို အန္တရာယ်တစ်ရပ်မှ နောက်ထပ်တစ်ရပ်တိုး၍ လာခဲ့သည်ကြောင့် သူ၏ ချွေးစို့နေသော ရင်ဘတ်မှာ တဒိတ်ဒိတ်ခုန်စပြုလာပါပြီ။ သို့ရာတွင် မုဆိုးကျော်ကြီးတစ်ယောက်ဖြစ်လာရမည့် မောင်ဘိုးဟန်၏ ပေကတ်ကတ် ရွတ်တွတ်တွတ်ဉာဉ်ကား မောင်ဘိုးဟန်ကို နောက်သို့ မဆုတ်တမ်း ခြေလှမ်းတွေ ရှေ့သို့တစ်လှမ်းပြီး တစ်လှမ်း အရောက်ပို့ဆောင် နေပြန်ပါတော့သည်။

မကြာမီ ပြောင်ကြီးသည် သပြေရိုးကလေးဆီသို့ ချဉ်းကပ်ခဲ့သည်။ မိုးဦးကျစအချိန် မိုးရွာပြီးရေကျခဲ့ရာမှ စဲစအချိန်ဖြစ်၍ သပြေရိုးအမည်ခံ တောတွင်း စမ်းချောင်းကလေးအတွင်း၌ ရေစပ်စပ် ကျန်ခဲ့တော့သည်။

မောင်ဘိုးဟန်အဖို့ ခြေသံလုံလုံနှင့် ပြောင်ကြီးကို အမီလိုက်ခဲ့ရသလောက် ပြောင်ကြီးအဖို့၌ လူနံ့ရပြီးသည့် သတ္တဝါပီပီ မနားမနေရှေ့မှ ခပ်သုတ်သုတ် သွားနေတော့သည်။

သပြေရိုးနှင့် ယှဉ်နေသော ချောက်ဦးတိုထိပ်သို့အရးလှကာ ရောက်ရှိခဲ့သည့် မောင်ဘိုးဟန်အဖို့ ပြောင်ကြီး၏ သပြေရိုးချောင်းကလေးထဲသို့ အဆင်းတွင် ချက်ကောင်းကိုရွေးကာ ပစ်ခတ်ရန် အရေးတကြီး စီစဉ်လိုက်သည်။

မှန်ပေသည်။ ပြောင်ကြီးသည် သပြေရိုးအမည်ခံ ပေသုံးဆယ်ခန့် ရေစပ်စပ်ချောင်းထိပ်သို့ အရောက်တွင် သူလာခဲ့ရင်း နောက်ပိုင်းဆီသို့ လှည့်ကာ တစ်ချက်ပြန်၍ ခေါင်းငဲ့ကာ အနံ့ခံရင်း တစ်ချက်ကြည့်လိုက်ပြီး ဆုတ်မဆိုင်းပင် ချောင်းကလေးထဲသို့ တအား ထိုး၍ဆင်းချလိုက်ပါသည်။

ကိုယ်လုံးကြီးမားလှသော ပြောင်ကြီးသည် စွပ်ခနဲ ချောင်းထဲသို့အကျတွင် ရုတ်တရက် သူ၏ သွားလာလှုပ်ရှားမှုသည် တန့်ကနဲရပ်သွားသည်။

တစ်ခဏအတွင်း ပြောင်ကြီးသည် တစ်ချက်အားထုတ်၍ သူ၏ ကြီးမားလှသည့် ခန္ဓာကြီးကို လှုပ်ရှားလိုက်သေး၏။ သို့ရာတွင် ပြောင်ကြီးက အားထုတ်၍ လှုပ်ရှားလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ကြီးမှာ ချောင်းပြင်တွင် ကျွံကာ နစ်မြှပ်၍ ဝင်သွားတော့၏။

ရေကျကာစ ချောင်းကလေးအတွင်းဝယ် ရေနှင့်ထိတွေ့၍ နူးနေသော မြေစေးများအတွင်း၌ ပြောင်ကြီးသည် နွံနစ်နေခြင်းသာ ဖြစ်တော့သည်။ မောင်ဘိုးဟန်အဖို့ ချောက်ဦးတိုထိပ်သို့ တက်၍ ပြောင်ကြီးကို ပစ်ခတ်ရန် အတက်လိုက်တွင် သူ့အဖို့ မျက်လုံးမျက်ဆန်တွေ ပြူးသွားစေသည်။ မမျှော်လင့်သောသဏ္ဌာန် ဖြစ်ရပ်တစ်ခုသည် ဘွားခနဲ ကားခနဲ ပေါ်ထွက်လာပါသည်။

ချောင်းကလေး၏ မြောက်ဘက် တစ်စပ်တည်းရှိသည့် ထွေးတောအတွင်း လွှားခနဲခုန်ပျံကာ ပေါ်ထွက်လာသည် ရှည်လျားလျားသတ္တဝါကြီး တစ်ကောင်၏ သဏ္ဌာန်သည် လျှပ်တစ်ပြက်အတွင်း၌ နွံနစ်နေသော ပြောင်ကြီး၏ လည်ကုပ်ပေါ်သို့ ကားခနဲ ကျရောက်လာလေသည်။

နွံထဲမှ ပြောင်ကြီးသည် တအားရုန်း၍ ရှောင်ရှားရန် ကြိုးစားလိုက်သော်လည်း လှုပ်လေ မြုပ်လေဖြစ်သွားရုံမက ပြောင်ကြီး၏ ဗိုက်အထိ ရွှံ့တွေသည် နစ်မြုပ်ဆိုက်ရောက်လာတော့သည်။

ရှောင်တခင်အတွင်း၌ ပြောင်ကြီး၏ ရှေ့ပိုင်း လည်ကုပ်ပေါ်သို့ ကျရောက်လာသော သတ္တဝါကြီးသည် ဆုတ်မဆိုင်း ကာလတွင်ပင် ရှေ့လက်နှစ်ဖက်ဖြင့် ပြောင်ကြီး၏ ကျောပြင် အရှေ့ပိုင်းသို့အားယူ၍ ကုပ်ထောက် ထောက်လိုက်ပြီး ကျယ်ဝန်းလှသည့် ပါးစပ်ပြဲကြီးဖြင့် တစ်ချက်တည်းငုံ့ကာ ပြောင်ကြီး၏ လည်ကုပ်ကို တအားဖိ၍ ကိုက်ချလိုက်သည်။

“ဟယ်” ဟူသော ကြောက်လန့်ကကြား အော်ဟစ်လိုက်မည့်အသံကို မောင်ဘိုးဟန်သည် မနည်းပင် လည်ချောင်းမှ ပိတ်ပင်တားဆီးလိုက်ရတော့၏။

မောင်ဘိုးဟန်ထက် လျင်မြန်သော ပျော့ကွက်သိသော ချက်ပိုင်ပိုင်ကို စောင့်တတ်သည့် တောကောင်ကြီး သို့မဟုတ် ကျားကြီးသည် ပြောင်ကြီးကို နောက်ယောင်ခံကာ အစဉ်တစိုက် လိုက်လံချောင်းမြောင်းခဲ့ရာမှ ပြောင်ကြီးက ချောင်းအကူးတွင် နွံနစ်နေစဉ် ပြောင်ကြီးအား အပြီးအပိုင် ခုန်၍ အုပ်လိုက်ပြီး ကိုက်သတ်လိုက်ခြင်းသာဖြစ်ပေ၏။

“ဘူး” ဟူသော ကြောက်မက်ဖွယ်ရာ ပြောင်ကြီး၏ ရုန်းကန်တွန့်လိမ်နေသည့် သဏ္ဌာန်ကြီးနှင့် အသံဆိုးကြီးများ ပေါ်ထွက်လာပြီးနောက် ကျားကြီးကလည်း စားမာန်သွင်းကာ ဝေါခနဲ ရုန်းကန်ဟိန်းရင်း အားရပါးရ ပြောင်ကြီး၏ လည်ကုပ်သံကြောကြီးကို ငုံ့ကာခဲရင်း တအားဆွဲ၍ ဖြတ်တောက်နေပါသည်။

ခေါင်းခါခါ လည်ခါခါနှင့် နွံနစ်နေသောပြောင်ကြီး၏ ရုန်းကန်မှုသည် သိသိသာသာကြီး လျော့ပါးစပြုလာသလောက် လည်ကုပ်ပေါ်က ကျားကြီးအဖို့၌ ခဲရင်း ကုပ်သွေးစုတ်၍ ကောင်းနေတော့သည်။

ဘေးမှ ပွဲကြည့်ပရိသတ်တစ်ဦးတည်းအနေဖြင့် ချောက်ဦးတိုပေါ်မှ ရပ်ကြည့်နေသော မောင်ဘိုးဟန်သည် ချက်ချင်းသတိရကာ သူ၏ ၁၂ ဗို့ တစ်လုံးထိုး သေနတ်ပြောင်းကို မ၍ ချိန်လိုက်သည်။

ကျား သို့မဟုတ် တောကောင်နှင့် သေနတ်သမားတို့သည် မုဆိုးချင်းဖြစ်၍ ရင်ဆိုင်တွေ့ စေကာမူ တစ်ဦးနှင့်တစ်ဦး မပစ်စတမ်း ရန်မမူစတမ်းဟူသော ရှေးမုဆိုးများ၏ သြဝါဒစကားသည် ယခုအခါ၌ မောင်ဘိုးဟန်အဖို့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီ။

သူ တပင်တပန်းလိုက်၍ ခြေရာခံရင်း ချောင်းမြောင်းခဲ့သော သားကောင်ကြီးကို သူ့အရင်ဝင်၍ လုခဲ့သည့် ကျားကြီးကို မောင်ဘိုးဟန်သည် ချမ်းသာပေးမည့်လူစား မဟုတ်ချေ။

သူ့ရှေ့ရှိ သစ်ကိုင်းတစ်ခုပေါ်သို့ မေးတင်ကာ ပြောင်ကြီးကျောပေါ်မှ မလွတ်တမ်း ကုပ်သွေးစုတ်နေသော တောကောင်ကြီး၏ လက်ပြင်တည့်တည့်ကို ချိန်ကာ မုဆိုးပေါက်စ မောင်ဘိုးဟန်သည် တစ်လုံးထိုးသေနတ်မောင်းကို ဖြုတ်ချလိုက်တော့၏။

“ဝူး”ဟူသော နာကျင်လှသည့်အသံကြီးနှင့် ကျားကြီး၏ ဟိန်းသံသည် ပဲ့တင်ထပ်၍ သေနတ်သံနောက်မှ ကပ်ကာ ထွက်ပေါ်လာတော့၏။

ဒေါသတကြီးဖြင့် ကျားကြီးသည် သူ ကိုက်နေသည့် ပြောင်ကြီး၏ လည်ကုပ်ကို တအားငုံကာ တဝေါဝေါ ဖိ၍ သိပ်၍ ကိုက်ချလိုက်သည်တွင် မောင်ဘိုးဟန်၏ ခြောက်လုံးကျည်ထည့်ထားသည့် ဒုတိယကျည်ဆန်၏ ပေါက်ကွဲသံသည် နောက်ဆက်တွဲ ပေါ်ထွက်လာချေ၏။

မာန်သွင်းကာ ဖိကိုက်နေသည့် ကျားကြီး၏ နားတွင်းတစ်ဖက်၌ ပေအစိတ်ခန့်က ကပ်ကာ ပစ်သွင်းလိုက်သည့် ခြောက်လုံးကျည်အစုသည် အစုလိုက် အပြုံလိုက် ဝင်ရောက်သွားတော့၏။

ကျားကြီးသည် လေးဘက်ကန်၍ ပြောင်ကြီး၏ ကျောပြင်ပေါ်၌ ရပ်ထားရာမှ ညွှတ်ကာဝပ်ဆင်းသွားတော့၏။

ချောက်ဦးတိုထိပ်မှရပ်ကာ အခြေအနေကြည့်နေသည့် မောင်ဘိုးဟန်သည် ပြောင်ကြီးရော ကျားကြီးပါ ကိစ္စပြီးနေသည်ကို ကွမ်းတစ်ယာညက်ခန့် ရပ်၍ စောင့်ကာကြည့်ပြီးမှ ဘေးပတ်ဝန်းကျင် တောတောင်အခြေအနေကို မမှားရန် တစ်ချက်အကဲခတ်ကာ ကြည့်လိုက်ပြီး တစ်လုံးထိုးသေနတ်အတွင်းသို့ ကျန်သည့် ကိုးလုံးကျည်ဆန်တစ်တောင့်ကို ထည့်ကာ ပခုံးပေါ်၌ထမ်းလိုက်ပြီး မိုးစွေရွာဘက်သို့ ဖြတ်လမ်းမှ ပြန်ခဲ့လေသည်။

ကျွန်တော်သည် ပြောင်ခေါင်းကြီးကို ဂရုတစိုက် လေ့လာကြည့်နေရာမှ

“သိပ်ကောင်းတယ် ဦးဘိုးဟန်၊ ရန်ကုန်က သစ်ကုန်သည် ဦးဘသိန်းဆီ ပို့ပေးရအောင်၊ ကျုပ်ကတိထားခဲ့မိလို့ဗျာ”

“ပို့ချင်ရာပို့ပါ ဗိုလ်မှူး၊ ကျုပ်ငယ်ငယ် သေနတ်စကိုင်စက ပွဲဦးထွက်ရခဲ့တဲ့ တစ်ကြိမ်တည်းနဲ့ နှစ်ကောင်ရတဲ့ ပြောင်ကြီးလေ၊ မုဆိုး ထုံးစံအတိုင်းပဲ ပြောင်ကြီးခေါင်းရော ကျားကြီးခေါင်းပါ ကျုပ်ရခဲ့တယ်။ ကျန်တာတွေတော့ လိုက်ထမ်းတဲ့ ဖျက်တဲ့လူတွေ ဝေပေးခဲ့ရတယ်”

ကျွန်တော်သည် ဘောင်းဘီအိတ်ထဲမှ ပေကြိုးကိုထုတ်ကာ ပြောင်ကြီး၏ ချိုရင်း ချိုဖျား နှစ်ဖက်စလုံးနှင့် ချိုဖျားတစ်ဖက်မှ တစ်ဖက်အဆုံးအထိ တိုင်းထွာလိုက်သည်။

“ဦးဘိုးဟန်ကြည့်စမ်း၊ နည်းတဲ့ကောင်ကြီး မဟုတ်ဘူးဗျ၊ ငါးဆယ့် ရှစ်လက်မခွဲ ရှိတယ်၊ ကျွန်တော် ပစ်ဖူး တွေ့ဖူးတဲ့ ပြောင်ထဲမှာအကြီးဆုံးပဲ၊ ကျားကိုက်လို့ ရတယ်ဆိုတာ ဒီလောက်ကြီးမားတဲ့ ပြောင်ကြီးအတွက် ကျွန်တော် ရုတ်တရက် မယုံနိုင်စရာပဲဗျ”

“မှန်တယ် ဗိုလ်မှူး၊ ကျားဆိုတဲ့အကောင်က ချက်ကောင်းနဲ့ ပျော့ကွက် ဟာကွက်ကို အားကြီးသိတယ်၊ အားကြီးစောင့်တဲ့ အကောင်မျိုးဗျ၊ ကျုပ်လဲ ပြောင်ကြီးကို ကျားထွက်အုပ်မှ ကျပ်အတွက် အတော်လန့်သွားတယ်၊ လားလားဗျာ၊ ပြောင်က ကျုပ်အနံ့ရလို့ အောက်မေ့ခဲ့တာ …

ဘယ်ဟုတ်မလဲ၊ တောကောင်ကြီးအနံ့ရလို့ကိုး၊ ဒါကြောင့် အကျဉ်းအကျပ်ဖြစ်ခဲ့ တွေ့ ခဲ့ရကတည်းက သူ အမြန်ပြန်ဆုတ်လာခဲ့တာရယ်၊ ပြီးတော့ မာန်သွင်းပြီး ဝါးပင်တွေ အပြတ်အသတ်ခတ်ခဲ့တာဟာ တောကောင်ကြီးကို ရန်မှုတာပဲ၊ အမှန်ကတော့ ဒီလောက် စုစုပေါင်း ပိဿာငါးရာခြောက်ဆယ်ထွက်တဲ့ နှောကူးပြောင်ကြီးကို ရုတ်တရက် ကျားမကိုက်နိုင်ဘူး၊ မကိုက်ရဲဘူးဗျ၊

အကျဉ်းအကျပ်နဲ့ ပျော့ကွက်တွေတဲ့အခါ ချက်ပိုင်တဲ့အခါမှ တောကောင်ဟာ တစ်ချီတည်းဖိပြီး ဝင်တွယ်တတ်တာမျိုးလား။ အိမ်ဆင်ရော တောဆင်ရော တောကောင်က ဒီလိုအချိန်အခါတွေမှာ စောင့်ပြီး လိုက်လေ့ရှိတယ်”

ကျွန်တော့်အဖို့ ဦးဘိုးဟန် ငယ်စဉ်က မုဆိုးသင်ခန်းစာယူခဲ့စဉ်က ပွဲဦးထွက်ရရှိခဲ့သည့် ပြောင်ချိုကြီးကို မက်မောစွာ ဆေးသုတ်၍ တခမ်းတနား အမွှမ်းတင်ရေးနှင့်တကွ ဧည့်ခန်းတွင် တင့်တယ်ထည်ဝါစေမည့် ဧည့်ခံပစ္စည်းတစ်ရပ်အနေလို မြင်ယောင်ထင်ယောင် ရှိပါတော့သတည်း။

[မြ၀တီ ။ ဖေဖော်ဝါရီ၊ ၁၉၆၃ ]

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

Leave a Reply

Your email address will not be published. Required fields are marked *