အဆိုးနယ်ချဲ့သော ကြမ္မာ(စ/ဆုံး)
————————————
သည်ရပ် သည်ရွာမှာတော့ ငတေ့ကို အားလုံးက
လူလည်ပန်ကာ တစ်ဦးဟူ၍ သတ်မှတ်ထားကြ
သည်။ ရပ်သူရွာသား အများစုမှာ ကိုယ့်လုပ်ငန်း
နှင့်ကိုယ် ရိုးရိုးသားသား လုပ်ကိုင်စားသောက်
နေကြသူများ ဖြစ်ရလေကား ငတေ ဘာလုပ်၍
ဘာကိုင် သည်ကို တိတိပပ မသိကြ။
ငတေကလည်း သူဘာလုပ်၍ ဘာကိုင်သည်
ကို အမှန်အကန် မပြော။ အရောင်းဝယ်လုပ်
ငန်း၊ ပွဲစားလုပ်ငန်းတို့ကိုသာ ရှေ့တန်းတင်
ထားခဲ့သည်။ ငတေဆိုသည်က သူ့နာမည်
ရင်းတော့ မဟုတ်။ နာမည်ရင်းက သာဂလိ။
သို့ရာတွင် ငယ်စဉ်ကတည်းက ဘယ်သူနစ်နာ
နစ်နာ သူ့အတွက် “သာ”လျှင် ပြီးရော
ဟူ၍ သဘောထားသူ ဖြစ်လေသည်မို့
“ငတေ”ဆိုသော အမည်နာမ ပေါက်ဖွား
လာပြီး တစ်စ တစ်စနှင့် အမြစ်တွယ် ရှင်
သန်လာခဲ့သည်မို့ သူအမည်ရင်းကို
ခေါ်သူတစ်ဦးတစ်လေ ရှိသည့်တိုင်
ကာယကံရှင် သူကိုယ်တိုင်မှာမူ
မေ့နေခဲ့ပါပြီကော။
“ငတေတို့များနော် …တောသားလို့ပြောရင်
ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ဘူး၊
ဘယ်အချိန် ကြည့်ကြည့် ကြော့လို့ မော့လို၊
တောက်လို့ ပြောင်လို့ ”
“သူ့ အပေါင်းအသင်းတွေကလည်း
မြို့ကဆိုတော့ မြို့ရည်ဝနေတာ
အဆန်းတော့ မဟုတ်ပါဘူး”
“သူက တို့ရွာမှာ အလုပ်မရှိ၊ အကိုင်မရှိသူတွေကို
လည်း မြို့ကိုခေါ်ပြီး သင့်တော်ရာ အလုပ် သွင်းပေး
သတဲ့။ နောက်ဆိုရင် နယ်စပ်တွေမှာ၊ ပြည်ပနိုင်ငံ
တွေမှာ သွားရောက်အလုပ် လုပ်ချင်ရင်လည်း
ဆက်သွယ်ပေးဦးမယ်ဆိုပဲ။ အဲသည်၊ နယ်စပ်တွေ
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ပြီး ပြန်ရောက်
လာရင် သူဌေးလိုနေနိုင်မှာတဲ”
“အားကျစရာ ကောင်းလိုက်တာဟယ်၊
တို့ရွာမှာ ငတေ တစ်ယောက်ရှိတာဟာ
တကယ့်ကို မင်္ဂလာပဲ”
ဗဟုသုတ နုံနဲ့သည်၊ စိတ်ဓါတ်အရင်းခံ ရိုးသား
လွန်းကြသည့် ရွာသူရွာသားအချို့၏ ငတေ့အပေါ်
ထင်မြင်ယူဆချက်ကို ကြားရလေတော့ မြို့ပြမှ
ကျေးလက်သို့ ပညာရေးတာဝန် လာရောက်
ထမ်းဆောင်လာခဲ့သည့် ကျောင်းဆရာလေး
ကိုကြည်သာ အဖို့ ရင်အမောကြီး မောရကာ
“ဝါဝါမြင်တိုင်း၊ အစစ်လို့ မထင်လိုက်ပါနဲ့ ‘
ဟူ၍သာ အော်ဟစ်ပစ်လိုက်ချင်တော့သည်။
သူက တစ်မြို့တစ်နယ်ဆီမှ လာရောက်ခဲ့သော
သူစိမ်းတစ်ယောက်၊ ငတေက ရွာခံအိမ်ရှင်။
အိမ်ရှင်ကို ဧည့်သည်က စော်ကားသလိုမျိုး
မဖြစ်အောင် ဆရာလေး ကိုကြည်သာအဖို့
အစစ အရာရာ စောင့်စည်းခဲ့ပါသည်။
အချိန်က စကားပြောလျှင် ဖားမှန်း၊ ငါးမှန်း
ခွဲခြားသိလာပါလိမ့်မည်ဟူ၍လည်း သဘော
ပိုက်ထားလေတော့သည်။
XXXXX
ငတေတစ်ယောက် ရွာမှပျောက်သွားသည်မှာ
တစ်လနီးပါးခန့်ရှိသွားပါပြီ။ပြန်လာတော့
ငေးမောအားကျစရာဆိုက်ကယ်အသစ်ကြီးကို
စီးလို့။ ဝတ်စားထားလိုက်သည်မှာလည်း
ဗွီဒီယိုသရုပ်ဆောင်တွေနှင့် မခြား။တကယ့်
ကို အပျံစား။
“ဟား…ကိုငတေကြီး၊ ပွပေါက်တိုးနေပြီထင်တယ်”
“ဟုတ်တယ်ဟေ့၊ ခွင်မိတော့လည်း ဟန်ကျ
သွားတာပေါ့ကွာ၊ တို့အလုပ်က အစစအရာရာ
အခြေအနေ အချိန်အခါ အနေအထားကို
သုံးသပ်တတ်ရတယ်။ ခေတ်အထာလေးတွေ
ပေါ့ကွာ”
ကာလသားတွေ စကားဝိုင်းမှာတော့
ငတေသည် မိုးကျရွှေကိုယ် ဖြစ်နေသည်။
မိရိုးဖလာ လယ်ယာလုပ်ငန်းကို ဓါးမဦးချ
လုပ်မစားချင်ဘဲ အလွယ်တကူ ကြီးပွားချမ်း
သာ ချင်ကြသည့် လူငယ် ကာလသားအချို့
အတွက် ငတေသည် တကယ့်ဟီးရိုးဖြစ်
နေလေသည်။
“ရန်ကုန်မှာ ငါ့အသိကုမ္ပဏီတွေ အများကြီး
ရှိတယ်၊မင်းတို့ထဲက ဘယ်သူတွေ၊ ဘယ်နိုင်ငံ
ကို သွားချင်လဲ၊ မလေးရှားသွားမလား။
စင်္ကာပူသွားမလား။ ကာတာသွားမလား။
အမေရိကန်သွားမလား။ ဂျပန်သွားမလား
ကြိုက်ရာပြော”
“အလကား ပို့ပေးမှာလား ကိုငတေရ”
“ဟ…တုံးလှချည်လားကွာ။သည်ခေတ်မှာ အလကား
ရတာ ဘာမှမရှိဘူး။ အားလုံး တန်ရာတန်ဖိုးပေးမှ
ရတာချည်းပဲကွ။ တို့ဆီမှာ အလကားရတဲ့ ရေတို့၊
လေတို့တောင် တချို့နိုင်ငံတွေမှာ တန်ဖိုးကြီးကြီး
ပေးပြီး ဝယ်သုံးနေကြရတယ်၊ မင်းတို့တွေထဲက
တန်ရာတန်ဖိုးပေးပြီး သွားချင်ကြရင်ပြော၊ ငါအပီ
အပြင် ဆက်သွယ်ပေးမယ်။ ဆေးစစ်တဲ့ကိစ္စ၊
ပြည်ပထွက်ခွာခွင့်ကိစ္စ၊ ဗီဇကိစ္စ၊ လေယာဉ်ကိစ္စ
တွေကို အပြီးအစီး ဆောင်ရွက်ပေးရုံမကဘူး
ပြည်ပရောက်တဲ့အခါ လုပ်ခကောင်းကောင်း
ပေးမယ့် အလုပ်ရုံ၊ စက်ရုံ၊ ကုမ္ပဏီတွေနဲ့
တိုက်ရိုက်ကို အချိန်အဆက် လုပ်ပေးမယ်။
အေး …အဲဒီမှာလည်း ကိုယ့်သွားမယ့်နိုင်ငံ
အနေအထားပေါ် မူတည်ပြီး ကုန်ကျမယ့်
ငွေကြေးပမာဏ အကွာအဟဆိုတာ ရှိတယ်၊
ဟိုကိုရောက်ဖို့ အရေးကြီးပါတယ်ကွာ။
ရောက်ပြီး တစ်နှစ်ကျော် နှစ်နှစ်လောက်
လုပ်တာနဲ့ ကုန်ကျစရိုတ် ကျေပါတယ်
နောက်ပိုင်း ကိုယ်လုပ်သမျှ ကိုယ့်အတွက်
သပိတ်ဝင်၊ အိတ်ဝင်ပဲ။ ဟိုမှာက လူနေမှု
အဆင့်အတန်း သိပ်မြင့်တယ်၊ တကယ့်
ကို နတ်ပြည်ရောက်ရတဲ့ အတိုင်းပဲ။အား
လုံး လိုအပ်တာ မရ မရှိဘူး”
သည်လိုမျိုး အာပေါင်အာရင်းသန်သန်နဲ့
အပြောအဆိုတွေက ရွှန်းရွှန်းဝေလေတော့
ကာလသား တော်တော်များများ သွားရည်ကျ
ကြသည်။ ငတေကား ဌင်းကိုယ်တိုင် ပြည်ပ
မရောက်ဖူးသော်ငြား ပြည်ပ အတွေ့အကြုံ
ရှိသူများထံမှ နားစွန်နားဖျား ကြားနားထား
သမျှကို ခေါင်းထဲရိုက်ထည့်ထားရင်း ခုလို
ရွာပြန်ရောက်သည့်သမယ မစားရ ဝခမန်း
ပြန်လည် ဖောက်သည်ချနေတော့သည်သာ။
သည့်အတွက်တော့ ငတေ့မှာ လုံးဝ အကျိုး
မမဲ့ချေ။ သူ့အပြော၌ မှိုင်းမိသွားသူအချို့
ရှိလာပြီဆိုလျှင် အကျိုးသုခကို မြိုးမြိုးမြက်
မြက်ကလေး ခံစားရမည့်သူမှာ ငတေပင်
မဟုတ်ပါကလား။
“သည်ရပ်သည်ရွာမှာမွေး၊ ကြီးပြင်းအရွယ်ရောက်
သည်က လယ်ယာလုပ်ငန်းခွင်ဝင်၊ ဘာများ
ကြီးပွားချမ်းစရာ ရှိမှာတဲ့လဲ။ ပြည်ပနိုင်ငံမှာ
လေးငါးခြောက်နှစ်လောက် ဘဝကို မြှုပ်နှံ
လိုက်တာနဲ့ ကိုယ့်ရပ်ကိုယ်ရွာ ပြန်ရောက်
လာတဲ့အခါ ထိုင်စားလို့ ရသွားပြီ။ သည့်ထက်
ပိုပြီးချမ်းသာအောင် လုပ်ငန်းကြီးတွေ လုပ်
နိုင်ပါပြီ။ ဝါးလုံးခေါင်းထဲ လသာနေလို့က
တော့ ဘဝဟာ ဒုံရင်းက ဒုံရင်းပဲ ဖြစ်မှာ။
ထမင်းမငတ်ရုံလေးနဲ့တော့ ဘဝဟာ
လူတန်းမစေ့နိုင်ဘူးကွ”
“ဟုတ်တယ်ဗျ။ ကိုငတေ ပြောတာ ဟုတ်တယ်
ကျနော်တို့ဟာ ကိုယ့်လက်ရှိဘဝ အနေအထား
ကို ကျေနပ်ရောင့်ရဲနေလို့ကတော့ လုံးချာလည်
ရင်း နိဂုံးချုပ်ရမှာပဲ ”
“ဟုတ်ပါ့ကွာ။ တိုးတက်ကြီးပွားချင်စိတ်
ရှိတဲ့သူ မှန်သမျှဟာ အဲသည်လို အတွေးအခေါ်
မျိုးတွေ ရှိနေရမယ်။ မင်းတို့ ဆန္ဒရှိရင်ပြော၊
ကုန်ကျမယ့် အရင်းအနှီး ပမာဏကို ငါပြောမယ်
ပြည့်စုံရင် နောက်ပိုင်းကိစ္စကို တာဝန်ယူတယ်”
“ဟုတ်ပါဗျာ။ အဘတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး
ပြည်ပထွက် အလုပ်လုပ်မယ်ဗျာ။ကျုပ်ရဲ့
လက္ခဏာမှာက နိုင်ငံခြားရောက်မယ့်ဇာတာ
ပါသတဲ့ဗျ။ သြော် …ဒါ ထက် ပြည်ပမှာ
အလုပ်လုပ်ဖို့ရာ ကျုပ်တို့လို ယောက်ျား
သားတွေတင် မဟုတ်ဘဲ မိန်းမတွေကော
လုပ်လို့မရဘူးလား”
“ဟ…ရပါတယ်ကွာ။ ရသမှ သိပ်ရသပေါ့။
မိန်းခလေးတွေကျရင် မင်းတို့လောက်တောင်
စရိတ်စက မကုန်ဘူး။ တစ်ဖက်နိုင်ငံရောက်
တာနဲ့ သူတို့အတွက် အလုပ်တွေက အဆင်သင့်။
အထည်စက်ရုံတွေ၊ စားသောက်ဆိုင်တွေမှာ
အလုပ်တွေက အဆင်သင့်။ သုံးလေးလလောက်
လုပ်တာနဲ့ ကိုယ့်ရွာကို လုပ်ခတွေ ပြန်ပို့ပေး
နိုင်ပြီ။ ပြီးတော့ ဒီမှာလို ရွှံ့ထဲ၊ ဗွက်ထဲကို
ဆင်းရမှာ မဟုတ်ဘူး။ ကြော့ကြော့မော့မော့
ကလေးနေပြီး လုပ်ရမှာ”
“ဟာ …ဒါလည်း နိပ်ပေတာပဲ၊ အိမ်ရောက်ရင်
ကိုငတေ ပြောပြတာတွေကို အစ်မ သိုင်းခြုံတို့၊
ထွေးခင်တို့ကို ပြန်ပြောရမှာ။ သူတို့တွေ သွား
အလုပ်လုပ်မယ် ဆိုရင်ကော ကိုငတေက
တာဝန်ယူမှာတဲ့လား”
“ဟ…ယူမှာပေါ့ကွာ။ ကိုယ့်ရပ်ကိုယ်ရွာသူပဲဟာ၊
စိတ်သာချ။ ငတေတို့က ကိုယ့်ရွာက လူငယ်တွေ
မိန်းကလေးတွေ ကြီးပွားချမ်းသာဖို့ အစအဆုံး
ကို တာဝန်ယူပေးမှာ”
“ကျေးဇူးတင်လိုက်တာဗျာ၊ ကိုငတေဟာ
ကျုပ်တို့ ရွာရဲ့ တကယ့် အကျိုးတော်ဆောင်ကြီးပါပဲ”
သည်လိုမျိုး ငတေနှင့် ရိုးအသော လူငယ်လူရွယ်တို့
လေပေးဖြောင့်နေမှုအပေါ် ရင်မောနေသူက
ဆရာလေး ကိုကြည်သာပင်။ ငါးစာသာမြင်၍
ငါးမျှားချိတ်ကို မမြင်သော ကျေးလက်ရှိ ရိုးသာ
သော လူငယ်၊ လုံမငယ်တို့၏ အနာဂတ်ခရီး
လမ်း အကျည်းမတန်စေရေးအတွက် စေတနာ
အရင်းခံလျက် တစ်ခုခုတော့ လုပ်မှ ဖြစ်မည်ဟု
သဘောပိုက်လိုက်သည်။
သည်တစ်ခေါက် မြိုပြန်လျှင် မှုခင်းပညာပေး
ဂျာနယ်တွေ ယူလာကာ လူလိမ်များ၊ လူပွဲစားများ။
လူမှောင်ခိုကူးမှုများကို မှန်ကန်စွာ သိရှိရန်
ပေးဖတ်မည်။ အမျိုးသမီးရေးရာအဖွဲ့ကို
ဖိတ်ခေါ်လျက် လူမှောင်ခိုကူးမှုတားဆီးရေး
ဟောပြောပွဲကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊
ဒေသဆိုင်ရာ ပုဂ္ဂိုလ်များ အကူအညီဖြင့်
ကြိုးပမ်းရန်လည်း စဉ်းစားဆုံးဖြတ်ထားလိုက်သည်။
XXXX
အမှန်မှာတော့ ဆရာလေး ကိုကြည်သာ၏
လုပ်ရပ်သည် ကျေးရွာလူထုအပေါ်
ထားရှိသော စေတနာလုပ်ရပ်သာ
ဖြစ်လေသည်။ ထိုစေတနာလုပ်ရပ်သည်
အတော်ကလေးကို အောင်မြင်သွားခဲ့သည်။
ရွာကျောင်း၌ လုပ်သော အဆိုပါ ဟောပြောပွဲ
၌ သက်ဆိုင်ရာ ရဲတပ်မှူး၊ အမျိုးသမီးရေးရာ
အဖွဲ့ဝင်တို့၏ ဟောပြောမှုက အတော်ကလေး
ထိရောက်ခဲ့သည်။
ထိုဟောပြောပွဲ၌ သက်သေသာဓကအဖြစ်
လူပွဲစားတို့ကြောင့် ငွေကြေးအလိမ်ခံရသော
လူရွယ်များ၊နယ်စပ်၌ ဘဝပျက်ခဲ့ရသော
အဖြစ်အပျက်မှန်များကို ရင်ဖွင့်တင်ပြခဲ့ကြသည်
သည်တော့လည်း ပြည်ပထွက်ခွာလိုကြသော
လူငယ်လူရွယ်များအဖို့ အမြင်မှန်များ ရရှိ
လာခဲ့ကြတော့၏။
ထိုဟောပြောပွဲ အပြီးမှတော့ ငတေ တစ်ယောက်
မှန်းချက်နှင့် နှမ်းထွက် မကိုက်လေပြီမို့ ရွာမှ
ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရပြန်
ပကော။ ငတေ့အဖို့တော့ စားရခါနီးမှ အစာကို
ပုတ်ချခံရသလို ဖြစ်၍ အဓိက လက်သည်
ဆရာလေး ကိုကြည်သာအပေါ်တွင် အငြိုး
အတေး ထားမိလေတော့သည်။
“တောက်…ငါ့လုပ်ငန်းကို ဝင်ရှုပ်တဲ့ ကျောင်းဆရာ၊ နေနှင့်ဦးပေါ့ကွာ။အခြေအနေပေးတဲ့ တစ်နေ့
ကောင်းကောင်းကြီးကို ပညာပေးလိုက်ရဦးမှပေါ့၊
တစ်ကွေ့ကွေ့တော့ တွေ့ကြသေးတာပေါ့
ကျောင်းဆရာရေ”
ဘာပဲဖြစ်ဖြစ် ဆရာလေး ကိုကြည်သာကတော့ဖြင့်
သူ့စေတနာလုပ်ရပ်ကြောင့် ရွာသူရွာသားတို့၏
အနာဂတ်အတွက် ကျေနပ်ကြည်နူးရပါသည်။
သည်လုပ်ငန်းက ငတေ့အတွက် တကယ့်ကို
မြိုးမြိုးမြက်မြက် ရမည့်လုပ်ငန်းပဲ ဖြစ်သည်။
တစ်ဖက်ရှိ ဝယ်လက်ကလည်း အဆင်သင့်။
“ရန်ကုန်ဆိပ်ကမ်းအထိသာ သယ်လာပေးပါ။
ဆိပ်ကမ်းရောက်တာနဲ့ ခင်ဗျားရဲ့အပိုင်းက
ပြီးပြီ။ကြိုတင်ငွေ ပေးထားမယ်။ ဆိပ်ကမ်း
ရောက်ရင် တစ်ခါတည်း ငွေအကျေ ချေမယ်
ဟုတ်လား”
“ဟုတ်ပါပြီဗျာ၊ ခင်ဗျားတို့လိုချင်တဲ့ ရုပ်ပွား
ဆင်းတုတော်တွေ ဘယ်ရွာက ဘယ်ကျောင်း
တွေမှ ရှိတယ်ဆိုတာ အသေအချာ လေ့လာ
ထားပြီးပြီ။ ခိုးပေးမယ့်ကောင်တွေကလည်း
စည်းရုံးထားပြီးပြီ။ ခင်ဗျားတို့က ငွေကြိုပေး
ထားမယ်ဆိုတော့ လုပ်ရကိုင်ရ အဆင်ပြေ
တာပေါ့ ရန်ကုန်ဆိပ်ကမ်းထိ သယ်လာဖို့
အတွက်တော့ ဘယ်သူမှ မရိပ်မိအောင်
ပိပိရိရိ စီစဉ်ရလိမ့်မယ် ”
“ဒါက ကိုငတေ့ရဲ့ အပိုင်းပဲလေ။ ကျုပ်တို့လည်း
ပြည်ပပို့နိုင်ဖို့ရာ လမ်းကြောင်းတွေ ရှာရဦးမှာ”
ဘာပဲဖြစ်ဖြစ် ငတေ့အတွက်တော့ ငွေရပေါက်
အင်မတန်ချောင်လည်သည့် လုပ်ငန်းကလေး
တစ်ခုကို ရရှိလိုက်ပေပြီ။ ဘာ့အတွက်ကြောင့်
များ တစ်ဖက်နိုင်ငံတွေက မြန်မာနိုင်ငံရှိ ရှေး
ဟောင်းဗုဒ္ဓရုပ်ပွားတော်များကို ငွေအမြောက်
အများပေး၍ လိုချင်ရတာပါလိမ့်။ကိုယ်ထည်
မရလျှင်တောင်မှ ဦးခေါင်းတော် ရလာလျှင်
လည်း အလုပ်ဖြစ်ပါသတဲ့။
စင်စစ် ငတေသည် မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ဦး
ဖြစ်သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော မိဘ
တွေမှာလည်း ဗုဒ္ဓဘာသာကို ဘိုးစဉ်ဘောင်ဆက်
ကိုးကွယ်လာသူများ ဖြစ်ကြသည်။
သို့ပါသော်ငြား မတော်လောဘတရားတွေက
ငတေ့အား လမ်းမှန်ကို သွေဖည်စေခဲ့လေပြီ။
မြို့ပြင်ကို ရောက်လိုက်၊ တောနယ်တွေဆီ
ဆင်းလိုက်နှင့် ယခုတော့လည်း မြိုးမြိုးမြက်မြက်
ငွေကြေးများ ရလာသည့်လုပ်ငန်းတစ်ခုကို
ငတေ ရလိုက်ပါပြီကော။
ငွေဆိုသည်မှာ လူတစ်ချို့၏ သည်းခြေကြိုက်ဖြစ်
သည်။ သောက်သောက်စားစား လူ့ငနွားတွေက
ငွေသာရလျှင် ဘနဖူးကိုပင် သိုက်တူးကြမည့်သူ
များမို့ ငတေ့ထံမှ ငွေစက္ကူအထပ်လိုက်ကို
မြင်လိုက် သွားရည်တမြားမြားကျကာ ဆင်းတု
တော်များ ခိုးပေးမည့်အကြောင်း ကြီးမားသော
ဆင်းတုတော်ဆိုလျှင် ဥက္ခောင်းတော်ကို
ဖြတ်ယူလာပေးမည့်အကြောင်း ဝန်ခံကတိ
ပြုကြပြီး ငွေစက္ကူများကို ဝမ်းသာအားရ
လက်ခံကြသည်။
သောက်ကြ၊ စားကြ မူးယစ်ကြသည်။
ပြီးတော့ ကိုယ့်လူစုနှင့်ကိုယ် ခွဲကာ
လှုပ်ရှားကြသည်။ သည်လိုမျိုး သောက်စား
သူ အများစုထဲမှာမှ တစ်ဦးတစ်လေကဖြင့်
တကယ့်ကို အံ့အားသင့်ဖို့ ကောင်းလှသည်။
“ကျုပ်ဘဝဟာ ဆင်းရဲနုံချာလွန်းတော့
အလှူဒါန ဆိုတာ ဘာမှ မလုပ်နိုင်သေးပါဘူး
လုပ်နိုင်ဖို့လည်း မမြင်ပါဘူး။ အိမ်မှာတောင်
ဘုရားကျောင်းဆောင်ကောင်းကောင်း မရှိဘူး။
ဘုရားရှိခိုးချိန်တောင် သိပ်မရပါဘူး။ သောက်
တယ် စားတယ် ဆိုတဲ့ နေရာမှာလည်း အလုပ်
ပင်ပန်းတာကို အကြောင်းပြုပြီး သောက်စားရာက
စွဲလန်းနှစ်သက်သွားရတာပါ။ ငွေကြေးအင်အား
နည်းပါးတော့ စိတ်တိုင်းကျတောင် မသောက်
နိုင်ပါဘူး”
“အဲဒါကြောင့် အလုပ်ကို လက်ခံဖို့ ပြောတာပါ။
အားရပါးရ ကြိုက်သလို သောက်နိုင်ပြီ။ သည့်
အတွက် ငွေရဖို့ လိုတယ်လေဗျာ။ အခုဟာက
ခင်ဗျားကို ငွေလာပေးတာ။ဘယ်နှယ့် ဘယ်
အရာကိုမဆို ဖန်တီးပေးနိုင်တဲ့ငွေကို မလိုချင်
ဘူးလား”
“ဘယ့်နှယ် မလိုချင်ပဲ ရှိပါ့မလဲ ကိုငတေရာ၊
လိုချင်တာပေါ့၊ ဒါပေမဲ့ ဘုရားဆိုတာဟာ
အနန္တော အနန္တ ငါးပါးထဲမှာ ပါတယ်။ ခင်ပွန်းကြီး
(၁၀)ပါးထဲမှာလည်း ထိပ်ဆုံးက။ အဲဒါကို ကျုပ်
မပြစ်မှားရဲဘူး။ ကျုပ်ဟာ ဗုဒ္ဓဘာသာဝင်ပါ။
မနေနိုင်လို့ သွေးသားဆန္ဒအရ အရက်သေစာ
သောက်စားတတ်ပေမဲ့ ငရဲအိုး ဇောက်ထိုး
ဆင်းရမယ့် ဒီလိုအလုပ်မျိုးတော့ မလုပ်ချင်ဘူး
လုပ်လည် မလုပ်ရဲဘူး”
“ကောင်းပြီလေ၊ ခင်ဗျားမလုပ်ရဲလို့ မလုပ်ချင်တဲ့ အလုပ်တစ်ခုကို အတင်းကာရော မတိုက်တွန်း
တော့ပါဘူး။ တစ်ခုတော့ ရှိတယ်နော် ။
အလုပ်ဖြစ်နိုင်မလားလို့ ခင်ဗျားကို
ဖွင့်ဟတိုင်ပင်တဲ့အပေါ် ဘာမှ အပြင်ကို
သတင်းမပေါက်ကြားပါစေနဲ့။ အာလည်း
မချောင်လိုက်ပါနဲ့၊ နို့မဟုတ်လို့ကတော့
ကျုပ်နောက်မှာရှိတဲ့ ကိုယ်ပွားအရိပ်တွေက
ခင်ဗျားကို မျက်နှာသစ်ခွင့်မရအောင်
လုပ်သွားကြလိမ့်မယ် ”
“စိတ်ချပါ ကိုငတေ၊ ကျနော်လည်း အသက်နဲ့
လူလုပ်နေတဲ့သူမို့ ကိုယ့်အသက်ကို အင်မတန်
နှမြောပါတယ် ”
သည်လိုလူစား ရှားရှားပါးပါးကိုလည်း ကြုံတွေ့ရ၍
ငတေ့အဖို့ တအံ့တသြ ဖြစ်ရပါသေးတော့။ ကိစ္စ
မရှိ၊ ငကန်းတစ်ယောက်သေသော်ငြား ငစွေတွေ
က သူပေးမည့် ငွေကြေးကြောင့် သူ့ဝန်းကျင်မှာ
အများကြီး ။
သည့်နောက်မှာတော့ဖြင့် အစီအစဉ်ကို စနစ်တကျ
ရေးဆွဲရတော့သည်။ ခိုးယူ၊ ဖြတ်ယူလာမည့်
ရုပ်ပွားတော်များကို သိမ်းဆည်းသိုဝှက်ဖို့နေရာ၊
ပြီးတော့ ရန်ကုန်ဆိပ်ကမ်းသို့ လုံခြုံချောမောစွာ
ရောက်ရှိသွားနိုင်စေရေး။
ဒါကလည်း အရေးကြီးသော အပိုင်းကဏ္ဍ၌ ပါဝင်
နေသည်။ သည့်အတွက် ငတေ့အဖို့ ဥာဏ်နီဥာဏ်နက်
တွေ ထုတ်ရတော့သည်။ နောက်ဆုံးမှာတော့
ခေါင်းထဲသို့ အကြံဥာဏ်တစ်ခုက လက်ခနဲ
ဝင်ရောက်လာရာ ငတေလည်း အကြီးအကျယ်
ရွှင်လန်းဝမ်းမြောက်သွားပြီး အားပါးတရ
လက်ဖျောက်တစ်ချက် တီးလိုက်လေသတည်း။
xxxxx
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသများဆီမှ
မြို့တော် ရန်ကုန်သို့ ခုတ်မောင်းပြေးဆွဲသည့်
ပုဂ္ဂလိက ကြားသင်္ဘောသည် ငတေ၏
ဇာတိရပ်ရွာ၌လည်း ခေတ္တခဏ ဆိုက်ကပ်ကာ
ခရီးသည်နှင့် ကုန်စည် အတင်အချ လုပ်လေ့ရှိပါသည်။
ယခုလည်း ကြားသင်္ဘောသည် သူ့အချိန်နှင့်သူ
ဆိုက်ကပ်လာလေရာ စာမေးပွဲကိစ္စအတွက်
ရန်ကုန် ရုံးချုပ်သို့ သွားရမည့်ကိစ္စ ရှိသဖြင့်
ဆရာလေး ကိုကြည်သာလည်း သင်္ဘောပေါ်သို့
တက်ရောက်ခဲ့ပါသည်။
ကြားသင်္ဘောပေါ်တွင် ခရီးသည် အရေအတွက်က
သိပ်မများလှ။ ဝမ်းလုံးနှစ်ထပ်သင်္ဘောဖြစ်၍
သင်္ဘောအပေါ်ထပ်တွင် ခရီးသည်များ လိုက်ပါ
ကြပြီး၊ အောက်ထပ်တွင်မူ ကြက်ခြင်းများ၊
ဒေသထွက် ကုန်စည်များ ၊ အိတ်ကြီးအိတ်ငယ်
များ တွေ့ရသည်။
ဤကုန်စည်များကြားတွင် ထူးထူးခြားခြား
ဆိုသလို သစ်သားသေတ္တာကြီး နှစ်လုံးကို
လည်း တွေ့ရ၏။ သေတ္တာတို့၏ ကိုယ်ထည်ပေါ်
တွင် သင်္ဘောဆေးဖြင့် “ဘိုကလေး စိန်မြင့်မား
မင်္ဂလာရုပ်သေးရုပ်အဖွဲ့”ဆိုသည့် စာတန်းများ
ရေးထားသည်ကို တွေ့ရသည်။
မြို့ပြရန်ကုန် အပါအဝင် ဒေသတစ်ခုခုမှ
လာရောက်ငှားရမ်း၍ ဤကြားသင်္ဘောဖြင့်
လိုက်ပါလာခြင်းဖြစ်နိုင်သည်။
ဆရာလေးကိုကြည်သာအဖို့ အပေါ်ထပ်သို့
တက်လိုက်ပြီး ထမင်းဆိုင်နှင့် မနီးမဝေးတွင်
ခင်းထားသည့် ပက်လက်ကုလားထိုင်လေးကို
ငှားကာ သက်သောင့်သက်သာ ထိုင်လိုက်၏။
ဌင်းနံဘေးရှိ ပက်လက်ကုလားထိုင်မှာတော့
ဗိုက်ဖုံးအင်္ကျီနှင့် မိန်းမရွယ်တစ်ဦး၊ ထိုခဏ
မမျှော်လင့်ဘဲ ရွာမှ ပျောက်သွားသည့်
ငတေတစ်ယောက် ဤသင်္ဘောသို့ လိုက်ပါ
လာကာ ဌင်းထံသို့ လျှောက်လာသည်ကို
တွေ့လိုက်ရလေသည်။
“ဟာ…ကိုငတေ၊ ဘယ်က ဘယ်လို
ပျောက်ချက်သား ကောင်းလှချည်လား”
“ပျောက်ဆို ရွာမှာက ခေါင်းဆောင်လုပ်ချင်တဲ့သူ
တွေ ပေါ်လာလို့ မြင်ပြင်းကတ်တာနဲ့ ရှောင်လိုက်
တဲ့ သဘောပါ။ အင်း…မြင့်ချင်တဲ့ သစ်ပင်တော့
မကြာခင် လေမုန်တိုင်းမိပြီး ပြတ်သတ်ကျိုးပဲ့
သွားမှာတော့ မြင်ယောင်သေးတော့ ကျောင်း
ဆရာရေ့”
ငတေ၏ စကားက ဘယ်ကိုသွား၍ ဘယ်ကိုလာသည်
ဆိုခြင်းကို ဆရာလေး ကိုကြည်သာ ရိပ်စားမိလိုက်
ပါသည်။ သို့ရာတွင် အကျယ် အကျယ် မငြိမ်းဖွယ်
တွေလည်း မဖြစ်ချင်ပါ။ ထို့ကြောင့်လည်း
စကားမြားဦးကို တစ်ဖက်သို့ ပြောင်းရွှေ့ပစ်လိုက်
ရပါသည်။
“ဒါထက် ကိုငတေကော ရန်ကုန်ပဲလား”
“ဟုတ်တယ် ကျောင်းဆရာ၊ ရန်ကုန်က
ကျနော် မိတ်ဆွေရဲ့အလှူမှာ ကျေးလက်က
ရုပ်သေးပွဲ ထည့်ချင်တယ်ဆိုပြီး အကူအညီ
တောင်းလာလို့ ကျနော်ပဲ ငှားပေးတာ။
ဘိုကလေးစိန်မြင့်မား ရုပ်သေးအဖွဲ့လေ။
ဘိုကလေးမှာတော့ တော့ပ်ပဲ။အဖွဲ့သား
တချို့က ကုန်းလမ်းခရီးက သွားနှင်ကြပြီ။
ကျောင်းဆရာရဲ့ ဘေးမှာ ထိုင်နေတာ
ရုပ်သေးမင်းသမီး ‘တံချူခင်’ဆိုတာပေါ့”
“သြော် …ဟုတ်လား”
ထိုအခါမှပင် နံဘေးရှိ ပက်လက်ကုလားထိုင်၌
ထိုင်နေသော ဗိုက်ဖုံးအင်္ကျီနှင့် အမျိုးသမီးကို
သတိထားမိတော့သည်။ သြော်…ရုပ်သေးမင်း
သမီးတစ်ဦးပေပဲ။ ခရီးသည်များနှင့် ဝန်စည်
စလယ်များ တင်ဆောင်လာသော ဝမ်းလုံးကြား
သင်္ဘောသည် ဧရာဝတီမြစ်ပြင်အား ညင်သာ
စွာ ထိုးခွဲခုတ်မောင်းလျက် ရှိပေသည်။
ငတေသည် ရုပ်သေးမင်းသမီးထံပါးသို့သွားကာ
အာလာပ သလ္လာပစကားများကို ပြောဆိုနေ
ပေသည်။ ကြားသင်္ဘောသည် ကမ်းနံဘေးရှိ
သစ်ပင်ကြီးငယ်များ၊ ကွမ်းသီးပင်၊ အုန်းပင်တန်းများ၊
ကောက်ပဲသီးနှံစိုက်ခင်းများ၊ တဲများ၊ အိမ်များကို
တရိပ်ရိပ် ဖြတ်သန်းလျက်ရှိ၏။
သည်လိုမျိုး မြင်ကွင်းသဘာဝကို ဆရာလေး
ကိုကြည်သာခမျာ ရှုမော၍ မဆုံးနိုင်ခဲ့။
ထိုသို့ တငြိမ့်ငြိမ့် ခုတ်မောင်းလာချိန်ဝယ်
ကြည်လင်ဝင်းပနေခဲ့သော ကောင်းကင်ပြင်
ရာသီဥတု အခြေအနေသည် ရုတ်တရက်
ပြောင်းလဲလာကာ တဝေါဝေါ တဝူးဝူး
တိုက်ခတ်လာတော့သည်။ ထိုခဏ တောင်ဘက်
အရပ်ဆီမှ လျှပ်စစ်နွယ်မျှင်တို့က ဝင်းခနဲ
လက်ခနဲ ဖြစ်သွားပြီး မိုးဖွဲကလေးများ
ကျလာသည်။
သည်မိုးသည် အခါမဲ့ရွာသော မိုးပါတည်း။
မိုးသည် ဖွဲရာမှ သည်းလာသည်။ လေတိုက်နှုန်း
ကလည်း ပြင်းထန်လာသည်မို့ ခရီးသည်များ
ရှိနေသည့် အပေါ်ထပ်တစ်ခြမ်းသို့ မိုးပက်ပါ
လေတော့၏။ အထူးသဖြင့် ဆရာလေးကိုကြည်
သာ ထိုင်နေသော အခြမ်းသည် မိုးသက်လေပြင်း
ဒဏ် ခံရသော အခြမ်းဖြစ်သည်။
ခရီးသည်များလည်း မိုးစိုမည့်အန္တရာယ်ကြောင့်
အကာ တာလပတ်များကို ဖြည်ချကြလေ၏။
ထိုအခါဝယ် သင်္ဘောတစ်စီးလုံးသည် ယိမ်း
ထိုးနေလေတော့၏။ ထိုခဏ သင်္ဘောသား
တစ်ယောက် အပေါ်ထပ်သို့ ပြေးတက်လာ
လေသည်။
“တာလပတ်တွေ ပြန်လိပ်တင်ကြပါ။
အမြန်ဆုံးပြန်လိပ်တင်ကြပါ။ နို့မဟုတ်ရင်
လေဆောင့်တိုးတဲ့ဒဏ်နဲ့ ဘေးစောင်းပြီး
မှောက်သွားပါလိမ့်မယ်”
သည်လိုမျိုး အော်ဟစ်သတိပေးလာတော့
သေရမှာ ကြောက်သူများပီပီ ခရီးသည်တို့
သည်လည်း ဖြည်ချထားသော တာလပတ်
တို့အား အမြန်ဆုံး လိပ်တင်ချည်နှောင်
လိုက်ကြကုန်၏။ မိုးသီးမိုးပေါက်တွေနှင့်
အတူ လေတွေက တဝူးဝူး။ထိုအခါ ခရီး
သည်တို့သည် မိုးမပက်သောအခြမ်းသို့
ပြေးကပ်လိုက်ကြသည်။ ထိုအခါဝယ်
တစ်ဖက်စောင်းနင်းသဘောဖြစ်ကာ
သင်္ဘောမှာ တစ်ဖက်သို့ စောင်းသွားသည်
“ခရီးသည်တွေ၊ ခရီးသည်တွေ နဂိုမူလနေရာမှာပဲ
ပြန်နေပေးကြပါ။ တစ်ဖက်တည်းကိုပဲ စုပြုံနေကြ
ရင် သင်္ဘောမှောက်လိမ့်မယ် ”
စောစောက သင်္ဘောသားမှပင် သူ့အတွေ့အကြုံအရ
အော်ဟစ် သတိပေးနေလေပြီ။ လေပြင်းက တိုက်ဆဲ၊
မိုးက ပက်ဆဲ။ ခရီးသည်အများစုမှာ သင်္ဘောသား၏
သတိပေးချက်ကို နားမဝင်။ သင်္ဘောကြီးမှာတော့ဖြင့်
မိုးပေါက်တွေကြား၊ လေပြင်းတွေကြား၊ ရေလှိုင်း
ဂယက်တွေကြားမှာ တလူးလူး တလိမ့်လိမ့်။
ထိုအချိန်ဝယ် ငတေနှင့် ရုပ်သေးမင်းသမီးတို့မှာ
မိုးမပက်သည့် တစ်ဖက်ခြမ်းသို့ ရောက်နေလေပြီ။
ထိုခဏသင်္ဘောသည် ချာချာလည်သွားလေတော့၏။
“ဟာ …ဝဲထဲဝင်သွားပြီ။ မှောက်တော့မယ်…
မှောက်တော့မယ်။ သင်္ဘောကြီး မှောက်ပြီး
ဝဲထဲ နစ်တော့မယ် ”
“ဘုရား…ဘုရား”
“ကယ်တော်မူကြပါဗျို့ …ကယ်တော်မူကြပါ”
“ဟာ သင်္ဘောစောင်းသွားပြီ”
“အား…အမလေး …ရေထဲကျပြီ”
“ဗွမ်း”
“ကယ်တော်မူကြပါဗျို့၊ ကယ်တော်မူကြပါ”
သင်္ဘောကြီး တိမ်းစောင်း၍ မှောက်သွားသည့်
အခြမ်းကား မိုးလွတ်ရာ ခိုနေကြသည့် အခြမ်း
ပဲ ဖြစ်လေသည်။ ထိုအခြမ်းမှာ ငတေနှင့်
ရုပ်သေးမင်းသမီး အပါအဝင် ခရီးသည်များ
သည် ဧရာဝတီမြစ်ရေပြင်ထဲသို့ ပြုတ်ကျ
ကုန်လေသည်။
ဆရာလေးကိုကြည်သာလည်း ပြေးမိပြေးရာ
သွေးရူးသွေးတန်း ပြေးနေမိရင်းမှ ဝဲဂယက်
များ ပြန်လည်စုပ်မယူနိုင်သော အပိုင်းကို
ကြည့်၍ ရေထဲသို့ ခုန်ချလိုက်လေသည်။
ဆရာလေး ကိုကြည်သာအဖို့ သတိကို
လက်လွတ်မခံတော့။ စိတ်အာရုံ၌ ဘုရား၊
တရား၊ သံဃာတည်းဟူသော ရတနာသုံး
ပါးကို ဦးထိပ်ထားကာ’အဋ္ဌာနမေတံ’အစ
ချီ ဘုရားရှင် ရင့်ကျူးသည့် ဂါထာတော်
ကို ရွတ်ပွားနေမိတော့သည်။သူ့အဖို့
ရေအောက်ကြမ်းပြင်ကို ရောက်ရှိပြီး
သကာလ၊ ရေအောက်မှ တစ်စုံတစ်
ယောက်က တွန်းတိုက်လိုက်သလို
ခံစားရကာ မြစ်ပြင်ကို ဘွားကနဲ ပေါ်
လာလေတော့၏။
သူသည် တက္ကသိုလ်ကျောင်းသားဘဝက
ရေကူးချန်ပီယံ ဖြစ်လေရကား အသက်ကို
ဖော့လိုက်ရင်း အနီးစပ်ဆုံး ရှိနိုင်မည့်
ကမ်းကို ကြည့်လိုက်၏။ ကောင်းကင်မှာတော့
မိုးအမှောင်က ကျနေဆဲ။ လေပြင်းထန်၍
လှိုင်းတွေကလည်း မာန်ကြွဆဲ။
မိုးစက်မိုးပေါက်တွေကလည်း ပြင်းထန်ဆဲ။
ပတ်ဝန်းကျင်မှာတော့ ကယ်ပါယူပါ
တစာစာနှင့် အသံဗလံတွေကို ဘဝဂ်လျှံမျှ
ကြားနေရသည်။ သူ့အဖို့ ကူညီချင်ပါသည်။
သို့ရာတွင် ကိုယ်မချိသော်လည်း အမိပင်
ဖြစ်လင့်ကစား သားတော်ခဲမို့ ကိုယ့်အသက်
ရှင်ရေးကိုသာ ဦးစားပေးလျက် အနီးစပ်ဆုံး
ကမ်းပါးသို့ လက်ပစ်ကူးခတ်မိတော့သည်။
မကြာခင်မှာပင် ရွာနီးချုပ်စပ်မှာ လှေများ
သမ္ဗန်များ ထွက်လာကြာ ဒုက္ခရောက်နေသူ
တို့ထံ လှော်ခတ်သွားကြလေတော့သည်။
ကျောင်းသားဘဝက ကျွမ်းကျင်စွာ တတ်
မြောက်ထားခဲ့သည့် ရေကူးခြင်း အတတ်
ပညာကြောင့် သူ မသေတော့ပြီ။ကမ်းစပ်၌
ရပ်ရင်း လှေသမ္ဗန်များဖြင့် ကယ်တင်လာ
သူတို့အား သူတတ်မြောက်ထားသည့်
ရှေးဦးသူနာပြု အတတ်ပညာဖြင့် အစွမ်းကုန်
ပြုစုကူညီပေးလေတော့၏။
လူမှုရေးစိတ်ဓါတ်၊ လူလူချင်း သနားကြင်နာ
ထောက်ထားတတ်သော ရွာသူရွာသား
လှေသမ္ဗန်သမားတို့ဖြင့် မြစ်တွင်းရှိ ခရီးသည်များ
၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်နှင့်အညီ
သင်္ဘောပေါ်မှ မြစ်ထဲကျပြီး မျောတော့မည့်
ပစ္စည်းပစ္စယ အတော်များများကိုလည်း
ကမ်းစပ်သို့ ဆွဲယူသယ်ဆောင်လာနိုင်
လာခဲ့သည်မှာ ချီးမွမ်းလေးစားဖွယ် ကောင်း
တော့သည်။
“ဗျို့…ဆရာရေ၊ ဟောဒီ သမ္ဗန်ဝမ်းထဲမှာ
နှစ်ယောက်ပါလာတယ် ၊ ကြည့်ပေးပါဦးဗျာ”
သမ္ဗန်သမားကြီးက ရှေးဦးသူနာပြုစုနေသော
သူ့အား အကူအညီတောင်းလာသည်။
သမ္ဗန်ထဲကို ကြည့်လိုက်တော့ သူ အံ့အား
သင့်သွားရလေသည်။ သမ္ဗန်ဝမ်းအတွင်းရှိ
မလှုပ်မယှက် ဖြစ်နေသူနှစ်ဦးကား ငတေနှင့်
ရုပ်သေးမင်းသမီးပင် ဖြစ်၏။ ဦးစွာ သူတို့အား
ကမ်းစပ်သောင်ပြင်တွင် ရေအန်အောင်
ပြုစုဖို့ရာ ပခုံးပေါ်ထမ်းတင်တော့ ပခုံး
သားပင် နာကျင်သွားရသည်။
သည့်အတွက် ပြန်ချကာ ဗိုက်ဖုံးအင်္ကျီကို
အသာလှပ်ကြည့်တော့ မယုံနိုင်စရာ။
“ဟာ…ကြေးမတ်ရုပ် ရုပ်ပွားတော်သုံးဆူကို
ဗိုက်မှာ ချည်ထားတယ်၊ တောက်…ယုတ်ကန်း
လိုက္တာ”
ထိုခဏ ခရီးသည်တွေထဲ ပါဝင်သော ဆရာဝန်
ဆိုသူပုဂ္ဂိုလ်က ရုပ်သေးမင်းသမီးနှင့် ငတေ့ကို
စမ်းသပ်ကြည့်သည်။
“မရတော့ဘူးဆရာ၊ သူတို့နှစ်ယောက်စလုံး
အသက် မရှိတော့ဘူး”
“ဟာ”
“ဟင်”
“ကျွတ်…ကျွတ်…ကျွတ်”
“ဖြစ်ရလေတယ်”
“တောက်…မိန်းကလေးနှယ်၊ ဗုဒ္ဓဘာသာဝင်တွေ
အထွက်အမြတ်ထားတဲ့ ဆင်းတုရုပ်ပွားတော်တွေ
ကို ဗိုက်မှာ ချည်လာရတယ်လို့ ”
“အဲဒါ ဘုရားခိုးလာတာဗျ…ဘုရားခိုးလာတာ”
“တယ်လည်း ယုတ်မာပက်စက်လှချည်လားကွယ်။
သံသရာမှာတော့ဖြင့် ဘယ်လောက်တောင်
ငရဲခံရမယ် မသိဘူး”
“ဟောဟို အမျိုးသာလည်း ခေါင်းကို တစ်ခုခုနဲ့
ရိုက်မိပြီး ပွဲချင်းပြီးသွားတာ။ သူက ရေနစ်တာ
မဟုတ်ဘူး။ အင်း…နှစ်ယောက်တွဲလျက်
သေရတယ်ဆိုတော့ သူတို့ရဲ့ ပဋ္ဌာန်းဆက်
ပဲပါ့လေ”
ထိုခဏ ဘိုကလေးစိန်မြင့်မား ရုပ်သေးအဖွဲ့
သေတ္တာကြီး နှစ်လုံးက ကမ်းစပ်သို့ ရောက်လေရာ
ဆရာလေး ကိုကြည်သာမှ အကျိုးအကြောင်း
ရှင်းပြပြီး ကျေးရွာလူကြီးများ ရှေ့မှောက်၌
ဖွင့်ကြည့်လိုက်ကြသည်။
“ဟာ …ဘုရားဆင်းတုတော် ခေါင်းကြီးပါလား”
“အမလေး …ဥက္ခောင်းတော်ကို ဖြတ်ထား
ပါကလား။ ရက်စက်လိုက်ကြပါကလားကွယ်တို့”
“ဟာ…ဒီသေတ္တာထဲမှာလည်း ရှေးဟောင်း
ဆင်းတုတော်တွေ”
“တောက်…ပက်စက်လှတဲ့သူတွေ၊ အခုတော့
သေချင်းဆိုးနဲ့ သေကြရရှာပေါ့ ”
ထိုအချိန်မှာတော့ မိုးသက်မုန်တိုင်းများ စဲသွား
ကြပါပြီ။ အမှောင်ကျနေရာမှ အလင်းပွင့်လာခဲ့
တော့သည်။ ကျေးရွာလူကြီးများက ဒုက္ခသည်
အပေါင်းအား ရွာဦးဘုန်းတော်ကြီးကျောင်းသို့
ပို့ဆောင်ကာ ကူညီစောင့်ရှောက်ကြသည်။
သက်ဆိုင်ရာကို အကြောင်းကြားကြသည်။
ဘုန်းတော်ကြီးသည် ခရီးသည်အပေါင်းအား
မေတ္တာဂရုဏာတော်များ ဖြန့်ကြက်ရင်း…
“အင်း…ကလျာဏီစ ကလျာဏံ ကောင်းတဲ့
စိတ်ဓါတ်ရှိတဲ့သူတွေကိုတော့ ကုသိုလ်ကံ
တရားက ကယ်မလိုက်ပြန်ပြီ။ ပါပကာရီစ
ပါပကံ မကောင်းမှု ပြုလုပ်တဲ့ သူနှစ်ဦးက
တော့ သူတို့အကုသိုလ်နဲ့ သူတို့ ဒဏ်ခတ်
ခံလိုက်ရပါပကော။ သြော်…ဒုက္ခ၊ ဒုက္ခ၊
ဒုက္ခ။ သံသရာ မကြောက်၊ ငရဲမကြောက်
တဲ့ဟာတွေ ပစ္စုပ္ပန်မှာလည်း အခြေမလှ
သလို အနာဂတ်သံသရာ အဆက်ဆက်
လည်း ဒင်းတို့ပြုတဲ့ကံ ဒင်းတို့ပဲ ဝဋ်ကျေတဲ့
အထိ ခံပေဦးတော့ …ခံပေဦးတော့ ”
ဟူ၍ သံဝေဂတရားပွားများရင်း ခန်းနေဆောင်
အတွင်းသို့ ဝင်သွားပါလေသတည်း။
မူရင်းရေးသူ ဆရာ နန္ဒာမိုးကြယ်
ကံ ကံ၏ အကျိုး စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်။
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
#ညမဖတ်ရ