September 15, 2025
Uncategorized

အမေနှင့် ဆေးမျာ

အမေနှင့် ဆေးများ – ခင်ခင်ထူး

( ၁ )

မနှစ်က မန္တလေးမှာ မိုးတွေဆက်တိုက်ရွာနေတော့ သမီးကိုလည်း ကျောင်းမလွှတ်နိုင်။ ကျွန်မတို့လည်း အပြင်မထွက်နိုင်။ မိုးတွေက ကောင်းလွန်းလိုက်တာ။ ခါတိုင်းနှစ်တွေ ကျွန်မတို့အိမ်ရှေ့လမ်းပေါ်အထိ ရေရောက်တာမျိုး မရှိခဲ့ဖူးပါ။ ကျွန်မတို့လမ်း၏ အောက်ပိုင်းကျသည့် ရပ်ကွက်တွေ ၊ လမ်းတွေမှာသာ ရေကြီးရေလျှံရှိခဲ့သည်။ မနှစ်ကတော့ ကျွန်မတို့အိမ်ရှေ့ လမ်းပေါ်မှာပင် မိုးရေတွေ အပြည့်။ မိုးတွေရွာလိုက်ပုံများ ကောင်းကင်တစ်ပြင်လုံး မည်းမှောင်နေသည်။ ကျွန်မစိတ်ထဲ နှစ်ရက် သုံးရက်နဲ့မှ တိတ်ပါ့မလား အောက်မေ့မိသည်။ တစ်ဆက်တည်းမှာပင် အမေကော သည်မိုးသည်လေနှင့် ဘယ်လိုနေရှာမှာပါလိမ့် ဆိုသည့်အတွေးကြောင့် ရင်ထဲမကောင်းဖြစ်မိပါ၏။ အမေ အသက်ကြီှးရှာပါပြီ။ ရှစ်ဆယ်ကျော်လို့ ကိုးဆယ်တွင်းကို ဝင်လေပြီ။ အမေသီလကောင်းလို့ အသက်ရှည် အနာမဲ့တာကိုပဲ ဝမ်းသာမိသည်။ အမေက ကျွန်မတို့မိသားစုမြင်းခြံက ပြောင်းလာကတည်းက တစ်အုပ်တစ်မြုံ တစ်လုံးတစ်ခဲနေထိုင်ခဲ့သော မန္တလေးဂေါဝိန်တောင်ဘက် ချော်ဆိပ်ရပ်ကွက်မှာပဲ နေသည်။ ကျွန်မ ကိုယ့်အိုးကိုယ့်အိမ်နှင့်ဖြစ်လာတော့ အမ့ကို ကျွန်မတို့နှင့် မြို့သစ်အိမ်မှာလာနေဖို့ဂအကြိမ်ကြမ်ခေါ်ပါသည်။ အမေက တစ်ရက်တစ်ညပင် လိုက်မနေပါ။ တစ်ခါတစ်ရံမှ ကားနှင့်သွားခေါ် ၊ အိမ်မှာ ကျွေးမွေးပြီး ကန်တော့စရာရှိတာ ကန်တော့ရသည်။ နေညိုတော့ အမေအိမ်ပြန်ချင်တယ်ဖြစ်လာသည်။

” နေပါဦးတော့ အမေရယ် … တစ်ညတစ်လေ သည်မှာပဲအိပ်လိုက်ပါ … မနက်စောစောပြန်ပို့ပါ့မယ် “

” မဖြစ်ပါဘူးအေ … ကြည်စိုးနဲ့ပစ်ထားလို့ မရပါဘူး … အမေရှိမှဖြစ်မှာပါ “

အကြောင်းတွေအမျိုးမျိုးပြကာ ငြင်းဆန်လေ့ရှိတာကို ကျွန်မသိထားသော်လည်း တစ်ရက်တစ်ည စိတ်ပြေလက်ပျောက် နေများနေလေမလားရယ်လို့ တားရခြင်းပါ။ ကြည်စိုးနဲ့ ပစ်ထားလို့ မရပါဘူးဆိုတာလည်း ယုတ္တိမတန်ပါ။ ကြည်စိုးက ကျွန်မအောက် တစ်ယောက်ကျော်က နို့ညှာကောင်ဖြစ်သည်။ ကျွနိမတို့မောင်နှမတွေထဲမှာ တစ်ယောက်တည်းကျန်သော လူပျိုလူလွတ်ဖြစ်၍ အမေနှင့်အတူတူ ချော်ဆိပ်မှာနေသူ ဖြစ်သည်။ သည်အမေနှင့် သည်သား အတူတူနေကြတာဆိုတော့ အမေ့နားမှာ စောင့်ရှောက်မည့်သူရှိတာပဲလေဆိုသည့် စိတ်ဖြင့် ကျွန်မတို့ နေသာသလိုနေခဲ့တာလည်း အမှန်ပါ။ ကျွန်မအပါအဝင် ကျန်မောင်နှမတွေက ကိုယ့်အိမ်ထောင်နှင့်ကိုယ် အိမ်ခွဲနေကြသူတွေဆိုတော့ အမေနှင့် အနီးကပ်တော့ မရှိနိုင်။ အတူနေသားလူပျိုကတော့ အချိန်တန် အမေ့ရင်ခွင် ခေါင်းခွေ့နေဆဲ မဟုတ်လား။

အမေပြောနေကျ အမေရှိမှဖြစ်မှာပါဆိုသည့်စကားကို ကျွန်မနားလည်နိုင်ပါသည်။ သည်အရွယ်အထိ အမေကိုယ်တိုင် ဘယ်သားသမီးအိမ်ကိုမှ တစ်ပတ်ရယ် ၊ တစ်လရယ်လို့ ရေကြည်တစ်ပေါက် ခရီးတစ်ထောက်နေခဲ့တာမျိုး မရှိ။ အမေ့ကိုတွေ့ချင်လျှင် အမေ့အိမ်ကိုသွားရုံပင်။ သားသမီးတွေ တရုန်းရုန်း ၊ မြေးတွေတအုံးအုံး ၊ ထမင်းအိုးနှိုက်ကြ ၊ ဟင်းအိုးနှိုက်ကြတာကို အမေပျော်သညိ။ အမေ့အလိုတော့ အနီးကသားသမီးတွေကိုလည်း ပူသည်။ အဝေးက သားသမီးတွေကိုလည်း ပူသည်။ ကျွန်မတို့မိသားစု ခရီးတွေများလို့ ရုတ်တရက် မရောက်နိုင်လို့ ဆိုပြန်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်သည်။ ဖုန်းဆက်သည်ဆိုလို့ အမေ့မှာ ဖုန်းမရှိပါ။ အိမ်ရှေ့မှာထိုင်ရင်း ဖုန်းခါးချိတ်ထားသူ ၊ ဖုန်းကိုင်ထားသူမြင်တာနှင့် ငါ့တူလာဦး ၊ ငါ့မြေးလာဦးလှမ်းခေါ်ကာ အမေ့အိမ်ခါးပန်းမှာ မြေဖြူနှင့်ရေးထားသည့် ကျွန်မတို့ ဖုန်းနံပါတ်ကို နှိပ်ခိုင်းတော့သည်။ အမေအိုက ခိုင်းတော့လည်းဂကူညီကြသူတွေချည်းပင်။ သည်ရပ်ကွက်ကလေးထဲမှာ အမေ့မျက်စေ့အောက်မှာပဲ အရွယ်ရောက်ကြသူတွေဆိုတော့ ဘယ်သူကမှ မငြင်းသာတာလည်း ပါပါ၏။

” မထူးလား … မြေးလေးကော … ဖွေး ကျောင်းသွားသလား “

ကျွန်မလက်ကိုင်ဖုန်းကို ခေါ်လေတိုင်း အမေမေးနေကျ ကနဦးမေးခွန်းဖြစ်ပါ၏။ ကျွန်မသမီး ဖွေးက သူ့မြေးတွေထဲမှာ အထွေးဆုံးဆိုတော့ သည်မြေးမကလေးကို အရင်မေးပြီးမှ အမေပြောချင်သည့်စကား ပြောနေကျ။ တစ်ခါတစ်ရံ ကျွန်မအိမ်သားက အမေ့အသံမှန်းသိသိနှင့် စတတ်သည်။

” ကြီးတော် … ဘယ်ကိုဆက်တာလဲ … ဖုန်းမှားနေပါတယ် “

” အလိုတော် ၊ မင်းနှယ် … ခါးပန်းကနံပါတ်ပါဆိုသာ မဟုတ်တဲ့နေရာရောက်နေပါကောဟဲ့ … ဖုန်းမှားနေသတဲ့ … မင်း ဘယ်နံပါတ်များ နှိပ်လိုက်ပါလိမ့် “

ဖုန်းဆက်ပေးရသူခမျာ ကိုယ့်ဖုန်းနှင့်ကိုယ် အငေါက်ခံရတာများပြီ။ အမေ့ငေါက်သံကို ဖုန်းထဲကပဲ ကြားနေရတာဆိုတော့ ကျွန်မအိမ်သားက ဖုန်းရှင်ကိုတောင်းပန်ကာ အမေ့ပြန်ပေးပါဦး လုပ်ရသည်။

” အမေ … ကျွန်တော်ပါ … မထူး ရှိတယ် … မဖွေး ကျောင်းသွားတယ် … နေပါဦး အမေ့သမီးကို ခေါ်လိုက်ဦးမယ် “

ကျွန်မအိမ်သားထိုးပေးသော ‘ အမေ ‘ လို့ ကျွန်မအားရပါးလက်ကိုင်ဖုန်းကကျွန်မဆီရောက်လာတော့ရခေါ်နေကျ။ ကျွန်မအသံ ကြားနေရသည့်ကြားက ‘ မထူးလား ‘ လို့ မေးနေသေးသည်။ ခေတ်ကာလ လက်ကိုင်ဖုန်းတွေထဲက အသံကို မကျက်မိတာလည်းဂဖြစ်နိုင်ပါ၏။ ကျွန်မထူးနေမှန်းသိလို့ စိတ်ချရပြီဆိုတော့မှ သူပြောချင်တာ ပြောရှာပါသည်။

” အမေနေကောင်းရဲ့လား”

” ကောင်းပါ့ … မနေ့က ရေတိုင်အတက်မှာ သစ်မြစ်ခလုတ်တိုက်ပြီး လဲသေးသယ်တော့ … လက်ထောက်လိုက်တော့ လက်နာသွားသယ် … ညယဘက်လက်က ယောင်နေသယ် … ရှောက်ပေါင်းဆေး လိမ်းထားသယ် “

” အရိုးများထိသွားသေးလားအမေရယ် … လက်က ဘယ်လိုနေတုံး “

” နည်းနည်းနာသာပါ … ကောင်းသွားမှာပါအေ … ငါ့ မြွေကိုက်သာတောင် မသေဘဲနဲ့ “

အမေက ကျွန်မတို့ စိုးရိမ်မှန်းသိလို့ ပေါ့ပေါ့ပါးပ့း ပြောနေမှန်း ကျွန်မ သိပါသည်။ အမေက ဖြစ်ကာမှသာဖြစ်ကရော ဆရာဝန်ရယ် ၊ ဆေးခန်းရယ်လို့ ပြမည့်ပုံ သွားမည့်ပုံမပေါ်။ အိမ်နားမှာ ဆရာဝန်ရှိပေသိ ရောဂါရယ် အနာရယ်လို့ ဘယ်တုန်း ဘယ်အခါကမှ သူ့စိတ်နှင့်သူ ပြသည်မရှိ။ ကုသည်မရှိ။ ဆတာသူတောင်သားပီပီ လက်တစ်ကမ်းက ဆေးမြီးတိုကိုသာ အားကိုးသူဖြစ်သည်။ ကျွန်မတို့က အမေ့အိမ်အနားက ဆရာဝန်ကို ကြိုတင် အပ်နှံထားရသည်။ အမေဆေးခန်းလာပြရင် ဆေးကုပေးနှင့်ပါ ၊ ကျွန်မတို့လာရင် ဆေးဝါးကုသခ ရှင်းပါ့မယ်လို့ တောင်းပန်ထားရသည်။ ဆရာဝန်ကလည်း သဘောကောင်းပါသည်။ ကုသပေးပါမည်လို့ ပြောရှာပါ၏။ ပြောသာ ပြောရတာပါ ၊ အပ်သာ အပ်ရတာပါ။ ဆရာဝန်နှင့်အမေ ဘယ်တုန်းကမှ တွေ့ကြသည်မရှိ။ သမားလက်ရောက် ကုသသည်မရှိ။ ‘ ဆရာမတို့အမေက ပြောလို့ဆိုလို့မကောင်းဘူး … ဆရာမရဲ့ … လောကမှာ ဆရာဝန် မလိုသလောက်ပြောနေတာ … ကျုပ်တို့တောမှာတော့ သည်လိုဖြစ်ရင် ဒါနဲ့ပျောက်တာပဲလို့ ပြောနေသေးတာ ‘ ဆိုလို့ ဆရာဝနိကို တောင်းပန်ရသည်။ ဆရာဝန်ကလည်း စာဖတ်ဝါသနာပါသူဆိုတော့ ကျွန်မတို့မိဘရယ်လို့ ဂရုစိုက်ရှာပါသည်။ ဆရာဝတ်လေးဌားဖွင့်သည့် ဆေးခန်းက အမ့အိမ်နှင့် ကပ်လျက်ဆိုတော့ အမေ့ဓာတ်သိနေပါပြီ။ အမေ့ကို ခင်မင်နေပါပြီ။ တစ်ခါတစ်လေ အမေ့ပြောစကားတွေအရ ဆရာဝန်ကို ဆရာလုပ်ချင်နေမှန်း သိသာလှသည်။

အမေပြောလိုက်သည် ‘ ငါ့မြွေကိုက်တာတောင် မသေဘဲနဲ့ ‘ ဆိုတာလည်း တကယ်ပါ။ တစ်ခါတော့ ဧရာထွန်းမှာနေသည့် ကျွန်မအစ်ကိုက ဖုန်းဆက်သည်။ ခြံထောင့်မှာ အမှိုက်ရှင်းရင်း အမေ့လက်ခုံကို မြွေကိုက်သွားလို့တဲ့။ ကျွန်မတို့လည်း ကားဌားပြီး ချက်ချင်း ထပြေးရတော့သည်။ ဘုရား ၊ ဘုရား မြွေဆိုးမဟုတ်ပါစေနဲ့ ၊ အဆိပ်မရှိတဲ့မြွေ ဖြစ်ပါသေလို့ ဆုတောင်းရင်း ကားပေါ်မှာ ပရိတ်တော်တွေ ရွတ်ခဲ့ရသေးသည်။ အိမ်ရောက်တော့ အမေက လက်ခုံကိုဂပုဆိုးစုတိစည်းထားနှင့်ပြီ။ လက်က ယောင်ကိုင်းလို့။ ကျွန်မတို့က ဆေးရုံကို ချက်ချင်းသွားပြဖို့စီစဉ်ရပြီ။ မရပါ။ သားတွေကလည်း စိုးရိမ်တော့ ဆေးရုံပို့ဖို့ဂအာရုံရှိကြသည်။ အမေက ဆေးရုံကို မလိုက်ရေးချ မလိုက်ဆိုကာ တောင့်ခံထားသည်။ ကိုယ်လုံးဖျောက်ဖျောက် ၊ ပိန်သေးသေး အမေ့ကို သားတွေက ကားပေါ်မတင်နိုင်ကြ။

” မြွေဆိုးမဟုတ်ပေါင်အေ … ရိုးရိုးမြွေနေမှာပါ … လန့်ကိုက်လိုက်သာပါ … မြွေဆိုးဆိုရင် ငါ့ခက်ကရောပေါ့ “

“ မဟုတ်တာပဲအမေရယ် … မြွေဆိုတာ ဆိုးဆိုးကောင်းကောင်း ဆေးရုံပြရမှာပေါ့ … ဆေးတွေဘာတွေထိုး ရမှာပေါ့ … အခုတောင် လက်ကြီးယောင်လာပြီ …… ကဲ ကဲ ၊ လုပ် လုပ် … အမေ့နှယ် ၊ မဟုတ်တာကို ပေရွတ်ရွတ်လုပ်မနေနဲ့ “

” မလိုက်ပေါင်တော် … ကိုက်တဲ့မြွေကို အမေမေတ္တာပို့ပြီးပြီ … ဘယ့်နှယ့်တော် မြွေက မြွေနေရာမှာမနေဘဲနဲ့ … အမှိုက်ပုံခေါင်းထိုးနေရသယ်လို့ … မြွေကို မေတ္တာလည်းပို့ ငေါက်လည်း ငေါက်ရသေးသယ် “

ကျွန်မတို့မှာ အမေ့စကားကြောင့် ရယ်ရမလိုလို ၊ ငိုရမလိုလို။ အမေ့လက်ကို ပုဆိုးသုတ်ဖြည်ကြည့်တော့ အစွယ်ရာ ကလေးနှစ်ပေါက်။ ကျွန်မတို့မောင်နှမတွေက ကားပေါ်ဇွတ်ပွေ့တင်ဖို့ ကြိုးစားတော့လည်း အရိုးထဲကထွက်လာသည့် အားတွေထင်ပါရဲ့၊ ဇွတ်အတင်း တောင့်ထားပြန်လေသည်။ ကျွန်မတို့ မောင်နှမတစ်တွေအပြင် ရပ်ကွက်ကလူကြီးလူငယ်တွေပါ ဝိုင်းနေကြပြီ။ အမေက ဝိုင်းကြည့်နေကြသူတွေကိုပင် ငေါက်ထုတ်နေသေးသည်။

” ကိုင်းပါအေ … ညည်းတို့လုပ်နေသာနဲ့ မျောက်ပွဲဖြစ်နေပြီ … ကိုင်း ကိုင်း ကိုလူနာမေးတို့၊ ကိုမိုးတိုးမတ်တပ်တို့ ကိုယ့်အိမ်ကိုယ်ပြန်ကြပါ တစ်ဆိတ် … အိမ်ကမယားတွေ၊ လင်တွေ မျှော်ကြရော့မယ် “

ဘေးလူတွေပါ ရန်လုပ်ပြီးနှင်နေလို့ ကျွန်မတို့မှာ အားနာရသေးသည်။ မြွေက ရေမြွေလို မြွေကောင်းထင်ပါရဲ့။ လက်ယောင်တာကလွဲလို့ အမေဘာမှမဖြစ်တော့မှ စိတ်အေးရပါ၏။ ထိုနေ့က အမေ့ကို ကျွန်မတို့ တစ်နေကုန် စောင့်ကြည့်ကြရသည်။ အမေက အရယ်မပျက် အပြုံးမပျက်။ အမေ့ခမျာ မြွေတစ်ကောင်ကိုက်ထားတာတောင် ဘာမှမဖြစ်သလို အမူအယာတွေ လုပ်နေမှန်း ကျွန်မသိနေလို့ စိတ်မကောင်းဖြစ်ရသည်။ အမေက အမှတ်မထင် စကားတစ်ခွန်း ပြောလိုက်သေးသည်။

” ညည်းတို့က စိုးရိမ်လို့ပါအေ … အမေဖြင့် ကိုယ့်ဟာကိုယ်သိသယ် … မြွေဆိုးဆိုဦးတော့ အမေ့ကို အဆိပ်မတိုးနိုင်ဘူးရယ် “

သည်စကားကတော့အမှန်ပင်။ အမေ့မှာ ဘဝကို နောက်ထပ်တစ်လျား ဆွဲဆန့်ထားနိုင်လောက်သည့် ခွန်အားပုန်းတွေ ရှိနေသလိုပင်။ သားသမီးတွေကိုလည်း စိတ်ချလက်ချမရှိ။ မြေးတွေကိုလည်း စိတ်ချလက်ချမရှိ။ သည်သား မြေးတစ်မြုံလုံးမှာ သူရှိမှဖြစ်မှာပါလို့ အမေခံယူထားခြင်းသည်ပင် အမေ့အဖို့ရာ တစ်ပိုင်းက အသက်ရှညါဆေးဖြစ်နေတာ မဟုတ်လား။

အမေ မြို့ရောက်တာ နှစ်ပေါင်းလေးဆယ်လောက် ရှိပြီ။ သို့ပေသိ အနှစ်လေးဆယ်လုံးလုံး ဆရာဝန်နှင့် ဆေးကုဖို့ ဝန်လေးနေတတ်ပါ၏။ သူငယ်ငယ်က ရွာမှာနေခဲ့သည့် ဘဝနေနည်းကိုသာ စွဲလန်းနေတတ်ပါသည်။ ဘယ်လိုပြောပြော သူ့အစွဲနှင့်သူဆိုတော့ ကျွန်မတို့လည်း မပြောသာတာများပြီ။

” တို့ရွာတွေမတော့ ဆရာဝန်ဆိုသာ ဘယ်နားသွားရှာလို့ရမှာတုံး … ဆရာဝန်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ရမယ်ဆိုရင် ဆရာဝန်မရှိလို့ ကျိုလိုက်ရမှာမဟုတ်ဘူး … ခေါင်းခဲတော့ မန်ကျည်းမှည့်နဲ့ ဆားနဲ့တေပြီး ရှုလိုက်သာပဲ … ချောင်းဆိုးတော့ လက်သမားအိမ်က လွှစာမှုန့်ကို ဟင်းခါးချက်သောက်ကြသာပဲ … အနာပေါက်တော့ ထန်းလျက်စား … ခွေးကိုက်တော့ အုန်းသီးစား … နှာစေးတော့ ရေနံရှု … တစ်ကိုယ်လုံးကိုက်ခဲနေရင် မြေနီစေးစေးကို ရေနဲ့ဖျော်လိမ်းကြသာပဲ … ကျောက်ဝမ်းကိုက်တော့ ခြေဖဝါးမီးကင်လိုက်သာနဲ့ ပျောက်သယ် … သားသယ်မအေများ နို့မထွက်တော့ အမဲသားနဲ့ ချဉ်ပေါင်ရွက်ဟင်းခါးချက်သောက်သာ အကောင်းဆုံးပေါ့ … မီးမဖွားနိုင်တော့ ပုစွန်လက်မ သွေးသောက်သာနဲ့ မွေးကရော … အင်ပြင်ထရင် ချက်ထဲဆားပုံလိုက်သာပဲ … တို့ဖြင့် သည်လိုကြီးရသာ “

” အမေတို့ခေတ်တွေတုန်းကတော့ ဟုတ်မှာပေါ့ … ခုခေတ်မှာ ဆေးဝါးတွေက အစွမ်းထက်လိုက်တာမှ … အိမ်အနား ဆရာဝန်ငုတ်တုတ်ရှိနေတာကို အမေက လေချုပ်သော်မခက်လောလုပ်နေရင် ဘ်ာဖြစ်ပါ့မတုံး အမေရဲ့ “

” လွယ်ပါ့အေ … လေချုပ်သော်မခက်လော မောင်းကျည်ပွေ့နှင့် နှက်သော် မပျောက်လောတဲ့ … လေချုပ်တဲ့သူများလသူတကာနင်းတဲ့ မောင်းကျည်ပွေ့အောက် ဗိုက်လှန်ထားလိုက်သာပဲ … မောင်းနင်းသူက အသာပေါ့အေ … မောင်းကျည်ပွေ့နဲ့ ဗိုက်ကိုချိန်ပြီး စတိခုနှစ်ချက် ထိသာနဲ့ ချုပ်နေတဲ့လေဆိုသာ ဘယ်ဆီရောက်သွားမှန်းမသိဘူး “

” အမေရယ် … မြို့မှာ ဘယ်ကမောင်းရှိမှာတုံး … ရှိဦးတော့ ဘယ်သူကကော မောင်းခွက်ပေါ် ပက်လက်လှန်နေမှာတုံး … အမေ့နှယ် မဟုတ်တာ “

” အဲသာတော့ ဟုတ်သား … မြို့မှာမောင်းရယ်လို့ မတွေ့မိဘူး … မုန့်မှုန့်တွေ ဘယ်လိုများထောင်းနေကြပါလိမ့် “

” စက်ရှိတာပေါ့အမေရဲ့ … သည်ခေတ်က ဘာလုပ်လုပ် စက်နဲ့လုပ်လိုက်ရုံပဲ … မုန့်မှုန့်ရဖို့ မောင်းထောင်း ဒိုင်းဆင့် ဆန်ကာချ ဘယ်သူမှ မလုပ်တော့ဘူး “

” ညည်းတို့ခေတ်မှာ အဲသည်စက်တွေပေါ်လာလို့ ရောဂါတွေ အဆန်းပေါ်လာသာ … တို့တောမတော့ တို့ငယ်ငယ်က ဘာစက်မှ မရှိဘူး … လူတွေလည်း အသက်ကိုးဆယ်တစ်ရာ … လူ့ဘဝ ပျင်းအောင်နေရသာချည်းပဲ “

အမေက စကားတတ်လွန်းလို့ ကျွန်မတို့ အတိုးနိုင်ပါ။ မအေဆိုတော့ ဘယ်သားသမီးကမှ အမေ့ကိုကျော်ပြီး မပြောချင်ကြတာလည်း ပါပါ၏။ သည်လိုရှိလာတော့ သားတွေကော ချွေးမတွေကပါ အမေ့ကို ထောက်ခံမဲပေးကြသလိုရှိရာက ဘယ်သူဘာဖြစ်လို့တဲ့ဆိုတာ ကြားသည်နှင့် ဗေဒါရွက် ခုနှစ်ရွက် ခူးချေစမ်း၊ ပုစွန်ကျစ်စာ ဖဲ့ချေစမ်း၊ နလင်ကျော်မြစ် ရှာချေစမ်း လုပ်တော့သည်။ မြေးတွေငယ်ငယ်က ဗိုက်နာလို့အော်ကြပြီဆိုလျှင် သွားတိုက်ဆေးကို လက်ဖဝါးထဲထည့်ညှစ်၊ အုန်းဆီစွက်စွက်နှင့် ပွတ်ချေကာ ဗိုက်ကို လူးစေသည်။ အထက်ကအောက်ကို ဆွဲချစမ်းခိုင်းလို့ အချိုးမတည့်လျှင် ကိုယ်တိုင် ထလူးတော့သည်။ ဘယ်သူတော့ နားတွေအူလို့တဲ့ ဆိုပြန်တော့ စျေးထဲပြေးစမ်း၊ ကြောင်လျှာသီးဝယ်ချေစမ်းခိုင်းတော့သည်။ နားအူသူခမျာ စားပေတော့။ ဝမ်းကိုက်တော့ ထားဝယ်မှိုင်းရွက်တွေ ကြော်ကျွေးလားကျွေးရဲ့။ ဒါမှမပျောက်ပြန်တော့ မီးကွင်းဂမုန်းရွက်ကို သတ္တုရည်ညှစ်ပြီး သကြားနှင့် ရောမွှေကာ သောက်ကြစေ။ မြေးတွေ သံချချင်တော့ သင်္ဘောစေ့ခြောက် အမှုန့်ထောင်းတိုက်လေ၏။ အဝေရာစေ့တွေ ဝါးစမ်းဟဲ့လုပ်လေ၏။

” အမေတို့ ငယ်ငယ်က နေ့သားနံသား ဘုရားသေးသေးကလေးတွေ ထုပြီး လည်ပင်းဆွဲထားကြသာလေ့သယ် … ဘုရားရုပ်ထု လည်ပင်းဆွဲမှတော့ ရန်သူမျိုးငါးပါးရော ကိုးဆယ့်ခြောက်ပါးသော ဝေဒနာရော ကင်းသာပေါ့အေ … တနင်္ဂနွေ အင်သား၊ တနင်္လာ ကံ့ကော်သား၊ အင်္ဂါ ညောင်သား၊ ဗုဒ္ဓဟူး လွန်သား၊ ကြာသာပတေး ပေါက်၊ သောကြာ သီး၊ စနေ ထိန် … အသားရှာပြီး အမေတို့ ဘထွေးကို အပ်ကြရသယ် … ဘထွေးက ဘုရားထုတဲ့ ပန်းပုဆရာ … လာအပ်ကြသမျှ အသား စက္ကူစ ထမင်းလုံးနဲ့ကပ်ပြီး ဘယ်သူ ဘာနေ့သားလမှတ်ထားလိုက်သာပဲ … ကြာတော့ စက္ကူတွေ ကွာကျကုန်ကရော … လာရွေးပြီဆိုရင် ဘာနေ့သားရယ် ဘာသားရယ် မဟုတ်တော့ပေါင် အေ … ထုပြီးသား ပေးလိုက်သာပဲ … တစ်ချို့က ဘထွေး နေ့နဲ့အသား မမှားပါဘူးနော်ဆိုရင် လွဲလှ ခုနှစ်ရက်ပေါ့ကွာလို့ ပြောလိုက်သာပဲလ”

အမေက သူ့စကားနှင့်သူ ရယ်သည်။ တောသူကြီးဆိုတော့ အမေတို့ဘဝမှာ နွားတွေကလည်း အရေးပါပါ၏။ နွားရယ်လို့ ဝယ်ကြပါပြီ ဆိုကတည်းက အသပွ ( အသားပွ )၊ တင်ဘနိမ့် ( တင်ပ့ါးနိမ့် )၊ ပေါင်စောင်း၊ မြင်းခေါင်းထူ၊ ချိုတယ်လူး၊ သကြားရေယို၊ မျက်တွင်းကျ၊ ခြေခွင်၊ မွေးရှည်၊ နံတို၊ နံကျပ်၊ မြီးရှည်၊ မွေးကြမ်းကို ရှောင်ကြသည်။ သည်နွားတွေမှာ ရောဂါရှိလာပြန်တော့ နဆေး ( နွားဆေး ) ဆိုတာ ရှိလာရပြန်ပါသည်။

” အမေတို့အဖေက နွားမှိုင်ရင်၊ စမြုံ့ပြန်လေးရင် အိမ်ပေါ်ကနေ အမေတို့ကိုခိုင်းတော့သာ … ဆေးလေးပါးဆေး ဝင်အောင် ခွံ့စမ်းသမီး ဆိုရင် ဆေးလေးပါးဆေးကျွေးရသယ် … ဆင်သမနွယ်၊ ကျွဲနုပေါင်း၊ မြင်းစခုံနီ၊ နမြေနင်း ( နွားမြေနင်း ) လေးပါးကို စုကြိတ်ထားသာ … နွားအစားမစားရင် နွားကို မျက်စဉ်းခပ်ရသယ် … တောပင်စိမ်းရေနဲ့ ဆန်ဆေးရေတိုက်ရသယ် … မမှတ်မိတော့ပါဘူးအေ … အဖေက သားသမီးနေမကောင်းရင် လှည့်ကြည့်သာမဟုတ်ဘူး … နွားနေမကောင်းရင် ဟင်တချချနဲ့ “

အဲသလိုရှိတတ်သော အမေ့ကို တစ်ခါတော့ ကျွန်မတို့က ဆေးစစ်ဖို့ ချော့ကြပါသည်။ ကျွန်မတို့ကို ‘ ဆေးစစ်သယ်ဆိုသာ ဘာတုံး … ဘယ်လိုလုပ်သာတုံး ‘ မေးနေလို့ ‘ နှလုံးစစ်၊ အသည်းစစ်၊ အဆုပ်စစ်တာက အစ ခန္ဓာကိုယ်မှာ လိုအပ်သမျှ စက်ကိရိယာတွေသုံးပြီး သမားတော်ကြီးတွေက စစ်ဆေးရှာဖွေ ကုသပေးတာပေါ့အမေရဲ့… တစ်နှစ်တစ်ခါ ဆေးစစ်သင့်တယ် … အမေအသက်ကြီးပြီလေ ‘ ဆိုတော့ ခေါင်းခါသည်။

” နေပါဦးအေ … အဲသာက သမားတော်တွေက အမေ့ကိုခေါ်ခဲ့ချေလို့ လှမ်းခေါ်သာလား … ညည်းတို့က အမေ့ကို သွားအပ်ရသာလား “

” ဆေးစစ်ပါတယ်ဆိုမှတော့ ကိုယ်ကစစ်ချင်လို့ သွားရတာပေါ့အမေရဲ့ … ဆရာဝန်တွေကတော့ ဘယ်လှမ်းခေါ်မှာလဲ “

” ညည်းနှယ်အေ … ကိုယ့်မခေါ်ဘဲနဲ့များ မနာခင်က ဆရာဝန်အပ်ရသယ်လို့ … ရောဂါရှိလို့ဆို ဟုတ်ရဲ့ “

” အမေကလည်း ရောဂါရှိမရှိသိချင်လို့ ဆေးစစ်တာလေ … ဗမာဆေးမြီးတို၊ အင်္ဂလိပ်ဆေးမြီးတိုတွေ ကောင်းတာလည်း ကောင်းတာပေါ့ အမေရယ် … လူ့ခန္ဓာကိုယ်ပေါ်မှာရောဂါရှိတော့ စနစ်တကျကြိုတင် ကုသနိုင်တာပေါ့ “

” ရောဂါများ အကောင်းပကတိနဲ့လူက ကြိုတင်ကုသရမယ်လို့ မထူးရယ် … ညည်းနှယ်၊ မိုက်ပါ့ … ဖြစ်လာလို့ ကုရသယ်ဆိုဟုတ်သေး “

ကျွန်မတို့မှာ ကုသိုလ်ယူချင်လျက်နှင့် ပြောမရလို့ မလုပ်ပေးနိုင်တာတွေ များလှပြီ။ ကျွန်မအိမ်သားက ကျွန်မတို့ သားသမီးတွေ မနိုင်မှန်းသိလို့ အမေ့ကို ဖျောင်းဖျသည်။ ခေတ်သစ်ဆေးပညာအကြောင်းက စလို့ ခေတ်ပေါ်ဆေးဝါးနှင့် တတ်ကျွမ်းနားလည်သော ဆေးပညာရှင်တွေအကြောင်း ပြောပြသည်။ ရောဂါကြီး ရောဂါဆန်းတွေကိုပင် ခေတ်မီဆေးဝါးများနှင့် ကုသနိုင်ပြီဆိုတာလည်း ပါပါ၏။ ဝမ်းခေါင်းထဲအထိ မှန်ပြောင်းဖြင့် ကြည့်ရှုကုသနိုင်ကြောင်း၊ ရောဂါရှာဖွေမှုတွေက ခေတ်မီလာလို့ အချိန်တိုအတွင်း အနာနှင့်ဆေး တွေ့နိုင်ကုနိုင်ကြောင်းတွေ ရှင်းပြသည်။ အမေက သမက်ကို မျက်စောင်းတထိုးထိုး။

” မဟုတ်သာတော် မောင့်ဆရာနှယ် … မှန်ပြောင်းကြီး ဝမ်းထဲချရမယ်ရယ်လို့ စဉ်းစားကြည့်ဦးမှပေါ့ … ဆီးဖြူသီးတစ်လုံးပဲ မျိုချကြည့်စမ်းပါဦး “

” အမေရယ် …ခုခေတ်မှာ အီလက်ထရောနစ်ပညာသုံးပြီး ရောဂါရှာဖွေတာတွေ ရှိလာပြီ … နည်းပညာတွေမြင့်ဘာလို့ တိကျတဲ့ရောဂါအဖြေကို ထုတ်ပေးနိုင်ပြီ “

” အဲသာ ဘာပြောသာတုံး “

” ခေတ်မီစက်တွေနဲ့ ရောဂါရှာနိုင်ဘာတာကို ပြောတာအမေရဲ့ “

” နို့ ဆရာဝန်တွေက ရောဂါမရှာဘဲ ဘာလုပ်နေကြလို့တုံး “

ကျွန်မအိမ်သားလည်း မတိုးနိုင်လို့ လန်ကျလာခဲ့ပါ၏။ အမေနှင့် ဆေးတွေအကြောင်း ရေးမည်ဆိုလျှင် ရေးစရာတွေများ လှပါသည်။ အခုတော့ အမေ့အသက်ရှစ်ဆယ်ကျော်လာခဲ့ပြီ။ အမေ ပိန်လာသည်။ တစ်ခါတစ်လေ ဖုန်းဆက်လျှင် ခါတိုင်းလို အသံမမာချင်တော့။ သည်ကြားထဲက အမေဘာစားချင်သလဲလို့မေးတိုင်း ဒံပေါက်လို့ချည်းပြောတော့ မကျွေးရခက်၊ ကျွေးရခက်။ အမေစားနိုင်တော့လည်း တစ်လုပ်တစ်ဆုပ်ပါလေလို့ သဘောထားကာ မြို့ထဲပြေးပြီး ဒံပေါက်ဝယ်ရတော့သည်။ သူစားချင်တာ နည်းနည်း၊ မြေးတွေကို ကျွေးချင်တာများများ။ သည်ရက်ထဲမှာလည်း အမေ ငါးခြောက်ဟင်း စားချင်တယ်လို့ခဖုန်းဆက်သည်။ တစ်ရက်မှာတော့ တော်တော်ဖျားသည်ဆိုလို့ လိုက်သွားကြရပါသည်။ အမေ့ခမျာ ကိုယ်တွေပူလို့။ အိမ်ပေါ်မှာ မနေဘဲ လေတိုက်ထဲနေလို့ဖြစ်ရတာဆိုတော့ ‘ အမေဖြင့် တစ်သက်လုံးမြစ်ရေထဲ လှေနဲ့တက်နဲ့ သွားနေသာပါအေ … မြစ်ထဲလောက် လေတိုက်သာ ရှိဦးမှာလား ‘ တဲ့။ ကျွန်မလည်း ဘာဆက်ပြောရမှန်းပင် မသိတော့။

တစ်နှစ်က ကျွန်မအိမ်သားကို အမေရိကန်မှာနေသည့် မိတ်ဆွေတစ်ယောက်က အမေရိကန်နိုင်ငံထုတ် နာမည်ကြီး အားဆေးတစ်ဘူး လှမ်းပို့သည်။ ကျွန်မအိမ်သားက ဆေးကောင်းဝါးကောင်းမို့ အမေ့ကို လက်ဆင့်ကမ်းသည်။ အမေရိကန်က ဆေးဆိုလို့ သောက်ကြည့်သေးသာပေါ့အေ တဲ့။ သောက်လည်း သောက်ပါ၏။ ကျွန်မက မယုံလို့ ကျွန်မမောင်တွေ လှမ်းမေးတော့ ညစာစားပြီးတိုင်း မှတ်မှတ်ရရသောက်သည် ဆိုပါ၏။ တော်ပါသေးရဲ့။

တစ်ခါတော့ အမေ့အိမ်ရောက်တုန်းရောက်ခိုက် ဆေးဘူးကို ဖွင့်ကြည့်သည်။ ဆေးတွေက ရက်နှင့်တွက်လျှင် ကုန်ဖို့ကောင်းပြီ။ မကုန်သေးတော့ အမေမသောက်ဘူးလား မေးရသည်။

” ကြာတော့ ထသောက်ရမှာပျင်းလာလို့ မသောက်တော့သာ ” တဲ့။

” ညည်းတို့ဆေးက ထူးသယ် မထင်ပေါင်အေ ” တဲ့။

သည်နှစ်မှာတော့ အမေ ရက်ရှည်နေထိုင်မကောင်းတာတွေ စိတ်လာခဲ့သည်။ ခါတိုင်း ဆရာဝန်ပြဖို့ အတော်ကြီး မဲဆွယ်ယူရသော အမေက ဆရာဝန်အပင့်ခိုင်းနေလို့ ကျွန်မ မျက်ရည်ကျမိသည်။ သု့ကိုယ်လုံးလှီလှီကလေးက လှီသထက် လှီလာသည်။ ကျွန်မက လူမရောက်နိုင်တောင် ဖုန်းဖြင့် ဆက်ပြီးမေးတိုင်း ထမင်းမဝင်ကြောင်း၊ ထမင်းစားနိုင်တဲ့ဆေူရှိရင် သောက်ချင်ကြောင်း ပြောသည်။ အမေဆိုလိုချင်တာ ထမင်းဝင်လျှင် သူနေကောင်းမှာ အသေအချာလို့ ထင်ပုံရသည်။

ပြီးခဲ့သည့်ရက်တွေက ကျွန်မအိမ်သား စင်္ကာပူနိုင်ငံကို ဆရာမမသီတာ ( စမ်းချောင်း ) နှင့် စာပေဟောပြောပွဲ သွားခဲ့သည်။ စာပေမိတ်ဆွေတစ်ယောက်က စင်္ကာပူနိုင်ငံထုတ် အားဆေးတစ်ဘူးပေးလိုက်သည်။ ကျွန်မတို့က ကြာတော့ပျင်းလာလို့ မသောက်တော့တာ ဖြစ်မှာစိုးတော့ အမေ့ကို တစ်လစာ တစ်လစာ ခွဲပေးသည်။ ဆေးတစ်ကတ် ခြောက်လုံးဆိုတော့ ငါးကတ်၊ ငါးကတ် ပေးခြင်းဖြစ်၏။ သည်ဆေးကတော့ ထူးခြားပုံရပါသည်။ ကျွန်မဆီကို ဖုန်းဆက်သည်။

” မထူး … သည်တစ်ခါဆေးက ကောင်းသားအေ့ … အမေ နေရသာကောင်းသယ် … ထမင်းတွေလည်း စားလိုက်သည ကိုယ့်ဝမ်းကိုယ်တောင် မသထာချင်ဘူး … ဘာဆေးများပါလိမ့်အေ “

” စင်္ကာပူကလာတာ အမေရဲ့ … ထမင်းမဝင်သော် မခက်လော၊ စင်္ကာပူဆေးသောက်သော် မဝင်လော ဆိုတဲ့ဆေး … ထမင်းစားဆေးထင်ပါရဲ့ အမေရယ် … ဆရာနေကပြောနေတာ ဟိုတစ်ခါဆေးတွေလို အမေမသောက်ရင် အမျိုးထဲက သက်ကြီးဝါကြီးတွေ လှူလိုက်တော့မတဲ့ “

” အလိုတော် … ညည်းယောကျာ်းက ကိုယ့်ယောက္ခမထက်များ ဘယ်အမျိုးက အရေးကြီးနေလို့ပါလိမ့် … အမေ သောက်သယ်ပြောလိုက် … … ဆေးဘူးကိုညည်းယူထားညည်းယောကျာ်းက လင်ဖွာဖွာရယ် … ကြားလား သမီး “

လေသံမာမာနှင့် အမေပြောနေကျ ကန့်လန့်စကားလုံးတွေ ပါလာကတည်းက အမေနေကောင်းပြီဆိုတာ ကျွန်မ သိလိုက်ပါပြီ။ သည်ဆေးကို အမေ တကယ်မက်ရေစက်ရေရှိတာ သေချာပြီ။

” မမ၊ နင်တို့ သည်တစ်ခါပေးတာ ဘာဆေးများပါလိမ့်ဗျာ … အမေက အဲသည်ဆေးနဲ့ ပြန်နလန်ထလာသဟ “

ကျွန်မမောင်တွေကတောင် မေးနေကြပြီဆိုမှတော့ အမေ တကယ် နေကောင်းလာလို့ပေါ့။ သည်ဆေးစားပြီးမှ အမြင်မတော်တာတွေ့ရင် လူတွေကို အသံကျယ်ကျယ် ငေါက်နိုင်သတဲ့။ စားလို့ကောင်း၊ အိပ်လို့ကောင်းသတဲ့။ ဆေးမကုန်ခင်ကပင်ဘကွိန်မတို့ကို လာပို့လှည့်ချေ လှမ်းမှာနေတတ်သည်။ သည်ဆေးကုန်ရင် ညည်းအိမ်သားကို သင်္ကာပူပြန်လွှတ်ရမှာပြောတော့ ရယ်ရသေးသည်။ မြေးတွေ အရွယ်ရောက်လာကြပြန်တော့ ငါမအိုသေးဆိုသည့်ပုံနှင့် သူရှိမှဖြစ်မှာလို့ တွေးမိပုံပေါ်ပါ၏။ အသက်ရှည်ချင်သေးပုံ ပေါ်ပါ၏။ ခါတိုင်းလို ဆေးတွေကို ရန်မလုပ်တော့ဘဲ မှန်မှန်ကြီး သောက်နေလေပြီ။ ခေတ်သစ်ဆေးဝါးတွေကို အားကိုးချင်လာပုံလည်း ရပါရဲ့။

မနေ့ကတော့ အမေ့ဆီက ဖုန်းလာပြန်ပါ၏။ အမေ ဆီးကျင်တင်တင်ဖြစ်နေလို့တဲ့။ ကျွန်မက ဆရာဝနိကိုမေးပြီး ဆီးဆေးဝယ်ခဲ့မယ် ဆိုတာကိုလလက်မခံပြန်။ ‘ မဝယ်ခဲ့နဲ့၊ မဝယ်ခဲ့နဲ့ ‘ လို့ ပျာပျာသလဲ တားနေပြန်ပါ၏။

” ဆီးဆေးကျတော့ တို့ရိုးရာဆေးနဲ့မှ ကောင်းသာအေ့ … ညည်းတို့ အိမ်နားမှာပေါက်တဲ့ ဆုးပတောင်းပင်သာ ရှာပါအေ … စနေနဲ့ အင်္ဂါ တစ်ရက်ရက်မှာ ဆူးပတောင်းပင်ကို လက်ပြန်နှုတ်ခဲ့ … သည်ရောက်မှ ဆန်ဆေးရေနဲ့ သွေးသောက်မယ် … ဆီးရောဂါတော့ ညည်းတို့အင်္ဂလိပ်ဆေးက မနိုင်ဘူးရယ် “

ကျွန်မမှာ ဆူးပတောင်းပင် ရှာရဦးမည်။ စနေဂဒါမှမဟုတ် အင်္ဂါနေ့ကလည်း ဖြစ်ရဦးမည်။ လက်ပြန်ကလည်း နှုတ်ရဦးမည်။ ဆေးပင်ရှာရလို့ အမေ့ဆီသွားပို့တော့ ‘ လက်ပြန်နှုတ်ခဲ့ရဲ့လား ‘ တဲ့။ နှုတ်ခဲ့ပါတယ် အမေရဲ့ဆိုတော့ အမေက ‘ တော်ပါသေးရဲ့အေ … ညည်းတို့စင်္ကာပူဆေးက လက်ပြန်မသောက်ရလို့ ‘ တဲ့။

ကျွန်မတို့က ရယ်ကြတော့ အမေကလည်း ပြုံးပြုံးကြီး။ အမေ့အနားမှာလည်း ဗမာဆေးတွေ၊ အင်္ဂလိပ်ဆေးတွေ ဝိုင်းဝိုင်းလည်လို့။ သည်တစ်ခါတော့ အမေ့ကို ဆေးစစ်ဖို့ခေါ်လျှင် အသာတကြည်လိုက်အံ့ထင်သည်။
⬛

ခင်ခင်ထူး
၂၀၁၄ ၊ စက်တင်ဘာလ
စာရိုက်ပေးပို့သူ – Poe Poe

Leave a Reply

Your email address will not be published. Required fields are marked *