ကျွန်းစဉ်မြေစောခက်
အဆိပ်သင့်နှလုံးသား ပန်းများဖြစ်စေ
ဘင်္ဂလားပင်လယ်ပြင်ကြီးသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း ကမ်းခြေသို့ ချဉ်းကပ်ဝင်ရောက်လာသည့်အချိန်တွင် ရခိုင်ရိုးမတောင်တန်းကြီးမှ ဖြာထွက်စီးဆင်းလာကြသော ချောင်းမ၊ မြစ်ငယ်အသွယ်သွယ်တို့နဲ့ ချစ်ကြိုးသွယ်မိပြီး ကျွန်းကြီးကျွန်းငယ်၊ သောင်ကမ်းကျောက်စု တောင်ပုလုများကို မွေးထုတ်ပေးလိုက်သည်။
ငပသုန်ကျွန်းမှာ မြေပုံမြို့နယ်၏တောင်ဘက် အစွန်ဆုံးကျွန်း ဖြစ်၏။ နောင်တော်ကြီး နော်တော်လေး ကျွန်းများနဲ့အပြိုင် ဘင်္ဂလားပင်လယ်ပြင်ထဲတွင် တည်ရှိနေ၏။
ကျွန်းပေါ်တွင် တောင်ကြီးတောင်ငယ် စုစုပေါင်း ၉၉ လုံး ရှိသည်ဟု နှုတ်စကားစဉ်ဆက် ရှိခဲ့သည်။
ကမ်းခြေပိုင်းတွင် ရှည်လျားသော သဲသောင်ပြင်ဖြူလွလွနှင့် အုန်းပင်တန်းကြီးက ငပသုန်ရွာ၏ အလှကို ပုံဖော်ထားသည့် ပန်းချီကားလို ဖြစ်နေ၏။ လမ်းပန်းဆက်သွယ်ရေးကောင်းသော မြို့ပြအရိပ်အောက်တွင် တည်ရှိလျှင် လှပသောကမ်းခြေ အပန်းဖြေစခန်းအဖြစ် အသက်သွင်း ပုံဖော်ခံရမည်မှာ သေချာသည်။
ငပသုန်ရွာသားတို့မှာ ပွင့်လင်းရာသီများတွင်ပင်လယ်ပြင်ငါးဖမ်းခြင်းဖြင့် အသက်မွေးကြသည်။ မိုးတွင်းဆိုလျှင် ရွာနီးချုပ်စပ် မြစ်ငယ်ချောင်းငယ်များ တွင်သာ အသေးစားငါးဖမ်းခြင်းမျိုး ရှိသည်။
ရာသီဥတု ခြေခင်းလက်ခင်းသာချိန်မျိုးဆိုလျှင် ရွာနီးချုပ်စပ် တောတန်းတောင်တန်းများတွင် ဟင်းစား အဖြစ် စုပေါင်းအမဲလိုက်ကြသည်လည်း ရှိ၏။
ငပသုန်ကျွန်းတွင် တောဝက်နှင့် ချေ ပေါသည်။ ယခုမူ ကာလကြာလာသည်နှင့်အမျှ တောကောင်တို့လည်း ရှားပါးလာခဲ့သည်။
ဤတွင် ငပသုန်ရွာသားလူငယ်များသည် လူသူမရှိသော ပင်လယ်ပြင်ထဲရှိ ကျွန်းတောင်များသို့ သွားပြီး အမဲလိုက်တတ်ကြသည်။
“ကဲ … ဒီနေ့ နေသာတယ်ဟေ့၊ အမဲလိုက်ထွက်မယ်။ ဘယ်သူတွေ လိုက်ကြမှာလဲဟေ့”
ဖိုးချမ်း ရွာလယ် မောင်းထောင်းတလင်းက ဟစ်အော်လိုက်သည်။ ဖိုးချမ်း အနီးတွင် စောလှနှင့် ဖြူသီးတို့ ရှိနေကြသည်။ သူတို့သုံးယောက်မှာ အမဲ လိုက် တွဲလုံးများ ဖြစ်ကြသည်။ တောဝက်လိုက်လျှင်လည်း လှံကိုင်ရသူများပင် ဖြစ်ကြသည်။
သိပ်မကြာ ရွာလယ်တလင်းပြင်တွင် လူရွယ်လူလတ်ပိုင်း တစ်ဆယ်ယောက်ကျော်ခန့် စုရုံးမိကြသည်။
“လှမိုး … မင်းပါ လိုက်ခဲ့လေ”
ညီလေးကို ကျောပိုးပြီး ရောက်လာသော လှမိုးကို စောလှက လှမ်းပြောလိုက်သည်။
“ဘယ်ကို သွားကြမှာမို့လို့လဲ”
“ဒီကျွန်းပေါ်တင်ပဲကွ”
လှမိုးက ညီလေးကို သူ့ညီမလေးဆီ သွားပို့လိုက်သည်။
လှမိုးမှာ ကျေးလက်မှ မြို့ပြသို့ ပညာသင်သွားသည့် တစ်ဦးတည်းသော ပညာတော်သင်ဖြစ်သည်။ သို့သော် လှမိုးကား ပညာရေးရပ်ဝန်းတွင် အောင်မြင်မှုမရခဲ့။ လှမိုးအဖို့ ပညာရေး ပြည်ဖုံးကားချ၍ ကျောင်းတော်မြေမှ အပြီးတိုင် ထွက်ခွာလာခဲ့ရသည်မှာ သုံးနှစ်လုံးလုံး ရှိပေပြီ။
ပို၍ အခြေအနေဆိုးသည်မှာ လှမိုး အရွယ်ရောက်လာချိန်တွင် အမေသည် သားသမီးတွေကို မျက်ကွယ်ပြုပြီး မလွန်ဆန်နိုင်သော သေခြင်းနောက်သို့ လိုက်သွားခဲ့လေပြီ။
သည်တော့ သားကြီးသြရသသည် အဖေ့ကိုကူပြီး မိသားစုဝမ်းမီးကို ဖြည့်ဆည်းဖို့ ဘဝသမိုင်းက ဥဩသံပေးခဲ့ပါရော့လား။
သည်တော့ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသလို လှမိုး ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခဲ့ရသည်လေ။
xxx xxx xxx
မုတ်သုံတောင်လေအနွဲ့တွင် မိုးဖွဲလေးများက တသွဲ့သွဲ့ ရွာချ၏။ လှမိုး ဝေစုရ ချေသားထုပ်ကလေးကို လက်မှာဆွဲပြီး ရွာထဲသို့ ဝင်လိုက်သည်။ အမဲလိုက်သူများမှာ အမဲမည်မျှပင်ရသည်ဖြစ်စေ အမဲလိုက်ရာတွင် ပါဝင်သူအားလုံး အညီအမျှ ဝေစုရသည်။
ခွေးပါလျှင် ခွေးအတွက်ပါ ဝေစုတစ်စု သီးသန့်ရသည်။ ပိုက်အတွက် ဝေစု၊ လှေအတွက် ဝေစု အညီအမျှ ရကြသည်။ လူမှုရေးနယ်ပယ်ထဲတွင် တန်းတူညီမျှသော အခွင့်အရေးကို သေချာပေါက်ရသည်မှာ အမဲလိုက်ခြင်းပင် ဖြစ်သည်။
လှမိုးမှာ ဖက်ဖြင့် ထုပ်ယူလာသော ချေသားထုပ်ကလေးကို မြှောက်ကြည့်ပြီး ပြုံးလိုက်၏။ ညီထွေးလေးက အသားဟင်းဆို သိပ်ကြိုက်သည်။ လှမိုး အတွေးလေးနဲ့ မြူးနေသည်။
လှမိုး ရွာအနောက်ဘက် တောင်ခြေပတ်လမ်းမှ ရွာထဲသို့ ဝင်လာလိုက်သည်။ မိုးသားတိမ်တိုက်များကြောင့် ညနေခင်းလေးမှာ ပိုပြီး မည်းမှောင်နေ၏။
ခြေလှမ်းသွက်သွက်ကလေးများ၏ ဆွဲခေါ်မှုကြောင့် အိမ်ကလေးနဲ့ ပိုမိုနီးကပ်လာသည်။ သိပ်မကြာမီ အိမ်ခြံဝင်းအနီးသို့ ရောက်လာသည်။
“အမယ်လေး … မောင်လေးရယ် … အဖြစ်ဆိုးလှချည်လား”
ညီမလေးငိုသံက လှမိုး ရင်ဘတ်အား အရှိန်ပြင်းပြင်း ဆောင့်ကန်လိုက်သလို ခံစားလိုက်ရသည်။ အသိ၏ တွန်းအားနှင့်အတူ အိမ်ပေါ်သို့ လှမိုး ချက်ချင်း ပြေးတက်လိုက်သည်။
“ဟင် … ညီထွေးလေး”
“ကိုကြီးရယ် … မောင်လေး ဆုံးပြီ”
ညီထွေးလေးကား နှုတ်ခမ်းကလေး ပြာနှမ်းနှမ်းကို တင်းတင်းစေ့ပြီး အသက်မဲ့နေလေပြီ။ ညီမလေးနှင့် ညီလေး နှစ်ယောက်က ညီထွေးလေး ရုပ်အလောင်းကိုကြည့်ပြီး ငိုနေကြ၏။
ပတ်ဝန်းကျင်က သက်ကြီးပိုင်းသုံးဦး ရောက်နေကြသည်။ သူတို့လည်း ကလေးတွေအဖြစ်ကိုကြည့်ပြီး ရင်ထဲ မကောင်းရှာကြ။
လှမိုး ညီထွေးလေးကို ချက်ချင်းပြေးဖက်လိုက်သည်။ ချစ်သော ညီထွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုသော ဝမ်းနည်းစိတ်သည် လှမိုး ရင်၌ အုံဖွဲ့ ဖြစ်ပေါ် သွားသည်။
“အစ်ကိုကြီးရယ် … ညီထွေးလေး အဖျားရှိနေတာကိုမသိဘဲ ကောက်ညှင်းကျွေးမိတာလေ။ ကလေး အဖျားကြီးပြီး ခုလို ဖြစ်သွားတာတဲ့”
“ဖြစ်ရလေ ညီလေးရယ် … အဖေကြီးကလဲ မရှိဘူး၊ ဘယ်လိုလုပ်ကြမှာလဲဗျာ”
လှမိုး ထံမှ ကြေကွဲသံကြီး ဆို့ဆို့နင့်နင့် ထွက်သွားသည်။ လှမိုးတို့ အဖေမှာ လှေတုံးမျှောရန်အတွက် အထက်ကျွန်းစဉ်ဘက်သို့ တက်သွားသည်။ တစ် ပတ်ခန့်ကြာမည်ဟု ပြောသွား၏။
ခုလောက်ဆို ရိုးမတောင်ခြေက အမ်းမြို့နယ်ထဲ ရောက်နေရော့မည်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ပါဘိသနဲ့ ဘယ်လိုလုပ် ဆက်သွယ်ရမလဲ။
လှမိုး မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ပြည့်အိုင်လာပြီး မျက်လုံးအစုံကို မှိတ်လိုက်ချိန်တွင် မျက်ရည်စီးကြောင်းများ တလိမ့်လိမ့် စီးဆင်းသွားကြသည်။
လှမိုး၏မျက်ရည်ပေါက်များ ညီထွေးလေး၏ ပါးပြင်မို့မို့လေးပေါ်သို့ တပေါက်ပေါက် ကြွေဆင်းကြ၏။
မကြာမီ အိမ်နီးနားချင်းများရောက်လာကြသည်။
ဗုဒ္ဓဟူးနေ့တွင် သေဆုံးတာဖြစ်လို့ နေ့မကူးမီ ချက်ချင်းသင်္ဂြိုဟ်ရမည်ဟု ပြောကြ၏။
ဦးထွန်းညိုနှင့် ကိုအောင်ခိုင်တို့က ညီထွေးလေး၏ အဝတ်အစားများကို သူ၏ ကိုယ်ပေါ်တွင် လွှားတင်လိုက်ကြသည်။ ညီထွေးလေး၏ ခန္ဓာကိုယ်အောက် တွင် ခင်းထားသော စောင်ပိုင်းလေးကို ကိုယ်ပေါ်သို့ ပင့်တင်လိုက်သည်။
နောက် သပေါ့ဖျာလေးကိုပါ ခေါက်ချိုးညှိပြီး ညီထွေးလေး၏ ခန္ဓာကိုယ်ကို မုန့်ဖက်ထုပ် ထုပ်သလိုမျိုး လျှော်ကြိုးဖြင့်စည်း ချည်လိုက်ကြသည်။
ညီမလေးမှာ မကြည့်ဝံ့သဖြင့် ညီထွေးလေးကို ကျောပေးပြီး တအင်းအင်း ငိုနေလေတော့၏။
သက်မဲ့ခန္ဓာကို ထုပ်ပိုးပြီးလျှင် ပျဉ်ပြားတစ်ချပ်ပေါ်ကို ညီလေးအလောင်းအောက်သို့ ထိုးသွင်းလိုက်သည်။ ပျဉ်ပြားပေါ်သို့ ရောက်နေသော ရုပ်အလောင်းကလေးကို ကြိမ်နွယ်ဖြင့် သုံးတန်စည်း ချည်လိုက်၏။
အစွန်းထွက်နေသော ပျဉ်ပြားချပ်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ပခုံးခံထမ်းပြီး သင်္ချိုင်းသို့ သယ်ယူပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြ၏။
တစ်ခါတစ်ရံ လူတို့၏ဓလေ့ထုံးစံ ရိုးရာအယူဝါဒများသည် ကျောက်ခေတ်နှင့်မခြားသလို ခံစားရပြီး အရိုင်းဆန်လှချည်လားဟု လှမိုး တွေးမိလိုက်၏။
ခုပဲ ကြည့်လေ။ သူအင်မတန်ချစ်လှသော ညီထွေးလေးကို ဗုဒ္ဓဟူးနေ့မှာ ဆုံးသည်ဆိုပြီး နေ့ကူးအောင် မထားရဆိုသော အယူအဆကြောင့် တိရစ္ဆာန် တစ်ကောင် သေဆုံးသလိုမျိုး ချက်ချင်း တစ်စပြင်သို့ထုတ်ပြီး စွန့်ပစ်လိုက်ကြပါပြီကော။
မိသားစုဘဝ အကျည်းတန်ကောက်ကြောင်းကို တွေးပြီး လှမိုး ရင်၌ အနွမ်းစိတ်သည် အုံဖွဲ့ဖြစ်ပေါ်နေလေ၏။
ဪ … ဘဝစေရာ စီးမျောလွင့်ပါခဲ့ရရှာပါပကောလား။
xxx xxx xxx
“လှမိုး”
“ဗျာ”
ဗြုန်းခနဲခေါ်သံကြောင့် လှမိုး အလန့်တကြား ပြန်ထူးလိုက်သည်။
“ဟာ .. စောလှ၊ အသံလေးဘာလေး ပေးတာမဟုတ်ဘူး”
“ငါရောက်နေတာ အတော်ကြာပြီကွ။ မင်းက တစ်ယောက်ထဲ ပင်လယ်ပြင်ကြီးကြည့်ပြီး ငေးနေတာတွေ့လို့ ငါကြည့်နေတာ”
“အေးကွာ … အားအားရှိတာနဲ့ ငါ ဒီနားထိုင်ပြီး တို့တစ်တွေကို လုပ်ကျွေးနေတဲ့ ပင်လယ်ပြာကြီးကြည့်ပြီး ကျေးဇူးတင်နေတာလေ”
“ကဲ … လှမိုးရေ ငါ မင်းကို အမဲလိုက်ဖို့ လာခေါ်တာ။ လိုက်မယ် မဟုတ်လား ”
“ဘယ်သွားကြမှာမို့လဲ”
“တို့ကျွန်းပေါ်က ကောင်တွေလည်း အမဲလိုက်ဖန်များတော့ သိပ်တော့ မလွယ်တော့ဘူး။ ပိုက်ယဉ်နေကြပြီ။ ဒီတစ်ခေါက်တော့ကွာ ကျွန်းသလိမ် ကျွန်းဘက် သွားဖို့ စီစဉ်ထားကြတယ်”
“နယ်သစ်ပယ်သစ်ပဲ၊ လိုက်မယ်ကွာ”
“ဒါဆို သွားကြမယ်။ ဟိုဘက်မှာ လူတွေစုံနေကြပြီ’’
လှမိုး တို့ ရောက်သွားချိန်တွင် ပသျှူးလှေကြီးနား၌ လူတွေ စုံနေကြပေပြီ။ အမဲလိုက်သမားတို့သည် လက်လံ တစ်လံခွဲ နှစ်လံလောက်စီရှိ အုန်းလက်ပိုင်းများကို လှေဝမ်းဗိုက်အောက်သို့ ထိုးသွင်းပြီး ဆုံးတုံးခံကာ မြစ်ရေပြင်သို့ လှေကို တွန်းချကြသည်။
မြစ်ကမ်းခြေသဲသောင်ပြင်မှာ အမြင့်မှ အနိမ့်သို့ ပြေပြေကလေး နိမ့်ဆင်းနေပေရာ လှေဝမ်းဗိုက်နှင့် အုန်းလက်ကြိတ်သံတို့မှာ တဖြန်းဖြန်းအသံပေးကာ ငါးဖမ်းလှေမှာ ခပ်သွက်သွက် လျှောဆင်းနေ ပေတော့သည်။
လှေမှာ ပြိုင်တူတွန်းအားကြောင့် မရပ်မနား ပြေးဆင်းနေသည်။ မကြာခင် ခြောက်လံရှည်သော ပသျှူးလှေကြီးမှာ မြစ်ရေပြင်ထဲ ရောက်သွားပြီး လှိုင်းအိကလေးများနှင့်အတူ ကခုန်မြူးနေပေပြီ။
ဖိုးချမ်းက ပဲ့စင်ပေါ် မတ်တတ်ရပ်ပြီး မြီးတံရှည်တက်မကြီးကို ရေထဲသို့နှစ်ကာ ကန့်ကြိတ်ပေးလိုက်ခြင်းဖြင့် လှေကြီးမှာ ပင်လယ်ပြင်ဘက် ဦးမော့ပြီး တာထွက်ရန် အဆင်သင့်ဖြစ်သွားသည်။
လှေနံနှစ်ဘက်တွင် တစ်ဘက်လျှင် သုံးစင်စီ အသင့်လုပ်ထားသော တက်ခတ်စင် ခြောက်စင်တွင် ဖြူသီးနှင့် စောလှတို့အဖွဲ့ တက်ခတ်သား ၁၂ ယောက်က အသင့်နေရာယူပြီး ခတ်တက်ကို ပြိုင်တူဆွဲခတ်လိုက်ကြ၏။
ပသျှူးလှေကြီးကတော့ လှိုင်းခေါင်းဖြူများကို ဖိနင်းပြီး ခပ်မြူးမြူး ပြေးနေပေပြီ။ လှေကြီးမှာ ငွေသာတောင်တန်းကို လက်ယာထားပြီး နတ်မော် ကျောက်တန်းဘက်သို့ ဦးတည်သွားနေသည်။
နတ်မော်ကျွန်း လွန်သည်နှင့် ဘင်္ဂလားပင်လယ် ရေပြင်ထဲက ကျွန်းသာယာ(ကျွန်းသရဲ) ကျွန်းပေါ်လာ၏။
(၁၁၄၆ ခုနှစ် ဘိုးတော်ဗဒုံမင်း၏ အိမ်ရှေ့စံ ရခိုင်ပြည်ကို စစ်ချီစဉ် ရခိုင်ဘုရင် မဟာသမ္မတရာဇာကို ဖမ်းမိရာနေရာပင် ဖြစ်သည်။)
ကျွန်းသာယာကျွန်းနှင့် ငပသုန်ကျွန်း ရေလက်ကြားထဲတွင် ကျွန်းသလိမ်ကျွန်းဟူသည် တည်ရှိသည်။ ကျွန်းမှာ မြစ်ပြင်ထဲတွင် တစ်ကျွန်းတည်း ထီးထီးမားမား တည်ရှိနေသည်။
လှမိုး တို့ အမဲလိုက်အဖွဲ့သည် နေမွန်းတည့် ချိန်လောက်တွင် ကျွန်းသို့ ရောက်ရှိကြသည်။
ကျွန်းမှာ ရှည်ရှည်လျားလျားပင် ဖြစ်သည်။
လှမိုး တို့ အဖွဲ့ တောင်ခါးလယ်လောက်ကဖြတ်ပြီး ပိုက်တိုင်ကလေးတွေ ထောင်ကာ အမဲလိုက်ပိုက်ကို ကန့်လန့်ဖြတ် တန်းလိုက်ကြ၏။
ပိုက်တွင် အပေါ် ပိုကြိုးတန်း၊ အောက်တန်းပိုကြိုးဟူ၍ ကြိုးနှစ်ချောင်းပါသည်။ ပိုက် အစွန်းဖျား နှစ်ဘက်မှထွက်နေသော အပေါ်အောက် ဘယ်/ညာ ပိုကြိုးစ လေးချောင်းကို သစ်ပင်တွေမှာ အသေချည်ထားလိုက်ကြသည်။
ပိုက်ကို ခပ်လျော့လျော့လေးထားပြီး ပိုက်အပေါ်စနှင့် ပိုက်အောက်စကို သစ်သားချောင်းလေးများဖြင့် ထောက်ပြီး အရှင်ထောက်ထားရသည်။
အမဲကောင်ဝင်တိုးလျှင် ဒေါက်တိုင်သစ်သားချောင်းလေးများပြုတ်ပြီး အမဲကောင်ကို လုံးထွေးဖုံးအုပ်နေစေရန်ပင် ဖြစ်သည်။
အမဲကောင်များ ပိုက်တွင် ငြိထွေးနေခိုက် ချက်ကောင်းကို ပြေးရိုက်နိုင်ရန် အားကောင်းမောင်းသန် လူငါးယောက်က သစ်သားတုတ်ကို ကိုင်ပြီး ချုံကွယ်က အသင့်စောင့်နေရသည်။ ပိုက်တန်း တိုလျှင်တော့ သုံးယောက်လောက်ပဲ လိုသည်။
လှမိုး တို့ အဖွဲ့တွင် ဖိုးချမ်း၊ စောလှနှင့် ဖြူသီးတို့မှာ အမြဲတမ်း အမဲရိုက်သမားတွေ ဖြစ်ကြသည်။ တစ်ခါတစ်လေ အတွေ့အကြုံရှိပြီးသား အမဲကောင်များသည် ပိုက်ရှေ့ရောက်လျက်နဲ့ ဝင်မတိုးဘဲ လွတ်ရာလွတ်ကြောင်း ဘေးဘက်သို့ လျှံထွက်လာတတ်သည်လည်း ရှိသည်။
ဤအခြေအနေတွင် ပြန်ပြေးလာသည့်လမ်းမှ နောက်ပြန်လှည့်ပြီး ပိုက်ကို ဝင်တိုးနိုင်အောင် ခြောက်လှန့်ပစ်ပေါက်နိုင်ရန်အတွက် ခဲလုံးတွေကို အဆင် သင့်ကိုင်ပြီး စောင့်နေရသူများမှာ ပိုက်အစွန်ဖျားနှစ်ဘက်တွင် တစ်ဘက်လျှင် နှစ်ယောက်စီ လိုသည်။ သည်လူတွေကို “ခေါင်းခေါက်ထိုးသမား” ဟု ခေါ်သည်။
လှမိုးမှာ ခေါင်းခေါက်ထိုးတာဝန်ကို ယူရသည်။ အမဲကောင် လာလမ်းအတိုင်း ပြန်ခေါက်လှည့်ပြီး ပိုက်ကို ဝင်တိုးစေရန် ခဲလုံးဖြင့် ပစ်ပေါက်ရသော အလုပ်ပင် ဖြစ်သည်။
အမဲလိုက်ရာတွင် ရေရေရာရာ ကျွမ်းကျင်မှုမရှိသူများက တောင်ခြေ တောစပ်မှ ကိုယ့်ငန်းကိုယ့်တာ တာဝန်ယူပြီး ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ပိုက်ရှိရာသို့ ပိုက်စိပ်တိုက် ချီတက်ရသည်။
အမဲကောင်များ ကြောက်လန့်ပြီး ပိုက်ရှိရာသို့ ဦးတည်ပြေးစေရန်အတွက် ပါးစပ်က မနားတမ်း တဟေးဟေးနဲ့ ညာသံပေးကာ အော်ဟစ်ပေးရသည်။ အမဲလိုက်သူတို့၏ ညာသံပေးသည့် အသံဗလံများမှာ တောင်ယံတောလုံး ပဲ့တင်ဖုံးနေပေ၏။
“ဟေး … ဟေး … ဟေး”
အမဲလိုက်အဖွဲ့သားများ ညာသံပေးပြီး အော်ဟစ်လာကြပါပြီ။ တစ်ချီပြီး တစ်ချီ ညာသံပေးအော်သံများမှာ တောင်တန်းကြီးတစ်ခုလုံး သောသောညံစေ၏။
“ဂန့် … ဂန့် … ဂန့် … ဂန့်”
သိပ်မကြာခင် တောကြီးအတွင်းမှ အမဲလိုက်ခွေးသံ ခပ်စူးစူး ပေါ်လာ၏။ ခွေးမှာ အမဲကောင်နဲ့တွေ့လျှင် သာမန်ဟောင်သံမျိုး မဟုတ်ဘဲ တဂန့်ဂန့် အော်လေ့ရှိတတ်ကြသည်။
“ဟေ့ … ခွေးကြီးတော့ အမဲနဲ့ တွေ့ပြီဟေ့”
တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
“ဂန့် … ဂန့် … ဂန့်”
ခွေးကတော့ ဟောင်မြဲတိုင်း ဟောင်နေပြီ။ အမဲကောင်ကလည်း ခွေးနဲ့တွေ့လျှင် ခြေဦးတည့်ရာ စွတ်ပြေးသည့်သဘော ရှိသည်။
ညာသံပေးသူများမှာ ခွေးဟောင်သံနောက်သို့ တဟေးဟေးဖြင့် ခြေကုန်သုတ်ပြီး ပြေးလိုက်ကြရ သည်။ ခွေးနှင့် အမဲကောင်တို့ လိုက်နေကြသံကြားလျှင် ညာသံပေးသူတို့ ခွန်အား ပိုပြည့်သွားတတ်ကြသည်။
အော်ဟစ်သံကိုလည်း သံကုန်မြှင့်ပြီး အော်ကြ၏။
ပိုက်စောင့်သမားများကလည်း ပိုက်နဲ့နီးလာလေ ပိုပြီး အာရုံစိုက်လေ ဖြစ်လာသည်။
ခေါင်းခေါက်ထိုးသမားများကလည်း အမဲကောင် မိမိဘက်များ လျှံထွက်လာလေမလားဟု ခဲလုံးကို အသင့်အနေအထားကိုင်ပြီး စောင့်နေကြ၏။
“ဂန့် … ဂန့် … ဂန့်”
ခွေးက ဟောင်ရင်း အတင်းလိုက်၏။
“ဟေး … လာပြီကွ၊ ရိုက် … ရိုက် … ရိုက်”
“ဟေး … ဟေး … ဟေး”
“ဖြန်း …. ဖြန်း … ဖြန်း”
“ခလွတ် … ခလွတ် … ခလွတ်”
အမဲကောင်များ ပိုက်တိုးသံ၊ ပိုက်စောင့်၏ ရိုက်နှက်သံများသည် တောတစ်ခွင်လုံး ဆူညံနေပေတော့သည်။ ဤအခြေအနေမှာ အမဲလိုက်ခြင်း အထွတ်အထိပ်ကာလပင် ဖြစ်ပေသည်။
“ဟေ့ … လှမိုး ခေါင်းခေါက်ပြန်ထိုးလိုက်ကွ၊ မင်းဘက် ပြေးလာတယ်ဟေ့”
ပိုက်စောင့်ဆီမှ အသံတစ်သံက လှမိုး နားထဲသို့ စူးခနဲ ဝင်သွားသည်။
လှမိုး စိတ်အစဉ်သည် တဒင်္ဂအတွင်း အတိတ်၏ ဇာတ်ဝင်ခန်းတစ်ခုက အာရုံထဲ ဝင်ရောက်လာသည်။
ချေလိုက်ရာမှအပြန် ညီထွေးလေး သေဆုံးနေတာနဲ့ သွားတိုက်ဆိုင်နေခဲ့ပုံ၊ ခုပဲ ချေလိုက်သံ၊ ချေရိုက်သံတို့၏ ဖြစ်ပျက်မှုထဲတွင် အသက်ကလေးတစ်ချောင်း ချမ်းသာရာရရေးအတွက် အန္တရာယ်ကို သတိမထားနိုင်ဘဲ မိမိဆီသို့ ဦးတည်ပြေးလွှားလာနေသော ချေသူငယ်။
အမေနဲ့ သေကွဲ ကွဲခဲ့ရသော မိသားစုဘဝ၊ ညီထွေးလေးအတွက် ကြေကွဲခဲ့ရသော ပစ္စက္ခအခြေအနေ အတွေးများ၊ မြင်ကွင်းများသည် အသက်တစ်ချောင်း ချမ်းသာရာရရေးအတွက် မိမိဆီသို့ ဦးတည်ပြေးလွှာလာသော ချေသတ္တဝါအတွက် တရားရုံးတော်တွင် သေမိန့်ရုပ်သိမ်းခံရသော တရားခံသဖွယ် ဖြစ်ခဲ့ရပါပြီပကောလား။
လှမိုးသည် ခဲလုံးကိုင်ထားသောလက်ကို အားကုန်မြှောက်ပြီး လွှဲရိုက်ရမည့်အစား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော ခဲလုံးကို လက်ထဲမှ အသာ အယာ ဖြေလွှတ်ချလိုက်ပေတော့သည်။
“ဘေးလွတ်ရာပြေးပေတော့ ချေသူငယ်ရေ”
လှမိုး၏ အသံမှာ တိုးတိုးညင်းညင်းလေး ထွက်ပေါ်သွားပေတော့သည်။
ချေသူငယ်ကား လှမိုး တာက ထွက်ခဲ့ပြီး တောနက်ရာသို့ ပြေးဝင်သွားခဲ့လေပြီ။
လှမိုးသည် တက်ကြွမှုမရှိသော ခြေလှမ်းများဖြင့် အသာအယာလှမ်းလာပြီး ပိုက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ပိုက်နဲ့ လုံးထွေးပြီး သွေးအိုင်ထဲတွင် သေဆုံးနေကြသော ချေသတ္တဝါ သုံးကောင်။ သေနေသည့် ချေကောင်တွေကို ကြည့်ပြီး လှမိုး ရင်ထဲတွင် ဆို့နင့်စွာ ခံစားသွားရသည်။
ပိုက်လိုက်သူအချို့က ချေငယ်ကို ထွက်ပြေးခွင့်ပေးလိုက်သော လှမိုး ကို အပြစ်တင်ကြ၏။ လှမိုးကို ချစ်ခင်သော စောလှ၊ ဖိုးချမ်းနှင့် ဖြူသီး တို့ကတော့ လှမိုး ဘဝကို ကိုယ်ချင်းစာပြီး အပြစ်တင်စကား မဆိုခဲ့ကြ။
“ဒီနေ့ရတဲ့ ချေသား ငါ့အတွက် ဝေစု မချကြပါနဲ့ကွာ”
လှမိုး အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
“မဟုတ်တာကွာ၊ ဘာလို့ မပေးရမှာလဲ”
“ဒီနေ့ ငါ တာဝန်မကျေခဲ့ဘူး သူငယ်ချင်း”
လှမိုး စကားသံများသည် တစ်လုံးချင်း လေးလေးပင်ပင် ထွက်သွားတော့သည်။
ဖိုးချမ်း စောလှနှင့် ဖြူသီးတို့ လှမိုးကို တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။
ငွေတာရီမဂ္ဂဇင်း
အမှတ် (၁၂၂)
၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ
– ပြီး –
စာရေးသူ – ကျွန်းစဥ်မြေစောခက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ