ခြင်ကျား (မအူပင်)
အမိမဲ့သား ရေနည်းငါး
အခန်း (၁)
ကုန်းခြောက် ကွင်းခြောက်ကာလ။
မိုးကာလတုန်းက တက်ရေတို့ဖြင့် ရေကြီးကွင်း၊ ရေနက်ကွင်းဟု ဆိုခဲ့ပါလျှင် မျက်မြင်မဟုတ်သူတို့က ယုံတမ်းစကားဟု ဆိုပေလိမ့်မည်။
သည်ရေနက်ကွင်းသည် ကျုံဝါးအင်းချောင်းနှင့် ကျုံတာကွင်း နယ်မြေကြားတွင် တည်ရှိ၏။ အင်းချောင်းတွေ တမံပိတ်လိုက်သည်နှင့် ကွင်းရေသည် ရုတ်ခြည်းနည်းပါးသွားပါတော့သည်။
စေးထန်းသော ရွှံ့မြေသည် သွေ့ခြောက်လာပါ၏။ ဆောင်းနေနှင့် နွေနေတို့၏ လောင်မြိုက်ခြင်းကြောင့် မာကျောလာပါ၏။
သည်ရွှံ့စေးမြေကို လူသားတို့က မီးဖြင့် အလုံပိတ် အုတ်ဖိုသွန်းကာ ဖုတ်သည်ရှိသော လွန်စွာ မာကျောသော အုတ်များ ရရှိသည် မဟုတ်ပါလော။
ဟင်းလင်းပြင်မဟုတ်ခဲ့ပါလျှင်၊ သို့မဟုတ် ကွင်းလေသာ မရှိခဲ့ပါမူ ဤမြေစေးသည် အုတ်သားများအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်၏။
ခုတော့ ဆောင်းနေနှင့် နွေနေတို့၏ ထိတွေ့လောင်ကျွမ်းမှုကို ကွင်းလေက လျော့ပါးစေသဖြင့် အုတ်သားပကတိတော့ မဖြစ်တော့ချေ။
သို့သော် မာကျောသော ပပ်ကြားတုံးများအဖြစ် ကွင်းအနှံ့ နေရာယူထားလေသည်။
ဤကား ရေနက်ကွင်း၏ သဘာဝဖြစ်စဉ်ပြောင်းလဲမှုတစ်ရပ် ဖြစ်၏။
ထိုသဘာဝဖြစ်စဉ် ပြောင်းလဲမှုကို ကြံ့ကြံ့ခံနေတတ်သူတို့သည် ကွင်းပျော်များပင် ဖြစ်ပါတော့၏။
ထိုကွင်းပျော်များတွင် မောင်ခြုံသည်လည်း အပါအဝင်ဖြစ်၏။
“ဟေး. . . မောင်ခြုံ မဟုတ်လားကွ။ မောင်ခြုံအပြင် ဘယ်သူရှိမလဲကွ၊ ဟား … ဟား”
ရေကြက်မတစ်ကောင်လို ကွင်းပူထဲလျှောက်နေသော မောင်ခြုံ အရှေ့ဆီက အသံကြောင့် ခြေလှမ်း မှာ တန့်သွား၏။
“ဘိန်းစားချင်းအတူတူ တစ်ပြောင်းပိုမရှူစမ်းပါနဲ့ သံပြာရာ။ မင်းလိုပဲ ရေနည်းငါးရှာတာပေါ့ကွ”
အသံကျက်မိသော မောင်ခြုံက သည်လိုတုံ့ပြန်လိုက်၏။
“ရေနည်းငါးရှာရတာလည်း မင်းလို တို့လို လူတွေက ကွင်းထဲမှာ ခြေရာရှုပ်နေတော့ တစ်ဟင်းစားရဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်ကွာ”
သံပြာဖိုးထွေးက ညည်းတွားသံစဉ်နှင့် ပြောအပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။
“ငါတော့ လက်လျှော့လိုက်ပြီ မောင်ခြုံရေ။ နောက်ဆုံး ရွဲငတိုးဆီက ငွေကြိုကလေး ရှေ့မျက်နှာ နောက်ထားပြီး ထုတ်ရအုံးမှာပေါ့ကွာ”
ရေနည်းငါးရှာသော သံပြာဖိုးထွေးမှာ မောင်ခြုံ့ကိုနှုတ်ဆက်ပြီး ထွက်ခွာသွားပါသည်။
ဆောင်းနှင့် နွေအကူး၏ မိုးထက်က နေသည် အရှိန်ပြင်းစွာ တောက်ပနေသကဲ့သို့ ပပ်ကြားကွဲပေါ်က တရှိန်ရှိန်တက်လာသော တံလျှပ်ကလည်း အရှိန်ပြင်းပါဘိ။
သံပြာဖိုးထွေးမည်သော ရေနက်ကွင်းပျော်တစ်ဦးကတော့ စိတ်လျှော့လျက် ထွက်ခွာသွားပေပြီ။ အထက်မီး အောက်မီး အပူကြားက မောင်ခြုံကတော့ ဇွဲကပ်၍ ရှေ့ဆက်ရပေဦးမည်။
မောင်ခြုံက သံပြာဖိုးထွေး၏ ကျောပြင်ကို စာနာစွာလှမ်းကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါတော့ သည်။
အခန်း(၂)
မောင်ခြုံ၏ဇနီး မစိန်မယ်က
“ရှင် ငါးပါမလာရင် အိမ်ရိပ်မနင်းနဲ့”
ဟု ကြိမ်းမောင်းထားသည့်အလား မောင်ခြုံကား နေပူ ကွင်းပူမှာ အားခဲ၍ ရှာဖွေနေ၏။
စိန်မယ်သည် လင်ယောက်ျား ရှာဖွေရသမျှဖြင့် ရောင့်ရဲလွယ်သူတစ်ဦး ဖြစ်၏။ ပြီးတော့ တစ်ဖက် တစ်လမ်းကလည်း နိုင်သမျှလုပ်ငန်းကို ထမ်းသူမဟုတ်ပါကလား။
ဇနီးသည်မျက်နှာကို မြင်ယောင်လာလေ မောင်ခြုံ့ဇွဲက ပိုခိုင်လေ။
နောက်တစ်ခါ သားငယ် သံချောင်း။
သည်ကလေးကလည်း မိဘကို စာနာသူဖြစ်၏။
မနေ့ကဆိုလျှင် မိဘက မခိုင်းဘဲ ကွင်းထဲက တွင်းအောင်းစားဖားကြီးတစ်ကောင် တူးလာခဲ့လေ၏။
“ဟိုကောင်လေး တစ်နေ့ခင်းလုံး ပျောက်နေတယ်၊ ဘယ်တွေသွားနေတာလဲ”
ညနေစောင်းမှ ပြန်လာသော သားကို အပူနှင့်ငေါက်လိုက်သော စိန်မယ်ခမျာ သံချောင်းလက်ထဲက အထုပ်ကို မြင်ရသောအခါ ရပ်တန့် သွား၏။
“ညက ကျုပ် အပေါ့သွားရင်း လိုဏ်အောက်က ဖားသံကို သဲ့သဲ့ကြားရတာကိုးဗျ။ ဒါကြောင့် ဒီနေ့ခင်း လိုက်ရှာပြီးတွေ့တော့ တွင်းအောင်းစားဖားကြီးနှစ်ကောင် ရလိုက်တယ်။ ဟို သိုက်ကုန်းက ကိုပေါက်ကျော်ဆီမှာ သွားရောင်းပြီး ဆန်နဲ့ ဆီရယ်၊ အမေကြိုက်တဲ့ အာပြဲခြောက်ပါ ဝယ်လာတယ်”
မနေ့က သံချောင်း၏ အပြုအမူက ရေနည်းငါးရှာသော မောင်ခြုံကို ပို၍ပို၍ ဇွဲနှင့် ခွန်အားများ တိုးပွားစေပါတော့သည်။
မကြာမီ မောင်ခြုံသည် ရင့်ရော်နေသော ကွင်းထဲရှိ ဝက်လာအုပ်အနီးသို့ ရောက်လာသည်။ ဝက်လာအုပ်အချို့ ဝန်းဝိုက်ပေါက်ရောက်နေသောကြောင့် ရေကျန် အိုင်တစ်အိုင်ကို တွေ့ရသည်။
ရှားရှားပါးပါး စစ်စစ်ပေါက်ပေါက် ရေစစ်အိုင်ဖြစ်သည်။ ရေမှော်များ ရေပြင်တွင် နေရာယူနေပါသည်။
ရေကား ပကတိ ငြိမ်သက်လျက်။
နေအပူကလည်း ရေကျန်အိုင်ပေါ် ဖြန့်ကြက်သိုင်းခြုံထားသည်။ ဝက်လာရွက်တို့က အုပ်မိုးထားသဖြင့် နေရောင်က ကျဲကျဲမျှသာ ဝင်ရောက်လေ၏။
ဒါကြောင့်လည်း ကွင်းခြောက် ကုန်းခြောက်တွင် ရေကျန်အိုင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
ရေမျက်နှာပြင်တစ်ခုလုံး စိမ်းညို့သော ရေမှော်တို့ ဖုံးလွှမ်းနေသလို ရေပြင်တစ်ခုလုံးမှာ ပကတိ ငြိမ်သက်နေပါ၏။
မောင်ခြုံမှာ သည်မြင်ကွင်းကို သုံးသပ်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတော့သည်။
သံပြာဖိုးထွေးတစ်ယောက် သည်ရေကျန်ကို ဆုံခဲ့ပါလျက် ရေလိုက်လွဲသွားခဲ့ပါသည်။
သည်ရေကျန်အိုင်က တစ်ယောက်တည်းပက်လျှင် ရမည်မဟုတ်။ ဇနီးဖြစ်သူ စိန်မယ်နှင့် သား သံချောင်းကိုပါခေါ်၍ ပက်ရမည် ဖြစ်သည်။
သို့သော် မောင်ခြုံလို ကွင်းပူ နေပူထဲမှာ ရေကျန်ငါးရှာသူတွေကလည်း အနမတဂ္ဂ။
အကူပြန်ခေါ်ခိုက်မှာ မောင်ခြုံလို အကြံရှိသူက လက်ဦးမှု ယူသွားပေလိမ့်မည်။
သည်အခါ တစ်ဦးတည်းနှင့် သည်ရေစစ်အိုင်ငယ်ကိုပက်ဖို့ရာ မောင်ခြုံ ဆုံးဖြတ်လိုက်ပါတော့သည်။
အခန်း(၃)
“သံချောင်းရေ … ကွင်းထဲ လိုက်အုံးမလား”
တဲရှေ့က “ဆစ်တို” ၏ ခေါ်သံကြောင့် ထမင်းငုံ့လွေးနေကြသော စိန်မယ်နှင့် သံချောင်း ခေါင်းထောင်ပြီး တဲပြင်ကို လှမ်းကြည့်လိုက်သည်။
“ဟဲ့ . . . ဆစ်တို၊ လာအုံးဟဲ့”
မစိန်မယ်၏ ခေါ်သံကြောင့် ဆစ်တိုမည်သော သံချောင်းနှင့် သက်တူရွယ်တူ ကောင်ကလေးသည် တဲရှေ့ကို ရောက်လာသည်။
“ဟဲ့. . . ဆစ်တို အပေါ်တက်ခဲ့။ ရော့. . . ဒီမှာ ထမင်းဇလုံ။ လာ စားစမ်း”
မစိန်မယ်က ထမင်းပေါ် ငါးစင်ရိုင်း ငါးပိချက်နှင့် ပေါက်ပန်းဖြူရွက်ပြုတ် ပုံထားသော ကြွေရည် သုတ်ဇလုံကို ဆစ်တိုအား ကမ်းပေးသည်။
ဆစ်တို ခမျာမှာလည်း ဟန်မဆောင်နိုင်ပါ။
တဲပေါ် ဝမ်းလျားထိုးတက်လျက် ဇလုံကို လှမ်းယူပြီး အားရပါးရ စားပါတော့သည်။
မစိန်မယ်ရော သံချောင်းပါ ဆစ်တိုကို ကရုဏာမျက်လုံးနှင့် ကြည့်ပြီး သက်ပြင်းပြိုင်တူချလိုက်ကြပါသည်။
ဆစ်တိုသည် လွန်ခဲ့သော နှစ်နှစ်ခန့်က သံချောင်းနှင့် ကျုံတာဝရှိ မူလတန်းကျောင်းကလေးတွင် အတူတက်ခဲ့သည်။ ဆစ်တိုအမေ မကြည်သန်းသည် လွန်ခဲ့ သည့် နှစ်နှစ်ခန့်က ပိုးထိပြီး ကွယ်လွန်သွားခဲ့သည်။
ဇနီးဖြစ်သူ ကွယ်လွန်သွားသောအခါ ခင်ပွန်းဖြစ်သူ ကိုချောမောင်မှာ ဇနီးဖြစ်သူစိတ်ဖြင့် စိတ်လေနေခဲ့သည်။ အရက်ကို ဖိသောက်ခဲ့သည်။
ဆစ်တိုလည်း ကျောင်းဆက်မတက်နိုင်တော့ချေ။
ဆစ်တိုခမျာ စိတ်လေနေသော ဖခင်ကြောင့် ထမင်းပင် နပ်မှန်အောင် မစားသောက်ရပါတော့ချေ။
မစိန်မယ်တို့ မိသားစုကဲ့သို့ စာနာသူများနှင့်တွေ့လျှင် ဆစ်တို အဆင်ပြေခဲ့ပါသည်။
“ထမင်းစားပြီးရင် ကွင်းထဲ လှည့်ကြရအောင်လား သံချောင်းရာ”
ဆစ်တိုက ထမင်းစားရင်းပင်လျှင် သူစိတ်ပါနေသော ကွင်းထဲ လှည့်ရေးကိုသာ သံချောင်းကို ဆွယ်နေသည်။
သည်အရေးကို မစိန်မယ် မကန့်ကွက်။ ဆစ်တိုခမျာမှာလည်း သူ့ဝမ်း သူကျောင်းနေရရှာသည်။ ရေနည်းငါးရှာ၍ ဝမ်းရေးကို ဖြေရှင်းနေသည့်အပြင် ဖခင်အတွက်ပါ စဉ်းစားရရှာသည်။
“မြန်မြန်သွား … မြန်မြန်လာကြ။ နေအရမ်းပူနေတယ်။ ဦးထုပ်ဆောင်းသွား၊ ဖိနပ်စီးသွားကြဟဲ့”
မစိန်မယ်ဆီက ခွင့်ပြုချက်ရရှိသွားသော ကလေးနှစ်ဦးသည် ဝမ်းသာအားရ ကွင်းပူ နေပူထဲကို ကဆုန်ပေါက်၍ ထွက်ခွာသွားကြလေပြီ။
အခန်း(၄)
ဆောင်းမှ နွေအကူးကာလဖြစ်ရာ အဖြူရောင်တိမ်တို့သည်ပင်လျှင် ကောင်းကင်၌ တစ်ဆုပ်တစ်ခဲမျှ မမြင်ရ။ အပြာရောင်ကောင်းကင်ကို ဖြတ်ကျော်၍ မြေပြင်ကို ကျရောက်လာသော နေ၏အပူရှိန်သည် လင်းလက်စူးရှလွန်းလှပါပေ၏။
ပြီးတော့ ကွင်းလေ။
ကွင်းလေသည် ကွင်းပူ၊ နေပူကို ဖြတ်သန်းလာရသောကြောင့် လေနုအေးအဖြစ်မှ လေပူလေကြမ်း ဖြစ်လာ၏။
သည်နောက် မာကျောလှသော ကွင်းမြေ ပပ်ကြားကွဲမှာလည်း မီးကျီးခဲလို ပူလောင်လျက်ရှိ၏။
ကွင်းပျော်ကလေးငယ်နှစ်ဦးဖြစ်သည့် သံချောင်းနှင့် ဆစ်တိုတို့နှစ်ဦးကတော့ ကွင်းထဲကို တကောက်ကောက်လျှောက်၍ ထီမထင် သွားနေကြလေ၏။
“ခုထိ… ရေကျန်ကလေး တစ်ဆန်ကောဝိုင်းတောင်မတွေ့ပါကလား. . . ဆစ်တိုရ”
“မင်းအတွက် မတွေ့တာ ကိစ္စမရှိပါဘူးကွာ၊ ငါ့အဖို့ မတွေ့လို့ မဖြစ်ဘူးကွ။ တွေ့အောင်ရှာရမှာ”
သံချောင်းက လက်လျှော့သံဖြင့် ညည်းတွားသော်လည်း ဆစ်တိုက ဇွဲမာန်ချီပြီး ပြန်ပြော၏။
“မင်းအဖေ ခုထက်ထိ လေနေတုန်းပဲလား”
“အဖေက ရတာမှန်သမျှ သောက်စားပစ်တာကွ။ အမေ့ကို သတိရလို့လား၊ အရက်ကို ကြိုက်လို့လား မသိတော့ပါဘူး သံချောင်းရာ။ ဒါတွေဟာ အမေရှိရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးနော်” တဲ့။
ဆစ်တိုက အမိမဲ့သား ဖြစ်နေရှာပြီကိုး။
သံချောင်းနှင့် ဆစ်တိုတို့နှစ်ဦးသည် ကွင်းပျော်ကလေးများ ဖြစ်ရကား မီးကျီးခဲလိုပူသော ပပ်ကြားကွဲနှင့် နေအပူကို ဂရုမထား။ ရေနည်းငါး ရဖို့အတွက် သဲမဲသောဇွဲက ပူလို့ပူမှန်း မသိ။
ပပ်ကြားကွဲကြားက တရှိန်ရှိန် ထွက်နေသော တံလျှပ်သည် မဟာအဝီစိငရဲဘုံက ငရဲမီး၏ အငွေ့ပမာ။
“ဟော… ဟိုမှာ ကုန်းပုစွန်ကွ။ လား… လား”
“ဟာ… မင်းမျက်စိက တယ်စူးရှသကိုး ဆစ်တိုရဲ့”
မှန်ပါသည်။
သံချောင်းနှင့် ဆစ်တိုတို့လိုပင် အပူဒဏ်ကို မမှုဘဲ ပပ်ကြားကွဲတွင် ကုန်းကုန်းကွကွ လမ်းလျှောက်နေသူကို တွေ့ရပါ၏။
သူတို့ကတော့ ရေချိုပုစွန်တုပ်တွေပင်တည်း။
ရေချိုပုစွန်တို့ သဘာဝက သူတို့နေထိုင်သော ရေကျန်အိုင်တွင် ရေနည်းလာပါက ရေများသောနေရာကို ရှာဖွေဖို့ ကုန်းတွင် တွားသွားတတ်သည် မဟုတ်ပါကလား။
များများစားစားတော့ မရရှိလိုက်။
စုစုပေါင်း ရေချိုပုစွန်တုပ် ငါးကောင်လောက်သာ။
ဒါပေမဲ့ ကျပ်လုံးသာသာခန့် ပုစွန်တုပ်ကြီးများဖြစ်သဖြင့် ဈေးကောင်းကောင်းရမည် ဖြစ်ပါသည်။
“ရော့. . . မင်းက သုံးကောင်ယူ၊ မင်းမှာက ရှာမယ့် ဖွေမယ့်သူ ရှိတာမဟုတ်ဘူး”
သံချောင်းက ခွဲတမ်းချသည်။ သံချောင်း ရင်ထဲမှာ မိမိက မိစုံဖစုံရှိပြီး ဆစ်တိုခမျာ အမိမဲ့သား ဖြစ်သည်ဟူသော အသိက ကြင်နာမှုနှင့် စာနာမှုစိတ်ကို တွန်းပို့လိုက်ခြင်း ဖြစ်သည်။
အခန်း(၅)
သံချောင်းနှင့် ဆစ်တိုတို့နှစ်ဦး တဲကိုရောက်တော့ နေဝင်ရိုးရီ ဖြစ်နေပြီ။
သံချောင်းဖခင် ကိုမောင်ခြုံပင်လျှင် တဲကိုရောက်နေနှင့်ပြီ။ မောင်ခြုံနှင့် မစိန်မယ်တို့ နှစ်ဦးကတော့ အတန်ပင် အလုပ်များနေကြောင်း သံချောင်း အကဲခတ်မိသည်။
တန်တော့ အဖေ ရေနည်းငါး တိုးပုံရသည်ဟု သံချောင်း သိလိုက်ပါသည်။
“ဟဲ့… ဆစ်တိုနဲ့ သံချောင်းပါကလား။ ဒီနှစ်ကောင် ဘယ်က ပြန်လာတာလဲကွ”
“ဆစ်တိုက သားကို အဖော်လာခေါ်လို့ ကွင်းထဲသွားတာဗျ။ ဒီမှာ ပုစွန်တုပ်ငါးကောင်ရလို့ ဆစ်တိုကို သုံးကောင်ပေးပြီး သားက နှစ်ကောင် ခွဲတမ်းယူလာခဲ့တယ်”
မောင်ခြုံ၏ အမေးကို သံချောင်းက ဖြေပြီး ဆစ်တိုကိုပါခေါ်၍ တဲပေါ်တက်ကြသည်။
“သံချောင်း သားလေး၊ ဆစ်တိုကို ထန်းလျက်ကျွေးလိုက်ပါကွဲ့”
မစိန်မယ်က သံချောင်းဆီကို ကော်ဘူးနှင့်ထည့်ထားသော ထန်းလျက်ကို ကမ်းပေးသည်။
“ဟဲ့. . . ဆစ်တို၊ မင်းအဖေကတော့ အခုထက်ထိကို အရက်ပုလင်းထဲ ခေါင်းစိုက်တုန်းပဲလားဟ”
“အဖေကတော့ မပြတ် မူးနေတာပါပဲ ဦးမောင်ခြုံရာ”
မောင်ခြုံ၏ အမေးကို ဆစ်တိုက ဖြေပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
“သား. . . သံချောင်း”
“ဗျာ”
“မင်းတို့ရလာတဲ့ ပုစွန်ငါးကောင်စလုံး မင်းညီလေးဆစ်တိုကိုပဲ ပေးလိုက်ပါလား ကောင်လေးရာ။ အဖေ ဒီနေ့ ရေကျန်အိုင်တစ်ခု ပက်လိုက်တာ မင်းလက်ကောက်ဝတ်လောက် ပုစွန်တုပ် ဆယ့်လေးငါးကောင်နဲ့ ငါးတွေ ရလိုက်တယ်”
ဆစ်တိုသည် အမိမဲ့သား ဖြစ်သဖြင့် မောင်ခြုံက စာနာစွာဖြင့် ပြောလာ၏။
ဒါကိုလည်း ဇနီးသည် မစိန်မယ်ရော သံချောင်းကပါ ကန့်ကွက်မှုကင်းစွာ ကြည်ဖြူခဲ့ကြပါ၏။
မြန်မာစကားပုံတစ်ခုရှိပါသည်။
အမိမဲ့သား ရေနည်းငါး ဆိုပေသည်။
ရေနည်းသော အိုင်အတွင်းက ငါး၏ ခံစားရသော ဒုက္ခနှင့် မိခင်ဆုံးပါးသွားသော သား၏ ဘဝကို ထပ်တူပြုထားခြင်း ဖြစ်သည်။
ရေနည်းငါးကို ကြိုးစားရှာဖွေ ဖမ်းဆီး၍ တစ်ဝမ်းတစ်ခါးအတွက် ဝမ်းကျောင်းရရှာသော ကွင်းပျော်တို့အား လူဆိုးလူကြမ်းကြီးများဟု ယိုးစွပ်၍လည်းလျော်မည်မဟုတ်ပေ။
ဆစ်တိုကဲ့သို့ အမိမဲ့သားကို စာနာတတ်သော သူတို့၏နှလုံးသားသည် လွန်စွာနူးညံ့လှကြောင်း ဖော် ညွှန်းနေသည် မဟုတ်ပါကလား။ ။
ငွေတာရီမဂ္ဂဇင်း၊ ဩဂုတ်လ-၂၀၁၆
– ပြီး –
စာရေးသူ – ခြင်ကျား(မအူပင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized