အစုန်အဆန်စီးဆင်းခဲ့သော်လည်း(စ/ဆုံး)
———————————————–
အခုရက်ပိုင်းအတွင်း လူနာတွေ ကျွန်တော့်ကို ပေးသွားတဲ့ ပိုက်ဆံအများစုက တထောင်တန် အ သစ်တွေချည်း ဖြစ်နေတယ်။ အစကတော့ အံ့သြသလို ဖြစ်မိပေမယ့် လူနာတစ်ချို့ကို မေးကြည့်မှ နွေစပါး အတွက် ရွာထဲကတောင်သူတွေကို အစိုးရဘဏ်က ပိုက်ဆံ ထုတ်ချေးပေးတာ မကြာသေးခင်ကလို့ သိရ တယ်။ ပိုက်ဆံအသစ်ကလေးတွေမြင်တိုင်း၊ ဘဏ်တစ်ခုခုကို အကြောင်းတမျိုးမျိုးကြောင့် ရောက်သွားမိ တဲ့ အချိန်တိုင်း ကျွန်တော့်ရင်ထဲမှာ အတိတ်ကို တမ်းတပြီး ၀မ်းနည်း၀မ်းသာခြင်းတွေကို တစ်ပြိုင်နက် ခံစားရတယ်။အခုလဲ ဆေးခန်းထဲထိုင်နေရင်း လူနာပေးသွားတဲ့ တထောင်တန် အသစ်ကလေးနှစ်ရွက်ကို ကိုင်လို့ ကျွန်တော့်ရဲ့စိတ်တွေက အတိတ်ကာလကို ရွေ့လျားသွားတော့တယ်။
###############
ဒီနေ့မနက် ခန္ဓာဗေဒ စာမေးပွဲ ဖြေရမှာမို့ မနေ့ညက နှစ်နာရီထိ စာကျက်ခဲ့တော့ အိပ်ချင်မူးတူး ဖြစ်ပြီး ကျွန်တော့်ရဲ့ စိတ်တွေကထိုင်းမှိုင်းနေတယ်။ စာမေးပွဲ အခန်းထဲမ၀င်ခင် ရင်ဘတ်ထဲ မွန်းကြပ်နေ လို့ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေမိတယ်။ စာမေးပွဲ အခန်းထဲမှာ နှစ်နာရီ နီးပါးထိုင်ဖြေပြီး ပြန်ထွက်လာတဲ့အချိန် ဆယ့်တစ်နာရီ ခွဲနေပြီ။ စာမေးပွဲ မဖြေခင်ကသာ စိုးရိမ်နေတာပါ။ တကယ်တမ်း စာ ကျက်ထားတဲ့အခါ စာမေးပွဲ အခန်းထဲ ရောက်တာနဲ့ စာတွေက သူ့အလိုလို ထွက်လာတာပဲ။ ဖြေပြီးတာနဲ့ စိတ်တွေက လွတ်လပ်ပေါ့ပါသွားရော။ ဆိုင်ကယ်ထားရာနေရာကို သွားနေတဲ့ ကျွန်တော့် ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေတယ်။
ဆိုင်ကယ်ထားရာ နေရာရောက်တော့ မိုးက ဆိုင်းမဆင့် ဘုံမဆင့် ဝေါခနဲ ရွာချလိုက်တာ ဆေးကျောင်းထဲ ပြန်ပြေးချိန်တောင် မရဘူး။ မိုးမင်းကို ကျိန်ဆဲလို့ မိုးရွာထဲမှာပဲ ဆိုင်ကယ်စီးပြီး အဆောင်ကို ပြန်လာခဲ့တယ်။ မန္တလေးမိုးကတော့ ပြော မပြောချင်ဘူး။ ရွာချတာမှ မကြာသေးဘူး။လမ်းပေါ်မှာ ရေတွေ ပြည့်နေပြီ။ဒီနေ့တော့ ဘယ်လောက် ရွာရွာ ရွာစမ်းပါစေ။ မနက်ဖြန် မိုးမရွာရင်ပြီးရော။ဒါမှ ကျောင်းပိတ်ရက်မှာ ချစ်သူနဲ့ ပြင်ဦးလွင်တက်လည်လို့ရမှာ။
အဆောင်ရှေ့ရောက်တော့ အစ်ကို၀မ်းကွဲက အိမ်နေရင်း အ၀တ်အစားတွေနဲ့ အဆောင်အောက်မှာ ထိုင်နေတာ တွေ့ရတယ်။ လမှ မကုန်သေးတာ။ အိမ်ကပိုက်ဆံ ပို့ခိုင်းလိုက်တာလဲ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ကို မြင်မြင်ချင်း အစ်ကိုက
“ညီလေး မင်းဖုန်းက ဘာလို့ စက်ပိတ်ထားတာလဲ။ အစ်ကို မနက်ကတည်းက ရောက်နေတာ။ အဒေါ်နေမကောင်းလို့ ညီလေးကို လာခေါ်တာ”
မနက်ကတည်းက စာမေးပွဲဖြေရမှာမို့ ဖုန်းပိတ်ထားခဲ့တာပဲ။ စာမေးပွဲမဖြေခင် ကျွန်တော့်ရင်ထဲ တင်းကြပ်ကြပ်ကြီးဖြစ်နေတာ ဒါကြောင့်များလား။ အမေ့အတွက် စိုးရိမ်ပူပန်ပြီး ကိုကြီးကို မေးခွန်းတွေ တရစပ်မေးမိတော့တယ်။
“အမေ ဘာဖြစ်လို့လဲ။ ဆရာ၀န်မပြဘူးလား။အခုရော ဘယ်လိုနေသေးလဲ။ အမေ ဘာမှ မဖြစ်ဘူးမို့လား”
“ဆရာ၀န်ပြထားတယ်။ အဒေါ်က ညီလေးနဲ့တွေ့ချင်တယ်ဆိုလို့”
“ကိုကြီး အမေဘာမှ မဖြစ်ဘူးမို့လားဟင်။ အမေဘာမှ မဖြစ်ဘူးမို့လား။ ပြောပါ ကိုကြီးရ။အမေ ဘာမှမဖြစ်ဘူးမို့လား”
ကိုကြီးပခုံးကို ကျွန်တော် ဆွဲကိုင်ပြီးမေးတော့
“ညီလေး စိတ်အေးအေးထား။ အဒေါ် ဘာမှ မဖြစ်ပါဘူး”
ကျွန်တော့်ရဲ့ အကြည့်စူးစူးတွေကို ရှောင်လွှဲပြီး အစ်ကိုက ဖြည်းညင်းစွာ ဖြေတယ်။
“လာ ကိုကြီး အမြန်သွားစို့”
“မိုးရွာနေတာကိုး။ အင်္ကျီလဲပြီး မိုးကာ၀တ်ခဲ့ဦး ညီလေး”
ကျွန်တော့်အခန်းထဲ အမြန်ပြေးပြီး အ၀တ်အစားလဲလို့ ကိုကြီး ဆိုင်ကယ်နောက် တက်လိုက်လာခဲ့ တယ်။ ကျွန်တော်တို့ရွာက မန္တလေး နဲ့ဆို ဆိုင်ကယ် နှစ်နာရီနီးပါး စီးရတယ်။ သေချာစဉ်းစားကြည့်မှ ကျွန်တော် ရွာကို မပြန်ဖြစ်တာ လေးလကျော်သွားပြီ။ ဆေးကျောင်းစတက်ခါစကတော့ ကျောင်းပိတ်တာနဲ့ အိမ်ကိုတန်းပြန်တာပဲ။ နောက်တော့ တလတစ်ခါပဲ ပြန်ဖြစ်တော့တယ်။ တလတစ်ခါ အိမ်ပြန်တယ်ဆိုတာ ကလည်း တလစာ ပိုက်ဆံပြန်ယူတာ။ ဒုတိယနှစ်ရောက်တော့ စာတွေကလည်း များတဲ့အပြင် ရည်းစား ရပြီး အိမ်ကို မပြန်ဖြစ် တော့ဘူး။ ကျောက်ဆည်ဘဏ်ကနေပဲ ငွေလွှဲခိုင်းရတယ်။
ဒီနေ့မှ ၇၈ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ ကားတွေက ပိုရှုပ်နေသလိုပဲ။ မိုးက သည်းရာကနေ စဲသွားပြီ။ ကျွန်တော့်လက်ဖျား ခြေဖျားတွေက အေးစက်နေပေမယ့် ရင်ထဲမှာတော့ အမေ့ကို စိုးရိမ်စိတ်နဲ့ ပူလောင်နေခဲ့တယ်။ စိတ်ပူနေလို့လား မသိဘူး။ ကိုကြီးဆိုင်ကယ်မောင်းနေတာ နှေးလိုက်တာ။
“ကိုကြီး မြန်မြန်မောင်းပါဟ”
“ဟ ဒီထက်မြန်မြန်မောင်းရင် ၀င်တိုက်ဖို့ပဲ ရှိတော့တယ်။ စိတ်အေးအေးထား။ အဒေါ်ဘာမှ မဖြစ်ဘူး”
ဆိုင်ကယ်မောင်းရင်း ထွက်ပေါ်လာတဲ့ ကိုကြီးအသံတွေက တုန်တုန်ယီယီ။
အိမ်ကို အမြန် ပြန်ရောက်ချင်ပါတယ်ဆိုမှ မန္တလေး ကျွဲဆယ်ကန်အထွက်က မီးပွိုင့်မှာ မီးနီ မိနေသေးတယ်။ လမ်းဘေးက ဘဏ်ဆီ အကြည့်ရောက်သွားတော့ ကျွန်တော် အိမ်မပြန်ဖြစ်လို့ အမေ့ကို ဖုန်း ဆက်ပြီး ဘဏ်ကနေ ငွေလွှဲခိုင်းတဲ့ နေ့ကို သတိရသွားတယ်။
“ဟဲ့သား။ အမေမှ ဘဏ်ကို မသွားဘူးတာ။ အမေ မသွားတတ်ပါဘူး။ သားအိမ်ကို ပြန်လာခဲ့လေ”
“ဟာဗျာ။အမေကလည်း လွှဲမဲ့ပိုက်ဆံရယ် အမေ့မှတ်ပုံတင်နံပါတ်ရယ်၊သားမှတ်ပုံတင်နံပါတ်နဲ့ဖုန်းနံပါတ်သာယူသွား ဘဏ်က၀န်ထမ်းတွေ လုပ်ပေးလိမ့်မယ်။ သားက စာကျက်နေရလို့ပါ။ နော် အမေ။ နော်လို့”
တကယ်တော့ ဘဏ်ဆိုတာ အမေ့အတွက် အစိမ်းသက်သက်ပါ။ ကျွန်တော် ပူဆာလွန်းလို့သာ အမေနဲ့ဘဏ်က ဆုံစည်းရတာပါ။ အမေနဲ့အဖေက တောသူတောင်သားပီပီ အရမ်းရိုးကြတယ်။ တစ်နှစ်နေလို့ ကျောက်ဆည်မြို့ပေါ် တစ်ခေါက်မရောက်ကြဘူး။ လူရှုပ်ထွေးတဲ့ နေရာတွေ၊ အစိုးရ ဌာနတွေကို သွားရမှာ အရမ်းကြောက်ကြတယ်။ အဖေက လယ်တွေကို အငှါးချထားပေမယ့် ဘတ္ထရီအားသွင်းဆိုင် ဖွင့်ထားတော့ အပြင်သွားလို့ မရလို့ ကျွန်တော်ဆီ ငွေလွှဲဖို့ ကြုံတိုင်း အမေပဲ ဘဏ်ကို သွားရတယ်။
မီးပွိုင့်ကအထွက် မြို့ပြင်ရောက် တော့ ကိုကြီးက ဆိုင်ကယ်ကို အရှိန်တင်ပြီးမောင်းတယ်။ ဆိုင် ကယ်အနောက်က ထိုင်လိုက်ရင်း အမေဘာဖြစ်နိုင်မလဲ စဉ်းစားနေမိတယ်။ အမေ့မှာ ရောဂါဆိုလို့ သွေး တိုးပဲ ရှိတာပါ။ ဒါပေမယ့် သွေးတိုးရောဂါဆိုတာ Slient Killer (တိတ်တဆိတ်လူသတ်သမား)လို့ တစ်ကမ္ဘာလုံးက လက်ခံထားတယ်မို့လား။ တစ်နေ့တစ်နေ့ သွေးတိုးကြောင့် သေနေတဲ့ လူတွေက နည်းတာမှ မဟုတ်တာ။ ကျွန်တော့်ကို မန္တလေးထိ လာခေါ်တာ အမေများ သွေးတိုးကြောင့် ဦးနှောက်သွေးကြော ပေါက်သွားပြီလား။ လေဖြတ်သွားတာများလား။ အမေက စိတ်ထားကောင်းတဲ့သူပဲ။ အဲ့လိုမျိုးတော့ မဖြစ်လောက်ပါဘူးလို့ တွေးမိပြန်တယ်။ ဒါပေမယ့် အတိတ်ကံကြောင့် ဖြစ်ခဲ့ရင် ရှောင်လွှဲလို့မှမရတာ။ ကျွန်တော့်ပါးမှာ မျက်ရည်တွေ စီးကျလာတယ်။ အမေက ကုသိုလ်တရားတွေ နေ့တိုင်းလုပ်နေတဲ့သူပဲ။ အမေ ဆုံးသွားခဲ့ရင်တောင် ကောင်းရာသုဂတိ လားမှာပါလေ။ ဒါပေမယ့် အမေဘာမှ မဖြစ်ပါစေနဲ့။ ကျွန်တော် အမေ့ကို မခွဲနိုင်သေးဘူး။ အမေ့ကို အဆုံးအရှုံး မခံနိုင်ဘူး။ “အမေ ဘာမှ မဖြစ်ပါစေနဲ့။ အမေဘာမှ မဖြစ်ပါစေနဲ့ဘုရား” ကျွန်တော် စိတ်ထဲကနေ ဆုတွေတောင်းလိုက်၊ရ သမျှဘုရားစာတွေ ဆိုလိုက်၊ ကျွန်တော်နဲ့ အမေ့ကြားက အမှတ်တရတွေ မြင်ယောင်လိုက်နဲ့ ရှည်လျားလွန်းတဲ့ နှစ်နာရီကြာ အိမ်အပြန်ခရီးကို စိတ်တထင့်ထင့်နဲ့ ဖြတ်ကျော်ခဲ့ရတယ်။
အိမ်အရှေ့ ရောက်ရောက်ချင်း ဆိုင်ကယ်ပေါ်က ဆင်းပြီး အိမ်ထဲ ပြေး၀င်မိတယ်။ အဖေက ဘတ္ထရီ အားအိုးသွင်းတဲ့ အခန်းထဲမှာ လူတစ်ချို့နဲ့ စကားပြောနေတယ်။အဖေက အမေ့နားမှာ မနေဘဲ ဘာလုပ်နေလဲမသိဘူး။ အဖေ့ကို စိတ်တိုပြီး ထွက်ပေါ်လာတဲ့ ကျွန်တော့်အသံတွေက မာဆတ်ဆတ်။
“အဖေ့။အမေရော။ အမေ ဘယ်လိုနေသေးတုန်း”
အဖေက မီးဖိုချောင် ဘက်ကို မေးငေါ့ပြနေတုန်း အမေက မီးဖိုချောင်ထဲက ထွက်လာတယ်။ ကျွန်တော့်ဆီ ပြေးလာပြီး
“ဟော..ငါ့သားကြီးပြန်လာပြီ”
“အမေ့ နေမကောင်းဘူးဆို၊ အခု ဘယ်လိုနေသေးလဲ”
ကိုကြီးက ဆိုင်ကယ်ကို မန်ကျည်းပင်အရိပ်ထောက်ရင်း တခစ်ခစ်ရယ်တော့ အဖေနဲ့အမေကပါ တယောက်
မျက်နှာ တယောက်ကြည့်ပြီး ရယ်ကြတယ်။
“အမေ ဘာမှ မဖြစ်ဘူးသား။ သားကို လွမ်းလို့ မောင်စိုးကိုညာခေါ်ခိုင်းလိုက်တာ”
“ဟူး……..”
ကျွန်တော့်ရင်ထဲက အပူလုံးကြီးကို သက်ပြင်းရှည် တစ်ချက်နဲ့အတူ လွှတ်ထုတ်ပြီး
“ဟွန်း။ သားကတော့ တကယ်မှတ်လို့ စိတ်ပူလိုက်ရတာ။ ကိုကြီးကလည်း ကျွန်တော် စိတ်ပူနေတာ သိရဲ့ သားနဲ့ အမှန်တိုင်းမပြောဘူး”
ကိုကြီးဘက်လှည့်ပြီး ကျွန်တော်ကရန်လုပ်တော့ အမေက ကျွန်တော့်လက်ကို ဆုပ်ကိုင်ရင်း
“မောင်စိုးကို ဘာမှမပြောဖို့ အမေမှာလိုက်တာ။ ဒီလိုမှ မခေါ်ရင် သားက အိမ်ပြန် မလာဘူးလေ။ စာကျက်နေရလို့၊ ကျုရှင်တက်နေရလို့၊ မအားသေးလို့နဲ့ ဆင်ခြေပေးနေတာ လေးလကျော်သွားပြီ။ ဒီနေ့ သားကြိုက်တဲ့ဟင်းတွေကြည့်ချက်ထားတာ။ သားခဏ နားပြီးရင် အမေပြင်ပေးမယ်”
ကျွန်တော်က မျက်နှာစူပုပ်ပုပ်နဲ့ အမေ့ကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး
“သွား။ အဲ့လောက်နဲ့တော့ မကျေနပ်ပါဘူး။ သားပြန်ရင် မုန့်ဖိုးပိုပေးရမယ်”
“အင်း။ ပေးမှာပေါ့။ ဒီလကုန်တုန်းကလည်း သားတောင်းတာထက် အမေ ပိုလွှဲလိုက်တယ်လေ။ ရောက်တယ်မို့လား”
“အမေကလည်း ဘဏ်ကလွှဲတာပဲ။ ရောက်တာပေါ့”
“အင်း။ အဲ့ဒီပိုက်ဆံအားလုံး အသစ်တွေပဲမို့လား”
“ဗျာ”
ကျွန်တော် နားမလည်စွာနဲ့ အမေ့ကို ငေးကြည့်မိတယ်။ အမေနဲ့အဖေက အသက်လေးဆယ်ကျော်မှ အိမ်ထောင်ပြုပြီး ကျွန်တော့်ကို မွေးခဲ့တာ။ အမေ့ရဲ့ ဆံစတွေက ဖြူနေပြီ။ အမေ့မျက်နှာမှာ အရေးအ ကြောင်းတွေက ထင်ရှားနေပြီ။ ခါးက အနည်းငယ်ကိုင်းလို့ သွားတစ်ချို့က မရှိတော့ဘူး။ ဒါပေမယ့် ကျွန်တော့်ကို ကြည့်လာတဲ့ အမေ့မျက်၀န်းတွေကတော့ စမ်းရေလိုအေးမြပြီး လရောင်လို နွေးထွေးတဲ့မေတ္တာ ဓာတ်တွေနဲ့ တောက်ပနေခဲ့တယ်။
“ဟဲ့သား။ ဘာငေးနေတာလဲ။ အမေလွှဲလိုက်တဲ့ ပိုက်ဆံအသစ်တွေ ရလားလို့”
“ဟုတ်တယ်။ သားကြီးရ သားအမေက ဘတ္ထရီအားအိုးလာရွေးတဲ့ ပိုက်ဆံအသစ်ဆို ချက်ချင်း သိမ်း။ ည တိုင်းလည်း ကုန်စုံဆိုင်က ဒေါ်ဘုမဆီ ပိုက်ဆံအဟောင်းနဲ့အသစ် သွားလဲတယ်။ လကုန်တာနဲ့ သားဆီ သွားလွှဲတာပဲ”
အဖေက အားတက်သရော ရှင်းပြနေပေမယ့် ကျွန်တော်ကတော့ ပြောစရာ စကားလုံးတွေ ပျောက်ဆုံး နေခဲ့တယ်။ ဘယ်လောက်တောင် ၀မ်းနည်းစရာကောင်းလဲ။ ကျွန်တော်ကသာ မြို့ပေါ်မှာ ကျောင်းတက်ပြီး ခေတ်နဲ့ မျက်ခြည်မပျက်ခဲ့တာ။ လေးတန်းထိ ကျောင်းတက်ခဲ့ရတဲ့ အမေနဲ့ ဘုန်းကြီးကျောင်းထွက် အဖေက ဘဏ်ရဲ့ငွေလွှဲစနစ်ဆိုတာကို မသိရှာဘူး။ ကျွန်တော် အိမ်ပြန်ပြီး ပိုက်ဆံ ယူတိုင်း တစ်ထောင်တန် အသစ်ကလေးတွေကြည့် ပေးတာကို သတိထားမိပေမယ့် စပါးရောင်းထားလို့ ပိုက်ဆံ အသစ်တွေ တလုံးတစည်းထဲ ရထားတယ်ပဲ ထင်နေခဲ့တာ။
“ဟဲ့သား။ အမေ မေးတာ ဖြေဦးလေ။တော်ကြာ ဘဏ်ကလူတွေက ပိုက်ဆံအသစ်တွေကို အဟောင်းနဲ့ လဲပြီး ပို့မှာစိုးလို့”
`ဘဏ်ရဲ့ငွေလွှဲစနစ်ဆိုတာ´အစချီပြီး အမေနဲ့အဖေကို ရှင်းပြဖို့ ကျွန်တော်အားယူလိုက်ပေမယ့် တကယ်တမ်းကြတော့
“ဟုတ်။ ရောက်တယ်အမေ။ ပိုက်ဆံအားလုံး အသစ်တွေချည့်ပဲ။ ဒါပေမယ့် အမေရာ နောက်တခါပို့ရင် အဟောင်းတွေပဲ ပို့တော့။ သစ်သစ် ဟောင်းဟောင်း သားက သုံးပစ်တာပဲလေ”
“အို။ အဲ့လိုလည်း ဘယ်ဟုတ်မလဲ။ အမေ့သားက မြို့ပေါ်မှာ သူဌေးသားတွေနဲ့အတူ ကျောင်းတက်နေရ တာ။ လူကြားထဲ ပိုက်ဆံ အဟောင်းတွေသုံးရင် မျက်နှာငယ်မှာပေါ့။ အသစ်ပဲပို့မယ်”
အဖေကလည်း အမေ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့တယ်။
“ကျောင်းပိတ်ရက်တိုင်း သားပြန်လာပါ့မယ် အမေရယ်။ ကျောင်းပိတ်ရက်တိုင်း သားပြန်လာပါ့မယ်။ ပြန်လာပါ့မယ်အမေရယ်”
ကျွန်တော် အရူးတယောက်လို ရွတ်ဆိုပြီး အမေနဲ့အဖေကိုဖက်လို့ အားရပါးရ ငိုပစ်တယ်။ ကျွန်တော် ငိုတော့ အမေကပါလိုက်ငိုတယ်။
“ဆရာ။ ဆရာ။ ဆရာ ”
ဆေးခန်းအပေါက်၀က လူနာခေါ်လိုက်တဲ့ အသံကြောင့် အတိတ်ကို ရောက်နေတဲ့ ကျွန်တော့်အတွေးဆက် ပြတ်တောက်သွားတယ်။ အခုချိန်မှာ ကျွန်တော်က ဆရာ၀န်ဘွဲ့ရပြီး ရွာမှာပဲ ဆေးခန်းဖွင့်လို့ ပိုက်ဆံတွေ ရှာနိုင်ပါပြီ။ ဒါပေမယ့် အမေကတော့ ကျွန်တော်နောက်ဆုံးနှစ်မှာပဲ သွေးတိုးကြောင့် ဆုံးသွား ခဲ့တယ်။ အမေဆုံးသွားတဲ့အချိန် အမေ့သေတ္တာထဲမှာ ကျွန်တော်ဆီပို့ဖို့ ပိုက်ဆံအသစ်ကလေးတွေ သိမ်း ထားတာ တွေ့ခဲ့ရတယ်။ ကျွန်တော်လည်း အမေ့လိုပဲ ပိုက်ဆံအသစ်ကလေးတွေ ရတိုင်း စုတတ်နေပါပြီ။ အမေ ပိုက်ဆံအသစ်တွေ စုခဲ့တာက ကျွန်တော်ဆီပို့ပြီး ပညာသင်စေဖို့၊ ကျွန်တော်စုတာကတော့ အဖေ့ ကို လုပ်ကျွေးပြုစုဖို့နဲ့ အမေ့ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်လှူဒါန်းဖို့ပါပဲ။
#ဟမ်စိုင်း(ဆေး\မန်း)
မဟေသီ မဂ္ဂဇင်း ။စက်တင်ဘာလ။၂၀၁၅