ကျော်မင်းညွန့် (လှည်းကူး)
အန္တရာယ်စခန်း
“ဟေ့ကောင်တွေ ထကြ … ထကြ၊ အလုပ်လုပ်ဖို့ပြင်ကြတော့”
“တုံ – တုံ – တုံ”
ကိုကြီးစိန်မှတ်က အိပ်ရာမှလည်းထ၊ အိပ်ပျော်နေ သော သူ့လူများကိုလည်းနှိုး၊ တဲရှေ့ရှိချိတ်ဆွဲထား သော ဝါးပိုးအဆစ်ပိတ်လုံးကိုလည်း တတုံတုံထုနှက်လိုက်သည်။
အခြားတဲများရှိ အိပ်ပျော်နေသူများလည်း နိုးကြမည်လေ။
အိပ်ရာအပြောင်းအလဲကြောင့် လောဘစိတ်စောနေ၍ တစ်ညလုံး လူးကာလွန့်ကာ နိုးတစ်ဝက် ပျော်တစ်ဝက်ဖြစ်နေသော ဟန်ညွန့် လူးလဲထလိုက်သည်။
တောထဲရောက်ကတည်းက တော၏နက်ရှိုင်းမှု၊ သားကောင်ကြီးတို့ ဟိန်းဟောက်သံ၊ တစ်ညလုံး တဝုန်းဝုန်း တဝေါဝေါ တတောက်တောက် ဝါးခုတ်သံများကြောင့် စိတ်ဖြောင့်ဖြောင့်မအိပ်ခဲ့ရ။
မိုးကောင်းစွာမလင်းသေး၍ ဟန်ညွန့် ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလိုက်သည်။
အခြားတဲများမှလည်း စကားပြောသံ၊ ချောင်းဟန့်သံနှင့် မီးရောင်များ လင်းလက်လာပြီ။
တဲလေးလုံးရှေ့တွင် တစ်ညဉ့်လုံး ထွန်းညှိရှို့ထားခဲ့သော လူတစ်ရပ်ခန့်ရှိ ထင်းပုံကြီးပင် ပြာကျနေပြီ။
ကိုကြီးစိန်မှတ်က…
“တို့လုပ်ငန်းစတော့မယ်။ အစစအရာရာ သတိရှိ၊ သတိမလွတ်စေနဲ့။ စည်းလုံးညီညွတ်ကြ။ငါပြောထားတဲ့အတိုင်း တောစည်းကမ်း တောင်စည်းကမ်းကို လိုက်နာရိုသေကြ။ ဒီကောင်ဟန်ညွန့်ကလွဲရင် အားလုံးထွက်မယ်။ ဟန်ညွန့် မင်း ထမင်းစချက်၊အခု အဆာပြေစားမယ်။ ပြီးရင် တောတိုးမယ့် တို့ အတွက် ထမင်းထုပ်ပေး၊ ကြားလား”
“ဟုတ်ကဲ့၊ ကိုကြီးစိန်မှတ်”
ဟန်ညွန့်က ပြောပြောဆိုဆို တဲ့တွင်းရှိ မီးဖိုတွင် မီးမွှေးပြီး မနေ့ညလက်ကျန် ထမင်းတုံးကြီးကိုကြော်တော့သည်။
ထမင်းကြော်ရလျှင် အိုးကိုအသာချ၊ ဒုတိယအဆင့်အနေနှင့် တောထဲဝင်မည့်သူများအတွက် ထမင်းအိုးရပြီ။
မျက်နှာသစ်ရန်နှင့် ချက်ပြုတ်ရန်အတွက် တဲအောက်ဘက် စမ်းချောင်းမှရေကို ဝါးကျည်တောက်များနှင့် မနေ့ကပင် ခပ်ပြီးအသင့်။
သည်တဲရှိ လေးယောက်အုပ်စုအတွက် ထမင်းချက်တာဝန်ယူထားသူက ဟန်ညွန့်။ သည်အုပ်စုတွင် သူက အသက်အငယ်ဆုံး၊ တောအတွေ့ အကြုံအနည်းဆုံးဖြစ်ပြီး ယခုမှ တောလိုက်လာသူဖြစ်၍ ကိုကြီးစိန်မှတ်က သူ့အား ထမင်းချက်တာဝန် ပေးထားခြင်းဖြစ်သည်။
ဟန်ညွန့်က ဘားလားရွာသား၊ မိဘမဲ့တစ်ကောင်ကြွက်။ သို့သော် ကွယ်လွန်သွားသူ ဖခင်ကြီးက တစ်ကောင်ကျားဖြစ်ရန် အမျိုးမျိုးအားပေးခဲ့သဖြင့် ရွာတွင် လယ်သူရင်းငှားလုပ်နေစဉ် ရိုးမဆီမှ ဝါးဖောင်မျှောချလာသော ကိုကြီးစိန်မှတ်တို့အုပ်စုနှင့် သိကျွမ်းခင်မင်ရာမှ သူတို့အုပ်စုနှင့် ရိုးမတက်၊ ဝါးခုတ်ပါလာခြင်းဖြစ်သည်။
ဤတောတွင်းထဲ စခန်းထိရောက်အောင် လာရသည်က မလွယ်။ ဖောင်ကြီး၊ ဝါးချောင်းထိ မော်တော်စီး
ရေလမ်းခရီးအစအား ဝါးချောင်းမှ ခုနစ်နာရီမော်တော်စီး၊ မဟူရာချောင်းဖျားမှ ယောက်ျားခြေဖြင့် တစ်နေကုန်လျှောက်၊ မိုးချုပ်မှ ဤစခန်းသို့ရောက် သည်။
အသက်နှစ်ဆယ်ပြည့်၊ ကျန်းမာရေးကောင်း၊ လယ်ယာလုပ်ငန်းကျွမ်းကျင်၊ ကိုယ့်ကိုယ်ကိုယ် သံမဏိသားရထားပြီထင်မှတ်နေသော ဟန်ညွန့်။
ဤလူကြမ်းကြီးများနှင့် တောတွင်းရှိ ယောက်ျားတို့နိုင်ငံရောက်မှ သူ့အတွေ့အကြုံက တကယ့်ပီဘိ ကလေးပေါက်စလောက်သာ ရှိသေးကြောင်းသိလိုက်ရပြီ။
စခန်းတွင်တဲလေးလုံးရှိ၍ တဲတစ်လုံးတွင် လူငါးယောက်နေကြသည်။ တစ်ယောက်ကိုသာ ထမင်း ဟင်းချက်ပြုတ်၊ တဲစောင့်ထား၍ ကျန်လေးယောက်က ဝါးတောတွင်း ဝါးသွားခုတ်ကြသည်။
တော၏သဘာဝကလည်း အဆန်း။ ဝါးပိုးဝါးပေါက်သည့်နေရာတွင် အခြားဝါးများမပေါက်။ ကြသောင်းဝါး နေရာတွင် မျှင်ဝါးမရှိ။
မျိုးတူဝါးများသာ တစုတဝေးတည်း တစ်နေရာတည်း ပေါက်ကြသည်။ ရောနှော၍ ပေါက်သည်မဟုတ်။ ပဲခူးရိုးမဖြစ်၍ တောနက် တောကြမ်း။
ကောင်းကင်ထက်သို့ ဝါဆိုဖယောင်းတိုင်ကြီးများပမာ အလုအယက် တိုးဝှေ့ကာ သူ့ထက်ငါ အပြိုင်တက်နေသော သစ်ပင်ကြီးများမှာ မော့ကြည့်၍မဆုံး။
မြင့်မားလှသည့် တောင်စဉ် တောင်တန်းကြီးများ၊ နက်ရှိုင်းလှသည့် လျှိုမြောင် ချောက်ကမ်းပါးကြီးများ၊ ငှက်ဖျားရောဂါနှင့်အတူ သစ်၊ ကျား၊ မြွေဝက်ဝံစသည့် အန္တရာယ်များကလက်တစ်ကမ်း။
သို့သော်…
ထမင်းတစ်နပ်၊ ဟင်းတစ်ဖတ်အတွက် အရင်းမဲ့များပီပီ ဝါးခုတ်ဓားမတစ်ချောင်းသာပိုင်သော သူတို့ပစ္စည်းမဲ့များက ငွေရှင်ကြေးရှင်များထံမှကို ကြိုတင်စရန်ငွေယူပြီး လုပ်အားရောင်းကာ အသက်ကိုရင်း၍ တောတက်နေကြခြင်း။
x x x
ကိုကြီးစိန်မှတ်က အသက်လေးဆယ်ခန့်ရှိ၍ သန်မာတောင့်တင်း ကြံ့ခိုင်သည်။ အရပ်က ငါးပေရှစ်လက်မခန့်ရှိ၍ ခန္ဓာကိုယ်တွင် အရမ်းလိုက်ဖက်သောအဆီပိုမရှိသည့် ကြွက်သားအဖုအထစ်များကို ဘဝ နှင့်ရင်းကာ ပိုင်ဆိုင်ရရှိထားသူ။
တကယ်တော့ တောတွင်းသား ယောက်ျားတို့နိုင်ငံမှခေါင်းဆောင်ကြီး။
သားမယားမရှိ။ သံယောဇဉ်မရှိ။
ဟန်ညွန့်နှင့် မတူသည်က ဥတစ်လုံးချင်းတူသော်လည်း ကိုကြီးစိန်မှတ်က တစ်ကောင်ကျား။
တောကျွမ်း၍ အခြားဝါးခုတ်သမားများထက်အမြော်အမြင်ရှိ၏။ စီးပွားရေး အကွက်မြင်တတ်၍ သူဌေး ဦးတိတ်စိန်၏ လူယုံတော်လုပ်သားခေါင်း ဖြစ်နေသူ။
အပြောအဆို တိုတောင်းသော်လည်း စိတ်ကောင်းရှိသည်။ သနားတတ်သဖြင့် အားလုံးက လေးစားချစ်ခင် ချစ်ကြောက်ရိုသေကြသည်။
“တောထဲတောင်ထဲမှာ အန္တရာယ်ဆိုတာ စနေ၊ အင်္ဂါရွေးနေတာ မဟုတ်ဘူး။ သတိမလစ်စေနဲ့၊ သတိဟာ မင်းတို့အသက်ပဲ။ လုံခြုံရေးကို ဂရုစိုက်”
အပြောနှင့် လက်တွေ့၊ စိတ်ကူးနှင့် အကောင်အထည်ဖော်ခြင်းကို ချက်ချင်းဆောင်ရွက်လေ့ရှိသည့် ကိုကြီးစိန်မှတ်။
တဲလေးလုံးဆောက်၊ ဝါးချွန်များ ငြောင့်များဖြင့် ခြံစည်းရိုးကာ၊ စည်းရိုး၏အတွင်းအပြင်တွင် ချိုင့်များတူး၊ ချိုင့်များထဲတွင် ငြောင့်များထောင်၊ ချိုင့်အလွန်တွင် ဝါးချွန်များ၊ ငြောင့်များ၊ အသံမြည်စေတတ်သောပုံးလွတ်၊ သံကြိုးများ နေရာမလပ် ချိတ်ထားစေသည်။
ညဘက်ဆိုလျှင် လူတစ်ရပ်ခန့်ရှိ ထင်းပုံကြီးအား မီးရှို့ထားသော ဝါးစိုအဆစ်ပိတ်များ ပစ်ထည့်ထားခြင်းဖြင့် တဒိုင်းဒိုင်း တဖောင်းဖောင်းအသံများက သားရဲကြီးများအနားသို့ မလာစေရန် ခြောက်လှန့်ထားသည်။
တဲတစ်လုံး ည လူတစ်ဦး ကင်းစောင့်စေ၍ အချက်ပေး ဝါးပိုးအဆစ်ပိတ်ဝါးကိုအသံပေးကာ ဓား၊ လှံ၊ လေးမြားတို့ကလည်း အသင့်။
တဲလေးလုံး၊ လူနှစ်ဆယ်။ တဲတစ်လုံး ထမင်းချက်တစ်ယောက်သာထား။ ကျန်လူများ တောတက်၊ ဝါးခုတ်။
နောက်တစ်နေ့ ထမင်းချက်တစ်ယောက်ပြောင်း။
သို့သော် ဟန်ညွန့်နှယ် ချာတိတ်က ကိုကြီးစိန်မှတ်တဲတွင် အမြဲထမင်းချက်။
ဝါးခုတ်ရသည်က အန္တရာယ်သိပ်များသည်။ တောထဲတွင် ဝါးရုံများက ခုတ်မနိုင်။
ဝါးတစ်ရုံတွင် ဝါးကောင်းဝါးသန့်၊ ဝါးအလုံးညီ ဆယ်လုံး၊ ဆယ့်ငါးလုံးရှိမှ ခုတ်ကြရသည်။
ခုတ်မည့်ဝါးရုံရောက်လျှင် တစ်ယောက်က ဝါးရုံအပေါ်တက်၊ အပေါ် တွင် ဝါးလုံးအချင်းချင်းငြိတွယ်ပိတ်ဆို့ပူးယှက်နွယ်ဖောက်နေသည့် ကိုင်းများကိုခုတ်ထွင်ပေးပြီးမှ ကျန်လူများက အရင်းမှ ခုတ်ရသည်။
မိမိခုတ်လိုက်သော ဓားချက်၊ ယိမ်းနွဲ့သွားသည့်ဝါးလုံးအနေအထား၊ တန်းခနဲ မိမိဝမ်းဗိုက်၊ ရင်ဘတ်ထုတ်ချင်းဖောက်သွားကာ ငါးကင်ညှပ်တွင် တံစို့ထိုးထားသည့် ငါးပမာ။ အသက်အန္တရာယ်ကင်းစေရန်လည်း ရှောင်တိမ်းတတ်ရသည်။
တောထဲတွင် ဤသို့ ဝါးခုတ်ရင်း ကိုယ့်ဝါးကိုယ်ထိုး၊ အသက်စွန့်ခဲ့ရသူများလည်း ဒုနဲ့ဒေး။
တစ်ဖန် ခုတ်ပြီးဝါးများကိုလည်း အဖျားစာဝင်၊ အရင်းစာလှည့် အနေအထား အရွယ်အစားလိုက်၍ တစ်ခါတည်း နဖားဖောက်ပေးရသည်။
ဝါးနဖားဖောက်သည်ကလည်း နှစ်မျိုးရှိသည်။ ဝါး၏ တစ်ဖက်တစ်ချက် မျက်နှာစာများကို ဓားနှစ်ချက်ဖြင့်ဖောက်သည်ကို စာပါးစပ်ဖောက်နည်း၊ သုံးချက်ထိဖောက်သည်ကို ထိပ်လုံးထိ ဖောက်နည်းဟုခေါ်ကြသည်။
နဖားဖောက်ရာတွင် ထိပ်စရှည်ရှည်ထားမှ ဝါးလှလှရသည်။ မပျက်မစီးဘဲ အကြမ်းခံနိုင်သည်။ ထိပ်စတိုတိုပြတ်လျှင် လှလည်းမလှ၊ ကြာရှည်မခံ။ ကွဲလွယ်သည်။ နဖားအလွယ်တကူ ပြတ်ထွက်တတ်သည်။
လူနှစ်ယောက် ဝါးခုတ်အားမှာ တစ်ရက် ဝါးတစ်ရာ့ငါးဆယ်ခန့်ရသည်။ နဖားဖောက်ပြီးသောဝါးများကို နဖားသီတံထိုးကြရသည်။ ဝါးဆယ်လုံးလျှင် တစ်သီတံ၊ ဆယ်သီတံလျှင် ဝါးတစ်ရာ၊ ဝါးတစ်ရာကို တစ်စွတ်။
ဖောင်သမားများကမူ ဆိပ်ကမ်းရောက်လာသော ဝါးများကို တောချဟုခေါ်ကြသည်။
ဖောင်ကြီးအရောက် တောချဝါးဈေးမှာ ယနေ့ပေါက်ဈေး၏ သုံးပုံတစ်ပုံသာဖြစ်သည်။
ဝါးတစ်ရာ ငွေအစိတ်။
လှည်းတိုက်ခ ငါးဆယ်ကျပ်။
ဖောင်ရှင်နှင့် လှည်းသမားများကြားတွင် ဝါးပွဲစားများရှိပြီး ဝါးတစ်ရာ ငွေတစ်ရာကျပ်ဖြစ်၍ လှည်းကူးရောက်လျှင် ဈေးက မသေးတော့။
လှည်းကူးရောက်ဝါးများကို ဦးတိတ်စိန်က လော်လီကားများဖြင့်တင်၍ ရန်ကုန်ဝါးဆိုင်များသို့ အရောက်လိုက်ဖြန့်တော့သည်။
စင်စစ် ပစ္စည်းမဲ့ဝါးခုတ်သမားတို့၏ ဘဝမှာ အသက်ကို သေမင်းနှင့်ရင်းနှီး၊ မတန်တဆကြိုတင်ငွေများကြောင့် ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ဆင်းရဲတွင်းမှ မတက်နိုင်ဘဲ။ ငွေရှင်ကြေးရှင်များသာ ရွှေပေါ်မြတင်ပြီး ရွှေဒင်္ဂါးကို ထွေခင်းကစားနိုင်သူများ ဖြစ်လာကြရသည်။
ဝါးခုတ်သမားများမှာ ခုတ်လိုက်သောဝါး၊ ရင်ဝစူး၍သေရခြင်း။ တောတိရစ္ဆာန်များကြောင့် အသက်ဆုံးရှုံးရခြင်း၊ ငှက်ဖျားမိ၍ လူလုံးမလှ ဗိုက်ပူနံကားဖြစ်သေဆုံးရခြင်းများသာ အဖတ်တင်ခဲ့ရသည်။
တဲတစ်လုံး၊ လူလေးယောက်ခုတ်ပြီး ဝါးသုံးရာ။ တစ်နေ့လျှင် ဝါးလုံး (၁၂၀၀)။ ဤဝါးလုံးများကိုဖောင်ဖွဲ့၍ငမိုးရိပ်ချောင်းအတိုင်း မျှော၍ပြန်ကြရ သည်။
ဝါးခုတ်သမားတို့မှာ နေအတူ၊ စားအတူ၊ အိပ်အတူ၊အန္တရာယ်တွေ့လျှင်အတူ စုပေါင်းရင်ဆိုင်ကြရသည်။
တကယ့်သွေးသောက်ရဲဘော်များ။
ရှေ့တွင် ရေပြင်ကျယ်ကြီးကား ဖွေးလျက်။
ရေလယ်တွင် ရေကိုစွန့်၍ တက်လာသော သစ်ပင်တို့၏ ထိပ်ဖျားပိုင်းက မိုးယံကိုဖောက်လျက်။
နှင်းနှင့် မြူတို့က ရေနှင့် ထိကပါးရိကပါး။ မြောက်လေ၏ အောင်သွယ်မှုဖြင့် ကလူကျီစယ်လျက်။
ဟန်ညွန့် အကြီးအကျယ် အံ့အားသင့်သွားသည်။ သူ ဤစခန်းသို့ လာခဲ့စဉ်က ဤရေပြင်ကျယ်ကြီးကို သူမတွေ့ခဲ့။ အဘယ်သို့ ဖြတ်ကျော်လာခဲ့သည်မသိ၊ မတွေးတတ်တော့။
သူ့ဘဝတစ်လျှောက်လုံးသည် ဤမျှ ကြီးကျယ်ပြန့်ပြောလှသည့် ရေအိုင်ကြီးမျိုး မတွေ့စဖူးခဲ့။
ထို့ကြောင့် တစ်ဖက်တဲရှိ ထမင်းချက် ကိုသာအေးထံ အပြေးအလွှား သွားရောက်ကာ –
“ကိုသာအေး အဲဒီရေအိုင်ကြီးက ကြီးလှချည်လား၊ ကျွန်တော်တို့လာတုန်းက မတွေ့မိပါဘူး။
“ဟ ဘယ်မှာလဲဟ၊ မင်းရေအိုင်ဆိုတာကြီး…”
သူ့အမေးကို ကိုသာအေးက တအံ့တဩအမေးနှင့် တုံ့ပြန်ပြီး တဲအပြင်သို့ ထွက်လာခဲ့သည်။
ဟန်ညွန့်က ကိုသာအေးအား ဤမျှကြီးမားလှသော ရေအိုင်ကြီးအား မမြင်ရန်ကောဟူသောအမူအရာနှင့် အထင်သေးစွာတစ်ချက်ကြည့်ပြီး လက်ညှိုးညွန်ကာ
“ဟိုမှာလေဗျာ၊ ဒီလောက်ကြီးတဲ့ရေအိုင်ကြီးကိုများမတွေ့ဘူးလား “
“ဟား ဟား ဟား ဟား”
သူ့လက်ညှိုးညွန်ရာသို့ ကိုသာအေး တစ်ချက်လှမ်းကြည့်လိုက်ပြီး တဟားဟား အားပါးတရ ရယ်မောတော့သည်။
မျက်ရည်များ ထွက်လုမတတ် ရယ်မောနေသည့် ကိုသာအေးကိုကြည့်၍ ဟန်ညွန့် ယောင်နန ။
အတန်ကြာမှကိုသာအေးက အရယ်ရပ်၍ –
“ဟန်ညွန့် ကောင်လေး အဲဒါ ရေအိုင်ကြီး မဟုတ်ဘူးကွ။ တောင်ခိုး တောင်ငွေ့နဲ့ မြူတွေထွက်ပြီး မှိုင်းကျနေတာကွ”
ဟန်ညွန့် မြင်ကွင်းကို သေသေချာချာ ထပ်ကြည့်ပြီးမှ သူထင်သလို ရေပြင်ကျယ်ကြီးမဟုတ်မှန်း သူကောင်းကောင်းသိလိုက်ရပြီ။
ဟန်ညွန့် မကျေနပ်သေး။
“ဒါထက် ညဘက်မှာ ဘယ်သူတွေများ ညဘက်ကြီးဝါးထွက်ခုတ်ကြတာလဲ။ မှောင်မည်းကြီးထဲမှာများမြွေမကြောက် ကင်းမကြောက်နဲ့”
ညက သူအိပ်မပျော်ဘဲ တတောက်တောက် တဝုန်းဝုန်း ဝါးခုတ်သံ ဝါးပင်များလဲပြိုသံများကို ကြားယောင်၍ ထပ်မေးလိုက်မိပြန်သည်။
ကိုသာအေးက အရန်ကောဟူသော အမူအရာနှင့် တစ်ချက်ကြည့်လိုက်ပြီး
“တောသားငတုံး မှတ်ထား၊ အဲဒါလူတွေမဟုတ်ဘူးကွ”
“ဗျာ – ဒါဖြင့် – အဲဒါ – အဲဒါ”
“အေး – အဲဒါ ဒီရိုးမကြီးထဲမှာ ဝါးလာခုတ်ရင်း ဆင်ကြောင့်၊ ကျားကြောင့်၊ ဝံကြောင့်နဲ့ ရင်ဝကို ဝါးထိုးမိပြီးသေသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေ ဝါးခုတ်နေတဲ့အသံကွ။ အခုမနက်မှာ မင်းကြားရသေးလား”
“ဗုဒ္ဓေါ …”
ဟန်ညွန့် အံ့သြမဆုံး။
ကိုသာအေးက ဆက်၍ –
“ကိုင်း – ကိုယ့်လူ၊ မင်းလိုအမေးအမြန်းထူတဲ့လူ ကိုစိန်မှတ်နဲ့တွေ့ရင် မလွယ်ဘူး။ တောစည်းကမ်း တောင်စည်းကမ်းတွေ မင်းကိုရှင်းပြီးသား။ သွား ညနေစာချက်ဖို့လုပ်။ အချိန်တန်လို့ မစားရရင် လူဆိုတာ မောမောနဲ့ စိတ်ဆိုးတတ်တယ်။ သွားတော့”
ဟုတ်သား။
သူ သည်လို အမေးအမြန်းထူ စပ်စုနေက စနစ်ကြီး စည်းကမ်းကျသော ကိုစိန်မှတ်နှင့် ဖြစ်မည်မဟုတ်။ မကြိုက်မည်မှာ သေချာသည်။
ထမင်းချက်ပီး တို့စရာမရှိ၍ ဓါးမတိုယူကာ တဲနောက်ဘက်ထွက်လာသည့် ဟန်ညွန့်။
သူတို့တဲနောက် စည်းရိုး၏ အတွင်းဘက်တွင် ပေလေးဆယ်ခန့်ရှိ တောင်ကုန်းလေးတစ်ခုထက်တွင် ခြေသလုံးခန့်ရှိ မြရာပင်များ အပြိုင်းအရိုင်းပေါက်နေကြသည်။
တောင်ကုန်းအောက်တွင် ချုံနွယ်ပိတ်ပေါင်းများ၊ နွယ်ပင်များရှိ၍ စိန္နဘော်ညွန့်၊ ခတ်ချိုညွန့်၊ သရက်ကင်းပင်များရှိလျှင် တောသားကြိုက် ငါးပိရည်နှင့် အတို့အမြှုပ် ရနိုင်မည်လေ။
တွက်ဆထားသည့်အတိုင်း တို့စရာရွက်များခုတ်နုတ်ပြီး ညနေစာကို တပျော်ကြီး လွေးကြတော့သည်။
x x x
လူတစ်ရပ်ခန့်ရှိ ထင်းပုံကြီး၏ အလင်းရောင်ကြောင့် တဲစခန်းအတွင်း လင်းထိန်နေသည်။
မီးပုံကြီးနှင့်မလှမ်းမကမ်းတွင် ကင်းသမားလေးယောက်က ဓားများ၊ လှံများ၊ ဒူးလေးများဖြင့် ညကင်းစောင့်နေကြသည်။ အိပ်မပျော်သော ဟန်ညွန့် ကင်းသမားများအား ရေနွေးကြမ်းတည်ပေးရင်း ရောနေသည်။
“ဟာမီးလုံးကြီး၊ မီးလုံးကြီး”
မီးပုံဘေးထိုင်နေသော ဟန်ညွန့်က ရုတ်တရက်ထအော်ကာ လက်ညှိုးတထိုးထိုး။
အမှောင်ထုတွင်း နစ်မြုပ်နေသော စိန်တောင်ဘက်ဆီမှ ဘောလုံးခန့်ရှိ မီးလုံးကြီးများက စိန်တောင်၏ နံဘေးတွင် ဝဲပျံလျက်ရှိကြသည်။
ဘောလုံးသဖွယ် မီးလုံးကြီးများက စိန်တောင်၏ ဝဲယာထက်အောက် လူးလာခေါက်တုံ့။
“ဂစ် … ဂစ်”
အားလုံးပင် မီးလုံးကြီးများကို ငေးမောကြည့်နေစဉ် လင်ကောင်ပိုးငှက်တစ်ကောင်က ရုတ်တရက် အသံပေးပြီး သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားသဖြင့် အားလုံးအထိတ်တလန့်။
“ဒါ… ဒါ… သရဲမီးကွ”
“မဟုတ်ဘူး၊ စုန်းမီးဆိုတာ ဒါပဲ”
မီးလုံးကြီးများကိုကြည့်ပြီး ဝေဖန်ချက်အမျိုးမျိုးပေးနေကြစဉ် တိန် … တိန် ဟု ကျားတစ်သံကြောင့် အားလုံးပင် တဲဝင်းအပြင်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်ကြသည်။ ဘာမျှမရှိမတွေ့။
တောဘုရင်ကျားဆိုသည်က တစ်တောင်ကျော်ခရီးမှ အသံကြားရသော်လည်း ရောက်ချင်လျှင် ရုတ်ခြည်းရောက်လာတတ်သဖြင့် အားလုံး လက်နက်များပြင်၍ စိုးရိမ်ကြောင့်ကြသော မျက်နှာများဖြင့်ငေးနေကြလျက်။
သတိဝင်လာသော ဟန်ညွန့်။
ဝါးပိုးအဆစ်ပိတ်များကို မီးဖိုကြီအတွင်းသို့ အတွဲလိုက်ပစ်ချလိုတော့သည်။
“ဖောင်း၊ ဖောင်း၊ ဖောင်း”
အဆစ်ပိတ်ဝါးစိုများ၏အတွဲလိုက် တဖောင်းဖောင်း ပေါက်ကွဲသံက ရိုးမတစ်ကြော ပဲ့တင်ထပ်သွားသည်။
တောနှင့်တောင်က ရုတ်ခြည်း တိတ်သွားပြန်သည်။
x x x
“ဝေါ၊ ဝေါ၊ ဝေါ”
မူလအသံက နားစိုက်ထောင်မှကြားရသည့်အသံ။ အသံက တစ်ရက်ထက်တစ်ရက် ပိုကျယ်လာသည်။ တဲဝန်းကျင်တွင် နေ့ညကြားနေရသည့် ပုစဉ်းရင်ကွဲတို့ အော်သံပင်မကြားရတော့။
ခါတိုင်းနှယ် မြွေတွန်သံ,ချေဟောက်,ဆတ်တစ်,ကျားဟိန်းသံများပင် မကြားရတော့ဘဲ တဝေါဝေါအသံကြီးက ပို၍ ကျယ်ကျယ်လာသည်။ မည်သည့်နည်းနှင့်မျှ သဘာဝဖြစ်စဉ်မဟုတ်။ သွေးရိုးသားရိုးမဖြစ်နိုင်တော့။ အန္တရာယ်တစ်စုံတစ်ခု သူတို့ဆီလာနေပြီဆိုသောအသိက အတွေ့အကြုံအရ သိပြီးသား။
ထို့ကြောင့်လည်း သစ်တပ်လုံခြုံရေးကို ကိုစိန်မှတ် အထူးကြပ်မတ်ရတော့သည်။ ဝါးဆူးများ၊ ငြောင့်များ ပို၍ စိပ်စိပ်ထောင်၊ တဲတံခါးများကို ကြသောင်းဝါးများဖြင့် ဝင်ပေါက်မရှိ ပိတ်ထားပြီး လေးမြားဓားလှံများဖြင့် အသင့်။
နေ့ဘက်တွင် သစ်ဝါးခုတ်၍ ညဘက်တစ်တဲလူနှစ်ယောက်ကျ ကင်းစောင့်၊ မီးမပြတ်စေဘဲ ဝါးဆစ်စိုများပေါက်ကွဲသံက တဖောင်းဖောင်း။
သို့သော် –
တဝေါဝေါ တောတိုးသံကြီးက ရက်ဆက်နေ့ညမပြတ်ကြားနေရပြီး အသံကြီးက ပို၍ကျယ်၊ ပို၍နီးလာသည်။
မူလက ညဘက်မှ တဝေါဝေါသံသဲ့သဲ့ကို ကြားရသော်လည်း ယခု နေ့ဘက်တွင်ပါ ထင်ရှားသိသာစွာ ကြားနေရပြီ။ ဘယ်သူမျှ ဝါးထွက်မခုတ်ဝံ့တော့။
ခါတိုင်းကြားနေရသော ကျေးငှက်တို့အော်သံပင် မကြားရတော့။ တိရစ္ဆာန်တို့၏ မွေးရာပါ အသိဗီဇဉာဏ်ကြောင့် အဝေးသို့ထွက်ပြေးလေပြီလားမသိ။
အန္တရာယ်က တစ်နေ့ထက်တစ်နေ့ နီးကပ်လာနေပြီ။ တောအတွေ့အကြုံကောင်းကောင်းရှိသော ကိုကြီးစိန်မှတ်ပင် ဘာဆိုရမည်မသိ ခန့်မှန်း၍မရ။
သို့သော် –
“ကိုင်း တို့တွေအားလုံး စုစည်းညီညွတ်ဖို့တော့ လိုလာပြီ။ ဘာမှန်းမသိရတဲ့ အန္တရာယ်က တို့နဲ့နီးလာပြီ။ ဒီတဝေါဝေါအသံက ငါ့အတွေ့အကြုံအရ ဆင် ကျားတော့မဟုတ်ဘူး။ ငါလည်း မတွေးတတ်တော့ဘူး။ ဒီ လောက်ကြီးမားတဲ့ကောင်ကြီးကို ရင်ဆိုင်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ ဒီတော့ အရေးကြုံလို့ ပြေးကြမယ်ဆိုရင် တို့ဝါးခုတ်တဲ့တောကိုပြေး၊ အဲဒီမှာ တို့ပုံထားတဲ့ဝါးတွေရှိတယ်။ သစ်လုံးပုံကြီးလည်းရှိတယ်။ အဲဒီမှာပုန်းလို့လည်းရတယ်။ ထိပ်တိုက်တွေ့ရင်လည်း လက်မနှေးနဲ့။
ပြောသာ ပြောရတာ။ တို့စခန်းကလည်း ဆင်လောက်တော့ မဖြုံပါဘူး။ ဆင်အုပ်ကြီး မဟုတ် ရင်ပေါ့လေ။ ဟန်ညွန့် မင်း ငါ့ကို မျက်ခြည်မပြတ်စေနဲ့။ ငါ့နောက်ကလိုက်၊ ငါလုပ်သလိုလုပ်၊ ဟိုကောင်တွေရော မှတ်မိရဲ့လား”
အားလုံးကပင် မျက်နှာသေလေးများဖြင့် –
“ဟုတ်ကဲ့”
တဝေါဝေါအသံကြီးက ပို၍နီးလာသည်။
ရင်တထိတ်ထိတ်၊ မျက်လုံးတပြူးပြူးနှင့် အန္တရာယ်ကို စောင့်နေရသည့်ဘဝ။
လကလေးက ထွက်လာပြီ။
သို့သော် –
လနှင့် ရိုးမ၏အလှကို အရသာခံမဖြစ်တော့။
ပို၍နီးကပ်လာသော တဝေါဝေါအသံကြီးကို လေဟုန်စီးလာနေသံက မြေကြီးတုန်ခမန်း။
“ဝုန်း – ဝေါ – ဝေါ”
ရုတ်တရက် စိန်တောင်ဘက်ဆီမှ ရိုးမမိုးက ဆိုင်းဗုံမဆင့် တဝေါဝေါ တဗြုန်းဗြုန်း ဝင်ချလာပြီ။
တောင်ကျရေများ စိမ့်စမ်းရေများက တဖြည်းဖြည်းတက်လာပြီး တစ်တောလုံးဖွေး၊ တစ်ကွင်းလုံး ရေမြုပ်ကုန်ပြီ။
ကိုစိန်မှတ်က အဖွဲ့သား(၁၅)ယောက်အား ရိက္ခာထုပ်များ ကျောပိုးစေ၍ တဲနောက်ဘက်ရှိ မြရာပင်များ ပေါက်နေသည့် တောင်ကုန်းပေါ် တက်စေပြီး သူကအောက်ဆုံးမှ ဒူးလေးကိုင်၍ တက်လာသည်။
မိုးရွာသည်မှာ သိပ်မကြာသေးသော်လည်း ရေက သူတို့အိပ်ရာကွပ်ပျစ်အထိ တက်လာပြီ။ တဲကိုမစွန့်၍ မဖြစ်တော့။ မိုးသံ၊ လေသံ၊ မိုးထစ်ချုန်းသံ၊ တဝေါဝေါတဒိုင်းဒိုင်း လျှပ်ပြက် မိုးကြိုးပစ်သံများကြောင့် အန္တရာယ်ကောင်ကြီးအသံကို သတိမရနိုင်တော့။
လောလောဆယ် ရေဘေးမှလွတ်ရာ အမြင့်သို့ တက်ရပြီ။
ရိုးမ၏မိုးစက်တို့က မိုးကာဝတ်ထားသော ကျောပြင်နှင့် မိုးကာလွတ်နေသော မျက်နှာတို့ကို ကြာပွတ်နှင့်ရိုက်နေသည့်ပမာ စပ်ဖျဉ်းဖျဉ်း။ မိုးနှင့် လေနှင့် မုန်တိုင်းနှင့်ကြား ရေရွဲရွဲစိုနေသာ ကြွက်စုတ်ပမာလူ(၂ဝ)စလုံး ခိုက်ခိုက်တုန်လျက်။
လျှပ်တစ်ပြက် ဝင်းလက်သွားသည်။
ခေါင်းဆောင်ပီပီ အမြဲနားစွင့် မျက်စိဖွင့်ထားသော ကိုစိန်မှတ်။
သူ့မျက်စိ သူမယုံချင်။
မြင်ကွင်းက ယုံနိုင်စရာမရှိ။
လမိုက်ညတွင် အမြန်ရထားကြီး မီးဖွင့်၍ မောင်းလာသည့်အလား၊ စည်ပိုင်းခန့်ရှိ ရှည်လျားလှသော မြွေကြီးတစ်ကောင်၊ ရေပုံးခန့်ရှိ နီရဲအရောင်ထွက်နေသော မျက်စိကြီးနှစ်လုံးပြူကာ ဦးခေါင်းထောင်၍ သူတို့ရှိရာတောင်ကြောအတိုင်း လာနေသည်။
“သူ့ကိုယ်လုံးကြီးနှင့် နင်းခြေရစ်ပတ်မိသည့် သစ်ပင်ကြီးငယ်များမှာ တဝုန်းဝုန်းလဲပြိုကုန်သည်။
ကျန်အဖွဲ့သားအားလုံးမှာ လေနှင့် မိုးဒဏ်ကို မျက်နှာဝှက်၊ ခေါင်းငုံ့ခံနေ၍ သေမင်းတမန် အန္တရာယ်ကောင်ကြီးကို မမြင်ကြသေး။
လျှပ်ခနဲ ဝင်းခနဲ ထပ်လက်လိုက်သည်။
သည်တစ်ချီ အလင်းက စောစောကထက် ပို၍ကြာသွားသည်။ ကိုစိန်မှတ်က သူ့လူများအား –
“ဟေ့ကောင်တွေ … မင်းတို့အားလုံး သတိထားကြ၊ ရန်သူကောင်ကြီး ရောက်လာပြီ။ တို့ကိုမြင်သွားအောင် လှုပ်စိရွစိ မလုပ်ကြနဲ့။ အရိပ်အယောင်လည်း မပြနဲ့၊ မတတ်နိုင်တဲ့အဆုံးမှ ရင်ဆိုင်မယ်၊ ပုန်းနေကြ”
ကိုစိန်မှတ်ညွှန်ပြမှ တဝေါဝေါအသံရှင် အန္တရာယ်ကောင်ကြီးကို သူတို့တွေ့လိုက်ရပြီ။
ယောင်ယမ်း၍ အသံမထွက်စေရန် ပါးစပ်ကို လက်နှင့် ပိတ်သူက ပိတ်၊ ပါးစပ်အဟောင်းသားဖြင့် တဒင်္ဂကျောက်ရုပ်။
အချို့က အန္တရာယ်ကောင်ကြီးကို ငေးသူက ငေး။
သေမင်းတမန်ကြီးကလည်း သူ့နောက်မှ အန္တရာယ်တစ်ခု ကပ်ပါလာသည့်အလား တဝေါဝါ တဝုန်းဝုန်း တဖြောင်းဖြောင်း တဗွမ်းဗွမ်းနှင့် တောတိုးလာနေပြီ။
အားလုံးက အသံတိတ်ငေးလျက်။ အန္တရာယ်ကောင်ကြီးက ရုတ်တရက် လျှပ်တစ်ပြက်တွင် တွေ့လိုက်ရသော သူတို့တဲစုကို မြင်လိုက်သည်နှင့် ခေါင်းကိုအရှိန်ယူ နောက်ဆုတ် ပါးပျဉ်းထောင်ကာ တရှူးရှူးမှုတ်လိုက်သည်။ တဲအိမ်လေးတစ်လုံးစာမျှ ကြီးမားသည့် ပါးပျဉ်း။
ခြေသလုံးခန့်ရှိ ဖွေးနေသော အစွယ်နှစ်ချောင်း၊ နီရဲနေသော ပါးစပ်ကြီးမှ မှုတ်ထုတ်လိုက်သည့် အာငွေ့တို့က တိမ်တိုက်တစ်ခုအလား။
မြွေကြီးက တဲစုဘက်မှ မည်သည့်အသံဗလံမှ လုံးဝမကြားရ၍ တဲဘက်ဆီ ဦးတည်လာနေရာမှ ခေါင်းနောက်ဆုတ် ကိုယ်လုံးကြီးနောက်ရွံ့၍ စိန်တောင်ဘက်လမ်းကြောင်းပြောင်း မီးရထားကြီးတစ်စင်းပမာ ကွေ့ကောက်တွန့်လိမ် သုတ်ခြေတင်တော့သည်။
တဝုန်းဝုန်း၊ တဝေါဝေါ၊ တဗွမ်းဗွမ်းအသံများနှင့် မြွေကြီးအဝေးရောက်သွားမှ ကိုစိန်မှတ်က –
“ဘုရားသိကြားမလို့ ဒီကောင်ကြီး ဒီဘက်ကို မလာတာ။ ထိပ်တိုက်တွေ့ရင် တို့ မလွယ်ဘူး။ အတော်ပဲမိုးလဲစဲသွားပြီ၊ တဲတွေဆီပြန်ကြစို့”
“ဒီ – ဒီကောင်ကြီးများ ပြန်လှည့်လာနေဦးမလား”
ကိုဌေးဆိုသူ၏ အထိတ်တလန့်သံအဆုံး ကိုကြီးစိန်မှတ်က-
“စိတ်ချ၊ ဘယ်တော့မျှ ဒီဘက်ကို ပြန်မလာတော့ဘူး။ ဒီကောင်ကြီးပြေးပုံကြည့်၊ အသက်လုပြီး ပြေးလာရပုံ”
“ဒါ – ဒါဆိုနောက်ထပ်…”
“မင်းပါးစပ်ပိတ်ထားစမ်းငဌေး၊ ဘာအန္တရာယ်မျှ…”
“ဝုန်း… ဝုန်း၊ ဘတ်… ဘတ်”
“ဗျောင်း”
ကိုစိန်မှတ်စကားမဆုံးသေး။
သူတို့ တက်ပုန်းနေသည့် တောင်ကမူလေးမှာ သိမ့်ခနဲ တစ်ချက်တုန်သွားပြီး မြရာပင်များ၊ ကျောက်တုံးကျောက်ခဲများ၊ မြေသားများမှာ အသဲအမဲ ရွာချလိုက်သော မိုးကြီးကြောင့်ထင့်၊ အရေပျော်ကာ သူတို့ပါ ရေထဲ တဝုန်းဝုန်းကျကုန်ပြီ။
ကိုကြီးစိန်မှတ်က ခေါင်းဆောင်ပီပီ အန္တရာယ်ကြားမှ အော်ဟစ်သတိပေးနေပြန်သည်။
ပေါင်ရင်းခန့်ရှိ မြရာပင်ကြီးကို မီ၍ တုန်လှုပ်ချောက်ချားနေသည့် ဟန်ညွန် အမြစ်ရင်းမှ ရေနူး၍ ပြုတ်ကျလာသော မြရာပင်ကြီးနှင့်အတူတွဲ ရေထဲ ဝုန်းခနဲကျလာပြီ။
ကိုစိန်မှတ် အော်ဟစ်သတိပေးသံကိုကြားရ၍ လျှပ်တစ်ပြက်အချိန်အတွင်း တဲစုဆီသို့အရောက်ပြေးတော့သည်။ ကံကောင်းထောက်မ၍ အားလုံးဘာမျှမဖြစ်။
တဲများအတွင်း လူစစ်နေစဉ်မှာပင် –
“ဝုန်း၊ တရော၊ တရော”
“ကွပ်၊ ကွပ်”
တဝုန်းဝုန်း တဝေါဝေါ အသံကြီးများနှင့်အတူ ထူးဆန်းကျယ်လောင်လှသည့် တကွပ်ကွပ်အသံကြီးကြောင့် တဲပေါက်မှ ခေါင်ူင်းပြူ၍ အသံကြားရာသို့ ကြည့်လိုက်ကြသည်။
“ဘုရား … ဘုရား”
အားလုံး သံပြိုင် ဘုရားတလိုက်ကြသည်။ စောစောက သူတို့အသက်ဘေးအတွက် နားခိုခဲ့သော တောင်ကုန်းလေးသည် တောင်ကုန်းမဟုတ်တော့။
နှစ်ပရိစ္ဆေဒကြာညောင်း၍ မြေသားများဖို့တက်၊ သစ်ပင်နှင့် မြက်များပေါက်ကာ တောင်ကုန်းလေးသဖွယ် မြေအောင်းနေသည့် ဖားပြုပ်ကြီးတစ်ကောင်။
သည်းထန်သည့် လေနှင့် မိုးကြောင့် နွံများ၊ မြေကြီးများနူးကာ အရေပျော်၍ ကုန်းထလိုက်သည့် ဧရာမဖားပြုပ်ကြီးတစ်ကောင်၏ ကျောထက်သို့ သူတို့ရောက်ခဲ့ခြင်းပင်။
ဧရာမဖားပြုပ်ကြီးက ပြူးကျယ်နေသော မျက်စိနှစ်လုံးကိုဖွင့်၊ ပါးစပ်ကြီးတစ်ချက်ဟပြီး တကွပ်ကွပ်ဖြင့် စောစောကမြွေကြီးထွက်ပြေးသည့် လမ်းအတိုင်း ခုန်ဆွခုန်ဆွနှင့်လိုက်ပါထွက်သွားပြန်ပြီ။ သည်မြင်ကွင်းကိုကြည့်၍ အားလုံးကျောက်ရုပ်။
(ဖောင်ကြီးမှ ဦးစိန်မှတ်အား သတိတရဖြင့်။)
– ပြီး –
စာရေးသူ – ကျော်မင်းညွန့် (လှည်းကူး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized