July 31, 2025
Uncategorized

အဆီကိုစားပါလို့ အသားကိုမျို

တွင်းကြီးသား တင်ဝင်းဦး
အဆီကိုစားပါလို့ အသားကိုမျို

သူနေသည့်နေရာသည် လူတွေနေသည့်ရွာ၏ တောင်ဘက်ရှိ ကြီးမားသည့် မန်ကျည်းပင်ကြီး၏ သစ်ခေါင်းထဲမှာ ဖြစ်သည်။

ထိုအပင်ကြီးသည် ဘယ်ခေတ် ဘယ်ကာလ ပေါက်ခဲ့မှန်းမသိ။ ပင်စည်ကတုတ်၊ အကိုင်းအခတ် တွေကများ၏။ ကိုင်းဆုံကိုင်း၏ အလယ်တွင် ကြီးမားသော အပေါက်ကြီးရှိ၏။ ထိုလိုဏ်ပေါက်သည် သူ၏နေရာ။ သူ၏ နာခိုးရာဖြစ်၏။

သူသည် ထိုအခေါင်းထဲ နေလာတာကြာပြီ။ အခေါင်းသည် ဘေးဝဲယာ အထက်အောက်တွင် ပင်စည်၏ ဘေးအခေါက်များနှင့် ဖုံးထားပြီး၊ အတွင်းမှာ သူ့ခန္ဓာကိုယ် ငါးကိုယ်စာမက ကျယ်ဝန်းသည်။ သို့ကြောင့် သူ့အတွက် ထိုအခေါင်းသည် အနေချောင် အစားချောင်နှင့် နေသားတကျရှိလှ၏။

သူသည် ထိုအခေါင်းထဲတွင် နေ့ဘက်မှာအိပ်သည်။ ညဘက်မှာ သူသည် ဝမ်းစာအတွက် လှုပ်ရှား၏။ တစ်ခါတစ်ရံ နေ့ဘက်မှာ လှုပ်ရှားပြီး ညဘက်မှာအနားယူသည်။

နေ့ရယ် ညရယ်သိပ်ပြီး ခွဲခြားခြင်းမရှိ။ ညမှာ ဝမ်းဝလျှင် နေ့နား၊ နေ့မှာဗိုက်ပြည့်လျှင် ညအိပ်။ ဒါသူ့အလုပ် သူ့တာဝန်။

သူ့ဝမ်းဝဖို့ ခါးလှဖို့ အဓိက။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ဘယ်သူငတ်ငတ် သူ့ဝမ်းပြည့် ပြီးရော။ ဒါ သူ့ခံယူချက်၊ သူ့ရပ်တည်ချက်။

သူ့ရပ်တည်ချက်ကြောင့် နေ့ဘက်မှာဆိုလျှင် ငှက်ကလေးတွေ၊ ကြက်ကလေးတွေ၊ ကြွက်ကလေးတွေချောင်းသည်။ သူ၏ ကျွမ်းကျင်မှု မာယာကြောင့် သူ၏ သန်မြန်ဖျတ်လတ်မှုကြောင့်၊ သူ၏ ပါးနပ်မှု၊ လိမ္မာမှုကြောင့် အဘယ်အကောင်မဆို သူ့ခြေသည်း လက်သည်းနှင့် သူ့ပါးစပ်က လွတ်ရိုးထုံးစံမရှိကြ။

ပါးစပ်ထဲမရောက်ခင် သူ့ခြေသည်းများ မြှုပ်ပြီး တစ်ခါကုတ်ရုံနှင့် ဇီဝိန်ချုပ်ကြသည်ချည်း။

ထိုသို့ သူများအသွေးအသားကို စားရသောက်ရသည့် အရသာကို သူ သိပ်ပြီး နှစ်သက်သည်။ သဘောကျသည်။

အကောင်လေးများကို မြေပြင်မှာ၊ အပင်ထက်မှာ ချောင်းမြောင်းပြီး အလစ်သုတ်ရ သတ်ဖြတ်ရသည့် ကျွမ်းကျင်မှုပညာရပ်ကို သူသည် ငယ်စဉ်ကပင် တတ်မြောက်ခဲ့ပြီး ဖြစ်သည်။

သူ၏ ရက်စက်မှု ကျွမ်းကျင်မှုကြောင့် သက်ရှိသတ္တဝါလေးများက ကြောက်ကြသလို ရွာထဲ ကလူတွေကလည်း လန့်ကြသည်။

သူ၏သတင်း၊ သူ၏အရှိန်အဝါသည် ရွာထဲသာမက သူကျင်လည်ရာ တောတစ်ခွင်မှာလည်း သတင်းတမွှေးမွှေး။

တစ်ခါတစ်ရံ ရွာထဲရှိ ကြက်များ၊ ဘဲများအပြင် လူသားများ မီးဖိုချောင်ထဲက အသားငါးဟင်းအိုးအထိ စားသောက်ခဲ့၏။

သူ မှတ်မိသေးသည်။ ထိုညက မီးဖိုချောင်ထဲက ဟင်းအိုးကို အပြောင်စားသည်။ သုံးညခန့် ခြေရာဖျောက်သည်။

နောက်ည ကြက်သားမတစ်အုပ်ကုန်အောင်စားသည်။ ခြေရာဖျောက်သည်။

နောက် ဘဲသုံးကောင်စားသည်။ ခြေရာဖျောက်သည်။

သူ၏ တိုက်စစ်ပရိယာယ်ကို လူသားတွေ မျက်စိလည်နေပြီး သူ့ကို ခြေရာခံမရ ဖြစ်နေ၏။

တကယ်လည်း သူ့ကို အငြိုးအတေး ထားကြ၏။ သတ်ချင်ကြ၏။ သို့ကြောင့် သူ့ကို ကျော့ကွင်းနှင့်ထောင်သည်။ ကျင်းတူးပြီးထောင်သည်။ အစာထဲအဆိပ်ထည့်ပြီး မျှားသည်။

သို့သော် သူသည် ခြေရာဖျောက်ရင်း လမ်းလွှဲခဲ့သည်။ လှုပ်ရှားသည့် ထိုတစ်ညအတွက် ထိုလမ်းကသွားလျှင် အပြန်တွင် နောက်တစ်လမ်းမှ ပြန်၏။ အသွားအပြန်လမ်းကို မူသေမထားသလို ရွာထဲဝင်တိုင်း ပုံသေလမ်းမရှိ။ တစ်လမ်း တစ်စနစ် သွားပါက လူတွေသည် ထိုလမ်းမှ ထောင်ကြ ဖမ်းကြမည်က အမှန်။

ပြီး သူက ညတွင် အဘယ်မျှ မှောင်နေပါစေ လူများ၏ လှုပ်ရှားမှု၊ သူ၏ အစာအကောင်များ လှုပ်ရှားမှုများကို မြင်ရသည်။ သူကို သဘာဝက ပေးအပ်လာသည့် အနံ့ခံအားကောင်းမှု၊ အမြင်အာရုံကြည်လင်မှုများက သူ့အတွက် အားဆေးတစ်ခွက်။ သူ့ဘဝရပ်တည်မှုအတွက် ပရိယာယ်များသာ ဖြစ်သည်မဟုတ်လား။

သူသည် ကြောင်တစ်ကောင်။

ရွာထဲ ရပ်ထဲ လူတွေနှင့် တရင်းတနှီးနေသည့် ကြောင်မျိုးမဟုတ်။ သူသည် တောကြောင်။ တောကြောင်ဖြစ်သည်။ ရွာထဲကကြောင်တွေထက် ကိုယ်ခန္ဓာကြီးပြီး သူ့အမွှေးသည် မီးခိုးရောင်ဖြစ်သည်။

သူ့ကို ရွာထဲတွင် လူတွေက တောကောင်တဲ့။ တောကြောင်တဲ့။

အဲ… ပိုပြီးထူးဆန်းသည်က သူ့ကို “ကြောင်စုန်း” တဲ့။

ကြောင်စုန်းတဲ့လား။

နာမဝိသေသန ထူးခြားစွာနှင့် ခေါ်လာသော “ကြောင်စုန်း” ဟူသည့် အမည်ကို သူ သိပ်ပြီး သဘောကျသည်။ ပေးလာသည့်အမည်နှင့် သူ၏ လှုပ်ရှားကျင်လည်ရာတို့က လိုက်လျောညီထွေရှိပါသည်။ သူက ရက်စက်မှုအပေါင်း ဆောင်းထားသည်ကိုး။

ဒီတော့ ကြောင်စုန်းဟူ၍ ခေါ်ကြခြင်းသည် တရားမျှတပါသည်။

“ငါ … ငါ … ကြောင်စုန်း … ကြောင်းစုန်းဆိုပါလား”

xxx xxx xxx xxx

သူသည် သစ်ခေါင်းတွင်းမှ ခေါင်းပြူလိုက်သည်။ စူးရှစွာသော မျက်လုံးများနှင့် ဝန်းကျင်ကို သွေးတိုးစမ်းသောအကြည့်နှင့် ဝေ့ဝဲကြည့်၏။ မှောင်မည်းသောဝန်းကျင်အတွင်း မြင်တွေ့နေရသည့်သူ၏ မျက်လုံးအစုံကို အစွမ်းကုန်အားပြုရင်း သစ်ခေါင်းထဲက ထွက်လိုက်သည်။

ကောင်းကင်သည် ငွေကြယ်တို့တလက်လက် လေပြည်သည် ငြိမ်သက်သလိုလို ရှိ၏။

သူသည် သစ်ခေါင်းအတွင်းမှ ဆင်းလိုက်၏။ မန်ကျည်းတစ်ပင်လုံး ငြိမ်သက်ဆဲ။

သူသည် နေ့ခင်းက သစ်ခေါင်းထဲ ခိုအောင်းခဲ့၏။ သူ ခိုအောင်းနေစဉ် အပင်အောက်မှ ရွာထဲကလူတွေ ဖြတ်သွားကြရင်း သူ့အကြောင်း ပြောသွားသည်ကိုကြားရ၏။ အဘယ်အိမ်က ကြက်တွေ ဘဲတွေ ပါသွားလို့၊ အဘယ်အိမ်က ဟင်းအိုးထဲက ဟင်းတွေ အမဲခြောက်ဖုတ်တွေ ပါသွားလို့ စသည့် စသည့် စကားတွေ။

ပြီး ကြိုးကွင်းနှင့် ထောင်တာ၊ ကျင်းတူးထောင်တာ၊ အဆိပ်ထည့်ပြီး အစာနှင့်ထောင်တာ မမိသည့်အကြောင်း၊ သူ့ကို လုံးဝမမိသည့် အကြောင်းတွေ။

“အတော်အကင်းပါးတဲ့ အကောင်ကြီးကွာ။ လူလောက်နီးနီး ပါးတာ”

“ဟုတ်တယ်။ ဒီညကို ဒီလမ်းကလာမယ်ထင်ပြီး ထောင်ချောက်ထောင်ရင် အခြားလမ်းက သွားတာကွ။ အတော်ပါး အတော်လျင်တဲ့ အကောင်”

“ဒီအကောင်က ကြောင်စုန်းမျိုးကွ … ကြောင်စုန်း။ ကြောင်စုန်းဆိုတာ သိပ်ကြောက်စရာကောင်းတာ။ ကိုယ်မွေးတဲ့ရင်သွေးကိုတောင် စားတာ”

ထိုစကားတွေကို ကြားရတော့ သူ ဘဝင်ကျ၏။ ပီတိဖြစ်၏။ ထိုအချိန်မှစ၍ လူတွေက သူ့ကို ဂရုစိုက်လာ၏။ ပြီး … ပစ်မှတ်အဖြစ် သဘောထား၏။ အသေရရ အရှင်ရရ ဖမ်းချင်ပြီဖြစ်သည်။

အငြိုးထားမည်ဆိုက ထားသင့်၏။

ကြည့်လေ… လူတွေ စီးပွားဖြစ် မွေးထားသည့် ကြက်၊ ဘဲ ပါမက နေ့ဖို့ညစာချက်ထားသည့် ဟင်းအိုးပါမကျန်၊ နေလှန်းထားသည့် အမဲခြောက်ပါ လက်လွှတ်မပေးခဲ့။ သည်တော့ ငြိုးပေမည်။

အဆိုးဆုံးက ကြောင်မွေးသည့်အိမ်တွေဆိုလျှင် ပိုပြီး အငြိုးထား၏။ ဘာကြောင့်နည်း။

သူက ကြောင်ကြီးတွေဆိုရင် ကိုက်သည်။ ကြောင်ထီးတွေဆိုရင် အသေကိုက်သတ်သည်။ အဲ ကြောင်မကမွေးသည့် ကလေးတွေဆိုရင်တော့။

အဆီကိုစားလို့ အသားကိုမျိုသည်။ ဒါ သူ့ဝမ်းစာ … ဝမ်းစာ။

သူ တွေးရင်း ပင်စည်ကို လက်သည်း ခြေသည်းများနှင့် ခြစ်ကုတ်ပြီး ဆင်းခဲ့သည်။ မကြာ။ မြေပြင်ရောက်၏။

အရင်ညတွေက သွားခဲ့သည့် လမ်းဟောင်းကို မသွား။ သွားခဲ့သောလမ်းသည် အန္တရာယ်အနံ့ ရှိသည်။ အဲ … အခြားလမ်းက သွားမည်။

လမ်းသစ်က သွားမှ။ လူသားတွေ မျက်စိလည်အောင် လုပ်ပါမှ တော်မည်။ လူသားတွေက ဦးနှောက်ကောင်းသည်။ သူ့ကို တစ်နည်းနည်းတော့ ကြံမည်။ သေအောင်ကြံ၊ ရအောင်ဖမ်းမည်။

သူသည် အခင်းကြားမှတစ်ဆင့် ကဇာတန်းဘက် ထွက်ခဲ့၏။

သူက ကဇာတန်းထဲအဝင် ဇီးကွက်တစ်ကောင်က “ဇီးကွက် … ဇီးကွက်” ဟု မြည်သံကိုကြားရ၏။ သူ ဇီးကွက်ငှက်ကို မော်ကြည့်၏။

သူ ကဇာတန်းမှတစ်ဆင့် ရွာစည်းဘေး ကပ်ခဲ့သည်။ ထိုညက အိမ်တစ်အိမ် ကြက်တစ်ကောင်ကို ချီယူပြီး ရွာအပြင် ထွက်စားခဲ့၏။ ပြီးနောက် တစ်ကောင်ဖမ်းခဲ့ပြီး သစ်ခေါင်းထဲ ဆွဲယူခဲ့၏။ ဒါနောက်ရက်အတွက်။

ထိုရက်က အပြင်မထွက်။

နောက်ညတွင် လမ်းသစ်ရှာပြီး အခြားအိမ်ကိုသွား၏။ ကြက်တစ်ကောင်မျိုပြီး ပြန်လာ၏။

နောက်ညမှာ အခြားအိမ်မှ ဘဲပေါက်တစ်ကောင် ဆွဲခဲ့၏။

ဟန်ကျသည်။ သိပ်ကိုဟန်ကျသည်။ သူ၏ ပါးနပ်မှု၊ ကျွမ်းကျင်မှု၊ ရဲရင့်မှုတွေက လူသားတွေကို မျက်စိလည်နေစေပြီ။

သူ ကျေနပ်ပီတိဖြစ်ရင်း ညက ချီလာသည့် ဘဲတစ်ကောင်ခေါင်းကို တဂျွတ်ဂျွတ်ဝါး၏။ ပြီး … ဝမ်းတွင်းကလီစာတွေ ဆွဲပြီးစား၏။ ပြီးမှ ကျန်သည့်အသားကို စား၏။

“အင်း … သူတစ်ပါးအသား၊ အသွေး၊ အရိုးကို စားရတာ အရသာရှိပါဘိ”

သူတွေး၏။ သူပျော်၏။ သူများအသား၏ အရသာကို ခံစားရင်း ပီတိဖြစ်ဆဲ။

သူ တိုက်ကွက်ပြောင်းသည်။ သူသည် ညအမှောင်ကိုအကာအကွယ်ယူပြီး ရွာထဲဝင်သည်။ အိမ်တစ်အိမ်မှ ချစ်တင်းနှောခဲ့သည့် ကြောင်ပြာမနှင့် ဆုံသည်။ ပြီး သူပြန်ခဲ့သည်။

နောက်ညလည်း သူသွားသည်။

မကြာပါ။ ထိုကြောင်မသည် ကိုယ်ဝန်ရှိလာသည်။

နောက် သူ အကြံသစ်ထုတ်သည်။ အခြားအိမ်မှကြောင်ဝါမထံ သွားသည်။ ကြောင်ဝါမက သူ့ကို လက်မခံ။ သူသည် ညည့်နက်သည်အထိ စည်းရိုးမှစောင့်သည်။ လူသားတွေအိပ်သည့်အချိန် ကြောင်ဝါမကို ကိုက်သည်။ ကြောင်ဝါမက အော်သည်။

“ဝေါင်း … ဝေါင်း”

သူ အသံပြု၏။ သူ၏အသံသည် တောသံ၊ ဒေသံပေါက်နေ၏။ အခြားအကောင်များလို “ညောင် ညောင်” မဟုတ်။

တောကောင်၊ တောကြောင်၊ ကြောင်စုန်းပေမို့ အသံက “ဝေါင်း … ဝေါင်း” သံ ထွက်နေ၏။

ကြောင်ဝါမက တညောင်ညောင်နှင့် အော်ဟစ်သည်။ သူက ကြောင်ဝါမ ငြိမ်သက်သည်အထိ လည်ကုပ်ကိုကိုက်ခဲထားဆဲ။

နောက် သူပြန်လာသည်။ သစ်ခေါင်းထဲရောက်တော့နားသည်။ နေ့ခင်းက ကိုက်ချီလာသည့် အခြားကြောင်ပေါက်တစ်ကောင်ကို စားသည်။

ထိုရက်အတွင်း ကြောင်ဝါမမှာ ကိုယ်ဝန်ရှိနေပြီ။

ကြောင်ဝါမ ကိုယ်ဝန်ရှိချိန် ကြောင်ပြာမမှာ သားပေါက်ပြီ။ ကြောင်ပြာမက သားသမီးသုံးကောင် ပေါက်ပြီတဲ့။

“အင်း … စားရ မျိုရတော့မှာပေါ့လေ။ ငါနဲ့မွေးတဲ့ကလေး ငါပြန်စား။ ငါ့အသွေး ငါ့အသား ငါပြန်မျိုရဲတာ ငါတစ်ယောက်ပဲရှိတာ။ လောကမှာ ငါသာ သတ္တိအရှိဆုံး”

ဟု သူကြုံးဝါး၏။

နောက် ညအမှောင်ကို အကာအကွယ်ပြုသည်။ ကြောင်ပြာမအိမ် လာသည်။ ကြောင်ပြာမသည် သူ့ကလေးသုံးကောင်ကို နို့တိုက်နေ၏။ ကြောင်ပြာမ လှုပ်ရှားမှုကို အကဲခတ်သည်။

ရုတ်တရက် ကြောင်ပြာမဆီ အပြေးသွားသည်။ အင်အားကို အသုံးပြုပြီး ကြောင်ပြာကို အရင်တိုက်ခိုက်သည်။ အင်အားမမျှသည့်အတွက် ကြောင်ပြာမမှာ “တညောင်ညောင်” အော်ဟစ်ညည်းတွားရင်း သူ၏ ချွန်မြသည့် သွားများ လက်သည်းများ အန္တရာယ်မှ လွတ်အောင် အမှောင်ထဲ အပြေးဝင်သွား၏။

ထိုအခါ သူသည် ကြောင်ပေါက်တစ်ကောင်၏ လည်ကုပ်ကို ဆတ်ခနဲ ကိုက်ယူသည်။ အသံသေးသေးဖြင့် “ညှောင် ညှောင်” ဟု မြည်၏။

မကြာပါ။ အစွယ်များ၊ လက်သည်းများအောက်တွင် ကြောင်ပေါက်ကလေး အသက်ပျောက်သွား၏။ သူသည် ကြောင်ပေါက်ကလေးကို ချီယူလာပြီး သစ်ခေါင်းထဲမှာ ဇိမ်နှင့်စား၏။

နောက်ညတွင် တစ်ကောင်ကိုက်ချီပြီး စား၏။ နှစ်ညအကြာ ကြောင်ပြာမ၏ သားသုံးကောင်၏ နောက်ဆုံးအကောင်ကို သတ်ပြီး ယူခဲ့၏။ သစ်ခေါင်းထဲမှာ စားပစ်လိုက်သည်။

နောက်ရက် ဝမ်းထဲက အစာမရှိတော့ ဆာလာ၏။ သို့ကြောင့် အိမ်တစ်အိမ်မှ ကြက်တစ်ကောင် ကိုက်ပြီး စားဖို့ ဖမ်းခဲ့၏။

ဗိုက်ဟူသည်က ဆာပြီးရင်ဆာ စားပြီးရင်းစားချင်သည့်သဘောကြောင့် ဗိုက်ဟုခေါ်သလား။ သမုဒ္ဒရာ ဝမ်းတစ်ထွာတဲ့။ တစ်ထွာသောဝမ်းက သမုဒ္ဒထက် ကျယ်သည်တဲ့လား။

နောက်ရက် တိုက်စစ်ပြောင်းရ၏။

ကြောင်ပြာမကို မေ့ထား၏။ အခြား အိမ်များသို့ အငိုက်သွားပြီး ကြက်များကို အမိဖမ်းရသည်။

လောကသည် ဆန်းကြယ်လှသည်။ သူဆိုသည့် ကြောင်စုန်းကိုတော့ နေ့ရောညပါ အမြဲ မစောင့်နိုင်။ ခံစစ်နှင့် တိုက်စစ် ကွာသည်။ အမှောင်ထဲကသူနှင့် အလင်းထဲက လူတို့ ခြားနားသည်။

သူက အချိန်ရှိသရွေ့ အမှောင်ထဲနေခဲ့သူ။ သူများ အသား စားဖို့ကြံနေသူ။ အဲ ကိုယ့်ရင်သွေးကိုပင် စားခဲ့သူ။

စည်းအပြင်က သူ။ သူ့အမျိုးတွေကြောက်သည့် သူ။

သည်တော့ သူသည် အချိန်မရွေးလှုပ်ရှားရင်း အခြားအကောင်များ စားပြီး ယစ်မူးနေချိန် ကြောင်ဝါမ မွေးပြီဆိုပါလား။

သူ သိပ်ဝမ်းသာသွား၏။ ဇာတ်တူသား၊ သွေးတူသား၊ သားတူအမျိုး၏ သွေးသားအရိုးကို စားရပေဦးမည်။ သို့ကြောင့် သူပျော်ခြင်းပင်။ သူ ပက်စက်စွာကြံဆဲ။

xxx xxx xxx xxx

သူ ဗိုက်ဆာနေတာ သုံးရက်ရှိပြီ။ သူစားနေကျ ကြက်ပေါက်တွေကလည်း သိပ်မရှိတော့။ လူတွေက လုံခြုံစွာ သိပ်ကြ၏။ သည်တော့ သူ့အနေနှင့် ရွာထဲဝင်ပြီး ရှာလို့ မရနိုင်သေး။

သို့ကြောင့် တောထဲလှည့်၏ ထနောင်းပင် သရက်ပင်များထက် အိပ်သည့်ငှက်များကို ဖမ်းသည်။ ငှက်ရသည့်အခါ ရှိသလို မရသည့်အခါ မရ ဖြစ်ခဲ့၏။ သည်တော့ အသွေးအသားကောင်းကောင်း မစားရတော့။ သူ စိတ်ပျက်လာ၏။

စိတ်ပျက်ခြင်းနှင့်အတူ စိတ်တိုလာ၏။ ရွာထဲကို ပစ်မှတ်ထားရာမှ တောထဲကိုသာ ဦးတည်ခဲ့၏။ တောထဲမှာ တောကြွက်တွေရှိသည်။ ထန်းကြွက်တွေပေါသည်။ ပြီး … မြွေတွေလည်းရှိသည်။ ထိုအကောင်သည် သူ၏အသက်ဆက်ဖို့အတွက် အသွေးအသားများသာဖြစ်​၏။

သို့သော် သူ့အနေနှင့် အာသာမပြေခဲ့။ မတင်းတိမ် မရောင့်ရဲခဲ့။ မဝသောဝမ်းမှ တကြုတ်ကြုတ်မည်လေ ရွာထဲကို ဝင်ချင်လေ ဖြစ်သည်။

ယခုတစ်လော လူတွေက သူ့ကိုဝိုင်းပြီး ဂရုစိုက်နေပြီဖြစ်သည်။ ရုတ်တရက် ကြောင်ဝါမကို ပိုပြီးသတိရသည်။

ကြောင်ဝါထက် ကြောင်ဝါမ၏ ရင်သွေးများကို သတိရမိသည်။ ခံတွင်းတောင်းလာသည့် ချဉ်ခြင်းတပ်မှုကြောင့် သွားရည်များပင် ကျလာသည်။ ယခုအချိန်ဆိုလျှင် ကြောင်ဝါမ၏ ကလေးတွေ အတော်ကြီးရော့မည်။

“တွေ့သေးတာပေါ့။ ငါချစ်တင်းနှောတုန်းက ငါ့ကိုပြန်ပြီးရန်မူခဲ့တဲ့ ကောင်မ။ ဟင်း … ဒင်းကလေးတွေကို အကုန်စားပစ်မယ်”

ဟု သူတွေးသည်။

သို့ကြောင့် သွားနေကျလမ်းကြောင်းမှ သွေဖည်၍ အခြားလမ်းမှ သူသွားသည်။

ညသည် မှောင်ဆဲ။ အမှောင်တွင်း စူးရှစွာကြည့်၍ သတိနှင့် လာခဲ့၏။ သူ့အတွက် အတားအဆီးကင်းစွာပင် ရွာထဲဝင်ခဲ့၏။

မကြာပါ ကြောင်ဝါမအိမ် ရောက်ခဲ့ပြီ။

အမှောင်ထဲ ငုတ်တုတ်ထိုင်ရင်း ဝပ်ရင်း ကြောင်ဝါမအခြေအနေကို အကဲခတ်မိ၏။

အလို … ကြည့်စမ်း … ကြောင်ဝါမမှာ သူ့ကလေး လေးကောင်နှင့် မြေပြင်မှာ ဆော့ကစားနေသည်။ ကလေးများကိုကြည့်ရင်း သူ အူမြူးသွား၏။

ထိုအချိန် ဆာလောင်နေပြီဖြစ်သော သူ့ဝမ်းကို သတိပြုမိ၏။

မှန်သည်။ သူ အလွန်ဆာနေပြီ။

သူ မတ်တပ်ရပ်၏။ မီးခိုးရောင်အမွေးများကို ထောင်သည်အထိ မာန်သွင်းသည်။ ဝှက်ထားသည့် ခြေသည်းများကို အရံသင့်အနေအထား ပြင်သည်။ နောက် ခြေလက်တို့ကိုဖော့၍ အမြီးကို ကုပ်ထား၏။ တစ်လှမ်းချင်း ရှေ့တိုးခဲ့၏။

ရုတ်တရက် သူသည် ကြောင်ဝါမကို အရင်ကိုက်သည်။

“ဝေါင်း … ဝေါင်း”

သူသည် တောသံဒေါသံဖြစ်သော “ဝေါင်း … ဝေါင်း” သံကို ဝမ်းခေါင်းခြစ် အသံဩဩနှင့် ဟိန်းဟောက်လိုက်၏။

ကြောင်ဝါမကလည်း “ညောင်” ဟူ၍ ဒေါသသံနှင့်မာန်ဖီ၏။

သူက ကြောင်ဝါမ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ဖိစီးပြီး ကိုက်သည်။ လက်သည်း ခြေသည်းများနှင့် ကုတ်ခြစ်သည်။ ကြောင်ဝါမကလည်း ပြန်ကိုက်သည်။

နှစ်ကောင်စလုံး လုံးထွေးရစ်ပတ်ဆဲ။ သူတစ်ပြန် ကိုယ်တစ်ပြန် ကိုက်ဆဲ။ အသံများ ဆူညံဆဲ။

သူ၏ တိုက်ကွက် ကိုက်ကွက်က ကြောင်ဝါမကို အထိနာသလို ရှိသည့်အင်အားနှင့် ပြန်ကိုက်သည့်ကြောင်ဝါမ၏ တိုက်ကွက်ကလည်း သူ့ကို သွေးထွက်စေ၏။

သူ သွေးစို့လာတော့ ပိုပြီး ဒေါသထွက်သည်။ တကယ်တော့ ကြောင်ဝါမ ထွက်ပြေးမှ။ ဒါမှ သူ့ကလေးများကို အသာအယာ ကိုက်ချီနိုင်မည်။ ယခု ကြောင်ဝါမ မထွက်ပြေးသေး။ သူ ကြောင်ဝါမ ပြေးအောင် တိုက်ဆဲ။ ကိုက်ဆဲ။

ထိုအချိန် ကြောင်ဝါမ၏ ကလေးလေးကောင်က သူ့အမေနှင့် တိုက်ခိုက်နေသည့် သူ့ကို ဝိုင်းပြီး တိုက်သည်။ အမျိုးထိ မချိအောင်နာသည့် သဘော။ လက်သည်းဆိပ်တော့ လက်ထိပ်နာသည့်သဘော။ အသွေးထိ အသားနာသည့် အဓိပ္ပာယ်။ အသားထိ အသည်းနာသည့်ပုံစံ။

တစ်ကောင်နှင့် အများ။ အများနှင့် တစ်ကောင်မို့ သူအတော်ခံရ၏။

သူသည် အားအင်အကုန်သုံးပြီး ဟိုလှည့် ဒီလှည့် ကိုက်သည်။ သူသည် အင်အားကြီးသည်။ ကိုယ့်သွေးကိုယ့်သားကို စားချင်သည်။ သဘာဝတရား ပေးဆပ်လာသည့် သဘောတရားထက် လွန်ကဲလာသည့် သူသည် ဘယ်အရာမဆို အောင်ရမည်။ နိုင်ရမည်။ သူသာလျှင် ပရိယာယ်ကြွယ်သည်ဟု ထင်ခဲ့၏။

ယခုတော့ သူအစာဖြစ်သည့် သတ္တဝါများလည်း အသွေးအသား တည်ဆောက်ထားသည်။ သူ့လိုပင် သတ္တိရှိသည်ဟု သူသိလာပြီ။

အားနည်းသူကို နှိပ်စက်ကလူပြုသည့် သူသည် အင်အားဆုတ်လာသည်။ တိုက်ကွက်၊ တိုက်ကွက်တွေ လျော့လာသည်။ ရုတ်တရက် ကြောင်ဝါမသည် သူ့ကလေးများ၏ အသက်ကို သူ့ဘဝနှင့်ရင်း၍ ကာကွယ်ပုံတွေက သတ္တိကောင်းလွန်းနေ၏။ သိပ်ပြီးကွာခြားမှုမရှိသည့် အင်အားကြောင့်လား ရင်သွေးအတွက် အကာအကွယ်ပြုနေ၍ကြောင့်လား မသိ။ ကြောင်ဝါမသည် သတိလက်လွှတ်မခံ။

ကြောင်ဝါမကို မဲ၍ ကိုက်နေစဉ် ကလေးလေးကောင်က သူ့ကို ခြေ၊ လက်၊ ခါး၊ လည်ပင်းများကို ဝိုင်းခဲကြသည်။ အကိုက်ခံရပြီး သူ နာကျင်စွာအော်၏။

“ဝေါင်း”

သူ တစ်ချက်သာအော်ပြီး ခြေလက်တွေ ပျော့ခွေသွား၏။ တကယ်တော့ သူသည် ကြောင်မျိုးလေးပါးတွင် မပါဝင်သည့် ကြောင်။ ကြောင်စုန်းဆိုသော သတ္တဝါ။ ကိုယ့်ကလေးကိုပြန်စားသည့်အကောင်။

ကြောင်ကျောက်မျိုးလေးပါးမှာ ကြောင်ဇေယော် (ကြိုးစလွယ်ထင်လျက် အသားဝါဝါရှိသည်)၊ ကြောင်ဝေယော် (ရွှေကြိုး၊ ငွေကြိုးရက်တန်းလျက် ရှိသည်)၊ ကြောင်ရှိန်ပုတ် (ဝါဝါရွှေရွှေ စိမ်းစိမ်းညိုညိုရှိသည်)၊ ကြောင်ရှိန်တူ (ကြိုးစိုက်ပိုက်ကွန်ယက်သဏ္ဌာန်ရှိသည်) ထို အမျိုးထဲစာရင်း မဝင်သည့်သူ။

ပြီးတော့ …

ကြောင်မျက်ရွဲလေးမျိုးတွင်လည်း သူမပါဝင်ခဲ့။

ပြီး ဆေးကျမ်းလာ ကြောင်မျိုးငါးပါးတွင်လည်း မပါဝင်နိုင်။

ထိုကျမ်းမှ ကြောင်တောက်၊ ကြောင်ပန်း၊ ကြောင်ရှာ၊ ကြောင်မီးပူ၊ ကြောင်ခြစ် (ကြောင်ပျစ်) ဟု ပါသည်။

အဲ ထိုစာရင်းတွင်လည်း သူမပါခဲ့။

သူသည် တွေးရင်း အားအင်သုံးပြီး သစ်ခေါင်းဆီ ပြန်ပြေးဖို့ အားထုတ်သည်။ သို့သော် သူ့အား ဖိတားကြရင်း ကိုက်ထားကြရင်းရှိသည်မို့ နာကျင်စွာအော်ဟစ်ရင်း ရှိ၏။ မကြာပါ။ သူသည် ကြောင်ဝါမနှင့် ကလေးများ၏ ခြေသည်း လက်သည်းများအောက်တွင် အသက်ထွက်လုလု။

ကြောင်ပေါက်ကလေးများမှာ အားအင်သုံးပြီး တိုက်ဆဲ။ အင်အားနည်းပေမယ့် စုစည်း၍ တိုက်လာလျှင် အင်အားများသည်ထက် ပိုပြီး ခိုင်မြဲကြောင်း သူသိလာ၏။

လောကသည် ဘယ်အရာမဆို သူ့အတွက်ချည်း မျက်နှာသာမပေးခဲ့။ ကံအမြဲ မမြင့်ခဲ့။ နိမ့်ချည်မြင့်တုံ လောကဓမ္မဘုံအကြောင်း သူသိလာ၏။ သူသိခွင့်ရသည့်အချိန် နှောင်းခဲ့ပြီ။

တကယ်တော့ အဆီကိုစား အသားကိုမျိုခဲ့သည့် သူသည် ရင်သွေးများကိုပင် ဝါးမျိုခဲ့သည်မို့။

ဇာတ်တူသားစားသည့် အကြောင်းတရားကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အကျိုးဆက်များက သူ့ဘဝကို ဇာတ်သိမ်းပေးလိုက်ပြီလား။ မလုပ်ကောင်း၊ မကြံစည်ကောင်းသည့် သူ၏တောင့်တမှု တစ်ဝမ်းတစ်ခါးကြောင့် စားပစ်ခဲ့သည့် သတ္တဝါများက သူ့ကို ကိုက်သတ်နေပြီ၊

သူ … သေခဲ့ပြီ။ သူသေခဲ့ပြီလေ။

ကြောင်စုန်းဟု လူတွေခေါ်သည့် သူ့ဘဝ နေဝင်ခဲ့ပြီ။ ဘာကြောင့် သူ့ကို ကြောင်စုန်းဟု ခေါ်သနည်း။

“အဲသလိုကြောင်မျိုးက သူ့ကလေးသူပြန်စားလို့ ကြောင်စုန်းလို့ ခေါ်တာ”

ဟု လူတွေက သူ့အလောင်းကိုကြည့်ရင်း ပြောနေသည့်အသံကို သူ လုံးဝ မကြားနိုင်ပါတော့။

– ပြီး –

စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး

Leave a Reply

Your email address will not be published. Required fields are marked *