#ဗိုလ်လုံ
အမဲကြီးသုံးကောင်
ကမ္ဘာ၏ မည်သည့်အစိတ်အပိုင်းတွင်မဆို အမဲလိုက်မုဆိုးကြီးများ၏ အသက်ကိုအန္တရာယ်ပြုနိုင်ကြသည့် သားကောင်ကြီးများ ရှိတတ်ကြပါသည်။ သူတို့သည် သူတို့၏အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အသက်ကိုလုပြီး မုဆိုးများအား ပြန်လည်တိုက်ခိုက်လေ့ရှိကြပါသည်။ အနောက်ရိုးမ (ရခိုင်ရိုးမ)တွင် မုဆိုးများကို ရန်ပြုတတ်သည့် အမဲကောင်ကြီးသုံးမျိုး ရှိနေပါသည်။ ၎င်းတို့မှာ “ဝီနီးဒိုး”ခေါ် ဝက်ဝံတစ်မျိုး၊ ကျားနှင့် ဝက်တစ်တောင်းကြီးများ ဖြစ်ကြပါသည်။
ဝီနီးဒိုးခေါ် ဝက်ဝံသည် အညိုမည်းရောင်ရှိပြီး ရင်ဘတ်နှင့် လည်ပင်းအကြားတွင် အဖြူရစ်တစ်ရစ် ပါရှိပါသည်။ ၎င်းအရစ်သည် လဆန်းလျှင် လခြမ်းပုံဖြစ်ပြီး လပြည့်ပါက လကဲ့သို့ ပုံပေါ်လာပါသည်။ လဆုတ်လျှင် တဖြည်းဖြည်း ယုတ်လျော့သွားပြီး လကွယ်ပါက ၎င်းအမှတ်အသား ပျောက်ကွယ်သွားပါသည်။ တစ်ဖန် လဆန်းလျှင် ပြန်ပြီးပေါ်လာ ပြန်ပါသည်။
၎င်းဝီနီးဒိုးအား ပစ်ပါက ထိုအဖြူဝိုင်းကို ထိမှန်အောင် ပစ်မှ သေပါသည်။ သို့မဟုတ် ဦးခေါင်းကို ပစ်ရပါသည်။ ဝီနီးဒိုးသည် လူနှင့်ရင်ဆိုင်တွေ့ပါက မျက်နှာ၊ ရင်ဘတ်နှင့် လည်ပင်းတို့ကို အတင်းဝင်ရောက် ကုတ်ဖဲ့တတ်ပါသည်။
၎င်း၏လက်နှစ်ဖက်မှ လက်သည်းကြီးများသည် ဓားမြှောင်ရှစ်ချောင်းသဖွယ်ဖြစ်ပြီး ၎င်းဓားမြှောင်များနှင့် တစ်ပြိုင်နက်ထိုးသကဲ့သို့ ခံရပါသည်။ အဖော်မပါဘဲ တစ်ဦးတည်းဖြစ်ပါက သေဖွယ်ရာသာ ရှိပါတော့သည်။ အခြားအဖော်များပါလာပြီး ၎င်းတို့မှ ဝိုင်းဝန်းခြောက်လှန့် ရိုက်နှက်ထိုးပုတ်ကြမှ အသက်ချမ်းသာမည်ဖြစ်ပါသည်။
ကျားကိုတော့ လူတိုင်းကြောက်ကြပါသည်။ သို့သော်လည်း မကြောက်ဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်ပါက ကျားသည် လူကိုအန္တရာယ်မပြုဘဲ ရှောင်ထွက်သွားမည်သာ ဖြစ်ပါသည်။ ရင်ဆိုင်ပုံမှာ ကျား၏ မျက်လုံးအစုံတို့ကို မိမိ၏မျက်လုံးများဖြင့် မလှုပ်မယှက်ဘဲ ရဲရဲစူးစိုက်ပြီး ကြည့်နေမည်ဖြစ်ပါသည်။
မျက်လုံးအား စိတ်ဓာတ်အားတို့ ယှဉ်ပြိုင်ကြခြင်းပင် ဖြစ်ပါသည်။ အချိန်အတော်ကြာပါက ကျားသည် မျက်နှာလွဲကာ တခြားသို့ရှောင်ထွက်သွားမည် ဖြစ်ပါသည်။
သူကြီးဦးအေးမောင်သည် ကျားဆိုးကြီးနှင့်ရင်ဆိုင်ပြီး ဤနည်းဖြင့် မျက်လုံးချင်းယှဉ်ကာ ပါလာသည့် သူ၏ ဒသမ သုံးရာခုနှစ်ဆယ့်ငါး မက်ခ်နန်း ရိုင်ဖယ်ကြီးကို တဖြည်းဖြည်းမောင်းတင်ကာ တစ်ချက် တည်းနှင့် အသေပစ်နိုင်ကြောင်းကို “ရိုးမကျားဆိုးကြီး” ဝတ္ထုတွင် ရေးသားဖော်ပြဖူးပါသည်။
ထိုကဲ့သို့ ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင်တိုးရာတွင် မျက်လုံးချင်းရင်ဆိုင်ကာ ကျားကြီးရန်မှ လွတ်မြောက်ခဲ့ပုံကို ကျွန်တော်၏ဆရာတစ်ဦး ပြောပြ၍ သိဖူးပါသည်။
စစ်မဖြစ်မီက သူသည်စစ်ကိုင်းတိုင်းမြောက်ပိုင်း မြို့နယ်တစ်နယ်တွင် ပညာအုပ်အဖြစ် အမှုထမ်းခဲ့ပါသည်။ သူသည် တစ်နေ့သောအခါ ရွာတစ်ရွာသို့ အသွားတွင် လမ်းခရီး၌ ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင်ရပါတော့သည်။
မျက်လုံးချင်းယှဉ်ပြိုင်ရာတွင် ကျားကြီးသည် ရှောင်ထွက်သွားပါသည်။ ကျားကြီးအဝေးသို့ ရောက်သွားချိန်တွင် ဆရာသည် နောက်ကြောင်းသို့ ပြန်လှည့်ကာ သုတ်ခြေတင်ပါတော့သည်
ဝက်သည်သာမန်အားဖြင့် လူကို ရန်မူလေ့မရှိပါ။ သို့သော်လည်း ဒဏ်ရာရထားသည့် ဝက်များသည် တစ်ခါတစ်ရံ လူကို သေစေနိုင်လောက်အောင် ရန်ပြုတတ်ပါသည်။
အထူးသဖြင့် အစွယ်နှစ်ချောင်းငေါထွက်နေသည့် “ဝက်တောင်း” ကြီးများက ပို၍ဆိုးပါသည်။ ထိုအစွယ်နှစ်ချောင်းနှင့် လူ၏ဝမ်းဗိုက်ကို တအားပြေး“ပက်” လိုက်ပါက လူသည် အူများထွက်ကျပြီး သေသွားနိုင်ပါသည်။
တစ်ချိန်က ကျွန်တော်သည် အမဲအတော်ပစ်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် အမဲပစ်ခဲ့သည့် အကြောင်းများ၊ ကျွန်တော်၏ မိတ်ဆွေမုဆိုးကျော်ကြီးများ ပစ်ခဲ့သည့် အကြောင်းများကို ဝတ္ထုအနေဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
မုဆိုးဆိုသည့် လူတန်းစားကို လူဆိုးလူမိုက်ကြီများ လူကြမ်းကြီးများဟု မယူဆစေလိုပါ။
မုဆိုးဆိုသည့် လူတန်းစားများကို ရဲရင့်စွန့်စားသည့် လူစွမ်းကောင်းများဟု သတ်မှတ်စေလိုပါသည်။ ကမ္ဘာဦးလူသားများသည် အမဲလိုက်ခြင်းဖြင့် အသက်မွေးကြကြောင်း သမိုင်းစာအုပ်ထဲတွင် ဖတ်ဖူးပါသည်။
ကျန်းမာသန်စွမ်းသူအားလုံး မိန်းမများပါ အမဲလိုက်ကြရပါသည်။ အကယ်၍သာ ကမ္ဘာဦးလူသားများသည် အမဲကောင်းကောင်းမလိုက်ခဲ့ကြပါက ယခုခေတ် လူသားများ ရှိနိုင်ကြမဟုတ်ပါ။ ဤအကြောင်းပြချက်ဖြင့် ကာကွယ်ပြောဆိုလေ့ရှိပါသည်။
ထားပါတော့။ မုဆိုးဟာ မုဆိုးပေပဲကိုး။
အောက်ပါမုဆိုးဘဝအဖြစ်အပျက်ကလေးမှာ ကျွန်တော်၏ မိတ်ဆွေ ရိုးမမုဆိုးကြီး ဦးဘိုးစ၏ ပြောပြချက်အရ သူ၏အတွေ့အကြုံကို ပြန်လည်ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
ဦးဘိုးစသည် အသက် တစ်ဆယ့်လေးနှစ်သားမှ အသက်ခြောက်ဆယ်ကျော်သည်အထိ မုဆိုးဘဝဖြင့် ကျင်လည်လာခဲ့ရာတွင် ကျားလေးကောင်၊ စွယ်စုံဆင်ရာကျော်နှင့် အခြားအမဲကြီးငယ်များ ထောင်ကျော်ပစ်ခဲ့ဖူးသည့် မုဆိုးကြီးတစ်ဦး ဖြစ်ပါသည်။
ပန်းတောင်း-တောင်ကုတ်လမ်းဖောက်ရတွင် အလုပ်သမားခေါင်းအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး လုံခြုံရေးကိုတာဝန်ယူရပါသည်။ များသောအားဖြင့် အရာရှိများ၊ မြို့ပေါ်မှ အပျော်တမ်းမုဆိုးများ လာရောက်ပါက လမ်းပြအဖြစ် ဆောင်ရွက်ပေးရပါသည်။ တစ်ခါတစ်ရံ အမဲပစ်ပေးရပါသည်။
ဦးဘိုးစသည် အိမ်ထောင်ကျပြီး ညောင်ကျိုးစခန်းမှာပင်နေပြီး အမှုထမ်းပါသည်။
သို့သော်လည်း ကလေးများကျောင်းနေသည့်အချိန်သို့ ရောက်ရှိချိန်တွင် မိသားစုကို ညောင်ခြေထောက်စခန်းသို့ ပြောင်းရွှေ့ထားပြီး သူကိုယ်တိုင်တော့ ညောင်ကျိုးတစ်လှည့် ညောင်ခြေထောက်တစ်လှည့် နေပါသည်။
ဦးစောဒေးဗစ်သည် ထိုလမ်းဖောက်လုပ်ရေးလုပ်ငန်းတွင် တာဝန်ကျနေသည့် “အီးအီး” ခေါ် အင်ဂျင်နီယာအရာရှိတစ်ဦး ဖြစ်ပါသည်။ ထိုခေတ်က အီးအီးကို အရေးပိုင်ဟုခေါ်ကြပြီး အေအီးကိုတော့ ဝန်ထောက်ဟု ခေါ်ကြပါသည်။
ဦးစောဒေးဗစ်သည် အမဲလိုက်ဝါသနာပါသည့် အားလျော်စွာ ဒသမ သုံးရာခုနှစ်ဆယ့်ငါး ရိုင်ဖယ်တစ်လက်၊ တစ်ဆယ့်နှစ်ဘို့ ပြောင်းချော နှစ်လုံးပူးတစ်လက်၊ ပွိုင့်တူးတူး ပြောင်းရှည် ရိုင်ဖယ်တစ်လက်နှင့် ဒသမ သုံးနှစ် ပစ္စတိုတစ်လက်၊ စုစုပေါင်းသေနတ်လေးလက်ကို လိုင်စင်ဖြင့် ကိုင်ထားပါသည်။
ဦးဘိုးစကိုတော့ လုံခြုံရေးအတွက်နှင့် အမဲလိုက်ရန်အတွက် ဒသမ သုံးရာသုံး စစ်သုံးရိုင်ဖယ်တစ်လက် ရှာပေးထားပါသည်။ ဦးဘိုးစနှင့် ဦးစောဒေးဗစ်တို့မှာ ဆရာတပည့်လည်းဟုတ်၊ ပစ်ဖော်ပစ်ဖက် မုဆိုးချင်းလည်း ဟုတ်၊ မိတ်ဆွေရင်းချာလည်းဟုတ် ဖြစ်နေပါသည်။
ဦးစောဒေးဗစ်သည် တာဝန်ချိန်မဟုတ်ပါက တံပည့်များကို သူ ငယ်ချင်းလို ပေါင်းတတ်သည့် စိတ်သဘောထားပြည့်ဝကောင်းမွန်သည့် အရာရှိတစ်ဦးပင် ဖြစ်ပါသည်။
၁၉၇၅ ခုနှစ် တစ်နေ့သော နွေဦးပေါက်တစ်နေ့တွင် နောက်နှစ်ရက်ခန့်ကြာလျှင် ဦးစောဒေးဗစ်နှင့်အဖွဲ့လမ်းကို လာရောက်စစ်ဆေးမည်ဟု မြို့နယ်ရုံးမှ သတင်းရရှိပါသည်။
ဦးဘိုးစသည် နောက်နေ့နံနက်စောစော နေမထွက်မီမှာပင် ဦးစောဒေးဗစ်တို့အဖွဲ့အား တောကောင်သားဖြင့် ဧည့်ခံရန်ရည်ရွယ်ချက်ဖြင့် လက်သုံးတော်ရိုင်ဖယ်ကြီးကို ဆွဲကိုင်ကာ အမဲပစ်ရန်ထွက်ခဲ့ပါသည်။
ဝေးဝေးသွားရန် ရည်ရွယ်ချက်မရှိသဖြင့် တစ်ကိုယ်တည်းပင် ကျည်အိမ်တွင်ပါသည့် ကျည်ဆယ်တောင့်နှင့်ပင် ထွက်လာခြင်းဖြစ်ပါသည်။ ညောင်ခြေထောက်ရွာ၏တောင်ဘက် ဆင်လူးရွာ၏ အနောက်ဘက်(ရိုးမဘက်)တွင် ချောင်းသာဟုခေါ်သည့် ချောင်းလက်တက်တစ်ခု ရှိပါသည်။
ထိုအနီးတွင် လယ်မြောင်ဟုခေါ်သည့် လယ်ကွင်းရှည်မြောမြောတစ်ကွင်း ရှိပါသည်။ လယ်မြောင်ဆိုသည်မှာ ဘေးတစ်ဖက်တစ်ချက်တွင် တောင်ကုန်းတန်းကလေးများရှိသည့်လယ်ကို ခေါ်ပါသည်။
လယ်မြောင်၏အနီး ကုန်းစောင်းတွင် စားပင်သီးပင်များနှင့် မြက်ခင်းများရှိသဖြင့် ညနေပိုင်းနှင့် နံနက်ပိုင်းတို့တွင် တောကောင်များ လာရောက်စားသောက်လေ့ရှိပါသည်။ တစ်ခါတစ်ရံတွင် ဆတ်အုပ်သည် နွားအုပ်နှင့်အတူ ရောနှောတတ်ပါသည်။
ချောင်းသာ ချောင်းလက်တက်သည် ဆယ်ပေခန့်သာကျယ်ပြီး ဇောက်မှာပေနှစ်ဆယ်ခန့်ဖြစ်သဖြင့် ဆက်သွယ်ရေးမြောင်းကဲ့သို့ ဖြစ်နေပါသည်။ သို့သော်လည်း ချောင်းအတွင်းနှင့် အပေါ်တစ်ဖက်တစ်ချက်တွင် ကျောက်တုံးကျောက်ခဲများ မရှိသဖြင့် သွားလာရေး လွယ်ကူပါသည်။
ချောင်းအတိုင်း အပေါ်မှသွားရင်း ကုန်းဇောင်းနှင့် ကွင်းစပ်တွေကို မြင်နေရပါသည်။ အမဲတွေ့လျှင် လေအောက်မှကပ်သွားပြီး အနီးကပ်ပစ်မည် ဖြစ်ပါသည်။
မုဆိုးများသားကောင်ကို စိတ်ကြိုက်အပိုင်ပစ်နိုင်သည့် အနေအထားပင် ဖြစ်ပါသည်။ ဒေါင်းများသည် အိပ်တန်းမဆင်းကြသေးဘဲ
“အိုးဝေ … ကရော့၊ အိုးဝေ … ကရော့”
ဟု တွန်မြည်နေကြဆဲပင်ဖြစ်ပါသည်။
ဦးဘိုးစသည် စောသေးသည်ဟု ယူဆပြီး လယ်တဲတစ်တဲပေါ်တွင် တက်ပြီး ဆေးလိပ်သောက်ရင်း သားကောင်ကို ချောင်းနေပါသည်။
မလွှပင်အောက် လယ်ကွင်းစပ်တွင် ဂျီ(ချေ) တစ်ကောင်ကို တွေ့လိုက်ရသဖြင့် အနီးကပ်ပစ်ရန် ခြေသံလုံလုံဖြင့် လေအောက်မှ ချဉ်းကပ်သွားပါသည်။ ခါတိုင်းပစ်နေကျနေရာမှ အပိုင်ပစ်ရန်မျက်ကွယ်ကိုယူပြီးသွားရာ ဂျီသည် ချောင်းထဲသို့ ဆင်းပြေးပြီး ပျောက်ကွယ်သွားပါသည်။
ဒီဂျီကိုရအောင်ပစ်မည်ဟု ဆုံးဖြတ်ကာ ချောင်းသာချောင်းနှင့် မအူချောင်းအကြားရှိ ကျောပေါ်သို့ တက်သွားပြီး ဂျီသွားတတ်သည့်နေရာကို ဖြတ်လိုက်ပါသည်။
ခြေသံလုံလုံနှင့် တစ်နာရီခန့် ဆက်လျှောက်ခဲ့သော်လည်း မည်သည့်အမဲကောင်ကိုမျှ မတွေ့ ရသဖြင့် ခေတ္တနားရင်း ဆေးလိပ်သောက် နေပါသည်။
လေတိုက်ရာကိုကြည့်ပြီး ဆက်လိုက်ရမည့်လမ်းကြောင်းကို စဉ်းစားနေစဉ် မအူချောင်းအထက်ဘက်မှ ဂျီတစ်ကောင် လန့်ပြေးရင်း ဟောက်သည့်အသံကို ကြားလိုက်ရပါသည်။ ဂျီသည် ပြေးရင်းနှင့် အသံပျောက် သွားပါသည်။
မအူချောင်းထဲတွင် ကျောက်တုံးကျောက်ခဲများ ပေါပြီး ရေလည်းရှိပါသည်။ ချောင်းတစ်ဖက်တစ်ချက်တွင် စားပင်များလည်း ပေါပါသည်။ ထို့ကြောင့် ဦးဘိုးစသည် ချောင်းအတိုင်းဆန်တက်ပြီး မျက်စိရှင်ရှင်နှင့် သားကောင်များကို ရှာဖွေနေပါသည်။
မအူချောင်းအတိုင်း ဆက်လျှောက်လာရာ အတက်လမ်းကောင်းသည့်နေရာအရောက်တွင် ဂျီခြေရာများနှင့် ဝက်ခြေရာများ တော်တော်များများ ကို လတ်လတ်ဆတ်ဆတ် တွေ့ရှိရပါသည်။
အတက်လမ်းကောင်းသည့် ချောင်းပေါက်တစ်နေရာမှ ကျောပေါ်ကိုတက်ပြီး ပတ်လမ်းအတိုင်း သေနတ်ကိုအသင့်အနေအထားတွင်ကိုင်လျက် တဖြည်းဖြည်း တက်သွားပါသည်။
ကိုက်ငါးဆယ်ခန့်အကွာရှိ ကျောက်တုံးကြီးဘေးမှ ရိပ်ခနဲ့လှုပ်ရှားမှတစ်ခုကို မြင်လိုက်ရသဖြင့် သတိဖြင့် တဖြည်းဖြည်းလျှောက်သွားရင်း ကြည့်ရာတွင် မည်သည့်အကောင်ကိုမှ မတွေ့ရတော့ပါ။ ပတ်ဝန်းကျင်မှ အခြေအနေကို သေချာစွာလေ့လာပြီး လှုပ်ရှားမှုကိုတွေ့ လိုက်ရသည့်နေရာသို့ သွားကြည့်ရာတွင် ကျားခြေရာလတ်လတ်ဆတ်ဆတ်များကို တွေ့ပါသည်
ဦးဘိုးစသည် မမျှော်လင့်ဘဲ ကျားခြေရာလတ်လတ်ဆတ်ဆတ်ကို တွေ့သဖြင့် အတော်လေးစိုးရိမ်လာပြီး ပို၍ဂရုစိုက်လာပါသည်။ စောစောက ဟောက်သည့် ဂျီသည် ကျားကိုမြင်ပြီး သို့မဟုတ် အနံ့ရပြီး နောက်ကြောင်း ပြန်လှည့်ပြေးသည်ဟု ယူဆရပါသည်။
ဦးဘိုးစသည် ခပ်သုတ်သုတ် တောင်ကျောပေါ်သို့ တက်လိုက်ရာ ရှေ့ ကိုက်တစ်ရာခန့်အကွာမှ ရှဉ့်များ လှုပ်လှုပ်ရှားရှား တွတ်သံကို ကြားရပါသည်။ ရှဉ့်များသည် သူတို့မနှစ်သက်သည့်အကောင်ကို မြင်ပြီး တွန်မြည်နေကြပါသည်။ သာမန်မြည်သည့်အသံမျိုး မဟုတ်ပါ။
ဦးဘိုးစသည် ဂျီကိုပဲလိုက်ရန် ဆုံးဖြတ်ချက်လိုက်ပါသည်။ ဂျီသည်ခုတင်ချောင်းကိုကျော်ပြီး ကျောပေါ်တက်ကာ အင်မကြင်းတောဘက် သို့ တက်မည်ဟု ယူဆရပါသည်။
မအူချောင်းကျောမှ ကျောမကြီးပေါ်သို့ ခပ်သုတ်သုတ်လျှောက်ပြီး ခုတင်ချောင်းရဲ့ လက်တက်နှစ်ခု သုံးခုကိုကျော်၊ ခုတင်ချောင်းထဲဆင်းပြီး ချောင်းလက်ထက်တစ်ခုမှ ကျောပေါ်ပြန်တက်ရာ အင်ကြင်းတောင်သို့ သွားသည့်လမ်းပေါ် ရောက်ပါသည်။
ထိုအချိန်သည် တစ်နာရီခန့်ကြာပြီးအတော်လေးမောပြီး ဆာလောင်နေပါသည်။ ရေကတော့ ချောင်းထဲမှာတုန်းက သောက်ခဲ့ရလို့ အဆင်ပြေပါသည်။
ဂျီ၏အစအန ပျောက်သွားသဖြင့် ဦးဘိုးစသည် “မုဆိုးချိန်သီး လွဲတဲ့နေ့ပဲ”ဟု တစ်ဦးတည်းရေရွတ်ကာ မှတ်ချက်ပြုလိုက်ပါသည်။
“မုဆိုးချိန်သီး လွဲသည့်နေ့” ဆိုသည့်မှာ တစ်နေကုန် တောလည်ထွက်ပြီး မည်သည့်အမဲမှမရသည့်နေ့ကို ဆိုလိုပါသည်။
ဦးဘိုးစ အမဲလိုက်ရာတွင် ဤနေ့မျိုး အလွန်ကြုံခဲ့ပါသည်။ မုဆိုးများအဖို့ ဤကဲ့သို့သော နေ့မျိုးမှာ ခြေကုန်လက်ပန်းကျကာ ဆာလောင်ပြီး အလွန်မောသည့်နေ့မျိုး ဖြစ်ပါသည်။
ကံကောင်းပါက ဝါးခုတ်သမားများ၊ ယာတဲများနှင့် ကြုံရပါက စားရေးအတွက် အဆင်ပြေပြီး သားကောင်များ၏ သတင်းကိုပါ ရရှိပြီး အားတက်ကာ ဆက်လိုက်ပါက “အိမ်ပြန်မျက်နှာကောင်းရသည့်” အမဲတစ်ကောင် သို့မဟုတ် အများ ရရှိတတ်ပြန်ပါသည်။
သို့သော်လည်း ကျောပေါ်ရောက်နေပြီး တောမှာလည်း အတော်နက်နေသောကြောင့် ထိုအတွေးသည် လုံးဝမဖြစ်နိုင်တော့ပါ။
ဦးဘိုးစသည် ခေတ္တနားပြီး ဆေးလိပ်သောက်ကာ တွေ့သည့်အကောင်ကို ပစ်မည်ဟုဆုံးဖြတ်၍ ပတ်လမ်းအတိုင်းဆင်းပြီး ဆင်ခြေလျှော ဖြစ်နေသည့် တောင်ကမ်းပါးယံတစ်လျှောက် ဖြည်းဖြည်းမှန်မှန် လျှောက်သွားပါသည်။
နာရီဝက်အကြာတွင် ရှေ့ကိုက်တစ်ရာခန့်မှ ကျားနှင့် ဝက် တိုက်ခိုက်နေသည့်အသံများကို ကြားနေရပါသည်။ ကျားဟိန်းသံ၊ ဝက်အော်သံနှင့် တိုက်ပွဲအသံတို့မှာ တဝုန်းဝုန်း ဖြစ်နေပါသည်။
မာန်ဖီသံ၊ နှာမှုတ်သံတို့ကို ကြာနေရခြင်းဖြင့် ဤပွဲသည် သားကောင်ကြီးနှစ်ကောင်တို့ သူသေကိုယ်သေတိုက်နေကြသည့်ပွဲ ဖြစ်နေသည်မှာ သေချာပါသည်။
“မုဆိုးချိန်သီး မလွဲဘူးဟ” ဟု တွေးကာ ကျည်တစ်တောင့်ဖြင့် အမဲနှစ်ကောင်ရတော့မည်ဆိုသည့်အတွေးသည် ဦးဘိုးစခေါင်းထဲသို့ ရောက်ရှိလာပြီး ခပ်သုတ်သုတ်ချဉ်းကပ်သွားပါသည်။
မြင်ကွင်းကောင်းသည့်နေရာကို ရှာသော်လည်းမတွေ့သဖြင့် အသံတွေကြားနေရသည့်နေရာ တည့်တည့်ရှိ ကျောက်တုံးကြီးလေးလုံးခန့် ဆင့်နေသည့်နေရာကို တွေ့လိုက်ပါသည်။
ကျောက်တုံးကြီးများမှာ ဆင့်ပြီးစီထားသကဲ့သို့ဖြစ်ပြီး အောက်ပိုင်းတွင် ဂူသဖွယ်ဖြစ်ကာ အပေါ်ပိုင်းတွင် ခုတင်သဖွယ် ဖြစ်နေပါသည်။
ဂူ၏အကျယ်မှာ ငါးပေခန့်ရှိပြီး ခုတင်၏အကျယ်မှာ သုံးပေခန့်ရှိပါသည်။ ထို့ကြောင့် နွေရာသီတွင် ရေနှင့်နီးသည့် ဂျီအိပ်တန်းဖြစ်နေပါသည်။ ဦးဘိုးစသည် ခြောက်သွေ့ ပူပြင်းသည့် နွေရာသီသို့ရောက်ပါက ဤနေရာမှ သုံးလေးရက်ခြား ဂျီတစ်ကောင်ရနေကျဖြစ်ပါသည်။
ဦးဘိုးစသည် ခဲခဲယဉ်းယဉ်း ကျောက်တုံးကြီးများကို တွယ်တက်ရာတွင် အပေါ်ဆုံးတစ်ဆင့် တစ်ဆယ့်ငါးပေခန့်မြင့်သည့်နေရာသို့ ရောက်သွားပါသည်။
ဦးဘိုးစ ကျောက်ခုတင်ပေါ်သို့ ရောက်သည့်အချိန်တွင် သူ့ထက်ဦးသည့် ပွဲကြည့်ပရိတ်သတ်တစ်ဦးအား အံ့သြထိတ်လန့်စွာ တွေ့လိုက်ရပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ ရိုးမမုဆိုးကြီးများ လွန်စွာကြောက်ရွံ့ကြသည့် ဝိနီးဒိုးကြီးပင် ဖြစ်ပါသည်။
ဝိနီးဒိုးကြီးသည် ရှေ့ဘက်နှစ်ဖက်ထောက်ပြီး ကျားနှင့်ဝက်တို့ တိုက်ပွဲကို ဇိမ်ခံပြီး ကြည့်ရှုနေပါသည်။ ဦးဘိုးစသည် ကြောက်အားလန့်အားနှင့် အသက်လုကာ ဝိနီးဒိုးကြီးကို ရှိသမျှအားကို အကုန်သုံးပြီး သေနတ်ဒင်ဖြင့် အောက်သို့ ထိုးချလိုက်ပါသည်။
ရုတ်တရက် ကျရောက်လာသည့် ဝိနီးဒိုးကြီးအား အသစ်ဝင်ရောက်လာသည့် ရန်သူဟု ယူဆကာ ကျားနှင့် ဝက်တို့သည် သူတို့၏တိုက်ပွဲကို ခေတ္တရပ်နားပြီး ဝီနီးဒိုးကြီးအား ဝိုင်းဝန်းတိုက်ခိုက်ကြပါသည်။
ကျားက ဦးခေါင်းနှင့် ရင်ဘတ် ကျောတို့ကို ကုတ်ဖဲ့ပြီး ဝက်က ဝမ်းဗိုက်ကို ပြေးပက်ပါသည်။ ချက်ချင်းပင် ဝက်သည် ကျား၏ ဝမ်းဗိုက်ကို အားကုန် ပက်ချလိုက်ပြန်ပါသည်။ ကျားသည် ဝိနီးဒိုးအား တိုက်ခိုက်နေရာမှ ဝက်၏ လည်ကုပ်ကို တအားကိုက်ချလိုက်ပြန်ပါသည်။
တိုက်ပွဲသည် အလွန်ကြမ်းပြီး အလွန်ဆူညံနေပါသည်။
ဝိနီးဒိုးကြီးသည် ကျားကုတ်ထာသည့် ဒဏ်ရာကြောင့် ဦးခေါင်း၊ ရင်ဘတ်နှင့် ကျောတို့တွင် ဒဏ်ရာများရကာ သွေးသံရဲရဲနှင့် စုတ်ပြတ်နေပြီး ဒယိမ်းဒယိုင် ဖြစ်နေပါသည်။
ဝိနီးဒိုးကြီးသည် “ဂူးဂဲ … ဂူးဂဲ” ဟု မြည်ကာ လဲသွားလိုက်၊ ကုန်းထလိုက် ဖြစ်နေပါသည်။ ကျားနှင့် ဝက်တို့မှာ လှုပ်ရှားမှုမရှိကြတော့ဘဲ ငြိမ်သက်နေကြပါသည်။
ဝက်ပက်ထားသည့် ဒဏ်ရာကြောင့် ဝိနီးဒိုးကြီးမှာ ဝမ်းဗိုက်မှ အူများ ထွက်နေသည်ကို လက်တစ်ဖက်ဖြင့်ပိုက်ရင်း ဦးဘိုးစကို မော့ကြည့်နေပါသည်။
ဦးဘိုးစသည် သူ့အား မကြာမီ ရန်ပြုလာမည့် ဝိနီးဒိုးကြီး၏ ဦးခေါင်းကို ချိန်ကာ ပစ်ချလိုက်ရာ ဝိနီးဒိုးကြီးမှာ နေရာတွင်ပင် လဲကျကာ ဇီဝိန်ချုပ်သွားပါသည်။
ကျားနှင့်ဝက်ကို ကြည့်လိုက်ရာတွင် ငြိမ်နေကြသဖြင့် သေလောက်ပြီး သို့မဟုတ် မကြာမီသေတော့မည်ဟု ဦးဘိုးစ တွက်ဆလိုက်ပါသည်။
ကျည်တစ်ထောင့်ဖြင့် အမဲကြီးသုံးကောင်ရလိုက်သဖြင့် ဆရာ ဦးစောဒေးဗစ်အတွက် အသားသုံးမျိုးစလုံး ဟင်းရမည့်အပြင် ကျားရေ ဝက်စွယ်နှင့် ဝံသည်းခြေများကိုပါ လက်ဆောင်ပေးနိုင်မည့်အရေးကို တွေးကာ ဦးဘိုးစသည် ပီတိဖြစ်နေပါသည်။
မိမိရောက်နေသည့်နေရာသည် ဝိနီးဒိုးမှတစ်ပါး အခြားအန္တရာယ်ပြုနိုင်မည့်အကောင်များ တက်မလာနိုင်သည်ကိုသိပြီး အေးအေးဆေးဆေးဖြစ်ကာ စိတ်ချလက်ချ ရှိနေပါသည်။
သေနတ်သံကြားပါက သူ၏တပည့်ကျော်များ လိုက်လာကြတော့မည်ကို သိနေပါသည်။ ထို့ကြောင့် အလွန်မောပန်းနွမ်းနယ်နေပြီး အလွန်ဆာလောင်မွတ်သိပ်နေသောကြောင့် အောက်သို့ပင်မဆင်းတော့ဘဲ ကျောက်ခုတင်ပေါ်မှာပင် မှေးရင်းနှင့် အိပ်ပျော်သွားပါသည်။
တပည့်ကျော် ကိုဘိုကေနှင့်အဖွဲ့တို့ ရောက်လာမှ သူတို့အသံကိုကြားပြီး အိပ်ရာမှ လန့်နိုးလာပါသည်။ ကျားသည် ဝက်ကိုခဲထားသဖြင့် ပါးစပ်ကို သပ်ဖြင့်ရိုက်ပြီး ဝက်ကို ဆွဲထုတ်ရပါသည်။
ထိုနေ့ စောစောပိုင်းက မုဆိုးချိန်သီးလွဲနေသည့်ဟု သတ်မှတ်ခဲ့သည်ကို မုဆိုးချိန်သီး အလွန်မှန်သည့်နေ့ဟု အမှားပြင်ကာ ပြန်လည်သတ်မှတ်ရင်း ဦးဘိုးစသည် တစ်ဦးတည်း ပြုံးမိပါတော့သည်။
ကွယ်လွန်သွားပြီးဖြစ်သည့် ရိုးမမုဆိုးကြီး ဦးဘိုးစကို ဂုဏ်ပြုသောအားဖြင့် ဤစာတန်းကို သူပြောပြသည့်အတိုင်း ပြန်လည်ရေးသား တင်ပြလိုက်ရပါသည်။
– ပြီး –
စာရေးသူ – ဗိုလ်လုံ