သော်တာဆွေ
ရေနံချောင်းမြို့၊ ဘီ-အို-စီ ကွာတာအနီး၊ အိမ်ခြေ အလှမ်းကျဲသောနေရာ ကွက်လပ်တစ်ခုတွင် ကျီးကန်းမသာ တစ်လောင်းကြောင့် ၎င်း၏ ဆွေတော်တစ်သောင်း မျိုးတော်ပေါင်းက သောင်းသောင်းဆူညံ တစူးစူးပျံ၍ ရန်သူတော် မနုဿတို့အား နှုတ်မှဆဲရေး၊ ကျိန်စာကြွေးနေစဉ်အခါဝယ်၊ ဘောင်းဘီရှည် စပို့ရှပ်နှင့် စမတ်ကျကျ ဝတ်ဆင်ထားသော ဘီအိုစီစာရေးကလေး ခင်မောင်ထွေးသည် မိမိ၏ နံပါတ်တူ ဘီ-အက်စ်-အေ လေသေနတ်ကလေးကို နံဘေး၌ ချကာ၊ ဂွလေးကိုင်းလေးများ ပိုင်ရှင် ပုဆိုးလည်ပင်းရောက် နှပ်ချေးခြောက်နှင့် လူပေါက်စနတို့ထံတွင်မှ ထိုကျီးကန်းသေကို ဈေးဆစ်လျက် ရှိချေ၏။
“ဟေ့… သာဘော်ကြီးရ လုပ်ပါကွ။ မင့်ဟာ နှစ်ကျပ်ဆို တော်ရောပေါ့။ အခုနှယ် ဝမ်းဘဲသား တစ်ပိဿာမှ ငါးကျပ်ပေးရတာ”
“ဟ… နာရိုးမ ကျီးဂန်း” ကလေးများ ခေါင်းဆောင် သာဘော်ကြီးသည် ခင်မောင်ထွေးနှင့် စကားပြောနေစဉ် အမှတ်တမဲ့ သူ့ငယ်ထိပ်ကို တောက်ခနဲ နှိပ်မည်ပြုသွားသော ကျီးရဲတစ်ကောင်ကို ဂွနှင့် လှမ်းပစ်ရင်း ဆဲလိုက်ပြီးမှ ခင်မောင်ထွေးဘက် ပြန်လှည့်၍…
“ဟုတ်တယ်လေ… ဟိုဒင်းက ဝမ်းဘဲ။ ဒါက ကျီးကန်းကိုးဗျ။ ဝမ်းဘဲက ပိုက်ဆံရှိရင် အကောင်တစ်ရာ ယူမလား။ အခု ဈေးထဲသွားဝယ်ရင် ရတယ်။ ဒါပေမယ့် ကျီးကန်းတစ်ကောင်ဟာ ခင်ဗျာ့အိတ်ထဲ ငွေတစ်ထောင် ရှိပေမယ့် ဘယ်လောက် ရဖို့ ခဲယဉ်းတယ်ဆိုတာခင်ဗျားလည်း ကျီးတွေပစ်နေတဲ့ သေနတ်သမား တစ်ယောက်ပဲဗျာ။ အထူးပြောစရာ လိုမယ်မထင်ပါဘူး”
သာဘော်ကြီးမှာ လူပေါတောတောမို့ ကလေးများနှင့်ပေါင်းပြီး ကျီးကန်းပစ်နေသော်လည်း အသက်အရွယ်မှာ မငယ်တော့သည် ဖြစ်သောကြောင့် သူ့ဖို့ သူပြောရာ၌ လေလုံးညံ့သူ မဟုတ်ချေ။ ခင်မောင်ထွေးလည်း သာဘော်ကြီးနှင့် မကြာခဏလိုပင် ဆက်ဆံဖူးသည်ဖြစ်၍ မည်သို့မျှ စကားနိုင်လုမနေဘဲ…
“အေး… မင်းပြောတာ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ဝမ်းဘဲက စားရတာကွ။ မင့်ကျီးကန်းက စားရတဲ့ အကောင်လားလို့”
“အောင်မာ ကျီးကန်းက စားရပြီလားဗျ။ ကျီးကန်းစားတဲ့ လူနဲ့ကျမှ ဒီကျီးကန်းက သိပ်အဖိုးတန်တာ။ အခုနှယ် ကျွန်တော်တို့ ဒီကျီးကန်းကို မြို့ထဲ လျှောက်ထမ်းသွားလို့ ပန်းနာသည်နဲ့များ တွေ့လိုက်ရရင် (၅)ကျပ်ဆို ရ၊ (၁၀)ဆို ရတာဗျ”
ဤတွင် ခင်မောင်ထွေးသည် မိမိလိုရင်းအတွက် အချက်ကောင်းရ၍…
“အေးကွာ။ မင်းပြောတာ ဟုတ်ပါပြီ။ ကဲ… ဒါဖြင့် ငါက ဟော့ဒီအတောင်နှစ်ဖက်တင် ဖြတ်ယူပြီး ငွေ (၂)ကျပ် ပေးမယ်။ မင်းတို့က ကိုယ်လုံးကို ယူသွားလေ”
ရုတ်တရက်မူ သာဘော်ကြီးသည် အူတူတူ ဖြစ်သွားသေး၏။ သို့သော် သူ့အဖော် ခေါင်းကြီး စောမောင်က…
“အောင်မာ… အောင်မာ ဘာရမလဲဗျာ။ ကျွန်တော်တို့က ခင်ဗျား ကိုယ်လုံး ယူချင်သလားလို့ ရောင်းနေတာ။ အတောင်ချည်းဆိုရင် ဘယ်ရောင်းနိုင်မလဲ။ ကျွန်တော့ကြီးတော်က အတောင်ပေးပါလို့ မှာထားတာဗျ” ဟု ပြောလိုက်ပြီး သူ့အဖော်များဘက်သို့ လှည့်ကာ
“ဟေ့ကောင်တွေရ… ဟိုနေ့က ငါ့ကြီးတော်က ကျီးကန်းရရင် အတောင်ယူခဲ့ဖို့ ပြောထားတယ် မဟုတ်လားကွ။ သူ မုန့်လုပ်တာမှာ ကျီးကန်းတွေ တရုန်းရုန်းလာလို့ အတောင်ဆဲထားဖို့တဲ့”
ဤတွင် ပုဆိုးလည်ပင်းရောက်နှင့် နှာခေါင်းကြီး သိန်းရွှေကလည်း…
“အေး… ဟုတ်တယ်… ဟုတ်တယ်။ ဘွားလေးက တို့ကို နေ့တိုင်း မုန့်ကျွေးနေတာကွ။ ကိုသာဘော်ကြီး ခညားလည်း ချားရတယ် မဟုတ်လားဂျ”
ယင်းသည်၌ ဘောင်းဘီစုတ်နှင့်ဘာနှင့် ကလေးလူစုတွင် လူကြီးလုပ်နေသော သာဘော်ကြီးမှာ ရုတ်တရက် အကြံရ ကျပ်သွားပြီးမှ…
“ကဲ… ဒါဖြင့်ဗျာ။ ကိုခင်မောင်ထွေးက ကျီးကန်း ကိုယ်လုံးနဲ့ အတောင်တစ်ဖက်ကို (၃)ကျပ်နဲ့ယူ။ စောမောင်ခေါင်းကြီးနဲ့ နှာခေါင်းကြီးတို့က မင်းတို့အဘွားအတွက် အတောင်တစ်ဖက်ရရင် တော်ရောပေါ့”
“အေး… ဟုတ်သားပဲကွ”
ငွေ (၃)ကျပ် လိုချင်နေသော နှပ်ဖေးထူ စိုးမြင့်က ထောက်ခံလိုက်၍ ခေါင်းကြီးနှင့် နှာခေါင်းကြီးတို့က ဘာမှ မပြောချေ။ သို့သော် ခင်မောင်ထွေးက…
“ဟာ.. မင်းတို့ဟာက မလွန်ဘူးလားကွ။ အစဦး တစ်ကောင်လုံးလည်း (၃)ကျပ်၊ အခု အတောင်တစ်ဖက် မပါတော့လည်း ဒီဈေးပဲဆိုတော့…”
“ဒါတော့ ကျွန်တော်တို့က ဒီနေ့ ဘောလုံးဝယ်ဖို့ ငွေ (၃)ကျပ် လိုနေတာကိုးဗျ”
နှပ်ဖေးထူက ပြောလိုက်ပြန်၏။ စင်စစ် ခင်မောင်ထွေးမှာ ဤပစ္စည်းကို မရမနေနိုင် ဖြစ်နေသောကြောင့် ချော့မော့သောလေသံနှင့်…
“မလုပ်ပါနဲ့ကွာ (၂)ကျပ်ပဲ ထားလိုက်ပါတော့။ မင်းတို့ ဟိုတုန်းကဆို ငါ့ကို တစ်ကောင် (၁)ကျပ်နဲ့တောင် ရောင်းနေတာ”
“ဒါကတော့ သူ့ရာသီနဲ့ ရာသီကိုးဗျ။ ဟို မိုးဦးကျစတုန်းက အာဘောင်နီ အပျံသင်စကလေးတွေကိုတော့ ကျွန်တော်တို့က တစ်နေ့လေးငါးကောင် ရတာဗျ။ အခုဆို ဟော့ဒီ အကောင်ကြီးတစ်ကောင် ရဖို့ကို ကျွန်တော်တို့ ဘယ်လောက် ပစ်ရတယ် မှတ်လို့လဲ လောက်စာလုံးတွေ အများကြီး ကုန်နေပြီဗျ”
ယင်းသည့်အကြိုက်ဝယ် သာဘော်ကြီးစကားကို စိတ်မဝင်စားဘဲ နားထောင်နေရသော ခင်မောင်ထွေး၏ လည်ပင်းမှာ ရုတ်တရက် ဆန့်ခနဲ ရှည်သွားလေ၏။ အကြောင်းမှာ ဤကျီးကန်း အရောင်းအဝယ်ပြု ဌာနနှင့် မနီးမဝေးတွင် ကွက်ကွက်ကွင်းကွင်း တောင့်တင်းကျော့မော့ ကော့ပျံကားနေသော ဂါဝန်မကလေးတစ်ယောက်သည် ခွေးစုတ်ဖွားကလေး တစ်ကောင်နှင့်အတူ ဝင်းခနဲ ပေါ်ပေါက်လာသောကြောင့် ဖြစ်ပေ၏။ ခင်မောင်ထွေးသည် ဤကော့ပျံကားမကလေးကို မြင်လျှင်မြင်ချင်း နောက်ထပ် ဈေးဆစ်မနေတော့…
“ကဲ… ကဲ… ရော့ကွာ (၃)ကျပ်၊ ပေး… ကျီးကန်း” ဟုဆို၍ အိတ်ထဲမှ ကျပ်တန် သုံးရွက်ကို ထုတ်ပေးလိုက်လေ၏။ သာဘော်ကြီးသည် ငွေ(၃)ကျပ်ကို ယူပြီး ကျီးကန်းကို ကျေနပ်စွာပေး၏။ သို့သော် ခေါင်းကြီး စောမောင်နှင့် နှာခေါင်းကြီး သိန်းရွှေတို့က လက်နှင့်တားကာ…
“ဟေ့… ဟေ့… ငါတို့ ဘွားလေးဖို့ အတောင်တစ်ဖက် ဖြတ်ထားဦးလေကွာ။ သူ့ကို (၃)ကျပ်နဲ့ ရောင်းတာက အတောင်တစ်ဖက်နဲ့ ကိုယ်လုံးတင်ပဲကွ”
ဤတွင်မှ သာဘော်ကြီးကလည်း…
“အေး… ဟုတ်တယ်… ဟုတ်တယ်။ ဟယ်… တို့ ဓားလည်း မပါဘူး။ လာ… ဟော့ဒီနားက ကျောက်ဖြုံးတို့အိမ် သွားမှပဲ” ဟု သွားမည်ပြင်လိုက်ကြ၏။
ဤစဉ်၌ ဘိုမနှင့် ခွေးကလေးသည် တဖြည်းဖြည်း နီးလာပြီ ဖြစ်ရာ ခင်မောင်ထွေးမှာ အချိန်ဆွဲ မနေနိုင်တော့…
“ဟေ့… အတောင်တစ်ဖက် ဖြတ်မနေကြနဲ့တော့ကွာ။ ရော့ တစ်ကောင်လုံးကို ငွေ(၅)ကျပ်ပေးမယ်” ဟု ဆို၍ ငွေ(၃)ကျပ်အစား အိတ်ထဲမှ ငါးကျပ်တန် တစ်ချပ်ကို ထုတ်ပေးလိုက်ပြီး “ကဲ… မင်းတို့ ဘာမှမပြောနဲ့။ သွားကြ မြန်မြန်” ဟု ဆိုကာ ချာတိတ်တစ်စုကို မောင်းထုတ်လိုက်လေ၏။ ကလေးလူလည်တို့မှာ တစ်ခဏအတွင်း၌ သူ့အကြံရိပ်မိကာ မမျှော်လင့်သော ငွေ(၅)ကျပ်ကိုလည်း ရလိုက်သဖြင့် ဘာမှ နောက်ထပ် မပြောတော့ဘဲ ဝမ်းသာအားရနှင့် ထွက်ခွာသွားကြလေ၏။
ခင်မောင်ထွေးသည် တစ်ယောက်တည်း ကျန်ခဲ့သော အခါ၌ သေနတ်ကိုထမ်း၍ ကျီးကန်းသေကို ဆွဲကာ နောက်ထပ်ပစ်ရန် တောင်မြောက် လေးပါးကို ကြည့်ရန်ဟန် ပြုနေလေ၏။ ဤသို့ရှိစဉ် ဘိုမနှင့်ခွေးကလေးအနီးသို့ ရောက်လာသောအခါ၌ ခင်မောင်ထွေးသည် ရုတ်တရက် တွေ့မြင်ရဟန်နှင့်…
“ဟဲလို… မစ္စမော်လီ… ဂွဒ်မောနင်း”
“မောနင်း မစ္စတာဒွေး… ယူဂေါ့… ဝမ်းကရိုး-ဒက်ဒီစ်-အိက္ကစပက်တင်း အစ်(တ်)”
နီတွေးသော နှုတ်ခမ်းကို ဖြဲ၍ ဖြူဖွေးသော သွားရှစ်ချောင်းကို ပြကာ ပြန်လှန် နှုတ်ဆက်ရင်း…
“ရှင်… ကျီးကန်းတစ်ကောင်ကို ရသလား။ အဖေ ဒါကို မျှော်လင့်နေတယ်” ဟု ပြောပြီး…
ခင်မောင်ထွေးအား နောက်ထပ် စကားဆက်ခွင့် မပေးတော့ဘဲ သူ့ခွေးနှင့်သူ ဆက်လက်သွားလေရာ ခင်မောင်ထွေးခမျာမှာ ထိုဘိုမ၏ နိမ့်တုံ မြင့်တုံ တင်ပါးဆုံကို ကြည့်ရကာသာ အငေးသား ကျန်ခဲ့လေ၏။ အမှန်အားဖြင့် ခင်မောင်ထွေးသည် မစ္စမော်လီ လာသည်ကို မြင်လိုက်စဉ်က ယခု သူ့လက်ထဲ၌ရှိသော ကျီးကန်းသေနှင့် ပတ်သက်၍ အတော်ပင် အယ်လည်းဝမ်းသာစကား ပြောရလိမ့်မည်ဟု အောက်မေ့၏။ ထို့ကြောင့် ချာတိတ်ကလေး တစ်စုကို အဆမတန် ငွေ(၅)ကျပ်ပေး၍ မောင်းထုတ်လိုက်ကာ ဤကလေးတစ်စု ဤကျီးကန်းနှင့် ပတ်သက်၍ သူ့အတွက် အသားပါပါ ကြွားလုံးထုတ်ဖို့ အကြောင်းများကိုလည်း အလျင်အမြန် စိတ်ကူးပြီးသား ဖြစ်၏။
ယခုမူ သူ၏ မှန်းခြေမကိုက်တော့သည်နှင့် မစ္စမော်လီ၏ ကော့ပျံကား နောက်ပိုင်းသည် သူ့မျက်စိအောက်မှ ပျောက်သွားလျှင် ပျောက်သွားချင်း၊ အတောင်တစ်ဖက်အတွက် ရုတ်တရက် ပိုပေးလိုက်ရသော ငွေ(၂)ကျပ်ကို နှမြောစိတ် ပေါ်လာကာ၊ သာဘော်ကြီးတို့ လူစုကို လိုက်ရှာရလေတော့၏။
ခင်မောင်ထွေးသည် ကျီးကန်းသေကို ဆွဲ၍ သေနတ်ထမ်းထားသဖြင့် အဖြစ်မှန်ကို မသိသော ကျီးကန်းတို့မှာ သူ့ကိုပင် တရားခံစစ်ဟု ယူဆကာ ပတ်ပတ်လည်မှ တရုန်းရုန်း တအာအာနှင့် ဆဲရေးကျိန်တွယ်လာကြလေ၏။
ဟိန္ဒူ ကုလားဆိုင်တစ်ခုတွင် ခင်မောင်ထွေး၏ ကောင်းမှုဖြင့် မလိုင်မုန့် သုံးဆောင်နေကြသော သာဘော်ကြီးတို့ လူစုသည် ကျီးကန်းတွေ ဩဘာသံနှင့် လာနေသော သူတို့အလှူရှင်ကို မြင်လေလျှင် ကျေးဇူးတင်သောအားဖြင့် နှာဖေးထူ စိုးမြင့်က…
“ဟေး… ကိုခင်မောင်ထွေးကြီး ဟန်ရဲ့လားဗျ။ လာဗျ။ မလိုင်မုန့်စားချင်ရင် ကျွန်တော်တို့ကို ဝယ်ကျွေးပါဦး”
သို့သော် ခင်မောင်ထွေးသည် ဆိုင်ထဲဝင်လာကာ နှာဖေးထူစကားကို စိတ်ဝင်စားခြင်းမရှိဘဲ ကျီးကန်းသေကို ဖြုတ်ခနဲ ချလိုက်ပြီး…
“ဟေ့… ကောင်တွေ… မင်းတို့ အတောင်တစ်ဖက် ဖြတ်ယူပြီး ငွေ(၂)ကျပ် ပြန်ပေးတော့”
လူကြီးလူကောင်းတစ်စုမှာ ရုတ်တရက် အံ့ဩသလိုဖြစ်ကာ ခေတ္တမျှ ကြောင်ကြောင် ကြည့်နေကြပြီးမှ ခေါင်းကြီး စောမောင်က…
“အလို ခင်ဗျားက ဓနရှင် လက်ကိုင်တုတ်လားဗျ။ ဘယ်လို ဖာပြန်တာလဲ။ သွေဖီတာလား။ ခင်ဗျာ့ဟာခင်ဗျားပဲ တစ်ကောင်လုံး (၅)ကျပ်နဲ့ ဝယ်လိုက်ပြီးတော့”
ခင်မောင်ထွေးသည် မျက်နှာကို အောင့်သက်သက် ရှုံ့ကာ…
“အို… မင်းတို့ အစဦး အတောင်တစ်ဖက် ဖြတ်ယူပြီးတော့ (၃)ကျပ်နဲ့ ရောင်းမယ်ပြောတယ် မဟုတ်လား။ အခု ယူလေ။ အတောင်တစ်ဖက် မင်းတို့ အဘွားဖို့ဆို ငွေ(၂)ကျပ် ပြန်ပေး”
ဤတွင် မလိုင်လုံးကို အဆုံးသတ်ပြီးလိုက်သော နှာခေါင်းကြီးသိန်းရွှေက…
“ဟာ… အခု ကျွန်တော်တို့အဘွားက ခုနက တွေ့လို့ပြောတယ်။ သူ ကျီးကန်းတောင် မလိုချင်တော့ဘူးတဲ့။ နို့… ပြီး ခင်ဗျားငွေ ငါးကျပ်လည်း မရှိတော့ဘူးဗျ”
ခင်မောင်ထွေး မျက်လုံးပြူးသွားကာ…
“ဟင်… ငွေ ငါးကျပ်စလုံး ကုန်ပြီ”
“ကုန်တာပေါ့ဗျ။ မလိုင်တစ်လုံး ငါးမူး၊ ဆယ်လုံးတည်း ရတာ။ ကျွန်တော်တို့ ဝတောင်မဝဘူး။ ခင်ဗျားက ဝယ်ကျွေးဦးဗျာ”
“ဟုတ်တယ်ဗျာ။ ကျွေးဗျာ.. ကျွေးဗျာ” ဟု ဆိုပြီး ဘာမှ သောက်လိုက်ကန်းဆိုး မသိသေးသော သာဘော်ကြီးသည် ခင်မောင်ထွေး၏ အိတ်ထဲကို အတင်းနှိုက်လေတော့သည်။
“ဟိတ်… ဟိတ်… မင့်လက်က ဂျီးတွေ ငါ့ဘောင်းဘီ ပေကုန်ပြီကွ။ ဟေ့… သာဘော်ကြီး လွှတ်ကွာ… လွှတ်ကွာ… လွှတ်ကွာ”
အရမ်းကာရောကျလှသော သာဘော်ကြီးကို အတင်း တွန်းထိုး၍ လွှတ်ရတော့သည်။ သို့တိုင်မှ သာဘော်ကြီးက မလျှော့သေး။
“ဟေ့… သာဘော်ကြီး မလုပ်ပါနဲ့ကွာ။ သူ့ အဝတ်တွေ မည်းကုန်လို့ ဂေါ်မစွံ ဖြစ်နေပါဦးမယ် လွှတ်လိုက်ပါ” ဟု နှပ်ဖေးထူ စိုးမြင့် ပြောလိုက်မှ သာဘော်ကြီးမှာ နည်းနည်းမောလာသည်နှင့် လွှတ်လိုက်တော့၏။
ဤတွင် ခင်မောင်ထွေးမှာ ကြာလျှင် ခက်ချည်ဟု နောက်ထပ် ဘာမှ မပြောဝံ့တော့ဘဲ ကျီးကန်းသေကို ယူ၍၊ သေနတ်ကို ထမ်းကာ လစ်ရတော့သည်။ ကလေးတစ်အုပ်ကား တဟားဟားနှင့် ကျန်ရစ်ခဲ့လေ၏။
ခင်မောင်ထွေးသည် အိမ်သို့ ရောက်လျှင် လမ်းတွင် စိတ်ကူးပေါက်ခဲ့သည့်အတိုင်း ကျီးကန်းသေ၏ခေါင်းကို သေနတ်နှင့် တေ့ပစ်လိုက်ပြီးနောက် ၎င်းဒဏ်ရာကို အတွင်းက ခဲလုံးကလေး ပေါ်အောင် ဓားနှင့် ခွဲလိုက်လေ၏။
*****
ဤနေရာတွင် စာဖတ်သူအား ခင်မောင်ထွေးနှင့် မိတ်ဆက်ပေးရမည်။ ခင်မောင်ထွေးသည် အသက်အစိတ်ခန့် ကိုယ်လုံးကိုယ်ထည် ပါးပါးလျားလျား။ အသားရောင် မဖြူမညိုနှင့် ရုပ်ရည်သန့်ပြန့်သည် ဆိုသည်ထက် ‘လူချောကလေးပဲ’ ဟူသောဘက်သို့ (၇၅)ရာခိုင်နှုန်းလောက် ရောက်လေသည်။ သို့သော် လူကဲဖမ်းတတ်သူတစ်ဦးက သူ့မျက်နှာ အမူအရာကို အနီးကပ် လေ့လာကြည့်ပါလျှင် သာမန်မျက်စိတို့အဖို့ နှစ်သက်စဖွယ် ပြီတီတီ ပါးစပ်ကျဉ်းကလေးနှင့် တစ်နေရာရာတွင် အတည်မငြိမ်တတ်သော သူ့မျက်လုံး ကြည့်ပုံ၏ ပေါ့ပါးစွာ လှုပ်ရှားဟန်ကို သတိပြုမိပေမည်။ အကယ်၍သာ ‘လူတို့၏ အပြင်ရုပ်ရည်အမူအရာသည် အတွင်းစိတ်ဓာတ်၏ အရိပ်အငွေ့ကို ပြလျက်ရှိပေသည်’ ဟူသော စကားကို ထည့်သွင်းပါက ဤနေရာ၌ သူ့တွင် နှုတ်ခမ်းပါးနှင့်မျက်ခွံပါး မျက်လုံးရွဲကလေး ရှိသည်ဖြစ်၍ အပေါ်ယံ ကြည့်တတ်သူတို့က လူချောကလေးပဲ ယူဆကြမည်ဖြစ်သော်လည်း စင်စစ် တစ်စုံတစ်ရာတွင် သူစိတ်ရောက်သောအခါများ၌ သူ့မျက်လုံး တစ်လှပ်လှပ် ရွေ့လျားတိုင်း နှုတ်ခမ်းကပါ ရွရွ ကစားတတ်သောကြောင့် ယခုဖော်ပြရမည့် အဖြစ်အပျက်ကို ဖန်တီးရသည်ဟု ဆိုရပေတော့မည်။
ခင်မောင်ထွေးသည် ခေတ်ပညာ အလတ်တန်းမျှတတ်၍ သူ့ဦးကြီးတစ်ယောက်၏ ဆောင်ရွက်ချက်ဖြင့် ရေနံချောင်းမြို့ ဘီ-အို-စီတွင် လစာ (၁၂၀)ရသော စာရေးကလေးအဖြစ် သူ့ဘဝ ဖန်တီးလိုက်၏။ သူ့အထက်က အရာရှိကြီးမှာ မစ္စတာသွန်မဆင်မည်သော မျက်နှာဖြူတစ်ယောက် ဖြစ်လေသည်။ မစ္စတာ သွန်မဆင်သည် အင်္ဂလိပ်သွေး (၇၅) ရာခိုင်နှုန်းမျှ ပါသော်လည်း အခြားဘိုများကဲ့သို့ သွေးကြီးဝင်သူ မဟုတ်။ သူ့လက်အောက်ငယ်သား မြန်မာ၊ ကုလား လူငယ်များနှင့် ဖော်ရွေစွာ နေတတ်လေသည်။ ခင်မောင်ထွေး အလုပ်ရ၍ တစ်လမျှ ကြာသောအခါ၌ မစ္စတာသွန်မဆင်အိမ်သို့ သွားရောက် လည်ပတ်ခွင့်ရလေသည်။
မစ္စတာသွန်မဆင်တွင် အထက်၌ ဖော်ပြခဲ့သော မော်လီခေါ် သမီးချောတစ်ယောက် ရှိ၍ ခင်မောင်ထွေးလို လူစားမှာ ဤသို့ မိမိထက်များစွာ အထက်တန်းကျလှသော မျက်နှာဖြူတစ်ယောက်၏ သမီးပျိုကို ‘မရ ရအောင် ပိုးမည်’ ဟူသော သန္နိဋ္ဌာန် ချရဲသည့်စိတ်မျိုး မရှိသည်မှန်သော်လည်း ‘မစွံသော်ရှိ စွံသော်ရှိ’ ဟူသော သဘောဖြင့် ထိုကလေးမ၏ ပတ်ဝန်းကျင်ကို ကျင်လည်လိုသည့်အတွက် မစ္စတာ သွန်မဆင်အိမ်ကို ဝင်ထွက်ရန် လိုသည်ထက် ပို၍ စိတ်ဝင်စားမိလေ၏။
တစ်နေ့သော် မစ္စတာသွန်မဆင်တို့ သားအဖနှင့် ခင်မောင်ထွေးသည် စကားလက်ဆုံ ကျကြလေရာ မစ္စတာသွန်မဆင်က လူငယ် တစ်ယောက်ယောက်တွင် ကစားခုန်စားခြင်း၊ တီးမှုတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ သေနတ်ပစ်ခြင်း စသည်တို့၌ တစ်ခုခုကို ဝါသနာ စူးစိုက်တတ်၍ မိမိမူ ငယ်စဉ်က သေနတ်ပစ်ခြင်းကို အလွန်ပင် လိုက်စားခဲ့ကြောင်း ပြောပြပြီး…
“မောင်ခင်မောင်ထွေးကော ဘာကို ဝါသနာ ပါသလဲ” ဟု မေးလေ၏။
စင်စစ်မူ ခင်မောင်ထွေးကဲ့သို့ မြန်မာလူငယ်သည် ဖော်ပြပါ ဝါသနာလေးချက်နှင့် ပတ်သက်သည့် ကိရိယာတို့ကို အလိုရှိသည့်တိုင် လွယ်လင့်တကူ ရရှိနိုင်သော အခြေအနေ မဟုတ်ခဲ့ခြင်းကြောင့် သူများ တီးမှုတ်တာ နားထောင်ခြင်းနှင့် ဘောလုံးပွဲ ကြည့်တတ်သည်မှတစ်ပါး ဘာမှ ဝါသနာ စွဲမြဲခြင်း မရှိခဲ့ချေ။ သို့သော် ခင်မောင်ထွေးသည် မစ္စတာသွန်မဆင်၏ စကားကို နားထောင်ပြီး အနီးရှိ မစ္စမော်လီ၏ မျက်နှာကလေးကို တစ်ချက်မျှ ကြည့်လိုက်ကာ မစ္စတာသွန်မဆင်ကဲ့သို့ပင် သေနတ်ပစ် ဝါသနာပါသည်ဟု ပြောလိုက်မိလေ၏။
ဤတွင် မစ္စတာသွန်မဆင်က မည်သည့်အရာ ဝါသနာပါသောသူသည် မည်ကဲ့သို့သော စိတ်သဘောမျိုး ရှိ၍ အထူးသဖြင့် သေနတ်ပစ်ဝါသနာပါသူတို့မှာ ရဲစွမ်းသတ္တိရှိသူများ၊ တိုက်ရဲ၊ ခိုက်ရဲ၊ သတ်ရဲ ဖြတ်ရဲ ရှိသူများ ဖြစ်သည်ဟု အချို့ အင်္ဂလိပ်စာအုပ်တို့၌ ရေးသားသည့်အတိုင်း ပြောပြလေ၏။ ယင်းသည်၌ မစ္စမော်လီကပါ သူလည်း သေနတ်ပစ် ဝါသနာပါ၍ မိမိသာ အနောက်နိုင်ငံ၌ ဖြစ်ဘိမူ Huntness အမဲလိုက် သမကလေး ဖြစ်ချေမည်ဟု ပြောလေရာ ခင်မောင်ထွေးမှာ ဝါသနာတူချင်း အဖြစ်နှင့် ယူဆချေပြီဟု သူ့စကားနှင့်သူ အတော်ပင် ပီတိဖြစ်မိလေ၏။
သို့သော် ဤတဒင်္ဂမျှသော ပီတိမှာ သူ့အတွက် နောက်ပိုင်း၌ ဒုက္ခများရရှာချေသည်။
အကြောင်းမှာ မစ္စတာသွန်မဆင်သည် လူတို့၏ အသိဉာဏ်ပြည့်သောအရွယ် အသက်(၄၀)ကျော်တွင် ဖြစ်၍ သူ၏ နဂို ပိရိစေ့စပ်၊ တိတိပြတ်သော နှုတ်ခမ်းတို့နှင့် တည်ငြိမ်တောက်ပလျက် တစ်စုံတစ်ခုကို စူးရှစွာ ကြည့်တတ်သော မျက်လုံးမှာ ခန့်ခန့်ထည်ထည် ေန္ဒြေကြီးရုံမက လူတစ်ဖက်သား၏ စကားနှင့် ဝမ်းတွင်းစိတ်ထားကို အထင်းသား သိရှိနေသည့် ပုံသဏ္ဌာန်ပေးနေသောကြောင့် ခင်မောင်ထွေးမှာ ၎င်းနေ့က ဖော်ပြပါစကားတို့ကို ပြောပြီး လူချင်းခွဲလာသောအခါ၌ မိမိကြွားဝါခဲ့သော စကားအတွက် များစွာပင် စိတ်မချမ်းမြေ့ခြင်း ဖြစ်ရလေ၏။
ထို့ကြောင့်ပင် နောက်တစ်ကြိမ် လစာ ထုတ်သောအခါ၌ မိမိအိမ်က ငွေ (၃၀)စိုက်ပြီး ဤဝတ္ထုအစ၌ ကျွန်ုပ်တို့ သူနှင့်အတူ တွေ့ခဲ့ရသော ဘီအက်စ်-အေ လေသေနတ် တစ်ပတ်နွမ်းကလေးကို (၁၅၀)နှင့် ဝယ်လိုက်ရခြင်း ဖြစ်လေ၏။
ဤမှစပြီး ကိုခင်မောင်ထွေးသည် သူ့ကိုယ်သူ တကယ့် သေနတ်ပစ် ဝါသနာပါသူ လုပ်တော့သည်။ နေရာတကာတွင် တွေ့သမျှ စာကလေး၊ ဆက်ရက်၊ ကျီးကန်း အားလုံးတို့ကို ပစ်တော့သည်။ သေနတ်ဝယ်စ၌ အချိန်မတတ်၍ သေနတ်ဒင်က မျက်လုံးအိမ်ကို ပြန်ဆောင့်သဖြင့် ယခုတိုင် သူ့အောက်မျက်ခမ်း၌ အမာရွတ်ရှိ၏။
စင်စစ်မှာ ဝါသနာနှင့်ပါရမီ တွဲ၍နေသည် ဖြစ်သောကြောင့် ဟန်ဆောင်သော ဝါသနာတွင် အကျိုးပေးဝင်ရောက်ခြင်း မရှိပေရကား ခင်မောင်ထွေးမှာ ယခုအထိ အတောင်ပါသော သတ္တဝါကို တစ်ခါမျှ မထိမှန်သေးဘဲ မှတ်မှတ်ရရ အိပ်မောကျနေသော တောက်တဲ့တစ်ကောင်နှင့် အပျိုလိုချင်သော ပုတ်သင်ညိုတစ်ကောင်ကို သေဒဏ်စီရင်ချက် ချမှတ်ခဲ့ဖူးသေး၏။ သို့သော် ကျီးကန်းတို့ နယ်ပယ်တွင်ကား ခင်မောင်ထွေးမှာ လူဆိုးစာရင်းဝင် ဖြစ်နေလျက် သူ သေနတ်ကိုင်၍ ထွက်လာသည်ကို မြင်လျှင် ကျီးကန်းတို့သည် တစ်ခွန်း၊ နှစ်ခွန်းမျှ ဝိုင်းဝန်းဆဲရေးကြပြီး ဝေးရာသို့ တစ်ဟုန်ထိုး လစ်ကြကုန်တော့၏။
အကြောင်းမှာ ကျီးကန်းတို့မည်သည် အမှတ်သညာကြီးသော တိရစ္ဆာန်မျိုးဖြစ်၍ လူတို့ဌာနဆိုလျှင်လည်း နေရာတကာတွင် သူတို့ ရှိတတ်ကြလေရာ ခင်မောင်ထွေးမှာလည်း အခွင့်အရေးရသမျှ သေနတ်ပစ် ကျင့်နေရသဖြင့် သူတို့နှင့် အများဆုံး ဆက်သွယ်ရသောကြောင့် ဖြစ်ပေ၏။ စင်စစ် ကျီးကန်းထုသည် မိမိတို့ မျက်စိရှင်၍ လျင်မြန်မှုဖြင့် ခင်မောင်ထွေးလို ကောင်မျိုး၏ လက်ချက်ကို ဘာမှ စိုးရိမ်စရာမရှိကြောင်း သိပါသည်။ သို့သော် ကျီးကန်းဘဝကနေ မြင်ရသမျှ ဒီလောက် လေသေနတ်ကျည်ဆန် ဖြုန်းသော သတ္တဝါကို မကြုံဘူးသေးသောကြောင့် အစာရှာရဖွေရ ဇိမ်ပျက်လှသည့်အတွက် သူ့မျက်ကွင်းက ဖဲကြဉ်ကြခြင်း ဖြစ်လေတော့သည်။
ဤနည်းဖြင့် ကျွန်ုပ်တို့၏ ဇာတ်လိုက် ခင်မောင်ထွေးသည် ကျီးကန်းထုပေါ်၌ နာမည်ကြီးခဲ့လေရာ တစ်လမျှ ကြာသောအခါဝယ် မစ္စတာသွန်မဆင်က…
“ခင်မောင်ထွေး သေနတ်ပစ် တော်တော် လက်တည့်ရဲ့လားကွ”
အကြောင်းမှာ ခင်မောင်ထွေးသည် သေနတ်ကလေး ဝယ်ပြီးမှ တရွရွ ဖြစ်နေကာ အလုပ်လာရာ၌ လည်းကောင်း၊ အားလပ်သော နေ့များတွင် မစ္စတာသွန်မဆင်အိမ် သွားလည်ရာ၌လည်းကောင်း သေနတ်ကို ယူသွားတတ်သဖြင့် ခင်မောင်ထွေး၌ သေနတ်ရှိမှန်း မစ္စတာသွန်မဆင် သိသွားသောကြောင့် ဖြစ်၏။
“အသင့်အတင့်တော့ မှန်သားပါပဲ ခင်ဗျာ
ခင်မောင်ထွေးသည် မိမိကိုယ်မိမိ ကြွားဝါလိုစိတ်ရှိသာ လေသံမျိုးနှင့် ပြောလိုက်လေရာ မစ္စတာသွန်မဆင်က…
“ဟာ… ဒါဖြင့် နေရာကျပဟေ့။ အခုညနေ အားရဲ့လားကွယ့်”
“အားပါတယ်ခင်ဗျာ”
“ဒါဖြင့် ညနေကျ အန်ကယ်လ်တို့ ဂေါက်သီး (ဂေါ့ဖ်ဘောလ်) ရိုက်တဲ့ကွင်းကို လာခဲ့စမ်းကွယ်။ မင်းပစ်ရမှာက တခြားတော့ မဟုတ်ဘူးကွယ့်။ ကျီးကန်းတွေ၊ ဒီကောင်တွေ တယ်ဆိုးလှတယ်ကွယ်။ အန်ကယ်လ်တို့ ရိုက်တဲ့ ဂေါက်သီးတွေကို စားစရာ ဥတို့၊ ဘာတို့ မှတ်ပြီး ချီချီသွားကြတယ်ကွယ့်”
ထိုနေ့ညနေ၌ ခင်မောင်ထွေးသည် သေနတ်ကို လွယ်၍ မစ္စတာသွန်မဆင်တို့ ဂေါက်သီးကွင်းထဲသို့ လိုက်သွားလေ၏။ မော်လီတို့သားအဖ ကစားနေချိန်၌ ဂေါက်သီးကို အလစ်သုတ်ရန် စောင့်နေကြသော ကျီးကန်းတို့သည် ခင်မောင်ထွေးလာသည်ကို မြင်လျှင်မြင်ချင်း သေနတ်တစ်ချက်မျှ မပစ်ရမီပင် ထုံးစံအတိုင်း သုံးလေးခွန်းမျှ ဆဲရေးကျိန်တွယ်ပြီး တစ်ရပ်တစ်ပါးသို့ လစ်ကြလေတော့၏။ သို့ဖြင့် မစ္စတာသွန်မဆင်တို့ ကစားကွင်းသည် ကျီးကန်းရန်မှ လွတ်ကင်း၍ နောက်ဆုံး အိမ်ပြန်ခါနီး၌ ခင်မောင်ထွေးကို နက်ဖြန်ခါပါ လာပါရန်နှင့် ကျေးဇူးတင်စကား ပြောကြားလေ၏။
ဤနည်းဖြင့် ခင်မောင်ထွေးသည် မစ္စတာသွန်မဆင်၏ ဂေါ့ဖ်ဂရောင်းထဲ၌ ညနေတိုင်း ကျီးကန်းစောင့် စန္ဒရီ ဖြစ်ခဲ့ပေရာ မော်လီအပျိုချောကို နေ့စဉ် မြင်နေရခြင်း၊ ကစားကွင်းထဲတွင် တစ်စုံတစ်ခုကို ကူညီခွင့်ရ၍ မကြာခဏဆိုသလိုပင် မော်လီ၏ နှုတ်မှ ‘သိုင်းကျူး’နှင့် ချစ်ဖွယ်သော အပြုံးကလေးများကို ရရှိခြင်းတို့ကြောင့် ခင်မောင်ထွေးမှာ သူ့အဖို့ အလွန်ကျေနပ်နေလျက် မစ္စတာသွန်မဆင်က ဤသို့ နေ့စဉ် လာရောက်ကူညီနေရသည့်အတွက် အလွန် အားနာမိကြောင်း ပြောသောအခါတွင် မိမိမှာ ဤကစားကွင်းထဲတွင် ဤသို့မှ သေနတ်ကို ကိုင်မနေရပါလျှင် ညအိပ်၍မှ ပျော်တော့မှာ မဟုတ်တော့ဟု ပြန်ပြောမိလေ၏။
သို့ရာတွင် (၁၀)ရက်မျှ ကြာလတ်သော် မစ္စတာသွန်မဆင်၏ မိတ်ဆွေ မစ္စတာဝီလီယန်သည် ဂေါက်သီးကွင်းထဲသို့ မော်တော်ကားနှင့် ရောက်လာကာ မစ္စတာသွန်မဆင်အား…
“ဟေ့… တွမ်၊ မင့်… ကွင်းထဲမှာတော့ ကျီးကန်းတစ်ကောင်မှ မရှိတော့ဘူးကွာ။ အခု ငါ့ကွင်းမှာဖြင့် လွန်ခဲ့တဲ့ သီတင်းတစ်ပတ် ကျော်လောက်ကစပြီး ကျီးကန်းတွေ ခါတိုင်းထက် နှစ်ဆလောက် များနေတယ်ကွ။ ဒုက္ခပါပဲကွာ” ဟု ညည်းညူလိုက်၏။
အကြောင်းမှာ မစ္စတာဝီလီယန်၏ ကစားကွင်းသည် သွန်မဆင်၏ ကစားကွင်းနှင့် မိုင်ဝက်မျှသာ ကွာဝေး၍ ယခု ဤကွင်းက ကျီးကန်းများသည် ဟိုကွင်းသို့ ပြောင်းရွှေ့သွားကြခြင်းကြောင့် သူ့ကွင်းတွင် နှစ်ဆတိုးနေခြင်း ဖြစ်ပေ၏။
မစ္စတာသွန်မဆင်သည် စီးကရက် တစ်လိပ်ကို ညှိသောက်ကာ…
“အို… ဟုတ်လား… ဝီလီ။ ငါ့ကွင်းမှာတော့ ဘယ်ကျီးကန်းတွေ လာဝံ့တော့မှာလဲကွာ။ ဒီမှာ သေနတ်ပစ် သူရဲကောင်းကြီး တစ်ယောက်လုံး ရှိနေတာပဲ” ဟု ဆိုပြီး ခင်မောင်ထွေးကို မစ္စတာဝီလီယန်နှင့် မိတ်ဖွဲ့ပေးလေ၏။ ဤတွင် မစ္စတာဝီလီယန်က ခင်မောင်ထွေးအား သိရတာ ဝမ်းသာကြောင်းနှင့် ယခု သူ့ကွင်းသို့လိုက်၍ ကျီးကန်းပစ်ပေးရန် အကူအညီတောင်းလေရာ ခင်မောင်ထွေးမှာ မငြင်းသာတော့ဘဲ မစ္စတာဝီလီယန်နှင့်အတူ လိုက်သွားရလေတော့၏။
မစ္စတာဝီလီယန်၏ ဂေါက်သီးကွင်းသို့ ရောက်၍ ခင်မောင်ထွေးသည် သေနတ်ကိုင်ကာ ကားပေါ်မှ ဆင်းလိုက်လျှင်ပင် ရုတ်တရက်မူ ကျီးကန်းတို့သည် အံ့ဩခြင်း ဖြစ်သွားပြီးနောက် ‘ဒီကောင် ဒီနေရာပါ လာရှုပ်ပြန်ပြီ’ဟု ထုံးစံအတိုင်းပင် သုံးလေးခွန်းမျှ ဆဲရေးလျက် ဤကစားကွင်းကို စွန့်ခွာသွားကြကုန်သည်။ စင်စစ်မူ ခင်မောင်ထွေးမှာ တစ်ချက်မှ သေနတ်မောင်းတင်ခြင်းကိုပင် မပြုလိုက်ရပေ။
အစပထမ၌ ခင်မောင်ထွေးသည် မစ္စမော်လီကို မျက်စိကြော ဖြတ်ပစ်ခဲ့ရသဖြင့် စိတ်မချမ်းမြေ့သလို ဖြစ်မိသေးသည်။ သို့ရာတွင် ယခု သူ့စိတ်၌ တစ်မျိုးရွှင်မိသည်ကား ဤကစားကွင်းမှာလည်း မစ္စမော်လီကဲ့သို့ ချောမောလှပသော မစ္စစင်သီရာခေါ် မိန်းမပျိုကို တွေ့ရသောကြောင့် ဖြစ်ပေ၏။
မစ္စစင်သီရာသည် သွက်လက်ဖော်ရွေသော ဘိုမကလေး ဖြစ်လေရာ မစ္စတာဝီလီယန်က မိတ်ဖွဲ့ပေးလိုက်လျှင်ပင် ခင်မောင်ထွေးအား ဝမ်းသာအားရနှင့် ကျေးဇူးတင်လှသော အမူအရာကိုပြ၍…
“အို… မစ္စတာဒွေးက သိပ်ပြီး သေနတ်ပစ် ဘကောင်းတယ် ထင်တယ်။ အခု ကျီးကန်းတွေဟာ မစ္စတာဒွေး မြင်တာနဲ့ပဲ ပြေးကြပြီ” ဟု ချီးမွမ်းစကားပြောလေရာ ကျွန်ုပ်တို့ဇာတ်လိုက် ခင်မောင်ထွေးမှာ ရုတ်တရက် နားထင်သွေးရောက်သွားပြီး…
“အို ကိုယ်ပစ်လိုက်ရ တစ်ချက်မလွဲဘူး” ဟု လှသော မိန်းကလေးရှေ့၌ အမှတ်မထင်ကြွားဝါလိုက်လေ၏။
ခင်မောင်ထွေးမှာ သူ့စကားနှင့်သူ ရုတ်တရက် ပီတိအရှိန် တက်ကြွသွားသည်။
စင်သီရာကို ကြည့်ရ၊ စကားပြောရသည်မှာလည်း မော်လီထက်ပင် ညက်ညက်ညောညော ရှိလှသည်ဟု အောက်မေ့မိသည်။ ကုန်ကုန်ပြောလျှင် ယနေ့ညနေ နေမဝင်ပါစေနဲ့တော့ဟု ဆုတောင်းမိလေ၏။
သို့သော် သူ ဤကစားကွင်း၌ (၁၅)မိနစ်အကြာတွင် မစ္စတာသွန်မဆင်သည် မော်တော်ကားနှင့် ရောက်လာကာ ပျာယီးပျာယာနှင့်…
“ဟေ့… ဝီလီရဲ့၊ ဒီကွင်းက ကျီးကန်းတွေ အခု ငါ့ကွင်းမှာ အကုန်ရောက်နေပြီကွယ့်။
မောင်ဒွေး မြန်မြန်လိုက်ခဲ့ပါ” ဟု ဆိုလေသဖြင့် ခင်မောင်ထွေးမှာ စင်သီရာကိုမှ ကောင်းကောင်း နှုတ်မဆက်ခဲ့နိုင်ဘဲ မစ္စတာသွန်မဆင်၏ ကားပေါ်သို့ တက်ရလေ၏။ မော်လီတို့၏ ကွင်းသို့ ပြန်ရောက်သောအခါ၌ကား အထူးဖော်ပြစရာ လိုတော့မည်မထင်ပါ။ ခင်မောင်ထွေး ကားပေါ်က ဆင်းလျှင် ဆင်းချင်းပင် ကျီးကန်းများသည် တစ်ခွန်း၊ နှစ်ခွန်းလောက်သာ ဆဲရေးပြီး ပြေးကြတော့၏။
သို့သော် (၁၀)မိနစ်မျှ ကြာသောအခါ၌ မစ္စတာဝီလီယန်သည် မော်တော်ကားနှင့် ရောက်လာပြန်သည်ကား ကျီးကန်းတစ်စု ယခု သူ့ကွင်းရောက်နေကြောင်း ပြောပြန်သဖြင့် ခင်မောင်ထွေး လိုက်သွားရပြန်တော့သည်။ ဤအခေါက်၌ကား ကျီးကန်းတို့သည် ခင်မောင်ထွေး ကားပေါ်က အဆင်းကို မစောင့်တော့ဘဲ တစ်ကောင်တစ်ခွန်းသာ ဆဲရေးပြီး လစ်ကြပြန်တော့၏။
တစ်နည်းအားဖြင့် ခင်မောင်ထွေးသည် ပထမအကြိမ်သာ မြင်ဖူးသော စင်သီရာမျက်နှာကို မြင်ရပြန်၍ ဝမ်းသာမိသည်။ သို့သော် ငါးမိနစ်မျှအကြာ၌ မစ္စတာသွန်မဆင် လာရောက် ခေါ်ငင်ပြန်သဖြင့် အလျင်အမြန် လိုက်သွားရပြန်တော့သည်။ ဤအကြိမ်တွင် ကျီးကန်းတို့သည် မော်တော်ကား ရပ်အောင်မှ မနေတော့ဘဲ လစ်ကြကုန်လေ၏။ သူတို့ ဘယ်သွားကြသည်ကိုကား အထူး ဖော်ပြစရာလိုမည် မထင်တော့ပါ။ နှစ်မိနစ်မျှအကြာ၌ သေနတ်သူရဲကောင်းကြီးကို ခေါ်ငင်ပြန်သည်။
ကျီးကန်းတို့သည် မော်တော်ကား ပြန်လာသည်ကို ခပ်လှမ်းလှမ်းက မြင်ရုံနှင့်ပင်မစ္စတာသွန်မဆင်၏ ကွင်းသို့ အလျန်အမြန် ယွန်းကြပြန်သဖြင့် မိနစ်ငါးမတ်အကြာ၌ မစ္စတာသွန်မဆင်သည် မစ္စတာဝီလီယန်ကွင်းသို့ ရောက်လာ၍ ခင်မောင်ထွေး လိုက်သွားရပြန်သည်။ သို့သော် ရောက်၍ မိနစ်ခြောက်မူးတွင် မစ္စတာဝီလီယန်သည် မစ္စတာသွန်မဆင်ကွင်းသို့ ရောက်လာပြီးနောက် မိနစ်ငါးပဲ၌ မစ္စတာသွန်မဆင်သည် မစ္စတာဝီလီယန်ကွင်းသို့ ရောက်လာပြန်တော့သည်။
စင်စစ်ကား ဘိုနှစ်ယောက်သည် အချက်ကို သိနေပြီးဖြစ်၍ ကျီးကန်းတို့ အရောက်ကို မစောင့်တော့ဘဲ ကျီးကန်းအုပ်နှင့် လမ်းမှာ ဆုံခြင်းပင် ဖြစ်လေတော့သည်။ အမှန်အားဖြင့် ဤအချိန်၌ ခင်မောင်ထွေးသည် တစ်ကွင်းတစ်ကား ပြောင်း၍ မရပ်မနား အသွားအပြန် မော်တော်ကား စီးနေရသဖြင့် မော်လီနှင့် စင်သီရာကို ကြည့်ခွင့်မှ မရတော့၍ မိမိ၏ သူရဲကောင်းအဖြစ်ကို စိတ်ပျက်စပြုလေ၏။
နောက်ဆုံး၌ကား ခင်မောင်ထွေးစီးသော မော်တော်ကားနှင့် ကျီးကန်းအုပ်သည် အရပ်အနားမရှိဘဲ ဂေါက်သီးကွင်း နှစ်ခုအကြား၌ အသွားအပြန် အပြေးပြိုင်နေရလေသတည်း။
ဤနည်းနှင့် တစ်နေ ဝင်ခဲ့လေတော့၏။
*****
နောက်တစ်နေ့နံနက်၌ မနေ့က မော်တော်ကားချည်း မောင်းနေရသဖြင့် ဂေါက်သီး မကစားလိုက်ရသော မစ္စတာသွန်မဆင်၊ မစ္စတာဝီလီယန်နှင့် မစ္စမော်လီ၊ မစ္စစင်သီရာ တို့သည် ကျွန်ုပ်တို့၏ သေနတ်သူရဲကောင်း ခင်မောင်ထွေးကို ခေါ်၍ အစည်းအဝေးတစ်ခု ပြုလုပ်ကြလေ၏။
မစ္စတာဝီလီယန်က “ဘယ်နှယ့်လဲ… တွမ်၊ ကိုယ်တော့ ဒီလို စိတ်ကူးမိတယ်။ ဒီနေ့ညနေမှာ ဂျစ်ကားတစ်စီး အမိုးဖြုတ်၊ မောင်ဒွေးကို ကျီးကန်းတွေ မြင်အောင် သူ့သေနတ်နဲ့ ကားပေါ်တင်၊ ဒရိုင်ဘာကို ဂေါက်သီးကွင်းနှစ်ခုအကြားမှာ မနေ့က ကိုယ်တို့မောင်းသလို အသွားအပြန် ကျီးကန်းအုပ်နဲ့အတူ မောင်းနေရရင်ဖြင့် ကိုယ်တို့ ကောင်းကောင်း ကစားနိုင်လိမ့်မယ်ထင်တယ်”
ဤစကားကို ကြားရာ၌ ခင်မောင်ထွေးမှာ မနေ့က ကားချည်း စီးခဲ့ရသည်ကို တွေးပြီး ကြက်သီးထမိလေသည်။ သို့သော် သူတို့ ဆရာအချင်းချင်း ပြောနေသည်ဖြစ်၍ သူ ဘာမှ ဝင်မပြောရဲချေ။
မစ္စတာသွန်မဆင်သည် ဆေးတံကို ဖွာရင်း ခေါင်းညိတ်ကာ…
“အင်း… ဝီလီပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ခုတွက်ရမှာက ကျီးကန်းချီလို့ ကုန်မယ့် ဂေါက်သီးဖိုးနဲ့ အခု ဂေါက်သီးကွင်းနှစ်ခုအကြားမှာ (၃)နာရီလောက် အသွားအပြန် မောင်းနေလို့ ကုန်မယ့် ဓာတ်ဆီဖိုး တွက်ကြည့်ပါဦး”
မစ္စတာဝီလီယန် စဉ်းစားကာ…
“အေး… ဒါတော့လည်း ဟုတ်တယ်။ ဒါဖြင့် သည့်ပြင်နည်းလမ်း တစ်ခု စဉ်းစားကြည့်ပါဦး”
“ဪ… အန်ကယ်လ်” မစ္စမော်လီသည် နီရဲသော နှုတ်ခမ်းကလေးကို ဖွင့်ကာ ဝင်ပြောလိုက်သည်။
“ကျီးကန်းအတောင်ဆွဲထားတဲ့ နေရာကို ကျီးကန်းတွေ မလာဘူးလို့ မြန်မာတွေက ပြောကြတယ်”
“ဟုတ်တယ်၊ ဒက်ဒီ”
မစ္စစင်သီယာက ထောက်ခံလိုက်၏။
“ဒါတော့ ဟုတ်ပြီ စင်သီရာ၊ ဒါပေမယ့် တို့ကစားကွင်းကြီးမျိုးမှာ အရပ်လေးမျက်နှာ ဆွဲထားဖို့ အနည်းဆုံး လေးတောင်လိုမယ်။ နှစ်ကွင်းအတွက် ရှစ်တောင်ဆိုတော့ ကျီးကန်းလေးကောင်။ ဒီကျီးကန်းလေးကောင်ကို ဘယ်လိုလုပ်ရပါ့မလဲ” ဟု မစ္စတာသွန်မဆင်က ညည်းညူသလို ပြောလိုက်ရာ မစ္စစင်သီရာက တက်ကြွသော မျက်နှာပေးကလေးနှင့် ခင်မောင်ထွေးကို ကြည့်၍…
“အို… ဒါများတော့ အန်ကယ်လ်၊ မစ္စတာဒွေး ရှိပါတယ်။ မစ္စတာဒွေးက သူပစ်ရရင် တစ်ချက်မှ မလွဲဘူးလို့ ပြောတာပဲ။ ဘယ့်နှယ်လဲ မစ္စတာဒွေး၊ ကျီးလေးကောင်များတော့ ခဏကလေး လျှောက်ပစ်ရုံနဲ့ ရနိုင်ပါလိမ့်မယ်” ဟု ပြောလိုက်ရာ ခင်မောင်ထွေးမှာ စင်သီရာအပြုံး၏ ဆွဲငင်ချက်ကြောင့် ရုတ်တရက် အဘယ်ကဲ့သို့ ဖြစ်သွားသည် မသိ။
“အို… ရှူးဝါး” ဟု အာမခံလိုက်လေ၏။
ဤအချက်ကြောင့်ပင် ကျွန်ုပ်တို့ ဇာတ်လိုက် ခင်မောင်ထွေးသည် သာဘော်ကြီးတို့လူစုနှင့် ဆက်သွယ်မိခြင်း ဖြစ်လေတော့သည်။ အကြောင်းမှာ ခင်မောင်ထွေးသည် ဤသို့ အာမခံလိုက်စဉ်ကပင် အရပ်ထဲ၌ ကျီးကန်းအပျံသင်များကို လိုက်လံပစ်နေသော သာဘော်ကြီးတို့ ပါတီကို အားကိုးပြီး ဖြစ်သောကြောင့် အစည်းအဝေးပြီးလျှင် ပြီးချင်း သာဘော်ကြီးတို့ဆီကို တိုက်ရိုက် ရောက်ခဲ့တော့သည်။
“ဟေ့… ကောင်လေးတွေ၊ မင်းတို့ ကျီးကန်းရောင်းမယ်လား”
ခင်မောင်ထွေးက မေးလိုက်၏။ သို့သော် သာဘော်ကြီးသည် သူ့ကို စိန်းစိန်းကြည့်ပြီး…
“ဘ… လဲ ခင်ဗျားက ပန်းနာသည်လား”
“မဟုတ်ဘူး”
“မဟုတ်ရင် မရောင်းနိုင်ဘူး”
“ဘာလို့လဲကွ။ ပိုက်ဆံပေးမှာချင်း အတူတူ”
“မတူဘူးဗျ။ ကျွန်တော်တို့က သူများအသက် သတ်ရပေမယ့် ဆေးဝါးအဖြစ် ကုသိုလ်ယူချင်သေးတယ်။ နို့… ပြီး ဆေးလို ဝါးလို ဆိုတော့ ပိုက်ဆံလည်း ပိုပေးတယ်ဗျ”
“ဟေ… ငါလည်း ပေးမှာပေါ့ကွ။ မင်းတို့ဟာ တစ်ကောင် ဘယ်လောက်ပေးရမလဲ”
“တစ်ကျပ်လေ”
“ရော့ကွာ” ဟု ဆိုပြီး ကျပ်တန်တစ်ရွက် ပေးလိုက်ရာ သာဘော်ကြီးသည် ဝမ်းသာအားရနှင့်…
“ဟာ… တယ်လိမ္မာတဲ့ လူပဲ။ နောက်လိုချင်သေးရင်လည်း ပြောနော်။ ကျွန်တော့နာမည် သာဘော်ကြီးတဲ့။ ဟိုမှာ ကျွန်တော့အိမ်။ အိမ်ရှေ့မှာ ဆိုင်းဘုတ်နဲ့ ဘာနဲ့ ရှိတယ်”
ခင်မောင်ထွေးမှာ ပြုံးမိကာ…
“နောက်မှ မဟုတ်ဘူးကွ။ ငါ အခု နောက်ထပ်(၃)ကောင် လိုချင်သေးတယ်”
“ဟာ… ရတာပေါ့ဗျာ။ အိမ်မှာ တောင်းနဲ့ လှောင်ထားတာ (၅)ကောင်တောင် ရှိသေးတယ်။ လာ… လိုက်ခဲ့” ဟု ဆိုသဖြင့် ခင်မောင်ထွေး လိုက်သွားလေရာ အပေါက်ဝ၌ သာဘော်ကြီးကုမ္ပဏီ၊ ကျီးကန်းသတ်ပါတီ၊ မြန်မာပြည်ဟု နှီးကြောဖျာစုတ်ကို ထုံးနှင့် ရေးထားသော တဲပုတ်ကလေးသို့ ရောက်သွားလေ၏။
သာဘော်ကြီးသည် ကြိုးချည်ထားသော ကျီးကန်းငါးကောင်ကို တောင်းဖွင့်ပြ၍…
“ကဲ… ဆရာ ကြိုက်တဲ့ကောင်သာ ရွေးပေတော့”
“မရွေးပါဘူးကွာ။ သုံးကောင်သာ ဒီတစ်ကောင်နဲ့ ရောပြီး လေးကောင်ပူး ကြိုးတွဲ ပေးလိုက်ပေတော့”
သာဘော်ကြီးတို့ လူစုသည် ကျီးလေးကောင်ကို ကြိုးချည်ရင်း…
“ကိစ္စတုံး လုပ်ပေးလိုက်ရဦးမလား ဆရာ”
“နေပါစေ။ အရှင်ပဲ ယူသွားမယ်”
“ဘာလဲ။ ဆရာက အိမ်မှာ မွေးထားမလို့လား”
“မဟုတ်ပါဘူးကွာ”
“ကဲ… ဒါဖြင့် ရော့ ချည်ပြီးပြီ ဆရာ။ ယူသွားပေတော့။ နောက်လိုချင်တဲ့အခါလည်း ဖောက်သည်ပေါ့ဗျာ။ ဒီကိုပဲ လာခဲ့တာပေါ့”
အိမ်ပေါက်ဝ အထွက်၌ သာဘော်ကြီးက မှာလိုက်သေး၏။
ခင်မောင်ထွေးသည် ကျီးကန်းလေးကောင်ကို ဆွဲကာ ကျီးကန်းကြီးတွေ တရုန်းရုန်း တအာအာနှင့် လာခဲ့၍ အိမ်သို့ ရောက်လတ်သော် ကြိုးချည်ထားသော ကျီးငယ်လေးကောင်၏ ဦးခေါင်းကို တစ်ကောင်တစ်ချက်စီ သူ့သေနတ်နှင့် ပစ်သတ်ပြီး၊ သူ ယခုပင် လတ်လတ်ဆတ်ဆတ် ယူခဲ့သော ကျီးကန်းများအဖြစ်နှင့် ဘိုတွေဆီသို့ သွားပေးလေ၏။
ဘိုမပျိုတစ်စုနှင့် ဘိုကြီးနှစ်ဦးသည် ခင်မောင်ထွေးအား တစ်နာရီအတွင်း ကျီးကန်းလေးကောင် ပစ်လာနိုင်သော သူရဲကောင်းအဖြစ်နှင့် ချီးမွမ်းလိုက်သည်မှာ ပြောစရာမရှိ။ ထိုမှာပင် ကျွန်ုပ်တို့ ဇာတ်လိုက်သည် ဤ မျက်နှာဖြူလေးဦးထံ၌ သေနတ်ပစ် နာမည်ကျော် ဖြစ်သွားလေ၏။
သူတို့ ကစားကွင်း နှစ်ခုမှာလည်း အရပ်လေးမျက်နှာကို ကျီးတောင်လေးခု ဆွဲထားခြင်းဖြင့် ကျီးကန်းတို့ရန်မှ ကင်းဝေး၍ အေးချမ်းစွာ ကစားရသော ဟူ၏။
သို့သော် မကြာခဏ ဆိုသလိုပင် ကျီးတောင်တို့သည် လေတိုက်၍ ပြုတ်ကျ ပျောက်ဆုံးခြင်းဖြင့် ခွေးချီသွားခြင်း၊ အခြားဘိုများက လာတောင်းခြင်းတို့ကြောင့် ခင်မောင်ထွေးသည် (၃-၄) ရက်တစ်ခါ ဖမ်းရခြင်းအားဖြင့် ကျီးကန်းတစ်ကောင် ပေးအပ်ခြင်းအမှုကို ပြုရလေ၏။
သူ ကျီးကန်း ပေးအပ်ပုံကား အထူးဖော်ပြစရာ လိုမည်မထင်ပါ။ ကျီးကန်းကို သာဘော်ကြီး ကုမ္ပဏီ၌ ဝယ်၊ ခေါင်းကို သေနတ်နှင့် တေ့ပစ်။ သူပစ်ခဲ့သော အနေနှင့် သွားပေး။ ဘိုကြီးတွေ၏ ကျေးဇူးတင်ခြင်း၊ ဘိုမပျိုတို့၏ အပြုံးပေးခြင်းကို ခံယူ၊ ဤသို့နှင့် တစ်စတစ်စ ကြာခဲ့ရာ ခင်မောင်ထွေးမှာ တဖြည်းဖြည်း ကျီးကန်း တက်ဈေးနှုန်းနှင့် မိလေ၏။ အကြောင်းမှာ…
ကျီးကန်းအပျံသင် အချိန်ကုန်သောအခါ၌ သာဘော်ကြီးတို့မှာလည်း အရနည်းသောကြောင့် ဖြစ်ပေ၏။
ယခု ဤဝတ္ထုအစ၌ ဖော်ပြခဲ့သည်ကား၊ မစ္စတာသော်မဆင်၏ ကစားကွင်း၌ တနင်္လာထောင့်က ကျီးကန်းတစ်တောင် ပျောက်ဆုံးသဖြင့် သေနတ်သူရဲကောင်းပေါ် တာဝန်ကျလေ၍ သာဘော်ကြီးကုမ္ပဏီသို့ လာခဲ့ပေရာ အချိန်အခါအလျောက် တက်ဈေးမှာ ကိုယ်လုံးနှင့် အတောင်တစ်ဖက်ကို (၃)ကျပ်ဖြစ်ရာ တစ်ကောင်လုံးအတွက် ရုတ်တရက် (၅)ကျပ် ပေးလိုက်ရပုံကို စာဖတ်သူ သိရှိပြီး ဖြစ်ခဲ့လေသည်။ ဒါတောင်မှ (၁)ကျပ်လျှင် တစ်ပဲနှုန်း ရောင်းခွန်တော် မပါသေး။ ဘလက်မားကက်မို့လို့ ကျီးကန်းအရောင်းအဝယ်ဆိုတော့ သာပြီး Black market ခေါ်ထိုက်တာပေါ့နော်။
ယခုဆက်လက်၍ စတင်ဖော်ပြရမည်ကား ကလေးများနှင့် အရှုပ်အရှင်း ဖြစ်နေသည်ကို မော်လီ မြင်သွားသောကြောင့် သူ၏ သေနတ်သူရဲကောင်း ဂုဏ်ကို ကာကွယ်ရန် လီဆယ် ရှင်းလင်းရမည် ဖြစ်ပေ၏။
*****
“ဘယ့်နှယ် ခေါင်းမှာ ဓားဒဏ်ရာလည်း ရှိနေပြန်ပါလား မောင်ဒွေးရဲ့”
ခင်မောင်ထွေးသည် ကျီးသေကို ယူခဲ့ပြီး သူ့အား ကျီးကန်းများက အမြင်မခံတော့သဖြင့် မည်ကဲ့သို့ ချောင်းမြောင်း ပစ်ခဲ့ပုံကို ပြောပြနေစဉ်၌ မစ္စတာသော်မဆင်သည် ကျီးသေကို သေချာစွာ ကြည့်၍ မေးလိုက်ရာ ဤအချက်ကို မြင်၍ ဤအကွက်ကို ထွင်ခဲ့သော သေနတ်သူရဲကောင်းကြီးမှာ ကျေနပ်စွာ ပြုံးလိုက်ပြီး…
“ဟာ… ပြော… မပြောချင်ပါဘူး အန်ကယ်ရာ။ ကျွန်တော်က သစ်ပင်ကွယ်က ချောင်းပစ်လိုက်လို့ ကျီးကန်းအကျမှာ ကောင်လေးတွေ (၄-၅)ယောက် ပြေးလာပြီး သူတို့ ဂွလေးနဲ့ ပစ်လို့ ကျတာပေါ့ဆိုပြီး ငြင်းရောခင်ဗျ။ ဒါနဲ့ ကျွန်တော်က “ငါ သေနတ်နဲ့ပစ်တာပါကွာ။ မယုံရင် ငါ ဒဏ်ရာကို ခွဲပြပါ့မယ်။ အထဲမှာ ကျည်ဆန်ရှိပါတယ်” ဆိုပြီး အထဲက ခဲကို ခွဲပြလိုက်မှ သူတို့လက်လျှော့သွားကြတယ်။ အတော်ခက်တဲ့ ကောင်လေးတွေ။ မနက်က မော်လီလမ်းလျှောက်လာတော့ သူတို့ကို မော်လီတောင် မြင်လိုက်သေးတယ်နော်”
နောက်ဆက်တွဲ စကားမှာ အနီးရှိ မော်လီကို ကြည့်ပြောလိုက်ခြင်း ဖြစ်၍ အပျိုမသည် နီရဲသော နှုတ်ခမ်းတို့ကို ဖွင့်လိုက်ကာ….
“ဟုတ်တယ်ဒက်ဒီ။ မော်လီတောင် အစဦးဖြင့် ဘာငြင်းနေကြတာလဲ မေးဦးမလို့။ နောက် သူ့အနား ရောက်တော့ ဟောဒီ ဘော်ဒီက (အနီးရှိ ခွေးကလေးကို ညွှန်ပြ၍) လမ်းလျှောက်ချင်လွန်းလို့ အတင်းရုန်းနေတာနဲ့ မစ္စတာဒွေးကို နှုတ်ဆက်ရုံပဲ ဆက်ခဲ့ရတယ်” ဟု ပြောလိုက်ရာ ခင်မောင်ထွေးမှာ မိမိအပေါ် သံသယရှင်းပြီဖြစ်၍ သက်ပြင်းကလေးကို ခပ်အေးအေး ချလိုက်မိလေ၏။
ယင်းသည့် အကြိုက်ဝယ် ဘိုရုပ် ဖန်တီးထားသော ကပြား လူငယ်တစ်ယောက် ရောက်လာကာ…
“ဟဲလို… အန်ကယ်၊ ဟဲလို… မော်လီ” ဟု ဆိုပြီး ခင်မောင်ထွေးကို ကြည့်၍ နှုတ်ဆက်သံ ပြတ်သွားလေရာ မော်လီက နှုတ်ခမ်းနီကို ဖြဲ၍ ဖွင့်လိုက်ပြီး…
“ဟဲလို ဘာစတာ။ ဒါ… မစ္စတာ ဒွေးလေ။ ဘာစတာကို မော်လီ ခဏခဏပြောနေတဲ့ သေနတ်ပစ် သိပ်ကောင်းတဲ့လူလေ” ဟု ပြောပြီး၊ တစ်ဖန် ခင်မောင်ထွေးဘက် လှည့်ပြန်၍
“မစ္စတာဒွေး သူက မော်လီမိတ်ဆွေ ဘာစတာလေ”
ဤတွင် ဘာစတာသည် ခင်မောင်ထွေးကို လက်ဆန့်ပေးလိုက်၍ တစ်ယောက်တစ်ယောက် လက်ဆွဲမိကြကာ…
“ဟောင်ဒူး ယူဒူး”
“ကွိုက်တ်ဝဲလ် သိုင်းကျူး”
“အိုင်မ် ဘဲရီးကလက်တူ ဆီးယူ…”
“မော်လီ တိုးလ်မီ အဘောက်(တ်) ယူ ဘဲရီအော့ဖင်း”
“ကျန်းမာတော်မူရဲ့လား”
“ဟာ… ကျွန်တော် သိပ်ကျန်းမာတာပဲ”
“ခင်ဗျားတွေ့ရတာ ကျွန်တော် သိပ်ဝမ်းသာတာပါပဲ။ မော်လီက ခင်ဗျာ့အကြောင်း ကျွန်တော့ကို ခဏခဏ ပြောနေတာပဲ” ဟူသော အနောက်ဆန်ဆန် အပိုစာသားတွေနှင့် မိတ်ဆွေအဖြစ် ရောက်ကြကာ ကုလားထိုင် တစ်ယောက်တစ်လုံးစီ ထိုင်ကြလေသည်။
“အို… သည်မှာ ကျီးကန်းတစ်ကောင်ပါလား။ အခု ပစ်ခဲ့တာလား”
ဘာစတာသည် ကုလားထိုင်ပေါ် ထိုင်ရင်း ကျီးသေကို မြင်၍ မေးလေရာ မော်လီကပင် ဤကျီးကန်းအကြောင်းကို ပြောပြပြီး…
“ကြည့်စမ်း ဘာစတာ၊ မစ္စတာဒွေး ပစ်လိုက်ရင် ခေါင်းမှာချည်းပဲ၊ ကိုယ် သူပစ်ပစ်လာတိုင်း
သေသေချာချာ ကြည့်တယ်။ ခေါင်းကလွဲပြီး ဘယ်နေရာမှ မပစ်ဘူး။ ရှင့်ထက် အများကြီးသာတယ်” ဟု ပြောလိုက်ရာ ခင်မောင်ထွေး မနေတတ် မထိုင်တတ် ဖြစ်သွားလျက် ဘာစတာကမူ ခင်မောင်ထွေးကို အင်မတန်ချီးကျူးသော မျက်နှာနှင့်…
“ဒါ… တော့… မစ္စတာဒွေးက သိပ်တော်လွန်းအားကြီးတယ်။ ကိုယ့်လက်တော့ ဒါလောက် မကောင်းတာ အမှန်ပဲ။ ဒါမျိုးမှာ မော်လီနဲ့ ဝါသနာပါချင်း အတူတူပေမယ့် အကျိုးပေးပါရမီက လိုသေးတယ်”
ဤတွင် မော်လီသည် ခင်မောင်ထွေးကို ကြည့်၍…
“ဟုတ်တယ် မစ္စတာဒွေး။ ဘာစတာလည်း ငယ်ငယ်ကလေးထဲက သေနတ်ပစ် လေ့ကျင့်လာတာပဲ။ ဒါပေမယ့် မစ္စတာဒွေးလောက် လက်မကောင်းဘူး။ သူ ကျီးကန်းကို ရအောင် ပစ်နိုင်ဖို့မပြောနဲ့ ခိုတို ဘာတို့တောင် ခေါင်းမှန်အောင် မပစ်နိုင်ဘူး။ အတောင်ပံတို့ ကိုယ်လုံးတို့ပဲ”ဟု ပြောရင်း သူ့အဖေဘက် လှည့်၍ “ဪ… ဒါထက် ဒက်ဒီ၊ တိရစ္ဆာန်တွေ ဘာတွေ ပစ်သတ်တဲ့အခါမှာ ခေါင်းတို့ အသည်းတို့ ပစ်သတ်တာနဲ့ စာရင် ဒီပြင်နေရာ ပစ်သတ်တာက အပြစ်ရှိတယ်ဆို”
မစ္စတာသွန်မဆင်သည် စူးစမ်းသော မျက်လုံးမျိုးနှင့် ဆေးတံကို ဖွာလိုက်ပြီး…
“ဒါတော့ ဒီလိုသမီးရဲ့။ ဝေဒနာမခံစားရဘူး။ ဒိပြင်နေရာဆိုတော့ ရုတ်တရက် မသေဘဲ ဝေဒနာ ခံစားနေရတတ်တယ်။ ဒီတော့ သေတာချင်း အတူတူပေမယ့်လို့ သူ့မှာ ဝေဒနာခံစားနေရတဲ့အတွက် အပြစ်ရှိတယ်ပြောတာ။ သတ်တာကတော့ ဘာမဟုတ်တဲ့ အဟိတ်တိရစ္ဆာန်ဘဝကို ဖျက်ဆီးတဲ့အတွက် အပြစ်မရှိပါဘူး” ဟု ပြောပြီး မစ္စတာသွန်မဆင်သည် လူငယ်ချင်းချည်း စကားပြောကြရန် ယဉ်ကျေးစွာ ခွင့်တောင်း၍ ထသွားလေသည်။ (အထက်ပါ သော်မဆင် ပြောစကားမှာ ဘာသာတစ်ခုခုကို အခြေခံယူသည် မဟုတ်ပါ။)
မစ္စတာသွန်မဆင် ထသွားသောအခါ၌ မော်လီက…
“ဒီမှာ ဒက်ဒီဖြင့်လေ သူ့လူ မစ္စတာဒွေးအတွက် သိပ်ဂုဏ်ယူတာ ဘာစတာရဲ့” ဟု ပြောလေရာ ဘာစတာက မခံချင်သော လေသံမျိုးနှင့်…
“အို… အန်ကယ်က တော်တော်၊ မော်လီက သာပြီး ဂုဏ်ယူနေတာ ထင်ပါရဲ့” ဟု ပြောလိုက်သည်တွင် မော်လီ၏ မျက်နှာမှာ ရုတ်တရက် ရှက်သွေးဟန်ဘက် ကြွသွားပြီး…
“အို… ကိုယ့်မိတ်ဆွေ တစ်ယောက်အတွက် ဂုဏ်ယူရတာပ ဘာစတာ။ ဘာစတာလည်း မစ္စတာဒွေးလောက် လက်ကောင်းရင် မော်လီ ဒီလိုပဲ ဂုဏ်ယူရမှာပေါ့” ဟု စကားပြေ ထိုးလိုက်ရရှာလေသည်။
ဤနေရာတွင် ခင်မောင်ထွေးမူ ဘာမှ ဝင်မပြောနိုင်ဘဲ စီးကရက်ကိုသာ ဖွာ၍ ဝမ်းသာစရာလား၊ ဝမ်းနည်းစရာလား မခွဲခြားနိုင်သော စိတ်ကူးခန်းကို ဖွင့်မိလေ၏။ မော်လီသည် မျက်နှာပေး က္ကုန္ဒြေရရ ပြင်လိုက်ပြီးမှ တစ်ဖန် ဆက်လက်၍…
“ဪ… ဒါထက် ဘာစတာရေ ကိုယ်တို့ ရက်ရှည် အားတဲ့အခါကျတော့ သေနတ်ပစ် ထွက်ကြရအောင်နော်။ မစ္စတာဒွေးရယ်၊ ကိုယ်တို့ သုံးယောက်ပေါ့။ ဒက်ဒီတော့ လိုက်ချင်လိုက်၊ မလိုက်ချင်နေ” ဟု ပြောလေရာ ခင်မောင်ထွေးမှာ “ဟယ်… သောက်ရှက်တော့ ကွဲရချည့်” ဟု အသက်ရှူ ကျပ်သွားလျက် ဘာစတာကမူ ဝမ်းသာအားရဟန်နှင့်…
“အို… ကောင်းသားပဲ။ ကိုယ်လည်း မစ္စတာဒွေးဆီက ပစ်ပုံ၊ ချိန်ပုံတွေ ကြည့်ပြီး နည်းနာယူရတာပေါ့။ မစ္စတာဒွေးလည်း မော်လီခေါ်ရင် ငြင်းမယ် မဟုတ်ဘူး ထင်ပါရဲ့နော်” ဟု မော်လီက မျက်စောင်းတစ်ချက် ခဲ၍ ခပ်ချိတ်ချိတ်ကလေး ပြောလိုက်ရာ ကျွန်ုပ်တို့ ဇာတ်လိုက်မှာ အတော်ပင် အနေရ၊ အထိုင်ရ ကျပ်သွားလျက် ရုတ်တရက် ခပ်ပြုံးပြုံးကြီးနှင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေ၏။ ခက်ရချည့်၊ မိမိသည် မော်လီအား စိတ်ကူးနေကြောင်းနှင့် မော်လီက မိမိကို သဘောကျစ ပြုနေတာများ ဘာစတာ သိနေချေပြီလား…
*****
ခင်မောင်ထွေးမှာ ထိုမှစပြီး သူတို့၏ ရက်ရှည်အားလပ်မှာကို တစိမ့်စိမ့်တွေး၍ စိတ်မအေး ဖြစ်ရလေတော့သတည်း။
သို့သော် ဤရက်ဆိုးကြီး မဆိုက်မီကာလ၌ ဈေးဦးပေါက် ချောက်ပေါက် ရရှာသည်ကား၊ တပေါင်းတန်ခူး လေရူးမကျမီ တပို့တွဲလကုန်၌ လေပေါသုန်၍ လေပြင်းမုန်တိုင်း ကျလိုက်ခြင်းပင် ဖြစ်ပေ၏။
အကြောင်းမှာ ထိုလေကြမ်းကြောင့် ဘိုကြီးနှစ်ယောက်၏ ကစားကွင်းမှ ကျီးကန်းတောင်များ လွင့်ပါ ပျောက်ရှကုန်လေ၍ သူတို့ သေနတ်သူရဲကောင်း အပေါ်၌ ကျီးကန်းတောင် ရှစ်ခု တာဝန်ကျလာလေ၏။ သို့အတွက် ကျွန်ုပ်တို့ ဇာတ်လိုက်သည် သာဘော်ကုမ္ပဏီသို့ လာလေရာ တဲပုတ်ကလေးရှေ့၌ ကျောပိုးတမ်း ထွေခင်းနေကြသော လူကြီးလူကောင်းတစ်စုကို တွေ့ရလေ၏။
ခေါင်းကြီး စောမောင်သည် နှာခေါင်းကြီး သိန်းရွှေ ကျောအပေါ်၌ လည်းကောင်း၊ ဖက်တီးသာဘော်ကြီးသည် နှပ်ဖေးထူ စိုးမြင့် ကျောပေါ်၌ လည်းကောင်း ထွေပစ်ရင်း စီးနေသော သာဘော်ကြီးက ခင်မောင်ထွေး လာသည်ကို မြင်လျှင်…
“ဟေ့ဆရာကြီး ဘာလဲဗျ။ ကျီးကန်း လိုချင်ပြန်လို့လား”
“အေးကွ။ ရှိရဲ့လား”
“မရှိဘူးဗျ။ ကျွန်တော်တို့ ဒီရာသီမှာ ကျီးကန်းပစ်တဲ့ အလုပ် မလုပ်ကြတော့ဘူး”
“နို့… ဘာလုပ်နေကြသလဲ”
“ခင်ဗျား မြင်တဲ့အတိုင်းပဲ။ ကျောစီးတမ်း ထွေပစ်နေကြတယ်လေ။ ဒီမှာ ဘယ်လောက် ဇိမ်ရှိသလဲ ကြည့်စမ်း” ဟု ဆိုကာ သူများ ကျောပေါ်ကနေ၍ ခြေနှစ်ဖက် ကွေးညွတ်ကွေးညွတ် လုပ်လေရာ အောက်က နှပ်ဖေးထူမှာ မခံနိုင်တော့ဘဲ…
“ဟေ့.. မင့်ပြိတ္တာကိုယ်ကြီးနဲ့ ငါ သေရောပေါ့ကွ” ဟု ဆိုပြီး ဆက်ခနဲ နောက်လှန်ချလိုက်လေ၏။ ရုတ်တရက်ဖြစ်သဖြင့် သာဘော်ကြီးမှာ ဖင်ထိုင်ကျ၍ ဖင်ငုတ်ရိုး အောင့်သွားလျက် မျက်နှာကို ရှုံ့ ကာ…
“ဟေ့… နှပ်ဖေးထူ မင်းက ဘာညစ်တာလဲကွ”
“ဘာလို့… မင်းက ထွေမခင်းဘဲနဲ့ ကျောပေါ်ကနေ စကားများနေသလဲ”
“ဒီမှာ ဧည့်သည်နဲ့ စကားပြောနေတာပဲကွ”
“ပြောချင်ရင် အောက်ဆင်းပြောပါလားကွ။ မင့် ဝက်လောက်ကြီးတဲ့ ကိုယ်ကြီး၊ ငါ…အောက်က သေရောပေါ့”
“ဟေ့… မင်းက ငါ့ကို ဝက်နဲ့ နှိုင်းမကျောနဲ့ကွ။ ငါ့ကြီးတော်က ဝက်သားမစားဘူးကွ”
“ဒါဖြင့် မင့်အစ်မလေးက တရုတ်အမိန်နဲ့ ကြိုက်နေသေးလဲ”
“ဘယ်… အမိန်လဲ”
“ဟို… ကမ္ဘာသစ် ဘလောက်တိုက်မှာ လုပ်တဲ့ အမိန်လေ”
“ဟင်… ဟုတ်လိမ့်မယ်။ အဲဒီ အမိန်က တဏှာရူးကွ။ ငါ့ အစ်မလေးက သူ့ကို ညာစားနေတာ။ မင့်ဒေါ်လေးသာ ကုလား ကိုစမံအင်ကြီးနဲ့ တိတ်တိတ်ပုန်း…”
နှပ်ဖေးထူသည် ဆတ်ဆတ်ခါ နာကာ…
“ဟေ့… မင်း ဒီလို သောက်ရမ်း မပြောနဲ့ကွ။ ငါ ထွေနဲ့ ပိတ်ပေါက်လိုက်မယ်”
“အမယ်… မင်းရလား။ ပေါက်စမ်းလေ… ပေါက်စမ်း”
သာဘော်ကြီးသည် ပြောပြောဆိုဆိုနှင့် ကိုယ်ချင်း ပြေးတိုက်လိုက်ရာ ပိန်သော နှပ်ဖေးထူသည် ဖင်ထိုင်ရက်လဲသွားပြီး အလျင်အမြန် ပြန်ထကာ နှစ်ယောက်သား ဖက်၍ သတ်ကြလေတော့၏။
ဤတွင် ကျီးကန်းဝယ်ရန် လာခဲ့သော ခင်မောင်ထွေးသည် မနေသာတော့ဘဲ မမျှော်လင့်ဘဲနှင့် ရုတ်တရက်ဖြစ်လိုက်သော ရန်ပွဲကို ဖျန်ရလေတော့၏။
“ဟေ့ တော်ကြပါကွာ။ မင်းတို့ သူငယ်ချင်းဆိုတာ တစ်ယောက် တစ်ယောက် သည်းခံရတယ်ကွ”
သာဘော်ကြီးက “သူက… စညစ်တာဗျ”
“ဘာညစ်တာလဲ”
“ဘာလို့… မင်း… ငါ့ကို ကျောပေါ်က လှန်ချသလဲ”
“ဘာလို့ မင်းက ဝက်လောက်ရှိတဲ့ ကိုယ်လုံးကြီးနဲ့”
“ဘာ… မင်းက ပြောပြန်ပလား” ဆိုပြီး သာဘော်ကြီးက လက်နှင့် ရွယ်ပြန်ရာ ခင်မောင်ထွေးသည် ဆွဲထားရပြန်လျက်…
“ကဲ… တော်ပါကွာ။ ဒီမှာ မင်းတို့ ရန်ဖြစ်တာ နံဘေးထားပြီး ပိုက်ဆံရမယ့်အလုပ် လုပ်စမ်းပါဦး”
“ဘာပိုက်ဆံရမယ့် အလုပ်လဲ”
“ကျီးကန်း ပစ်တာလေ”
“ဟာ… အခု ဒီကျီးကန်းပစ်တဲ့အလုပ် မလုပ်ပါဘူးဆိုနေ”
“ဘာပြုလို့လဲကွ”
“ခုချိန်မှာ ကျီးကန်းရှားတယ်ဗျ”
“အမယ်လေး ကျီးကန်းများ ရှားသေးလားကွာ။ နေရာတကာမှာ အပုံကွာ”
“အဲဒီအကောင်တွေက ပစ်မရတော့ဘူးဗျ”
“အရင်တုန်းကတော့ ဘာပြုလို့ရလဲ”
“ဟိုတုန်းကတော့ အပျံသင်စနဲ့ ကျီးကန်းပါး မဝခင်တွေကိုးဗျ။ အခုတော့ အားလုံး ကျီးကန်းပါး ဝကုန်ကြပြီဗျ။ ခင်ဗျား လိုချင်ရင် စောင့်ဦးလေဗျ။ မိုးဦးကျ ကဆုန်လလောက်ဆိုရင် ခင်ဗျား လိုချင်သလောက် ရမယ်”
“ဟာ… အခုလိုချင်တာပဲကွ”
“အခုမှ မရတာဘဲဗျ”
“လုပ်ပါကွာ။ ငါ့မှာ အရေးကြီးလို့ လေးကောင်တောင် လိုချင်နေတယ်”
သာဘော်ကြီးသည် ဟက်ဟက်ပက်ပက် ရယ်လိုက်ကာ…
“အမယ်လေး ကျီးကန်း ရှားပါတယ်ဆို လေးကောင်တောင်တဲ့ ဘယ်ရနိုင်မလဲဗျ”
“မင်းတို့ပစ်ရင် ရပါတယ်ကွာ။ တစ်ကောင် (၅)ကျပ် ပေးပါ့မယ်”
“ခင်ဗျား (၅)ကျပ်တော့ လိုချင်ပါရဲ့ဗျာ။ ဒါပေမယ့် ကျီးကန်းမရှိတာ ခက်တယ်”
“အခု ထွက်ပစ်ကြပေါ့ကွာ”
“ပစ်လို့မှ မရတာဘဲဗျာ”
“ပစ်ပဲ ပစ်ကြပါဦးကွ”
“မပစ်ချင်ဘူးဗျာ။ ကျွန်တော်တို့ မအားဘူး”
“မင်းတို့က ဘာအလုပ် ရှိလို့လဲ”
“ဒီမှာ ထွေခင်းနေတာပဲဗျာ။ လာဟေ့ နှပ်ဖေးထူ။ ငါ စကားပြောပြီးပြီ။ ပြန်ကစားကြမယ်”
နှပ်ဖေးထူသည် ကျေနပ်စွာ ပြန်ကစားလေ၏။ ခင်မောင်ထွေးမှာ မနေနိုင်သေးဘဲ…
“ဟေ့… မင့်တို့ ကစားတာ ပိုက်ဆံရလို့လားကွ။ ဒီမှာ မင်းတို့ ကျီးကန်းလေးကောင်ဆိုရင် ငွေ (၂၀)တောင် ရမှာကွ”
“ပစ်မရပါဘူး ဆိုနေဗျာ။ ခင်ဗျာ့ဟာက ငွေ(၂၀)ပေးမယ်ဆိုပြီး သက်သက် ရန်စတာနဲ့ အတူတူပဲ”
“ဟာ… မဟုတ်ရပါဘူးကွာ။ ငါ့မှာ တကယ်အသုံးလိုလို့ပါ”
“ဘာ… အသုံးလဲ၊ အသားစားဖို့လား”
“မဟုတ်ဘူး ကျီးကန်းခြောက်ဖို့ အတောင် လိုချင်တာ။ မင်းတို့မှာ အတောင်ကောမရှိဘူးလား”
“မရှိပါဘူးဗျာ။ ဟိုနေ့က နှာခေါင်းကြီးတို့ဘွားလေး ကျီးတောင်တစ်တောင် ခွေးချီသွားလို့ ခိုတောင်တစ်ခု အစားဆွဲထားရတယ်”
“ဟင်… ခိုတောင် ဆွဲထားတော့လည်း ကျီးကန်း မလာဘူးလား”
“ဘယ်လာမလဲ။ သူတို့က ကျီးကန်းတောင် မှတ်တာကိုး”
“ဟင်… ကျီးကန်းတောင်နဲ့ ခိုတောင် တူလို့လား”
“ဘယ်တူမလဲ”
“မတူဘဲနဲ့ ဘာလို့ သူတို့က ကျီးကန်းတောင် မှတ်သလဲ”
“တူလို့ကိုးဗျ”
ခင်မောင်ထွေး နားထွေးသွားကာ…
“ဟာ… မင့်စကားကလည်း ခုနက မတူဘူးဆိုပြီးတော့ တူလို့ ဖြစ်လာပြန်ပြီ”
“ဒါတော့ ခင်ဗျား နားမလည်လို့ကိုးဗျ”
“ဘာ… ငါက နားမလည်တာလဲ”
“ကျွန်တော် ပြောတဲ့စကားကို”
“နို့… မင်းဟာက ဘာပြောနေတာလဲ”
“ခိုတောင်နဲ့ ကျီးကန်းတောင်လေ”
“အဲဒါနှစ်ခု မတူဘူးဆို”
“မတူဘူးလေ”
“ဟာ… မင့်ဟာက နားထွေးပြန်ပြီကွာ။ အစဦး မတူဘူးဆိုပြီး အခု တူပြန်ပြီ”
“အေးလေ… အစဦး မတူ၊ နောက် တူတယ်လေ”
“တယ်ခက်တဲ့ ကောင်နှယ်။ ဘယ်လိုကြောင့် တူလာပြန်သလဲ”
“ဆေးဆိုးလို့”
“ဘာကိုလဲ”
“အတောင်ကို”
“ဘာဆေးလဲ”
“ပင်မင်းဆိုင်ကဆေး”
“မဟုတ်ဘူး။ အရောင်ကို မေးတာကွ”
“အရောင်တော့ အမည်းလား၊ အနက်လား မသိဘူး။ သေသေချာချာ သိချင်ရင် ဟောဒီကောင်ကိုမေး။ သူဆိုင်က ခိုးလာတာပဲ” ဟု နှပ်ဖေးထူကို ညွှန်လေရာ နှပ်ဖေးထူက စိတ်မရှည်ဟန်ဖြင့်…
“ဒီမှာဗျာ။ ဒီကောင်ကြီးက နားရှင်းအောင် မပြောတတ်လို့။ ခိုတောင်ကို ဆေးနက်ဆိုးတယ်ဗျာ။ အဲဒီတော့ ကျီးကန်းတောင်နဲ့ တူသွားတယ်ဗျ။ ဒီတော့ ကျီးကန်းမလာဘူး ဒါပဲ”
ဤတွင်မှ ခင်မောင်ထွေး နားရှင်းသွားကာ…
“နို့… မင်းတို့ ခိုတောင်ရှိသေးလား”
“မရှိဘူး”
“ဟို… တစ်ကောင် ဘယ်ကရသလဲ”
“ဟိုနေ့က သွားပစ်တာဗျ”
“အခု သွားပစ်ပါဦးကွ။ ငါပိုက်ဆံ ပေးဝယ်ပါ့မယ်”
“အောင်မာ ခင်ဗျားက ကျွန်တော်တို့ကို ပိုက်ဆံပေး သတ်မလို့လား။ မလုပ်ပါနဲ့ဗျာ။
ဟိုနေ့က တစ်ကောင်လေး ပစ်မိတာနဲ့ ဘာဘူကြီးက ရိုက်မယ်လုပ်လို့”
“ဒါဖြင့်လည်း ငါတော့ ဒုက္ခပဲ”
ခင်မောင်ထွေးသည် ခေါင်းကုတ်၍ ညည်းလိုက်၏။ နှပ်ဖေးထူက “ခင်ဗျား ပိုက်ဆံရှိတဲ့လူပဲ ဘာဒုက္ခလဲဗျာ။ ခိုလိုချင်ရင် တစ်ကောင် (၅)ကျပ်ပေး ရတယ်”
“ဟေ… ဟုတ်လား။ ဘယ်မှာ ရသလဲ”
“အဲဒီ ဘာဘူကြီးသား၊ ဘာဘူလေးဆီမှာ”
“ဘာလဲ ဒီကောင်လေးက သူ့အဖေ ဘာဘူကြီးမသိအောင် ခိုးရောင်းတာလား”
“မဟုတ်ဘူး။ သိတယ်၊ မသိချင်ယောင်ဆောင် ရောင်းခိုင်းတာ”
“ဟေ… ဒါဖြင့် နေရာကျပြီဟေ့၊ ဘာဘူတို့က ဘယ်မှာလဲ”
နှပ်ဖေးထူစိုးမြင့်က ဘာဘူအိမ်ကို ပြောလိုက်၍ ခင်မောင်ထွေးသည် ဝမ်းသာအားရ ထွက်ခဲ့လေ၏။ ဘာဘူအိမ် နောက်ဖေး၌ ဘာဘူကလေးအား ငွေ(၂၀)ပေးပြီး ခိုလေးကောင်ကို ဂုန်နီအိတ်နှင့် ယူခဲ့ရလေသည်။ အိမ်ရောက်လျှင် ခင်မောင်ထွေးသည် ရှေးအခါက သူများအသက်ကို တတ်နိုင်သလောက် ဆင်ခြင်ခဲ့သူ ဖြစ်သော်လည်း ယခုမူ သူ့စကားနှင့်သူ ခိုတွေကိုသတ်၊ အတောင်တွေဖြတ်ပြီး ဆေးနက်နှင့် ဆိုး၏။ နက်တော့ နက်ပါ၏။ ကျီးကန်းတောင် အစစ်ကဲ့သို့ကား ပြောင်ပြောင်လက်လက် မရှိချေ။ မွဲညိုညို ဖြစ်၍နေ၏။ သို့သော် ကိုင်မကြည့်လျှင်မူ ကျီးကန်းတောင် မဟုတ်ဟု မပြောနိုင်ချေ။ ထို့ကြောင့် ခင်မောင်ထွေးသည် ဘိုများကိုင်မကြည့်ဘဲ ချွတ်ကရားကလေးကိုသာ ကစားကွင်းသို့ သွားချည်ခိုင်းစေရန် တစ်ရက်ဆိုင်း၍ အနံ့ထွက်အောင် ထားလိုက်၏။ နောက်တစ်နေ့ကျော်မှ ယူသွားလေသည်။ ခိုတောင်တို့မှာ အနံ့တမျှဉ်းမျှဉ်း ထွက်နေသဖြင့် ခင်မောင်ထွေးသည် ဧည့်ခန်းအပြင်ဘက် လှေကားထစ်၌ ချခဲ့ကာ…
“ဂွဒ်မောနင်း အန်ကယ်”
“မောနင်း မောင်ဒွေး”
“မော်လီကော အန်ကယ်”
“ရှိပါတယ်။ အိမ်ခန်းထဲမှာ စင်သီရာလည်း ရောက်နေတယ်”
ယင်းသည်တွင် ဘိုမနှစ်ယောက် ထွက်လာကြကာ…
“ဟဲလို မစ္စတာဒွေး မောနင်း။ ကျီးကန်းတွေ ရခဲ့ပြီလား။ မနက်တည်းက မျှော်နေတာ”
“ရခဲ့ပါပြီ။ ဟိုတစ်နေ့ကတည်းက ပစ်ထားတာ။ မလာအားတာနဲ့ အခုမှ ယူခဲ့ရတယ်။
အနံ့နံနေမှာမို့ အကောင်တွေတောင် မယူခဲ့ဘူး။ အတောင်ချည်း ဖြတ်ယူခဲ့ရတယ်။ ဟောဒီအပြင်မှာ” ဟု ဆို၍ ခေါ်ပြရာ ဘိုမနှစ်ယောက်သည် အံ့ဩဟန်နှင့် ကြည့်လျက်…
“ဟင်… မစ္စတာဒွေးက သိပ်တော်တာပဲနော်။ သူ့ အလုပ် မလုပ်ဘဲနဲ့ ကျီးကန်းတွေသာ လျှောက်ပစ်နေမယ်ဆိုရင် ဟောဒီ ရေနံချောင်းမြို့မှာ ကျီးကန်းမျိုး ပြုတ်သွားမှာပဲနော် စင်သီ”
“အစစ်ပဲမင်။ ငှက်ထဲမှာတော့ ကျီးကန်းဟာ ပစ်ရ အတော်အခက်ဆုံးပေါ့။ ကိုယ်တော့ မစ္စတာဒွေးကို သိပ်ချီးမွမ်းတာပဲ ဆရာ”
“စင်သီရာချည်း မချီးမွမ်းပါနဲ့ကွယ်။ မော်လီဖို့များလည်း ထားစမ်းပါဦး” ဟု မော်လီကမချိုမချဉ် မျက်နှာကလေးနှင့် ပြောလိုက်ရာ ခင်မောင်ထွေးမှာ အဘယ်ကဲ့သို့ ဖြစ်သွားသည်ကို သူကိုယ်တိုင်သာ သိနိုင်တော့သည်ဟု အောက်မေ့လိုက်မိလေ၏။
ထိုမှစ၍ ခင်မောင်ထွေး ချောက်ပေါက်တိုးသည်ကား၊ ဆောင်းကုန် နွေကူး၊ လေရူး ကမြင်းသဖြင့် (၂)ရက်တစ်ခါ၊ (၃)ရက် တစ်ခါလောက် ခိုတစ်ကောင်ကျဝယ်ပြီး အတောင်ပံဆေးဆိုး၍ ဆက်သရခြင်းပင် ဖြစ်လေတော့သည်။ ထို ဖေဖော်ဝါရီလအတွင်း၌ ခင်မောင်ထွေး ခိုဖိုး ကုန်ကျငွေမှာ (၆၅)ကျပ်တိတိ ဖြစ်၍ လခထုတ်သောအခါ၌ (၁၂ဝိ-
၆၅ိ- ၅၅ိ) မျှသာ မိမိအတွက် ကျန်တော့ရာ ထမင်းလခ(၅၀)ပေး၊ (၅)ကျပ်သာ တိုလီနက်စသုံးဖို့ ရှိတော့၍ မတ်လကုန်အောင် မလောက်တော့သဖြင့် ရှပ်ကြယ်သီးကလေးကို ပေါင်လိုက်ရတော့၏။
“အင်း… တပေါင်းတန်ခူး လေရူးကလည်း ဆိုးလာပြီ။ ဒီအတိုင်းသာ သွားရင်ဖြင့် နောက်လမှာ ငါ့လက်ပတ်ကြိုးကလေး ချောရချည်ရဲ့။ အင်း… သူတို့ပြောမှပဲ ခါတိုင်းလို ကြိုးရိုးရိုးနဲ့ ဖြစ်ကတတ်ဆန်း မချည်ဘဲ ဝိုင်ယာနဲ့ ခိုင်ခိုင်ခံ့ခံ့ချည်ဖို့ကို… အို… ဒီလိုဆိုတော့လည်း မော်လီလေးက စင်သီရာကို ပြောထားတဲ့စကား၊ ‘စင်သီရာရေ ကိုယ်တို့ အခုလို ဂေါက်သီး အေးအေးဆေးဆေး ကစားရတာ မစ္စတာဒွေး ကျေးဇူးပဲဆရာ။ နောက်လည်း ဘာမှ မပူနဲ့တော့။ ကျီးကန်းတောင်ကို လိုချင်သလောက် ရမယ်။ မစ္စတာဒွေးက မော်လီအတွက်ဆိုရင် ရေနံချောင်းတစ်မြို့လုံးက ကျီးကန်းတွေ အကုန်လုံးပစ်ပေးပမယ်။ ဒါမှ မလောက်သေးရင် ချောက်မြို့တစ်မြို့လုံးက… ’ လို့ ပြောထားတယ်”
ခင်မောင်ထွေးသည် ဤအချက်တွေ တွေး၍ သက်ပြင်းကြီး ချလိုက်မိလေ၏။ ဆိုကောင်း မြည်ကောင်း မတ်လအတွင်း၌ ခင်မောင်ထွေး တွေးသည့်အတိုင်းပင် ရွှေလက်ပတ်ကြိုးကို ပေါင်လိုက်ရလေ၏။ ရက်စက်ကြပါ့ ဘိုတွေရယ်။ သူတို့အချောအလှ ခန္ဓာကိုယ် ပတ်ဝန်းကျင် ကျင်လည်မိတာနဲ့ အားမနာပါးမနာ လိုသမျှ ခိုင်းရက်ကြပါပေ့။
အို… ဒါကတော့ သူကလည်း အာမခံထားပေသကိုး။ မည်သို့ပင် ဖြစ်လင့်ကစား တစ်နေရာရာ စူးစမ်းစွာ မကြည့်တတ်သော မျက်လုံးများနှင့် ၎င်းမျက်လုံး ရွေ့သလောက် တရွရွ လှုပ်ရှားတတ်သော နှုတ်ခမ်း မထူမပါးကလေးရှင် လူရည်သန့်ကလေး ခင်မောင်ထွေးသည် အဖုအထစ် အဆစ်ကျကျ၊ တစ်တစ်ခွခွ လှပသော မော်လီအပျိုချော၏ ပုံသဏ္ဌာန်ကို အိပ်မက်ခန်း ဖွင့်လျက်၊ ယခု မတ်လ တပေါင်းကုန် တန်ခူး ကဆုန်ကျလျှင် ကျီးကန်းအာခေါင်နီတွေ ဈေးပေါပေါနှင့် ဆပ္ပလိုင်းလုပ်မည့် သာဘော်ကြီး ကုမ္ပဏီကို မျှော်လင့်ကာ စိတ်သက်သာရာ ယူ၍ နေချေသေး၏။
သို့ရာတွင် ဤအချိန်မရောက်မီ ခင်မောင်ထွေး ရွှေရင်ဆို့ရသည်ကား နွေရာသီ ခွင့်ရက်ရှည် ရချိန်၌ ချောက်မြို့မှ သေနတ်ပစ်ကောင်းသော စင်သီရာ၏ ရည်းစား ဟိတ်(က)တာ ရောက်လာ၍ မော်လီကလေးနှင့်အတူ ပျော်ပွဲစားထွက်ကာ စင်သီရာ၏ ရည်းစားနှင့် သေနတ်ချင်းပစ်ပြိုင်ရမည်ပင် ဖြစ်ပေတော့၏။ မိမိလည်း မော်လီရှေ့၌ ခပ်ပြုံးပြုံးနှင့် ခေါင်းညိတ်လိုက်မိ၏။
“မစ္စတာဒွေးရယ်။ စင်သီရာက သူ့ရည်းစားကို ကြွားလွန်လွန်းလို့ပါ။ ချောက် ဘီ-အို-စီမှာ ချန်ပီယံလေး၊ ဘာလေးနဲ့။ သူတို့ ချောက်မှာတော့ ဟုတ်ရင်ဟုတ်မှာပေါ့။ ဒါပေမယ့် ရေနံချောင်း ဘီ-အို-စီ အကြောင်းကို ပြလိုက်စမ်းပါ မစ္စတာဒွေးရယ်။ မော်လီဖြင့်လေ ဟိတ်(က)တာရှေ့မှာ မစ္စတာဒွေးအတွက် သိပ်ဂုဏ်ယူထားတာပဲ။ မစ္စတာဒွေးရဲ့”
မော်လီ၏ အသံကလေးမှာ နွဲ့ဆိုး အားကိုးကလေးနှင့် အမူအရာကလေးမှာ တစ်မျိုးတစ်ဖုံ ရှိလှသည်။ ခင်မောင်ထွေးမှာ ကြားရစဉ်၌ ပြုံးပြုံးကြီးနှင့် ရင်ဖိုခဲ့၍ ယခုမူ မဲ့မဲ့ကြီးနှင့် ရင်ထဲ မီးတောက်တော့သည်။
ဘာလိုလိုနှင့် ပျော်ပွဲစားထွက်မည့် တနင်္ဂနွေနေ့သည် (၃)ရက်မျှ လိုတော့၏။ ခင်မောင်ထွေးသည် နောက်ဆုံး၌ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ကာ ရုတ်တရက် မကျန်းမာကြောင်းနှင့် အလုပ်ကို ခွင့်စာတင်လိုက်ပြီး သောကြာနေ့တွင် မော်လီဆီသို့ စာတစ်စောင် ရေးလိုက်၏။
ချစ်လှစွာသော မော်လီ
ကိုဒွေးမှာ ရုတ်တရက် မကျန်းမမာဖြစ်၍ တနင်္ဂနွေနေ့၌ ပျော်ပွဲစား မလိုက်နိုင်တော့သဖြင့် ဝမ်းနည်းစွာ စာရေးလိုက်ရပါသည်။ ချက်ချင်းကြီးဖြစ်၍ ကိုဒွေးရောဂါကို မော်လီအံ့ဩပါလိမ့်မည်။
အမှန်ပင် ကိုဒွေး၏ ဝေဒနာမှာ ထူးဆန်းလှပါ၏။
အနည်းဆုံး မိတ်ဆွေတစ်ယောက် အနေနှင့်တော့ မော်လီ ကြည့်လိမ့်မည်ဟု မျှော်လင့်ပါသည်။
K.M.Dway
သူ့စာကို ထောက်ချင့်ခြင်းအားဖြင့် မော်လီထံမှ သူ မည်မျှ မျှော်လင့်သည်ကို သိရှိနိုင်ပေသည်။ သူ့စိတ်ကူးမှာလည်း မော်လီရောက်လာပါက ဟုတ်မှန်သည့်အတိုင်း ဖွင့်ဟဝန်ခံ၍ အဘယ်ကြောင့် ဤသို့ ပြုမူရသည်ကို စဉ်းစားဆင်ခြင်စေကာ ဖန်တီးလာသော အခြေအနေအရ မော်လီ၏ အချစ်ကို တောင်းသင့်လျှင် တောင်းမည် ဖြစ်ပေ၏။ သို့သော် နောက်တစ်နေ့၌ မော်လီကိုယ်တိုင်မူ ရောက်မလာပေဘဲ၊ သူတို့အိမ်က ခိုင်းစေသော ကုလားလေးသည် ဆေးနက်ဆိုးသော ခိုကောင်တွေ တစ်ထွေးကြီးကို ကြိုးနှင့်သီ၍ ဆွဲကာ စာတစ်စောင်နှင့် ရောက်လာလေ၏။
သနားစရာကောင်းးသော မစ္စတ္စတ္စတာဒွေ ရှင့်ဝေဒနာ ထူးဆန်းသည်ကို ကျွန်မသိ၏။ သို့သော် မအံ့ဩပါ။ ကျွန်မကိုယ်တိုင် အနည်းဆုံး မိတ်ဆွေ တစ်ယောက်အဖြစ်နှင့် လာကြည့်သည်ထက် ရှင်၏ အညာ ကျီးတောင်ညိုတွေကို ပြန်ပေးခြင်းက ရှင့် ‘ညံ့ဖျင်းသောရောဂါ’ ပျောက်လိမ့်မည်ဟု ယူဆ၍ ယခု ဤစာနှင့်အတူ ပို့လိုက်ပါသည်။
အမှန်အားဖြင့် ကျွန်မ ရှင့်ကို ဤသို့ မပြုလိုပါ။ သို့သော် ဒက်ဒီက ရှင့်ကို သနားသောကြောင့် ဤဟန်ဆောင်သော ဝေဒနာကို ကုသခိုင်းသည့်အတွက် ပြုမူရခြင်း ဖြစ်ပါသည်။
ရှင့်ဝေဒနာကို ကျွန်မ စတင်သိသည်မှာ ရှင် ကလေးတွေနှင့် ဈေးဆစ်နေစဉ် ကျွန်မ ဘော်ပီနှင့် လမ်းလျှောက်လာရင်း ဘော်ပီကို မလိုင်မုန့် ဝယ်ကျွေးရန် ကုလားဆိုင်ထဲအဝင်၌ ကလေးများ၏ ပြောစကားကို ကြား၍ ဖြစ်ပါသည်။ ဒက်ဒီကမူ ရှင့်အမူအရာကို မြင်ကတည်းက သိရှိနေသည်ဟု ပြောပါသည်။
ရှင် ပျော်ပွဲစား မလိုက်နိုင်၍ ကျွန်မအတွက် ဝမ်းမနည်းပါနှင့်။ ကျွန်မရည်းစား ဘာစတာနှင့်အတူ စင်သီရာတို့ စုံတွဲနှင့် သွားပါမည်။
(ဤဝေဒနာ မြန်မြန်ပျောက်ပါစေ)
မော်လီ
သူ့ လက်အောက်ငယ်သားအတွက် မစ္စတာသွန်မဆင်၏ အစီရင်ခံချက်ဖြင့် နောက်တစ်နေ့တွင် ဘီအိုစီဆရာဝန်သည် အသည်းအသန်မမာနေသည်ဆိုသော ခင်မောင်ထွေး၏ အိမ်သို့ ရောက်လာသောအခါ အမှန်ပင် ခင်မောင်ထွေးမှာ ခါတိုင်း မတည်ငြိမ်သော မျက်လုံးတို့ကို တစ်နေရာတွင် စူးစိုက်လျက် နှုတ်ခမ်းများလည်း မလှုပ်မရှားတော့ဘဲ ပါးစပ်အဟောင်းသားနှင့် ပြင်းထန်သော ဝေဒနာ ခံစားနေသည်ကို တွေ့ရလေသတည်း။
စာပိုင်ရှင် ဆရာကြီးသော်တာဆွေအား ရည်မှန်း ဂါရဝပြုအပ်ပါသည်။
ပြန်လည်မျှဝေပါသည်။
Uncategorized