မြစိမ်းရောင်တောင်တန်းကြီးအထက်မှ တောင်ထွတ်ကြီးသည်မိုးမြင့်ပြင်သို့ စွင့်စွင့်ဝင့်ဝင့်တက်လျက်ရှိ၏။
မြင့်မားသော ကညင်၊ အင်ကြင်း စသည့် အပင်ကြီးများကား နေပြောက်မထိုးအောင် မှိုင်းအုပ်လျက်ရှိပြီး သတ္တဝါများအနေဖြင့် ယင်း သစ်ရိပ်ဝါးရိပ်အောက်တွင် ပျောက်ကွယ်လျက် ရှိနေတော့၏။
အချိန်ကား နံနက်(၈)နာရီဖြစ်သည်။
လူတစ်စုသည်လတောင်ထွတ်ကြီး၏ တောင်ခြေတိရစ္ဆာန်သွားလမ်းအတိုင်း သွားလျက်ရှိသည်။ လူတစ်စုဆိုလင့်ကစား လူသုံးယောက်တည်းသာ ဖြစ် သည်။
ထိုနေရာသည် အမ်းမြို့နှင့် မြေပုံမြို့အကြား ဂန္ဓာမည်သော တောင်ကြီးနှင့် တောင်တန်းဖြစ်၏။
သူတို့အထဲတွင် ခေါင်းဆောင်လုပ်လာသူကား မုဆိုးကြီးထန်လိမ်းဖြစ်ကာ အဖွဲ့ဝင်အဖြစ် ဗိုလ်မင်းဆွေနှင့် ရခိုင်မျိုးချစ်ပြောက်ကျားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဗိုလ်သာကျော်တို့ဖြစ်၏။
အထူးသဖြင့်ကျောက်လက်ဝါးလွင်ထဲတွင် ပြောင်နှင့် တောဆိတ်အချို့ ကျက်စားနေကြောင်း သတင်းရသဖြင့် အမဲပစ်ရန်ထွက်လာကြခြင်းဖြစ်၏။
ဗိုလ်မင်းဆွေမှာဗမာ့တပ်မတော်မှ ရခိုင်မျိုးချစ်ရဲဘော်များနှင့် ဆက်သွယ်ရန် ရောက်နေခြင်းဖြစ်၏။
အချိန်အခါမှာ ၁၉၄၄-ခုနှစ် အတွင်းဖြစ်သည်။ ဂျပန်စစ်တပ်များ အင်ဖာစစ်မြေပြင်မှ ဆုတ်ခွာနေရသလို ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဘက်တွင်လည်း ဂျပန်တပ်မ အမှတ်(၅၄)နှင့် ဗြိတိသျှတပ်မအမှတ် (၁၅)နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသော အချိန်ပင် ဖြစ်သည်။
ကျောက်လက်ဝါး …
ဤရိုးမကြီးအတွင်းတွင်ရှိသော ကျောက်တောင်ကြီးတစ်တောင်ဖြစ်သည်။ ကျောက်နံရံမှာ လက်ဝါးလက် ချောင်းပမာရှိနေသဖြင့်ဘ“ကျောက်လက်ဝါး”ဟု ခေါ်ကြ၏။ တောကျွမ်းကျင်သော ရခိုင်၊ မြန်မာ၊ ချင်းအမျိုးသားပင် မသိကြချေ။
နံနက် (၈)နာရီခွဲလောက်တွင် တောင်ခြေကို ကွေ့ပတ်သွားရသည့် တောင်ခါးပန်းလမ်းသို့ ရောက်လာ၏။ တောင်ခါးပန်းလမ်းမှာ လူတစ်ယောက် တိရစ္ဆာန်တစ်ကောင်လျှောက်နိုင်သည့် လမ်းဖြစ်သည်။ ကျောက်တုံး ကျောက်သားများ သဘာဝအလျောက်တည်ရှိနေပြီး တစ်ဖက်တွင် တောင်နံရံကြီးဖြစ်လျက် တစ်ဖက်က အလွန်နက်သော ချောက်ကြီးဖြစ်သည်။ ချောက်ကြီးအောက်မှ ဝါးရုံနှင့် သစ်ပင်များကိုင်းဖျားများက ထိုလမ်းကလေးတစ်ဝက်တွင် ရောက်ရှိနေ၏။ မျောက်အော်သံများ ကြားနေရသည်။
“မိတ်ဆွေကြီးရေ ဒီလမ်းကနေပြီး အမဲတစ်ကောင် ရရင်တောင် ဖျက်ယူဖို့ မလွယ်ပါလား”
ဗိုလ်မင်းဆွေက ပြောလိုက်သဖြင့် မုဆိုးကြီးထန်လိမ်းက
“ဒီလမ်းက တစ်ကွေ့လောက်သွားပြီး တောင်မကြီး တောင်ကြောလမ်းကို ရောက်မှာပါ”
ဟု ထန်လိမ်းက ပြောလိုက်၏။
ထန်လိမ်းသည် မျောက်တစ်ကောင်ပမာ ရှေ့မှအလျင်အမြန် သွားနေသဖြင့် အမဲပစ်လက်နက်ကြီးများပါသော ဗိုလ်မင်းဆွေတို့အဖို့ အသည်းတယားယားဖြင့် အတော်ပင်ကြိုးစားကာ နောက်မှလိုက်နေရ၏။
မုဆိုးကြီး ထန်လိမ်းပြောလိုက်သော တစ်ကွေ့မှာ အဆင်းအတက်များပြီး နာရီဝက်ကျော်ကျော်သွားပြီးမှ တောင်ကြောလမ်းကျယ်နှင့် စမ်းချောင်းကြီးတစ်ချောင်းရောက်လာသည်။
မုဆိုးကြီးထန်လိမ်းက –
“ဒီစမ်းချောင်းက ဖောင်နဲ့မျှောသွားရင်း ကျောက်ဖလူးနားကို ရောက်ပါတယ်။လမ်းသိအောင် ဖြတ်လမ်းက ခေါ် လာတာပါ”
ယင်းနောက် ကျောက်လက်ဝါးတောင်ကြီးကို လက်ဖြင့်ညွန်ပြလိုက်သည်။
လက်ချောင်းများပမာ တောင်နံရံတွင် ထိုးထိုးထောင်ထောင် ရှိနေသည့် ကျောက်လက်ဝါးတောင်ကြီးပင်ဖြစ်သည်။
“အစ်ကို အင်္ဂလိပ်တွေ လျှို့ဝှက်ထားခဲ့တဲ့လက်နက်တွေ ဒီကျောက်လက်ဝါးနားမှာ ရှိတယ်ဆိုတာ သိရတယ်။ အစ်ကို တွေ့ဖူးသလား”
ဗိုလ်သာကျော်က မုဆိုးကြီးထန်လိမ်းအား မေးလိုက်သဖြင့် –
“ကျုပ်လည်း ကြားတာပဲရှိတယ် အစ်ကို။ ဒီလက်နက်တွေကို အင်္ဂလိပ်တွေစစ်ဆုတ်တဲ့အခါ မြင်းတပ်နဲ့ဒီဘက်ကိုလမ်းပြတစ်ဦးက လမ်းပြရင်း ရောက်ခဲ့တာတဲ့။ လက်နက်တွေကို ကျောက်လက်ဝါးဂူတစ်ဂူထဲ မြှုပ်ထားခဲ့တယ်လို့ ပြောတယ်”
သူတို့သည် တောင်ကြားလမ်းအတိုင်း လာရာက ကျောက်လက်ဝါးတောင်ခြေသို့ ရောက်လာကြသည်။ ကျောက်လက်ဝါးဆိုသည့်အတိုင်း သဘာဝအလျောက် မိုးရေတိုက်စားရာမှ လက်ဝါး လက်ချောင်းများပမာ ဖြစ်ပေါ်နေခြင်းဖြစ်၏။
သူတို့သည်တောင်ခြေစမ်းချောင်းအထက် ကိုက်ငါးဆယ်ခန့်ရှိ ကျောက်လက်ဝါးတောင်အောက်ခြေတွင် စခန်းချလိုက်၏။ ယခုအခါမှ စိတ်ရောကိုယ်ပါ အနားယူလိုက်ရသလို နံနက်စောစော စားထားသည့် ထမင်းဟင်းများပျောက်၍ ဆာလောင်လာတော့သည်။
ယင်းအချိန်မှာပင် မုဆိုးကြီးထန်လိမ်းက ကျောက်လက်ဝါးလွင်ထဲသို့ ရောက်လာသည့် ပြောင်နှင့် စိုင်အုပ် တစ်အုပ်အား ညွှန်ပြလျက် –
“ပြောင်နဲ့စိုင်ကို နှစ်ကောင်လောက်ပစ်ယူပြီး အေးအေးဆေးဆေး ပြန်ကြတာပေါ့”
ယင်းသို့ပြောကာ အလျင်အမြန် ကျောက်လက်ဝါးအထက် ကျောက်တုံးများအား တွယ်တက်ပြီးနောက် ပျောက်သွားသည်။ မကြာမီ ကျောက်လက်ဝါး အထက်ဆီမှ ခြင်းကြီးတစ်လုံး ကြိုးဖြင့် ကျလာရာ ဗိုလ်သာကျော်က လှမ်းယူလိုက်သည်။
ခြင်းကြီးထဲတွင် အမဲခြောက်များ၊ ပြောင်းစေ့များ၊ ဝါးဘူးနှင့်ထည့်ထားသည့် ဆားပါလာသည်။ ဗိုလ်သာကျော်က ဗိုလ်မင်းဆွေကိုပြောလိုက်သည်။
“မုဆိုးကြီးထန်လိမ်းက တောထဲမှာ အနေများတော့ သူတို့ရိက္ခာတွေကို နေရာအနှံ့ ခွဲထားတယ်ဗျ။ ကျောက်လက်ဝါးဟာ သူ့ရဲ့ရိက္ခာထားတဲ့စခန်းလည်း ဖြစ်တယ်။ အမဲလိုက်ရာမှာလည်း ဒီနေရာက ပိုလွယ်တယ်ဗျ”
ယင်းအခိုက်
“ဝူး .. ဝူး”
ဟူသော အချက်ပေးသံထွက်လာသည်။
“ဝူ … ဝူ … ဝူ”
ကျောက်လက်အထက်ဆီမှ ပြန်လည်အချက်ပေးလိုက်သည့်အသံ ပေါ်ထွက်လာသည်။
ဗိုလ်သာကျော်က ခြင်းကြီးထဲမှ ရိက္ခာများယူပြီးနောက် ကြိုးကိုလှုပ်လိုက်ရာ ခြင်းကြီးသည် တရွေ့တရွေ့ အပေါ်သို့ တက်သွားတော့၏။
ယင်းအခိုက်အသက်(၁၈)နှစ်ခန့်ရှိ လူငယ်တစ်ဦး တောင်ကြောလမ်းအတိုင်း ပေါ်ထွက်လာသည်။ သူသည် မုဆိုးကြီးထန်လိမ်း၏သား ကေဆန်းပင်။
ကေဆန်းသည် ရိက္ခာနှင့် ပစ္စည်းထည့် ခြင်းကြီးတစ်လုံး ကျောတွင်လွယ်၍ထားသည်။ယင်းအခိုက်ထန်လိမ်းတစ်ယောက် ကျောက်လက်ဝါးတောင်ပေါ်မှ အလျင်အမြန် ဆင်းလာသည်။
“ကေဆန်း မင်း ဘာရလာသလဲ”
ကေဆန်း အနားရောက်လာသည်နှင့် မုဆိုးကြီးထန်လိမ်းက မေးလိုက်ခြင်းဖြစ်သည်။ ကေဆန်းသည် သူ၏ကျောတွင် လွယ်ထားသောခြင်းကြီးကို ဖြုတ် လိုက်ပြီး အထဲမှ သတ္တဝါတစ်ကောင်ကို ဆွဲထုတ်လိုက်၏။ ခြင်းကြီးထဲမှ ဆွဲထုတ်လိုက်သောသတ္တဝါမှာ ထူးထူးခြားခြား ရရှိလာသည့် တောင်လိပ်ကြီးတစ် ကောင် ဖြစ်သည်။
“သူ့ကို လမ်းမှာတွေ့လို့ ကျွန်တော် ကောက်ယူလာတာ အဖေ”
“တို့မှာ စားစရာတွေ ရှိပါတယ်ကွာ။ လွှတ်ပစ်လိုက်ပါ”
တောင်လိပ်ကြီးသည် ပက်လက်လှန်ထားသဖြင့် ယက်ကန် ယက်ကန်နှင့် ဖြစ်နေသည်။
ကေဆန်းက တောင်လိပ်ကြီးကိုဆွဲ ယူကာ ချုံကြီးတစ်ချုံဘေးသို့ ချထားလိုက်သည်။ လိပ်ကြီးသည် အလျင်အမြန်ပင် တောအတွင်းသို့ ဝင်ရောက်သွားတော့၏။
“ကေဆန် ပြောင်းဆန်နဲ့ အသားတွေ ပြုတ်ထား။ ငါတို့ ပြောင်သွားလိုက် ဦးမယ်”
ထန်လိမ်းက သူ့သားအား မှာထားကာ ဗိုလ်သာကျော်နှင့် ဗိုလ်မင်းဆွေကိုခေါ်၍ ကျောက်လက်ဝါးမြောက်ဘက်လွင်ပြင်သို့ ထွက်လာသည်။ ကျောက် လက်ဝါးတောင်နှင့် တောင်တန်းသည် ဂန္ဓာတောင်တန်းအတွင်းတည်ရှိနေခြင်း ဖြစ်သည်။
ပေပေါင်းငါးထောင်ကျော်မြင့်သည့် တောင်တန်းကြီးဖြစ်ပြီး တောတောင်အတွင်း သစ်ပင်ကြီးများ မြင့်မားသလောက် တောကောင် သားကောင်များ ပေါများလှသည်။
ဗိုလ်မင်းဆွေသည် ဗြိတိသျှ ဒဿမ ၃ဝ၃ရိုင်ဖယ်နှင့် ဒဿမ ၄၅ခြောက်လုံးပြူးတစ်လက်၊ ရှစ်လက်မခွဲရှိသည့် ဓားမြှောင်တစ်ချောင်းပါသလို ဗိုလ်သာကျော်က လည်း ဗြိတိသျှ ဒဿမ ၃ဝ၃ ရိုင်ဖယ်၊ ကိုးမီလီမီတာ ပစ္စတိုတစ်လက်၊ အမဲလိုက်ဓားမြှောင်၊ လျှော်ကြိုးခွေတစ်ချောင်း ပါသည်။ မုဆိုးကြီးထန်လိမ်းမှာ ဒူးလေးနှင့် အမဲပစ်ဓားတိုတစ်ချောင်း ပါရှိ၏။
လွင်သို့ရောက်ရန် တဖြည်းဖြည်းနှင့် အောက်သို့ ဆင်းလာရသည်။ ကျောက်ကမ်းပါးနံဘေးမှ ကွေ့ဆင်းလာတော့ တောင်ကြောလမ်းအတိုင်း အောက်သို့ ဆင်းလာစဉ် မုဆိုးကြီးထန်လိမ်းက ဗိုလ် သာကျော်တို့အား အသံပြုလိုက်၏။
လူလောက်နီးပါးရှိသည့် ဝက်ဝံကြီးနှစ်ကောင် တောင်ကမ်းပါးယံလမ်းကွေ့မှ ပေါ်ထွက်လာခြင်းဖြစ်၏။ ဝက်ဝံကြီးများကလည်း ထန်လိမ်းတို့အား ရင်ဆိုင်တွေ့လိုက်ရပြီးနောက် အော်လိုက်၏။
“ဝူး … ဝူး”
ထန်လိမ်းသည် ကျောက်ကမ်းပါးယံကြီးပေါ် ပြေးတက်သွား၏။ ထန်လိမ်းကို ဝက်ဝံကြီးများက မော့ကြည့်လိုက်ကြသည်။
“ဂရူး- ဂရူး- ဂရူး”
ဝက်ဝံကြီးများက အော်လိုက်ခြင်းမဟုတ်။ ထန်လိမ်းက အော်လိုက်ခြင်းဖြစ်၏။ ဝက်ဝံကြီးများသည် အလျင်အမြန်ပင် ကျောက်ကမ်းပါးကြီးအောက်သို့ ဆင်းသွားကြသည်။ ဗိုလ်သာကျော်က
“ထန်လိမ်းဟာ ဝက်ဝံကြီးတွေ လမ်းပြောင်းသွားအောင် လုပ်နိုင်တာတော့ ချီးကျူးစရာပဲဗျို့။သူကတောထဲမှာအနေများတော့ သားကောင်အကြောင်း သိထားတာများတယ်”
ယင်းအခိုက် ထန်လိမ်း ကျောက်ကမ်းပါးမှ ဆင်းလာလျက်ပြောလိုက်၏။
“ဝက်ဝံတွေဟာ ကျောက်ကမ်းပါးက သူတို့အသံမျိုးပေးလိုက်ရင် ရန်သူကို ရှောင်သွားတတ်တဲ့အကောင်မျိုးဗျ။ တကယ်တော့ သူတို့က မလွှဲသာမှ အန္တရာယ်ပြုတာပါ”
မုဆိုးကြီး ထန်လိမ်းက ပြောလိုက်စဉ် ကျောက်ကမ်းပါးယံအောက်တောင်ကြောလမ်းဆီမှ အသံများပေါ်ထွက်လာသည်။
တောဆင်ရိုင်းများ အသံများပင်။
တောဆင်ရိုင်းအကောင်သုံးဆယ်အုပ်သည် ဝါးတောကြီးအတွင်း တိုးဝင်သွားကာ ဝါးညွန့်များကို တဖြောင်းဖြောင်းနှင့် ချိုးစားနေကြ၏။
ပြောင်အုပ်နှင့် စိုင်အုပ်အချို့ လွင်ထဲမှနေ၍ ချောင်းဘက်သို့ ဆင်းသွားသည်။ မုဆိုးကြီးထန်လိမ်းနှင့် ဗိုလ်သာကျော်၊ ဗိုလ်မင်းဆွေတို့သည် ကျောက်ကမ်းပါးလမ်းမှ တောင်ကြော အောက်ခြေအထိ ဆင်းလာလျက် ပြောင်နှင့် စိုင်အုပ်များ ရေသောက် ရေကစားနေသည့်နေရာနှင့် ပေသုံးရာအကွာလောက်တွင် နေရာယူလိုက်ကြသည်။
စမ်းချောင်းအတွင်း ရေချိုးနေသော ပြောင်ပေါက်သုံးကောင်အနက် တစ်ကောင်ကို ဗိုလ်သာကျော်က ပစ်လိုက်သလို ပြောင်အုပ်နှင့် ကိုက်ငါးဆယ်ကွာတွင်ရှိသည့် စိုင်အုပ်ထဲမှ စိုင်တစ်ကောင်အား ဗိုလ်မင်းဆွေက ပစ်လိုက်၏။ ရိုင်ဖယ်သံများက တစ်တောလုံး ဟိန်းသွားသည်။
ဗိုလ်သာကျော်ပစ်လိုက်သည် ပြောင်ပေါက်ကြီးသည် စမ်းချောင်းဘေးမှာပင် တုံးခနဲ လဲကျသွားသည်။ ပြောင်များ တရုန်းရုန်းဖြင့် ထွက်ပြေးသလို စိုင်များလည်း ထွက်ပြေးသွားသည်။
ဗိုလ်မင်းဆွေပစ်လိုက်သည့် စိုင်ပေါက်ကြီးမှာ ဒယီးဒယိုင်ဖြင့် လဲကျသွားစဉ် ဝါးတောကြီးအတွင်းမှ ဆင်ရိုင်းများအသံက ဆူညံစွာ ပေါ်ထွက်လာတော့ ၏။
တောဆင်ရိုင်းများသည် ဝါးတောကြီးမှ တရုန်းရုန်းထွက်လာကာ အနောက်ဘက်ပေါက်တောင်တန်းဘက်သို့ ဆင်းသွားတော့၏။
ယင်းအခိုက် အော်သံအချို့ ကြားလိုက်ရသည်။
ဗိုလ်သာကျော်နှင့် ဗိုလ်မင်းဆွေအား မုဆိုးကြီး ထန်လိမ်းက အလျင်အမြန်ပင် ကျောက်ကမ်းပါးယံအပေါ်သို့တက်ရန်ပြောသဖြင့် ကျောက်တုံးများ၊ သစ်ပင်များကို ဆွဲ၍ အစွန်းထွက်နေသည့် ကျောက်ဆောင်ကြီးပေါ် တက်ခဲ့ကြ၏။
“ကျွီ – ဖူး – ဖူး”
ထိုအသံနှင့်အတူ မည်းနက်သည့် သတ္တဝါကြီးများတဝုန်းဝုန်းဖြင့် ဗိုလ်သာကျော်တို့နေခဲ့သော တောင်ကြားလမ်းအတိုင်း ပြေးဆင်းလာကြ၏။ အကယ်၍ တောင်ကမ်းပါးယံအထက်သို့ မတက် မိပါက ထိုသတ္တဝါရိုင်းများနှင့် တိုးမိမည်ဖြစ်၏။
ယင်းသတ္တဝါများကား ကျွဲရိုင်းကြီးများဖြစ်ပြီး ကောင်ရေတစ်ရာကျော် ဖြစ်သည်။
“ဒိုင်း …”
ဗိုလ်သာကျော်က ကျွဲရိုင်းတစ်ကောင်အား ပစ်ခတ်လိုက်၏။ ပစ်ခတ်ခံရသော ကျွဲရိုင်းသည် ပြေးလွှားရာမှ တုံးခနဲဖြစ်သွားပြီး ဝုန်းခနဲ လဲကျသွား သည်။ ကျွဲရိုင်းများသည် ခပ်စောစောက လွင်တစ်ဖက်တောထဲတွင် ရှိနေသည်။ သေနတ်သံကြောင့် ပြေးထွက်လာခြင်း ဖြစ်၏။
တောရိုင်းကောင်များအဖို့ တစ်ကောင်ပြေးမိလျှင် အုပ်စုလိုက်ပြေးတတ်သည်။ အုပ်စုခေါင်းဆောင်ကဦးဆောင်တိုက်လျှင်လည်း အသေခံတိုက်ခိုက်တတ်သည့် သတ္တဝါများဖြစ်၏။ ယခုတွေ့ရသည့် ပြောင်နှင့် စိုင်၊ ကျွဲရိုင်းများသည် အဆိုးဆုံးသော အရိုင်းသတ္တဝါများဖြစ်သည်။
မကြာမီ ထန်လိမ်း၏သား ကေဆန်း လိုက်လာရာ ရရှိထားသော ပြောင်တစ်ကောင်နှင့် စိုင်၊ ကျွဲတို့အား အလျင်အမြန်ဖျက်လိုက်၏။ ကေဆန်းသည် ပြောင်းနှင့် အမဲခြောက်များ ရောပြုတ်ထားသည့် အိုးကြီးကိုပါ ယူလာသဖြင့် စမ်းချောင်းဘေးမှာပင် လေးယောက် သားစားလိုက်ပြီးနောက် ရရှိသော အမဲရိက္ခာများသယ်ရန်အတွက် ထန်လိမ်းက ဝါးဖောင်လုပ်ရာ ဝိုင်းကူလိုက်သဖြင့် မကြာခင်ပြီးစီးသွားသည်။
ယင်းအချိန်တွင် ကေဆန်းက အသားများအား ခြင်းကြီးနှစ်ခြင်းတွင် ထည့်နေစဉ် လွင်ကြီးတစ်ဖက် ဝါးနှင့် ကျူတောကြီးအတွင်း “ဖူး… ဖူး… ဖူး” ဟူသော
အသံများကြားလိုက်ရသည်။
“ဝုန်း … ဝုန်း … ဝုန်း”
ရုတ်တရက်ကျူတောကြီးအတွင်းမှ မည်းနက်သည့် သတ္တဝါကြီးများ အလျင်အမြန်ပြေးထွက်လာလေသည်။
“ဟာ – ကျွဲရိုင်းအုပ်”
မုဆိုးကြီးထန်လိမ်း ပြောရင်း
“ဖောင်ပေါ်မြန်မြန်တက် အစ်ကိုရေ။ ဒီအုပ်က ပထမကျွဲရိုင်းအုပ်နဲ့ ဒုတိယအုပ် ပေါင်းပြီး တိုက်ခိုက်ရအောင် လာတာပဲ”
လွင်အတွင်းတွင် မြေမှုန့်များ တထောင်းထောင်းထလျက်ရှိသည်။ မြေမှုန့်နှင့် မည်းနက်သည့်အရောင်သည် ရောထွေးလျက်ရှိကာရှေ့ဆုံးကျွဲရိုင်းအုပ်ခေါင်းဆောင်မှာ လူတစ်ရပ်ကျော်ခန့် ရှိမည်ထင်ရသည်။
“ဖူး … ဖူး”
ကျွဲရိုင်းများ နှာခေါင်းမှုတ်သံ၊ “ကျွီ” ခနဲအော်သံ ဆူညံလျက်ရှိသည်။ အလျင်အမြန်ပင် အသားခြင်းများကို ဝါးဖောင်ပေါ်တင်လျက် ဖောင်ကို ကမ်းမှ ထိုးဝါးဖြင့် တွန်းထုတ်လိုက်ကြ၏။
စမ်းချောင်းသည် ပေတစ်ရာကျော်ခန့်ကျယ်၍ ရေစီးသန်သည်။ အလျင်အမြန်ပင် ဝါးဖောင်မှာ ရေစီးဖြင့် မျောဆင်းလာသည်။ ကျွဲရိုင်းအုပ်ကြီးနှင့်ကား လွတ်မြောက်သွားပါလေသည်။ ရေစီးသန်သလို ကျောက်ဆောင်များအား မုဆိုးကြီးထန်လိမ်းက ထိုးဝါးဖြင့်တွန်းကာ ရှောင်၍လာကြ၏။
စမ်းချောင်းသည် ကျောက်လက်ဝါးတောင်ခြေတွင် ကွေ့ပတ်စီးနေသလို တစ်နေရာတွင် သတ္တဝါကြီးအချို့အား တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားရသည်။
ယင်းသတ္တဝါများမှာ အလွန်ရှားပါးလှသည့် ကြံ့ကြီးသုံးကောင်တစ်အုပ်နှင့် မလှမ်းမကမ်းတွင် တောဆင်ရိုင်းဆယ်ကောင်အုပ်ဖြစ်သည်။
“သူတို့ထွက်ပြေးအောင် သေနတ်သံပေးလိုက်ရမလား”
ဗိုလ်သာကျော်က ထန်လိမ်းအား မေးလိုက်ရာ
“ဟာ မလုပ်နဲ့ အစ်ကို။ကျုပ် လုပ်ပြမယ်။ သူတို့ မိတ်ဆွေမှန်းသိအောင် ကျုပ်ပြမယ်”
ထန်လိမ်းကပြောရင်း ပါးစပ်ကိုလက်ဝါးဖြင့်အုပ်၍ အော်လိုက်သည်။
“ဝူ .. ဝေ .. ဝေ .. ဝေ”
“ဝူ .. ဝေ .. ဝေ .. ဝေ”
အသံမှာ ငှက်တစ်ကောင်၏ သာယာသောအသံနှင့် ခပ်ဆင်ဆင်တူလှသည်။ ကြံ့ကြီးသုံးကောင်နှင့် တောဆင်ရိုင်းအုပ်သည် တဖြောင်းဖြောင်းဖြင့် ရေ ကို ရိုက်ပုတ်ကစားနေရာမှ ခေါင်းမော့လျက်ရှိသည်။
အလျင်အမြန် ပြေးလွှားနေသည့် ဝါးဖောင်နှင့် လူတစ်စုမှာ အရိုင်းသတ္တဝါများရှေ့မှပင် ကျော်ဖြတ်သွားခဲ့ကြ၏။
“ဖြောင်း … ဖြောင်း … ဖြောင်း”
ဆင်ရိုင်းအုပ်မှရေပြင်ကိုနှာမောင်းရိုက်ကာ နှုတ်ဆက်လိုက်သေးသည်။
ကောင်းကင်ပြင်တွင် ရုတ်တရက် မိုးရိပ်များ တက်လာကာ လေက တိုက်လာသည်။
“မိုးလေထဲမကျခင် ကျောက်ဖလူး ရောက်ဖို့လိုတယ် အစ်ကို”
ဗိုလ်သာကျော်ကပြောလိုက်သည်။
စမ်းချောင်းသည် အောက်သို့ နိမ့်ဆင်းလာကာ ရေစီးက မြန်လာသည်။ စမ်းချောင်းအတွင်းမှ ကျောက်ဆောင်ကြီးနှစ်ခုကို မြင်လာရသည်။ ထိုနေရာ တွင် ရေစီးကြမ်းကာ လှိုင်းထန်လျက်ရှိ၏။
မုဆိုးအဖွဲ့စီးလာသော ဖောင်ကလေးသည် ထိုကျောက်ဆောင်ကြီး နှစ်ဆောင်ကြားမှ ဝင်သွားရမည်ဖြစ်၏။ ထန်လိမ်းက သတိပေးထားခဲ့၏။
“ဝုန်း – ဝုန်း”
မုဆိုးတစ်သိုက်စီးလာသည့် ဖောင်ကလေးသည် ကျောက်ဆောင်ကြီးနှစ်ဆောင်အကြား ထိုးမြောက်ကာ မျောလာခဲ့၏။
ထိုကျောက်ဆောင်ကြီးနှစ်ဆောင်မှ ကျော်လာသည်နှင့် မိုးနှင့်လေ ကျလာတော့၏။ စမ်းချောင်းသည် အောက်သို့ ပိုပြီးနိမ့်ဆင်းလာသဖြင့် မုဆိုးတစ်စု စီး လာသော ဖောင်ကလေးမှာ ဝါးလုံးထိုး မျောလာတော့၏။ ဘေးနှစ်ဖက်ရှိ သစ်ပင်ကြီးများ ငယ်များမှ လေထန်သဖြင့် တကျွမ်းကျွမ်းမြည်နေသည်။
စမ်းချောင်းမှတစ်ဆင့် ချောင်းရေပြင်ကျယ်သို့ ရောက်လာသည်။ မိုးနှင့်လေကြောင့် ဖောင်ကလေးမှာ ခုန်လျက်ရှိသည်။ မုဆိုးကြီးထန်လိမ်းက ဖောင် ကလေးအား ကမ်းခြေသို့ကပ်ရန် ဝါးလှော်တက်ဖြင့် လှော်ခတ်ပဲ့ကိုင်ပေးသည်။
ကေဆန်းကလည်း ရှေ့မှလှော်ခတ်နေရာ ကမ်းသို့ရောက်လာသည်။ထိုနေရာသည် မုဆိုးကြီးထန်လိမ်းပြောဆိုချက်အရ ကျောက်ဖလူးရွာနှင့် နီးသည်။ စမ်း ချောင်းမှတက်၍ တောင်ကြောပေါ်သို့ မရောက်မီ ရုတ်တရက် မမျှော်လင့်ဘဲ တောကောင်ကြီးတစ်ကောင်က လူတစ်ဦးအား လည်ကုပ်မှ ကိုက်ဆွဲချီလာသည်ကို ပက်ပင်းတိုးကြသည်။
“ဟာ ကျောက်ဖလူးရွာသား ဆလိုင်းခမ်းပါလား”
တောကောင်ကျားကြီးမှာလည်း အံ့အားသင့်သွားပုံရသည်။ သူဆွဲချီလာသော ဆလိုင်းခမ်းအလောင်းကို ချ၏။ မာန်တစ်ချက် သွင်းလိုက်၏။
“ဝေါင်း”
“ဒိုင်း … ဒိုင်း”
လက်မြန်သော ဗိုလ်သာကျော်နှင့် ဗိုလ်မင်းဆွေကလျှပ်တစ်ပြက်ဖြင့် တောကောင်ကြီးအား ဝါးလုံးထိုးပင် ဒသမ ၃ဝ၃ ဖြင့် ပစ်လိုက်၏။
သေနတ်သံကတော့ တစ်တောလုံး ဟိန်းသွားသည်။ တောကောင်ကြီးမှာ မြောက်တက်ကာ မြေပေါ်သို့ ကျ၍ အသက်ထွက်သွားသည်။
ဗြိတိသျှရိုင်ဖယ် ဒဿမ ၃ဝ၃ ကျည်ဆန်သည် ချက်ကောင်းကို ထိပါမူ အမဲကြီးပစ်ရိုင်ဖယ်များကဲ့သို့ တုံးခနဲ လဲကျသွားစေနိုင်သည်။
“ဝူ… ဝေ့… ဝူ… ဝေ့”
အချက်ပေးသံနှင့်အတူ ကျောက်ဖလူးရွာသားအချို့အား ရွာခေါင်းကြီး ခေါင်းဆောင်၍ ရောက်လာသည်။ မုဆိုးကြီးထန်လိမ်းနှင့် ဗိုလ်သာကျော်တို့အား တွေ့သဖြင့် ဝမ်းသာအားရ ပြောလိုက်၏။
“ထန်လိမ်းနဲ့ အစ်ကိုသာကျော်ရေ၊ ဆလိုင်းခမ်းကို ယာထဲမှာ ဒီကောင်ကြီး ဆွဲသွားတာကွာ။ အခုလိုသတ်လိုက်လို့ပေါ့။ မသတ်နိုင်ရင် နောက်ထပ် ဘယ် နဦး စားဦးမယ်မသိဘူးကွာ”
ယင်းအချိန်တွင် မိုးနှင့်လေမှာ အနည်းငယ် ငြိမ်သွားပြီဖြစ်၏။
ကျောက်ဖလူးရွာအပြန်တွင် အမဲစုံလာသလို တောကောင်ကြီးနှင့် ဆလိုင်းခမ်းအလောင်းပါ ထမ်းပြန်လာရတော့သည်။
– ပြီး –
စာရေးသူ – မြဝဇီ
Uncategorized