August 1, 2025
Uncategorized

အနိုင် အရှုံး

ကိုပိုက်
အနိုင် အရှုံး

မြင့်လှိုင်သည် လူရိုးလူအေးလူဖြောင့်တစ်ယောက်ဖြစ်သည်။ အမဲလိုက်ခြင်း၊ ငါးမျှားခြင်းနှင့် ဂေါက်ရိုက်ခြင်းတို့သည် သူ၏အနှစ်သက်ဆုံး လုပ်ငန်းများဖြစ်သည်။ ယင်းသုံးခုအနက် တစ်ခုခုကို လုပ်နေရလျှင် သူ့အတွက် ထမင်းမေ့ ဟင်းမေ့ဖြစ်သည်။

ယခုလိုမိုးဦးကျအချိန်တွင် ချေများ သားပေါက်ကြပေပြီ။

“မိုးဦးကျရင်လာခဲ့၊ ချေကို ခြေရာခံလိုက်ပစ်ရာမလိုဘူး၊ ကိုယ့်ဆီကို ရောက်လာအောင်ခေါ်ယူပြီး ပစ်ရုံပဲဗျ”

မုဆိုးဘတုတ်၏ စကားကို သူ အံဩမိသည်။

ဘယ်လိုသဘောလဲ …

သူအမဲလိုက်ဖူးသည်မှာ သားကောင်ခြေရာကောက်လိုက်၍ပစ်ဖူးခြင်းနှင့် စားပင်စောင့်ပစ်ခြင်းအပြင် လင့်စင်ထိုးပစ်ခြင်းများသာ ဖြစ်သည်။ ထို့ကြောင့် မုဆိုးဘတုတ်ပြောသည် ချေပစ်နည်းကို စိတ်ဝင်စားသဖြင့် ယခုလို အနောက်တောသို့ ရောက်လာခဲ့ခြင်းဖြစ်ပေသည်။

တကယ်ဆိုပါလျှင် သူသည် မုဆိုးစည်းစောင့်သူတစ်ယောက် ဖြစ်သော်လည်း သူမသိသေးသော၊မတတ်သေးသော ပညာကို သိလို တတ်လိုပါသော ကြောင့် မုဆိုးစည်းဖောက် ရောက်လာခဲ့ခြင်း ဖြစ်တော့သည်။

သစ်တောဥပဒေအရ ယခုလို မိုးဦးကျရာသီမျိုး၌ ဂျီ၊ဒရယ်၊ ဆတ်တို့ သားပေါက်ချိန်တွင် ပစ်ခတ်ဖမ်းဆီးခြင်း မပြုရကြောင်းကို သူ သိထားသော်လည်း မုဆိုးဘတုတ်၏စကားကို စိတ်ဝင်စားမိခြင်းကြောင့် အနောက်တောသို့ ရောက်လာခဲ့ခြင်းပင်ဖြစ်တော့၏။

“ဗျစ် – ဗျစ် -ဗျစ် – ဗျစ်”

တိတ်ဆိတ်နေသည့် တောနက်ကြီးအတွင်းမှ ဂျီသားပေါက်တစ်ကောင်၏ အသံက စူးရှစွာ ထွက်ပေါ်လာသည်။ တကယ်ဆိုပါလျှင် ထိုအသံသည် မုဆိုးဘတုတ်၏ ဖက်စုပ်သံမှ ပေါ်ထွက်လာသည့် ဂျီသားပေါက်ငယ် အော်သံအတုသာလျှင် ဖြစ်တော့သည်။

အနောက်တောတခွင်တွင် ဖက်စုပ်ဘတုတ်ဆိုလျှင် မသိသူမရှိ။ ဂျီပစ်မည်ဆိုပါက ဘတုတ်သည် ဂျီကို ခြေရာခံလိုက်၍သော်လည်းကောင်း၊ ၊ စားပင်စောင့် ပစ်ခတ်၍သော်လည်းကောင်း၊ ပစ်ခတ်သတ်ဖြတ်သူမဟုတ်ချေ။

ဖတ်ရွက်ကို ပါးစပ်တွင် တေ့၍ စုတ်ကာ ဂျီသားကောင်တို့ကို လှည့်ဖြားပြီး ပစ်ခတ်သတ်ဖြတ်တတ်သူဖြစ်၏။

သူဖက်စုပ်လိုက်သည်အခါ ထွက်ပေါ်လာသည့် အသံသည် ဂျီသားပေါက်ငယ်၏ အန္တရာယ်တွေ့၍ အော်သံဖြစ်ပေါ်လာ၏။ ထိုအခါ ပတ်ဝန်းကျင်ရှိ ဂျီမကြီးတို့သည် မိမိတို့၏သားငယ် အန္တရာယ်ကြုံတွေ့နေသည်အထင်ဖြင့် ကယ်တင်ရန် အသံထွက်ပေါ်လာရာသို့ တဇွတ်ထိုး ပြေးလာတတ်ကြ၏။

ထိုအခါမှ ဘတုတ်သည် ပြေးထွက်လာသော ဂျီကို လွယ်လင့်တကူ ပစ်ခတ်သတ်ဖြတ်လေတော့သည်။ ထိုသို့သောနည်းဖြင့် ဘတုတ်သည် ဂျီသားကောင်တို့ကို လှည့်ဖြားကာ ပစ်ခတ်သတ်ဖြတ်တတ်သူဖြစ်သောကြောင့် အနောက်တောတခွင်တွင် သူ့ကို ဖက်စုပ်ဘတုတ်ဟူ၍ပင် အမည်ကင်ပွန်းတပ်ခဲ့ကြပေသည်။

ဘတုတ်ဆိုလို့ ထောင်ထောင်မောင်းမောင်း မည်းမည်းတုတ်တုတ်ခိုင်ခိုင်ရယ်လို့ မထင်လိုက်လေနှင့်။ ဖြူဖြူပိန်ပိန် သေးသေးလေးဖြစ်၏။ လူကောင် သေးသော်လည်း ကောက်ကျစ်စဉ်းလဲသည့်ဉာဉ် အပြည့်ရှိ၏။

အတူတူ အမဲလိုက်ကြသည် ဆိုပါစို့။ ရလာသောသားကောင်ကို အဖော်ဖြစ်သူအား အိမ်ဟင်းစား လောက်သာပေးပြီး ကျန်အားလုံးကို သူသာလျှင် ယူကာ စီးပွားဖြစ် အသုံးချတော့၏။ သို့သော် ဘတုတ်သည် သေနတ်ကို ကျင်လည်စွာ ကိုင်တွယ်ပစ်ခတ်တတ်သူဖြစ်၏။

ကြည့်စမ်း … ဖက်စုပ်ဘတုတ်ရယ်လို့ နာမည်နှင့်လိုက်အောင် တော်ပါပေသည်။ သူ၏ ဖက်စုပ်သံကြောင့် ရှေ့ဝါးတောတွင်းမှ ချေမကြီးတစ်ကောင်သည် ပြေးတွက်လာ၏။ ထိုအခါ မြင့်လှိုင်သည် သူ့လက်တွင်းမှ ပွိုင့်(၃၇၅) မဂ္ဂနစ်ရိုင်ဖယ်ဖြင့် လျှင်မြန်စွာထိုးချိန်လိုက်ကာ မောင်းထိန်းခလုတ်ကို ဆွဲဖြုတ်လိုက်တော့၏။

“ဒိန်း”

ချေမကြီးသည် ရှေ့သို့ဟပ်ထိုးလဲကျသွားတော့၏။ မြင့်လှိုင်သည် ထိုချေမကို မလွတ်တမ်း ပစ်ခတ်နိုင်သူဖြစ်သည်။ သူတို့နှစ်ယောက်သည် ချေသေရှိရာသို့ လျှောက်သွားကြရင်း –

အင်း ခင်ဗျားက လက်မှန်းတည့်သားပဲ။ သည်တော့ ဒီလိုလုပ်ကြစို့ ကိုလှိုင်၊ ခင်ဗျားနဲ့ ကျွန်တော် အလောင်းအစားလေးတစ်ခု လုပ်ကြရအောင်”

ဘတုတ် စ၍ အဆိုပြုလေသည်။ မြင့်လှိုင်ကလည်း

“လုပ်လေ … ဘယ်လိုလုပ်ချင်တာတုံး”

“ခင်ဗျားရယ် ကျွန်တော်ရယ် လမ်းခွဲပြီး သားကောင်ပစ်ကြရအောင်။ အချိန် နှစ်နာရီ သတ်မှတ်ကြမယ်။ သားကောင်နဲ့အတူ ဒီနေရာ အရင် အရောက်ပြန်လာနိုင်တဲ့သူက အနိုင်ပေါ့”

“ဖြောက်”

မြင့်လှိုင်က လက်ဖြောက်တစ်ချက်တီးလိုက်ပြီး

“သိပ်ကောင်းတယ် ကိုဘတုတ်၊ ခုပဲ လမ်းစခွဲထွက်ကြမယ်လေ။ ချေသေကောင်ကို ကညင်ပင်အိုကြီးခြေရင်းတွင် သစ်ခက်သစ်ရွက်များဖြင့် အုပ်ထားလိုက်ကာ သူ့လက်စွဲတော် ဝင်ချက်စတာသေနတ်ကို ကောက်လွယ်ရင်း

“ကဲ- ခင်ဗျားက ဟိုဘက်တောင်ကြောသွား၊ ကျွန်တော်က သည်ဘက်တောင်ကြောသွားမယ်”

နှစ်ယောက်သား လက်မှ နာရီကို ကြည့်လိုက်ကြပြီးနောက် မြင့်လှိုင်က

“ခု မနက် ၉းဝဝ နာရီဆိုတော့ နောက်နှစ်နာရီကြာပြီးရင် ဒီနေရာမှာ ပြန်ဆုံကြတာပေါ့”

ဘတုတ်သည် သူသွားမည်ဘက်သို့ မျက်နှာမူလိုက်ပြီးနောက် မြင်လှိုင်ထံ ကမန်းကတန်း ပြန်လှည့်လိုက်ပြီးလျှင်

“နေဦး ကိုလှိုင်ရဲ့၊မုဆိုးတို့ရဲ့စွမ်းရည် ပြိုင်ကြမှာဆိုတော့ကာ ကိုယ်ပစ်နေကျ လက်နက်နဲ့ မပစ်ကြရင်ကောင်းမယ်”

ဘတုတ်၏စကားကြောင့် မြင့်လှိုင်သည်သဘောပေါက်သွားကာ-

“ဪ သိပြီ ခင်ဗျားစိတ်ကြိုက်ပါပဲဗျာ။ သေနတ်ချင်း လဲပစ်ကြတာပေါ့။ ကဲ ရော့ ကျွန်တော့်သေနတ်က ရေအိုးရွက်ချိန်ရတာနော်။ တော်ကြာ သေနတ်အကြောမသိလို့ ပစ်မှတ်လွဲခဲ့ရတာပါလို့ အကြောင်းမပြစေချင်ဘူး၊ ဟဲဟဲဟဲ”

မြင့်လှိုင်၏ နောက်ပြောင်ကျီစယ်စကားကြောင့် ဘတုတ်သည် မျက်နှာပျက်သွားကာ-

“အို- ရပါတယ်ကိုလှိုင်ရဲ့၊ မုဆိုးတို့ရဲ့စွမ်းရည်ပြိုင်ကြမှာပဲ၊ သေနတ်စွမ်းရည်ပြိုင်ကြတာမှ မဟုတ်တာ၊ လောင်းကြေးကတော့ ပွဲကြီးတစ်ပွဲနော်”

ပြောပြောဆိုဆို သူ့၏ ဝင်ချက်စတာသေနတ်ကို မြင့်လှိုင်ထံသို့ ကမ်းပေးလိုက်ပြီး ရှေ့တောင်ကြောသို့ ခပ်သုတ်သုတ် လျှောက်သွားလေတော့၏။

မြင့်လှိုင်သည် ဘတုတ်၏ကျောပြင်ကိုကြည့်ရင်း တစ်ချက်ပြုံးလိုက်ကာ အနောက်တောင်ကြောသို့ ဦးတည်လိုက်တော့သည်။

မိနစ်နှစ်ဆယ်ခန့်တွင် ဘတုတ်သည် ချောင်းရိုးတစ်ခုနားသို့ရောက်လေ၏။ ထိုစဉ် …

“ဝုန်း”

ရေပန်းများရေမွှားများ သူ့ကို လာစင်ကြပေသည်။

ဝါရင့်မုဆိုးတစ်ဦးဖြစ်သော်လည်း ရုတ်တစ်ရက်မို့ လန့်ဖျပ်သွားသည်။ ချောင်းရေပေါ်သို့ သစ်ပင်လဲပြိုကျသံဖြစ်၏။ သို့သော် ရေစက်ရေမြွှားများသာ သူ့အား လာရောက်စင်ကုန်ကြသော်လည်း မည်သည့်သစ်ပင်မျှ လဲပြိုကျခြင်းမဟုတ်။ အထက်ပါအသံကြီးသာ ကြားလိုက်ရခြင်းသာလျှင် ဖြစ်၏။

အတွေ့အကြုံရှိမုဆိုးတစ်ယောက်ဖြစ်သောကြောင့် သူ့ကိုတောခြောက်ခြင်းဖြစ်ကြောင်း သိလိုက်ပေသည်။ ထို့ကြောင့် သူ့ပခုံးထက်မှ ထမ်းလာသည့် သေနတ်ကို အချိန်မရွေး ပစ်ခတ်နိုင်ရန် မောင်းတင်ထားလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သည်။

“ဖြောင်း … ဝရောင်း”

သူ့ရှေ့မှ ဝါးပင် အမြစ်မှ ပြိုလဲကျသွားသည်။ သည်တော တယ်ကြမ်းပါကလား”

တီတိုးရေရွတ်လိုက်ပြီး ရှေ့မှာ ကာဆီးပိတ်လဲနေသည့် ဝါးပင်ကို ကျော်ခွလိုက်ကာ ဆက်လက်၍ လျှောက်လာပြန်သည်။ ခပ်လှမ်းလှမ်းရောက်မှ နောက်သို့တစ်ချက် စောင်းငဲ့ကြည်လိုက်သည်။

သူ ခွကျော်လာသည့် ဝါးပင်သည် မူရင်းပုံစံအတိုင်း မတ်မတ်ပြန်ထောင်နေတော့၏။ ဘတုတ်သည် ပခုံးကို တစ်ချက်တွန့်လိုက်ပြီး ရှေ့သို့ လျှောက်လာပြန်သည်။ ဟော … တွေ့ချေပြီ၊ ရှေ့ခပ်လှမ်းလှမ်းဆယ်ကိုက်အကွာရှိရာသို့ သေနတ်ကို ချိန်ရွယ်လိုက်ကာ မောင်းထိန်းခလုတ်ကို ဆွဲညှစ်လိုက်သည်။

“ဒိန်း”

ယမ်းအားပေါက်ကွဲသံနှင့်အတူ ရှေ့တူရူတွင် တွေ့လိုက်သည့် ဒရယ်ကောင်သည် ပြေးထွက်သွားတော့သည်။

“တောက်”

ခပ်ပြင်းပြင်း တောက်တစ်ချက်ခေါက်လိုက်သည်။ ပစ်နေကျသေနတ်မဟုတ်၍ လက်မငြိမ်ဖြစ်ကာ လွဲချော်သွားရခြင်းဖြစ်၏။

ထို့ကြောင့် မကျေမနပ်ဖြင့် ရှေ့ဆက်လျှောက်ပြန်သည်။ ဝါးဗျိုက်တောကလေးအတွင်းသို့ ဝင်လိုက်သည်တွင် လူတစ်ယောက် ခွေခွေလေးလဲနေသည်ကိုတွေ့လိုက်သည်။

ဝါးခုတ်သမားလား၊ ဖွတ်လိုက်သမားလားမသိ၊ ဘယ်လိုဖြစ်ရပါလိမ့်၊ အနားသို့တိုးကြည့်လိုက်သည်။ သူ့မျက်လုံးအစုံသည် ပြူးကျယ်သွားတော့၏။ ခေါင်းနပန်းကြီးသွားသည်။

မဟုတ်မှလွဲ၊ သူစောစောကပစ်လိုက်သည် သေနတ်ကျည်သည် ဒရယ်ကိုလွဲချော်ပြီး ထိုသူကို လာရောက်မှန်ခြင်းဖြစ်သည်ကို ရိပ်မိလိုက်သည်။

ထို့ကြောင့် သူသည် လာလမ်းသို့ ကမန်းကတန်း လှည့်လိုက်သည်။ လာလမ်းတစ်လျှောက်၌ သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလာခဲ့သည်။

မြင့်လှိုင်နှင့် ပြန်လည်ဆုံစည်းကြရန် ချိန်းဆိုထားသည်နေရာနားရောက်လုတွင် ထိုင်လိုက်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မည်သို့ ဆက်လုပ်ရမည်ကို စဉ်းစားရင်း အချိန်ဖြုန်းနေလိုက်သည်။

မြင့်လှိုင်အလျင် သူရောက်နေ၍ မဖြစ်သေးပဲကိုး၊ သို့ကြောင့် ပြန်လည်ဆုံစည်းကြမည့် နေရာသို့ အချိန်လွန်မှ ထပြန်ခဲ့တော့သည်။

“ဝူး”

လေပြင်းတစ်ချက် ထုတ်လိုက်သည်။

တော်ပါသေးရဲ့။ မြင့်လှိုင်သည် ကညင်ပင်အိုကြီးခြေရင်းတွင် မှီထိုင်ရင်း မှိန်းနေလေသည်။ ဘယ်အချိန်လောက်က ပြန်ရောက်နေသည်မသိ။ သူ့နံဘေးတွင် တောဝက်သေတစ်ကောင်ကို တွေ့ရခြင်းအားဖြင့် မိမိရှုံးနိမ့်သွားပြီဖြစ်ကြောင်း ဘတုတ် တွက်လိုက်ပြီးဖြစ်သည်။

“ကဲ ဘယ်လိုလဲ ကိုဘတုတ်။ ခင်ဗျားဘက်က သေနတ်သံတော့ ကြားလိုက်တယ်၊ သားကောင်မရခဲ့ဘူးလား”

သူ့ခြေသံကြားသည်နှင့် မြင့်လှိုင်သည် မျက်စိနှစ်လုံးကိုဖွင့်လိုက် မေးလိုက်သည်တွင် ဘတုတ်သည် ရင်ထိတ်သွားကာ-

“ပစ်နေကျသေနတ်မဟုတ်တော့ ချော်သွားတာပေါ့ဗျာ”

ဆိုပြီးစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလိုက်သည်။

“ဒါဖြင့် …”

“ဟုတ်ပါတယ်၊ ကျွန်တော်ရှုံးတဲ့အတွက် ဝမ်းတေဘယ်ပေးရမှာပေါ့။ ရော့ .. ရော့ ခင်ဗျားသေနတ်”

ဆိုကာ ဘတုတ်သည် မြင့်လှိုင်နှင့် သေနတ်ချင်း ပြန် လဲလိုက်သည်။ ပြီးနောက် နှစ်ယောက်သား သားကောင်ကိုယ်စီထမ်းကာ ပြန်လာကြတော့သည်။

နောက်တစ်ပတ်ခန့်တွင် မြင့်လှိုင်တစ်ယောက် လူသတ်မှုဖြင့် ရုံးတင်တရားစွဲခြင်း ခံလိုက်ရလေသည်။

အနောက်တောမှ ဖွတ်လိုက်သမားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေရခြင်းကိစ္စဖြစ်သည်။

သူသိပ်အံ့သြသွားသည်။ သူ ဘာမှမသိ။

သို့သော်လည်း အခင်းဖြစ်နေရာတစ်ဝိုက်မှ တွေ့ရသည် ကျည်ဆံခွံနှင့် သေဆုံးသူထံမှ ခွဲစိတ်ထုတ်ယူရရှိသည့် ကျည်ဖူးသည် သူ့သေနတ်မှ ကျည်ဖြစ်နေသည်။

သူမဟုတ်မှန်း သူအသိဆုံး။

သို့ရာတွင် သူ ငြင်း၍မရ ။

တရားရုံးတော်တွင် ရင်ဆိုင်ရပေတော့မည်။

ကောက်ကျစ်စဉ်းလဲပြီး ယောက်ျားမဆန်သည့် မုဆိုးဘတုတ်ကြောင့် မုဆိုးမြင့်လှိုင်တစ်ယောက် ဘာမျှ မဟုတ်သည့် လောင်းကြေးကလေးတွင် အနိုင်ရလိုက်သော်လည်း ယခုတော့ မြင့်လှိုင် ဘဝတစ်ခုလုံးနှင့် ရင်း၍ ပေးဆပ်လိုက်ရသည့် အရှုံးသမားဘဝသို့ ရောက်ခဲ့ရချေပြီတကား။ ။ ။

စမ်းသီတာမဂ္ဂဇင်း၊ အမှတ် (၄) ဂျူလိုင် ၁၉၉၂

– ပြီး –

စာရေးသူ – ကိုပိုက်

Leave a Reply

Your email address will not be published. Required fields are marked *