August 29, 2025

အပျိုကြီးဖြစ်ရခြင်းနောက်ကွယ်

အပျိုကြီးဖြစ်ရခြင်းနောက်ကွယ်(စ/ဆုံး)
——————————————–

ကိုယ်တွေ နုရွမွစဉ်အခါကများ ………

ညနေစောင်းဆို မြို့ပေါ်ရှိပျိုကြီး ပျိုလတ် ပျိုပေါက်စတွေ ဖီးလိမ်းပြင်ဆင်ဝတ်စားပြီး အပြင်ထွက် လမ်းသလားရတာ ။
အဲ့ဒီအချိန်က အိမ်တွေမှာ အဖြူအမဲ tv လေးတောင် မရှိကြတာများတယ် ။

တစ်မြို့လုံးရဲ့ အားထားစရာက ပတ္တမြားရုပ်ရှင်ရုံနဲ့ ရွှေပြည်အေး ရုပ်ရှင်ရုံ ။
ရုပ်ရှင်ရုံရှေ့လမ်းမှာဆိုတာ ခုခေတ် ဖိုးချစ်ကတဲ့ပွဲစျေးလိုပဲ ။
ညနေစောင်းဆို မုန့်သည်တွေကော ပိကျိ ပိကျိ ပူစီဖောင်းရောင်းတဲ့အသည်တွေကော ရုပ်ရှင်ရုံအောက်မှာ နမူနာကပ်ထားတဲ့ဇာတ်ဝင်ခန်းတွေထဲက ဓာတ်ပုံလေး ၅ ပုံ ၆ ပုံလောက်ကို တိုးဝှေ့ကြည့်နေကြသူတွေကော ရုံဝင်လက်မှတ်ဖြတ်တဲ့သူတွေကော လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်တွေကော စည်ကားနေတာ ။
လူပျိုကြီး လူပျိုလတ် လူပျိုပေါက်စနတွေကလဲ အဲ့ဒီလိုအချိန်ဆို ရုပ်ရှင်ရုံနားနီးတဲ့ လ္ဘက်ရည်ဆိုင်တွေ လူစည်ကားရာလမ်းထိပ်လ္ဘက်ရည်ဆိုင်တွေမှာ ဖင်ကျောက်ချပြီး ဖြတ်သွားဖြတ်လာ ပျိုပျိုအိုအိုတွေကို ခေါတောမျက်လုံးကြီးတွေနဲ့ရှု့စားအတင်းပြောကြတော့တာမျိုး ။

အဲ့ဒီ့ကနေမှ သူတို့စိတ်ဝင်စားတဲ့မိန်းကလေးတွေဖြတ်လာတာတွေ့ ဆိုင်ဝမှာထောင်ထားတဲ့ အပေါင်းအသင်းတွေရဲ့စက်ဘီးဖြစ်ဖြစ် ကိုယ့်စက်ဘီးဖြစ်ဖြစ် ဆွဲယူပြီး ဘေးကနေကပ်လိုက် ဘာညာသာရကာ ဖွန်ကြောင်တော့တာ ။

ဒီလို ဒီလို အထာတွေရှိလေတော့ အပျိုပေါက်စန ကိုယ်တွေသူငယ်ချင်းအုပ်စုကလဲ ညနေစောင်းဆို ကျူရှင်အကြောင်းပြ အိမ်ကနေ အစောကြီးထွက်ပြီး စက်ဘီးကိုယ်စီနဲ့လူစည်ကားရာလမ်းတွေမှာ ဖလန်း ဖလန်းထ ပတ်ပြရတာ ။

မောလဲမော ခြွေးလဲပျံ ။

လိုက်လာတဲ့ ဘဲတွေက ကိုယ်မျှော်လင့်ထားသလိုမဟုတ်ပဲ ဘဲဂတ်နဲ့ဘဲငန်းကြီးတွေဆို အမောမပြေတဲ့အပြင် အမောဆို့ စိတ်ညစ်ရသေး ။

ဒါတင်ဘယ်က………

အိမ်က ဘိုးတော်မယ်တော် အစ်မတော်တွေရဲ့အပေါင်းအသင်းရှိတဲ့ လမ်းကနေ မသိပဲ ကော့တော့ကော့တော့ ရှိုးပြပတ်စီးမိလို့ နောက်က ဘဲဂတ်တွေက ကပ်လိုက်လာတာမြင်ရင်ပဲ သတင်းက

” အမယ်လေး အစ်မသမီးလေ ………”

” အစ်ကို့သမီးလေ………”

” နင့်ညီမလေ ……………”

” ကျူရှင်မတတ်ပဲ ဟိုဆေးဘဲတစ်ကောင်နဲ့တွဲပြီးစီးသွားကြတာ ကြည့်ထိမ်းအုန်းနော် ”
ဆိုတဲ့ ကောလဟာလကြား ရေတိမ်ကနစ်ရသေး ။

ကိုယ့်စိတ်ကြိုက်ရည်းစားရဖို့ ခက်ခဲတာကတမျိုး ဘာဆိုဘာမှမဘာရသေးပဲ သူများအတင်းမှာ ငုတ်တုတ်မျောရတာကတစ်မျိုး ။

အိမ်ကမိဘတွေကလဲ

” ဘာသံမှမကြားချင်ဘူးနော် ညည်းရည်းစားဘာညာထားချင် ၁၀ တန်းအောင်ပြီးမှစဉ်းစား ကြားလား ” ဆိုတဲ့တစ်ချက်လွှတ်အမိန့်နဲ့ ။

ဒီတော့လဲ ငါရည်းစားထားရဖို့ ၁၀ တန်းဆိုတာကြီးကိုအောင်ရမဟဲ့ ဆိုတဲ့ မိုတီတွေရပြီး စာကျက်ချင်စိတ်ပေါ်လာတော့တာ ။

၁၀ တန်းအောင်လို့ တက္ကသိုလ်ကျောင်းသူဘဝမှာ ကံထူးစွာနဲ့ကိုယ့်သဘောကျလေးနဲ့ရည်းစားမဖြစ်တဖြစ် အီစီကလီရုံရှိသေး နိုင်ငံရေးတွေကြောင့် ကျောင်းတွေကပိတ်ပစ်တာ နှစ်ချီ ။

ဒါနဲ့ပဲ

သို့ /
. သိပ်သတိရမိတဲ့ သူလေးရေ

သို့/

သိပ်သတိရပါသောသူရေ

ဆိုပြီးသကာလ အပြန်အလှန် စာချွန်လွှားပါးကြရတော့တယ် ။

ရည်းစားမဖြစ်တဖြစ်က ဘယ်နေမှန်းမသိသေးခင် စာပို့သမားကြီးရဲ့ အိမ်ရှေ့ကဖြတ်သွားဖြတ်လာချိန်အတိအကျ အကုန်သိ ။

ကုန်ကုန်ပြောရရင် စာပို့သမားကြီးကိုတောင် သူ့ကိုယ်စားထင်ပြီး ဖျတ်ကနဲ အရိပ်မြင်တောင် ရင်ခုန်တော့တာ ။

အိမ်ဝဝင်လာတာမြင်ရင်ပဲ လက်မဆွဲရုံတမယ် ဝမ်းသာအားရ ခုန်ပေါက် အတင်း အတင်း ကြိုရတာ ဆိုတာများးး

သူ့ဆီက စာပါလာတယ်ဆိုပြီး ။

ပြောရမယ်ဆို အောင်သွယ်တော်ကြီးပေါ့ ။

တခါတလေ စာအိတ်ကော်ပိတ်တဲ့နေရာတွေက ဘော့ပင်ထိပ်ဖျားလေးနဲ့လိပ်လိပ်ပြီး အဖောက်ခံထားရတဲ့ လက်စလက်နနဲ့ ။

ဒီလိုနဲ့နှစ်ဝက်လဲကြာကော စာကအလာကျဲသွားပြီ ။
တစ်နှစ်လောက်လဲကြာကော သူ့ဆီက လုံးဝစာမလာတော့ဘူး ။
သတင်းပြန်ကြားတာက သူနေတဲ့မြို့က မိန်းမနဲ့ရသွားလေရဲ့ ။

ကိစ္စမရှိဘူး ကျောင်းမှမပြီးသေးတာ ထပ်ရှာလို့ရသေးပေါ့ ။

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်တော့လဲ ဟိုရွေး ဒီရွေးနဲ့ ရွေးရင်းရွေးရင်း နောက်ဆုံးနှစ်ရောက်လာကော ။
အရိုးများ ချေးခါးနေလို့မဖြစ်တော့ဘူး အမြန်အဖတ်တင်အောင်ရွေးမှဟဲ့ဆိုပြီး ရည်းစားတစ်ယောက်ချိတ်လိုက်ရတယ် ။
မကြာပါဘူး ကျောင်းပြီးလေတော့ နီးဖို့ ကြိုးစားကြရအောင်ကတိအထပ်ထပ်နဲ့ဝမ်းနည်းပက်လက် အိမ်ပြန်ချိန်တွေရောက်ခဲ့ပြန်တယ် ။

သူကလဲ သူနဲ့အနီးဆုံးဖြစ်တဲ့အိမ်က ဖုန်းနံပါတ်ပေး
ကိုယ်ကနယ်မြို့ဆိုတော့ အနားပတ်လည်အိမ် ဖုန်းကမရှိ ။

ဒါနဲ့ပဲ တစ်ပတ်တခါ နှစ်ပတ်တစ်ခါဆိုသလို အော်ပီကျယ် အဲလေ အော်ပရေတာရုံးကနေ ရည်းစားဆီဖုန်းခေါ်ရတယ် ။
နယ်မြို့လေးဆိုတော့ မြို့ကြီးပြကြီးတွေလို PCO အခွဲတွေလဲမရှိ ။
ပင်မ အော်ပီကျယ် ရုံးကိုပဲ ဖုန်းချိတ်နိုင်သူအနည်းငယ်ကလွဲ ကိစ္စကြီးငယ်အကုန်သွားဆက်ကြရတာမျိုး ။
အော်ပီကျယ်ဆိုတာက ဖုန်းပြောရင် ခပ်တိုးတိုးပြောရင် မကြားရလို့ အကျယ်ကြီးအော်ပြောမှကြားရတဲ့ရုံးမလို့ ကိုယ့်ဘာသာ နာမည်ပေးထားတာ ။

အဲ့ဒီရုံးမှာလဲ ကိုယ်လိုလူတွေ အများကြီးးး

ခုံပုလေးပတ်လည် ဖုန်း ၃ လုံးလောက်တင်ထားပြီး တစ်ခါခေါ် ၃ ယောက်ပတ်ချာလည် ကြမ်းပြင်ပေါ်မှာ ခေါင်းချင်းဆိုင် ထိုင်ကြပြီး ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာတွေဆီခေါ်ကြရတာမျိုး ။

နောက်မှာလဲ တန်းစီဇယားနဲ့စောင့်နေကြတာ အများကြီး ။

အလှည့်ကျနဲ့လေ

အဲ့မှာတင်………

” ဟဲလို ”
” ဟဲလို !!!!!!!! ”
” ကို…… နဲ့ပြောချင်လို့ပါ ”

” အေး အေးးးဟေ့ ”
” ခဏကိုင်ထားနော် ”
” ခုသွားခေါ်ပေးနေပြီ ”
” ကိုင်ထားအုန်းနော် ”

” ဟုတ် ဟုတ် ”
တအောင့်အကြာမှာတော့……

” အေးအေး ဒီမှာရောက်ပြီဟေ့ ”

” ဟဲ …… လို ”

အသံက အပြေးအလွှားလာရလို့ ဖုတ်လှိုက် ဖုတ်လှိုက် ဟဲ နဲ့ လို ကြား လေမဆက်နိုင်အား ။
ပြေးလွှားဆို ကိုင်စောင့်ရင်းနဲ့ပဲ ၁၀ မိနစ်လောက်ဆို အော်တိုဘေက တက်နေတာကို ။

” ဟဲလို မောင်လား မေပါ ”

အနားက တန်းစီစောင့်နေတဲ့လူတွေရဲ့မျက်လုံးတွေက မကြည့်ပေမဲ့ကိုယ့်ဆီမှာမှန်း အတွေ့အကြုံအရ သိနေပြီ ။

နားရွက်တွေကလဲ ကားပြီး ထောင်တတ်နေနိုင်သေး ။

သို့ပေသိ ဒါတွေကို အရေးစိုက်ဖို့ အခ်ျန်မရ ။
မိနစ်တိုင်း စက္ကန့်တိုင်းဟာ ငွေနဲ့စက်ပြီး တန်ဖိုးကြီးလွန်းတယ် ။
ဒီကြားထဲ အော်ပရေတာက အရာရှိမမက ကိုယ့်အမေရဲ့အမျိုးအရင်းအချာကြီး ။
ဒါလဲ ဂရုစိုက်နေလို့မဖြစ် ။ ပြောသင့်တာပြောရမှာပဲ ။
အမေက တက္ကသိုလ်ရောက်ရင် ရည်းစားထားဆိုပြီး ခွင့်ပြုထားတာ ခုက ကျောင်းပဲပြီးနေပြီ ။
ဟွမ်းးးး

” ဟဲလို မှောင်………… ”
” အရမ်းသတိရတာပဲ သလားးး ”
( တရော်သံလေးနဲ့ )

” ဟဲလို !!!!!!! ”
” မေ ဘာပြောလိုက်တာလဲဟင် ”
” မောင့်ဘက်က မကြားရလို့ ”

တဖက်က မကြားရလို့စွတ်အော်ပြောနေသံက နားထဲဒိုင်းကနဲ ။

ဖုန်းကို နားကနေအမြန်ခွာပြီး……

” မေ့ဘက်က ကြားရတယ်မောင်ရဲ့ တိုးတိုးပြော ”
” နားကို အူတက်သွားတာပဲ ”

” အင်း အင်း ကြားရပြီ ကြားရပြီ ”
” စောစောက မေဘာပြောလိုက်တာလဲ ”

ဟင် !!!!!
စောစောက ငါဘာပြောမိပါလိမ့် ။
နားအူသွားတာလားး
ဟုတ်သေးဘူး သူ့ရှေ့က
သြော် သိပြီ အရမ်းသတိရတာပဲ ပြောလိုက်တာ ။
စကားကြောင်းကို အစကမနည်းပြန်ကောက်တွေးပြီးမှ

” အရမ်းသတိရတာပဲလို့ !!!! ”

ရည်းစားစကားကို တစ်ရုံးလုံးကြားအောင် မိုင်နှုန်းနည်းနည်းထပ်တင်လိုက်ရသည် ။

သည်တော့မှ တစ်ဖက်က

” မောင်လဲ အတူတူပေါ့ မေရယ် ”
” လွမ်းနေတာ ”
” လွမ်းလို့ မေ့ဆီပို့ဖို့ ကဗျာလေးတွေတောင် စပ်ထားသေး ”

” ဟင် ဟုတ်လားးး ”
” အါ့ဆို ခုရွတ်ပြ စာပို့ရင် အကြာကြီးနေမှ ရောက်မှာ ………

” အင်းး ”
” မောင် ရွတ်ပြမယ်နော် ”
” အဲ့ဒီ့နေ့က ပန်းနုရောင်ဝမ်းဆက်လေးနဲ့ချစ်သူကို မြင်ရခိုက်မှာ ……… ”

” ဦးလေး ဒီကအစ်ကို ပြီးရင် ကျနော့်ကို ခေါ်ပေးနော် ”
” အရေးကြီးလို့ပါ ”
” အစ်ကို မြန်မြန်လေးပြောပေးနော် ”

” အစ်ကိုက ခုနလေးမှ စခေါ်တာညီလေး ”

” ဟုတ်ကဲ့ပါ ကျနော်အတော် အရေးကြီးနေလို့ပါ ”

ရုတ်တရတ် မောင့်ဘက်ကနေဖြတ်ဝင်လာတဲ့စကားသံကြောင့် နည်းနည်းတော့ ဖီးပျက်သွားသည် ။

မောင့်ဘက်ကလဲ ရွတ်လက်စ ကဗျာက ရှေ့ဆက်မတက် ခဏ အသံပျောက်သွားသည် ။
နောက်လူက အတင်းလောနေတော့ မုကဘယ်ဝင်ပါတော့မလဲ ။

” ဟဲလို !!!!! ”
” ဟဲလို မောင် !!!!! ”

” သြော် အင်း အင်း ”
မောင်က ကဗျာကို ဆက်ရွတ်ပြပေမဲ့ အစောပိုင်းလောက် အသက်မပါတော့ ။
ဖီး ကျဲသွားပုံရတဲ့ မောင်က နောက်လူကိုလဲ အားနာနေပုံရသည် ။

ဒါနဲ့ပဲ ဖီးလေးဘာလေးပြန်ရအောင် ကိုယ်ကပဲ………

” လွမ်းလိုက်တာနော် မောင် ”
” ဒီလိုမှန်းသိ ကျောင်းတစ်နှစ် အကျခံပါတယ်မောင်ရယ် ”

အော်ပရေတာအရာရှိမမရဲ့ မျက်မှန်ကြီးပေါ်ကနေ ကျော်ကြည့်လာတဲ့အကြည့်ကို မကြည့်ပေမဲ့ အော်တို မြင်လိုက်သေး ။
ဒါမျိုးလုပ်ဖို့တွေးစရာလားဆိုတဲ့ အကြည့်မျိုး ……

” ကိုကြီးနော် ကတိပေးပြီး မဖျက်ရဘူး ကတိကတိ ”
” ကတိပေးပြီး ခဏခဏ ဖျက်တယ် ”
” ဟင့် ဟင့် ကလေးငိုချင်လာပြီ ”

အဲ !!!!!!
ဗုဒ္ဓေါ !!!!!!!

ကိုယ်နဲ့ခေါင်းချင်းဆိုင်ပြောနေတဲ့ ကောင်မလေးဆီက အိစိညှောက်ညှက်ပြောနေရာကနေ သူ့ပေါင်သူထုပြီး ငိုမလို ရယ်မလို ချွဲတုန်ပစ်နေတဲ့အသံက နားမထောင်ရပဲ နားထဲမျက်စိထဲ အလိုလိုဝင်လာတော့တာ ။

တဖက်ရောက်သွားတဲ့စိတ်ကို ဖုန်းဆီအာရုံပြန်ချပြီး
” မောင် အလုပ်ကြိုးစားနော် ”

” စိတ်ချ မေ မောင်အခုကြိုးစားနေပါပြီ ”
” အနားမှာ လူများလားမေ ”

” အင်းပေါ့ အော်ပီကျယ်ရုံးပဲ မောင်ရဲ့ ရှိတာပေါ့ ”
” အသံတွေ ဝင်လာလို့ ”
” အင်းလေ အနားမှာ မေတို့လိုပြောနေကြတာ ရှိတာပေါ့ ”

လွမ်းကြောင်း သတိရကြောင်းဆီ စကားကြောင်းက မရောက်တော့ ။

ဒါနဲ့ပဲ ကျောင်းတုန်းက အကြောင်းတွေ သတိတရ ရက်ဗီရှင်ပြန်နေတုန်းမှာပဲ…………

” ဟဲ့ အကောင် နင်ငါ့ဖုန်းကို ရှောင်နေတာကြာပြီနော် ”
” အခု ဖုန်းဆိုင်ကလူကိုနာမည်လွှဲပြောမှ နင်လာကိုင်တာ ”
” နင် $ ချိုးတွေပြင် ”
” နင့်မယားငါက သူများမိန်းမတွေလို ငြိမ်ခံနေမယ် မထင်နဲ့ဟဲ့ ”
” ငါလိုက်လာခဲ့ရမလား ပြော ”
” လကုန်ပြီး ဒီရက်ထိကို နင်ပိုက်ဆံမပို့နိုင်တာ နင့်အဆံဘယ်မယားငယ်ဆီရောက်သွားလို့လဲ ”

နားထဲ စူးကနဲဝင်လာတဲ့ ဘေးဖုန်းကအသံကြောင့် ကိုယ့်မုကို ဘယ်မှထွက်မသွားအောင် လွတ်နေတဲ့ ဘယ်ဖက်နားတစ်ဖက်ကို ကမန်းကတန်း လက်ညှိုးလေးနဲ့ထည့်ပိတ်ထားပြီး ဆက် Q ရသည် ။

ဘယ်လို အနှောင့်အယှက်တွေနဲ့ပဲ တွေ့တွေ့ လျစ်လျူရှု့ပြီး တစ်အာရုံပဲထားတတ်တာက ကျင့်သားရနေပြီ ။

တရားမကျင့်သေးလို့သာ သောတပန်မဖြစ်တာ ။

နောက်ကတန်းစီတဲ့သူတွေကလဲ တစ်ရွရွ ။

နာရီဝက်သာသာ လေးဆယ့်ငါးမိနစ်လောက် တျာဂျင်းတွေ လွမ်းဂျင်းတွေ စုံစီနဖာဂျင်းတွေ ဂျင်းအစုံ သောင်းပြောင်းထွေလာ ရောသမမွှေလို့အပြီးမှာ ဖုန်းကို မချချင် ချချင်ချ အလွမ်းမပြေ ချလိုက်ရတော့သည် ။

ပိုက်ဆံရှင်းပြီးတာနဲ့ အော်ပီကျယ်ရုံးကထွက်လာတဲ့ကိုယ့်မျက်ခွက်က
ဘယ်သူဘယ်လိုစပ်စုကြည့်ကြည့် တလောကလုံး ကိုယ်တစ်ယောက်ထဲရှိသလို မှိုရတဲ့မျက်ခွက်ကြီးနဲ့ ။
ရည်းစားနဲ့Q ရတာ ဒီခေတ်လိုလွယ်မှတ် ။
စကေးအတော်မြင့် မျက်ခွက်အတော်ပြောင်နိုင်မှ ။
ဘယ်သူတွေဘယ်လိုနားစွင့်နေနေ တစ်လောကလုံး ကိုယ့်ရည်းစားနဲ့ကိုယ် ၂ ယောက်ထဲရှိသလို မု သွင်းပြီး ပြောနိုင်မှ ။

ဒီကြားထဲကမှ ကံတရားဆိုတာက ဆန်းကြယ်သားလေ ………

ဖုန်းတွေမပေါသေးတော့ ဒီဘက်အဝင်လဲပေးရ ဟိုဘက်က အထွက်လဲတောင်းလို့ပေးရ ။

နှစ်ချီကြာလာတော့မောင့်ခမျာလဲ ဖုန်းဆိုင်က ဦးလေးကြီးကို ဖုန်းကြွေးတွေမဆပ်နိုင်တာနဲ့ သူ့ကဗျာတွေရွတ်ပြတိုင်း ဖုတ်ကနဲ ဖုတ်ကနဲကျိတ်ကြွေကျတတ်တဲ့ ဦးလေးကြီးရဲ့သမီးက ကြွေးနဲ့ကောက်သိမ်းတာ လည်စင်းခံလိုက်ရရှာတော့တာပဲ ။

ကိုယ့်မှာ နောက်ရည်းစားထပ်ရဖို့ကလဲ ဒီဘက်ခေတ်လိုဖုန်းတွေ ဖေ့စဘုတ်တွေမပေါ်သေးလေတော့ နှမျောတသစွာနဲ့ အသည်းကွဲလေသတည်းပေါ့ ။

အဲ့ဒီမှာတင် အလကားဖြစ်သွားတဲ့ ဖုန်းဖိုးတွေပြန်တွက်ကြည့်ပြီး ယောက်ကျားတွေကို စိတ်နာမိလာတယ် ။
သစ္စာမရှိတဲ့ ယောက်ကျားတွေကို အရမ်းမုန်းပြီး ဇာတ်သိမ်းမှာ မပေါင်းရတဲ့ ဝတ္ထုတွေပဲ ရွေးဖတ်ပြီး ဇာတ်လိုက်မင်းသမီးနေရာအငှားခံစား ဖတ်တော့တာ ။

ခုခေတ်လို ဖေ့စဘုတ်မှာ လိုက်လွှင့် စတေးတပ်တင်ပြီး အသည်းကွဲပြ ဖီးပြ လွမ်းပြလို့မှ အခွင့်မရတာ ။

ဒီလိုနဲ့ သွေးအေးသွားချိန်ရောက်တော့ နောက်ရည်းစားတစ်ယောက်ကို ဘယ်လိုရှာရမှန်းမသိ ။

ဖေ့စဘုတ်သာပေါ်နေခဲ့ရင် ဒီပြသနာဟာ အလွယ်လေး……

” ချစ်သူနဲ့လမ်းခွဲ ကိုယ့်အသည်းတွေကွဲ ” ဆိုပြီး လှတပတကိုယ့်ပုံလေးနဲ့သာတွဲတင်လိုက်
အောက်ကနေ လိုက်တွေ မန့်တွေနဲ့အားပေးကြမဲ့ ကိုကို မောင်မောင်တွေ တပုံကြီး ။
ဒီနေ့ကွဲ နောက်နေ့နောက်ရည်းစားအသစ်ထပ်ရတယ် ။

ခုများတော့ကိုယ့်မှာ……
ရည်းစာရှာဖို့ တတ်စရာကျောင်းလဲ မရှိ ။
အသက်က ၃၀ ထဲရောက်လာပြီး လပ်ယား လပ်ယား ဟန်ရေးပြရမဲ့ အရွယ်လဲမဟုတ်တော့ ။

ရပ်ကွက်ထဲက ဟာတွေနဲ့ကလဲ ဂေါ်မစွံ ဘူဘူချင်းတူပေမဲ့ ဟန်ကိုယ့်ဖို့ ကိုယ့်ဘူနဲ့ကိုယ် ရွာနားမြက် ရွာနွားမစား ။

နောက်ဆုံးတော့ အားကိုးစရာ မိဘပဲရှိတော့တယ်ဆိုတာ အတွေးရောက်လာမိတယ် ။

မိဘတွေဆိုတာကလဲ ညည်းတို့ ရှေးထုံးလဲမပယ်နဲ့စျေးသုံးလဲ မကြွယ်နဲ့သာတွင်တွင်ရှေးရိုးစွဲ ဆုံးမတတ်တာ ။

သမီးကညာ အခါမလင့်စေနဲ့ဆိုတဲ့ ရှေးထုံးကြတော့ တစ်ချက်တောင် စာရင်းထဲထည့်မသွင်းဘူး ။
မိဘဝတ္တရား ငါးပါးထဲ ပါပေမဲ့ ဒီအချက်ကြတော့ မျက်စောင်းတောင်လှည့်မထိုးပဲ မသိချင်ယောင်ဆောင်နေတာများ ။

မတတ်သာတဲ့အဆုံး………

” အမေတို့သမီးကို သူများမိဘတွေလို ယောက်ကျားရှာပေးစားဖို့များ အစီအစဉ်လေးဘာလေး မရှိကြဘူးလားဟင် ”
” မိဘဝတ္တရားထဲ ပါတယ်နော် ”

” အမယ်လေးတော် ”
” ကျုပ်တုန်းကလဲ ညည်းအဖေကို မိဘတွေပေးစားလို့ရတာ မဟုတ်ပေါင် ”
” ဒီလိုပဲ ရှာခဲ့ ယူခဲ့ရတာအေ့ ”
” ရှာပေးလို့ စိတ်အခန့်သင့်တော်သေးရဲ့ ”
” လင်နဲ့မယား လျှာနဲ့သွားဆိုသလို မတော်တဆဖြစ်ဖြစ် တော်တဆဖြစ်ဖြစ် ကိုက်မိတာနဲ့ ”
” အမေတို့ပေးစားတဲ့လင်ကလေ အမေတို့ပေးစားတဲ့အကောင်လေ အမေတို့ပေးစားလို့သာ ယူလိုက်တာလေ ”
” အမယ်လေး အပ်ကြောင်းတွေထပ် ငါတို့ခေါင်းပေါ် အထုပ်ပြုတ်ကျပြီး ငါတို့ပဲ တရားခံလုံးလုံး ဖြစ်မှာ ”
” တော် တော် !!!!!! ”
” ကိုယ့်ဘာသာ ကိုယ့်အစွမ်းအစနဲ့ရှာယူ ”

ပြောမိကာမှပဲ ………

ကိုယ့်မှာ အစွမ်းအစမရှိ လူညွှန့်တုန်းတဲ့လူတစ်ယောက်လိုမျိုး ရည်းစားလေးတစ်ယောက်တောင် အမိအရဖမ်းမယူထားနိုင်ပါလားဆိုပြီး မျက်နှာတောင်ငယ်မိသေး ။

နောက်ဆုံးတော့ မိဘအိမ်ကပ်စားနေပြီး မိဘဝတ္တရားမကျေရကောင်းလားဆိုပြီး ဆူစောင့်နေလို့ကလဲရတာမဟုတ်လေတော့ မတတ်သာတော့ပဲ………

မိဘကူ ရေချိုး ညစာစား ကိုရီးယားကားကြည့်ဘဝနဲ့ကျင်လည်ပြီး အိုပါးတွေနဲ့ရင်ခုန်ခဲ့ရတာက ၁၀ နှစ်နီးပါး ။

ဒီလိုနဲ့ ဟန်းဖုန်းဆိုတာကြီးပေါ်လာတော့ ထိပ်စည်းက ၄ နားကပ်လာပြီ ။
စျေးကြီးလို့ အနားမကပ်နိုင်သေးသလို ဘာမှလဲ ဖုန်းအကြောင်းမသိသေးဘူး ။

အဖေ့ညီ ဦးလေးဘုန်းကြီး အိမ်ကိုကြွလာတော့ မိဘတွေနဲ့စကားတွေပြောကြရင်း ဖုန်းအကြောင်းစကားဆက်မိကြတယ် ။

” ဟဲ့ ဒကာမရဲ့ ”
” ခုပေါ်တဲ့ ဟန်းဖုန်းဆိုတာလေ အရမ်းထူးဆန်းတာ ”

” ဘယ်လိုမျိုးလေးလဲဘုရား ”

” တစ်ဖက်ကခေါ်လိုက်ရင် လူရုပ်ကလေးပေါ်လာတယ်တဲ့ ”
” ဂဏန်းကွက်တွေကလဲ ခလုတ်နဲ့မဟုတ်တော့ပဲ မှန်ပေါ်မှာ tv လိုပေါ်နေတာဟဲ့ ”
” နံပါတ်နှိပ်ရင် အဲ့ဒီ့မှန်ပေါ်က အကွက်လေးတွေ လက်နဲ့တို့လိုက်တာနဲ့ရတယ်ဆိုပဲ ”
” ကျုပ်အသိ ရန်ကုန်က ဒကာကြီးတစ်ယောက်ကိုင်နေတာ ပြတာ ”
” ဘယ်နားယူသွားသွား အဲ့ဒီ့ပိစိလေးက စကားပြောလို့ လိုင်းမိတယ်တဲ့ ”
” အမယ် ပြီးတော့ နိုင်ငံခြားမှာရှိနေတဲ့သူကိုတောင် ဖုန်းမှန်ကွက်ကဘာလေးတို့လိုက်ရင်ဆိုလား ဟိုဘက်ဒီဘက် လူပုံမြင်ပြီး စကားပြောလို့ရတယ်ဆိုပဲ ”
” ဦးဇင်းတို့ငယ်ငယ်ကဆို အဝိုင်းကြီးထဲက အပေါက်လေးတွေထဲလက်ညှိုးထည့်ပြီး ဂျလောက်ဂျလောက် လှည့်ခေါ်ရတာလေ ”
” ဖုန်းကလဲ ရှားပါးလိုက်တာ မပြောနဲ့ ”

အင်းးးး

” ဦးလေးဘုန်းကြီးတို့ငယ်ငယ် ခေတ်တုန်းကလဲ ရှားပါးဖုန်းအဝိုင်းကြီးထဲက အပေါက်လေးတွေထဲ လက်ညှိုးထည့် ဂျလောက်ဂျလောက်လှည့်ခေါ်ခဲ့ရလို့များးး ”
” ရည်းစားနဲ့ကွဲပြီး ဘုန်းကြီးဝတ်တာများလားမသိ ”

” ကိုယ်တွေငယ်ငယ် ခေတ်တုန်းကတော့ နံပါတ်ခလုတ်လေးတွေကို ဂျောက်ဂျက် ဂျောက်ဂျက် နှိပ်ရတဲ့ခေတ် ”

” ဆက်သွယ်မှု့လွယ်ကူဆုံးဖြစ်တဲ့ ဖုန်းတွေရှားပါးတဲ့ ဘယ်ခေတ်မဆို ဂျလောက် ဂျလောက် ကြောင့်လဲ အသဲကွဲနိုင်သလို ဂျောက်ဂျက်ကြောင့်လဲ ရည်းစားနဲ့ပြတ်နိုင်တာပဲ ”

ဒါက ကိုယ့်အဖြစ်နဲ့ယှဉ်ပြီး ဦးလေးဘုန်းကြီးကိုပါ ဆွဲထည့်တွေးမိနေတာ ။

ဦးလေးဘုန်းကြီးကတော့ ဆက်ပြောနေတုန်း ။

” ခုတော့ တိုးတက်လာလိုက်တာ ”
” ပြီးတော့ အဲ့ဒီ့ဖုန်းက ဓာတ်ပုံရိုက်လို့လဲရတယ်တဲ့ ”
” အမယ် ကျုပ်ထိုင်နေတဲ့ပုံတောင် ချလပ်ပြီး ပြသေး ”
” ကာလာကို စိုနေတာများ အပြင်ကအတိုင်းပဲ ”
” ကျုပ်တို့ ငယ်ငယ်ကများ ဓာတ်ပုံ တစ်ပုံရိုက်ဖို့ ဓာတ်ပုံဆိုင်သွားပြီး ရိုက်ရတာ ”
” အဝတ်ကြီးအုပ်ထားရတာနဲ့ မီးတွေဖွင့် မျက်နှာကိုထိုးရတာနဲ့ ”
” မျက်တောင်မခတ်နဲ့ပြုံးထားမယ် ရယ်ဒီ 1 2 3 ကိုအသက်အောင့်ကြည့်နေရတာနဲ့ ”
” ဒါတောင် အဖြူအမဲပဲရတာ ”

ဦးလေးဘုန်းကြီးပြောတာကိုနားထောင်ပြီး ဖုန်းခေါ်ရင် လူရုပ်လေးပေါ်တယ်ဆိုတဲ့ဖုန်း ဓာတ်ပုံကိုလိုသလိုရိုက်လို့ရတယ်ဆိုတဲ့ဖုန်း နိုင်ငံခြားကလူတောင် လှမ်းကြည့်မြင်ရတယ်ဆိုတဲ့ဖုန်း ဆိုတာ
ကောလဟာလလိုလို တကယ်လိုလိုနဲ့ အင်္ဂါဂြိုလ်ကလွှတ်တဲ့ ပန်းကန်ပြားပျံ ပုံပြင်လို တအံ့တသြ ။
နယ်တွေမှာက မသုံးကြသေးဘူးလေ ။
ဦးလေး ဘုန်းကြီးပြန်သွားတော့ စိတ်ကူးယဉ်မိသေး ။
ဒီလို ဖုန်းမျိုးကိုင်ရလို့ကတော့ ရည်းစားနဲ့ကွဲစရာ ပြတ်စရာ ဘာအကြောင်းမှမရှိဘူးလို့ ။

ထူးဆန်းအံ့သြဖွယ်ရာ ဟန်းဖုန်းဆိုတာကြီးကို ငါတစ်နေ့ဝယ်ကိုင်နိုင်ရမဟဲ့စိတ်ကူးယဉ်တွေးတောရင်း
၄ ထိပ်စည်းစကျော်လာတော့ ဟန်းဖုန်းဆိုတာကြီးကိုဝယ်သုံးနိုင်လာပြီ ။

ကိုယ်ကသာနောက်ကျပေမဲ့ တတ်နိုင်တဲ့သူတွေက အစောကြီးထဲက ဝယ်သုံးနေကြတာ ။

အဲ့ဒီလိုကနေမှ အစပြုပြီး ဖေ့စဘုတ်ဆိုတာကြီးကိုဖွင့်ပြီး သေချာလေးသုံးတတ်လာချိန်မှာတော့

ကိုယ့်အရွယ်က စမီး ခရုလားဟင်မေးရမဲ့ အရွယ်ကိုလွန်လာခဲ့ပြီ ။

နိဂျုံးချုပ်တော့………

ကိုယ်တွေ အပျိုကြီးဖြစ်ရတယ်ဆိုတာ ရည်းစားလေးတစ်ယောက်ရဖို့လွယ်လွန်းတဲ့ ခုခေတ်လို ဟန်းဖုန်းတွေ ဖေ့စဘုတ်တွေ မပေါ်သေးလို့ ။

ခုခေတ် ဖေ့စဘုတ်ကြီးပေါ်ပြီး ဟန်းဖုန်းတွေပေါ်ပြီးတဲ့နောက်……

အရင်ခေတ်ကလို ချစ်သူဓာတ်ပုံလေးတစ်ပုံရဖို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်စရာမလိုတော့ဘူး ။
ရည်းစားဆီက ပြန်စာရဖို့ လချီပြီးလဲ မစောင့်ရတော့ဘူး ။
ရည်းစားလေးတစ်ယောက်ရဖို့ အလှပြင်ရွာစဉ်ပတ် ဟန်ရေးပြ ခြွေးကျစရာမလိုပဲ အိပ်ယာပေါ်ကနေ ချလပ်ပြီး စမီးကျုလားဟင် ခရုလားဟင် မေးရုံ ။
ဘယ်ဆီကိုမင်းရောက်နေလဲ…… ဘာတွေကိုမင်းလုပ်နေလဲ ………
ဘယ်သူနဲ့မင်းရှိနေလဲ…………
အော်ဖီးစရာမလိုအောင် v call ဖွင့်ပြီး ချက်ကင်လိုက်လို့ရနေပြီ ။
ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းသိအောင် ဝမ်းဆက်နဲ့လမ်းထွက်ပြီး ညည်းအကြမ်းဖက်ခံချင်လို့လား ဘာလားလဲ အဆူမခံရတော့ဘူး ။
တစ်ယောက်နဲ့တွဲရင်း နောင်ရေးစိတ်အေးရအောင် နောက်လေးငါးခြောက်ယောက်ကိုလဲ ရည်းစားမသိအောင် စပယ်ယာဆောင်ထားလို့ရသေး ။

ဒီလိုခေတ်မျိုးမှာ…………

ဖြစ်နိုင်ခဲ့ရင်ပေါ့…………………

ကိုယ့်အသက်ကို နှစ် ၂၀ လောက်

အနှစ် ၂၀လောက်တော့ နောက်ပြန်ဆွဲထားလိုက်ချင်သေးရဲ့ ။ ။

ယဉ်ယဉ် ( ရွှေခယ်မြေ ).