အချစ်ဦး
———
ကျွန်တော် ကိုကျော်ဦးနှင့် အမှတ်မထင် ၂၇ လမ်းထိပ်တွင် ပြန်တွေ့လိုက်သည်။ သူက ကျွန်တော့်ကို ဦးစွာတွေ့ပြီး ကျွန်တော့်နာမည်ကိုခေါ်ကာ လက်ကို လာဆွဲသည်။
“ဟာ ကိုကျော်ဦး”
“မှတ်မိသားပဲ”
“ခင်ဗျားကို မမှတ်မိစရာလား … ကျောင်းတုန်းကအတိုင်းပဲ ဘာမှ မပြောင်းလဲဘူး”
“ခင်ဗျားလည်း အတူတူပါပဲ။ ဝလာတာကလွဲရင်ပေါ့”
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် နီးရာဆိုင်တစ်ဆိုင်ထဲဝင်ကာ သူက လက်ဖက်ရည်မှာသည်၊ ကျွန်တော်က အအေးသောက်ရင်း စကားပြောကြသည်။
“ကျောင်းပြီးသွားကတည်းက သူငယ်ချင်းတွေ ကွဲသွားလိုက်တာ။ ကိုကျော်ဦး ဘာတွေ လုပ်နေသလဲ။ နေတော့ရော”
“ကျွန်တော်က မော်လမြိုင်မှာပဲနေတယ်။ ရန်ကုန်ကို ဆေးခန်းလာပြရင်းရောက်လာတာ”
“ဘာဖြစ်နေလို့လဲ”
“အသည်းကင်ဆာတဲ့”
“ဪ”
ကျွန်တော်တို့ စကားမဆက်ဖြစ်တော့။ သူကလက်ဖက်ရည်သောက်၊ ကျွန်တော်က အအေးဆက်သောက် နေမိသည်။
“ခင်ဗျားရေးတဲ့စာတွေကိုတော့ ကျွန်တော် မနက်တိုင်းဖတ်ဖြစ်တယ်။ ကျွန်တော့်ဇနီးကလည်း ခင်ဗျားစာဖတ် ပရိသတ်ပဲ”
“ခင်ဗျား အိမ်ထောင်ကျတယ်လား။ ဘယ်သူနဲ့လဲ။ ကလေးတွေရော”
ကျွန်တော်က မေးခွန်းတွေ ဆက်တိုက်မေးလိုက်မိသည်။
ကိုကျော်ဦးနှင့်ကျွန်တော်တို့သည် ရန်ကုန်တက္ကသိုလ်ရောက်မှ ဆုံဖြစ်ကြသည်။ မေဂျာအတူတူ ဖြစ်သလို သူက ကျွန်တော်နေသည့် အဆောင်ကို ဝင်ထွက်ပြီး နေ့လယ်နေ့ခင်းတွင် လာနားတတ်သည်။ သူက အဆောင်မနေ။ မြို့ထဲရှိ သူ့ဘကြီးအိမ်တွင်နေပြီး တက္ကသိုလ်တက်နေရသူဖြစ်သည်။ ဆင်းရဲသဖြင့် ဘကြီးက ခေါ်ကာ စောင့်ရှောက်ထားသူလည်းဖြစ်သည်။
“ကျွန်တော့်မိန်းမက မြင့်မြင့်ရီတဲ့ဗျ။ ကျွန်တော်တို့က အသက်ကြီးမှ အိမ်ထောင်ကျကြတာ။ နှစ်ယောက်စလုံး အသက် ၄၀ ကျော်မှဆိုပါတော့။ သူက မုဒုံသူလေ။ လုပ်ငန်းချင်း နီးစပ်ပြီး ယူလိုက်ကြတာ။ ကလေးကတော့ တစ်ယောက်ပဲရှိတယ်။ သားတစ်ယောက်တည်း။ သူက ခု စင်ကာပူမှာ ရောက်နေတယ်”
“အေးဗျာ ဘာဖြစ်ဖြစ် ခင်ဗျားကြည့်ရတာ အခြေအနေကောင်းပုံပဲ”
“ကျွန်တော် သူနှင့်ကွဲသွားပြီးတော့ အတော်လေး စိတ်ပျက်သွားတာဗျ။ ဒါကြောင့် မခံချင်စိတ်နဲ့ ကြိုးစားရင်း ဒီဘဝကိုရောက်သွားတာ”
“ခင်ဗျားတို့ ကျောင်းပြီးတော့ တွေ့ကြသေးလား”
“တွေ့တယ်လေ။ ကျွန်တော်က သူ့ကိုသွားတွေ့တာ။ သူကဘာပြောသလဲသိလား။ ငါးနှစ်အတွင်း လုပ်ငန်းနဲ့ ဘာနဲ့ အခြေကျရင် ကျွန်တော့်ကို လက်ထပ်မယ်တဲ့”
“ငါးနှစ်တောင်လား”
“ဟုတ်တယ် ကျောင်းပြီးတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ သူ့ကို ကျွန်တော်က လက်ထပ်ခွင့် တောင်းတော့ သူက ငါးနှစ်အချိန်ပေးတယ်လေ”
ကိုကျော်ဦးနှင့် နှင်းနှင်းအေး
သူတို့သည် တတိယနှစ်ရောက်မှ တွေ့ကြသူများဖြစ်သည်။ နှင်းနှင်းအေးက ကျွန်တော်တို့နှင့် မေဂျာမတူ။ သူက ဓာတုဗေဒကျောင်းသူဖြစ်သည်။ ကိုကျော်ဦးက နှင်းနှင်းအေးကို ချစ်ရေးဆိုသည့်နေ့က ကျွန်တော်ရှိသည်။ သူကနှင်းနှင်းအေးကို စကားလိုက်ပြောခြင်းဖြစ်သည်။ ကျွန်တော်က အဆောင်ပြန်ရောက်သည့်အခါ
“ခင်ဗျားဗျာ … ဟိုက ပါးရိုက်လိုက်ရင် ရှက်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း”
“မရိုက်ဘူးဗျ”
“ဒါဆို လက်ခံလိုက်တယ်လား”
“အဲဒီလိုလည်း မဟုတ်ဘူး။ ဘာမှလည်း ပြန်မပြောဘူး”
နောက်နှစ်ရက်လောက် သူဆက်ပြီး ကြိုးစားသည်။ သူတို့ ချစ်သူတွေဖြစ်သွားကြသည်။ ကိုကျော်ဦး ကျွန်တော့် အဆောင်ကို အလာပင်နည်းသွားသည်။ သူတို့အတွဲသည် တက္ကသိုလ်တွင် မျက်စိနောက်လောက်သည့် အတွဲ ဖြစ်သွားသည်။
နောက်ဆုံးနှစ်
ကိုကျော်ဦးတစ်ယောက် ကျွန်တော့်ထံ စိတ်ပျက်လက်ပျက်နှင့် ရောက်လာသည်။
“ဘာဖြစ်လာတာလဲဗျ”
“ကျောင်းပြီးရင် လက်ထပ်ကြမယ်လို့ ကတိပေးထားပြီးတော့ ခုမှ ရှောင်ဖယ်ဖယ် လုပ်နေတယ်ဗျာ”
အမိတက္ကသိုလ်ကြီးမှ ကိုယ့်ဒေသတွေ ပြန်ရောက်သွားကြသည်။ ကျွန်တော်နှင့် ကိုကျော်ဦးလည်း အဆက် ပြတ်သွားသည်။
“ကျွန်တော် သူနေတဲ့ စမ်းချောင်းကိုသွားပြီးတော့ တွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားတယ်ဗျ။ နောက်ဆုံးတွေ့တော့ သူက ကျွန်တော့်ကို ငါးနှစ်အချိန်ပေးလိုက်တာပဲ”
“ငါးနှစ်အတွင်း မတွေ့ကြဘူးလား”
“ကျွန်တော် ရန်ကုန်ရောက်တိုင်းတွေ့ပါတယ်”
“ခင်ဗျားနဲ့ ချစ်သူတွေလိုပဲ ဆက်ဆံသလား။ သူကရောဘာလုပ်သလဲ”
“အဲဒီလိုတော့ မဟုတ်ဘူးဗျ။ သူက သူ့အဖေရုံးမှာ အလုပ်ဝင်လုပ်တယ်။ လေယာဉ်ရုံးမှာဆိုပါတော့”
“ငါးနှစ်အတွင်း ခင်ဗျား ဘာတွေ လုပ်နေသလဲ”
“ကျွန်တော်ထားဝယ်ဘက်က ဦးလေးဆီသွားပြီးတော့ မှောင်ခိုစက်လှေလုပ်ငန်းမှာ ဦးစီးတယ်။ ကျွန်တော် သုံးနှစ်အတွင်း စီးပွားဖြစ်လာတယ်။ နှင်းနှင်းအေးပြောတဲ့အတိုင်း ငါးနှစ်ကြာတော့ ကျွန်တော့်မှာ ငွေ သိန်းပေါင်းများစွာ ပိုင်ဆိုင်သူဖြစ်နေပြီ”
“ခင်ဗျားတို့ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းလာပြီ။ ဒါဆိုသူနဲ့ ဘာဖြစ်လို့ မယူတာလဲ”
“ငါးနှစ်ပြည့်လို့ ကျွန်တော် သူ့ဆီကိုရောက်လာချိန်မှာ သူက လက်ထပ်ပြီးနေပြီ”
“ဟာ မိုက်ရိုင်းလိုက်တာ”
“သူယူတဲ့သူက သူ့ထက်အများကြီး ချမ်းသာတယ်လေ။ ကျွန်တော်ထက်တောင် ချမ်းသာပါတယ်”
“ခင်ဗျားကို ဘာဖြစ်လို့ မျှော်လင့်ချက်တွေ ပေးထားရတာလဲ”
“ကျွန်တော်က မျှော်လင့်နေတာပါဗျာ။ သူက လက်ထပ်သွားပြီဆိုတော့ ကျွန်တော် ခံပြင်းတာပေါ့။ အရက်တွေတောင်ဖိသောက်လိုက်မိသေးတယ်။ နောက်မှ ပြန်စဉ်းစားလိုက်တာ ငါစုဆောင်းထားတာတွေဟာ သူ့အတွက်လား၊ ငါ့အတွက်လား”
“ပြောစမ်းပါဦး ဘယ်သူ့အတွက်လဲ”
“သူ့အတွက် ကြိုးစားတာတွေဖြစ်ပေမယ့် ကျွန်တော့လက်ထဲရှိတာ ကျွန်တော့်အတွက်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် မော်လမြိုင်မှာပဲ ဆိုင်ကယ်နဲ့ ကားပစ္စည်းဆိုင်တစ်ဆိုင်ဖွင့်တယ်။ အောင်မြင်တယ်။ သူ့ကို လုံးဝ မေ့သွားတယ်”
“ဝမ်းသာတယ်ဗျာ”
ထိုစဉ် ဖုန်းလာသဖြင့် သူက ဖုန်းပြောသည်။
“ကျွန်တော့်မိန်းမလာနေပြီး သူက ဗိုလ်ချုပ်လမ်းပေါ်မှာ စောင့်နေမယ်တဲ့။ လာခင်ဗျားလည်း လိုက်ခဲ့။ ကျွန်တော့် မိန်းမနဲ့ မိတ်ဆက်ပေးမယ်”
ကျွန်တော်သူနှင့် လိုက်ခဲ့သည်။ သူ့ကို
“ခင်ဗျား နှင်းနှင်းအေးကို မေ့လိုက်ပြီပေါ့”
“မေ့လိုက်ပြီလေ ဘာဖြစ်လို့ မေးတာလဲ”
“အချစ်ဦးဆိုတာ မေ့နိုင်ခဲတယ်ဆိုလို့ပါ”
“မေ့လိုက်ပါပြီ”
ကျွန်တော်တို့ လမ်းထိပ်ကိုရောက်လာသည်။ ကားတစ်စီးအနီးကို ကိုကျော်ဦးက ချဉ်းကပ်သွားပြီး
“ရီရေ ကားပေါ်က ဆင်းပါဦး … ဒီမှာ ကိုယ်နဲ့ ကျောင်းတုန်းက သူငယ်ချင်းကို မိတ်ဆက်ပေးချင်လို့။ ရီသိပ်တွေ့ချင်တယ်ဆိုတဲ့ စာရေးဆရာကြီးလေ” ဟု ပြောလိုက်သည်။
ကားပေါ်မှ အမျိုးသမီးတစ်ယောက် ဆင်းလာသည်။
“ဟာ”
“ဘာဖြစ်သွားတာလဲဗျ”
“ဘာမှမဖြစ်ပါဘူး”
ကားပေါ်ကဆင်းလာသည့် မြင့်မြင့်ရီသည် နှင်းနှင်းအေးနှင့် ညီအစ်မလား ထင်ရလောက်အောင် ရုပ်ချင်း ဆင်သည်။
ကျွန်တော်က ကိုကျော်ဦးအနားကိုတိုးပြီး
“နှင်းနှင်းအေးတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူးဗျ”
တင်ညွန့်