အညာက လာကြသည်
———————————
[တင်ညွန့်]
ဖုန်းငွေဖြည့်ကတ်လိုနေသဖြင့် ဆိုင်တစ်ဆိုင်ထဲဝင်ပြီး မေးကြည့်မိသည်။ ရှိသည် ဆိုသောကြောင့် ၃၀၀၀ ကျပ်တန် ကတ်တစ်ကတ်ဝယ်လိုက်သည်။ တစ်သောင်းတန် တစ်ရွက်ထုတ်ပေးလိုက်သည်။ ၇၀၀၀ ကျပ် ပြန်အမ်းသည်။
ကျွန်တော်က ခေါက်ဆွဲသုပ်စားချင်သဖြင့် သွားဝယ်ရန် ဆိုင်ထဲကို ဝင်မည်အလုပ်တွင်
“ဘဘကြီး” ဟုဆိုကာ ပုဆိုးကို လာဆွဲသဖြင့် နောက်လှည့်ကြည့်လိုက်မိသည်။
ကလေးငယ်တစ်ယောက်ကို ၁၀ နှစ်အရွယ် မိန်းကလေးတစ်ယောက်က လက်ဆွဲထားသည်။ ကျွန်တော့်ကို လာဆွဲသည်က ၇ နှစ်ခန့်ရှိမည်။ နောက်တစ်ယောက်က ၅ နှစ်ခန့်ရှိမည့် ယောက်ျားလေးတစ်ယောက်။
“ဘာလဲကွ”
“သမီးတို့ ထမင်းဆာလို့ပါ”
ကလေးတွေ ထိုသို့လာပြောလျှင် မခံစားနိုင်ပါ။ သို့သော် ကျွန်တော့်ဝါဒကလည်း ကလေးတွေကို ပိုက်ဆံ မပေးတတ်။ လက်ဆွဲထားသည့် ၃ နှစ်ခန့်ရှိမည့် ကလေးကိုကြည့်လိုက်မိသည်။ မျက်လုံးလေးကဝိုင်းကာ မျက်ရည်စတွေ တွေ့နေရသည်။
“သမီးတို့ ဘယ်ကလဲ”
“ဟိုနားက”
သူက လက်ညှိုးထိုးပြသော်လည်း ကျွန်တော်မသိ။ ကျွန်တော် ဤနေရာကို မရင်းနှီး။ ယခုတောင် ဖုန်းကတ် ဝယ်ချင်သဖြင့် ထွက်လာပြီး ဗိုက်ဆာသဖြင့် ခေါက်ဆွဲသုပ်ဝယ်ရန် ပြင်နေစဉ် ဤကလေးတွေနှင့် တွေ့ခြင်း ဖြစ်သည်။
ကလေး ၄ ယောက်ကို ဘယ်သူတွေကများ ထမင်းမကျွေးဘဲ ပစ်ထားသနည်း။
ကျွန်တော်က ကလေးတွေကို မျက်လုံးလေးတွေကြည့်ပြီး ဆုံးဖြတ်လေ့ရှိသည်။ ကလေးတွေ၏ ဖြူစင်ခြင်းမှာ မျက်လုံးတွေပေါ်မှာ ရှိသည်။
“တကယ်ဆာနေလို့ထင်ပါတယ်”
သို့သော် ကျွန်တော့်စည်းကမ်းကို မဖျက်နိုင်ပါ။ ထို့ကြောင့်
“သမီးတို့ကို ခေါက်ဆွဲသုပ်ကျွေးမယ် စားမလား”
“စားမယ်”
ပေတူးတူး ကောင်လေးက တက်ကြွစွာ ဖြေသည်။
ကျွန်တော်ကလည်း အရေးပေါ် ထွက်လာရာ အိတ်ထဲတွင် တစ်သောင်းတန် တစ်ရွက်သာပါသည်။ ၃၀၀၀ သုံးပြီးသဖြင့် ၇၀၀၀ ကျန်သည်။ သူတို့ လေးယောက်ကို ခေါက်ဆွဲသုပ်ကျွေးလျှင် တစ်ပွဲ ၁၅၀၀ ဖြစ်သဖြင့် ၆၀၀၀ ကျမည်။ ကျွန်တော်က ပိုက်ဆံမပေး၊ ခေါက်ဆွဲဝယ်ကျွေးလိုက်မည်ဟု ဆုံးဖြတ်ကာ
“ကဲ လာကြ … သွားမယ်”
ကျွန်တော်က ဦးဆောင်ကာ ဆိုင်ထဲကို ခေါ်သွားသည်။ ကလေးတွေနှင့် ထိုင်ခုံနိမ့်လေးတွင် ဝိုင်းထိုင်လိုက် ကြသည်။
“ဒီ အငယ်လေးက ခေါက်ဆွဲ စားနိုင်လို့လား”
“စားတယ် … သူက ခေါက်ဆွဲ သိပ်ကြိုက်တာ”
“ကဲ … သမီးတို့ စားချင်သလို သွားမှာကြ”
ဆိုင်ထဲတွင် စားသောက်နေသူတွေက ကျွန်တော်တို့ ဝိုင်းကို စောင်းငဲ့ကာ ကြည့်နေကြသည်။ ကျွန်တော် ကတော့ ငွေ တစ်ထောင်သာ ပိုတော့မည်ဖြစ်သဖြင့် မစားတော့ပါ။
ခေါက်ဆွဲသုပ်တွေ ရောက်လာပြီ။ ကလေးတွေ အားရပါးရ စားသည်ကို ကြည့်ပြီး ကျွန်တော် ပျော်သွားသည်။ ငါတော့ လှူရကျိုး နပ်ပြီဟု တွေးလိုက်သည်။ ကလေးတွေ တကယ့်ကို ဆာနေခြင်းဖြစ်သည်။ သူတို့ ဟန်မဆောင်ပါ။
အစ်မအကြီးဆုံး ဖြစ်နိုင်သူက အငယ်ဆုံးလေးကို ဝိုင်းပြီး ခွံ့ပေးသည်။ ကျွန်တော်က တစ်သျှူးလေးတွေ ထုတ်ပြီး သူတို့ကို ပါးစပ်သုတ်ဖို့ပေးသည်။
“စားကောင်းကြရဲ့လား”
“ကောင်းတယ် ဘဘကြီး … စားချင်နေတာကြာပြီ … ခုမှစားရတော့တယ်”
“အေး … အေး … စားကြ … မဖိတ်စေနဲ့။ ဟိုကလေးကို ပါးစပ် သုတ်ပေးလိုက်ဦး”
ကျွန်တော် တွေးနေမိသည်
“ငါ့မြေးလေးတွေဆိုရင် …”
ကျွန်တော် ကလေးတွေကို တောင်မေး မြောက်မေး မမေးတော့ပါ။ ဤခေတ်ကာလတွင် မေးလိုက်လည်း ထူးမည် မဟုတ်ပါ။ ကိုယ့်မှာ ရှိတာ လှူချင်လှူ၊ မလှူချင် နေလိုက်ရုံသာဖြစ်သည်။
နောက်ဆုံးတွင် အငယ်ဆုံးလေးသာ ကျန်နေသည်။
“တော်ပြီ” ဟု ကလေးကပြောသည်။
သူ့ပန်းကန်ထဲတွင် ကျန်နေသေးသည်။
အစ်မအကြီးဆုံး ဖြစ်ဟန်တူသူက နောက်မောင်လေးတစ်ယောက်ကို
“ရော့ … နင်စားလိုက်” ဟု ပေးသည်။
ငါးနှစ်အရွယ် ကလေးကလည်း အကျန်ကို အားရပါးရစားသည်။
ကျွန်တော့် အနေဖြင့် ပိုက်ဆံသာ ပါလျှင် ထပ်ကျွေးချင်ပါသေးသည်။ သို့သော် ကလေးတွေကလည်း စားချင်မှ စားနိုင်ပေလိမ့်မည်။ တစ်ပွဲက အတော်လေးများသည်။
သူတို့စားပြီးသွားပြီ။
“သမီးတို့ သွားတော့မယ်”
“အေး … အေး … အိမ်ကို ပြန်ကြ”
သူတို့တွင် အိမ်ရှိသလား၊ မရှိဘူးလား ကျွန်တော်မသိ။ သို့သော် အိမ်ပြန်ခိုင်းလိုက်သည်။
“ဘယ်လောက်ကျသလဲ”
ကလေးတွေ ထွက်သွားမှ ကျွန်တော်က ဆိုင်ရှင် အမျိုးသမီးထံ ပိုက်ဆံ သွားရှင်းသည်။ ဤဆိုင်တွင် ဝယ်ဖူး သဖြင့် တစ်ပွဲ ထောင့်ငါးရာမှန်း သိသော်လည်း သေချာအောင် ထပ်မေးရခြင်း ဖြစ်သည်။
“သုံးထောင်ပဲပေးပါ”
“လေးပွဲလေ”
“ဟုတ်တယ် … စောစောက ဟိုမှာ စားနေတဲ့ တစ်ယောက်က တစ်ပွဲဖိုး ရှင်းသွားတယ်။ ကျွန်မက တစ်ပွဲဖိုး လှူပါတယ်။ ဦးလေးက နှစ်ပွဲဖိုးပဲပေးတော့”
“ဟာ … ကျေးဇူးတင်လိုက်တာဗျာ”
ကျွန်တော် ဘာကို သွားမြင်လိုက်သနည်း။
တစ်ယောက်ယောက်က စလိုက်ဖို့သာ လိုပါသည်။ ကျန်တာ အားလုံး အဆင်ပြေသွားနိုင်သည်။ ကျွန်တော်တို့ လှူလိုစိတ်နှင့် လှူတတ်ဖို့သာ လိုသည်။ အားလုံး စာနာစိတ်ရှိသူတွေသာ ဖြစ်ကြသည်။
ကျွန်တော်က
“ဒါဆိုလည်းဗျာ ကျွန်တော့်ကို ပါဆယ် တစ်ထုပ်လောက် ပေးပါ။ ရော့ဒီမှာ …”
ကျွန်တော်က တစ်ထောင်တန် ငါးရွက်ကို ပေးလိုက်သည်။ သူက ငါးရာ ပြန်အမ်းသည်။
“အဲဒီ ကလေးတွေက ဘယ်က ကလေးတွေလည်းဗျ”
“ဟိုလမ်းထိပ် ဘုန်းကြီးကျောင်းထဲက ထွက်လာတာပဲ။ သူတောင်းစားလေးတွေတော့ ဟုတ်ဟန်မတူပါဘူး။ ပိုက်ဆံလိုက်တောင်းတာ မတွေ့ရဘူး”
ဆိုင်ရှင် အမျိုးသမီး၏ ယောကျ်ားဖြစ်ဟန်တူသူက ဝင်ပြောသည်။
“အညာက လာတာတွေလေ”
တင်ညွန့်
၂.၉.၂၀၂၄