အမေရေးထားတဲ့စာ
—————————–
ချစ်သမီးလေး
အမေအိုလာပြီနော်။ သမီးကို မှာချင်တာက အမေ့ကို စိတ်ရှည်သည်းခံပေးပါကွယ်။ အမေ့ကို နားလည်ပေးဖို့ ပြောချင်ပါတယ်။
အမေအသက်ကြီးလာပြီလေ။
အမေစကားပြောရင် စကားတစ်လုံးကို ထပ်ကာထပ်ကာ ပြောမိလာတာမျိုးရှိပါလိမ့်မယ်။ အဲဒီအချိန်မှာ သမီးက
“အမေ အဲဒါကိုပဲ ထပ်ကာထပ်ကာပြောနေတယ်” ဆိုပြီး ဒေါသနဲ့ မတုံ့ပြန်ပါနဲ့ကွယ်။ သမီးငယ်ငယ်တုန်းက မှတ်မိလား။ အမေကလေ သမီးကြားဖူးနေတဲ့ ပုံပြင်တွေကိုပဲ ညတိုင်း ထပ်ကာထပ်ကာ ပြောပြမှ သမီးက အိပ်တတ်တာလေ။
အမေက ရေမချိုးချင်ဘူးလို့ ပြောတဲ့အခါ အမေ့ကိုစိတ်မဆိုးရဘူးနော်။ သမီးငယ်ငယ်လေးတုန်းက ရေချိုးပေးမယ် လုပ်တိုင်း အမေ့ကို ဆင်ခြေအမျိုးမျိုးပေးပြီး ဟိုပြေး သည်ပြေး လုပ်တတ်တာလေးကို သတိရ လိုက်ပါကွယ်။
အမေက သမီးတို့သုံးနေတဲ့ ဖုန်းတွေ ကွန်ပျူတာတွေကို နားမလည်လို့ မေးတဲ့အခါမှာ အမေ့ကို စိတ်ရှည်ရှည် ထားပြီး ရှင်းပြပါလားကွယ်။ အမေက နည်းပညာခေတ်မှာ ကြီးပြင်းလာရတာ မဟုတ်ဘူးလေ။ ဖုန်းကိုတောင် ဘယ်လိုသုံးရမလဲဆိုတာ မနည်းအားစိုက် လေ့လာနေရတာ။ သမီးငယ်ငယ်တုန်းကလေ သမီးကို ထမင်းစား တတ်အောင်၊ အဝတ်အစားဝတ်တတ်အောင်၊ ခေါင်းဖြီးတတ်အောင် နေ့တိုင်း အမေသင်ပေးခဲ့ရတယ်ကွယ်။ အမေတစ်ခါမျှ စိတ်မပျက်ခဲ့ပါဘူး။ အမေအိုတွေကို စိတ်ရှည်ပြီး သည်းခံပေးဖို့ဆိုတာ သမီးတို့ အမေအိုတွေ ဖြစ်လာတဲ့နေ့မှ နားလည်လာပါလိမ့်မယ်။
သမီးနဲ့အမေ စကားပြောနေရင်းနဲ့ အမေ့စကားက ဘယ်ရောက်လို့ ရောက်မှန်းမသိရင်လည်း နားလည်ပေး ပါကွယ်။ အမေ့ကို လမ်ကြောင်းပြန်တည့်ဖို့ သမီးက ထောက်ပေးရမှာပေါ့။ အမေ့မှာ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူးလေ။ အမေ့အနားမှာ သမီးကလွဲပြီး ဘယ်သူရှိလို့လဲ။
အသက်တွေကြီးလာတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလေ။ လမ်းလျှောက်ရင်လည်း ခြေထောက်တွေက တုံ့ဆွဲထားသလို ဖြစ်နေတော့ ဘယ်မှာ မြန်မြန်လျှောက်နိုင်တော့မှာလဲ။ အမေ့ကို
“အမေကလည်း မြန်မြန်လျှောက်တာ မဟုတ်ဘူး” လို့ အပြစ်မတင်ပါနဲ့လားကွယ်။ အမေ့ကို လက်လေးတွဲပြီး လျှောက်နိုင်အောင် ဖေးမပေးပေါ့။ သမီး လမ်းလျှောက်တတ်ခါစက အမေလက်တွဲပြီး လျှောက်နိုင်အောင် လုပ်ပေးခဲ့တာလေးကို သတိရပေါ့။
သမီးရေ
တစ်နေ့နေ့ တစ်ချိန်ချိန် သမီးလည်း အမေ့လိုပဲ အိုလာလိမ့်မယ်။ ဝမ်းမနည်းနဲ့နော်။ အမေနဲ့အတူတူနေရင်းက ငါတစ်နေ့ အိုလာရင် ဘယ်လိုနေရမလဲ၊ ဘယ်လိုနေသင့်သလဲဆိုတာကို လက်တွေ့ သင်ယူထားပေါ့နော်။
အမေအသက်ကြီးလာချိန်မှာ (ဘယ်နေ့ ဘယ်အချိန်လူ့လောကကြီးထဲကနေ ထွက်သွားရမယ်မှန်း မသိတဲ့ အချိန်မှာ) အမေ့ကို အချစ်တွေ၊ မေတ္တာတွေ၊ ပျော်ရွှင်မှုတွေ မျှဝေပေးတဲ့အတွက် သမီးကို ကျေးဇူးတင်ပါတယ် ကွယ်။ အမေက သမီးအတွက် အပြုံးလေးတွေပဲ ပြန်ပြီးတုံ့ပြန်နိုင်တော့တယ်။ သမီးဆီကလည်း
“ချစ်တယ် မေမေ” ဆိုတဲ့ စကားသံလေးပဲ ကြားချင်တော့တယ်။
“သမီးကို ချစ်တယ်”
မေမေ
(Letter from a Mother to a Daughter)
တင်ညွန့်
၂၀.၉.၂၀၂၄
Uncategorized