ပုသိမ်လှမိုး
အင်းသူကြီး ဗူးသီးစား
ဆည်တိုင်များပေါ်ရှိ ကြက်လျှာသဏ္ဌာန် ပိတ်စ အလံနီ၊ အလံဖြူစကလေးများသည် နုသစ်စနေခြည် အောက်တွင် လှုပ်လူးလျက်ရှိသည်။
အလံစကလေးများ၏ အောက်ခြေရှိ အင်းချောင်းကို ဖြတ်ကာထားသော ယင်းချပ်များ၏ အ ရိပ်သဏ္ဌာန်သည် အင်းရေပြင်ထက်ဝယ် ခပ်စွေစွေ ထင်ဟပ်နေသည်။
“ရေငုတ်ကြီး” (အင်းနတ်) အား ပသထားသော တောအရက်ပုလင်း၏ဘေး ဆည်တိုင ငုတ်ပေါ်တွင် ငှက်ခါးတစ်ကောင်သည် တကျည်ကျည်အော်မြည်ကာ နားခိုလျက်ရှိသည်။
ဆည်မ၏ လက်ယာဘက်ဘေး ဝါးတစ်ရိုက်အကွာ အဝေးဆီတွင် ခြေတံရှည် အင်းတဲတစ်လုံးရှိပြီး ဓနိမိုးအကြိုးအကြားများမှ မီးခိုးတွေ အူထွက်နေ သည်။
မောင်ကြည်သည် တရိပ်ရိပ်ပူပြင်းလာသည့် နေရောင်ခြည်ကို တစ်ချက်ဝင့်ကြည့်လိုက်သည်။
ကောင်းကင်တစ်ပြင်လုံး ပြိုမလို အုံ့ဆိုင်းနေသည့် မိုးသားလိပ်မှောင်များကို ထိုးဖောက်ကာ နေခြည်က ဖြာကျနေသည်။ ယင်းကို “နေကြောင်” သည်ဟု အင်းသမားများက ခေါ်ကြသည်။
“နေကြောင်ရင်လဲ တစ်နေ့လုံး ကြောင်စမ်းပါဟာ”
မောင်ကြည်က ခပ်တိုးတိုး ပြောလိုက်သည်။
သူတို့ အင်းချောင်းအနေအထားအရ နေကြောင်လျှင် ပုစွန်များများ ကျတတ်သည်။
မောင်ကြည်သည် နေခြည်ဖြာကျနေသည့် အင်း ရေပြင်ကို အတန်ကြာ စူးစိုက်ကြည့်နေရင်းက အင်း တဲဘက်သို့ လှမ်းအော်လိုက်သည်။
“စလူးရေ … စလူး”
“ဘာတုံး မောင်ကြည်”
“ရေကို ကြည့်စမ်း၊ တက်သလား … ကျသလား ဆိုတာ။ ငါထင်တာက ရေတက်နေသလိုပဲ”
အသားနက်ချိပ်နေပြီး ကိုယ်ခန္ဓာ တုတ်ခိုင်သော အသက် ၃ဝ-ရွယ်ရှိ စလူး အမည်ခံ ကရင်အမျိုးသားက အင်းရေပြင်ကို ငုံ့ကြည့်လိုက်သည်။
“ရေတက်နေတယ်ကွ။ ရေငုတ်ကြီးတင်ထားတဲ့ ယင်းကြားမှာ ငြိနေတဲ့ ဗေဒါဖတ်ကလေး မြုပ်နေတာ တွေ့လား။မနက်တုန်းက ပေါ်နေတယ် မောင်ကြည်ရ”
မောင်ကြည် သက်ပြင်း ရှိုက်လိုက်သည်။
“ရေကြောင်ပြန်ပြီကွာ”
ရေ သည် တက်သလိုနှင့် အောက်ဘက် ပြန်စီးနေ ခြင်း၊ ကျသလိုလိုနှင့် အထက် ပြန်စီးနေခြင်းကို “ရေကြောင်” သည်ဟု သူတို့က ခေါ်ကြသည်။
“ဒီနှစ် အင်းလုပ်ရတာ အဆင်မချောပါလား မောင်ကြည်ရာ။ ရေကြောင်လိုက်၊ နေကြောင်လိုက်နဲ့ တို့ တော့ ခရုကောက်စားရတော့မလို ဖြစ်နေပြီ”
စလူးက စိတ်ပျက်လက်ပျက် ညည်းတွားရင်း မီးဖိုဘက်သို့ လှည့်သွားသည်။
သူတို့နှစ်ယောက် စပ်တူလုပ်ကြသည့်အင်းမှာ အင်း အသေးစားလေး ဖြစ်သည်။ ဒါးကကျေးရွာအနီး၊ ကြိမ်ချောင်း ချောင်းမကြီးမှ ခွဲထွက်လာသော ရိုး ချောင်းကလေးအား ရေစီးရေလာ သင့်တင့်သည့် မီးရထားကူး ခုံးတံတားအနီးတွင် ယင်းတား၍ ပိတ်ရသော “တာကျင်းအင်း”ကလေးသာ ဖြစ်သည်။
နေကြောင်လျှင် ပုစွန်ရတတ်သော်လည်း မိုးရိပ်များ တက်လာခြင်း၊ မိုးခြိမ်းသံကြားရခြင်းနှင့် ရေကြောင်ပြန်လျှင် ငါးကော ပု စွန်ပါ မရတတ်ချေ။ ငါးပုစွန်တို့သည် ရေများပိုင်းသို့ မြူးထူးပျော်ပါးကာ မျောပါသွားပြန်ပြီ။
“စလူးရေ … ဒီနေ့မနက် ဘာချက်မလဲ”
“ဘာချက်စရာ ရှိလို့လဲကွ … ငါးပိပေါ့။ ငါးပိတောင် ဒီတစ်မနက်စာပဲ ရှိတော့မယ် ကိုယ့်လူရေ“
“ကောင်းကွာ၊ အင်းသူကြီး သိက္ခာကျလိုက်တာ”
ပြောပြောဆိုဆိုနှင့်ပင် မောင်ကြည်သည် ပုဆိုးကို ဆတ်ခနဲချွတ်၍ ကိုင်းပင်ပေါ် ပစ်တင်လိုက်၏။ ကြက်သွေးရောင်သားရေကြိုးတပ် အတွင်းခံဘောင်းဘီတိုအား အနည်းငယ် လိပ်တင်ကာ အင်းချောင်းထဲ ငုပ်လျှိုးလိုက်သည်။
သူသည် ယင်းများ၏ အောက်ခြေ ရေတွင် နှစ်မြှုပ်ထားသည့် မြှုံးများရှိရာသို့ ရေငုပ်ရင်း တရွေ့ရွေ့ သွားနေ၏။
မြှုံး တစ်လုံးပြီး တစ်လုံး ဖော်ကြည့်သည်။ ငါးတစ် ကောင်တစ်မြီးမျှပင် မြှုံးအတွင်း၌ မတွေ့ရ။ စိတ် မောရသည်။
မောင်ကြည်သည် “ဝင်းကြပ်” ထဲသို့ ခက်ခက်ခဲခဲ တိုးဝင်ခဲ့ပြန်သည်။ ဝင်းကြပ်ထဲက မြှုံး ငါးလုံးအနက် လေးလုံးတွင် ငါးတစ်ကောင်တလေမျှပင် မတွေ့ရသော်လည်း နောက်ဆုံးတစ်လုံးထဲတွင်တော့ ငါးလှုပ်သံ ကြားရသဖြင့် ဝမ်းသာအားရ ဖော်ကြည့်လိုက်သည့်အခါ-
“အို … ရှားရှားပါးပါး ငါးကြီးငါးကောင်း နှစ်ကောင် ပါလား။ ကဲကွာ … ကဲကွာ”
မောင်ကြည်က ငါးနှစ်ကောင်အား လက်ဖြင့်ဆုပ်ကိုင်ရင်း ဒေါသတကြီးဖြင့် ကမ်းပေါ်သို့ ပစ်ပေါက်ချလိုက်သည်။
လက်မလုံးခန့် အရွယ်အစားရှိ၍ အလျားတစ် လက်မခွဲခန့်လောက်သာရှိသော ငါးခေါင်းတိုနှစ်ကောင်မှာ မြေပြင်ပေါ်တွင် ထန့်ထန့် ထန့်ထန့်နှင့် လေငန်းဆွဲနေပုံရသည်။
အင်းတဲပေါ်က စလူးသည် သူ့အင်းခေါင်းဆောင် အဖြစ်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။
မောင်ကြည်သည် ဝင်းကြပ်ထဲမှ တိုးထွက်ကာ ရေများပိုင်း အခြေအနေအား အကဲခတ်ရန် ချောင်းရိုးအတိုင်း အင်ကျီဗလာဖြင့် တရွေ့ရွေ့ လျှောက်လာခဲ့သည်။
ချောင်းရိုး တစ်ဘက်တစ်ချက်စီတွင် ကိုင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။ အဖျားချွန်၍ ဖြူ ဖျော့ဖျော့ ကိုင်းပွင့်များအကြား စာဝတီးငှက်ကလေးများကို တွေ့ရသည်။
မောင်ကြည်သည် ငါး အခိုအကပ်ကောင်းသည့် ကန် စွန်းချုံများနှင့် ပေါက်ပင်ကွေ့ အနီးတွင် ငါးအရိပ်အ ရောင်ကို လေ့လာကြည့်သည်။ မည်သည့် လွန့်လူးလှုပ်ရှားမှုကိုမျှ မမြင်ရသဖြင့် စိတ်ပျက်ရပြန်သည်။
ထိုစဉ် မုတ်သုံလေပြည်ထဲတွင် လွင့်မျောလာသည့် ငါးပိရေကျိုသည့် အနံ့ကို မောင်ကြည် ရှူရှိုက်မိ သည်။ တစ်ချိန်တည်းမှာပင် ငါးမီးဖုတ်နံ့ကိုလည်း ရှ ရှိူက်ရပြန်သည်။
နံနက်မိုးလင်းကတည်းက ဘာတစ်ခုမျှ မစားရသေး သည့် မောင်ကြည်အဖို့ ရေကျိုငါးပိနံ့သည် သူ့ အား ဝမ်းမီးတောက်စေတော့သည်။
ရိုးချောင်းအတိုင်း အရှေ့ ဆက်သွားလို့လည်း အ ကြောင်းမထူးတော့သည့်အတူ အင်းတဲပြန်ပြီး နံနက်စာစားရန် မောင်ကြည် နောက်ကြောင်းပြန်လှည့်ခဲ့သည်။
လွန်ခဲ့သောရက်များအတွင်းက ပုစွန်ကြော်၊ ပုစွန်ထု ပ်မီးကင်၊ ငါး အကြော်၊ ငါး အချက်၊ ငါး အကင်တို့ဖြင့် တနင့်တပိုး စားခဲ့ရ၏။
ကံကောင်းထောက်မသည့် နေ့မျိုးတွင် လိပ်၊ ငါးဖရုံ ဆူဆူကြီးများပင် စားခဲ့ရသည်။
အရက်ကိုလည်း တဝသောက်ခဲ့ နိုင်ပါ၏။
ယခုမူ။
“စလူးရေ … ထမင်းစားကြမယ်ကွာ”
“တက်ခဲ့လေ၊ ထမင်းခူးပြီးပြီ”
မောင်ကြည်သည် သံဇလုံထဲက ရာကျော်ဆန်ကို ချက်ထားသည့် လက်သီးလုံးခန့် ထမင်းအတုံးအခဲကြီးကို လက်ချောင်းတုတ်တုတ်များဖြင့် ခြေမွပစ်လိုက်၏။
ကြေမွသွားသော ထမင်းများအပေါ် သို့ အငွေ့ တထောင်းထောင်းထနေသော ငါးပိရည်ဖြူ ကျဲကျဲအား အမြီးကျိုးနေသည့် သံဇွန်းဖြင့် လေးဇွန်းတိတိ ဆမ်းလိုက်သည်။ နယ်ဖတ်မနေအားတော့ဘဲ လက် ဖြင့် ကျုံး၍ဆုပ်ကာ ပါးစပ်ထဲ ထိုးသွင်းလို က်၏။
ထို့နောက် ငါးပိရည်ခွက်တွင် ချာလည် ချာလည်နှင့် ပေါလောမျောနေသည့် ရဲရဲတွတ် အာဝါးသီးတစ်တောင့်၏ ဖင်ဖျားပိုင်းအား ဖောက်ခနဲ ကောက်ဝါးလိုက်သည်။
ပူသော ရှိမ်းသော အာဝါးသီး၊ နံသော ငန်သော ငါးပိရည်၊ မာသော ကြောသော ရာကျော်ထမင်းတို့သည် ဆာသော လောင်သော မောင်ကြည့် ပါးစပ်ထဲတွင် လုံးထွေးသတ်ပုတ်နေကြသည်။
အာဝါးသီးတစ်တောင့် ကုန်သွားသောအခါ မောင်ကြည့် နဖူးပြင်ပေါ်တွင် ချွေးတွေစို့ထွက်လာသည်။ ပါးစပ်ကလည်း တရှူးရှူး တရှဲရှဲအသံတွေ ထွက်လာသည်။ ဝမ်းမီးတောက်နေသည်မို့ စပ်လွန်းသည့် အာဝါးသီးနှင့် ငါးပိရည်ဖြူကျဲကျဲမှာ စားလို့ အရသာရှိလွန်းပါဘိ။
မောင်ကြည်သည် နောက်တစ်လုတ်အတွက် ပြင်ဆင်ရပြန်သည်။ ငါးပိရည်ကျဲကို ဇွန်းမြီးတိုဖြင့် မွှေ နှောက်လိုက်သောအခါ ငါးအဖျော် နှစ်ဖတ် သုံးဖတ်ကို တွေ့လိုက်ရသဖြင့် မေင်ကြည်က-
“ငါးမီးဖုတ် အဖျော်ကို ခုမှပဲ တွေ့မိတော့တယ်။ ဘယ်ကရတာလဲ စလူးရ”
စလူးက ပလုတ်ပလောင်း ဝါးစားနေရင်း ဖြေလိုက်သည်။
“စောစောက မင်း ကိုင်ပေါက်ခဲ့တဲ့ ငါးခေါင်းတိုကြီး နှစ်ကောင်လေ။ ငါ ဆင်းကောက် မီးဖုတ်ပြီး ငါးပိထဲ ဖျော်ထားတာလေ”
“ကောင်းကွာ”
မောင်ကြည်သည် နောက်ဆုံးထမင်းတစ်လုတ်အား အာဝါးသီးတစ်ပိုင်း၊ ငါးခေါင်းတိုမီးဖုတ်ငါးပိရည် နှစ်ဇွန်းဆမ်းလျက် ဘူးသီးတို့စရာဖတ်တို့ဖြင့် အပြီး သတ်လိုက်သည်။
“ဒီအတိုင်းနေလို့ မဖြစ်သေးဘူး။ ညနေကျရင် အဘိုးကို မြှောက်အုံးမှ ဖြစ်မယ်။ အဘိုး တို့ကို ကျီစားနေတယ်ထင်တယ် စလူးရေ“
“မင်း သဘောလေ”
xxx xxx xxx
ညနေ နေဝင်ရီသရော အချိန်။
ရေကျလယ် စိုက်နေကြသည့် ကောက်စိုက်သူမများ မန္တလေးကုန်းကျေးရွာဘက်သို့ အုပ်စုဖွဲ့ ပြန်သွားကြချိန်၊ အင်းချောင်းတစ်နေရာ ပေါက်ပင်ကွေ့အနီးမှ ကွင်းပိုင်ကြီးကို မြှောက်တင်ပသနေသည့် မောင်ကြည်၏ ပြာနောက်နောက်အသံအား အင်းတဲပေါ်၌ ထ မင်းချက်နေသူ စလူး ကောင်းကောင်းကြားနေရသည်။
“အဘိုး … အဘိုး … အဘိုး ခင်ဗျား။ သားတော်များ အဘိုးကို ပင့်ပါတယ်၊ မြှောက်ပါတယ်ခင်ဗျာ။
အဘိုး မြိန်ရှက်စွာ စားသုံးတော်မူပါ။ အဘိုးကြိုက်တတ်တဲ့ ထမင်းဖြူ၊ ထမင်းမည်း၊ ထမင်းနီတို့နဲ့ ငါးရံ့ တံစို့ထိုးအကင်၊ ငါးပိအစိမ်း၊ ငရုတ်၊ ကြက် သွန်နီတို့နဲ့ မြှောက်ပါတယ်၊ ပင့်ပါတယ် အဘိုး ခင်ဗျား။
အဘိုး မြိန်ရှက်စွာ သုံးဆောင်ပြီးရင်တော့ သား တော်တို့ကို စောင်မကြည့်ရှုပါအုံး အဘိုး ခင်ဗျား။
အင်းချောင်းထဲက ဒိုက်ဖတ်၊ အမှိုက်သရိုက်၊ သစ် ရွက်၊ မြက်ရွက်၊ သစ်ကိုင်း သစ်ခက်ပါမကျန် ငါး ပုစွန်အဖြစ် ဖန်ဆင်းပေးပါအုံး အဘိုးခင်ဗျား”
စလူးသည် ညစာအဖြစ် ငါးပိပင်ချက်စရာမရှိ တော့၍ ဆားနှင့် အာဝါးသီးကို ငရုတ်ဆုံထဲ ထည့်ပြီး တဒုံးဒုံး ထောင်းနေပါ၏။
မျက်စိထဲတွင် မောင်ကြည် အဘိုးကို တင်မြှောက်နေသည့် လက်မောင်းလောက် ငါးရံ့တံစို့ထိုးကင်ကြီးအား မြင်ယောင်နေသည်။
သူတို့ စားစရာမရှိတာ အပထား။ ကွင်းပိုင်ကြီးအတွက် ငါးရံ့တစ်ကောင်ကို ဒါးကဈေးထဲက ငါးပွဲစား ဒေါ်မယ်ကြော့ထံမှ အကြွေးဝယ်ခဲ့ရပါ၏။
ယင်း ဖြစ်ရပ်မှန်ကို ကွင်းပိုင်ကြီး ရိပ်မိပါစေဗျာဟု စလူး ဆုတောင်းနေသည်။
“အဘိုးခင်ဗျား၊ အဘိုး … အဘိုး … အဘိုး”
မောင်ကြည်၏ အဘိုး မြှောက်သံ …
“ဒုံး … ဒုံး … ဒုံး … ဒုံး”
စလူး၏ ငရုတ်သီးထောင်းသံတို့ဖြင့် အင်းတဲဝန်းကျင်မှာ ဆူညံလျက်။ ။
မြဝတီမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၀
– ပြီး –
စာရေးသူ – ပုသိမ်လှမိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ