ပုသိမ်ရန်နောင်စိုး
အဆိပ်သင့် ပုစွန်
“ဟေ့ကောင် … ထိပ်သီး”
“ဘာလဲ … ပြော”
“အဆိပ်ဆေးချပြီး ပုစွန်ဖမ်းတယ်ဆိုတာ မင်းကြားပြီးပြီလား”
“ဟဲ့ … မကြားဖူးသေးပါလား၊ အဆန်းပဲ”
“မင်းတို့ ငါတို့သာ ဆန်းနေတာကွ။ အဲဒီလို လုပ်စား နေကြတာ နှစ်နှစ်တောင် ရှိနေပြီ ဆိုဘဲ”
“ဘယ်သူတွေက ဘယ်မှာ လုပ်စားနေကြတာလဲကွ”
“ဟို … အောက်ဘက်မှာ လုပ်နေကြသတဲ့ကွ”
“ဘယ်လို အဆိပ်ဆေးမျိုးကိုချပြီး ပုစွန်ရအောင် ဖမ်းတာလဲကွ။ မင်းသိသလောက် ပြောစမ်းပါဦး”
တံငါပီပီ ထိပ်သီး စိတ်ဝင်စားသွားသည်။
သာမောင်က ချက်ချင်းမပြောသေး။ ချောင်းတစ်ချက်ဟန့်လိုက်ပြီး တံတွေးကို ရေပြင်ပေါ်သို့ ပျစ်ခနဲမြည်အောင် ထွေးချလိုက်သည်။ လှော်တက်လှေနံပေါ်သို့ ကန့်လန့်တင်ကာ လှေကတ်ခုပေါ်မှာ ချထားသည့် ဆေးလိပ်တိုကို ပါးစပ်မှာ ကောက်တပ်ပြီး မီးညှိနေပြန်သည်။
“ရှီးတဲ့မှဘဲ … စကားတစ်ခါပြောဖို့အရေး သောက်လုပ်က ရှုပ်လိုက်သေး”
ထိပ်သီး စိတ်တိုချင်ချင် ဖြစ်သွားသည်။
သာမောင်က ဆေးလိပ်ကို မီးခိုးထောင်းထောင်းထ အောင်ရှိုက်ဖွာပြီး သူ့စကား တစ်ဝက်တစ်ပျတ်ကို ဆက်သည်။
“ဒီလိုကွ”
ဆက်ပြီး မပြောသေး။ သာမောင်က သူ့စကား တစ်ပိုင်းတစ်စကို ဖြတ်ထားကာ ဆေးလိပ်ကိုသာ မဲပြီး ဖွာနေပြန်သည်။
“ဟေ့ကောင်သာမောင် … ငါ လှော်တက်နဲ့ လှမ်းရိုက်မိတော့မယ်နော်”
ထိပ်သီး စိတ်တိုရုံသာမက ဒေါသပါထွက်လာတော့သည်။
သာမောင်မှာ သွားချေးမီးစွဲကာနီးအထိ အစီခံသို့ ရောက်နေပြီဖြစ်သော ဆေးလိပ်တိုကို ဆက်တိုက် သုံးလေးခါ ဖွာပြီး ရေထဲသို့ ပစ်ချလိုက်သည်။
“မင်းချည်း စိတ်တိုနေ သိလား။ သူများတိုဖို့လဲ ထားဦး။ ဆေးလိပ်တောင် ဖြောင့်တန်းအောင် မသောက်ရဘူး”
“မင်းလုပ်နေပုံက သူများ စိတ်တိုချင်စရာကိုကွ။ ငါတောင် ဆေးလိပ်ဖြတ်လိုက်ပြီ။ မင်းလဲ ဖြတ်ဖို့ကောင်းနေပြီကွ။ မင်းက ချောင်းတဟွတ်ဟွတ်နဲ့၊ ဆေးလိပ်အန္တရာယ်ဟာ ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းလဲအသိ။ ရောဂါမဖြစ်ခင် မြန်မြန်သာ ဖြတ်လိုက်ပါကွာ”
“အေးပါကွာ … ငါ ကြိုးစားပါ့မယ်”
“မင်းလုပ်တာနဲ့ စောစောကစကားတောင် ပြတ်သွားပြီ။ ကဲ … ပုစွန်အဆိပ်ချတဲ့အကြောင်း ပြော”
“အေး … အေး … ဒီလိုကွ၊ ဟိုတုန်းက အင်ဒရင်းဟာ တော်တော်ပြင်းတဲ့ ဆေး။ သုံးသက်တောင် သေတယ်ဆိုတာ မင်းလဲ အသိသားမို့လား”
“ဟုတ်တယ်ကွ … တော်တော်ကြောက်ဖို့ကောင်းတဲ့ ဆေး”
“အခု ပိုးသတ်ဆေးတွေလဲ အမျိုးစုံသလောက် အစွမ်းထက်ကြပါတယ်။ လယ်ထဲမှာ လိုအပ်တာထက်ပိုချရင် ငါးတွေ သေတာဘဲ မဟုတ်လား။ အဲဒီ သေတဲ့ငါးတွေကို တချို့က မကြောက်မလန့် ချက်စားကြတယ်။ ဒါ လုံးဝ မစားသင့်ဘူး။ ချက်ချင်း အဆိပ်မသင့်ပေမယ့် တဖြည်းဖြည်းတော့ ဘေးဖြစ်မှာဘဲ”
“သေချာတာပေါ့ကွာ”
“ခု … လယ်ထဲချတဲ့ ဆေးတစ်မျိုးနဲ့ တခြားဓာတုဆေးတစ်မျိုး ပေါင်းစပ်ပြီး လုပ်တာတဲ့ကွ။ အဲဒီလို ဖော်စပ်ထားတဲ့ ဆေးနဲ့ နေရှိန် သိပ်မပြင်းခင် ပုစွန်တွေ ရေနက်ရာကို လျှောတော့မယ့်ဆဲဆဲ အခုလိုအချိန်ရာသီမှာ ရေကျဦး ချောင်းငယ် မြောင်းငယ် သရွတ်တွေ အထက်ကနေ အဲဒီအဆိပ်ဆေးကို ရေထဲချလိုက်ရင် ပုစွန်တွေဟာ ရေထဲမှာ မနေနိုင်တော့ပဲ ရေပေါ် ထိုးပေါ်လာပြီး ရေစီးနဲ့ မျောပါလာတာကို အောက်ဘက်ကနေ ပိုက်နဲ့ထောင်ပြီး ဖမ်းယူတာတဲ့ကွ”
“ဟ … ဒါဆို သူတို့အဆိပ်ဆေးချတဲ့ ချောင်းငယ် မြောင်းငယ် သရွတ်တွေမှာ ပုစွန်မျိုးတွေ ကန်းရောပေါ့”
“သိပ်ဟုတ်တာပေါ့ကွာ။ ဒီနှစ် အဲဒီလိုလုပ်လိုက်ရင် နောက်နှစ် အဲဒီနေရာမှာ ပုစွန်ရှာလို့ မရတော့ဘူးဆိုဘဲ။ ငါးလဲ ရှားပါးသွားသတဲ့ကွ”
“ဒီလိုလုပ်တဲ့လူတွေဟာ တော်တော်ယုတ်ကန်းတဲ့ လူတွေဘဲ ဖြစ်မယ်”
“အစစ်ပဲ။ တကယ့်ကို အတ္တဆန် ယုတ်ကန်းတဲ့ အကောင်တွေ။ အဲဒါ မြက်ကြိုမြက်ကြား သေကြေကျန်ရစ်ခဲ့တဲ့ ပုစွန်သေတွေကို ဘဲတွေက စားမိတော့ ဘဲတွေပါ သေကုန်ရော ဆိုပဲကွ”
“ဒေသခံတွေက အဲဒီ အယုတ်တမာကောင်တွေကို ဆော်မလွှတ်ဘူးလား”
“ဘယ်မှာလာ နေပါ့မလဲ ထိပ်သီးရာ။ ပထမနှစ်မှာတော့ ဘာမှန်းမသိသေးလို့ ခံနေရပြီး နောက်တစ်နှစ်မှာ အဲဒီလိုလဲ လာလုပ်ရော ဝိုင်းအုပ်ကြတာပေါ့။ ဖမ်းမိတဲ့ အကောင်တွေကိုလဲ သက်ဆိုင်ရာအပ် အရေးယူပေါ့ကွာ။ ခု အဲဒီအကောင်တွေ အဲဒီဘက်ကို မလာရဲကြတော့ဘူးတဲ့။ ငါလဲ ပန်းလှကွင်းက ငါ့ညီဝမ်းကွဲ ပြောပြလို့ သိရတာကွ”
“ဒီအကောင်တွေအားလုံး အချုပ်ထဲကို မရောက်သေးရင် တစ်နေရာရာကို လှည့်ပြီး ဒီလိုဘဲ လုပ်နေဦးမှာကွ”
“ကျိန်းသေပေါ့ကွာ”
“ဪ … ဟေ့ ဒါနဲ့ အဲဒီလို အဆိပ်ဆေးချပြီးဖမ်းတဲ့ ပုစွန်တွေရဲ့ အနေအထားက ရိုးရိုးဖမ်းမိတဲ့ ပုစွန်တွေ လိုပဲလား။ ပုံစံပြောင်းသေးလား”
“အေး … အဲဒါ ငါပြောဖို့ မေ့နေတယ်။ အဆိပ်မိတဲ့ ပုစွန်တွေဟာ သိပ်မကြာခင်မှာ နီရဲလာတာပဲတဲ့ကွ။ ရေခဲရိုက်လဲ ရိုးရိုးသေတဲ့ ပုစွန်နဲ့ကို မတူဘူးဆိုပဲ။ အဲဒါ ပုစွန်ဒိုင်တွေက အဆိပ်ဆေးချပြီး ဖမ်းယူမှန်းသိလို့ ပုစွန်တွေ ပြန်ပေးဆိုပဲ”
“အတ္တလောဘကြီးလွန်းတဲ့ အကောင်တွေဆိုတော့ ကိုယ့်အကုသိုလ် ကိုယ့်ကိုဘဲ ပြန်ပြီး အကျိုးပေးမှာပေါ့ကွာ”
X X X X
ထိပ်သီးတို့ သာမောင်တို့ တံငါသူငယ်ချင်းတွေကတော့ ကိုယ့်တံငါပညာကိုသာ အားကိုးပြီး ငါးပုစွန်ရှာဖွေကြသည်။ ဝိသမလောဘဇောတိုက်ပြီး မဟုတ်မဟတ်တွေကို ဘယ်သောအခါမှ မလုပ်။ ငပိန်ဆိုသည့် အကောင်တစ်ကောင်ကတော့ ကလိန်ကကျစ်လုပ်ချင်သည်။
ငါး ပုစွန် ဥချချိန် ငါးသန်ချိန်မှာ နိုင်ငံတော်က မေတ္တာရပ်ခံတားမြစ်ထားသည့်အတိုင်း မည်သူမှ ချောင်းထဲမြစ်ထဲ မဆင်းကြ။ ငါးမဖမ်းကြ။ ငပိန်တစ်ကောင်သာ ဖောက်ဖောက် လုပ်နေလို့ အာပေါက်အောင် ပြောပြောနေရသည်။
ပြောလို့သာ ပြောနေရတာပါ။ နိုင်ငံတော်က ချမှတ် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများကို သိသိကြီးနှင့် ဇွတ်တိုးလုပ်နေကြသူတွေက အများကြီး၊ အားကြီး၊ အောလဘောကို တိုက်တောင်နေသေး။
သည်လိုလူစားမျိုးတွေကလည်း သက်ဆိုင်ရာပုဂ္ဂိုလ် တွေနှင့် လက်ဝါးချင်းရိုက်ထားပြီးသား။ ခြင်္သေ့စိမ်းစိမ်းကြီးတွေနှင့် မိတ်ဖွဲ့ပြီးသား။ ထို့ကြောင့် တားမြစ်ပိတ်ပင်ချိန်မှာပင် မြစ်လယ်ခေါင်မှာ ကျားပိုက်တွေ ၊ မျှောပိုက်တွေ ပြောင်ပင် ချနေကြသည်။
သက်ဆိုင်ရာက ဆရာတွေ ကျားဖမ်းမည်၊ ဆင်ဖမ်းမည်ဆိုပြီး မင်းခမ်းမင်းနားနှင့် မြစ်ရိုးတစ်လျှောက် ကြွချီလာကြသောအခါ မြစ်ရိုးမှာ ဘာပိုက်မျှမရှိတော့ချေ။ မြင်ချင်လို့မှ မမြင်ရ၊ တွေ့ချင်လို့မှ မတွေ့ရ။ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။
အဲ … သူတို့ပြန်လည်ကြွချီသွားပြီး မိနစ်သုံးဆယ်ပင် ပြည့်အောင်မနေ။ မြစ်ရိုးတစ်လျှောက် ကျားပိုက်တွေ၊ မျှောပိုက်တွေ၊ ငါးဖမ်းသူတွေနှင့် ပြန်လည်ပြည့်နှက် စည်ကားနေပါလိမ့်မည်။
ရှေးလူဟောင်းတွေ၏စကား အသိသားမို့လား။
“ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်”
“မင်းကောင်းတက်သော်လည်း မင်းမြှောင်ဖျက်”
ဆိုသည့်စကား ရှိနေပြီးသား မဟုတ်ပါလား။
“ရေဝက်ကျလောက်တော့ ရှိလောက်ပြီကွ”
“အေး … ရှိပြီပေါ့”
မြစ်ကြီးကနေ မြယာတောချောင်းပေါက်ဝသို့ လှေဦး လှည့်ဝင်လိုက်သည်။ သာမောင့် သရွတ်ဝသို့ ရောက်ဖို့ နောက်ထပ် မိနစ်နှစ်ဆယ်လောက်တော့ လှေကိုလှော်သွားရဦးမည်။
မိုးကုန်ကာနီးပြီမို့ လယ်တွေ အောင်ရေရရှိရေးအတွက် လယ်သမားများ ကန်သင်းပေါက်တွေ ပိတ်ကြ ဆို့ကြနှင့် လယ်ကွက်ထဲမှာ ရေတွေ ကြာရှည်နေအောင် လုပ်နေကြသည့် အချိန်။
သာမောင်က သူ့လယ်ကန်သင်းပေါက်တွေကို ဝိုင်းဝန်းဖာထေး ပိတ်ဆို့ပေးရန် ထိပ်သီးကို အကူအညီ လာတောင်းသောကြောင့် ထိပ်သီး လိုက်လာခြင်းဖြစ်သည်။
သာမောင့်လယ်မှာ သူ့အိမ်နှင့် ဝေးသောကြောင့် အားလပ်သည့် အချိန်လေးတွေမှာ လယ်ထဲ မကြာမကြာ ဆင်းပြီး မကြည့်နိုင်။ ရွာနှင့်ဝေးလွန်းသောကြောင့် ငါးဖား ရှာဖွေသူတွေက လယ်ကွက်ထဲမှာဝင်ပြီး ငါးပက်လို ပက်၊ ကန်သင်းတွေကို ဖောက်သူက ဖောက်၊ ရွာနှင့်လည်း ဝေး၊ သရွတ်တွေလည်း ပေါ၊ ချုံနွယ်ပိတ်ပေါင်းတွေကလည်း ထူထပ်ဆိုတော့ ငါးပုစွန်တွေလည်း ပေါများလှသည်။
ထို့ကြောင့် လူသူမမြင်ကွယ်ရာမို့ ငါးဖား၊ ပုစွန်ရှာဖွေ သူတွေက ကိုယ်ချင်းမစာ၊ အားမနာလျှာမကျိုး လယ်ကွက်သော၊ ကန်သင်းသော ဘာမှ ချမ်းသာခွင့်မပေး၊ ထင်တိုင်းကြဲကာ လုပ်ချင်တိုင်းလုပ်တတ်ကြသည်။
“ခုရက်ပိုင်းလေးမှာ ငပိန်တို့လင်မယား ပြောင်ပြောင် ရောင်ရောင် ဖြစ်နေသလားလို့”
“အေး … မင်းပြောမှ ငါလဲ သတိထားမိတယ်ကွ”
သာမောင့်စကားကို ထိပ်သီးကလည်း ထောက်ခံ နေသည်။
“ဒီကောင်က သိပ်ပြီး စိတ်ချရတဲ့အကောင် မဟုတ်ဘူး။ ဝဲကြီးဘက်က လာထောင်တဲ့ စောလူစေးတို့ ယိုးဒယားမြှုံးတွေ ခိုးပြီး ဖော်ချင် ဖော်နေမှာကွ”
“မင်းပြောတာ ဖြစ်နိုင်လောက်တယ်။ စောလူစေးတို့ ကလဲ ကိုယ့်မြှုံးကို စောင့်တာက တစ်ည နှစ်ည၊ ဖင်ထောင်အောင်သောက်ပြီး ကုလားသေကုလားမော အိပ်နေတာက တစ်လနှစ်လဆိုတဲ့ အကောင်တွေလေ”
သူတို့နှစ်ယောက် စကားတပြောပြော တရွေ့ရွေ့နှင့် လှေလှော်လာကြရာ မအူကွေ့သို့ပင် ရောက်လာနေပြီ။ ချောင်းတစ်ဘက်တစ်ချက်ရှိ သစ်ရိပ်ဝါးရိပ်တွေကလည်း တဖြည်းဖြည်းနှင့် ထူထပ်လာသည်။
ကန်သင်း အကျိုးအပေါက်၊ ငါးဖရုံပေါက်၊ ငါးရှဉ့်ပေါက်၊ ဂဏန်းပေါက်တွေကနေ ရေတွေ ထိုးဆင်းကျနေသံတွေမှအပ တခြား ဘာသံမှ မကြားရ။ လေကလည်း ဣန္ဒြေကောင်းပြီး ငြိမ်သက်နေပြန်သည်။
“ဟေ့ … ဟိုမှာ လှေတစ်စင်းကွ။ လှေပေါ်မှာလဲ ပီနန်အိတ်သုံးလုံးနဲ့ ဘာတွေထည့်ထားလဲမသိဘူး။ စိုရွှဲပြီး ဖောင်းတင်းနေတာဘဲ”
သရွတ်ဝတစ်ခု၏ အတွင်းမှာ ထိုးဆိုက်ထားသည့် လှေကို လှေဦးမှ သာမောင်က ဦးစွာတွေ့ပြီး ထိပ်သီးကို ပြောလိုက်သည်။
“အေး … တွေ့တယ်။ လူလဲ မရှိပါလားကွ”
“ခဏ ကပ်စမ်းကွာ။ ဘာတွေလဲဆိုတာ သိရအောင်”
“သောက်လုပ်မဟုတ်တာကို လုပ်တော့မယ်”
မြည်တွန်တောက်တီးလုပ်ရင်း ထိပ်သီးက လှေဦးကို ထိုးပြီးကပ်ပေးသည်။
သာမောင်က စိုရွှဲတင်းဖောင်းနေသည့် ပီနန်အိတ်တစ်အိတ်ကို လက်နှင့်ပုတ်ကြည့်သည်။ လက်ညှိုး နှင့် ထိုးကြည့်သည်။ ပြီးတော့ အိတ်ဝကို ပိတ်ချည်ထားသည့် နှီးကြိုးကိုဖြေပြီး အိတ်ထဲသို့ပါ လက်နှင့် နှိုက်ကြည့်သည်။
“ဟာ … ပုစွန်တွေကွ … ပုစွန်တွေ”
သာမောင်က တအံ့တဩ ထအော်သည်။
သာမောင့် အသံကြောင့် ထိပ်သီးပါးစပ်မှာလည်း ဟပြဲကြီးဖြစ်သွားသည်။
“မင်းဟာ … ဟုတ်ရဲ့လားကွ”
“ဒီမှာကြည့် … ဟုတ်လို့တောင်မှ ဟုတ်ဟုတ် ဟုတ် ဟုတ်နဲ့”
သာမောင်က အိတ်ထဲမှပုစွန်တွေကို နှိုက်ယူပြီး ထိပ်သီးကို ပြသည်။
“ဟေ့ကောင်တွေ … မင်းတို့ဘာကောင်တွေလဲ။ သူခိုးတွေပဲ ဖြစ်မယ်”
ထိုအချိန်မှာပင် ဘုဆတ်ဆတ် မာကျောကျော အသံနှင့်အတူ သရွတ်ကွေ့ထဲကနေ လှေတစ်စင်း ငေါက်ခနဲဆို ပေါ်လာသည်။ လှေပေါ်မှာတော့ ပိုက်များ စုပုံထားပြီး လူက သုံးယောက်။ တစ်ယောက်ကတော့ သာမောင်တို့ရွာသား ငပိန်။ နှစ်ယောက်ကိုတော့ ထိပ်သီးလည်း မသိ၊ သာမောင်လည်း မသိ။
“ဟေ့ … သူခိုးတွေ မပြေးနဲ့။ ဒီသူခိုးတွေကို မှတ်လောက်သားလောက်ရှိသွားအောင် ဆော်ရမယ်”
လှေဦးမှ ဒေါသနှင့်အော်ပြောနေသည့် လူ၏စကား ကြောင့် ထိပ်သီး ဒေါသထွက်သွားသော်လည်း သူ့ဒေါသကို ဘရိတ်အုပ်ထားလိုက်သည်။
“ကိုယ့်လူတို့ … မိကောင်းဖခင်သားတွေဆိုရင် ယဉ်ယဉ်ကျေးကျေးပြော၊ မမိုက်ရိုင်းနဲ့။ မိုက်တယ်ဆိုတာ လွယ်တယ်နော်။ ဟေ့ကောင် ငပိန် … ဒီပုစွန်တွေ ဘယ်လိုနည်းနဲ့ ရလာတယ်ဆိုတာ မှန်မှန်ပြော။ လိမ်မယ်တော့ မကြံနဲ့နော်။ မင်း ငါ့အကြောင်းကို သိတယ်မို့လား”
ထိပ်သီးစကားကြောင့် လှေဦးမှ ဒေါသနှင့်လူ နည်းနည်းတော့ ဖြုံသွားပုံရသည်။ သူတို့လှေကို ရှေ့သို့တိုးပြီး မလှော်။ ပုစွန်အိတ်တွေ တင်ထားသည့် လှေပဲ့နားမှာ ထိုးရပ်သွားသည်။
“ဟေ့ကောင် ငပိန်ပြောလေကွာ။ မင်းပါ ကြံရာပါ တရားခံ ဖြစ်သွားချင်လို့လား။ မင်းတို့လုပ်ရပ်တွေကို ကြိုတင်သိနေလို့ တို့ လာစောင့်နေတာကွ”
သာမောင်ကလည်း ဖြီးလုံးဖြန်းလုံးတွေနှင့် ကြောက် တတ်သည့် ငပိန့်ကို လှန့်လုံးထုတ်ပြီး ဖြဲခြောက်လိုက်လေသည်။
“ဒီ … ဒီလိုပါကွာ။ ပုစွန်တွေကို အဆိပ်ဆေး”
“ဟေ့ကောင်ငပိန် … မင်းအပေါက်ကို ပိတ်လိုက်”
လှေပဲ့မှလူက ဒေါသနှင့် လှမ်းဟန့်ရင်း ငပိန့်ကို လှော် တက်ပြားနှင့် ဖုန်ခနဲမြည်အောင် ရိုက်ထည့်လိုက်သည်။
“မင်းတို့မိုက်ရင် ကုန်းပေါ်ကိုတက်လိုက်”
“တို့က မင်းတို့လိုတော့ မမိုက်ဘူး။ ရိုက်ရဲတဲ့ သတ္တိတော့ ရှိတယ်ဟေ့”
လှေဦးမှလူ၏ စိမ်ခေါ်သံအဆုံးမှာ သာမောင်ကလည်း တုံ့ပြန်စိမ်ခေါ်လိုက်ပြီး ထိပ်သီးပါ နှစ်ယောက်စလုံး လှေပေါ်ကနေ ကုန်းပေါ်သို့ ခုန်တက်လိုက်ကြသည်။
သာမောင့် လက်ထဲမှာ လှော်တက်၊ ထိပ်သီးလက်ထဲမှာတော့ ပေါက်တူး။
ငပိန် မျက်ကလဲဆံပြာဖြစ်နေပြီး သူ့လူနှစ်ယောက် ကတော့ ဓားရှည်များကို ကိုယ်စီဆွဲကာ ကုန်းပေါ်သို့ ခုန်တက်လိုက်ကြသည်။
လှေဦးမှလူက ဓားကိုဝင့်ကာ ပြေးချလာပြီး ထိပ်သီး ဇက်ပိုးတည့်တည့်သို့ ချိန်ရွယ်ပြီး ပိုင်းချလိုက်ရာ သူ့ဓားက ထိပ်သီး ဇက်ပိုးဆီသို့ ရောက်မလာ။ ချုံနွယ်တွေနှင့် ချိတ်ပြီး သူ့ခေါင်းကြီးကသာ ရှေ့သို့ငိုက်ကျလာသည်။ ငိုက်ကျလာသည့် ထိုလူ၏ နရင်းကို ပေါက်တူးအနှောင့်နှင့် ထိပ်သီးက ရိုက်ထည့်လိုက်ရာ ကွက်တိပင်ဖြစ်သွားသည်။
ထိုလူမှာ သရွတ်မြောင်းရေထဲသို့ ဝေါခနဲ ထိုးကျသွားလေတော့သည်။
သာမောင်နှင့် လှေပဲ့မှလူကတော့ ဘတစ်ပြန်ကျား တစ်ပြန် ရိုက်လိုက် ခုတ်လိုက် လုပ်နေကြသည်။ မည်သူ့ကိုမှ မိမိရရ ထိဟန်မတူသေး။ သူတို့ရန်ပွဲနေရာက ကွက်သာပြောင်မို့ အရှောင်အတိမ်း၊ အထိုးအခုတ် ကြိုက်သလို လုပ်လို့ရနေသည်။
လှေဦးမှလူကို ပေါက်တူးအသွားနှင့် ခုတ်ချလိုက်ပါက တစ်ချီတည်းနှင့် ပွဲသိမ်းမှန်းသိသည်။ သူပွဲသိမ်းသွားပေမယ့် ကိုယ့်အတွက်ပွဲက ပြီးဆုံးမည်မဟုတ်။ အချုပ်တွေ၊ ထောင်တွေ၊ ရဲဘက်စခန်းတွေက ကြိုလင့်လို့နေကြပေမည်။ သို့ကြောင့် ပေါက်တူးအနှောင့်နှင့်သာ ဆော်ထည့်လိုက်ရသည်။
ထိုလူ လွတ်ကျသွားသည့် ဓားရှည်ကို ပြေးကောက်ယူပြီး ကြည့်လိုက်တော့ သရွတ်မြောင်းရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေပြီး သရွတ်မြောင်းပေါင်ကို ကုတ်ကပ်တွယ်တက်နေသော်လည်းမရ။ နားရင်းကနေ ထွက်ကျလာသည့် သွေးတွေကလည်း ရေပြင်မှာ ချင်းချင်းနီနေသည်။
“ဟေ့လူ … အပေါ်ကို မတက်နဲ့။ တက်ကြည့် … ဇက်အပြတ်ဘဲ”
ထိပ်သီးစကားကြောင့် ထိုလူ တန့်သွားသည်။ သာမောင့်ဆီသို့ လှမ်းကြည့်လိုက်တော့ လဲကျနေသည့်လူကို သာမောင်က လှော်တက်ရိုးနှင့် ကျွဲရိုက်နွားရိုက် တဘုံးဘုံးနှင့် လှိမ့်ရိုက်နေသည်ကို တွေ့ရသည်။
“ဟေ့ကောင် သာမောင်၊ တော်တော့ … လက်လွန် ကုန်မယ်”
လှမ်းအော်ပြီး သတိပေးတော့မှ သာမောင် အရိုက်ရပ် သည်။ သို့တစေ သာမောင် သူ့စိတ်ကို ထိန်းနိုင်ပုံမရ။ လှေထဲမှာ ကြောက်ကြောက်လန့်လန့်နှင့် ပုထိုင်နေသည့် ငပိန်ကိုပါ လှမ်းပြီး ရိုက်ပြန်သည်။
“ဟေ့ကောင် သာမောင်၊ တော်တော့ကွာ”
“ဟေ့ … ဟေ့ … ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ ဟိုကောင် … ခု ရပ်လိုက်စမ်း”
ခပ်ထန်ထန်အမိန့်ပေးသံကြောင့် လှည့်ကြည့်လိုက်ရာ ချောင်း၏သရွတ်ဝလှေပေါ်မှာ ကျေးရွာဥက္ကဋ္ဌကြီးကို တွေ့ရသည်။ ပြီးတော့ အတွင်းရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများနှင့် လူတွေ လှေတစ်လုံးပြည့်နေသည်ကို အံ့ဩဖွယ်ရာ တွေ့ရလေသည်။
“ဟဲ့ … ထိပ်သီးနဲ့ သာမောင် တို့ပါလား။ ဘာဖြစ် ကြတာလဲ။ ငါ့ကိုပြောစမ်း”
ထိပ်သီးက ဥက္ကဋ္ဌကြီးကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံ ရှင်းပြလိုက်တော့ ဥက္ကဋ္ဌကြီးနှင့်အဖွဲ့ဝင်တွေ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေကြသည်။
“အေး … တို့လဲ ဒီသတင်းရတာနဲ့ ဒီချောင်းထဲကို ဝင်လိုက်လာတာကွ။ မင်းတို့က ရိုက်နှက်ဖမ်းဆီးထားတော့ အတော်ဖြစ်သွားတာပေါ့ကွာ”
“ဥက္ကဋ္ဌကြီး … ခင်ဗျားမှ အပြောကောင်း။ ဒီကောင် တွေက လောဘကောင် သူခိုးတွေဆိုပေမယ့် ကိုယ်လုံပညာလဲ အတော်အသင့် တတ်တယ်ဗျ။ မနည်းကြီးကို နိုင်အောင်ချယူရတာ။ အကြောင်းစုံ သိချင်ရင်တော့ ဟောဟို ငပိန်ကိုသာမေး။ ဒီကောင်က သစ္စာဖောက်”
သာမောင်က ဒေါသနှင့် အမောမပြေသေးသည့် အသံနှင့် ဝင်ပြောသည်။
အတွင်းရေးမှူးနှင့်အဖွဲ့က ရေထဲကျနေသည့်လူကို
ကုန်းပေါ်သို့ ဆယ်တင်၊ သာမောင် ရိုက်နှက်ထားလို့ မှောက်နေသည့် အကောင်ကို ဆွဲထူကြနှင့် အလုပ်ရှုပ်နေကြသည်။
သူတို့ လှေနှစ်စင်းကို စစ်ဆေးလိုက်တော့ ပုစွန်ထောင်သည့် ပိုက်များ၊ ပုစွန်ဆေးချပြီးဖမ်းသည့် အဆိပ်ဆေးပုလင်းများကိုပါ တွေ့ရသည်။
ငပိန်ကလည်း ပန်းလှကွင်းဘက်သွားရာမှ ထိုလူများနှင့် အသိမိတ်ဆွေဖြစ်ခဲ့ကြောင်း၊ အောက်ဘက်မှာသူတို့လုပ်ရပ်တွေကိုသိပြီး လိုက်လံဖမ်းဆီးနေသောကြောင့် မလုပ်ရဲကြောင်း၊ သည်မှာ အခြေအနေကောင်းပြီး ပုစွန်ဆေးချဖမ်းသည်ကို မည်သူမှ မသိသေးကြောင်း၊ မြယာတောချောင်းမှာ ပုစွန်ပေါ များ၍ ခေါ်လာခဲ့ကြောင်းများကို ငပိန်က ပြောပြနေသည်။
ထိပ်သီး ပေါက်တူးနှောင့်နှင့် ဆော်ထည့်ထားသည့် လူကလည်း လက်သုံးသစ်ခန့်ကွဲထွက်သွားသည့် သူ့နာရင်းကို လက်နှင့်ဖိထားရင်းက ပုစွန်ဖမ်းသည့်အဆိပ်ဆေးဖော်စပ်ပုံ၊ ပန်းလှကွင်းမှာ ငပိန်နှင့်တွေ့ကာ ငပိန်က သည်အရပ်မှာ အဆိပ်ဆေးချပြီး ပုစွန်ဖမ်းပါက များစွာရနိုင်ကြောင်း၊ ငါး ပုစွန်ဒိုင်တွေလည်း ရွာမှာပင်ရှိနေ၍ ပုစွန်ရရခြင်း နာရီပိုင်းအတွင်း ဒိုင်သို့သွင်းနိုင်ခြင်း၊ သူလည်း ပါဝင်ကူညီမည်ဟု ကတိပေး၍ လာခဲ့ရခြင်းဖြစ်ကြောင်း၊ ငပိန် လိုက်လံပြသသည့် သရွတ်မှာပင် အဆိပ်ဆေးချ ပုစွန်ဖမ်းကြကြောင်း၊ ပုစွန်များ ဖမ်းဆီးအပြီး ဒိုင်သို့သွားဖို့လုပ်နေစဉ် ခုလို ရန်ပွဲဖြစ်ရကြောင်းများကို ပြောပြလေသည်။
“အဆိပ်ဆေးဆိုတာ အလွန်အန္တရာယ်ကြီးတယ်။ မင်းတို့ပိုက်ထဲကို မဝင်ဘဲ မြက်ကြိုမြက်ကြား၊ ချုံကြိုချုံကြားမှာ သေပြီး ကျန်နေခဲ့တဲ့ ပုစွန်တွေကို စားမိတဲ့ ကြက်၊ ဘဲ၊ ငှက်တွေလဲ သေကြရတယ်။ အဆိပ်မိထားတဲ့ ပုစွန်တွေကို ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေနဲ့ မီးပေါ်မှာ ပွက်ပွက်ဆူအောင် ချက်ထားလို့ ဘာမှမဖြစ်ဖူးလို့ မထင်နဲ့။ ခု မသေပေမယ့် စားမိသူဟာ တဖြည်းဖြည်းတော့ အဆိပ်သင့်လာတာဘဲကွ။
မင်းတို့ အဆိပ်ဆေးချထားတဲ့ နေရာတွေမှာလဲ ငါးပုစွန်တွေ မျိုးတုံးကုန်ရော။ နောင်နှစ်တွေမှာ အဲဒီနေရာကို ငါးပုစွန်တွေ လာပြီး မခိုအောင်းတော့ဘူး။
ဒီတော့ ရိုးရိုးသားသား ရှာဖွေစားသောက်သူတွေအတွက်လဲ အခက်အခဲနဲ့ ရင်ဆိုင်ရမယ်။ ငါးပုစွန်မျိုးလဲ တုံးသွားနိုင်တယ်။ စားသုံးမိသူတွေလဲ တဖြည်းဖြည်း အဆိပ်သင့် ရောဂါဘယတွေဖြစ်ပြီး အသက်တိုစေတယ်။ မင်းတို့လို လောဘအတ္တကြီးသူတွေအတွက်တော့ အကျိုးရှိမယ်။ လူနဲ့ တိရစ္ဆာန်အများအပြား အဆိပ်သင့် ဘေးဖြစ်စေတာမို့ မင်းတို့သုံးယောက်ကိုတော့ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူအပြစ်ပေးရမယ်”
ဥက္ကဋ္ဌကြီးက စကားကို ခေတ္တရပ်ထားပြီး ဘေး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးမှ သူ့စကားကိုဆက် ပြောသည်။
“ကဲဟေ့. . . အချိန်လဲသိပ်မရှိဘူး။ ဒီအကောင်တွေ ကိုလဲ ဆေးခန်းပို့၊ ရဲစခန်းပို့ လုပ်ရဦးမယ်။ ဒီပုစွန် တွေကို ဒီမှာဘဲ တစ်ခါတည်း မြေကြီးထဲ နက်နက်တူးပြီး မြှုပ်ကြဟေ့။ ထိပ်သီးနဲ့ သာမောင်မှာ ပေါက်တူးတွေပါလာတော့ ဝိုင်းကူပြီး ကျင်းတူးကြကွာ”
“ဥက္ကဋ္ဌကြီး ကြည့်လဲလုပ်ဦးဗျာ။ ကျုပ်တို့နှစ်ယောက်က အသက်စွန့်ပြီး ဒီသူခိုးနှစ်ကောင်ကို ဆော်ရချရတာဗျာ၊ ဖတ်ဖတ်ကိုမောနေပြီဗျာ။ မြေကျင်းကြီးကို ဝိုင်းကူမတူးနိုင်တော့ဘူး။ အတွင်းရေးမှူးတို့အဖွဲ့နဲ့ ဥက္ကဋ္ဌကြီးပါ ဝင်ကူပြီးတူးလိုက်ပါလားဗျာ”
“အေး … အေး … ဟုတ်ပါတယ်ကွာ။ ငါပါကူပြီး တူးမှာပါ”
သာမောင့်စကားကြောင့် ထိပ်သီး မျက်နှာပူသွားသည်။ ဒီကောင်က ဘွင်းဘွင်းသမား၊ ပြောပြီဟေ့ဆိုလျှင်တော့ မည်သူ့မျက်နှာကိုမှ မထောက်ထား။
“ဒီမှာ ကြည့်ပါဦး… ဟိုသူခိုး ကျွန်တော့်ကို ဓားနဲ့မွှေခုတ်သမျှ ဒီလှော်တက်နဲ့ လှည့်ခံပေးနေရတာ။ လှော်တက်ပြားတောင် မရှိတော့တာသာကြည့်”
ဟုတ်ပါ၏။ သာမောင့်လှော်တက်မှာ ဓားခုတ်ရာများ နှင့် မွစာတိုက်နေပြီး လှော်တက်ပြားလည်း မရှိတော့။ တက်ရိုးသာ ကျန်တော့သည်။
“ဒီမှာ ဥက္ကဋ္ဌကြီး … ကြွားလုံးထုတ်တာတော့ မဟုတ် ဘူးနော်။ ဒီသူခိုးနှစ်ကောင်ကို သာမောင်နဲ့ ကျွန်တော်မို့ ရိုက်ရဲတာ။ ဒီပြင်လူတွေဆို ဝေလာဝေး။ သူတို့ ပြူးတူးပြဲတဲလုပ်တာနဲ့ လွင့်သွားမယ် သိလား။ ဟို ငပိန်လို အကောင်ကတော့ ဖင်တောင်ကုန်းပေးဦးမယ်။ ဒီလို လောဘဇောတိုက်ပြီး လူတွေရော ငါးပုစွန်တွေပါ အဆိပ်သင့်အောင်လုပ်တဲ့ အဲဒီသုံးကောင်ကိုသာ မှတ်လောက်သားလောက်ဖြစ်သွားအောင် အရေးယူပေးဗျာ”
“အေးပါကွာ … စိတ်ချနေစမ်းပါ ထိပ်သီးရာ”
X X X X
ထိုအဖြစ်အပျက်တွေ ဖြစ်ပြီးနောက် တစ်လကျော် လောက်အကြာမှာတော့ ထိပ်သီးနှင့် သာမောင်တို့နှစ်ယောက် မျှော်လင့်မထားသည့် ဂုဏ်ပြုပွဲတစ်ခုသို့ တက်ရောက်ခဲ့ကြရသည်။
ထိပ်သီးနှင့် သာမောင်တို့ နှစ်ယောက်တည်းကိုသာ ရွေးထုတ်ပြီး ဂုဏ်ပြုသည့်ပွဲလည်း ဖြစ်သည်။ ထိုဂုဏ်ပြုပွဲသို့ ကျေးရွာအုပ်စုလုံးကျွတ် ပရိသတ်ငါးထောင်ကျော် ခြိမ့်ခြိမ့်သဲ တက်ရောက်ခဲ့ကြသည်။
လူသားများနှင့် ပုစွန်ငါးများ၏အသက်ကို ထိခိုက်ဆုံးရှုံးစေနိုင်သည့် အဆိပ်ဆေးများချကာ ပုစွန်ဖမ်းခဲ့ကြသော အတ္တလောဘကောင်များကို ထိပ်သီးနှင့် သာမောင်တို့က ရဲဝံ့စွန့်စား ဖမ်းဆီးပေးခဲ့ကြသည် မဟုတ်ပါလား။
– ပြီး –
စာရေးသူ – ပုသိမ်ရန်နောင်စိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ