လင်းယုန်မာန် (ပေါက်)
အညာက လယ်ကြွက်မုဆိုး
ရာသီခွင်အချိန်က ဟေမာန်ဆောင်းလ စပါးသိမ်းသော နတ်တော် ပြာသို အချိန်အခါပါပေ။
ထိုအချိန်မှာတော့ ခင်အေးရွာထဲက ဖိုးထိန် အတွက် အလုပ်လုပ်လို့ အကောင်းဆုံး အခါသမယပါပေ။
“ကိုဖိုးထိန် … ညနေ တောထွက်လို့ရအောင် လိုအပ်တဲ့ပစ္စည်းတွေ ထည့်ပြီးပြီနော်”
” အေးအေး … မိန်းမရေ။ ငါ ညနေ စောစောသွားမှာကွ။ ဒီတစ်ခေါက် များများလည်း ထောင်ချင်လို့ဟေ့။ ရွာမြောက်ဖျားက ကိုဖိုးတောရဲ့ချက်အရက်ဆိုင်ကလည်း ရသမျှယူမယ်လို့ ညနေက လူကြုံမှာလိုက်သကွ”
“အေးပါတော် … တော့်ပစ္စည်းတွေ အစုံထည့်ပြီးပြီနော်။ ကျုပ် ရေနွေးအိုးတည်လိုက်အုံးမယ် တော်ရေ့”
ဖိုးထိန်သည်ကား အညာဆောင်းရာသီ၏ အစားအစာတစ်မျိုးဖြစ်သည့် ခင်အေးရွာတစ်ခွင် ပြိုင်စံရှား လယ်ကြွက်မုဆိုး။
ယခုလည်း ဖိုးထိန်တစ်ယောက် လက်ဖြစ်ပြောင်းဖူးဖက် ဆေးပေါ့လိပ်လေးဖွာလျှက် ရေနွေးကြမ်းတစ်ခွက်ကို တစ်ကျိုက်မော့လိုက်ရင်း အလုပ်အတွက် စိုင်းပြင်းနေမိသည်။
ဇနီးဖြစ်သူအေးစိန်ကို ညနေအချိန် ကြွက်လိုက်ရန် လိုအပ်သည့် လက်နက်အချို့ကို ဝါးပလိုင်းထဲထည့်၍ ပြင်ဆင်ခိုင်းထားရပေသည်။
ဖိုးထိန် လိုအပ်သည်မှာကား ကြွက်ထောင်ရာတွင် အသုံးပြုသည့် အဓိကလက်နက် တြိဂံပုံစံ ထောင့်ချွန်ဝါးညှပ်၊ လောက်လေးဂွနှင့် ဓါးမြောင်တစ်လက်၊ ဓါတ်မီးတစ်လက်၊ ဓါတ်ခဲအပို ၃လုံး၊ ထည့်စရာ ဆာလာအိတ် အလတ်ဆိုဒ်တစ်လုံးတို့ ဖြစ်ပေသည်။
ညနေ နေအလင်းရောင်လေးကျချိန် နွားရိုင်းမသွင်းချိန်အမှီ ဖိုးထိန်တစ်ယောက် ပလိုင်းယူကာ ထွက်လာခဲ့လိုက်တော့သည်။ ဖိုးထိန်၏ ဦးတည်ရာကား ရွာမြောက်ဖက်မှ စပါးခင်းတို့ ရိတ်သိမ်း၍ လယ်စည်းရန် ပြင်ဆင်ထားသည့် လယ်ကွင်းများဆီသို့သာ။
ဆန်တစ်ပြည်မှ ငွေ ၈ ကျပ်မျှရှိသော ယခုကာလတွင် ဖိုးထိန်တစ်ယောက် လယ်ကြွက်တစ်ကောင်ကို အရွယ်အစားအလိုက် ၄ ကျပ်မှ ၅ ကျပ်ထိ ရောင်းရသည်မို့ မိသားစု တွက်ခြေကိုက်လှပေသည်။
လယ်ကြွက်ဆိုသည်မှာကား တောင်သူဦးကြီးတို့အတွက် အဖျက်သမားသက်သက်ပါပေ။ စပါးပင်၊ မြေပဲပင်၊ ပြောင်းဖူး၊ ကုလားပဲခင်း မည်သည့်အခင်းမှ ကောင်းကောင်းမနေရပေ။
စပါးခင်းဆိုလဲ အနှံလိုက် ကိုက်ချီ၍ တွင်းထဲသို့ စုပြုံထိုးထည့် စုဆောင်းစားသောက်တတ်သည်။
ပြောင်းဖူးပင်အခင်းများဆိုပါကလဲ ပြောင်းဖူးအစေ့တည်ကာစ ရှိသေးသည် အပင်ကို အောက်ခြေမှ ကိုက်၍ လှဲချပြီး အဖူးကို အားမနာပ စားသောက်တတ်သလို စပါးပြီးချိန် ကုလားပဲစိုက် ရာသီရောက်ပြန်လျှင်လည်း ကုလားပဲခင်းကို မွှေနှောက်ဖျက်ဆီး စားသောက်တတ်သည်။
သို့ကြောင့် တောင်သူဦးကြီးတို့မှာ ထိုကြွက်များကြောင့်ပင် စိတ်ညစ်ရသည်မှာ အမော။
ယခုလည်း ရွာထဲမှ ထွက်လာသည်မှာ ကွမ်းတစ်ညက်ခန့် ကြာပြီမို့ ဖိုးထိန်တစ်ယောက် အလုပ်လုပ်ရမည့်နေရာသို့ ရောက်လာခဲ့ခြေပြီ။
စပါးခင်းကို ရိတ်သိမ်း၍ လယ်စည်းရန် ပြင်ဆင်ထားသည့် လယ်ကွင်းထဲသို့ ခြေချလိုက်ပေသည်။
ကြွက်မုဆိုးပီပီ လယ်ကန်သင်းဘောင်တစ်လျှောက် မျက်စိကို ဝေ့ဝိုက်ကာ တစ်ချက် ကစားလိုက်သည်နှင့် မြင်လိုက်သည်။
လယ်ကန်သင်းရိုးခြေမှာ တွေ့ပါလေပြီ ကြွက်တွင်းတစ်တွင်း။
လက်တစ်မိုက်ခန့် ကျယ်ဝန်းလှသည့် ကြွက်တူးထားသော တွင်းဝထိပ်တွင် ရွံ့စေးမြေစာခံတို့ စုပုံလျှက် အတိုင်းသားပါပေ။
ကြွက်တို့မည်သည် အဝင်ကျင်း အထွက်ကျင်း ဟူ၍ အနည်းဆုံး ၂ တွင်းဆိုတာ ရှိစမြဲပေ။
သေချာအောင် ကြွက်တွင်းကို ဖိုးထိန် အနားကပ်ကြည့်တော့ တွင်းထဲသို့ ကိုက်ချီထားသည့် စပါးနှံအချို့နှင့် မနေ့ညက လယ်ကြွက်ကြီး စွန့်ထုတ်ထားသည့် လတ်လတ်ဆက်ဆက် ကြွက်ချေးအနည်းငယ်အပြင် လမ်းတစ်လျှောက် ကိုက်ဖြတ်၍ လမ်းရှင်းထားသော မြက်ပင်စိမ်းစိမ်းစိုစို အပိုင်းအစအချို့ကို တွေ့ရပေသည်။
သည်တွင်းမှာကား အရွယ်အစား မငယ်လှသည့် လယ်ကြွက်ကြီးတစ်ကောင် ရှိနေပေလိမ့်မည်ဆိုတာ ဖိုးထိန် အတပ်သိသည်။ ထို့ကြောင့် ကြွက်ထောင်ရန် ပါလာသည့် ဝါးညှပ်များထဲမှ ညှပ်တစ်ခုကို ထုတ်ကာ ကြွက်ဖြတ်သွားသည့် လမ်းကြောင်းကို ညှပ်အောက်ခြေမှ မူလပါ ဝါးချွန်ဖြင့်စိုက်၍ မောင်းတံကိုဆွဲတင်လိုက်ပြီး ဝါးလျှာတံဖြင့် ထစ်၍ ထောင်လိုက်လေသည်။
ဒါ့အပြင် ထိုနေရာကို အခြား တောသွားတောလာနှင့် မြက်ရိတ်သူများ၊ နွားကျောင်းသမားများ အလွယ်တကူ မမြင်စေရန် ကောက်ရိုးအကြေအနည်းငယ်ဖြင့် ဖုံးအုပ်ပေးလိုက်သည်။
ထို့နောက် နောက်ထပ်ကြွက်တွင်းတစ်တွင်းကို ထပ်မံ ရှာရပြန်ပေသည်။
ကြွက်မုဆိုးပီပီ ဟော တွေ့ပါလေပြီ နောက်ထပ် ကြွက်တွင်းတစ်တွင်း။
ပထမတွေ့မြင်သည့် တွင်းပေါက်အရွယ်အစားနှင့်မကွာလှသည်မို့ ထိုတွင်းမှလယ်ကြွက်သည်လည်း ရောင်းတန်းဝင်မည့် အရွယ်အစားမှာ မငယ်လှပေ။
သို့နှင့် ကြွက်မုဆိုး ဖိုးထိန်တစ်ယောက် ပါလာသည့် ဝါးညှပ်အခုသုံးဆယ်လုံးကုန်အောင် လိုက်ပတ်ထောင်လိုက်သည်မို့ ဆောင်းတွင်းပင် ဖြစ်လင့်ကစား နဖူးပြင်နှင့် ရင်ဘတ်တစ်လျှောက် ချွေးပြန်သွားပေသည်။
ညနေစောင်း၍ နေလုံးပျောက်ကာ လူလုံးပင် မကွဲသော အချိန်သို့ ရောက်လာခဲ့ပေသည်။
ပြီးသည်နှင့် ထုံးစံအတိုင်း ရွာမပြန်တော့ပဲ အသိတစ်ယောက် လယ်တဲဆီသို့ သုတ်ခြေတင်ကာ ထိုတဲမှာပင် ဝမ်းရေးကိစ္စ အဝဝကို ကြုံသလိုဖြေရှင်းလိုက်ပြီး အိပ်ရေးဝဝ အိပ်လိုက်ပေတော့သည်။
xxx xxx xxx
” အောက် အီး အီး အွတ်”
” အောက် အီး အီး အွတ်”
နံနက်မိုးသောက်၍ လင်းကြက်တို့ ထတွန်ပေတော့သည်။
“တကူကူး ကူး … ကူး”
“တကူကူး ကူး … ကူး”
ဖိုးထိန်အိပ်သည့် တဲ၏ အရှေ့ဆီမှ နံနက်စောစော ချိုးငှက်တို့ ကူသံပေး၍ အစာထရှာကြလေပြီ။
ချိုးနီပုတစ်အုပ်မှာလည်း စပါးတလင်းပြင်တွင် လူးလာခေါက်ပြန် အစာရှာလျှက်။
ဖိုးထိန်တစ်ယောက် သဘာဝ၏ နှိုးစက်သံကြောင့် နိုးလာခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
အညာဆောင်းပီပီ ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများမှိုင်းမှုန်စွာ ကျင်ဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည်။
အရှေ့အရပ်ဆီမှလည်း ရောင်နီလာစ ပြုနေပေပြီ။
မနေ့ညနေပိုင်းက ထောင်ထားသည့် ကြွက်ထောင်ညှပ်များရှိရာသို့ ကပျာတိမ်းတောင်း ထွက်လာလိုက်သည်။
အညာသဘာဝ တစ်ညလုံး ကျဆင်းထားသည့် ဆောင်းနှင်းများစိုနေသည့် စပါးပင်များကြား၊ သမန်းတောများ ပေါက်ရောက်နေသည့်ကြားထဲမှ ကြွက်ထောင်ညှပ်များရှိရာသို့ ဖြတ်သန်းသွားလာရသည်မို့ ဝတ်ထားသည့် ဖျင်ကြမ်းပုဆိုးပင်လျှင် နှင်းရည်နှင်းစက်များ ရွှဲစို၍ အအေးပိုသွားကာ ခြေဆစ် လက်ဆစ်များပင် ကိုက်ခဲလာလေသည်။
သို့သော် အညာဆောင်းကား မည်မျှပင် အေးစက်၍ ချမ်းစိမ့်နေပါစေ လွမ်းရေးထက် ဝမ်းရေးခက်သည််ကိုး။
ကြွက်ထောင်ညှပ်များရှိရာရောက်သော် ပထမဆုံးထောင်ထားသည့် ညှပ်မှာပင် မြင်လိုက်ပေသည်။
နည်းတဲ့ နှစ်ချို့လယ်ကြွက်ကြီး မဟုတ်ပါလား။ ကြွက်ကြီးမှာ အချိန် ၃၅ ကျပ်သားခန့်စီးမည့် အကောင်ကြီးတစ်ကောင်ဖြစ်ပြီး ဝါးညှပ်မှာမိကာ ဇီဝိန်ကြွေနေလေပေပီ။
“နောက်တစ်နေရာ ကြည့်သော်လည်း ထပ်မိနေသည်။ အစိတ်သားခန့် တစ်ကောင်။
ထို့နောက် ကြည့်လိုက် ဖြုတ်လိုက်ဖြင့် တစ်ခုပြီး တစ်ခု လိုက်သိမ်းနေလေသည်။
ဖိုးထိန် ထောင်ထားသည့်ညှပ်များကို လိုက်လံ၍ ကုန်စင်အောင်ဖြုတ်သိမ်းကာ မိထားသည့် လယ်ကြွက်အရေအတွက်ကို စစ်လိုက်တော့ ထောင်ထားသည့် ညှပ် ၃ဝ တွင် ၁၃ ခု တိတိမိ၍ ၁၃ကောင်တိတိ ရလေသည်။
ကြွက်များကို အရေဆုတ်၊ ဆား ဆနွင်း ဟင်းခတ်မှုန့်ထည့်နယ်၍ မီးဖိုဘေးနား ခြောက်သွေ့အောင်ကင်၍ ရောင်းပါက ကာလပေါက်ဈေး ငါးဆယ့်နှစ်ကျပ်လောက် ရမှာမို့ မနည်းလှပေ။
ဖိုးထိန် ကြွက်များကို ညှပ်မှဖြုတ်၍ ဆာလာအိတ်ထဲသို့ ထည့်သွင်းလိုက်ပြီး အိတ်ကို စုချည်လေသည်။
ထို့နောက် မိမိအပြန်ကို မျှော်နေမည့် ဇနီးသည်ရှိရာ အိမ်ခြေသို့ ပြန်ရန် ခြေဦးတည့်လိုက်ပြီး လေလေးချွန်ကာ သုတ်ခြေတင် ပြန်ခဲ့ပါတော့သည်။ ။ ။
(သူရေးထားတာလေး အဆင်ပြေရင် အမှတ်တရအနေနဲ့ တင်ပေးပါဆိုပီး ပို့လာပေးလို့ စာရေးသူအသစ်တွေကို ကြိုဆိုသောအားဖြင့် ပေးပို့လာသော ဝတ္ထုတိုလေးကို လိုအပ်ချက်အနည်းငယ်အား ပြုပြင်ပီး တင်ပေးလိုက်ပါသည်။ စာရေးသူအသစ် ဖြစ်ပါသဖြင့် လိုအပ်ချက်တွေ ရှိပါကလည်း နားလည်ပေးကြပါလို့ စာရေးသူကိုယ်စား တောင်းပန်အပ်ပါသည်)
– ပြီး –
စာရေးသူ – လင်းယုန်မာန် (ပေါက်)
Uncategorized