မောင်လွမ်းသူ
အတွေအကြုံကပေးသော သင်ခန်းစာ
“ဒီကောင်ကြီးဟာ သိပ်ပါးတာဗျာ။ လယ်မှည့်ချိန်တိုင်း ကျုပ်လယ်ကို ခိုးခိုးစားနေတာ သုံးလေးနှစ် ရှိပြီ။ ဘယ်လိုမှ ချောင်းလို့ မရဘူး။ တစ်နှစ်ကလဲ ဝက်ကျုံးတူးလို့ ကျင်းကျ မောင်းပြီးပြီ။ ဒါလဲ မကျဘူး၊ မောင်းသူတွေကြားက ဘေးလှည့်ထွက်သွားပြီ။
ဒီနှစ်လဲ ကျုပ် လှံနဲ့ ထိုးမလို့ ချောင်းတာ ခဏခဏပဲ။ လှံတစ်ကမ်းနေရာအထိကို အကပ်မခံဘူး။ မီးထိုးလိုက်ရင်လဲ မီးရောင် ရိပ်ခနဲ မြင်လိုက်ရင် လစ်တော့တာပဲ။ ဒါကြောင့် ဆရာ့ကို လာခေါ်ရတာ။အရင် လမိုက်ရက်ကတည်းက ခေါ်မလိုပဲ။ မီးထိုးမခံတာကြောင့် လသာသာ ပစ်ရအောင်ဆိုပြီး တမင် လယ်အစားခံလို့ကို စောင့်နေရတာ။ ဒီကောင် တော်တော်ကြီးပြီဆရာ။ ခြေရာ နွားခြေရာလောက် ရှိပြီး ခြောက်ဆယ်ထွက်ထက် မအောက်ဘူး။ ဒါကြောင့်လဲ ဒါလောက် ပါးတာပဲ”
ဦးသံချောင်းသည် သူ့လယ်ကို နှစ်စဉ် လာရောက်ခိုးယူ စားသောက်ဖျက်ဆီးနေကျဖြစ်သော တောဝက် ကြီးအကြောင်း ကျွန်တော့်အား ပြောနေခြင်း ဖြစ်ပါသည်။
ဦးသံချောင်း၏ လယ်တဲကလေးအတွင်းရှိ ရေနွေးကြမ်းဝိုင်းမှာ လူစုံလှသည်။ မုဆိုးလာသည်ဆို၍ အနီးအနားရှိ လယ်တဲများမှ လူများလည်း ဦးသံချောင်းထဲသို့ ရောက်နေကြပါသည်။
ကျွန်တော်တို့ ရေနွေးကြမ်းဝိုင်းမှာ ပေါင်းတင်း (ခဲတံကျည်တောက်)နှင့် ငါးခြောက်ဖုတ် အမြည်းတို့ဖြင့် အတော်စိုပြည်နေပါသည်။ ကျွန်တော်သည် ရေနွေးတစ်ခွက်ကို ငှဲ့ယူသောက်လိုက်ရင်း
“သူ့ လာလမ်းမှာ ကိုင်းဆွဲထားပေါ့ဗျာ”
“အံမယ်လေး… ဒါလဲ မရဘူး ဆရာ။ ကိုင်းထောင်ထားပြန်လဲ သူနဲ့အတူတူ သွားလုပ်ထားတဲ့ အတိုင်းပ။ ဒီလယ် မဝင်တော့ဘဲ တစ်ဖက်လှည့်ပြန်တော့တာပဲ။ တကယ့်ကို ပါးတာ ဆရာ”
“အင်း… ဟုတ်မှာပေါ့၊ တိရစ္ဆာန်ဆိုပေမယ့် ပါးတဲ့ အကောင်ကျ သိပ်ပါးတာ။ ဒါထက် ခင်ဗျားလယ် စမ်းခွဲထားပြီးသားလား၊ စမ်းသစ် ဖြစ်နေဦးမယ်နေ”
စမ်းခွဲသည်ဆိုသည်မှာ ခြေသံမကြားစေရဘဲ လယ်ထဲတွင် လမ်းသွားရလွယ်ကူအောင် စပါးပင်များကို ဟိုဘက်သည်ဘက် နှိပ်ပြား၍ လမ်းဖော်ထားခြင်းပဲ ဖြစ်ပါသည်။ သို့မှသာ မုဆိုး၏ ခြေသံကို အမဲက မကြားရတော့ပါ။
လယ် အလျားလိုက် အနံလိုက် စမ်းအမြွှာမြွှာခွဲထားခြင်းအားဖြင့် ဝက်စားနေသံ ကြားရာသို့ မုဆိုး အလွယ်တကူ ချဉ်းကပ်နိုင်ပါသည်။
ဤသို့ ချဉ်းကပ်ရာတွင်လည်း ဝက်မှာ အနံ့ခံကောင်းလှသဖြင့် လေအောက်ဘက်မှ လှည့်၍ သွားရပါသည်။ တချို့ဝက်တို့မှာ အလွန်ပါးသည်။ စမ်းခွဲထားစ တစ်ရက် နှစ်ရက်အတွင်းဆိုလျင် လယ်ထဲသို့ မဝင်တော့ပါ။ ကောက်ပင်အခြေအနေ ပျက်နေသည်ကို ရိပ်မိ၍ ဖြစ်သည်။ သုံးလေးရက်ကြာမှ ရိုးသွားပြီး ပြန်ဝင်တတ်ပါသည်။ ဒါကြောင့် စမ်းသစ် ဖြစ်နေမလားဟု ကျွန်တော်မေးရခြင်းဖြစ်သည်။
“ဟောင်းပါပြီ ဆရာ၊ စမ်းခွဲစ နှစ်ရက် သုံးရက်က မဝင်ဘူး။ ခုမှ ပြန်ဝင်ပြန်တာ။ နှစ်ညဆက် ရှိသွားပြီ”
“ဘယ်အချိန်လောက် ဝင်တတ်သလဲ”
“အမှန်မရှိဘူး ဆရာ၊ တစ်ခါတလေလဲ ကိုးနာရီ ဆယ်နာရီ လောက်၊ တစ်ခါတလေလဲ သန်းခေါင်ကျော် နှင်းယိုင်မှ လာတာပဲ”
မေးသာ မေးရသည်။ အတွေ့အကြုံ အတော်များများ ရှိခဲ့ဖူး၍ လယ်ထဲစားသည့် ဝက်အကြောင်း ကျွန်တော် သိနေပါသည်။ လယ်ခိုးစားသည့် ဝက်မှာ စည်းမရှိပါ။ တစ်ခါတလေ နေဝင်ရိုးရီမှာ ဝင်တတ်သည်။ တစ်ခါတစ်ရံ မှောင်စ၊ တစ်ခါတစ်ရံ သန်းခေါင်ကျော် လင်းပိုင်း၊ တစ်ခါတစ်ရံ လူတို့ ဘယ်လိုမှ မျှော်လင့်မထားချိန် နံနက် ရှစ်နာရီ ကိုးနာရီခန့်။
“ဆရာ… ညောင်းရင် လှဲနေပါ၊ အိပ်ချင်အိပ်၊ ကျွန်တော်တို့ ထွက်ထွက် နားထောင်မယ်။ ဝက်စားသံကြားမှ ဆရာ့ လာနှိုးမယ်”
ဦးသံချောင်း၏ တဲနီးချင်းမိတ်ဆွေတစ်ဦးဖြစ်သူ ကိုအောင်ဘက ပြောလိုက်ခြင်းဖြစ်၏။ လယ်ထဲ ဝက်ချောင်းရသည်မှာ လူမပန်းသော်လည်း ခိုက်ခိုက်တုန်အောင် ချမ်းလှသည်။
အခါရာသီမှာ နတ်တော်လ နှင်းတပြိုင်ပြိုင် ကျချိန်ဖြစ်ရာ တဲမှ ထွက်လိုက်သည်ဆိုလျှင်ပင် နှင်းတွေ ရွှဲကုန်တော့သည်။ ထို့ကြောင့် သူတို့က ကျွန်တော့်ကို ညှာပြီး သူတို့သာ မကြာမကြာ ထွက်နားထောင်ကြမည်ဟု ပြောနေကြခြင်း ဖြစ်ပါသည်။
လယ်ထဲတွင် ဝက်စားနေပြီ ဆိုလျှင်ကား ကိုက်ငါးဆယ်နီးပါးခန့်လောက်မှ အတိုင်းသား ကြားနိုင်သည်။ ပကျပ် ပကျပ်နှင့် စပါးစေ့များကို ကိုက်စားသံမှာ အသံမြည်လှသည်။
ကျွန်တော်သည် သူတို့အကူအညီ ရှိသည်နှင့် စိတ်ချပြီး ခဏ တုံးလုံးလှဲလိုက်ရာ နေ့လယ်က ခရီးပြင်း လာခဲ့ရသည့်အတွက် ညောင်းနေသောကြောင့် မှေးခနဲ အိပ်ပျော်သွားပါသည်။
“ဆရာ… ထတော့ ထတော့၊ ဝက်စားနေပြီ”
ကိုအောင်ဘ လာနှိုး၍ ကျွန်တော် ရုတ်တရက် ထလိုက်ပြီး လက်မှ နာရီကို ကြည့်လိုက်ပါသည်။ ဆယ့်နှစ်နာရီ ဆယ့်ငါးမိနစ်။
ကျွန်တော်သည် အနီးတွင် ထောင်ထားသော နှစ်လုံးပြူးသေနက်ကို ဆွဲယူလိုက်ပါသည်။ အမဲကြီးများ ပစ်ရန် မဟုတ်သောကြောင့် ရိုင်ဖယ် မယူခဲ့ဘဲ တမင်တကာ နှစ်လုံးပြူးကို ယူလာခြင်း ဖြစ်၏။ ပြီးတော့ နှစ်လုံးပြူးမှာ ရိုင်ဖယ်လို ချိန်သီးနှင့် သေနတ်မျိုး မဟုတ်သဖြင့် လသာသာမှာ ချိန်ရ လွယ်ကူပေသည်။ ပြောင်းတန်းပစ်ရုံနှင့် ရသည်။
ကျည်ဆန်ကား ကျည်မနှင့် ခြောက်လုံးကျည်။ ဒါဆို ဝက်လိုအကောင်မျိုးအတွက် လုံလောက်ပြီ။
ကျွန်တော်သည် ယာဘက်ပြောင်းတွင် ကျည်မ ထည့်၍ ဘယ်ပြောင်းတွင် ခြောက်လုံးကျည် ထည့်ကာ တဲအပြင် ထွက်လိုက်သည်။ ကျည်အပို သုံးတောင့်ကို စစ်အင်္ကျီအိတ်ထဲ ထည့်ယူခဲ့သည်။
ကောင်းကင်ယံတွင် နက်တော်လဆန်း ဆယ့်နှစ်ရက် လမင်းကြီးမှာ နှင်းထုလွှာကြောင့် မှုန်ဝါးဝါး ဖြစ်နေသည်။ ကျွန်တော်သည် ကန်သင်းရိုးအတိုင်း လာခဲ့ပြီး လယ်ထဲ စဆင်းလိုက်ပါသည်။ ခွဲထားသော စမ်းများကို ဝိုးတဝါးလရောင်တွင် မြင်အောင် အတော်ကြည့်ရသည်။
ဤလယ်သို့ မိုးချုပ်မှ ကျွန်တော် ရောက်လာခြင်းဖြစ်သည့်အတွက် ခွဲထားသည့် စမ်းများကို ထင်ထင်ရှားရှား ကြည့်မထားနိုင်တော့ပါ။ အခွင့်အရေး တစ်ရပ် လက်လွှတ်သွားခြင်း ဖြစ်သည်။
စမ်းအတိုင်း နားထောင်လိုက် လာလိုက်နှင့် ဆယ်လှမ်းလောက် လှမ်းမိလျှင်ပင် ဝက်စားနေသံကို အတိုင်းသား ကြားရတော့သည်။
လေသည် ပကတိ ငြိမ်သက်နေသည်။ ဆောင်းရာသီဖြစ်၍ တိုက်လျှင်လည်း မြောက်လေနှင့် အရှေ့မြောက်လေသာ တိုက်နိုင်သည်ဖြစ်ရာ အနံ့မရအောင် ကျွန်တော်သည် အနောက်တောင်ဘက် စမ်းအတိုင်း ကွေ့ပြီး တဖြည်းဖြည်းချင်း ကပ်ခဲ့သည်။
ကောက်ပင်များမှာ ခါးသာသာလောက် မြင့်သည့်အတွက် အသာခေါင်းငုံ၍ ကုန်းပြီး လာခဲ့ရသည်။ ဝက်စားသံ ကြားလျှင် အတင်းလာ၊ စားသံရပ်လျှင် ကျွန်တော်လည်း ရပ်နားထောင်။ ဤအတိုင်း လာခဲ့ရာ စားသံနှင့် အတော် နီးလာပြီဖြစ်သည်။ ကိုက်နှစ်ဆယ်ခန့်သာ ကွာတော့မည် ထင်သည်။
ဝက်စားသံ ရပ်သွား၍ ကျွန်တော်လည်း အတော်ကြာ ရပ်နေရသည်။ ဝက်မှာ စားသံ မကြမ်းလှ။ တစ်ဆက်တည်းလည်း ကြာကြာ စားမနေပါ။ ဤအတိုင်း ဆိုပါက ဝက်အကောင်ကြီးကြီး ဖြစ်ပေမည်။ ခိုးစားနေကျ ဝက်ပါးပေတည်း။
ပိဿာချိန် အစိတ်၊ နှစ်ဆယ်ထွက် အကောင်တွေဆိုလျှင် အစားကြမ်းလှသည်။
ဝက်စားသံ အတော်ကြာ ရပ်နေ၍ ကျွန်တော်လည်း မထူးတော့ပြီမို့ စောစောက စားသံကြားရာသို့ အသာ ခေါင်းထောင်ကြည့်လိုက်ပါသည်။ ကောက်ပင်တွေ ငိုက်၍ လဲနေသော လယ်ကွက်၌ ကျွန်တော့်ကို ကန့်လန့်ပေးနေသော ဝက်မွဲမွဲကြီးကို ဝိုးတဝါး လရောင်အောက်တွင် မြင်နေရသည်။ ဝက်ကြီးသည် မစားတော့ဘဲ ငြိမ်ငြိမ်ကြီး ရပ်နေသည်။ တစ်ခုခု မသင်္ကာ၍သာ ဖြစ်မည်။
ဤတွင် ကျွန်တော်၏ ပထမဆုံးအမှားကို သိလိုက်ပါပြီ။ ကျွန်တော်စောင့်သည့် လယ်မှာ ကွင်းပြင်လယ် မဟုတ်။ တောင်နှစ်လုံးကြားရှိ ချောင်လျှို လယ်ကြီး ဖြစ်သည်။ ဆောင်းရာသီဖြစ်၍ လေသည် မြောက်နှင့် အရှေ့မြောက်ကသာ တိုက်နိုင်သည်ဟု ကျွန်တော် တွက်ခဲ့သည်။
ကွင်းပြင်မှာဆိုလျှင် ဟုတ်သည်။ သို့သော် ချောင်လျိုလယ်မျိုးတွင်ကား လေသည်က လျှိုထိပ်သို့ ပြန်တိုက်လေ့ မရှိပါ။ လျှိုထိပ်ကသာ လျှိုဝသို့ တိုက်လေ့ ရှိသည်။
ဤအချက်ကို မေ့ပြီး လေအောက်ကဟု မှန်း၍ ကျွန်တော် အနောက်တောင်ဘက် လျိုထိပ်က လာခဲ့ခြင်းသည် လေညာက ဖြစ်နေပေပြီ။ သည့်ထက် ရှေ့တိုးလျှင် ကျွန်တော့်အနံ့ ရပေဘော့မည်။ မလှုပ်မယှက်နေပုံထောက်၍ ယခုအချိန်အထိတော့ အနံ့ မရနိုင်သေးဟု တွက်မိသည်။
ကျွန်တော် မပစ်လျှင် မဖြစ်တော့။ ကျွန်တော်သည် သေနတ်ဒင်ကို ယာဘက်ပခုံးမှာ ထောက်လိုက်သည်။ လသာသာ လယ်ထဲမှာ ဝက်ပစ်လျှင် ‘မည်းမည်းကို မပစ်နဲ့၊ မွဲမွဲကို ပစ်’ ဟု ဝါရင့် မုဆိုးကြီးများက လက်သုံးစကားအဖြစ် ပြောတတ်ကြ၏။
အကြောင်းမှာ မည်းမည်းသည် အရိပ်မျှသာ ဖြစ်၍ မွဲမွဲကသာ အကောင်ဖြစ်ခြင်းကြောင့်တည်း။
ကျွန်တော်သည် ခပ်မွဲမွဲ မြင်နေရသည့် ဝက်ကြီးကို ဘယ်က ခေါင်း၊ ဘယ်က ဖင်မှန်း ခွဲခြားမရနိုင် ဖြစ်နေသည်။
ကျွန်တော် ပစ်လိုသည်က တစ်ချက်တည်း တုံးခနဲ လဲသွားအောင် နားဂျောက် (နား၏နောက်)ကို ပစ်လို ၏။ အသာ သေနတ်ပြောင်းတန်း ကြည့်နေစဉ် ခပ်မည်းမည်း လှုပ်ရှားသွားသည်ကို ရိပ်ခနဲ မြင်လိုက် သည်။ နားရွက်ခတ်ခြင်း ဖြစ်ပေမည်။
ကျွန်တော်သည် လှုပ်ရှားသွားသည့် နေရာနောက် တစ်မိုက်လောက်အကွာကို အသေအချာချိန်၍ ယာဘက်ပြောင်းရှိ ကျည်မဖြင့် ပစ်ထည့်လိုက်ပါသည်။
“ဒိုင်း” ဟူသော သေနတ်သံအဆုံး ကွိခနဲ အော်ပြီး ဝက်ကြီး ပြေးသွားပါတော့သည်။ ကျွန်တော် မှန်းသည့်နေရာကို မထိကြောင်းတော့ ထင်ရှားပေပြီ။ နားဂျောက်သာ မှန်လျှင် နေရာ မရွေ့နိုင်ပေ။ လက်ပြင်ကို ထိသွားခြင်းသာ ဖြစ်မည်။ မနက်မှ ပစ်ကျင်းကြည့်ပြီး ဆက်လိုက်ရပေတော့မည်။
ကျွန်တော်သည် တဲဘက် ပြန်လှည့်လာခဲ့သည်။ ဦးသံချောင်းတို့ အားလုံး ကျွန်တော့်အပြန်ကို နားစွင့်နေကြ၏။
“နေကာတင် မလဲဘူးဗျို့။ ထိတော့ ထိသွားတယ်။ မနက်မှ ကြည့်ရှာကြရုံပဲ”
“ကျုပ်တို့လဲ ကြားပါတယ်။ ဒါလောက် လယ်ခိုးစား နေတဲ့ အကောင်၊ နာသွားတယ်ဆိုရင်ပဲ ကျေနပ်လှပြီဗျာ”
ဦးတံချောင်းက ကရားအတွင်းသို့ ရေနွေးဖြည့်ရင်း ပြောလိုက်သည်။
(၂)
ကျွန်တော်သည် ရေနွေးကြမ်းသောက်ရင်း မကျေမနပ် ဖြစ်နေမိသည်။ နားဂျောက်ပစ်တာ ဘယ်နေရာ ထိသွားပါလိမ့်။
လက်ပြင်ကို မှန်သွားခြင်းသာဖြစ်က ရဖို့ရန် မလွယ်ကူတော့ပေ။ ဝက်လို အကောင်သည် လက်တစ်ချောင်း ကျိုးရုံနှင့်တော့ ဖြုံလိမ့်မည် မဟုတ်ပေ။ သုံးချောင်းထောက်နှင့်ပင် ဒိုးလှိမ့်သလို ပြေးနိုင်သည်။
ဤနေရာတွင်မှ ကျွန်တော်၏ ဒုတိယအမှားကို မြင်လာပြန်သည်။ ကျွန်တော်သည် တစ်ချက်တည်း လဲအောင်ဆို၍ နားဂျောက်ကို ရည်ရွယ်၏။ အမှန်တော့ ကျွန်တော်သည် နှလုံးကွင်းကို ပစ်ဖို့ကောင်းသည်။ နှလုံးကွင်းသာ ချိန်ပစ်ပါက နှလုံးကိုထိလျှင် တုံးခနဲ လဲမည်။ အဆုတ်၊ အသည်းညှာ ထိလျှင်လည်း ဝေးဝေး ပြေးနိုင်ဖို့ရာ မလွယ်ပါပေ။
ဝက်လိုအကောင်ကြီးကား ဘေးတိုက်သာ ဆိုလျှင် ဘယ်ဘက် လှည့်နေနေ၊ နှလုံးကွင်း နေရာကို ရှာဖို့ အလွန်လွယ်ကူပေသည်။ ဝက်၏ အလျားလိုက်၊ ဒေါင်လိုက်၊ အလယ်တည့်တည့် ဆုံရာကို ပစ်လျှင် နှလုံးကွင်း မလွတ်တော့ပေ။
ကျွန်တော် မုဆိုးလုပ်စကမူ ဝက်ကို ဆတ်လို ချေလို မှတ်၍ နှလုံးကွင်းနေရာကို ဆတ်နှင့်ချေ ပစ်သည့် အတိုင်း ချိန်ပစ်မိရာ အားလုံးလွဲပြီး လက်ပြင် တည့်တည့်ကိုသာ ထိမှန်ခဲ့ပေသည်။
အမှန်တော့ ဝက်၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဆတ်တို့၊ ချေတို့နှင့် မတူ။ ခေါင်းနှင့် နှုတ်သီးကြီးက ရှေ့သို့ အတင်းချွန်ထွက်လျက်ရှိရာ နှလုံးကွင်း နေရာသည် ခန္ဓာကိုယ် အလယ်လောက်သို့ ရောက်နေသည်။
ထို့ကြောင့် ဆတ်နှင့် ချေ ပစ်သလိုသာ ပစ်လျှင် လက်ပြင်နှင့် တန်းနေတော့သည်ဖြစ်ရာ နှလုံးကွင်း နေရာကို ရွေးမပစ်မိခြင်းသည့် ဒုတိယ အမှားပင် ဖြစ်တော့၏။
နံနက်လင်း၍ နေပွင့်သောအခါ ကျွန်တော်တို့သည် လယ်ထဲဆင်း၍ ပစ်ကျင်းကို ကြည့်ကြသည်။ ကောက်ပင်တွေ ပြားနေသော စွတ်ကြောင်းရာကြီးနှင့် သွေးစသွေးန အနည်းငယ်ကို တွေ့ရ၏။ စွတ်ကြောင်းကြီးမှာ လယ်တစ်ဖက်ရှိ ဖုန်းဆိုးတောတွင်း ဝင်သွားသည်။
“ကဲ… ဒါလောက်တွေ့ရရင် တော်ပြီ။ ဦးသံချောင်း ဆက်မလိုက်နဲ့တော့။ ရွာပြန် ခွေးခေါ် ချေတော့”
ကျွန်တော်က ဦးသံချောင်းဘက် လှည့်၍ ပြောလိုက် သည်။
“စွတ်ကြောင်းကြီး မြင်နေရတာ ဆရာ၊ နည်းနည်းလိုက်ကြည့်ပါဦး”
“ထိန်ကူးက ကိုဘကွယ် ဘယ်လိုသေသွားရသလဲ ခင်ဗျား သိတယ်မဟုတ်လား ဦးသံချောင်း။ တော်ပြီ … အတင့်မရဲနဲ့။ ကျွန်တော် ပြောသလိုသာ လုပ်ပါ။ ဝက်အကြောင်း ခင်ဗျား အသိသားနဲ့”
ကျွန်တော် ပြတ်ပြတ် ပြောလိုက်မှ ဦးသံချောင်း ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားတော့သည်။ ကျွန်တော်သည် တဲတွင်းဝင်၍ ရေနွေးသောက်ရင်း သူ့အပြန်ကို စောင့်နေမိ၏။
မကြာမီ ခွေးသုံးကောင်နှင့်အတူ ဦးသံချောင်း ပြန်ရောက်လာသည်။
“နေဦး… ဒီကောင် လမ်းကူး မကူး ကျွန်တော် ရှေ့က လမ်းဖြတ်ကို သွားကြည့်ဦးမယ်။ လာ ဦးသံချောင်း … ခင်ဗျားလဲ လိုက်ခဲ့”
ကျွန်တော်နှင့် ဦးသံချောင်းတို့သည် တစ်ဖက်မှ လှည့်ပြီး ဖုန်းဆိုးအလွန်ရှိ တောင်ပေါ် တိုက်လမ်းကိုသွား၍ လမ်းကူးခြေရာကို ကြည့်ကြသည်။ ဘာခြေရာမှ မတွေ့ရပါ။
“ကိုင်း… ဦးသံချောင်း၊ ဒီကောင် ဒီဖုန်းဆိုးထဲမှာ ခိုနေ မှာပဲ။ ကျွန်တော် ဒီ ပေါက်နွယ်ပေါ် က ကြိုလို့ စောင့် နေမယ်။ ခင်ဗျားတို့ ခွေးတွေ အလျင်သွင်းပြီး လူက ဖြည်းဖြည်း နောက်ကသာ လိုက်ခဲ့ကြ။ ဝက်က ခွေးကို ခံနေရင်လဲ အတင်းဝင်စွန့်ပြီး လှံနဲ့ မထိုးနဲ့ဦး။ ဝက်နာနော် … သတိထားကြ။ ခင်ဗျား ကောင်လေးတွေလဲ သတိပေးလိုက်။ ကိုင်း သွားတော့”
ကျွန်တော်သည် အင်ပင်အနီးရှိ ခါးလောက် မြင့်သော ပေါက်နွယ်ကြီးပေါ်သို့တက်ကာ စောင့်နေလိုက်သည်။ ပစ်ပြီးသော သေနတ် ယာပြောင်းတွင် ကျည်မတစ်တောင့် ထပ်ထိုးထားလိုက်၏။
မကြာမီ ခွေးတွေ တအိုင်အိုင် အော်သံကို ကြားရတော့သည်။ ဝက်နံ့ရ၍ အော်ခြင်းဖြစ်သည်။
ကျွန်တော်သည် တစ်ဖက်ရှိ ကိုင်းပင် အဖျားများ တရိပ်ရိပ် လှုပ်လာသည်ကို မြင်ရ၍ သတိထားနေမိသည်။
မကြာမီ ကိုင်းစပ် လင်းကွက်သို့ ထွက်လာသော ခါးစောင်းလောက်မြင့်သည့် ဝက်ကြီးကို မြင်ရပါတော့သည်။ ကျွန်တော်နှင့်ကား ဆယ့်ငါးကိုက်ခန့်သာ ကွာမည် ဖြစ်၏။
ခွေးတွေလည်း မီလာပြီဖြစ်ရာ ဝက်ကို အတင်း ဝင်ကိုက်တော့သည်။ ဝက်ကြီးသည် ဘေးရှိ ခွေးတစ်ကောင်ကို ဆီးပက်လိုက်ရာ လျင်မြန်လှသော ခွေးကလည်း ခုန်ရှောင်လိုက်သဖြင့် ထိမသွားပါ။
ကျွန်တော့်ဘက် ပြန်အလှည့်လိုက်တွင် ကျွန်တော်က အမြင့်က ရှိနေသည့်အတွက် ဝက်၏ ထမ်းပိုးကြီး ခေါ် လည်တိုင်ရင်းနှင့် လက်ပြင်ဆုံရာ နေရာကို ချိန်၍ ကျည်မနှင့် ပစ်ထည့်လိုက်သည်။
ဖြစ်ချင်တော့ ကျွန်တော် မောင်းအဖြုတ် ဝက်က ရှေ့အတိုးလိုက်နှင့် ကြုံသွားပေသည်။ ဝုခနဲ အော်၍ ကျွန်တော့်ထံ မည်းခနဲ လှိမ့်လာသော ကောင်ကြီးကို မြင်လိုက်ရပါသည်။ အရှိန်မြန်လွန်းသည်ဖြစ်ရာ နောက်တစ်မောင်းကိုပင် ဆွဲချိန် မရလိုက်ပါ။
ကျွန်တော်သည် သေနတ်ကို ယာလက်နှင့်ကိုင်၍ အပေါ်ရှိ အင်ပင်ကိုင်းကို ဘယ်လက်ဖြင့် ခုန်ဆွဲလိုက်ရသည်။
တတပ်တပ် မြည်အောင် သွားကြိတ်ရင်း ဝက်ကြီးသည် ကျွန်တော် မူလရပ်နေရာ ပေါက်နွယ်အနီး ရောက်လာ ပေါက်နွယ်ပေါ်ကို မေးတင်၍ ခွေးများလို ရှေ့လက်နှစ်ဖက်နှင့် ပတတ်ရပ်လိုက်ပါသည်။ သို့ရာတွင် ကြာရှည် မရပ်နိုင်။ တစ်ဖက်သို့ ပိတ်ခနဲ လဲသွားတော့သည်။
သည်နောကား နေရာ မရွှေ့နိုင်တော့ပါ။ သို့သော် ရှေ့လက်နှစ်ဖက်ဖြင့် ထောက်၍ ခေါင်းထောင်ပြီး ခွေးတွေကို ဝုခနဲ ဝုခနဲ ရန်လုပ်နေသေးသည်။
ကျွန်တော်သည် စခန်းသိမ်း ပစ်ခတ်နည်းအရ လက်ပတ်ကို နှစ်ချက်ဆင့်၍ ပစ်လိုက်ရသည်။
ဝက်သေသွားပြီးမှ ကျွန်တော် မူလပစ်သော ပစ်ချက်တွေကို ကြည့်မိသည်။ ပထမဆုံးအချက်သည် ဘယ်ဘက်ပေါင်ကို ချိုးပြီး ယာပေါင်မှာ ကျည်ခိုနေ သည်။ ဒုတိယအချက် ပေါက်နွယ်ပေါ်မှ ပစ်ချက် သည် ထမ်းပိုးကြီးနေရာနှင့် နည်းနည်းလွဲသွားပြီး သန်ကြောခေါ် ခါးဆစ်ရိုးကို ဖြတ်ထိထားသည်။
ပေါင်နှစ်ဖက်စလုံးနှင့် သန်ကြော ထိထားသည့် ကြားမှ ရန်သူ့ထံ တလားထိုးတော့ အရောက်လာနိုင်သေးသည့် ဝက်၏ သတ္တိကိုတော့ ကျွန်တော် အံ့ဩမိပေသည်။
တစ်ဆက်တည်းပင် ပထမဆုံး ကျွန်တော့် ပစ်ချက်သည် နားဂျောက်ကို ချိန်ပါလျက် တင်ပါးဆုံကို သွားမှန်ရသည့် အကြောင်းကိုလည်း တဖြည်းဖြည်း ကျွန်တော် သဘောပေါက်လာ၏။ အမှန်တော့ ရိပ်ခနဲ ခပ်မည်းမည်း လှုပ်သွားသည်ကို ဝက်ကြီး၏ နားရွက်ခတ်ခြင်းဟု ကျွန်တော် အထင်မှားခဲ့သည်။ အမှန်မှာ အမြီးခတ်ခြင်းသာ ဖြစ်ပေမည်။ ထို့ကြောင့် နားရွက်နောက် နားဂျောက်ကို ချိန်ပစ်ခြင်းသည် အမြီးရှေ့ တင်ပါးဆုံကို မှန်သွားခြင်းသာ ဖြစ်၏။
ယခုမှ ကျွန်တော်သည် ဦးသံချောင်းတို့ကို ဤသို့ရှင်းပြလိုက်ရာ သူတို့ အတော်သဘောကျနေကြပါသည်။
“သိပ်တော့ မလွဲပါဘူး ဦးသံချောင်း။ ဖင်နဲ့ ခေါင်းလောက်ပါပဲ”
ကျွန်တော့် စကားအဆုံး သူတို့ ဝါးခနဲရယ်လိုက်ကြပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွေ့အကြုံက ပေးသော သင်ခန်းစာသည် တန်ဖိုးရှိလှချေသည်တကား။
– ပြီး –
စာရေးသူ – မောင်လွမ်းသူ
စာစီစာရိုက် – မုဆိုး တံငါ စာပေမျာ
Uncategorized